Thursday, June 30, 2011

ညီမလေးဖတ်ဖို့ ( ၆)

ညီမလေးဖတ်ဖို့ ( ၆)





ညီမလေးရေ...ဇွန်လရဲ့ နောက်ဆုံးရက်သတ္တပတ်မှာ မိုးတွေဟာ အုံ့အုံ့သည်းသည်းရွာသွန်းနေလေရဲ့ ။ လမ်း မပေါ်မှာလည်း ရေတဖွေးဖွေး လူတွေဟာ ဟိုမှ ဒီ ၊ ဒီမှဟိုကို သုတ်သီးသုတ်ပြာနဲ့ သွားလာနေကြတယ် ။ တခါတခါတော့လည်း စဉ်းစားမိတယ် ညီမလေးရေ ...တို့တွေမွေးဖွားလာရခြင်းရဲ့ ပန်းတိုင်ဆိုတာကိုပေါ့ ။ တချို့ရဲ့ ပန်းတိုင်က ဆရာဝန်ကြီးဖြစ်ဖို့ တချို့ကလည်းသူဌေးကြီးဖြစ်ဖို့ တချို့ကလည်းအောင် မြင်ကျော်ကြား ချင်လို့ တချို့ကလည်း ချစ်သူနဲ့အတူနေရဖို့တဲ့ ...ရယ်စရာတော့အကောင်းသားညီမလေးရေ ..တကယ့်ပန်း တိုင်အစစ်ဟာ သေဆုံးခြင်းဆိုတဲ့အရာကို လူတွေက ဖြစ်ချင်တာတွေ လုပ်ချင်တာတွေနဲ့ ဖုံးအုပ်ပြီး မေ့လျော့ပေါ့ဆနေကြတယ် ။ ဟုတ်တယ် တို့တတွေရဲ့ပန်းတိုင်ဟာ သေဆုံးခြင်းပဲ ညီမလေးရေ ။ ဒီတော့ မသေခင်အချိန်လေးမှာ ဖြတ်သန်းရမယ့်နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိဖို့သာ လိုတာပါ ။ ကြီးကြီးမာားးကြီးတွေတွေးမနေပါနဲ့ ညီမလေးရေ တကယ်တော့ဘ၀ဆိုတာ နေ့စဉ်ကိုယ်လုပ်တဲ့အလုပ် ကိုယ်ကျေနပ်ရင်ပဲ နေပျော်ဖို့ ကောင်းနေပါပြီ ။

ညီမလေးရေ ..သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားပုံရှိတယ် ။ လူရယ်လို့ ဖြစ်လာရင် သူ့အသက်အရွယ် အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ရမယ် ။ ဒါဟာ ဘယ်သူကမှပေးအပ်ထားတာမဟုတ်ဘူး ။ သဘာဝတ ရားကြီးက ပေးအပ်ထားတဲ့ တာဝန်သာလျှင်ဖြစ်တယ် ။ အသက် ၁၆ နှစ် ၁၇ နှစ်ဟာ အိမ်ထောင်ပြုသားမွေး လုပ်ရမယ့် အရွယ်မဟုတ်ဘူး ။ ပညာရှာရမယ့်အရွယ်ဖြစ်တယ် ။ ၂၂ နှစ်မှသည် ၂၅ နှစ်အတွင်း အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးအချိန်ဖြစ်တယ် ။ ၂၂ နှစ်ကျော်သွားရင်တော့ ပန်းလေးတစ်ပွင့်ဟာ ရင့်မှည့်ချိန်လွန်လာပါပြီ ။ အခု ၂၁ ရာစုမှာတော့ ၃၀ ကျော်မှ အိမ်ထောင်ပြုနေတာတွေကိုလည်း တွေ့နေရတာပါပဲ ။ ဆိုးကျိုးကတော့ အသက်ကြီးမှ အိမ်ထောင်ပြုတဲ့အတွက် ကလေးယူဖို့ အခက်ကြုံလေ့ရှိတယ် ။ အခက်အခဲအ များကြီးတွေ့ ရလေ့ရှိတယ် ။ မိခင်တစ်ယောက်အနေနဲ့ အန္တရယ်ရှိတဲ့ risk တွေအများကြီးရှိတယ် ။

ညီမလေးရေ ... အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ပြုဖို့ လိုအပ်လာပြီဆိုရင် အိမ်ထောင်ရေး သဘော တရားတွေကို နားလည်ဖို့လိုလာပြီ ။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သတ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဒီလိုဖတ်ဖူးတယ် ။

“ တစ်ကြိမ်အိမ်ထောင်ပြုခြင်းဟာ သဘာဝတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်တယ် ။ နှစ်ကြိမ်အိမ်ထောင်ပြုခြင်းဟာ မိုက်မဲမှု တစ်ခုသာလျှင်ဖြစ်တယ် ။ သုံးကြိမ်အိမ်ထောင်ပြုခြင်းဟာ ရူးသွပ်မှုတစ်ခုသာလျှင်ဖြစ်တယ် ” တဲ့ ။ ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ညီမလေးစဉ်းစားကြည့်နိုင်မှာပါ ။

ညီမလေးရေ ... အိမ်ထောင်ပြုရင်အချို့က အချစ်ရှိရင်ပြည့်စုံပြီတဲ့ ။ အချို့က ငွေကြေးပြည့်စုံဖို့ လိုအပ်တယ်တဲ့ ။ အချို့က နားလည်မှု ရှိရမယ်တဲ့ ။ မပြည့်စုံဘူးညီမလေးရေ ။ တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတာ အလွန်စ နစ်ကျတဲ့ အစိတ်အပိုင်း ၄ ခုပေါင်းစပ်ထားတဲ့ Equation တစ်ခုသာလျှင်ဖြစ်တယ် ။ ကဲ အိမ်ထောင်ပြုခြင်း ညီမျှခြင်းကို ကြည့်ကြရအောင် ။

အိမ်ထောင်ပြုခြင်း = အချစ် (၂၅%) + တစ်ဦးနှင့်တစ်ဦးနားလည်မှု (၂၅%) + ငွေကြေးပြည့်စုံလုံလောက်မှု (၂၅%) + နှစ်ဖက်မိဘအသိုင်းအ၀ိုင်းနှင့်အဆင်ပြေမှု (၂၅%)

စဉ်းစားကြည့် ညီမလေးရေ .. အိမ်ထောင်တစ်ခုဟာ အချစ် ၁၀၀% နဲ့တကယ်ပဲ သာယာပြည့်စုံသတဲ့လား ။ တူနှစ် ကိုယ်တဲ့အိုပျက်မှာ ထမင်းရည်လျှက်ရပါစေရဲ့ ဆိုတဲ့စကားဟာ ရုပ်ရှင်တွေ ၀ထ္ထုတွေထဲမှာသာ အ၇မ်း ဖတ် လို့ ကောင်းတဲ့စာစုတစ်ခုဖြစ်တယ် ။ လက်တွေ့ဘ၀မှာတော့ အပေါစား ဟာသတစ်ခုသာလျှင်ဖြစ်တယ် ။ အချစ်ဆိုတာဟာ ငွေကြေးမပြည့်စုံမှု ၊ နှစ်ဖက်မိဘအသိုင်းအ၀ိုင်းနဲ့အဆင်မပြေမှု ၊ နားလည်မှုမပေးပဲ ချုပ်ချယ်မှုတွေနဲ့ကြုံလာရင် လုံးပါးပါး လျော့နည်းပျောက်ကွယ် သွားတတ်တဲ့ အရာဖြစ်တယ် ။ လူတွေဟာ သမီးရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ကို အတူတူပဲလို့ ထင်နေကြတယ် ။ မတူဘူးညီမလေးရေ ။ ပြဒါးတစ်လမ်း သံတစ်လမ်း သာလျှင်ဖြစ်တယ် ။ ရည်းစားဘ၀ဟာ စိတ်ကူးယဉ်ဆန်သလောက် ၊ အိမ်ထောင် ပြုခြင်းဟာ လက်တွေ့ဆန်တယ် ။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကြုံတွေ့လာရမယ့် အခက်အခဲတွေ ကို အတူတကွ တိုက်ပွဲဝင်ဖို့အတွက် ရဲဘော်ရဲဘက် လက်တွဲခြင်းသာဖြစ်တယ် ။

