Monday, May 31, 2010

ညီမလေးဖတ်ဖို့ (၁)

ညီမလေးဖတ်ဖို့ (၁)



သို့

ညီမလေးရေ...

သိပ်မကြာတော့တဲ့အချိန် အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ? တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင် အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့ ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊ တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။

ဒီတော့ တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊ အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ် ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။ ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့ ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။

နောက်တစ်ခုကတော့ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား.. ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ပါဘူး ။

တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။ သူတို့အယူအဆကတော့

" ပူလောင်ရှုပ်ပွေလီတဲ့ လူ့လောကကနေ သေခြင်းတရာကို ရရှိတဲ့လူဟာ အလွန်ကို ကံကောင်းတဲ့လူဖြစ်ပြီး လက်ရှိ ခံစားနေရတဲ့ ဆင်းရဲသောကတွေနဲ့ ဝေးတဲ့ ဘ၀သစ်တစ်ခုကို မကြာခင်ရောက်ရှိတော့မှာမို့ သေဆုံး သူအတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ် " တဲ့... ။

ကိုယ်တော့ အဲဒီအယူအဆလေးကို သိပ်ပြီးသဘောကျတယ် ညီမလေး ။ ဟုတ်တယ် သေတယ်ဆိုတာ အဆုံး သတ်သွားတာမှမဟုတ်ပဲ ။ သံသရာတလျောက်မှာ ဘ၀ ၊ ဘ၀တွေ အသစ်အသစ်တွေ အများကြီးနဲ့ ကျင် လည်ရ ဦးမယ်လေ ။

" လူ့ဘ၀ဆိုတာ တို့တွေ ခဏတာ လာရောက်တွေ့ဆုံရတဲ့ ဘူတာရုံလေးတစ်ခုပါပဲ အချိန်တန်ရင်တော့ ရထား ကြီးက ဒီဘူတာရုံကနေ ထွက်ခွာသွားမှာပဲလေ ... "

အဲဒီအတွေးအမြင်တွေရပြီးကတည်းက ကိုယ့်မှာ ၀မ်းနည်းပူဆွေးတတ်တဲ့ မျက်ရည်မရှိတော့ဘူး ။ သူတို့ (သေဆုံးသွားသူ) ဘ၀အသစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မေတ္တာအပြည့်နဲ့ ဆုတောင်းပေးနေမိတယ် ။ နောက် တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းပေါ့ ညီမလေးရေ... ။ အချစ်ဆိုတဲ့အရာကို ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့ အချစ်နဲ့ မေတ္တာဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။ ညီမလေး နားလည်အောင် အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့ စိတ်တစ်ခုတော့ ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။ အဲဒီအချစ်မှာပဲ ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။ တိုက်ခိုက်တာရှိတယ် ။ လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့ လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။

မေတ္တာဆိုတာ ကတော့ အချစ်နဲ့ ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ် ..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။ မေတ္တာ စစ်စစ်မှာ ရယူလို တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး တိုက်ခိုက်လိုစိတ်မရှိဘူး ။ မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ် ယောက်ရဲ့ ကောင်းကျိုးကိုသာ အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ ပေါ့ကွယ် ။

ညီမလေးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တွေ့ပြီဆိုရင် သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့ မေတ္တာ စစ်စစ်သာ ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ် ။ တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ကောက်ယူလိုက် ပင်လယ် ရေထဲကို လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင် လူတစ်ယောက်ရောက်လာပြီး သူမရဲ့ လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။

" ဒီမယ် မိန်းကလေး ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့ မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ် ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင် အကုန်သေကြရတော့မှာပဲ "

အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း

" ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့် ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး အသက်ရှင်ခွင့်ရသွားမယ်လေ "

လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။

ဟုတ်ပါတယ် ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။ ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့ နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း... အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။

သက်တန့်ချို
31 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 29, 2010

အချစ်နှင့်သူ၏အကြောင်း (အပိုင်း၂)

အချစ်နှင့်သူ၏အကြောင်း (အပိုင်း၂)


ဘာလိုလိုနဲ့ ၇ တန်းကျောင်းသားဘ၀ကို ရောက်ရှိလာပါပြီ ။ မနှစ်တုန်းက အသည်းကွဲဖူးတယ်ဆိုတော့ လူက ငြိမ်ချက်သားကောင်းနေပါတယ် ။ စမတ်ကျကျနဲ့ ရှိုးနဲ့မိုးနဲ့သွားတတ်လာတတ်နေပြီ ။ ကဗျာစာအုပ်လေးကတော့ သိမ်းထားဆဲပေါ့ ။ အခု ဆို ကဗျာတိုလေးတွေတောင် ရေးနေပြီ ။ ကာရံနဲ့ မော်ဒန် .. မော်ဒန်ဖက်ကို ပါသွားတယ် ။ မော်ဒန်က လွပ်လပ်တယ်လို့လည်းထင်တယ် ။ ပြောချင်တဲ့အကြောင်းအရာကို ကွေ့ဝိုက်စရာမလိုဘူး ။ ဒဲ့ ပြောလို့ ရတယ်လို့ထင်တယ် ။ အဲဒီနှစ်မှာပဲ ကျွန်တော်တို့အတန်းကို ငြိမ်းငြိမ်းဆိုတဲ့ ကောင်မလေးတစ်ယောက် ကျောင်းပြောင်းလာပါတယ် ။ အတော်လည်း ချမ်းသာပုံရပါတယ် ။ ကျောင်းကို အပို့အကြိုနဲ့ ကိုယ်ပိုင်ကားနဲ့ ကျောင်းတတ်တယ်ဆိုပါဆို့ ။ အမှန်တော့ ၇ တန်းကျောင်းသားချင်းယှဉ်ရင် ကျွန်တော်တို့အဖွဲ့ကိုက ထွားနေတာ ။ လူကောင်ပြောတာနော် ။ သူများတွေ ကလေးစိတ်မပျောက်သေးပဲ လမ်းမပေါ် ဘောလုံးကန်ကောင်းနေချိန်မှာ ကျွန်တော်တို့အဖွဲ့က လမ်းဘေးအုတ်ခုံမှာ ဂစ်တာတီးရင်း ကောင်မလေးတွေကို ကြည့်တတ်နေပြီဆိုပါစို့ ။ ကျွန်တော်တို့အဖွဲ့ဆိုတာက ကျွန်တော်ရယ် ၊ နိုင်ဝင်းရယ် ၊ ကုလားရယ် ၊ ထက်အောင်ဆိုတဲ့ မင်းသားလိုလို ကောင် ရယ်ပေါ့ ။ သူတို့အကြောင်းတွေကို နောက်မှပြောပြဦးမယ် ။

ငြိမ်းငြိမ်းက စာတော်တယ် ။ ဒါပေမယ့် သင်္ချာတစ်ခုမှာတော့ သူမတူအောင်ညံ့တယ် ။ အဲဒီငြိမ်းငြိမ်းကလည်း ကျွန်တော်တို့နဲ့ ရွယ်တူ လှတပတလေးဗျ ။ အိနြေ္ဒကြီး တခွဲသားနဲ့ ဆိုပါတော့ဗျာ ။ ဒီလိုနဲ့ ကောင်မလေး ချောချောမြင်ရင် ခင်ချင်တတ်တဲ့စိတ်ကြောင့် ငြိမ်းငြိမ်းနဲ့ ခင်မင်ခွင့်ရအောင် အကြံထုတ်ရပါတော့တယ် ။ ဒီလိုနဲ့ မိုးတွေ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးရာသီရဲ့ နေ့တစ်နေ့မှာပေါ့ဗျာ ။ ဆရာမကလည်း မိုးရွာတာကို အကြောင်း ပြုပြီး အဲဒီနေ့က နောက်ကျနေပါတယ် ။ ဒါနဲ့ ဆရာမ မလာသေးတော့ ကျွန်တော်တို့ အဖွဲ့လည်း ကော်ရစ်တာ ကိုထွက်ပြီး ယောင်လည် ယောင်လည်ရပ်နေတာပေါ့ ။ အဲဒီမှာ ဥာဏ်ကြီးရှင် နိုင်ဝင်းက ကျွန်တော့်ကိုအ ကြံပေးတယ် ။ ကျွန်တော်လည်း သူ့အကြံကို နားထောင်ပြီးတော့ ဟေ့ကောင်ဖြစ်ပါ့မလားပေါ့ ။

ဒီတော့ နိုင်ဝင်းက ယောင်္ကျားပဲကွာ သေတစ်နေ့ မွေးတစ်နေ့ပေါ့တဲ့ ။ ဒီကကောင်ကလည်း မြှောက်ပေးရင် တာ ၀တိံ သာထိ တက်ချင်တဲ့ကောင်ဆိုတော့ ဒီကောင်ပေးတဲ့အကြံအတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ပထမဆုံး ဒီကောင် ၃ကောင်က ဆရာမ အခြေအနေနဲ့ အတန်းထဲက လူလစ်မလစ် စောင့်ကြည့်ပေးပါတယ် ။ ကျွန်တော် လည်း ရင်ခုန်ခုန်နဲ့ မိန်းကလေးဖိနပ် လေးတွေ စီထားတဲ့ဖက်ကို ကပ်သွားပါတယ် ။ ဟော... တွေ့ပါပြီ ငြိမ်းငြိမ်းရဲ့ ဖိနပ်လေး ။ ဖက်ဖူးရောင် အစိမ်းနုလေး ။ ကျွန်တော်လည်း ဖျက်ကနဲ ထိုင်ချလိုက်ပြီး ငြိမ်းငြိမ်းရဲ့ ဖိနပ် သဲကြိုး လေးကို အသင့်ပါလာတဲ့ ခဲတံချွန်တဲ့ဓါးနဲ့ မပြတ်တပြတ်လေး လှီးလိုက်ပါတယ် ။ ပြီးတော့ ဟန်မပျက် ပြန်လာပြီး တစ်ဖွဲ့လုံး အခန်းထဲဝင် ဆရာမလည်းရောက် အားလုံးကွက်တိပဲ ။

