Saturday, June 29, 2019

ဘယ်တော့မှ သွေးအေး မသွားကြပါနဲ့


ပထမတော့ သတင်းတွေပဲ လိုက်ဖတ်နေခဲ့ပါတယ်

သက်ငယ်မုဒိမ်းမှု- Child Rape ကို သေဒါဏ်မှ တပါး သင့်တော်သော ပြစ်ဒါဏ်မရှိဘူးဆိုတာလည်း လွန်ခဲ့တဲ့ရက်က ရေးခဲ့ပါတယ် ဒါပေမယ့်

အမှုသွားအမှုလာကို ကြည့်ရတာ နောက်ဆုံးသတင်းအရ " နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည်ဟုဆိုကာ တိုင်တန်းထားသည့် အမှုတွင်ဖမ်းဆီးထားသည့် တရားခံဟုယူဆရသူကို တရားစွဲတင်ရန် အထောက်အထား မရှိသည့် အတွက် ပြန်လွှတ်ထားကြောင်း ရဲမှူးကြီး မင်းဟန်က ပြောသည်။"
ဆိုတာ ဖတ်လိုက်ရတော့ စိတ်ထဲလည်း စိုးရိမ်စိတ်က မြင့်တက်လာပါတယ် ။ ဧရာဝတီက မေးထားတာကို ပြန်ဖြေထားတာပါ ရုပ်သံဖိုင်တွေလည်း ကြည့်လိုက်ရပါတယ် ။

ဖြစ်စဉ်ကို ပြန်ပြီး စီကြည့်ရအောင်

၁ ။ ခွေးစိတ်ဝင်ပြီး အနိုင်ကျင့်စော်ကားခံရတဲ့နေ့ - မေ ၁၇ ( မိခင်ကိုယ်တိုင်အမှုဖွင့်ခဲ့ )

၂ ။ ဖြစ်စဉ်ကာလ - ၁ လကျော်ကြာမြင့်

၃ ။ တရားခံ - ဖမ်းဆီးမမိသေး

၎ ။ တရားခံဟု ယူဆသူ - ၁ လခန့်ဖမ်းဆီးပြီးမှ အထောက်အထားမပြည့်စုံ၍ ပြန်လွှတ်

၅ ။ စစ်ဆေးသောအဖွဲ့ - CID လို့ခေါ်တဲ့ Criminal Investigation Department က မေ ၃၀ မှာ စစစ်တယ် ဇွန်လ ၂၄ မှာ လွှတ်လိုက်တယ်

၆ ။ Wisdom Hill ဖက်က အခြေအနေ - အမှုနဲ့ဆက်စပ်မယ်လို့ယူဆရတဲ့ လူ ၂၀ ကို ဇွန် ၁၇ မှာ စစ်ဆေးပြီးပြီ လို့ဆိုတယ် ရဲအဖွဲ့ကလည်း ဆရာမ ယာဉ်မောင်း နဲ့ ကျောင်းကြီးကပ်ရေးမှူးတွေကို ခေါ်စစ်ဆေးနေတယ်လို့ဆိုတယ်

၇ ။ ကလေးက " ဆရာမ နှင်းနုသိတယ် " ဆိုတဲ့စကားကို စစ်ဆေးသူတွေ မသိပဲမနေလောက်ဘူး ခုလောက်ဆို စစ်ဆေးပြီးလို့ အကြောင်းမထူးသေးလို့ ဘာမှ ပေါ်မလာသေးတာလို့ယူဆတယ် ။