ငွေကြေးတစ်ခုတည်းနဲ့ အိမ်ထောင်တည်ဆောက်ဖို့ မလုံလောက်သလို နားလည်မှု ရှိယုံနဲ့လည်း အိမ်ထောင်ရေး ဟာ အဓိပ္ပါယ်မရှိလှဘူး ။ ကဲ တစ်ယောက်နဲ့တစ်ယောက် လည်းချစ်တယ် ။ ငွေကြေးလည်းရှိတယ် ။ နှစ်ယောက် စလုံးလည်း နားလည်မှုရှိပါတယ် ။ ဒါပေမယ့် သူ့မိဘ ကိုယ့်မိဘ ကတောက်ကဆနဲ့ ဟိုစောင်းမြောင်း ဒီစောင်းမြောင်း ယောက္ခမ တွေနဲ့ မတည့်ဆိုရင်တော့ တယ်မနှိပ်လှဘူး ညီမလေးရေ ။ ဒီတော့ အထက်မှာပြောခဲ့တဲ့ Equation ပြည့်စုံနေမှ အိမ်ထောင်တစ်ခုဟာ အဓိပ္ပါယ် သက်ဝင်နေမယ် ။ ဒီလိုမှ မဟုတ်ခဲ့ရင်တော့ လွယ်လွယ်နဲ့တွဲ လွယ်လွယ်နဲ့ကွဲ တစ်ခုလပ် တစ်လင်ကွာဆိုတဲ့ ဂုဏ်ပုဒ်သာ လျှင် အဖတ် တင်လိမ့်မယ် ။

အခုနောက်ပိုင်းမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေမှာ တို့လူမျိုးတွေအတွက် ရင်လေး စရာတွေ အများကြီးပါပဲ ။ ကိုရီးယားကားတွေကြည့်ပြီး သားသမီးတွေဟာ အဖေနဲ့အမေကို အာပုကျိတွေ အိုမားတွေ လုပ်နေကြပြီ ။ ယောင်္ကျားလေးတွေ (အထူးသဖြင့် လူငယ်လေးတွေ) ကိုယ့်ရိုးရာ ၀တ်စုံဖြစ်တဲ့ ပုဆိုးဝတ်ရမှာကိုပဲ ရှက်သလိုလို ရွံ့သလိုလိုနဲ့ ညီမလေးရေ ။ ဘယ်လောက်တောင် ရင်လေး စရာကောင်းသလဲ ။ ညီမလေးဟာ မြန်မာသမီးပျိုလေးတစ်ယောက်လို့  ကိုယ့်ကိုယ်ကိုယ် ခံယူထားရင် လိုအပ်တဲ့ အခါ မြန်မာ့ရိုးရာ ထဘီကို ဂုဏ်ယူစွာ ၀တ်ဆင်လိုက်ဖို့ မမေ့ပါနဲ့ ။ ခောတ်နောက်ကျတာမဟုတ်ဘူး ညီမလေးရေ ။ ခေတ်ဟာ ခေတ်ပဲ မြန်မာဟာ မြန်မာပဲ မြန်မာလူမျိုးဟာ ယဉ်ကျေးသိမ်မွေ့တယ် ။ တစ်ဖက်သား ကို ရိုင်းပင်းကူညီတယ် ။ ရိုသေလေးစား မြတ်နိုးတန်ဖိုးထားတတ်တဲ့ ချစ်စရာ လူမျိုးတွေဖြစ်တယ် ။

“ မြန်မာဖြစ်ရတာရှက်လိုက်တာကွာ ” ဆိုတဲ့ နိုင်ငံခြားရောက်မြန်မာအချို့ဆီက အသားထဲလောက် ထွက်တဲ့စကား သံတွေ ခဏခဏကြားနေရတယ် ။ မဖြစ်စေနဲ့ညီမလေးရေ ။ သူများတွေအရှက်မရှိ စကပ် အတိုလေးတွေ အတွင်းခံ မပေါ့်တပေါ် ၀တ်တာမြင်ယုံနဲ့ကိုယ်က လိုက်ဝတ်ရမှာတဲ့လား ။ လိုက်ဝတ်သင့်သလား ။ ဒီအတိုင်းဆို တို့လူမျိုးဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပြီ ။ လူတိုင်းလူတိုင်း ညီမလေးအပါအ၀င် ကိုကြီးက အစ အလေးအနက် ကို ပြုပြင်ဖို့လိုအပ်နေပြီ ။

ကိုရီးယားဟာ သူ့ယဉ်ကျေးမှု ၊ သူ့ ရေမြေနဲ့ သူနဲ့လိုက်ဖက်တဲ့ အ၀တ်အစားတွေဝတ်တယ် ။ သူတို့ ယဉ်ကျေး မှုကိုတန်ဖိုးထားတယ် ။ နိုင်ငံခြားတိုင်းတပါးယဉ်ကျေးမှုကို အ၀င်မခံဘူး ။ အင်္ဂလန် ၊ ဂျပန် ထိုနည်း လည်းကောင်းပဲ ။ ကဲ တို့လူမျိုးတွေ သူများ အိုပါးဆို လိုက်ပြီး အိုပါးတယ် ။ သူများ ဆံပင်ကောက် ရင်လိုက်ကောက် တယ် ။ သူများ အတိုဝတ်ရင်လိုက်ဝတ်တယ် ။ ထဘီဝတ်တဲ့မိန်းကလေး ဟာ အတော်လေးကို ရှားပါးနေပြီ ။ စိတ်မကောင်းစရာပါပဲ ။ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်စေနဲ့ညီမလေးရေ ။

ဟိုးနောင်လာမယ့် တစ်ခေတ်မှာပေါ့ ။ မြန်မာအတွေအကုန်လုံး ရိုးရာ ပုဆိုး ၊ ထဘီကိုပဲ ချစ်ခင်မြတ်နိုး စွာ ရေမြေသဘာဝ အလိုက် ရာသီဥတုအလိုက် ၀တ်ဆင်နိုင်ကြပါစေ ။ ညီမလေးရေ.. စာလည်း အတော်ရှည် သွားပြီမို့ ဒီလောက်နဲ့ပဲ နားပါရစေ ။ ရင်ထဲမှာ ပြောချင်တာတွေကတော့ အများကြီးပဲပေါ့ ။ နောက်ဆုံးမှာချင်တာ တစ်ခုကတော့ ညီမလေးဟာ မြန်မာသမီးပျိုလေးတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ။

မိုးအေးအေးမှာ နွေးနွေးထွေးထွေးနဲ့ ငြိမ်းချမ်းပါစေ ညီမလေးရေ ..။

ကိုကြီး

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 29, 2011

Proboscis မျောက်

Proboscis မျောက်




Proboscis monkey ကို နှာခေါင်းရှည်မျောက်မျိုးအဖြစ်လူသိများကြပါတယ် ။ သူတို့ကို Borneo ကျွန်းစွယ် ၊ အရှေ့တောင်အာရှမှာ တွေ့ရလေ့ရှိပါတယ် ။ နီညိုရောင်အဆင်းရှိတဲ့ မျောက်များဖြစ်ပြီး အင်ဒိုနီးရှားမှာ Bangkatan လို့ခေါ်ပြီး မလေးရှားမှတြော့ Monyet Belanda လို့ခေါ်တွင်ပါတယ် ။ ထူးဆန်းရှားပါးတဲ့အကောင်မို့ တင်ပြပေးလိုက်ပါတယ် ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Emperor Tamarin

Emperor Tamarin





Emperor Tamarin ဆိုတဲ့အကောင်တွေဟာ ပါရူးအရှေ့ပိုင်း ၊ ဘိုလီးဗီးယား မြောက်ဖက်နဲ့ အမေဇုန်အနောက်တောင်တို့မှာ နေထိုင်ပါတယ် ။ သူ့ရဲ့ထူးဆန်းတဲ့ဝိသေသကတော့ အဖြူရောင်နှုတ်ခမ်းမွှေးတွေကြောင့်ဖြစ်ပြီး ပခုံးစွန်းဖက်ကို ရှည်လျှားစွာ ကျနေပါတယ် ။ သူ့ရဲ့ရင်ဘက်ပိုင်းမှာ မိုးခိုးရောင်နဲ့ အ၀ါဆန်ဆန်အစက်အပျောက်တွေလည်းရှီပါသေးတယ် ။ ဒီ တမရင်းတွေဟာ အသီးအနှံနဲ့ အင်းဆက်ပိုးမွှားတွေကိုစားသုံးလေ့ရှိပါတယ် ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Access has been denied