ဒီလိုနဲ့ မုန့်စားကျောင်းဆင်းချိန် ရောက်လာရော ။ ငြိမ်းငြိမ်းက အပြင်ထွက်လေ့မရှိဘူး ။ ပြီးတော့ သူက တစ် ယောက် တည်းသီးသန့်နေတာ များတယ် ။ မုန့်စားချိန်ဆို သူ့အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းဘူး လှလှလေး ထဲက ထမင်းကို တစ်လုပ် နှစ်လုပ် လောက်သာစားပြီး မုန့်တွေထိုင်စားနေတာများပါတယ် ။ ကဲ.. ဒီလိုနဲ့ ကျောင်းဆင်းချိန်ရောက်လာရော ဆိုပါတော့ဗျာ ။ ကျွန်တော်တို့အဖွဲ့ကတော့ နောက်ကနေ ယောင်လည် လည်နဲ့ပေါ့ ။ ထင်တဲ့အတိုင်းပဲ ကျောင်းအပြင်လည်း ရောက်ရော သူ့ဖိနပ်က ပြတ်သွားပါလေရော ။ ကိုယ်တွေ ကလည် ဒီယုန်မလေး မြင်လို့ ဒီခြုံလေးထွင်ထားတာဆိုတော့ အနားကို သွားပြီး

" ငြိမ်းငြိမ်း ဘာဖြစ်တာလည်း ဘာညီကူရမလည်း ဖိနပ်ပြတ်သွားတာလား "

လို့မေးလိုက်ပါတယ် ။ ပထမတော့ ငြိမ်းငြိမ်းက ကျွန်တော့်ကို တအံ့တသြနဲ့ မော့ကြည့်တယ် ။ ဟုတ်တယ်လေ အခုပဲ ဖိနပ်ပြတ် အခုပဲ အကူအညီပေးမယ့် သူက ရောက်လာတာကိုး ။ မိနစ်တောင်မခြားဘူး ဟီးဟီး ။

ဒါနဲ့ ငြိမ်းငြိမ်းက

" ဟင်.. နင်က ဘယ်သူလည်း "

" ဟင် ငါ့ကို မသိဘူးလား နင်နဲ့ တစ်ခန်းတည်းလေ သက်တန့်တဲ့ မှတ်ထား "

" မသိဘူး "

" ဟေ ကောင်းရော ကဲကဲ ထားပါတော့ အခု ဘာအကူအညီပေးရမလည်း "

" ဘယ်သူက အကူအညီတောင်းနေလို့လည်း "

" ဟေ "

တစ်ခွန်းပဲ ပြန်ပြောနိုင်ပြီး ဒီကောင်မလေး မလွယ်ပါလားဆိုပြီး စိတ်ထဲက တွေးလိုက်မိတယ် ။ ဒါပေမယ့် ဘာရ မလည်း သက်တန့်ပဲဟာ ။

" အာ.. နင်ကလည်း တစ်တန်းတည်း သားချင်းဟာ မရှက်ပါနဲ့ ဟ ပြောပါ ဘာလုပ်ပေးရမလည်း "

" ဒီမှာ ဖိနပ်ပြတ်သွားတာမမြင်ဘူးလား ဟွန်း"

" အော်..အေးပါ ကဲကဲ ပေးပေး ငါ့မှာချိတ်ပါတယ် ငါပြင်ပေးမယ် "

ဆိုပြီး ပြောပြောဆိုဆို ထိုင်လိုက်ပါတယ် ။

" ဟဲ့ဟဲ့ ..အို .. ငရဲတွေကြီးကုန်တော့မှာပဲ "

ဆိုပြီး သူမရဲ့ မျက်နှာမှာ ပန်းနုရောင်လေး သန်းသွားတာကို ဒီနေ့ထိ ပြန်မြင်ယောင်လိုက်တိုင်း ကဗျာ တစ်ပုဒ်ထွက်ပါတယ် ။ (ပိုင်သကွာ... ) ဒီလိုနဲ့ ကျွန်တော့်ရဲ့ အချုပ်အလုပ် လုပ်ငန်းပြီးသွားလို့ သူမကို ကြည့် လိုက်တဲ့အခါ ကျွန်တော့်ကို ငေးပြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ် ။ အဲဒီအကြည့်တစ်ချက်မှာ ဒီကောင် ပါသွားတယ် ထင်တာပါပဲ ။ ( ၇ တန်းကျောင်းသား နှလုံးသားနဲ့ပေါ့ )

" သက်တန့် .. နင့်ဖိနပ်ချွတ်ပေး "

" ဟေ.. ဟမ် "

" အာ.. ချွတ်ပေးဆို .."

" ဟင် "

" ကြည့် "

" အော်.. အေးအေး ... ဒီ.. ဒီဖိနပ်က "

" နင်ယူသွား ငါက ပြတ်သွားတဲ့ ဖိနပ်ကို ပြန်စီးလေ့မရှိဘူး "

(သေစမ်းဟ စောစောစီးစီးပြောပါတော့လား ) စိတ်ထဲကနေ တွေးလိုက်တာနော် ။

" အော်.. ဒါ..ဒါဆို .ငါ..ငါကဘာလုပ် "

" လုပ်ချင်တာလုပ် နင့်ဖိနပ် နက်ဖြန်ပြန်ပေးမယ်"

ဆိုပြီး ကော့ကော့ ကော့ကော့နဲ့ထွက်သွားပါလေရော ။ ကျွန်တော့်မှာသာ မိုးရေထဲ ဖိနပ်ကြီးကိုင်လို့ ။ ကျောင်း သား တွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ။ ( မှတ်ထား သူရဲကောင်းလုပ်ချင်ဦး )

ဒါနဲ့သူ့ဖိနပ်လေး အိမ်ယူလာပြီး ဖိနပ်ချွတ်မှာ ထားလိုက်တယ် ။(အခုတော့ ဘယ်ရောက်သွားပြီလည်းမသိပါဘူး ) အဲဒီဖြစ်ရပ်လေးက စတင်ပြီး ငြိမ်းငြိမ်းနဲ့ ကျွန်တော်နဲ့ ရင်းနှီးသွားတယ်ဆိုပါတော့ ။ သူမနားမလည်တဲ့ သင်္ချာကို ကျွန်တော်က ပိုင်တော့ ကျွန်တော်တို့က တပူးတွဲတွဲဖြစ်နေတာပေါ့ ။ ဒါနဲ့ အတိုချုပ်ပြောရရင် ၇ တန်း အတန်း တင်ဖြေခါနီးမှာ ငြိမ်းငြိမ်းကို ကျွန်တော် ရည်းစားစကားပြောပါတယ် ။ ငြိမ်းငြိမ်းက ရှက်ပြုံးလေးပြုံး နားထောင်ပြီး တို့တွေ ငယ်ပါသေးတယ်တဲ့ ဆယ်တန်း အောင်စာရင်းထွက်ရင် နင့်ကို အဖြေပေးမယ် သက်တန့်တဲ့... ။

အဲဒီမှာပဲ ဂြိုလ်ဝင်တာလား ဘာလားမသိပါဘူး ။ ၇ တန်း အတန်းတင်လည်းပြီးရော သူ့အဖေအလုပ်ကိစ္စနဲ့ နယ်ပြောင်းရပါလေရော ။ မော်လမြိုင်ဆိုလား ဘာလား ။ ကိုယ့်မှာသာ ဆန့်တငန့်ငန့်နဲ့ ။ အခုပဲ ကိုယ်ပဲ ဘွဲ့ရလို့ အလုပ်တောင်လုပ်နေပြီ ။ ငြိမ်းငြိမ်းလည်း ဘယ်ရောက်နေမှန်းမသိတော့ပါဘူး ။ အဆက်အသွယ်ကို လုံးဝ မရ တော့တာ ။ ဟဲဟဲ.. ဒါပေမယ့် သက်တန့်ပဲလေ ။ မူလတန်းကတည်းက အတူတက်လာတဲ့ ယမင်းဆိုတဲ့ မဲတူးတူး လေးက အခုဆို ၈ တန်းအစမှာ အလုံးနဲ့ အထည်နဲ့ မျက်စိကျသွားတယ်ဆိုပါတော့ ။ ထားလိုက်ပါ အဲဒီအ ကြောင်းနောက်မှဆက်ပြောပြမယ် ။ အခုတော့.....

ငြိမ်းငြိမ်းရေ.. နင့်ကို အထက ကျောင်းလေးတစ်ကျောင်းမှာ ၇ တန်းကျောင်းသားဘ၀က ဖိနပ်လေး ချုပ်ပေးခဲ့တဲ့ သက်တန့်တစ်ယောက် အခုဆို သက်တန့်ချို ဆိုတဲ့နာမည်နဲ့ ကဗျာတွေ စာတွေရေးနေလေရဲ့ ။
( ပြောမယ့်သာပြောရတာ သူကအခုလောက်ဆို အိမ်ထောင်တွေဘာတွေကျပြီး သားသားမီးမီးတွေတောင် ရ နေပြီ လား မသိး))

သက်တန့်ချို
29 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 28, 2010

ရုရှားစစ်သားတွေရှာတွေ့ခဲ့တဲ့ ထူးဆန်းသောသတ္တ၀ါ

ရုရှားစစ်သားတွေရှာတွေ့ခဲ့တဲ့ ထူးဆန်းသောသတ္တ၀ါ


Sakhalin Shoreline မှာ ရုရှားစစ်သားတွေဟာ အမည်မသိ သတ္တ၀ါတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ Sakhalin ဧရိယာဟာ ဂျပန်နိုင်ငံနားမှာတည်ရှိပြီး ရုရှားနိုင်ငံရဲ့ အရှေ့ဖက်အကျဆုံး နေရာ တစ်ခု လည်းဖြစ် ပါတယ် ။ ဒါ့အပြင် Moscow မှလည်း အရှေ့ဖက်ကို မိုင် ၅၀၀၀ လောက်ဝေးတဲ့နေရာလည်းဖြစ်ပါတယ် ။ လူတွေ ကတော့ ဒီသတ္တ၀ါဟာ ဘာကောင်ဖြစ်မယ်ဆိုတာ မသိကြပါဘူး ။ အရိုး နဲ့သွားတွေအရတော့ ဒီကောင်ဟာ ငါးတစ်ကောင်မဟုတ်ဘူးလို့တော့ ပြောနိုင်ပါတယ် ။ သူ့ရဲ့ အရိုးဖွဲ့စည်းပုံအရ ဒါဟာ မိချောင်း (သို့မဟုတ်) ဖွတ် တစ်ကောင်လည်းမဟုတ်ပါဘူး ။ သူ့မှာ သားမွှေးတွေနဲ့ အမွှေးတွေပါရှိတဲ့ အရေခွံပါရှိပါတယ် ။ အဲဒီအမည် မသိသတ္တ၀ါကောင်ကို ရုရှားနိုင်ငံကို အထူးလုပ်ဆောင်ချက်အနေနဲ့ နက်ရှိုင်းတဲ့လေ့လာမှုတွေပြုလုပ်ဖို့ သယ်ဆောင်သွားခဲ့ပါတယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ ဒီကောင်ကြီးကို သူတို့ သယ်ယူမသွားခင် ဓါတ်ပုံရိုက် ထားနိုင်ခဲ့တဲ့အတွက် အမည်မသိသတ္တ၀ါကို ပထမဆုံး လေ့လာခွင့်ရတဲ့ ကံကောင်း တဲ့သူများ ဖြစ်ပါတယ် ။