================

ကိုယ့်တစ်ယောက်တည်း ကောက်ချက်ချရရင်

၁ ။ ဖြစ်စဉ်အသေးစိတ်ကို လူတိုင်း သတင်းတွေ ဆက်တိုက်ဖတ်လာခဲ့ကြတဲ့လူတွေဆိုသိမှာပါ ။ ကလေးဆီမှာ sperm တွေ့တယ်ဆိုတဲ့အဖြေထွက်တယ် ဒါပေမယ့် ( ကလေးရဲ့ မိန်းမကိုယ်မှာ စုတ်ပြဲ ထိုးသွင်း ဒါဏ်ရာ မျိုး ) မတွေ့ရဘူး ဒါကြောင့် နောက်ရက်ကျောင်းတက်တဲ့အခါ ကလေးက ကလေးသဘာဝဆော့ကစားတော့ CCTV မှတ်တမ်းတွေကြည့်ပြီး Rape Victim တစ်ယောက်ဟာ ဒီလို ဘာမှမဖြစ်သလို နေနိုင်ပါ့မလားဆိုတဲ့မေးခွန်းထွက်လာတယ် ( လူစိတ်မရှိတဲ့လူတွေ တွေးကြတယ်ထင်ပါရဲ့ )

၂ ။ ပြင်းထန်ရုပ်ဆိုးအကျည်းတန်တဲ့ ဒါဏ်ရာဒါဏ်ချက် နာကျင်မှုမရှိပဲ sperm တွေ့တယ်ဆိုတော့ ဖြစ်နိုင်ချေရှိတာသည်

က ။ အရွယ်ရောက်စ sperm ပိုး ထုတ်နိုင်တဲ့ အရွယ် ကလေးတစ်ယောက်လက်ချက်

ခ ။ အသက်ကြီးပေမယ့် လိင်အရွယ်အစားသေးငယ်ပြီး ( မရိုသေစကား - လိင်တံမမာနိုင်တော့တဲ့ရောဂါ Erectile dysfunction ဖြစ်နေသူတစ်ယောက် )

ဂ ။ ယောက်ျားတစ်ယောက် ( လိင်စိတ်ရူးသွပ်စွဲလမ်းမှုတစ်ခုဖြစ်တဲ့ ကလေး ရဲ့ လိင်အဂါင်္ကို မိမိ လိင်အဂါင်္နဲ့ထိတွေ့ ပြီး masturbation ပြုလုပ်ပြီး sperm ထည့်တယ်ဆိုတဲ့အချက် ဖြစ်နိုင်ချေမရှိဘူးမပြောနဲ့ အဖေအရင်းနဲ့သမီးအရင်းတောင်စိတ်မချရတဲ့ ခွေးစိတ်တွေပေါက်နေကြတဲ့ခေတ်ကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့မှတ်ထား ပါ )

၃ ။ DNA လည်းစစ်ပြီးပြီ ခွေးမုဒိမ်းကောင်ရဲ့ DNA ရဖို့တော့ခက်နေတုန်းပဲထင်ပါရဲ့ အခုထိ ထူးသေးတာမတွေ့ဘူး

ဒီတော့ကိုယ်ဟာ အမှုဖော်ထုတ်ကျွမ်းကျင်သူတစ်ယောက်မဟုတ်တဲ့အတွက် ကိုယ့်အသိကိုယ့်အမြင်နဲ့ပဲ ရေးပါရစေ

- ဖြစ်စဉ်ဖြစ်တဲ့နေ့က ကလေးငယ်နဲ့ ထိတွေ့ဆက်စပ်သူအားလုံး ကို ထည့်သွင်းစဉ်းစားရပါမယ် ( အတွင်းလူ ၊ အပြင်လူ )

- CCTV မှာ မမြင်ရတဲ့ မြင်ကွင်းကွယ်နေတဲ့နေရာတွေ အများကြီးရှိနေနိုင်တာမို့ အဆိုပါ Blind Spot များကို ထည့်သွင်းစဉ်းစားရပါမယ်

- အဆိုပါဖြစ်စဉ်နေ့က ထူးခြားဖြစ်စဉ်ရှိမရှိစုံစမ်းရပါမယ် ( ဥပမာ ကလေးငယ် အပြင်ထွက်သွားတာမျိုး ၊ ဒါမှမဟုတ် တစ်နေရာရာကို ချောင်တချောင်ချောင်သွားတာမျိုး စသဖြင့် )

- အမျိုးသမီးတွေကို ဖယ်လိုက်ပါ ယုတ်စွအဆုံး ကြံရာပါပဲဖြစ်နိုင်တာမို့ ( အဲဒီနေ့ ဖြစ်နိုင်ဖွယ် သံသယရှိသူ ယောက်ျားစာရင်း ကြီးကြီးငယ်ငယ် စာရင်းလုပ်ရပါမယ် )