Access has been denied




အင်း .. မိုးနတ်မင်းကြီးကို အတိုင်တည်ကောင်းလိုက်တာ အခုတော့ အနီစာတမ်းလေးလာချိတ်သွားပါကလား ။ Action and responce အရမ်းမြန်တာကိုတော့ ချီးကျူးတယ်ဗျာ ။ ကဲထားပါတော့ ဘလော့လေး ပိတ်သွားတော့ နိုင်ငံခြားကလူတွေအတွက်တော့ ဘာမှမထူးပေမယ့် မြန်မာပြည်က ၀င်ဖတ်နေ တဲ့စာဖတ် သူတွေအတွက်တော့အ ထူးပဲ ၀မ်းနည်းပါတယ်ဗျာ ။ ဒိုမိန်းအသစ်ပြောင်းဖို့ စဉ်းစားပါဦးမယ် ။ လောလော ဆယ်တော့ သိပ်မကြာခင်ကပဲ တစ်နှစ်စာ ပေးချေထားတဲ့အတွက်မပြောင်းဖြစ်သေးပါဘူး ။ လောလောဆယ် Favicon လေးပြောင်းထားပါတယ် ။ ပြောင်းနည်းကိုလည်းမကြာခင်ပို့စ်ရေးပြီးတင်ပေးပါ့မယ် အရမ်း လွယ်ပါ တယ် ။

ကဲ ကျွန်တော်ကပဲ ဥာဏ်တုံးလွန်းနေတာလားမသိပါဘူး ။ နားမလည်တာတွေရှိသေးတယ် ဗျ ။ ကျွန်တော့်လိုပဲ blogger hosting သုံးပြီးတော့ ဒိုမိန်းချိတ်ထားတဲ့ 18+ ဆိုက်တစ်ချို့ရှိတယ်ဗျ ။ တစ်နေ့တစ်နေ့ ကို လူပေါင်း မနည်း ဘူး ဆိုပါတော့ဗျာ ။ အဲဒီဆိုက်တွေကျတော့ အပိတ်မခံရဘူးဗျ ထူးတော့ထူးဆန်းနေသလားလို့ ။ ကျွန်တော် သိချင်တာတွေက

၁ ။ မည်သို့သော ဆိုက်များကို ပိတ်ပါသနည်း ။ ( ကျွန်တော် ရတနာပုံတယ်လီပို့က သူငယ်ချင်း တစ်ယောက် ကပြောတာတော့ ဆိုက်တွေနဲ့ဒိုမိန်းတွေကို မဘမ်းပါဘူးတဲ့ အရမ်းဆိုးမှသာ By Name နဲ့ ဘမ်းတာ ပါတဲ့ ကိုသက် တန့်ဘလော့ကိုလည်း ဒီကနေ ၀င်ဖတ်နေတဲ့ ပရိတ်သတ်တွေအများကြီးပါတဲ့ google ကနေ service ပေး ထားတဲ့ဟာတွေကိုပဲ ပိတ်တာပါတဲ့ ) အဲဒလိုပြောပြီး နောက်တစ်ရက်လည်းကျရော အနီစာ တမ်းလေး က အခန့်သားလေးပေါ်လာရောခင်ဗျ ။

၂ ။ မည်သည့်ရည်ရွယ်ချက်ကြောင့် ဒိုမိန်းများကို ဘမ်းပါသနည်း ။ ( အရေမရ အဖတ်မရရေးလို့ လူတွေကို အဆိပ် အတောက်ဖြစ်စေလို့ ဘမ်းတယ်ဆိုလည်းထားပါတော့ အခု သာမန် ကဗျာစာရေးတဲံ့ဘလော့တွေပါ ဘမ်းနေတာတွေ့ရတော့ စိတ်မကောင်းပါဘူး )

၃ ။ မည်သည့်အချိန်ထိ website များကို ပိတ်ထားမှာ ပါလဲ ။ ( အကန့်အသက်မရှိလား ၊ တစ်နှစ်လား ၊ ဆယ်နှစ် လား အချိန်အတိုင်းအတာ တစ်ခုထိဆိုလည်း အရိပ်အမွက်လောက် အဲဒီအချိန်အတိုင်းအတာကိုသိချင်ပါတယ် ။ )

၎ ။ အနီရောင်စာတမ်းချိတ်ရခြင်း၏ Ban words များကိုသိလိုပါတယ် ။ ( ပို့စ်ထဲမှာ ဘယ်လိုစာ လုံးတွေ ထည့်မရေးသင့်ပါဘူးလဲ ၊ ဘယ်လိုအဓိပ္ပါယ်တွေမရေးရပါဘူးလဲ ဒါမှ အပိတ်မခံရသေးတဲ့ ဒိုမိန်းချိတ် ထားတဲ့ ဘလော့တွေ ရှောင်ကြဉ်လို့ ရနိုင်အောင်ဖြစ်ပါတယ် )

၅ ။ Access has been denied ဖြစ်နေတဲ့ ဒိုမိန်းတွေ ဟာ ပြန်ပွင့်ချင်ရင်မည်သို့ ပြုလုပ်ရပါမည်လဲ ။ ( ဒိုမိန်းအ သစ်တစ်ခုပြောင်းရမှာလား ၊ ဒါမှမဟုတ် ???? )

ဘာရယ်မဟုတ်ပါဘူး ။ အခုတလော အလုပ်ပိနေလို့ ပို့စ်ကောင်းကောင်းမရေးနိုင်သေးပါဘူး ။ နောက် ပိုင်းဆေး ပညာဆိုင်ရာတွေများများတင်ပေးသွားမှာဖြစ်ပါတယ် ။ မြန်မာပြည်က စာဖတ်သူတွေ ကတော့ လောလော ဆယ် ကျော် ခွပြီးကြည့်ကြပါကုန် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 24, 2011

Blogspot များပြန်လည်ဖွင့်ပေးခဲ့ရင်....

Blogspot များပြန်လည်ဖွင့်ပေးခဲ့ရင်....




မိုးနတ်မင်းကြီးရေ

အခုဆိုရင် အခြေအနေအရပ်ရပ်တွေ ပြောင်းလဲသွားပြီလို့ ဂျာနယ်တွေရော စာနယ်ဇင်းတွေမှာပါ မီဒီယာ လွပ်လပ်ခွင့်တွေ ရလာပြီလို့ ကြားသိနေရပါတယ် ။ ဒီတော့ မြန်မာနိုင်ငံရဲ့ နည်းပညာနဲ့တခြား အင်တာ နက်ဆိုင်ရာ ဗဟုသုတများ ဖွံဖြိုးတိုးတက်လာဖို့အတွက် နည်းလမ်းပေါင်းစုံ အရှိန်အဟုန်မြှင့် လုပ်ဆောင် ရမယ့်အခြေအနေကိုရောက်ရှိလို့လာပါပြီ ။ ကာလတစ်ခုကြာအထိ Blogspot ဆိုက်များကို Blog စာလုံးမှန်သမျှ Access deined ဖြစ်နေတာ အားလုံးသိကြပြီး ဖြစ်ပါတယ် ။ ဒါဟာလည်း အရင်တုန်းက အခြေအနေအရ ယာယီပိတ် ထားတာမျိုးပဲ ဖြစ်သင့်တာပါလို့ ကျွန်တော်ရိုးသားစွာ မြင်မိပါတယ် ။ ဒီတော့တစ်ခုခုကို ပိတ်ထား တယ်ဆို ကတည်းကတော့ ရည်ရွယ်ချက်တွေရှိရမှာပါ ။ ဘာလို့ ပိတ်ထားတာလည်းဆိုတာကို ပြန်လည် ဆန်း ဆစ် ကြည့်တော့

၁ ။ အစိုးရရဲ့ Policy ကို ထိပါးသော မဟုတ်မမှန်လုပ်ကြံရေးသားသော နိုင်ငံရေးဘလော့များ
၂ ။ မိဘပြည်သူ မောင်နှမအချင်းချင်း သားအမိအချင်းချင်းကြည့်ရှူရင်မသင့်တော်သော 18+ ဘလော့ပို့စ်များ