သက်တန့်ချို
28 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 27, 2010

Ning ၊ ကိုယ်ပိုင် ဒိုမိန်းနှင့် ဘလော့ပို့စ်တင်သူများ

Ning ၊ ကိုယ်ပိုင် ဒိုမိန်းနှင့် ဘလော့ပို့စ်တင်သူများ


အခုရေးတဲ့ပို့စ်လေးကတော့ ဧဒင်ဥယျာဉ်က ဆိုက်တည်ထောင်သူ ကိုမျိုးရဲ့အကူအညီတွေအများကြီးပါပါတယ် ။ နည်းပညာပိုင်းတွေမို့ လေ့လာလို့မကုန်နိုင်ပါဘူး ။ စိတ်ဝင်စားသူများနှင့် Ning ဆိုက်တည်ထောင်ထားသူများ ၊ Ning ဆိုက်တွေမှာ ဘလော့ပို့စ်တင်နေသူများအတွက် ရည်ရွယ်ပြီးရေးသားခြင်းဖြစ်ပါတယ် ။

ခုမြန်မာပြည်က Ning Creator တော်တော်များများ မသိသေးတဲ့ အချက်တွေကို ရှင်းပြသွားမှာပါ ။ သိထားပြီး သားဆိုရင်လည်း ဒီပို့စ်လေးကို ထပ်ပြီး ဖတ်စေချင်ပါတယ် ။

(၁) Domain ဆိုတာ ဘာလည်း ?

Domain ဆိုတာ အင်တာနက်စာမျက်နှာတစ်ကို Map လုပ်ပေးတဲ့ အရာလို့ မြန်မာလိုပြောလို့ရပါတယ် ( သူက ဖုန်းနံပတ်နဲ့ တူပါတယ် )

ဒိုမိန်းနာမည်ဆိုတာဟာ Domain Name System (DNS) ပေါ်အခြေခံပြီး အင်တာနက်ပေါ်မှာ ထိမ်းချုပ်ခွင့် သို့မဟုတ် လုပ်ပိုင်ခွင့် ၊ ခြယ်လှယ်ပိုင်ခွင့်ရတဲ့ သတ်မှတ်ချက် Label တစ်ခုပဲဖြစ်ပါတယ် ။ ဒိုမိန်းနာမည်များကို ပထမအဆင့် သတ်မှတ်ခြင်းဟာ Top Level Domian (TLDs) ဖြစ်ပါတယ် ။ အဲဒီမှာ Generic top-level domains (gTLDs) ပါဝင်ပါတယ် ။ အထူးသဖြင့် ထင်ရှားတဲ့ com , net နဲ့ org တို့ပဲဖြစ်ပါတယ် ။ DNS အဆင့်များမှ ဒီ Top level domains တွေအောက်မှာ ဒုတိယအဆင့် နဲ့ တတိယအဆင့် ဒိုမိန်းနာမည်တွေကို သုံးစွဲသူ ( end-users) တွေက ဖွင့်လှစ်ပြီး Local Area Networks ကို အင်တာနက်သို့ ချိတ်ဆက်ခြင်း ၀ဘ် ဆိုက်များ ပြုလုပ်ခြင်း နဲ့ အခြား Publicly ဆိုင်ရာ အင်တာနက်အရင်းအမြစ် (Resources) တွေကို သုံးစွဲကြပါတယ် ။

ပထမဆုံး Domain ကိုပြောပြပြီးတော့ နောက် ဆက်တွဲလိုအပ်ချက်တစ်ခုကို ဆက်ရှင်းပြမှာပါ ။ အင်တာနက် စာမျက်နာတစ်ခုကို Mapping လုပ်ပေးတဲ့ Domain က အင်တာနက်ရဲ့ ပထမလိုအပ်ချက်ပါ


(၂ ) Hosting ဆိုတာဘာလည်း ?

ဒုတိယလိုအပ်ချက်ကတော့ Hosting ဖြစ်ပါတယ် ။ Hosting က အကျယ်ရှင်းပြရရင် အင်တာနက်စာမျက်နှာရဲ့ အ ချက်အလက် Data တွေကို transmit လုပ်ပေးမယ့် Memory Storage and Server လို့ပြောလို့ရပါတယ်

( သူက ဟန်းဆက် လို့ပြောလို့ရပါတယ် )

Hosting မရှိရင် စာရွက်လွတ်ကြီးကို အင်တာနက်မှာ တင်ထားတာနဲ့ တူနေပါလိမ့်မယ် နောက်ပြီး ဆိုဒ်တစ်ခုရဲ့ လုပ် ဆောင်ချက်တိုင်းမှာ သုံးရတဲ့ အရာပေါ့ ။Bandwidth အတွက် လဲ hosting က မရှိမဖြစ်လိုအပ် လေ့ရှိ ပါတယ် ။ ဥပမာ ပြောရရင် စာတွေကို ပို့မယ်ဆိုပါဆို့ အဲ့အခါ member အရည်အတွက်လိုက် ပို့ရမယ့်

စာအစောင်ရေအလိုက် သုံးရတဲ့ Memory ပေါ့ အဲ့တာတွေ အတွက် hosting ဆိုတာက ဖြေရှင်းပေးရတာပါ ။ ဒါက အင်တာနက်စာမျက်နှာတစ်ခုရဲ့ အဓိက လိုအပ်ချက် 2 ရပ်ပဲဖြစ်ပါတယ် ။

(၃) Ning Domain နဲ့ Service Pack အကြောင်းသိကောင်းစရာ

ဒီဇယားလေးကတော့ Ning ရဲ့ Pricing Plan လေးပဲဖြစ်ပါတယ် ။ Ning Plus (သို့မဟုတ်) Ning Pro ၀ယ်မှပဲ အဆင် ပြေမယ့် သဘောရှိပါတယ် ။ အဲ့တာတွေကို နားလည်ပြီးမှ NING ရဲ့ Service pack တွေကို ရွေး ချယ်တာ ပိုကောင်းပါလိမ့်မယ် မသိခဲ့ရင်တော့ တော်တော်ခက်ခဲပါတယ် ။ ပထမကအားလုံး Domain နဲ့ Ning service ပေါင်းရင်ရပြီဆိုတာ မှန်ပေမယ့် အခုက မဟုတ်တော့ဘူး ။

Ning Creator ဆိုဒ်က မြန်မာအဖွဲ့မှာ သေချာရှင်းပြထားခဲ့ပါတယ် ။ ဝမ်းနည်းဖို့ကောင်းတာက Ning ရဲ့ ပင်မ ဖြစ်တဲ့ Creators ဆိုဒ်က Myanmar ning creator group မှာ အားလုံး 12 ယောက်ပဲရှိခဲ့ပါတယ် ။ Myanmar Ning Creator က Myanmar Group ကို တည်ထောင်သူကတော့ Shine ဖြစ်ပါတယ် ။

ခု Domain ဝယ်ထားတဲ့သူတွေက အခုရှင်းပြတဲ့ Hosting ကိုပါ မဖြစ်မနေဝယ်မှရပါတော့မယ် ။ မဝယ်ခဲ့ ရင် တော့ 7 လပိုင်း Ning ရဲ့ Launch time အပြီးမှာ ဆိုဒ် ပျက်သွားပါလိမ့်မယ် ။ Hosting က အားလုံး ထဲမှာ ဈေး အကြီး ဆုံးတစ်ခုပါပဲ သူက အမေရိကန် ဒေါ်လာ 198.00 လောက်မှ သင့်တော်နိုင်ပါတယ် ။ ဒီထက်နည်း ရင် တော့ ning အတွက်မသင့်တော်ပါဘူး ။


Domain & Hosting ဆိုတာက အပေါ်က ပြောခဲ့တာတွေပါပဲ ။ အလွယ်နမူနာပြရရင် ဖုန်းနံပတ်နဲ့ hand set အ တိုင်း အလားသဏ္ဍန်တူပါတယ် ။

(၄) ဘလော့ပို့စ်တင်သူများအတွက်

နောက်တစ်ခုက Blog , Forum နဲ့ Discussionတွေက Tag ပါပဲ ။ ဘလော့ပို့စ်တင်သူများအတွက် မဖြစ်မနေ သိရ မယ့် အချက်လေးတွေလို့ ထင်ပါတယ် တစ်ကယ်လို့ သိပြီးသားဖြစ်နေရင် ဆရာလုပ်မိတာအတွက် နား လည် ပေးစေချင်ပါတယ် ။ စေတနာ သက်သက်နဲ့ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျား)

Tag ဆိုတာ စာမျက်နှာတစ်ခု . blog တစ်ပုဒ် . Discussing နဲ့ forum တစ်ခုရဲ့ ပင်ကိုယ်ရသကို အတိအကျ ဖော်ညွှန်းပေးရတာပါ ။ နောက်ပြီးရေးသားသူ ကိုလဲဖော်ပြပေးရပါတယ် သက်သန့်ချို ဆိုပါဆို့မဖြစ်မနေကို လိုအပ်ပါတယ် ။ အခုတွေ့နေတဲ့ Ning အပါအဝင် ဆိုဒ်တော်တော်များများမှာ ဖရိုဖရဲ ဖြစ်နေ တာကိုလဲ တွေ့ရပါတယ် ။

ဥပမာ ပြောရင် ထူးဆန်းသော ပင်လယ်သတ္တဝါများ Blog တစ်ပုဒ်ဆိုပါဆို့...