- အဆိုပါ စာရင်းထဲကမှ အသက်အရွယ်အလိုက် Category အလိုက် ( စိတ်အနေအထား ၊ ထူးခြားဖြစ်စဉ် ၊ အချင်းချင်းပေါင်းသင်းဆက်ဆံရေး စသဖြင့် ) ခွဲပြီး စစ်ဆေးတာလုပ်သင့်ပါတယ်

- အပြင်လူအပိုင်းကိုစဉ်းစားရရင်တော့ အပြင်လူ ထိတွေ့နိုင်စရာဖြစ်နိုင်ချေ Probability & Possiblity ကို မူတည်ပြီး အဆိုပါ ဧရိယာနေ လူစာရင်းကို ပြုစုပြီး ဧရိယာတ၀ှိုက် အတွင်းလူ အပြင်လူထည့်စုံစမ်းရပါမယ် ။

- CID ရော ရဲတပ်ဖွဲ့ရော အားကိုးပါရစေ... ။ ကလေးဖက်ပဲကြည့်ကြည့် မိဘအနေနဲ့ကြည့်ကြည့် တိုင်းပြည်ဖက်နေပဲကြည့်ကြည့် သိက္ခာတရား ၊ ကိုယ်ကျင့်တရား နဲ့ လူ့အသိုင်းအ၀ိုင်းမှာ လက်ခံနိုင်ခြင်းမရှိတဲ့ တိရိစ္ဆာန်အပြုအမူဖြစ်တယ် ။
..........................................

မတရားမှု မှန်သမျှဟာ တရားမျှတခြင်းကို အနိုင်ရသတဲ့လား ?

အကြံပေးချင်တာကတော့ တရားခံအစစ်ကိုထိုက်သင့်တဲ့ ပြစ်ဒါဏ် မပေးရမချင်း လူပုံအလယ်မှာ ဒီလူဟာ ဒီလို ခွေးစိတ်ပေါက်ပြီး လူမဆန်တဲ့ အပြစ်ကို ကျူးလွန်ခဲ့ပါတယ်လို့ လက်ညှိုးဝိုင်းမထိုးနိုင်သေးပဲနဲ့

ဘယ်တော့မှ သွေးမအေးသွားကြပါနဲ့ လို့ ။

သက်တန့်ချို
29-June-2019

(ဓါတ်ပုံမူရင်းဖန်တီးသူအား လေးစားစွာ Credit ပေးပါတယ် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 28, 2019

ရန်သူနဲ့မိတ်ဆွေ

 ရန်သူတစ်ယောက်ဓါးနဲ့ထိုးတာထက်
မိတ်ဆွေ တစ်ယောက်သစ္စာဖောက်တာက ပိုနာတယ်

မလိုသူတွေ ၀ိုင်းဖယ်ကျဉ်တာထက်
မိတ်ဆွေတစ်ယောက် ဥပက္ခာပြုခံရတာပိုနာတယ်

လူတွေအားလုံး ပြောင်းလဲသွားတာထက်
မိတ်ဆွေတစ်ယောက် ကို ရန်သူလို့ သိလိုက်ရတာ ပိုနာပါတယ်

သက်တန့်ချို
28 June 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 25, 2019

ဘ၀ မမေ့နဲ့

ပျော် လို့ရတယ်
ဒါပေမယ့် တာဝန်မဲ့လို့တော့မရဘူး

လေ လို့ရတယ်
ဒါပေမယ့် ဘောင်ကျော်လို့တော့မရဘူး

မျော လို့ရတယ်
ဒါပေမယ့် ဘ၀ မေ့နေလို့တော့မရဘူး

ရယ် လို့ရတယ်
ဒါပေမယ့် နာကျင်မှုကို မမေ့လိုက်ရဘူး

လူရယ်လို့ ဖြစ်လာရင်
ကိုယ့်အတိုင်းအထွာနဲ့သာ ကိုယ်နေပါ

ဘယ်သူရဲ့ဘ၀ကမှ ကိုယ့်ဘ၀နဲ့ထပ်တူကျမနေတာမို့
ကိုယ် ဘယ်ရောက်နေလဲ ဆိုတာ ပြန်ပြန်မေးဖို့
ဘယ်တော့မှ မမေ့ပါနဲ့ ။