ကျွန်တော်စဉ်းစားကြည့်မိသလောက်တော့ အထက်ပါ အကြောင်းအချက် ၂ ရပ်ကြောင့်လို့ထင်တာပါပဲ ။ ဒါပေ မယ့် ကျွန်တော်နိုင်ငံရေးကို ထဲထဲဝင်ဝင်နားမလည်သေးတာရယ် တချို့အကြောင်းအ ရာတွေကို လေးလေး နက် နက်မ စဉ်းစားတတ်သေးတာကြောင့်များလားတော့မသိပါဘူး ။ အခုထိ ကျွန်တော်အဖြေရှာမ ရတဲ့ မေး ခွန်းတွေ ရှိပါသေးတယ် ။ Ban တယ်ဆိုတာ blogspot နဲ့ blog ဆိုတဲ့ စာလုံး၂လုံးကို ဘမ်းလိုက် တဲ့အ တွက် ကျွန်တော်တို့ အားလုံးအောက်ပါ ဒုက္ခများကို လတ်တလော ကြုံတွေ့နေရပါတယ် ။ ဒါ မြန်မာပြည်က ဘလော့ရေး သားခြင်းကို သေလောက်အောင်ရူးသွပ်တဲ့ ဘလော့ဂါများ (ကျွန်တော်အပါအ၀င်) ကိုဆိုလိုပါတယ် ။

၁ ။ ကျော်ခွပြီး ၀င်ရတဲ့ ဒုက္ခတွေကြုံရပါတယ် ။ တချို့ဆို Proxy တွေကို ဈေးကြီးကြီးနဲ့တစ်လ တစ်ခါ ၀ယ်သုံးနေ ကြရ တယ် ။ တခါတလေ ငါ ဘလော့ ၀င်တာ တစ်ခုခုများ ငြိနေသလား ငါစာရေးနေတာ ဘလော့မှာရေးနေတာ သတိပေး များခံရမလား သို့လောသို့လောနဲ့ ကျွန်တော် depression တွေ တောင် ၀င်မိတယ် ။ ဘာလို့လည်း ဆိုတာ့ Access Denied ဆိုတဲ့ အနီရောင်စာတမ်းကြီးကျွန်တော်တို့က proxy တွေ ဆော့ ၀ဲတွေသုံး ပြီး ကျော် ခွဝင်မိတာကိုး ။ ဘုရား ဘုရား ကျွန်တော်တို့ အပစ်တစ်ခုကို ကျူးလွန်နေ မိကြတာလား ။ အင်း ဒါလည်းမ ဟုတ်သေးပါဘူးလေ ။ စာရေးသားဖို့နဲ့ ကိုယ်ပိုင်အတွေးအရေးလေတွေမျှဝေဖို့က ဘလော့စပေါ့က အကောင်း ဆုံးပဲ လို့ ဆိုရင် လူတိုင်းငြင်းနိုင်မယ်မထင်ဘူး ။ဒါဆို တစ်ခုတော့ပြောစရာရှိတယ် wordpress သုံးပေါ့ မဘမ်း ထားပါဘူး https လေးနဲ့ဝင်ရင်ရတာပဲလို့ပြောကြလိမ့်မယ် ။ blogspot လောက် wordpress ဟာ စာရေး သူတွေနဲ့ familier မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ ၀န်ခံရပါလိမ့်မယ် ။

၂ ။ တခါတလေ အင်တာနက်ကွန်နက်ရှင်ကလည်းကျ ၊ ကိုယ်သုံးနေတဲ့ Ultrasurf တို့ Freegate တို့ Freedom တို့က လည်း အသုံးမကျပဲ လိပ်ကအဖေခေါ်ရလောက်အောင်နှေးနေရင်တော့ အဲဒီတစ်နေ့လုံး က နေမထိထိုင်မ သာ နဲ့ ဖျားချင်သလိုလိုဖြစ်နေပြန်ရော ။

၃ ။ ကိုယ်က အပင်ပန်းခံပြီး ပို့စ်တွေကျော်ခွတင်ပြီးတဲ့အခါမှာလည်း မြန်မာကလူတွေကိုမေးကြည့်တော ဟင့်အင်း အနီစာတမ်းကြီးပဲပေါ်နေတယ် နင်ဘလော့လုပ်ထားတယ်ဆိုတာ လာမလိမ်နဲ့လို့ ပြောတဲ့သူနဲ့တောင် လာကြုံရသေး တယ် ။ ဒီတော့ ကျွန်တော့်ရဲ့မတောက်တခေါက် ဘလော့ပေါက်စလေးကနေပြီး အကြံ ခပ်သေးသေးလေးတွေပေး ကြည့်ချင်ပါတယ် ။

အကယ်၍ မိုးနတ်မင်းကြီးအနေနဲ့ တကယ့်ကို တိုင်းပြည်လုံခြုံအေးချမ်းသာယာရေးအတွက် နဲ့ အများပြည် သူအတွက် တကယ်ကြည့်ဖို့မသင့်တော်တဲ့ ဘလော့အချို့ ကို Selection နည်းနဲ့ ဘမ်းတဲ့ စနစ်ကို ရှာဖွေကြည့်စေ ချင်ပါတယ် ။ အခုလိုမျိုး ဘလော့စပေါ့တွေ အကုန်လုံးကိုတော့ မပိတ်ထားစေချင်ပါဘူး ။ ကျွန်တော် သုတ ၊ ရသ ၊ ဘာသာ ပြန် ၊ ဆေးပညာ ၊ နဲ့ တခြား စာဖတ်သူတွေကို တစ်ခုခုပေးချင်လို့ ဘလော့လေးကို လုပ်ထားမိပါတယ် ။ ဒီတော့ မြန်မာက လူတွေဖတ်စေချင်ရင်တစ်နည်းပဲရှိပါတယ် ။ အဲဒါကတော့ Domain ၀ယ်ပြီးတော့ ဘလော့မှာ ချိတ်တဲ့နည်းပါပဲ ။ ဒါဟာလည်း အပေါ်ယံအခွံကို ချိတ်တာသာဖြစ်ပြီး ကိုယ့် Template ရဲ့ ပုံတွေပေါ်စေချင်တယ်ဆိုရင် Photobucket လိုမျိုး Ning လိုမျိုး Facebook လိုမျိုး Hosting တွေမှာ သွားပြီး ပုံတွေတင် လင့်တွေ ပြန်ပြောင်းရပါတယ် ။ ကျွန်တော့်ဘလော့ဆို ရင် အဲဒီလိုလုပ်ထားခြင်းဖြစ်ပါတယ် ။အရမ်းကို အချိန်ပေးရပြီး code တွေကိုင်ရတာဖြစ်တဲ့အတွက် တစ်ခုခုမှားရင်လည်း Template က ပျက်သွားနို င်ပါသေးတယ် ။ အဲ အဲဒီလို ဒိုမိန်းချိတ်လိုက်ပြန်ရင်လည်း By Name နဲ့ ဒိုမိန်းဘမ်းထားရင် မပေါ်လာပြန်ပါဘူး ။ အနီစာတမ်းကြီးက နေရာယူနေပြန်ရော ။ ဒီနေရာမှာ ကျွန်တော်လုံးဝနားမလည်တဲ့ အရာတစ်ခုရှိပါတယ် ။ ကိုယ့် ကိုယ်ကိုယ် ဥာဏ်မမှီဘူးလို့ပဲထင်ပါတယ် ။ www.99sanay.com နဲ့ www.health.ngoinmyanmar.org လိုမျိုးဆိုက်တွေကို ဘာလို့ domain တွေကို နာမည်နဲ့ ဘမ်းထားလည်း မသိတာပါပဲ ။ နိုင်းနိုင်းစနေဘလော့ဟာ ကျွန်တော် အသေးစိတ်ရှာကြည့်သလောက်တော့ ဘာ နိုင်ငံရေးနဲ့ 18+ ပို့စ်တွေတစ်ပုဒ်မှမရှိပါဘူး ။ တကယ့်ကို စာအရေးအသား ညက်ညောပြီး ကျွန်တော်တို့အခုခေတ်လို စိတ်ဖိစီးမှုများတဲ့ခေတ်မှာ စိတ်ခံစားမှု ခွန် အားတွေပေး စွမ်းနိုင်တဲ့ ဘလော့တစ်ခုဖြစ်ပါတယ် ။ Public Health In Myanmar ဆိုရင် စာဖတ်သူတွေ အတွက် တကယ်အကျိုးရှိတဲ့ ဆေးပညာ လေးတွေတင်ပေးနေတာဖြစ်တဲ့အတွက် အဲဒီဆိုက်ကို ပိတ်ထား တာကိုလည်း နားမလည်ပါဘူး ။