သူက ဗဟုသုတ အတွက်မို့ Tag ရဲ့ ပင်မကို သုတ လို့ ပေးသင့်ပါတယ် ။ ဒုတိယ အနေနဲ့ ပင်လယ်သတ္တဝါ , ထူးဆန်း ထွေလာအစရှိသဖြင့် Tag မှာ ( , ) ကော်မာ နဲ့ ခြားရေးရပါတယ်ဒါဆို ဒီဘလော့အတွက် Tag က ( သုတ , ပင်လယ်သတ္တဝါ , ထူးဆန်းထွေလာ , သက်သန့်ချို ) ဆိုပြီး ဖြစ်သင့်ပါတယ်စာဖတ်သူ Follower တွေအနေနဲ့ သုတဆိုတဲ့ Tag ကို ကလစ်တာနဲ့ သုတ နဲ့ဆိုင်တဲ့ Blog အားလုံးကို တစ်နေရာတည်းမှာ ရွေးချယ်နိုင်ပြီးပင်လယ်အကြောင်း သိချင်ပါက ပင်လယ်ဆိုတာကို ကလစ်ရုံပါပဲ သက်သန့်ချို ရဲ့ ဘလော့ကို ရွေးဖတ်ချင်ရင်လဲ သက်တန့်ချိုနာမည်ကို ကလစ်လိုက်ရူံပါပဲဒါဆို အင်တာနက်စာမျက်နှာတစ်ခုနဲ့ ရနိုင်တဲ့ အကြောင်းအရာတွေကို အစီအစဉ်တကျ ဖော်ပြပေးနိုင်တဲ့ အင်္ဂါအချက်အလက်ဆုံတဲ့ Blog တစ်ပုဒ်ဖန် တီးပြီးသားဖြစ်ပါပြီ ။

မြန်မာ blogger တွေရဲ့ လိုအပ်ချက်တစ်ခု လိုပဲတွေ့နေရတတ်ပါတယ် ။

-----------------------

နောက်ဆက်တွဲက creator ဒါမှမဟုတ် Admin တစ်ယောက်ဟာ ရေးသားသူဖော်ပြလိုက်တဲ့ Tag ကို ပြင်ခွင့် မရှိပါဘူး။ လိုအပ်ပါက ထပ်ဖြည့်ခွင့်ပဲ ရှိပါတယ် ။ ဒါကြောင့် ဘလော့ပို့စ်တင်သူများအနေနဲ့ ကိုယ်တင် မယ့်ပို့စ် နဲ့လိုက်ဖက်မယ့် Tag တွေကို Comma ( , ) ခံပြီးပေးသင့်ပါတယ် ။

နောက်ထပ်ပြောချင်တာက Ning မှာက Blogspot မှာလို ပို့စ်တင်တဲ့အခါ Justify လုပ်တဲ့ Feature မပါလာပါဘူး ။ ဒါကြောင့် ပို့စ်တင်တဲ့အခါ စာကြောင်းတွေမညီပဲ ရှည်တဲ့ဟာ ရှည် တိုတဲ့ဟာ တို ဖြစ်နေ တတ်ပါတယ် ။ ဒါကတော့ အားနည်းချက်တစ်ခုပါ ။ ဒီတော့အားလုံးကို ခြုံပြီးကြည့်လိုက်ရင် Ning Creator တွေအနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချသင့်တဲအချိန်ရောက်လာပါပြီ ။

၁ ။ ဒီအတိုင်းပဲ ဆိုက်ကို အပျက်ခံမလား
၂ ။ ဒိုမိန်းဝယ်ပြီး တခြား Hosting တစ်ခုကိုသုံးမလား (ဥပမာ Blogspot , wordpress)
၃ ။ Ning ကိုပဲ Premium ၀ယ်ပြီး သုံးကြမလား (Custom Domain + Hosting)

တစ်ခုခုကိုတော့ ပြတ်သားဖို့ လိုလာပါပြီခင်ဗျား)

သက်တန့်ချို
27 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, May 26, 2010

မျက်....၀န်း.....နက်..

မျက်....၀န်း.....နက်..


မုတ်သုံက သာမန်နှစ်များနှင့်မတူပဲ ဒီနှစ်မှ နောက်ကျလွန်းနေသည် ။ တလှပ်လှပ်ထနေသော ကတ္တရာ လမ်းမထက် အပူရှိန်က အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေဆဲ ။ ပြင်ပအပူရှိန်သည် ရင်ထဲက ဖြစ်ပေါ် နေသော လွမ်းဆွတ်မှု ဒါဏ်ရာနှင့် နှိုင်းယှဉ်လျှင် မြူမှုံတမျှ ဝေးလွင့်သွားစမြဲပင် ။ မျက်..၀န်း..နက်... ဒီနာ မည်လေး တစ်ခုနဲ့တင် ကျွန်တော်အကြိမ်ကြိမ်သေခဲ့ရပါတယ် ။ မျက်ဝန်းနက်ဆိုတာ သူမရဲ့ နာမည် အရင်း မဟုတ်ပါဘူး ။ သူမနဲ့ စတွေ့တိုက်အခိုက်လေးမှာ ကျွန်တော့်ရဲ့ရင်တွေ တလှပ်လှပ်နဲ့ ဘာမှန်းမသိပဲ နှုံးခွေ သွားတတ်ပြီး အာရုံထဲမှာ မျက်ဝန်းနက်နက်လေးတွေပဲ စွဲကျန်ရစ်ခဲ့တယ် ။ သူမက ကျွန်တော့်ရဲ့ တစ်ဦး တည်း သော မိန်းကလေး သူငယ်ချင်းဖြစ်သလို ပထမဆုံးနဲ့ နောက်ဆုံး ချစ်သူလည်းဖြစ်ခဲ့တယ် ။ သူမ အကြောင်းတွေ ပြန်တွေးမိတိုင်း ကျွန်တော့်ရဲ့ရင်ခုန်သံတွေ မှုမမှန်ပဲ ဗြောင်းဆန် လှုပ်ရှားသွား တတ်တာ ကိုတော့ ရိုးသားစွာ ၀န်ခံပါရစေ ။ မိုးရာသီရောက်တိုင်း ကျွန်တော့်ရဲ့ ရင်တွေနာကျင်ရစမြဲပါ ။ သူမနဲ့ ကျွန်တော့် ရဲ့တွေ့ဆုံမှုက မိုးရာသီမှာ စတင်ခဲ့သလို မိုးတွေ သည်းကြီးမည်းကြီး ရွာနေတဲ့ ညနေခင်းတစ်ခုမှာပဲ သူမ ကျွန်တော့်ကို ခွဲခွာသွားခဲ့တယ် ။

အချစ်ဆိုတာ ဘာလဲလို့ သိလိုက်ရချိန်မှာ သူနဲ့ကျွန်တော်က ကမ္ဘာကြီးရဲ့ ပြန်မဆုံနိုင်တော့တဲ့ ၀န်ရိုးစွန်း တစ်ဖက် စီမှာ ရောက်ရှိနေပြီလေ ။ အခုတော့ မိုးတွေလည်း ရွာမနေခဲ့ဘူး ။ ပြင်းပြတဲ့ နေရောင်ကြောင့် ကိုယ်ပေါ် မှာ ပူရှိန်းရှိန်းဖြစ်နေခဲ့တယ် ။ အချိန်တိုင်းအချိန်တိုင်းအုံ့ ဆွေးဆွေးနဲ့ သူမကို လွန်းတတ်တဲ့ ကျွန်တော့်ရဲ့အကျင့်ကိုလည်း မဖျောက်ဖျက်နိုင်ခဲ့ဘူး ။ အခုလည်း မေလရဲ့ပူပြင်းတဲ့ နွေနေ့လည်ခင်းမှာ သူမရဲ့ အကြောင်းကို ဘာရယ်မဟုတ်ပဲ စာရွက်ဖြူဖြူတစ်ရွက်ပေါ် ကျွန်တော်ချရေးနေမိတယ် ။

" လွမ်းလိုက်တာ မျက်ဝန်းနက်ရယ် ...."

ကျွန်တော်မှတ်မိပါသေးတယ် ။ အဲဒီမိုးတွေရွာသည်းနေတဲ့ တစ်နေ့မှာ ကျွန်တော်က ဘာရယ်မဟုတ်ပဲ မိုးရေ ထဲမှာ မျက်နှာပေါ် မိုးစက်တွေလာမှန်တဲ့ အရသာကို နှစ်ခြိုက်လွန်းတဲ့အတွက် မိုးရေထဲ လမ်းလျောက် နေ မိတယ် ။ အပေါ်ကို မော့ကြည့်မော့ကြည့်နဲ့ လျောက်လာတဲ့ ကျွန်တော့်ကို နောက်က တစ်စုံတစ်ခုက အရှိန်ပြင်း ပြင်းနဲ့ ၀င်တိုက်လိုက်တဲ့အတွက် ကျွန်တော်ကတ္တရာလမ်းပေါ် ဗိုင်းကနဲ ပစ်လဲကျသွားခဲ့တယ် ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ ကျွန်တော့်ကို တိုက်သွားတဲ့အရာကို ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကျွန် တော့် အသွေးအသားတွေကို ခေတ္တခဏ ရပ်တန့်သွားစေတဲ့ မျက်ဝန်းနက် နဲ့ စတင်တွေ့ဆုံရတာပါပဲ ။ မိုးတွေ ထဲမှာ စက်ဘီးလေးကိုင်ပြီး တုန်တုန်ရီရီနဲ့ ကျွန်တော့်ကို ကြည့်နေတဲ့ ကောင်မလေးတစ်ယောက် ။ အဲဒီဖြစ် ရပ်လေးကနေစတင်ပြီး မျက်ဝန်းနက် ဆိုတဲ့ကောင်မလေးနဲ့ ကျွန်တော်နဲ့ စတင်ရင်းနှီးခဲ့ပါတယ် ။ မိုးတွေ အုံ့အုံ့သည်းသည်းရွာသွန်းတဲ့ နေ့ရက်တိုင်းဟာ သူမနဲ့ ကျွန်တော့်အတွက် အမှတ်ရစရာ နေ့ရက်တွေချည်းပါပဲ ။ မျက်ဝန်းနက်က ကျွန်တော်နဲ့ စတွေ့ပြီး ရက်ပေါင်း ၉၉ ရက်မြောက်တဲ့နေ့မှာ ကျွန်တော့်ကို " သိပ်ချစ်တယ် " ဆိုတဲ့ အဖြေကို ပေးခဲ့တယ် ။ အဲဒီအဖြေဟာ မုသားတွေနဲ့ ရောနှောနေတဲ့ အဆိပ်ရည်တစ်ခွက် မှန်း ကျွန်တော် မသိခဲ့ဘူး ။ အဲဒီအဆိပ်တွေကပဲ ကျွန်တော့်နှလုံးသားတွေ အတုံးအရုန်းကျဆုံးကုန်အောင် လောင်ကျွမ်း စေခဲ့တာ ပေါ့ ။

" လွမ်းလျှက်ပါပဲ မျက်ဝန်းနက်ရယ်...."