သက်တန့်ချို
25-June-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, June 22, 2019

စေတနာ


 တစ်ခါတစ်လေ

သူတစ်ပါးအဆင်ပြေဖို့အတွက် ကူညီလိုက်ပေမယ့်
ကိုယ့်ဖက်မှာ ဒုက္ခကြုံရတာမျိုးရှိတယ်

သူတစ်ပါး ပြေလည်စေဖို့အတွက်ဖြေရှင်းပေးလိုက်ပေမယ့်
ကိုယ့်ဖက်မှာ ကြပ်တည်းသွားရတာမျိုးရှိတယ်

သူတစ်ပါး ပျော်ရွှင်စေဖို့အတွက်ပေးဆပ်လိုက်ပေမယ့်
ကိုယ့်ဖက်မှာ နာကျင် ၀မ်းနည်းရတာတွေရှိတယ်

အဆိုးဆုံးက
စေတနာကို နားမလည်ပဲ ပြန်စော်ကားတာမျိုးကြုံရတတ်တယ်

" စေတနာဆိုတာ လူတိုင်းအပေါ်ထားလို့ရပေမယ့်
လူတိုင်းနဲ့တော့ မတန်ဘူး " ဆိုတာ သိထားဖို့လိုပါတယ် ။

သက်တန့်ချို
22-June-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 21, 2019

ကလေးငယ်များသည် ကြောက်ရွံ့ခြင်းနှင့် မရှင်သန်သင့်


 " Child Rape ကို သေဒါဏ်ပေးခြင်း ၊ တစ်သက်တစ်ကျွန်းချမှတ်ခြင်းအပြင် သင့်တော်သော ဒါဏ်ခတ်ခြင်းမရှိ "

နိုင်ငံသားတွေကို ကာကွယ်ပေးတဲ့ ဥပဒေဆိုတာ စံ ( standard ) ဖြစ်ရပါမယ်
ချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ လိုက်ကိုလိုက်နာရမယ့် Law ဖြစ်ဖို့လိုပါတယ်
ကြောက်ရွံ့ဖို့မကောင်းတဲ့ ၊ စံ ပြ မဖြစ်တဲ့ ဥပဒေတိုင်းနဲ့ပြစ်ဒါဏ်ခတ်မှုတိုင်းဟာ နောက်ထပ်ကျူးလွန်မယ့်သူတွေရဲ့ ခြေလှမ်းကို ရပ်တန့်နိုင်ခြင်းမရှိတာ သေချာပါတယ် ။

 Rainn.org မှာ ဖော်ပြထားတဲ့ statistics တွေအရ
- အသက်၁၈ နှစ်အောက် ကလေးငယ်တွေကို လူကြီးတွေကနေတဆင့် လက်ဖြင့်အနိုင်ကျင့်မှု (သို့မဟုတ် ) လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ မိန်းကလေး ၉ ယောက်မှာ ၁ ယောက်နှုန်းဖြစ်ပွားနေပြီး ယောက်ျားလေး ၅၃ ယောက်မှာ ၁ ယောက်နှုန်းဖြစ်ပွားနေပါတယ် ။









- ပြုကျင့်ခံရသူ များရဲ့ ၈၂% ဟာ အသက် ၁၈ နှစ်အောက်မိန်းကလေးများဖြစ်ပါတယ်

- အသက် ၁၆ နဲ့ ၁၉ ကြားဝန်းကျင် မိန်းကလေးများဟာ အခြား ယေဘူယျအသက်အရွယ်အပိုင်းအခြားထက်စာရင် အဓမ္မကျင့်ခံရဖို့ ၊ ကြံစည်ခံရဖို့ ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရဖို့ ၄ ဆ ပိုတယ်လို့ဆိုပါတယ် ။