အထက်ပါဘလော့ ၂ ခုအပြင် တခြားစာဖတ်ရတာ အရမ်းကောင်းတဲ့ ဗဟုသုတတွေအများကြီးရစေမယ့် ဘလော့တွေ အများကြီးရှိပါသေးတယ် ။ ရေတွက်လို့ကို မကုန်နိုင်အောင်ပါပဲ ။ ကျွန်တော် ဒီပို့စ်လေးမရေးခင်က စဉ်း စားကြည့် ပါသေးတယ် ။ အင်းငါ့ဘလော့အခုထိတော့ ပွင့်နေတယ် ဒါပေမယ့် ဒီပို့စ်ရေးလိုက်မှ အနီရောင် ကြီးရောက် လာမလားဆိုပြီးတော့ပေါ့ ။ ပြီးတော့ လည်း အီလက်ထရောနစ် ဥပဒေတွေဘာတွေ လည်းရှိသေးတော့ ကျွန်တော်အခုရေးတဲ့ဘလော့ဟာ သာမန်လူသားတစ်ဦးက သူ့စိတ်ထဲရှိနေတဲ့ အတွေးတ ချို့ကို စာလုံး လေးတွေအဖြစ်ချရေးသားခြင်းဖြစ်တယ်လို့ပဲ ယူဆစေချင်ပါတယ် ။

နောက်တစ်နည်းကတော့ မြန်မာပြည်က တကယ်ဘလော့လုပ်ချင်တဲ့သူတွေကို register နည်းနဲ့ လုပ်တဲ့နည်းလေး များ ရှိမလားလို့ပါ ။ ဥပမာ ဘလော့လုပ်ချင်တဲ့သူတွေ ကို Hosting ပေးမယ် Blogger ဖွင့်ပေးမယ် ။ ဒိုမိန်းတွေဘာတွေချိတ်ပေးမယ် ဒီအတွက် service fees ယူပေါ့ ။ အင်း ဒါကလည်း တွေးသာတွေးတာပေါ့ သိပ်တော့မလွယ်ဘူး ။ လူတိုင်းက ရတဲ့အချိန်လေး ဘလော့ လေး အမြန်တင် ရတာဆိုတော့ ပိုက်ဆံတွေဘာတွေ အများကြီး ပေးပြီး လုပ်ရမယ်ဆိုရင် လုပ်ဖြစ်ကြမယ်မထင်ပါဘူး ။ အကောင်းဆုံး နည်းကတော့ Blogger ကို ပြန်ဖွင့်ပေးပြီး ဘမ်းချင်တဲ့ဆိုက်တွေကို Selected ban စေချင်ပါတယ် ။ ဒါမှ သာမန် ကဗျာလေးစာရေးရေးနေတဲ့ဘလော့တွေ ( ကျွန်တော့်ဘလော့အပါအ၀င် ) အကုန်လုံး ၀မ်းမြောက် ၀မ်းသာနဲ့ ဘလော့လောကကြီးတရှိန်ထိုး တိုးတက်လာမှာဖြစ်တယ်လို့ မြင်မိပါတယ် ။ Facebook မှာတောင် နာမည်ကို selection နဲ့ ပိတ်ထားလို့ရသေးရင် Blogger မှာလည်းရလောက်မယ်လို့ထင်ပါတယ် ။

ဒီပို့စ်လေးဟာ တစ်နေ့တစ်နေ့ ပရောက်ဆီတွေ ရှာရ ဆော့ဝဲတွေ run ရ နဲ့ စာလေးတစ်ပုဒ်တင်ဖို့ကို ၂ နာရီလောက် အချိန်ပေးနေရတဲ့ မြန်မာပြည်က ၀ါသနာရှင်စာရေးသူတွေရဲ့ ဒုက္ခကို ထင်ဟပ်မိစေဖို့ပဲဖြစ်ပါတယ် ။ ကဲ မိုးနတ်မင်းကြီးရေ ကျွန်တော်တို့ကို ဒီအတိုင်းပစ်မထားပါနဲ့ဗျာ ။ ကြည့်ရှုစောင့်ရှောက်တော်မူပါ ။ အမိုက်အမဲတွေ မို့ အပစ်ရှိလည်း သည်းခံတော်မူပါ ။

ဝါသနာရှင် ၊ ဘလော့ရေးခြင်း ရူးသွပ်သူ

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 22, 2011

အရေပြားကျန်းမာရေးနှင့် ဇင့်ဓါတ်

အရေပြားကျန်းမာရေးနှင့် ဇင့်ဓါတ်




ခေတ်မှီတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ လူတိုင်းလူတိုင်း ပါးစပ်ဖျားမှာ ရေပန်း စားနေတဲ့ စကား လုံးကတော့ အားဆေးဆိုတဲ့စကားလုံးပဲဖြစ်ပါတယ် ။ အားဆေးတွေမှာလည်းပါဝင်တဲ့ composition ကိုဖတ်ကြည့်မယ်ဆိုရင် ဗီတာမင်မျိုးစုံနဲ့ သတ္တုဓါတ်မျိုးစုံကို အမျိုးအစားစုံလင်စွာဖြင့် ရေးပြီးဖော်ပြထားတာကို တွေ့ဖူးကြပါလိမ့်မယ် ။ ဗီတာမင်တစ်မျိုးစီရဲ့အကြောင်း သတ္တုဓါတ်တစ်မျိုးစီရဲ့အကြောင်းကို အသေးစိတ် လေ့ လာ သိရှိတဲ့သူကတော့ နည်းပါးပါလိမ့်မယ် ။ ဒီတစ်ပတ်မှာတော့ ဇင့်ဓါတ် (Zinc) ရဲ့အရေပြားအပေါ်မှာ ဘယ်လို ကောင်းကျိုးတွေရှိတယ်ဆိုတာနဲ့ တခြားကျန်းမာရေး ကောင်းကျိုးတွေဘယ်လိုရှိတယ်ဆိုတာကို လေ့လာ ကြည့်ကြရအောင် ။

ဇင့်ရဲ့ကျန်းမာရေး အထောက်အကူပြုမှုတွေဟာ ခန္ဓာကိုယ်မှာ စနစ် (system) ပေါင်းများစွာနဲ့ ဆက်နွယ် ပတ်သတ်မှု ရှိနေပါတယ် ။ ဇင့်ရဲ့ ကောင်းကျိုးတွေအနေနဲ့

- ခန္ဓာကိုယ်ခုခံအားစနစ် ( Immune system)
- အစာခြေခြင်း ( Digestion)
- ဆီးချိုသွေးချိုအား ထိမ်းချုပ်ခြင်း ( Control of diabetes)
- စိတ်ဖိစီးမှု အား ထိမ်းချုပ်ခြင်း ( Improves stress level)
- စွမ်းအင်ဇီဝကမ္မ ဖြစ်ပျက်ခြင်း ( energy metabolism)
- ၀က်ခြံနှင့် အနာများသား သက်သာစေခြင်း ( acne and wounds healing ) စသည်တို့ပါဝင်ပါတယ် ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်သည် တွေ မှာလည်းလိုအပ်ပြီး ၊ ဆံသား အလှထိမ်းသိမ်းဖို့ ၊ နှင်းခူ ၊ အ၀လွန်ခြင်းအား လျော့ ချရန် ၊ ကြက်မျက်သင့်ရောဂါ ( Night blindness ) ၊ မျက်စိကျန်းမာရေး ၊ အစားအသောက်ပျက်ခြင်း နဲ့ တခြား အရာ တွေအတော်များများဟာ ဇင့်ရဲ့ အခန်းကဏ္ဍဟာ ကျယ်ပြန့်စွာ ပါဝင်ပတ်သတ်မှု ရှိနေပါတယ် ။