ကျွန်တော်ခင်ဗျားကို တစ်ရက်မှမေ့မရခဲ့ပါဘူး ။ ကျွန်တော်တို့နှစ်ယောက်ဟာ မိုးပြိုမှာစိုးတဲ့ တစ်တီတူးတွေလို တစ်စုံ တစ်ခုကြောင့်ဝေးလွင့်သွားမှာ စိုးတာကြောင့် တစ်ယောက်လက်နဲ့ တစ်ယောက် ခိုင်မြဲစွာ တွဲခဲ့ကြတယ် ။ ဘယ်အရာကမှ ခွဲလို့မရအောင် ခိုင်မြဲလွန်းတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ လက်တစ်စုံကို သူမဖက်က စတင် ဖောက်ဖျက်သွားတာဟာ သူမရဲ့ ဘာမဟုတ်တဲ့ အတ္တလေးတစ်ခုကြောင့်ဆိုတာ ကျွန်တော် သိလိုက်ရ တဲ့ အချိန်မှာ လောကကြီးကို မယုံကြည်နိုင်ခဲ့ဘူး ။ " မျက်ဝန်းနက်ရယ်.. ခင်ဗျားရက်စက်တယ် " လို့ ကျွန်တော် ပြောမထွက်ခဲ့ဘူး ။

နေ့တစ်နေ့ပေါ့... ။ မှတ်မှတ်ရရ အဲဒီနေ့က မိုးတွေသည်းကြီးမည်းကြီး ရွာတဲ့ တနင်္ဂနွေတစ်နေ့ရဲ့ ညနေခင်း တစ်ခုပေါ့ ။ ဘာမှမထူးခြားတဲ့တစ်နေ့ ... ။ ကျွန်တော့်ကို သေမိန့်ချခဲ့တဲ့နေ့ ... ။ ကျွန်တော်နဲ့ မျက်ဝန်းနက် စ တွဲခဲ့တဲ့နေ့ကစပြီး ၉ လနဲ့ ၉ ရက်ပြည့်တဲ့နေ့ပေါ့ ။ ၉ ဂဏန်းတွေဟာ ကံကောင်းခြင်းကို ယူဆောင် လာပေးတယ်ဆိုပြီး ဘာကြောင့် ကျွန်တော့်အလှည့်ကျမှ လွဲချော်ခဲ့ပါသလဲ .... ။

" မောင်...ကျွန်မ.. နိုင်ငံခြားသွားတော့မယ် ဒီမှာနေလို့ ကျွန်မရဲ့ ဘ၀က ဘယ်လိုမှ အောင်မြင်ကျော်ကြားမှု လမ်းကြောင်းကို ရှာတွေ့မှာ မဟုတ်ဘူး မောင်ကျွန်မကို တကယ်ချစ်ရင် နိုင်ငံခြားကို အပြီးလိုက်ခဲ့ပါလားဟင် "

အဲဒီစကားသံကြားကြားချင်း ကျွန်တော်ဟာ ကျောက်ရုပ်တစ်ရုပ်လို ဆွံ့အသွားခဲ့မိတယ် ။ ဒီနိုင်ငံကနေ ခဏ တဖြုတ် မဟုတ်ပဲ အခြားနိုင်ငံမှာ နိုင်ငံခြားသားခံယူရမယ့်ဘ၀.. ကိုယ့်အမိရင်ခွင်ကို ကိုယ်ခြေစုံကန်ရသလိုပါပဲ ။ ကျွန်တော်ဆက်မတွေးရဲတော့ဘူး ။ နောက်ဆုံးပင့်သက်ကိုရှိုက်ပြီး သူမကို တစ်ခွန်းပြန်မေးလိုက်တယ် ။

" ကိုယ်မလိုက်နိုင်ရင်ရော...."

" ကျွန်မတို့ တစ်သက်လုံးဝေးကြယုံပဲပေါ့ မောင်...စဉ်းစားပါဦး "

" ................"

ကျွန်တော်နောက်ဆုံး ရင်နဲ့ ရင်းတဲ့ ဆုံး ဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ် ။

(၁) ကိုယ့်နိုင်ငံမှာ မဟုတ်ပဲ အခြားနိုင်ငံခြားသားဘ၀ ခံယူပြီး ချစ်သူနဲ့အတူနေရခွင့်
(၂) ချစ်သူကို လက်တွဲဖြုတ်ပြီး အမိရင်ခွင်ထဲမှာ ကျန်နေခွင့်

ကျွန်တော် ဒုတိယ အရာကိုရွေးချယ်ခဲ့တယ် ။

" ကိုယ်မလိုက်နိုင်ဘူး "

" ဒီမှာမောင်.. ဘာမဟုတ်တဲ့ နိုင်ငံသေးသေးလေးမှာပဲ မောင့်ဘ၀ကို မြှုပ်နှံပြီးနေရစ်ခဲ့ပေတော့ ကျွန်မကတော့ ဆုံးဖြတ်ချက်ကို မပြင်နိုင်တော့ဘူး တကယ်တော့ မောင်ဟာ နွားခြေရာခွက်ထဲက ဖားလိုပဲ ဒီပတ်ဝန်း ကျင်လေးကိုပဲ အရမ်းတွယ်တာလွန်းတယ် ဆောရီးပဲ မောင် ဒီနေ့ဟာ ကျွန်မတို့ရဲ့နောက်ဆုံးတွေ့ဆုံခြင်းနေ့ပေါ့ ...Good Bye.."

ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားတို့ မှားတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ် ။ သတ္တိမရှိသူလို့ လည်း စွပ်စွဲချင်စွပ်စွဲလိမ့်မယ် ။ ဒါပေမယ့် ဒီရေဒီမြေကနေခွာပြီး တိုင်းတပါးသားဘ၀ ခံယူဖို့ဆိုတာ ကျွန်တော့် ၀ိဥာဉ် တစ်ခလုံး လွင့်ပြယ်သွားမှ ဖြစ်နိုင်မှာပါ ။ အဲဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော့်ရင်တွေအခုထိ...နာကျင်ဆဲပါ ။ ကြေမွဆဲပါ... ။ နောက်ဆုံး သူမရဲ့ Email လေးတစ်ခုတောင် ကျွန်တော်သိခွင့်မရခဲ့ဘူး ။ အခုလောက်ဆို မျက်ဝန်းနက် ... နိုင်ငံခြားသူကြီး ဖြစ်နေလောက်ရောပေါ့ ။ သူမ ရှာဖွေနေတဲ့ ဘ၀ တိုးတက် အောင်မြင် ရေးလမ်းကြောင်းတွေကိုလည်း တွေ့နေလောက်ရောပေါ့ ... ။

ကျွန်တော်ကတော့ အခုထက်ထိ.. ကဗျာတွေရေးနေတုန်း .. အဆုံးမဲ့ညတွေထဲ သူမနာမည်ကို ရေရွတ်နေ တုန်း.... သူမရဲ့ အမှတ်တရတွေကို သိမ်းထားတတ်နေတုန်း...သူမအတွက် အလွမ်းဖွဲ့တေးသီချင်းတွေ ဆိုညည်း မိနေတုန်း......

မျက်...၀န်း...နက်...ရေ...ခင်ဗျားကို ကျွန်တော်ဆက်လက် စောင့်မျှော်နေဆဲပါ....နောက်ထပ် ဘ၀တွေ.. အသင်္ချေ...အသင်္ချေ...အသင်္ချေ....ထိတိုင်အောင်...............။

သက်တန့်ချို
25 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 25, 2010

Israel-Jordan နယ်စပ်မှကြောက်မက်ဖွယ်ရာပင့်ကူကြီး

Israel-Jordan နယ်စပ်မှကြောက်မက်ဖွယ်ရာပင့်ကူကြီး


သိပ္ပံပညာရှင်တွေဟာ Israel Jordan နယ်စပ်က သဲသောင်ပြင်ပေါ်မှာ ပုန်းအောင်နေတဲ့ ပင့်ကူမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ် ။ ကြောက်မက်ဖွယ်ကောင်းတဲ့ခြေချောင်းတွေနဲ့ ဒီပင့်ကူဟာ ဆွဲဆန့်လိုက်မယ်ဆိုရင် ငါးလက်မတိတိရှိပြီး နာမည်ကတော့ Cerbalus aracensis ပဲဖြစ်ပါတယ် ။ အရှေ့အလယ်ပိုင်းဒေသမှာတော့ အကြီးမားဆုံး ပင့်ကူပဲ ဖြစ်ပါတယ် ။

" ပင့်ကူမျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိဖို့ဆိုတာ အလွန်ပဲ ရှားပါးလှပါတယ် အနည်းဆုံး ဒီကမ္ဘာကြီးရဲ့ အစိတ် အပိုင်းတွေအပေါ်မှာပေါ့ ဒါပေမယ့် ဒီကောင်ကြီးကတော့ တကယ့်ကို ကြီးမားလွန်းပါတယ် "

လို့ Israel နိုင်ငံ Haifa-Oranim တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် Uri Shanas ကပြောကြားခဲ့ပါတယ် ။ ပင့်ကူကို ရှာဖွေတွေ့ရှိခဲ့တာလည်း အဲဒီသိပ္ပံပညာရှင်ပဲဖြစ်ပါတယ် ။




ခြေချောင်းတွေကို ဆန့်ကားပြီး အရှေ့ဖက်ကို သွားနေတာဟာ ပုတ်သင်ညို ၊ ပုတတ်တွေနဲ့ဆင်တူလှပါတယ် ။ ဒီပင့်ကူဟာ သူ့ကို မရိပ်မိစေဖို့ ပတ်ဝန်းကျင်ကနေရုပ်ဖျက်ဖို့အတွက် သဲတွေကို စုပုံပြီး ဖုံးကွယ်လေ့ရှိပါတယ် ။

ရှာဖွေလေ့လာသူတွေက ဒီပင့်ကူကောင်တွေဟာ အချိန်တိုင်း သားကောင်ကိုတိုက်ခိုက်ဖို့ ထိုင်ပြီး စောင့်နေ လေ့ရှိကြောင်းယုံကြည်ပါတယ် ။ မမျှော်လင့်ပဲ ပင့်ကူတွေရဲ့စားကျက်ဟာ ဖျက်ဆီးခြင်းခံရပါတော့မယ် ။ Israeli အစိုးရက လက်တလော ဒီနေရာမှာ မိုင်းတွေနဲ့ ဖြိုခွဲဖို့ ထောက်ခံထားပြီး ပင့်ကူတွေကို သုတ်သင်ပစ်ဖို့လို့လည်း ဆိုထားပါတယ် ။