အဲ့ဒီတော့ ဒီလို အဓမ္မပြုကျင့်ခံရတဲ့ကလေးတွေ ဟာ ကြီးပြင်းလာတဲ့အသက်အရွယ်မှာ

၁ ။ မူးယစ်ဆေးစွဲ လက္ခဏာ များ ပေါ်ပေါက်လာနိုင်ခြေ ၄ ဆပိုများ
၂ ။ PTSD လို့ခေါ်တဲ့  Post Traumatic Stress Disorder ( ကိုယ်ပိုင်းဆိုင်ရာ ဒါဏ်ရာရပြီး ကြောက်မက်ဖွယ်ဖြစ်ရပ်များအပြီး ပေါ်ပေါက်လာတဲ့စိတ်ပိုင်းဆိုင်ရာ နာကျင်မှု အခြေအနေများ ) ဖြစ်ပေါ်နိုင်ခြေ ၄ ဆပိုများ
၃ ။ အဓိက စိတ်ကျရောဂါခံစားနိုင်ရခြေ ပေါ်ပေါက်နိုင်ခြေ ၃ ဆပိုများတယ်လို့ဆိုတယ် ။

ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုဟာ ကျယ်ပြန်တဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်

ကိန်းဂဏန်းတွေအရ ၉၃ % သော အဓမ္မပြုကျင့်ခံရသူတွေထဲမှာ ၇% က လူစိမ်းတွေဖြစ်ပြီး ၅၉%က ရင်းနှီးကျွမ်းဝင်တဲ့သူတွေထဲက ကျန်တဲ့ ၃၄ % ကတော့ မိသားစုဝင်တွေထဲကဖြစ်တယ်လို့ဆိုပါတယ် ။

Child Protective Services ( CPS ) ရဲ့အဆိုအရတိကျ ခိုင်လုံတဲ့သက်သေတွေထဲမှာ ၆၃၀၀၀ သော လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေအတွက်

၈၀ % သော ပြစ်မှုကျူးလွန်သူတွေထဲမှာ မိဘ တစ်ယောက်ပါတယ်
၆% က ဆွေမျိုးတွေပါတယ်
၅% က အခြား ၀မ်းကွဲ နဲ့ သူစိမ်းတွေပါတယ်
၎% က မိဘတစ်ယောက်ယောက်ရဲ့ လက်မထပ်ရသေးတဲ့ တခြားလူတစ်ယောက်ပါတယ်လို့ဆိုတယ် ။

ထပ်ဖတ်ချင်ရင် - https://www.rainn.org/statistics/children-and-teens မှာ ဖတ်နိုင်တယ် ။
ဆက်ဖက်ကြည့်ရင် ရွံစရာကောင်းတဲ့ ကိန်းဂဏန်းတွေ အများကြီးပါပဲ ။

အိန္ဒိယမှာတော့ ကလေးမုဒိမ်းကို သေဒါဏ်ပေးခြင်း ကိုစတင်မိတ်ဆက်ပါပြီ
India introduces death penalty for child rapists (ကလေးမုဒိမ်းကောင်များအတွက် အိန္ဒိယတွင် သေဒါဏ်ပေးခြင်း စတင်မိတ်ဆက် )

ကလေးမုဒိမ်းကို သေဒါဏ်ပေးတဲ့ ၊ ကျင့်သုံးတော့မယ့် နိုင်ငံ ၁၃ နိုင်ငံရှိတယ်လို့ဖတ်လိုက်ရတယ် ထင်ရှားတဲ့ နိုင်ငံတွေကတော့

ကျူးဘား ( Cuba ) ,China, Qatar, Sudan, UAE, Tajikistan, Tunisia, Bangladesh နဲ့  Kuwait တို့ဖြစ်သတဲ့ ။

မြန်မာနိုင်ငံမှာရော ?
Child Rape ကို သေဒါဏ်ပေးခြင်း ၊ တစ်သက်တစ်ကျွန်းချမှတ်ခြင်းအပြင် သင့်တော်သော ပြစ်ဒါဏ်မရှိပါ ။

References :
https://www.bbc.com/news/world-asia-43850476
https://www.rainn.org/statistics/children-and-teens
https://en.wikipedia.org/wiki/Laws_regarding_rape
https://www.news18.com/news/india/only-13-nations-have-death-penalty-for-child-rape-for-a-reason-say-activists-oppose-ordinance-1725391.html
Photo source : Google