ဇင့်ဟာ ပရိုတိန်းဓါတ်ထုတ်လုပ်မှုဖြစ်စဉ် ( protein synthesis) မှာ အရေးကြီးတဲ့ သတ္တုဓါတ် အခန်း ကဏ္ဍ မှပါ ၀င်ပြီး လူ့ခန္ဓာကိုယ်ထဲမှ ခန္ဓာကိုယ် ခုခံအားစနစ်မှာ ဆဲလ်တွေ ပုံမှန်လည်ပတ်ဖြစ်ပေါ်ခြင်းကို ကူညီပေးပါတယ် ။ ဇင့်ကို ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေမှာ များစွာတွေ့ရလေ့ရှိပြီး အထူးသဖြင့် သွေးဖြူဥ ၊ သွေးနီဥ ၊ မျက်စိ အာရုံခံလွှာ ( retina) ၊ အရေပြား ၊ အသည်း ၊ ကျောက်ကပ် ၊ အရိုးနဲ့ ပန်ကရိယ တို့မှာ သိပ်သည်းပေါများစွာ တွေ့ရ လေ့ရှိပါတယ် ။ အမျိုးသားတွေမှာဆိုရင်တော့ သုတ်ရည် (semen ) နဲပ ဆီးကျိတ်ဂလင်း ( prostate gland) တို့မှာ ဇင့်ကိုပေါများစွာ တွေ့ရှိရပါတယ် ။ လူရဲ့ခန္ဓာကိုယ်မှာ ပုံမှန်လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ အင်ဇိုင်း ၃၀၀ သို့မဟုတ် ဒီထက်မက ဇင့်ကို ပိုလိုအပ်ပါတယ် ။ လေ့လာစမ်းသပ်သူတွေက ပရိုတိန်း ၁၀၀ ၀၀၀ မှာ ၃၀၀၀ လောက်က ခန္ဓာကိုယ်ထဲမှာ ဇင့်ပါဝင်ပတ်သတ်နေမှုတွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ် ။ ပုံမှန်လူတစ် ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဇင့်ဓါတ် ၂ ဂရမ်မှ ၃ ဂရမ်အထိ ပါဝင်ပါတယ် ။

လူ့ခန္ဓာကိုယ်မှာ ဇင့်ကို စစ်ထုတ်ပေးတဲ့ တံတွေးဂလင်း (Salivary gland ) ၊ ဆီးကြိတ် ဂလင်း ( prostate gland ) နဲ့ ပန်ကရိယ ( pancreas ) ကဲ့သို့ သော ကိုယ်အဂါင်္အစိတ်အပိုင်းတွေရှိပါတယ် ။ Immune cells တွေကလည်း ဇင့် ကို စစ်ထုတ်ပေးပါတယ် ။

ဇင့်ချို့တဲ့ရင်ဘာတွေဖြစ်နိုင်သလဲ ?

ဇင့်ဓါတ်ချို့တဲ့ရင်တော့
- ပုံမှန်ကြီးထွားမှု ချို့ယွင်းခြင်း
- သွေးပေါင်ချိန်ကျခြင်း
- အရိုးကြီးထွားမှု ချို့ယွင်းခြင်း
- အစားအသောက်ပျက်ခြင်း
- အနံအရသာအာရုံခံမှု ဆုံးရှုံးခြင်း
- စိတ်ကျရောဂါ
- အသားအရည်ကြမ်းတမ်းခြင်း
- ပိန်ချုံးခြင်း
- အရေပြားဖျော့တော့ခြင်း
- ၀မ်းသွားခြင်း
- ဆံပင်ကျွတ်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- လက်ချောင်းထိပ်လက်သည်းခွံများတွင် အဖြူစက်များဖြစ်ပေါ်ခြင်း စသည့် လက္ခဏာများကိုတွေ့ရနိုင်ပါတယ် ။

ဇင့်ကို ဘယ်တွေကနေတဆင့်ရရှိနိုင်သလဲ ?

ဇင့်ကို ရရှိနိုင်တဲ့ အဓိက အစားသောက်တွေကတော့ အသားတွေပဲဖြစ်ပါတယ် ။ တခြားအစား အသောက်တွေ ကတော့ ကမာ ၊ ကမုတ်ကောင် ၊ တရုတ်မုန်လာ ၊ ပဲအမျိုးမျိုး ၊ အုတ်ဂျုံ ၊ မြေပဲ ၊ မက်မွန် ၊ ဂျုံစေ့ ၊ ရွှေဖရုံစေ့ ၊ ဂျင်းပင် အမြစ် နဲ့ ပီကမ် pecan အစေ့ စသည်တို့ပဲဖြစ်ပါတယ် ။

ဇင့်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ ?

ကျန်းမာရေးအပေါ် အထောက်အကူပြုတဲ့ ဇင့်ရဲ့ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။

အရေပြား



ဇင့်ဟာ ကျန်းမာလှပတဲ့အရေပြားဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ် ။ အနာတွေကို သက် သာ ပြီး healing ကောင်းစေယုံသာမကပဲ အရေပြားထိခိုက်ရှနာများကိုလည်းသွေးတိတ်စေပြီး ၀က်ခြံကို လည်း သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။ ဇင့်ပါဝင်တဲ့ သောက်ဆေးတွေဟာ အိပ်ရာနာ (bed sores) ၊ အရေပြား အနာ ၊ အအေးနာ ( cold sores ) ၊ အာခံတွင်းအပူနာ ၊ ခွဲစိတ်အရာ ၊ မီးပူလောင်နာ နဲ့ တခြားအ ရေပြားမှာ ဖြစ်တာအတော်များများကို သက်သာပျောက်ကင်းစေပါတယ် ။ အနာသက်သာစေဖို့အတွက် အနာကျက် စေဖို့အတွက် ဇင့်ပါဝင်တဲ့လိမ်းဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဇင့်ဟာ ကိုလာဂျင် (collagen) တွေဖြစ်ပေါ်ဖို့အတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အင်ဇိုင်းတွေ ပုံမှန်လုပ်ဆောင်ဖိုပလည်း ကူညီပေး ပါတယ် ။ ဇင့်ဟာ astringent လည်းဖြစ်ပါတယ် ။ Astringent ဆိုတာဟာ ဓါတုပစ္စည်းတစ်ခုဖြစ်ပြီး အရေပြား နဲ့တစ်ရှူး တွေကို ကျုံ့ခြင်း ၊ ကျဉ်းခြင်းနဲ့တင်းကြပ်စေခြင်းကို ဖြစ်စေပါတယ် ။ Zinc oxide ဟာဆိုရင်လည်း အရေပြား မှာ အရောင်ကျခြင်းအစွမ်းသတ္တိရှိပါတယ် ။ အရေပြားကို ယားယံခြင်းမှကာကွယ်ပေးပြီး အေးမြချော မွေ့စေခြင်း ၊ အနီကွက်များဖြစ်ပေါ်ခြင်းမှကာကွယ်ပေးပြီး အရေပြားစိုစွတ်ထိုင်းမှိုင်းခြင်းကိုလည်း ကာကွယ်ပေး ပါတယ် ။ Dermatitis herpetiformis ဆိုတာဟာ နာတာရှည်အရေပြားရောဂါတစ်ခုဖြစ်ပါတယ် ။ အရေပြား မှာ အလွန်ယားယံပြီး ပူလောင်ခြင်း နာကျင်ခြင်းကို ခံစားရစေပါတယ် ။ အရေပြားပေါ်မှာအထူးသဖြင့် တံတောင် ဆစ် ၊ ဒူးခေါင်း ၊ တင်ပါးတို့မှာ ပြည်ဖုလေးတွေပေါက်စေပြီးနာကျင်ပါတယ် ။ ဇင့်ဟာ ဒီအရေပြား ရောဂါမှာလည်း သက်သာပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ် ။ ဇင့်ကို ၀က်ခြံကုသဖို့နဲ့ကာကွယ်ဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ် ။ Zinc gluconate သို့မဟုတ် zinc sulfate တို့ဟာ acne ကို ကုသပေးနိုင်ပြီး ၀က်ခြံကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုကို လျော့နည်းစေပါတယ် ။ ပြီးတော့ အရေပြားမှာ အန်ဒရိုဂျင် ဟော်မုန်း တွေများလို့ ဖြစ်ပေါ် လာတဲ့ androgenic hormonal effects တွေကိုလည်း လျော့နည်းစေပြီး အရေပြား ရဲ့အဆီဂ လန်းတွေ ရဲ့လုပ်ဆောင်မှုကို ပုံမှန်လည်ပတ်စေပါတယ် ။