သက်တန့်ချို
25 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 24, 2010

လက်ကောက်ဝတ်အရိုးအား ပခုံးရိုးအဖြစ်ခွဲစိတ်တပ်ဆင်မှု

လက်ကောက်ဝတ်အရိုးအား ပခုံးရိုးအဖြစ်ခွဲစိတ်တပ်ဆင်မှု




၂၀၀၈ ခုနှစ်မှာ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ Tom Lemm ဟာ သူ့ရဲ့လက်မောင်း ၊ ပခုံးရိုးတွေကို Tumor (ကျူမာ - အလုံးအကျိတ်ကင်ဆာ) တစ်ခုကြောင့်ဖြတ်တောက်ခဲ့ရပါတယ် ။ အဲဒီနောက်မှာ ခွဲစိတ်ဆရာဝန်တွေဟာ သူ့ရဲ့ ဆုံးရှုံး သွားပြီဖြစ်တဲ့ လက်ကောက်ဝတ်က အရိုးတွေ နဲ့ တစ်ရှုးတွေကို သူ့ရဲ့ ပခုံးရိုးအသစ် အဖြစ်ခွဲစိတ် ပြုပြင် ပေးခဲ့ပါတယ် ။ တပြိုင်နက်တည်းမှာပဲ Professor Simon Kay's အရဲ့အဖွဲ့ဦးဆောင်ပြီး Tom ရဲ့လည်ပင်း ရိုးနေရာမှာ Metal Plate တစ်ခုကို အစားထိုး ခွဲစိတ်ပြုပြင်ပေးခဲ့ပါသေးတယ် ။ ဒါဟာ ဒီကောင်လေးကို လက်အတုဝတ်ဆင်တဲ့နေရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက်ပဲ ဖြစ်ပါတယ် ။

West Yorks, Pontefract မှာနေထိုင်တဲ့ Tom ဟာ ဆိုးရွားလှတဲ့ ကင်ဆာရောဂါကို သုံးနှစ်တိတိ ရင် ဆိုင်အန်တုခဲ့ရပါတယ် ။ ဗြိတိန်မှာ ၇ နာရီကြာမြင့်တဲ့ခွဲစိတ်မှုတွေထဲမှာ Tom ဟာ ပထဆုံးလူဖြစ်လာခဲ့ပြီး

" ကျွန်တော့်ရဲ့ လက်ဆုံးရွာသွားတဲ့အတွက် ကျွန်တော်အလွန်အမင်းစိတ်ထိခိုက်ခဲ့ရပါတယ် ..ဒါပေမယ့် ပရော်ဖက်ဆာက သူကျွန်တော့်ကိုဘာလုပ်မယ်ဆိုတဲ့အစီအစဉ်ကိုပြောပြခဲ့ပါတယ်...အဲဒီအရာဟာ ကျွန်တော့်ရဲ့ ပျောက် ဆုံး သွားတဲ့မျှော်လင့်ချက်တအတွက် နောက်ထပ်အသစ်ရောက်လာမယ့် မျှော်လင့်ဖြစ်ပါစေလို့ ကျွန် တော်ဆုတောင်းနေပါတယ် "

လို့ သူက ပြောဆိုခဲ့ပါတယ် ။


သက်တန့်ချို
24 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 22, 2010

ပိုးကောင်တွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရသောကား

ပိုးကောင်တွေရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရသောကား

သင့်ရဲ့ကားဟာ မြေကြီးတွေဖုံးအုပ်ခံထားရတဲ့အဖြစ်ကို ပြောင်းလဲသွားရင် သင်ဘယ်လို ခံစားမိမှာပါလဲ ။ အဲဒီ မေး ခွန်ရဲ့အဖြေကို အောက်မှာ ကြည့်နိုင်ပါတယ် ။


ကျိန်းသေပြောနိုင်တဲ့အချက်ကတော့ ဒီကံမကောင်းတဲ့ကားပိုင်ရှင်ဟာ ရက်အနည်းငယ်ခရီးသွားပြီး သူပြန်လာ တဲ့အခါ သူ့ရဲ့ကားကိုကြည့်ပြီး အလွန်အမင်းအံ့သြသွားပါလိမ့်မယ် ။ ပြီးတော့ စိတ်ပျက် ဖွယ်ကောင်းလှတဲ့ ပိုးကောင်တွေကြောင့် သူ့ရဲ့ကားဟာ မြေကြီး အဖြစ်ပြောင်းလဲသွားတာကို သူတွေ့ရမှာ ဖြစ်ပါတယ် ။ နောက် တစ်ခါဆိုရင်တော့ ဒီကားပိုင်ရှင်ဟာ သူ့ကားကို ဒီထက်ပိုဂရုစိုက်ဖို့လိုလာပြီး သူဘယ်လောက် အပြင်သွား မလဲဆိုတဲ့အပေါ်မူတည်ပြီး ကားကို ကာကွယ်ရေးတွေပြုလုပ်ရတော့မှာ ဖြစ်ပါတယ် ။






သက်တန့်ချို
22 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 21, 2010

ကျွန်တော်နှင့်Ning ဆိုက်များ

ကျွန်တော်နှင့်Ning ဆိုက်များ

အခုတလော စာအများကြီးရေးချင်စိတ်မရှိတာနဲ့ အတိုအထွာလေးတွေပဲ ရှာကြံပြီး ဘာသာပြန် တင်ပေးနေ တာကြာပါပြီ ။ မတောက်တခေါက်လေးနဲ့ပြောရရင်တော့ စာရေးဖို့ Mood မ၀င်ဘူးပေါ့ဗျာ ဟဲဟဲ.. ။ ဒီနေ့တော့ ကျွန်တော်နဲ့ Ning ဆိုက်တွေအကြောင်းရေးချင်တာနဲ့ ပဲ ပို့စ်တစ်ခုအဖြစ်ရေးတင်လိုက်ပါတယ် ။ Ning က Free service တွေကို ဖျက်သိမ်းတော့မယ်ဆိုတာ အကုန်လုံးသိကြပြီး ဖြစ်ပါတယ် ။ July လမှာ ဖျက်သိမ်းမှာ ဖြစ်တဲ့အတွက် ရင်ထဲမှာ ဘယ်လိုကြီးမှန်းမသိအောင်ပါပဲဗျာ ။ (ရွှေပျောက်သလိုလို..အတိတ်မေ့သလိုလိုနဲ့း)) ကိုယ်တ ပင်တပန်း လုပ်ထားခဲ့တဲ့ ဆိုက်လေးကို ပိုက်ဆံမပေးတာလေးနဲ့ ဖျက်ပစ်မယ်ဆိုတော့ ရင်ထဲမှာ တယ်မ ချိလှ ပါဘူး ။ စိတ်ထဲမှာတော့ အတော်လေးကို တင်းသွားမိတယ် ။ ( အောင်မာ.. အလကားသာသုံးတာနော်.. မာနကတော့ အပြည့်ပဲ ဟီး )

အဲဒါနဲ့ပဲ ဘာရမလဲ ။ သူတို့ မဖျက်ခင် ကိုယ်က အရင်ဖျက်ပစ်လိုက်ပါတယ် ။ ဖျက်ပစ်တယ်ဆိုတာ Delete လုပ်ပစ် လိုက်တာတော့မဟုတ်ပါဘူး ။ အခြား Social Network တစ်ခုဖြစ်တဲ့ Grou.ps ကို ပြောင်းလိုက်တာ ဖြစ်ပါ တယ် ။ တနည်းအားဖြင့် http://thettantcho.ning.com/ ကို http://grou.ps/thettantcho/home ကို ပြောင်း လိုက်တာဖြစ်ပါတယ် ။ ဒီနေရာမှာ အားနည်းချက်အားသာချက်တွေဆိုတာကတော့ ဆိုက်တိုင်းမှာ ရှိစမြဲပါပဲ ။ Grou.ps ကို တခါမှမသုံးဖူးတဲ့အတွက် သူ့ရဲ့ Feature တွေကို သိအောင်အရင်ဆုံးလေ့လာခဲ့ပါတယ် ။ ဒီနေရာမှာ တစ်ခုမေးစရာရှိပါတယ် ။ " မင်းမှာ blogspot ဆိုက်ရှိနေတာပဲကို ဘာလို့ Ning တွေ Grou.ps တွေလုပ်နေရတာလဲ " လို့ မေးနိုင်ပါတယ် ။ ဟုတ်ပါတယ် ။ ဘလော့စပေါ့ဆိုက်မှာလည်း နေ့စဉ် သူ့ဘာသာ Reader ၄၀၀ ကျော် ၅၀၀ နဲ့ အဆင်ပြေလျှက်ရှိပါတယ် ။ ဒါပေမယ့် အများစုက နိုင်ငံခြားမှာ ထွက်အလုပ် လုပ်နေတဲ့ မြန်မာတွေပဲဖြစ်ပါတယ် ။ မြန်မာနိုင်ငံကနေ မြန်မာ Proxy နဲ့ ကြည့်တဲ့သူ လက်ချိုးရေလို့ ရအောင် ရှားပါးပါတယ် ။


ဒီတော့ မြန်မာနိုင်ငံကလူတွေပါ ဖတ်လို့ရအောင်ဆိုပြီး Ning မှာ ပဲBlogspot က ပို့စ်တွေကို နေ့စဉ် ဖော် ပြပေးလျှက်ရှိပါတယ် ။ အရှိန်လေးရလာတုန်းမှာပဲ Free Service တွေဖျက်မယ်ဆိုတော့ ကျွန်တော့်မှာ မြန်မာ နိုင်ငံကလူတွေဖတ်လို့ရအောင်ဆိုပြီး Grou.ps ကို ပြောင်းလိုက်ရခြင်းဖြစ်ပါတယ် ။

http://grou.ps/thettantcho/home

ဒီဆိုက်လေးက မြန်မာပရောက်ဆီနဲ့ အလွယ်တကူပဲ ပွင့်ပါတယ် ။ ဘယ်နေရာကနေဖြစ်ဖြစ်ကြည့်လို့ရပါတယ် ။ Ning နဲ့ကွာခြားချက်တွေကတော့ သူက Comment နေရာမှာ Ning လိုမျိုး Html ကို Support မလုပ်ပါဘူး ။ စာချည်းပဲ သက်သက်ရေးလို့ရပါတယ် ။ ကျန်တဲ့ Feature တွေကတော့ Ning နဲ့ အတော်လေးကို ဆင် တူပြီးသုံးရတာလွယ်ကူလှပါတယ် ။ နောက်တစ်ခုကတော့ ပို့စ်တွေတင်ပြီးတဲ့အခါမှာ Ning လိုမျိုးMember တွေကို Share လုပ်ရတာ မလွယ်ကူပါဘူး။ ပို့စ်တင်ရင် သူက Autoshare လုပ်တဲ့ Feature တော့ပါပါတယ် ။ ဒါပေမယ့် ပို့စ်ခေါင်း စဉ်သာပါလာပြီး အထဲကသက်ဆိုင်တဲ့ Link မပါလာပါဘူး။ ဒါကပြဿနာတစ်ခုပါ ။ အခု လောလောဆယ်တော့ Gmail ကနေပဲ မန်ဘာတွေကို အကြောင်းကြားနေပါတယ် ။