သက်တန့်ချို
21-6-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 20, 2019

တန်ဖိုး


 ယောက်ျားတစ်ယောက် "ဘုရင်"   ဖြစ်မဖြစ်ဆိုတာ
သူ့ဘေးက မိန်းမ သူ့အပေါ်ထားတဲ့ " တန်ဖိုး " အပေါ်မူတည်တယ်

မိန်းမတစ်ယောက် " ဘုရင်မ " ဖြစ်မဖြစ်ဆိုတာ
သူ့ဘေးက ယောက်ျား သူ့အပေါ်ထားတဲ့ " တန်ဖိုး " အပေါ်မူတည်တယ်

လောကကြီးမှာ
ပိုမြတ်တယ် ဆိုတာမရှိပါဘူး

လူတစ်ယောက်နဲ့တစ်ယောက်
ဘယ်လို တန်ဖိုးထားသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ် ။

သက်တန့်ချို
20-June-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 19, 2019

အမေ ကျန်းမာပါစေ



ပင်ပန်းနေမှာပေါ့
ကော်ဇောနီပေါ်လမ်းလျှောက်
ခြေလှမ်းတွေ ခြောက်သွေ့ခဲ့ရတာမှမဟုတ်ပဲ

ဒါဏ်ရာဆိုတာမျိုးတောင်
ရင်ဘတ်ထဲကထွေးအံပြခွင့်မရခဲ့တာမျိုး
ဘ၀ ကဆိုးတယ်ဆိုတာ ဘာလဲ ?

စူးမှန်းတော့သိပါတယ်
ယုံကြည်ရာကိုရဲရင့်နိုင်ဖို့
ကိုယ်ပျိုးခဲ့တဲ့ အဖူးအပွင့်လေးတွေ
တစ်နေ့.. ခံစားနိုင်စေကွယ်

ဇရာကို အံကြိတ်
မျက်စိမှိတ်ထားချင်တယ်
ဖြစ်ချင်တာဖြစ်ခွင့်မရသေးတာ ဘာထူးဆန်းလဲ
တကယ်ဆို .. သူ့အိုးသူ့ဆန်.. တန်ခဲ့ပါတယ်

အိပ်မက်ဆိုးတွေနောက်လိုက်ရတာထက်စာရင်
ဒီခရီးကြမ်းကသာ ပျော်ဖို့ကောင်းပါတယ် အမေ .. ။

( မွေးနေ့မှာ  စိတ်လက်ကြည်သာ အေးချမ်းပါစေ အမေစု )

သက်တန့်ချို
19-June-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 17, 2019

ဂရုမစိုက်ပါနဲ့




လူတွေရဲ့အထင်သေးခြင်းကို ဂရုမစိုက်ပါနဲ့
သင့်ဖက်ကသာ ရိုးဖြောင့်ဖို့လိုပါတယ်

လူတွေရဲ့ စောင်းမြောင်းပြောဆိုခြင်းကိုဂရုမစိုက်ပါနဲ့
သင့်ဖက်ကသာ ဖြောင့်မှန်ဖို့လိုပါတယ်

လူတွေရဲ့ ပြောင်းလဲတတ်ခြင်းကိုဂရုမစိုက်ပါနဲ့
သင့်ဖက်ကသာ စစ်မှန်ဖို့လိုပါတယ်

သက်တန့်ချို
17-June-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 14, 2019

ချစ်ခြင်းမုန်းခြင်းကင်းတဲ့စိတ်နဲ့ကြည့်ကြည့်ပါလား


 လူတစ်ယောက်ကို

ချစ်တဲ့စိတ်နဲ့ကြည့်ရင် အရာရာကို အကောင်းမြင်နေတတ်တယ်
မုန်းတဲ့စိတ်နဲ့ကြည့်ရင် အရာရာကို အပြစ်မြင်နေတတ်တယ်