ဇင့်ကို ဗောက်ပျောက်ကင်းစေဖို့ Anti-dandruff အနေနဲ့လည်းသုံးနိုင်ပါတယ် ။ Zinc pyrithione ကို တခါတ၇ံ ဗောက်ပျောက် ခေါင်းလျှော်ရည်တွေမှာ တွေ့ရလေ့ရှိပြီး အရေပြားပြဿနာတွေကို သက်သာ ပျောက်ကင်း စေပါတယ် ။ ဒါကြောင့်ဇင့်ပါဝင်တဲ့သောက်ဆေးတွေဟာ ဗောက်ရောဂါကိုကာကွယ်ဖို့ အသုံးဝင်ပါတယ် ။ ဇင့်ရဲ့အရေပြား ပေါ်မှာ အခြားကောင်းကျိုးတစ်ခုကတော့ အင်းဆက်ပိုးမွှားတွေကို သဘာဝအလျှောက် ကာကွယ်ပေး နိုင်ပြီး နေရောင်ခြည်ဒါဏ်ကို ကာကွယ်ပေးနိုင်ပါတယ် ။ ဇင့်အောက်ဆိုက်ဟာ နေရောင်ခြည်ရဲ့ UV Rays ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ် ။ သွားဖုံးရောဂါတွေကိုလည်း ကုသပေးနိုင်ပြီး ဗီတာမင် အေကို အသည်းကနေ အရေပြားကို ပို့ဆောင်တဲ့နေရာမှာလည်း အဓိက ပါဝင်လှုံ့ဆော်ပေးပါတယ် ။ Zinc sulfate ဟာ contact dermatitis ကို ကုသပေးနိုင်ပြန်ပါတယ် ။ Eczema လို့ခေါ်တဲ့ နှင်းခူရောဂါမှာလည်း ဇင့်ကိုအသုံး ပြုနိုင်ပြီး နှင်းခူဟာ ခန္ဓာကိုယ်မှာ ဇင့်ဓါတ်ချို့တဲ့လို့ အဓိကဖြစ်ခြင်းပဲဖြစ်ပါတယ် ။

ဆီးကြိတ်ရောဂါ

ဇင့်ဟာ ဆီးကြိတ်ရောဂါတွေမှာလည်းအရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပြန်ပါတယ် ။ ဇင့် ချို့တဲ့ရင် ဆီးကြိတ်ကြီးလာစေပြီး ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ် ။ ဒါကြောင့်နေ့စဉ် ဇင့် ၁၅ ဂရမ်ကို လိုအပ်ပြီး ဆီး ကြိတ်ကြီးခြင်းကို ကာကွယ်နိုင်ပါတယ် ။

အအေးမိဖျားနာခြင်း

ဇင့်ပါဝင်တဲ့သောက်ဆေးတွေဟာ အအေးမိဖျားနာခြင်းတွေရဲ့ ပြင်းထန်မှုနဲ့ကြာချိန်ကို လျော့နည်းစေပါတယ် ။ ဇင့်ဟာ proinflammatory cytokinesis ရဲ့ပမာဏကို လျော့နည်းစေပြီး ဒါဟာ အထူးသဖြင့် အအေးမိပိုး ၀င်ခြင်း cold infections မှာ ပိုဆိုးဝါးစေပါတယ် ။

ပိန်ချုံးခြင်း

ဇင့်ဟာ ခန္ဓာကိုယ်ကို ပိန်စေပြီး လူတစ်ယောက်ရဲ့ အစာစားချိန်စိတ် appetite ကို ထိမ်းချုပ်နိုင်စွမ်းရှိပါတယ် ။

ကိုယ်ဝန်ဆောင်ချိန်

ဇင့်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ DNA repair and function အတွက် မရှိမဖြစ်လိုအပ်ပါတယ် ။ ဆဲလ်တွေ အလျှင် အမြန်ကြီးထွားစေဖို့ နဲ့ကိုယ်ဝန်ဆောင်ချိန်မှာ အဓိက ဆဲလ်တွေတည်ဆောက်ဖို့အတွက် ဇင့်ကို လိုအပ်ပါတယ် ။

မျိုးပွားခြင်း

ယောင်္ကျားလေးတွေမှာဆိုရင်တော့ ဇင့်ဟာ သုတ်ကောင်များဖြစ်ထွန်းစေခြင်း ( spermatogenesis) နဲ့ မျိုးပွား အဂါင်္တွေ ဖြစ်ထွန်းစေဖို့အတွက် အထောက် အကူပြုပါတယ် ။ မိန်းကလေးတွေမှာဆို၇င်လည်း မျိုးပွား အခြေ အနေ အားလုံး( နို့ချိုတိုက်ကျွေးချိန်အပါအ၀င်) ဇင့်က အထောက်အကူပြုပေးပါတယ် ။

အထက်ဖော်ပြပါကောင်းကျိုးတေါအပြင် bilogical function အဖြစ်ဆောင်ရွက်ပေးခြင်း ၊ ရောဂါပိုးမွှား infection များ အား တိုက်ထုတ်ပေးခြင်း ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) အဖြစ်ဆောင်ရွက်ပေးခြင်း ၊ အင်ဇိုင်း လည် ပတ်မှုတွေကူညီပေးခြင်း ၊ ဆီးကြိတ်ကင်ဆာဖြစ်ပွားနိုင်မှုအားလျော့ကျစေခြင်း ၊ နာတာရှည်မော ပန်းနွမ်း နယ်ခြင်းအား သက်သာစေခြင်း ၊ ထိပ်ပြောင်ခြင်းနှင့်ဆံပင်ကျွတ်ခြင်းအားကာကွယ်ပေးခြင်း ၊ အရိုးဆုံးရှုံးခြင်းအား လျော့နည်းစေခြင်း နှင့် ညဖက်တွင်အမြင်အာရုံချို့ယွင်းခြင်း (night blindness) ကိုကာကွယ် ပေးနိုင်ခြင်း စတဲ့အစွမ်းသတ္တိတွေရှိနေပါတယ် ။

ဇင့်ဓါတ်ကို ကျန်မာရေးရှူထောင့်ကနေ ဘယ်လိုအကျိုးရှိတယ်ဆိုတာကိုကောင်းစွာသိရှိပြိး ဗဟုသုတများစွာနှင့် ပြည့်စုံ နိုင်ကြပါစေ ။

Ref : Organic Health (Health benefits of zinc )
: http://www.healthy-skincare.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်

.......................

Saturday, June 18, 2011

ရင်ခွဲလိပ်ပြာ

ရင်ခွဲလိပ်ပြာ



အင်းလျားရေပြင်သည် ညို့မှိုင်းသော ကောင်းကင်အောက်တွင် လှိုင်းကြက်ခွပ်လေးများ ဖြင့် ငြိမ်သက် တိတ်ဆိတ်ကာနေ၏ ။ တစ်ချက်တစ်ချက် ဖြတ်သန်းတိုက်ခတ်သွားသော လေနုအေး လေးများက ကျွန်တော် သိပ်ချစ် ရသော သူမ ဆံနွယ်ရှည်ရှည်များကို ဝေ့၀ဲလွန့်လူးသွားစေ၏ ။ ရေပြင်အား အဓိပ္ပါယ်မဲ့ စိုက် ကြည့်နေသော နေ ခြည်ဆိုသော သူမကို ကျွန်တော်နားမလည်ပါ ။ ရောက်စကတည်းက ၂ ယောက်စလုံး တိတ် ဆိတ်နေ သည် မို့ ကျွန်တော်နှင့်သူမကြားတွင် မမြင်နိုင်သော ခြောက် ခြားဖွယ်ရာ အေး စက်မှုတစ်ခု က နေရာ ယူထားလေ၏ ။ ရေပြင်အစပ်ရှိ သစ်ပင်ပေါ်တွင် သုတ်ကနဲထပျံသွားသော ငှက် နှစ်ကောင်နောက် ကိုငေး ကြည့်ရင်း အေးစက်ကိုက်ခဲမှုကို သည်းမခံနိုင်စွာ ကျွန်တော်သူမကို စတင်စကားပြောရန် အားယူလိုက်၏ ။

“ နေခြည်.....”