နောက်တစ်ခုကတော့ URL ပြဿနာပါ။ သူက နာမည်က Grou.ps နောက်က ( grou.ps/thettantcho) ဆိုတော့ တော်ရုံ Ning သမားတွေက ဒီဟာကိုသိပ်သဘောမတွေ့ကြပါဘူး ။ ဒါကထားပါတော့ ။ အဓိကကတော့ ဓါတ်ပုံတင်ရလွယ်ကူတာလေးတစ်ခု ၊ မြန်မာက နေအလွယ် တကူကြည့်လိုရတာ လေးတစ်ခုနဲ့တင်ကျွန်တော် ကတော့ကြိုက်ပါတယ် ။ သူ့မှာ တကယ်ကြည့်မယ်ဆိုရင် Ning မှာမပါတဲ့ Feature တွေတောင်ပါပါတယ် ။ Video ကတော့ Link ကိုပဲလက်ခံပြီး Youtube ကနေ Import လုပ်လို့ရပါတယ် ။ Ning လိုမျိုးတော့ ကြိုက်တာ တင်လို့မရပါဘူး ။ Language ကိုတော့ Fully Customizable လုပ်လို့ရပါတယ် ။ Photo လည်းကြိုက်သ လောက် တင်လို့ရပါတယ် ။ Music လည်းပါပါတယ် ။ ဒါပေမယ့် သူကတော့ Free User တွေကို 10 GB ပဲ Space ပေးထားပါတယ် ။ 10 GB ဆိုလည်းနည်းတာမှတ်လို့ နော့ သုံးပါလေ့ ။ အလကားရတဲ့ ဟာ ချေးမများ နေတော့ပါဘူး။ ကိုယ်လည်းဝယ်သုံးနိုင်တာမှမဟုတ်ပဲး( ( ဆရာဝန်ဖြစ်ပြီး ဒါလေးတောင်ဝယ်မသုံးနိုင်ဘူးလား ဒိုမိန်းလေးတောင်မ၀ယ်နိုင်ဘူးလားလို့ အပစ်တင်မစောပါနဲ့ တခြားဆရာဝန်တွေနဲ့ မတူတဲံ့ ငမွဲဆရာဝန်ဖြစ် နေလို့ပါပဲ ဟီး )

ဒိုမိန်းကတော့ အခုလောလောဆယ်မ၀ယ်သေးပါဘူး ( ဘယ်သူများ ၀ယ်ပြီး လက်ဆောင်ပေး မလည်းလို့ စောင့်နေတာ ဟီး ) ကဲကဲ..လေရှည်နေတာနဲ့လိုရင်းကိုမရောက်တော့ဘူး ။ ဒါနဲ့ ယောင်လည်လည်နဲ့နောက်ဆုံး Grou.ps ကိုရောက်လာတယ်ဆိုပါတော့ ...



အရင် Ning ဆိုက်လေးမှာတော့ Grou.ps ကိုပြောင်းသွားကြောင့် Message လေးတစ်ခုပဲ ထားခဲ့ပါတယ် ။

Contributing .....

ကျွန်တော်က လက်ကအငြိမ်မနေနိုင်တော့ အခြားဆိုက်ကလူတွေလည်း ဖတ်ပါစေဆိုပြီး တခြား ဆိုက်တွေ မှာလည်း လိုက်တင်ပေးခဲ့ပါတယ် ။ သိစေချင်တာလေး နဲ့ ဗဟုသုတရစေချင်တာလေးတစ်ခုနဲ့ တင်ပေးခဲ့တာပါ ။ ဒါကို တချို့က သိပ်နားမလည်ကြပါဘူး ။ နာမည်ကြီးချင်လို့ လူတွင်ကျယ်လုပ်ချင်လို့ အချိန်တွေအားယားနေလို့ လို့ ထင်နေပါတယ် ။ အလွန်ဝမ်းနည်းမိပါတယ်း( ။ ထားပါတော့လေ Ning တွေအကြောင်းဆက်ပြောပါ့မယ် ။


ဧဒင်ဥယျာဉ်

ဒီဆိုက်လေးကို စသိတာကတော့ မိုးစက်ကြောင့်ပါ ။ သူကတော့ ဧဒင်က Admin တစ်ယောက်လည်းဖြစ်ပါတယ် ။ နောက်ပြီး Site Creator နဲ့လည်း တစ်နယ်တည်းသားချင်းမို့ ဧဒင်ကလည်း ကျွန်တော့်ကို ခင်မင်ကြလို့ အဲဒီ ဆိုက်လေးမှာ ပို့စ်တွေတင်ရတာ အတော်လေးပျော်ပြီး နှစ်သက်ပါတယ် ။ Site Creator ကိုမျိုးကလည်း ဒိုမိန်း ၀ယ်မှာ ဖြစ်တဲ့အတွက် နောက်လည်း ဧဒင်ဥယျာဉ်မှာ ပို့စ်တွေဆက်မပြတ်တင်ပေးသွားမှာ ဖြစ်ပါတယ်။


မြန်မာသူငယ်ချင်းများနေ့


ဒီဆိုက်လေးမှာ မန်ဘာဝင်ထားတာတော့ကြာပါပြီ ။ တစ်နေ့ကို ပို့စ်တခုတည်းတင်ရမယ်ဆိုတဲ့ စည်းကမ်း ကြောင့်ပို့စ်တွေ တင်လိုက်မတင်လိုက်ဖြစ်ခဲ့ရပါတယ် နောက်ပြီး Admin ကြီး ကိုဘကြိုင်လည်းရှိပြီး Blogger တွေရှိတာကြောင့် တစ်နေ့ပို့စ်တစ်ပုဒ်လောက်တော့သွားတင်မလို့ စဉ်းစားထားပါတယ် ။ သူတို့လည်း ကိုယ်ပိုင် ဒိုမိန်းဝယ်မှာပါ ။


ပြတိုက်

ဒီဆိုက်ကိုလည်း မန်ဘာဝင်ထားတာကြာပါပြီ ။ ပြတိုက် က Admin ကိုလူအေးကလည်း သဘောကောင်းပြီး လူကြီး ဆန်တာကြောင့် နှစ်သက်ပါတယ် ။ နောက်ပြီး တစ်နေ့ကို ပို့စ် ၂ ခုပဲ တင်ရမယ်ဆိုတဲ့ စည်ကမ်း လည်းရှိပါတယ် ။ ဒါကြောင့် ၂ ပုဒ်လောက်တော့ တင်ပေးမယ်ဆိုပြီး ကိုလူအေးကို ပြောထားပါတယ် ။ သူတို့ လည်း ဒိုမိန်းဝယ်ဖို့ အစီအစဉ်ရှိမယ်ထင်ပါတယ် ။


ရေခဲနန်းတော်

ရေခဲနန်းတော်ကတော့ ဘယ်လိုဖြစ်တယ်မသိပါဘူးဗျာ ။ အခုဆို ရေခဲနန်းတော်ကနေ Is Net ဆိုပြီး နာမည်တောင်ပြောင်းသွားပါပြီ ။ ရေခဲမင်းသားနဲ့တော့ gtalk မှာစကားပြောဖူးပါတယ် ။ အခုတော့ မတွေ့တာ တောင် အတော်ကြာပါပြီ သူလည်း ဘယ်ပျောက်နေတယ်မသိ ။ အခက်အခဲတစ်ခုကတော့ Admin နဲလို့လား တော့မသိပါဘူး ။ ကျွန်တော်တင်လိုက်တဲ့ပို့စ်တွေက Approve တင်ဖို့ စောင့်နေပါတယ်ဆိုပြီး နောက်တစ် ရက် လောက်မှပြန်ပြန်ကျလာပါတယ် ။ ဒီတော့ ပို့စ်တွေက သိပ် Update မဖြစ်ဘူးပေါ့ဗျာ ။ ဒါနဲ့ ရေခဲမင်းသားလည်း အခုတလော အလုပ်များနေတယ်ထင်လို့ ရေခဲနန်းတော် မှာ ပို့စ်တင်ခြင်းကို ခဏ ရပ်နားထားပါတယ် ။


နတ်သဘင်

နတ်သဘင်ကတော့ အရင်က အတော်လေးကို ပျော်ဖို့ကောင်းပါတယ် ။ အခုတော့ Admin တွေက ဒိုမိန်းဝယ်ဖို့ တိုင်ပင်ကြရင်းနဲ့ ဘာဖြစ်သွားတယ်မသိပါဘူး ။ ဆိုက်လည်းပျက်သွားတယ် ။ တင်ထားတဲ့ ပို့စ်တွေရော မန်ဘာ နေရာပါပျောက်သွားတဲ့အတွက် အဲဒီမှာလည်း ပို့စ်တင်ခြင်းကို ရပ်နားထားပါတယ် ။


ရွှေကျွန်းသား


ဖန်တီးသူကတော့ တာရာပွကြီး ဆိုလားပဲ ။ စကားပြောရင် တိန် ..တိန်.. နဲ့ ။ သဘောကောင်းပါတယ် ။ ညီငယ် လိုပါပဲ ။ လိုအပ်ရင်အကြံပေးဆိုလို့ ဒီကနေပဲ အကြံပေးလိုက်ပါတယ် ။ သူ့ရဲ့ Flash banner ကြီးက လေးချက် ကတော့ ကမ်းကုန်ပဲ ။ သူ့ဆိုက်ကို ဖွင့်လိုက်ရင် ကျွန်တော့်ကွန်ပြူတာက ဟန်းသွားတက်လို့ အခုတော့ ပို့စ်တွေ ကို ကျိုးတိုးကျဲတဲပဲ တင်နေရပါတယ် ။ ( Flash တွေလျော့လိုက်ရင် ကောင်းမယ် ဟီး ) သူကတော့ ဒိုမိန်း ၀ယ်ထား ပြီးသားပါ ။