ချစ်ခြင်းမုန်းခြင်းကင်းတဲ့စိတ်နဲ့ကြည့်ကြည့်ပါလား
အမှန်အတိုင်းမြင်လာပါလိမ့်မယ်

သက်တန့်ချို
14-June-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 12, 2019

လောကကြီးအကြောင်း


 လောကကြီးမှာ

ကိုယ်မှန်နေလျက်နဲ့ အလျော့ပေးလိုက်ရတာတွေရှိတယ်

ကိုယ်နိုင်နေလျက်နဲ့ အရှုံးပေးလိုက်ရတာတွေရှိတယ်

ကိုယ်ရောက်နေလျက်နဲ့ ပြန်လှည့်လိုက်ရတာတွေရှိတယ်

ကိုယ်ရနေလျက်နဲ့ ပြန်စွန့်လွှတ်လိုက်ရတာတွေရှိတယ်

ကိုယ်သွားနေလျက်နဲ့ ရပ်တန့်လိုက်ရတာတွေရှိတယ်

အရာရာကို သဘောပေါက်နားလည်စာနာတတ်ဖို့လိုပါတယ် ။


သက်တန့်ချို
12-June-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 11, 2019

သင်ယူခြင်း


အမြဲနာမည်ဖျက်ဖို့ ကြံနေတဲ့သူငယ်ချင်းက
အမှားမလုပ်မိအောင် သင်ပေးတယ်

အမြဲ ဆူပူကြိမ်းမောင်းနေတတ်တဲ့ အလုပ်ရှင်က
သည်းခံတတ်ခြင်းတရားကို သင်ပေးတယ်

အမြဲကိုယ့်အားနည်းချက်ကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့မိတ်ဆွေက
အားသာချက်များလာစေမယ့်နည်းကို သင်ပေးတယ်

အမြဲအတင်းပြောတတ်တဲ့ဘေးလူက
စကားမမှားအောင် သင်ပေးတယ်

စိတ်ညစ်ရမယ့်အရာတွေ တွေးနေမယ့်အစား
မကောင်းတဲ့အရာတွေကြုံနေလို့ စိတ်ဓါတ်ကျနေမယ့်အစား

တစ်ခုခုကို သင်ယူနေရတယ်လို့ ပြောင်းလဲတွေးကြည့်ပါလား ?

သက်တန့်ချို
11-June-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 10, 2019

အေးချမ်းမှုကိုရချင်တယ်ဆိုရင်

 အချစ်ပေးတိုင်းလည်း အချစ်ပြန်မရနိုင်ဘူး

မေတ္တာပေးတိုင်းလည်းမေတ္တာ ပြန်မရနိုင်ဘူး

စေတနာထားတိုင်းလည်း ကောင်းကျိုးပြန်မရနိုင်ဘူး

တခုခုကို မျှော်လင့်ပြီး ပေးလိုက်တာထက်
ဘာကိုမှ မမျှော်လင့်ပဲ ပေးနိုင်ဖို့သာ ကြိုးစားပါ

ပြန်ရလိုခြင်းမရှိတဲ့ ပေးဆပ်မှုတိုင်းဟာ
ပူပန်သောကမရှိတဲ့ အေးချမ်းမှုကို ရစေပါတယ် ။

သက်တန့်ချို
10-June-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 7, 2019

ဘ၀တိုတိုလေးမှာ စိတ်ကောင်းထားပါ


 ဘ၀တိုတိုလေးမှာ စိတ်ကောင်းထားပါ

ကိုယ်က သူများကို ချောက်တွန်းရင်
ကိုယ့်လည်းတစ်နေ့ ချောက်တွန်းခံရမယ်

ကိုယ်က သူများကို မနာလိုစိတ်ထားရင်
ကိုယ့်ကိုလည်း မနာလိုတဲ့သူတွေရှိလာလိမ့်မယ်

ကိုယ်ကသူများကို အတင်းပြောခဲ့ရင်
ကိုယ့်အတင်းကိုလည်းသူများတွေပြောလိမ့်မယ်

လောကကြီးက .. သိပ်ကိုမျှတပါတယ်

သင်စိုက်ပျိုးတဲ့ အတိုင်း အတိအကျ ပွင့်ဖူးလာကြမှာမို့
အရာရာဟာ သင့်အပေါ်မှာသာ မူတည်ပါတယ်

သက်တန့်ချို
7-June-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 6, 2019

လူလူချင်းဆက်ဆံတဲ့အခါ


 သင့်အိမ်မှာတော့ ဘုရင်/ဘုရင်မ ဖြစ်ချင်ဖြစ်လိမ့်မယ်
လမ်းပေါ်ထွက်တာနဲလူလူချင်းအတူတူပါပဲ

သင့်မိသားစုမှာ ဘုရင်/ဘုရင်မ ဖြစ်ချစ်ဖြစ်လိမ့်မယ်
လူ့အသိုင်းအ၀ိုင်းမှာတော့လူလူချင်းအတူတူပါပဲ

လူတိုင်းလူတိုင်းဟာ ကိုယ့်နယ်ပယ် ကိုယ့်အသိုင်းအ၀ိုင်းမှာ
ဘုရင်/ဘုရင်မ ဟုတ်ချင်ဟုတ်ကြလိမ့်မယ်

ဒါပေမယ်ပြင်ပပေါင်းသင်းဆက်ဆံရေးမှာ
ကိုယ်ဟာ လူလူချင်းအတူတူပဲဆိုတာ သတိထားဖို့လိုပါတယ်

လူလူချင်းဆက်ဆံတဲ့အခါ
ဘုရင်/ဘုရင်မ စိတ်မထားမိကြဖို့လိုပါတယ်
ဘယ်သူ့ကိုမှ အကြောကြီးနဲ့မဆက်ဆံမိဖို့လိုတယ်

သက်တန့်ချို
6-June-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 5, 2019

စည်းမစောင့်သူများ


 စည်းမစောင့်သူများ

တချို့စည်းတွေက မာတယ်
တချို့စည်းတွေက ပျော့တယ်
တချို့စည်းတွေက အထိမခံတဲ့စည်းတွေရှိတယ်

ဘယ်လို လူမျိုးဖြစ်ဖြစ်
လူတစ်ယောက်နဲ့တစ်ယောက် ကြားမှာရှိတဲ့စည်းတွေကိုသိဖို့လိုတယ်

စည်းမစောင့်ပဲ စည်းကျော်မိတဲ့အခါ
လူတွေ အချင်းချင်းဝေးသွားကြတယ်

စည်းမစောင့်ပဲစည်းကျော်မိတဲ့အခါ
ချစ်သူတွေကနေ မုန်းသူတွေဖြစ်တတ်ကြတယ်

စည်းမစောင့်ပဲစည်းကျော်မိတဲ့အခါ
မိတ်ဆွေတွေကနေ သူစိမ်းတွေဖြစ်သွားတတ်ကြတယ်

တခါတလေ
အပြုအမူလေးတစ်ခု
စကားလေးတစ်ခွန်း နဲ့တင် စည်း ဖောက်သလို ဖြစ်တတ်တယ်ဆိုတာ
သတိပြုရပါမယ် ။

သက်တန့်ချို
5 June 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 3, 2019

မျှော်လင့်ချက် နည်းခြင်းက စိတ်ချမ်းသာစေတယ်


ကိုယ့်ခန္ဓာကိုယ်တောင် စိတ်တိုင်းမကျသေးတာ
သူတစ်ပါးကို စိတ်တိုင်းကျဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်

ကိုယ့်စိတ်ကိုယ်တောင်မပိုင်သေးတာ
သူတစ်ပါးစိတ်ကို ပိုင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်

ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်တာ
သူတစ်ပါးဂရုစိုက်တာခံရဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်

ဘ၀မှာ ...

" မျှော်လင့်ချက် နည်းခြင်းက စိတ်ချမ်းသာစေတယ်
လိုချင်စိတ်မရှိခြင်းက အေးချမ်းစေတယ်
ပြိုင်ဆိုင်မှုကင်းခြင်းက ရန်ဝေးစေတယ်
အရာရာကို လွှတ်ချထားခြင်းက သင့်ကို ပေါ့ပါးစေပါလိမ့်မယ် "

သက်တန့်ချို
3-May-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................