M51a

Admin မိုးလုံးပြည့်လျှံဖိတ်ခေါ်လို့ရောက်သွားပါတယ် ။ ပို့စ်တွေလည်း တင်ပေးပါတယ် ။ ဒါပေမယ့် အဲဒီဆိုက်က နည်းပညာဆိုက်ဆိုတော့ ကိုယ်နဲ့က နဲနဲ စိမ်းနေသလိုပါပဲ ။ ဆက်တင်ဖို့မတင်ဖို့ကတော့ ပရိတ် သတ်ပေါ်မူ တည် ပါတယ် ။


ချောကလက်မြို့တော်

သူငယ်ချင်းတစ်ဦးပြောလို့ ရောက်သွားတာဖြစ်ပါတယ် ။ လူဦးရေ ၃၀၀၀၀ ကျော်ရှိပြီး အချိန်တိုင်းမှာ Online 100 လောက်ရှိနေတတ်ပါတယ် ။ ဘာတွေလုပ်နေကြသလဲတော့ မသိပါဘူး။ ကျွန်တော်လည်း အဲဒီချောက လက်ကို မြည်းစမ်းတုန်းပါပဲ ။ သတင်းကြားတာကတော့ Site Creator မြို့သားလေးက တိကျပြတ်သားတယ်လို့ ဆိုပါတယ် ။ ဆက်လက်အောင်မြင်ပါစေဗျာ ။

စာလည်းရေးရင်းနဲ့အတော်ရှည်သွားပါပြီ ။ နောက်တစ်ခု အံ့သြစရာကတော့ Ning ဆိုက်တွေက Reader တွေက ဆိုက်အစွဲ ရှိတယ်ဗျ ။ ကိုယ့်ဆိုက်မှ ကိုယ့်ဆိုက် တခြားဆိုက်တွေ သွာလေ့သိပ်မရှိကြဘူး ။ ဒီတစ်နေ ရာတည်း မှာပဲ နေလေ့ရှိတာ ကျွန်တော်ဖြင့် အံ့သြလို့ကို မဆုံးပါဘူး ။ ဟိုသွားဒီသွား စာဖတ်သူ တော့အနည်း ငယ်ရှိ ပါတယ် ။ အများစုကတော့ ဆိုက်တစ်ခုတည်းမှာပဲ နေကြတာများပါတယ် ။

ကဲ..လက်စသတ်လိုက်ပါပြီ ။ Ning ဆိုက်ပိုင်ရှင်များ အမြန်ဆုံး ဒိုမိန်းဝယ်နိုင်ကြပါစေ ( ကိုယ်မှမ၀ယ်နိုင်တာ ဟီး ) Reader တွေ အများကြီးရကြပါစေ ...။ ဗဟုသုတတွေ ရသတွေ ဖြန့်ဝေနိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါ တယ် ဗျာ ။

သက်တန့်ချို
21st May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 20, 2010

လှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီးများ

လှို့ဝှက်ဆန်းကြယ်သော ကျောက်တုံးကြီးများ



လှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံးကြီးတွေကို ကမ္ဘာအရပ်ရပ်နေရာအနှံ့အပြားမှာ တွေ့ရှိခဲ့ရပါတယ် ။ ပိရမစ် တွေကဲ့သို့ပဲ အဲဒီကျောက်တုံးကြီးတွေရဲ့ ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်း ဇစ်မြစ်တွေကို ဘယ်သူမှ မသိပဲ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတုန်းပဲ ရှိပါတယ် ။ Costa rica ဟာ ထူးဆန်းဆန်းကျယ်တဲ့ လုံးဝန်း ၀ိုင်းစက် နေတဲ့ ကျောက်တုံးတွေအများကြီး တွေ့ရှိရာ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ် ။

ကျောက်တုံးတွေကို ပထမဆုံး ၁၉၃၀ မှာ ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဘူမိဗေဒ အပြည်ပြည်ဆိုင်ရာ ပညာရှင်တွေကြားမှာ အဲဒီတွေ့ရှိမှုဟာ ဆန်းပြားတဲ့ ပဟေဋ္ဌိ သဖွယ် ဖြစ်နေပြီး အဲဒီကျောက်တုံးတွေက ဘယ် နေရာက လာသလဲ သူတို့ကို ဘယ်လိုအသုံးချရသလဲဆိုတာ အတိအကျ မသိကြသေးပါဘူး ။ အချို့သော သိပ္ပံ ပညာရှင်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက ဒီကျောက်တုံးတွေတည်ရှိနေခဲ့ပြီး ဒီအရာ တွေဟာ အလွန်ရှေးကျတဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပြယုဉ်တစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ် ။ အချိုကတော့ ဒီကျောက်တုံး တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀ လောက်တိုင်အောင် သက်တမ်းရှိတယ်လို့ဆိုပါတယ် ။







ဒေသခံတွေကတော့ အဲဒီကျောက်တုံးကြီးတွေကို Las Bolas လို့ခေါ်ပြီး အဲဒီအရာတွေကို Costa Rica အနီးတ၀ိုက်မှာ များပြာစွာ တွေ့ရပါတယ် ။ အခြား Latin American နိုင်ငံတွေမှာလည်းတွေ့နိုင်ပြီး ခန့်မှန်းပြောရမယ်ဆိုရင်တော့ ဒီကျောက်တုံးတွေဟာ ပိရမစ်တွေကဲ့သို့ သဘောသဘာဝအလွန်နီးစပ်တယ်လို့ သိရပါတယ် ။

သက်တန့်ချို
20 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, May 19, 2010

ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ

ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ



အမှတ်တမံ ကြည့်မိမယ်ဆိုရင်တော့ ခေါင်းလောင်တစ်ခုရဲ့ နှုတ်ခမ်းဝနဲ့ ဆင်တူလှပါတယ် ။ အသေအ ချာလေ့ လာကြည့်မယ်ဆိုရင်တော့ ရေထဲက ကြီးမားတဲ့အပေါက်ကြီးတွေဟာ ဆည် (သို့မဟုတ်) ကန်ထဲက ရေစီး ဆင်းမှုကို ထိန်းချုပ်ဖို့နဲ့ အောက်ဖက်ဧရိယာမှာ ရှိတဲ့ ရေစီးကြောင်းတစ်ခုနဲ့ ဆက်သွယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။ ဒီရေလွှဲတဲ့အပေါက်ကြီးတွေ (သို့မဟုတ် ) တွင်းနက်ကြီးတွေဟာ ရေကန်ကို ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ပြီး ရေကန် သို့မဟုတ် ဆည်တွေ ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ် ။



ရေလွှဲလမ်းကြောင်းဆိုတာ ကန်တစ်ခုကနေ ရေစီးကြောင်းထွက်ပေါ်မှုကို ထိန်းချုပ်ဖို့ နဲ့ ရေအောက်ဧရိယာကို ရေလွှဲ ပေးဖို့ အထူးသဖြင့် မြစ်တစ်ခုကို တားဆီးပြီး ဆည်အဖြစ်ပြုလုပ်တဲ့အခါမှာ အလွန်ကို အသုံးဝင်ပါတယ် ။ ရေလွှဲအပေါက်ကြီးတွေဟာ ရေလျှံမှုမဖြစ်အောင်ကာကွယ်ပေးပြီး ရေတက်တဲ့အချိန် ရေလျှံတဲ့အ ချိန်တွေမှာ တောင်မှေ၇တွေဟာ ပုံမှန်အတိုင်း ဒီရေလွှဲလမ်းကြောင်းထဲကို စီးဝင်နိုင်ပါတယ် ။




အချို့အပေါက်ကြီးတွေဟာ ခေါင်းလောင်းကို ပြောင်းပြန်လှန်သကဲ့သို့ တည်ဆောက်ထားတာဖြစ်ပြီး အရပ် မျက်နှာ အကုန်လုံးက ရေတွေဟာ ညီတူညီမျှ စီးဝင်နိုင်ပါတယ် ။ အချို့ အလွန်အေးတဲ့ဒေသတွေမှာဆို ဒီ အ ပေါက် ကြီးတွေကို ရေမခဲသွားစေဖို့ ရေခဲခြင်းကို ကာကွယ်နိုင်တဲ့ အရာ (Ice - Breaking arrangements) တွေ နဲ့ ပြုလုပ်ထားရပါတယ် ။ ဒီအပေါက်ကြီးကို ရေတွေခဲပြီး ပိတ်ဆို့သွားခြင်းမှ ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ် ။



England နိုင်ငံ Derbyshire မှ အပေါ်ဖက် Derwent တောင်ကြားမှ ရေလှောင်တမံမှ ပုံများဖြစ်ပါတယ် ။ ဒီရေ လှောင်တမံဟာ ၀ိုင် (Y) ပုံသဏ္ဍာန်ရှိပြီး Ashop မြစ်ဟာ ဒီရေလှောင်တမံထဲကို အနောက်ဖက်မှ စီးဝင်ပါတယ် ။ Derwent မြစ်က တောင်ဖက်မှစီးဝင်ပြီး Howden ရေလှောင်တမံကို ဖြတ်သန်းပြီးလာခြင်းဖြစ်ပါတယ် ။ ပြီးမှ Derwent ရေလှောင်တမံကို ဖြတ်ပြီး နောက်ဆုံး Ladybower ရေလှောင်တမံထဲကို စီးဝင်ပါတယ် ။ အရှည် ကတော့ ၃ မိုင်ရှိပြီး အဲဒီရေလှောင်တမံတည်ဆောက်တဲ့အချိန်က ၁၉၄၃ ခုနှစ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ အကြီး ဆုံးရေလှောင်တမံဖြစ်ခဲ့ပါတယ် ။



Monticello ဆည်ကတော့ ကန်တစ်ခုဖြစ်ပြီး California နိုင်ငံ Napa မြို့မှာတည်ရှိပါတယ် ။ ၁၉၅၃ နဲ့ ၁၉၅၇ ကြားမှာတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ အမြင့်ပေ ၂၀၄ ပေ၇ှိပြီး အရှည်ကတော့ ၁၀၂၃ ပေရှိပါတယ် ။ ကယ်လီဖိုးနီးယားမှာရှိတဲ့ ဒုတိယအကြီးဆုံးကန်ကြီးလည်း ဖြစ်ပါတယ် ။












သက်တန့်ချို
19 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................