ကျွန်တော့်ရဲ့ တိုးလျတဲ့ ခေါ်သံကြောင့် ကျွန်တော်အနှစ်နှစ်အကာလ ရူးသွပ်ခဲ့ရတဲ့ သူမရဲ့ မျက်ဝန်းလဲ့လဲ့လေး ဟာ ကျွန်တော့်ကိုဖျက်ကနဲလှမ်းကြည့်ပါတယ် ။ အခုအချိန်ထိပါပဲ... နေခြည် ... ကျွန်တော့်ရဲ့ရင်ထဲမှာ ပန်းတွေ ပွင့်နေ တုန်းပါပဲ ။

“ မောင်... ”

“ နေခြည်.. ကိုယ်တို့ ဘာမှမပြောကြတော့ဘူးလား ”

“ ပြောပါတယ်မောင်..ဒါပေ မယ့် နေခြည်နဲ့မောင်နဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီးပြီပဲ အဖြေက ထူးခြားပြီး ထွက် လာ မှာ မှမဟုတ်တာ လေ ”

“ ဒီမှာနေခြည် မောင့်ကို မင်းတကယ်ချစ်ခဲ့တာလားဟင် ”

ကျွန်တော့်မေးခွန်းကြောင့် သူမ မျက်ဝန်းမှာ ကျွန်တော်မဖတ်ရှုနိုင်တဲ့ အရောင်တွေ တဖျတ်ဖျတ် လွန့်လူးဝဲ ခါသွားပါတယ် ။

“ အရမ်းချစ်တာပေါ့မောင်...ကျွန်မ ..အသွေးအသားထက်ကို ပိုချစ်ပါတယ် ကျွန်မ စိတ်ဝိဥာဉ်နဲ့ ကျွန်မပိုင်ဆိုင် သမျှအရာ အားလုံး ထက် မောင့်ကို ကျွန်မ ရူးသွပ်တပ်မက်ပါတယ် ”

“ ဒါ..ဒါဆို မင်းကိုယ့်ကို ဘာလို့ လက်မထပ်နိုင်ရတာလဲနေခြည် .. အသက်အရွယ် ကိုတော့အကြောင်း မပြနဲ့နေ ခြည် ကိုယ်၂၇ နှစ်ကျော်ပြီ မင်း ၂၅ နှစ်ရှိပြီ ပညာအရည်အချင်းရောကြည့်ဦး မင်းရောမောင်ရော ဘွဲ့ရပညာ တတ်တွေ ကြီးပဲ မိဘအသိုင်းအ၀ိုင်းကလည်း အကုန် သဘော တူတယ် ငွေရေးကြေးရေး ..ပြောစရာ မလိုအောင် ကိုဖူလုံတယ် ..ဒါ..ဒါနဲ့များ မောင်နဲ့ဘာလို့ လက်မထပ် ချင်ရသလဲ နေခြည် ”

“ အဲဒီမေးခွန်းဟာ အဖြေမရှိတဲ့ မေးခွန်းပဲပေါ့မောင်ရယ် ...”

သူမ ပြန်ဖြေတုန်းမှာ သူမရဲ့အသံဟာ ပုံမှန်ထက် တိုးလျတုန်ခါသွာတးယ်ဆိုတာ သတိထားမိလိုက်ပါတယ်...။

“ မောင်တော့နားမလည်နိုင်တော့ဘူးကွာ...နေခြည့်အနေနဲ့ မောင့်ကို ပွင့်ပွင့်လင်း လင်း ပြောသင့် တယ်ထင် တာပါပဲ ..မောင့်မှာ နေခြည်မလိုလားတဲ့ ဘာချို့ယွင်းချက်တွေရှိနေလဲ ပြောပါ ”

“ မရှိပါဘူးမောင် ”

“ ဒါ...ဒါနဲ့များကွာ ”

“ စိတ်မကောင်းပါဘူးမောင်ရယ် နေခြည်တို့ ချစ်သူဘ၀နဲ့ပဲ တစ်သက်လုံးနေ သွားကြ ရအောင်နော်မောင်... မောင်ခွင့်ပြုပေးပါလား ”

“ မဖြစ်နိုင်ဘူးနေခြည်.. မောင်လိုချင်တာ အေးချမ်းတဲ့ မိသားစုဘ၀လေး မောင်မိသားစုဘ၀ကို ဘယ်လောက် ထိငတ်မွတ်တတောင့်တလဲဆိုတာ မင်းသိပါတယ်နေခြည်ရယ် ”

“ သိ...သိပါတယ်မောင်ရယ် ”

ကျွန်တော့်ရင်ထဲမှာ ဆို့နင့်မွမ်းကျပ်နေမိပါပြီ ။ ညနေခင်းဟာလည်း သုဿန်တ စပြင်လို ခြောက်သွေ့ ညှိုးလျော် လို့ ။ မိုးသားတွေဟာလည်း ကောင်းကင်တစ်ခွင်မဲမှောင်မှိုင်းညို့ပြီး ပတ်ဝန်းကျင် ကို ပိုမို ထိုင်းမှိုင်း သွားစေပါတယ် ။

“ နေခြည်..မောင်မခံစားနိုင်တော့ဘူး မောင်နောက်ဆုံးတစ်ခွန်းပဲမေးမယ် နေခြည်သေချာစဉ်းစားပြီးမှဖြေပါ ”

ကျွန်တော့်ရဲ့စကားသံကြောင့် ကျွန်တော့်ရဲ့ နင့်နင့်သီးသီးစွဲမက်ခဲ့ရတဲ့ နေခြည့်ရဲ့ကိုယ်လုံးလေးဟာ ထိတ်လန့် ဖွယ်ရာအဖြစ်ဆိုးတစ်ခုကို ကြုံရတဲ့အလား ဆတ်ကနဲတုန်ရီသွားခဲ့တယ် ။

“ နေခြည်..မင်း မောင့်ကိုလက်ထပ်မလား...မောင်နဲ့လမ်းခွဲမလား ”

အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လျှက်ပါပဲ ။ သူမဟာ ကျွနတော့်ရဲ့စကားသံအဆုံး အိကနဲတစ် ချက်ငို ချက်လိုက်ပါတယ် ။ သူမရဲ့ပြန်ဖြေသံကို နားစွင့်နေခဲ့ရတဲ့ စက္ကန့်တိုင်းစက္ကန့်တိုင်းဟာ ကျွန်တော့်အဖို့ အလွန်လေး လံတဲ့အရာကြီးတစ်ခုကို ထမ်းပိုးထားရသလိုပါပဲ ။

“ ကျွန်မ တို့ လမ်းခွဲကြရအောင်မောင် ...”

မမျှော်လင့်ထားတဲ့စကားသံကြောင့် ကျွန်တော်ရုတ်တရက်ဆွံအသွားမိတယ် ။ မိုးကလည်းအလိုက်တသိပါပဲ ။ ကျွန်တော် တို့ နှစ်ဦးအပေါ် ဝေါကနဲ ရွာချလိုက်တယ် ။ သူမကိုကြည့်ရတာ ၀ိုးတ၀ါးပါပဲ ။ ကျွန်တော့် မျက်ဝန်း အိမ်ထဲမှာ မျက်ရည်တွေလား ... မိုးရေစက်တွေလား ပြည့်အိုင်နေတယ် ။ အတန်ကြာဆွံ့အမိပြီးမှာ ကျွနတော့် အတွက် ကဗျာပေါင်းများစွာ ဖြစ်ပေါ်စေခဲ့တဲ့ သူမကို ကျွန်တော်တစ်ချက်စိုက်ကြည့်ခဲ့တယ် ။

“ ကောင်းပြီလေ မင်းကို ငါမမုန်းပါဘူးနေခြည် မင်းရွေးချယ်ခဲ့တဲ့ အရာဟာ မင်းအတွက် နောင်တမရပါစေနဲ့ ”

ကျွန်တော်စကားဆုံးအောင်ဆက်မပြောနိုင်ခဲ့ဘူး ။ ယောင်္ကျားတန်မဲ့ ကျွန်တော်ငိုနေတယ် ...အဲဒီမိုးရေထဲမှာပဲ ချာကနဲလှည့်ပြေးပြီး ပြည်လမ်းမပေါ်က မိုးရေတွေကြားထဲမှာ ကျွန်တော် အရူးတစ်ယောက် လို ပြေးလွှားအော် ဟစ်နေမိခဲ့တယ် ။

ငါမမေ့သေးဘူးနေခြည်ရယ် ။ အခုဆို ငါတို့ လမ်းခွဲခဲ့တာ ငါးနှစ်တောင်ကျော်ပြီပေါ့ ။ ငါးနှစ်ဆိုတာ သိပ်မ ကြာပေမယ့် ငါ့အတွက်တော့ နေ့ရက်တိုင်းဟာ ဗလာဟင်းလင်းပြင်ပဲနေခြည် ... ။ နင့်ကိုငါမုန်းမေ့ဖို့ မကြိုးစား ပါဘူး ။ ငါမှမမုန်းနိုင်ပဲလေ ။ အဲဒီလိုပဲ ပေါ့နေခြည် ။ နင်နဲ့ငါလမ်းခွဲပြီး ငါးနှစ်နဲ့ငါးလတိတိပြည့်တဲ့နေ့မှာ ကမ္ဘာကြီးပေါ်မှာ ငါအရမ်းသိချင်တဲ့ အဖြေတစ်ခုကိုငါသိခွင့်ရခဲ့တယ် ။ ဟုတ်ပါတယ် ။ အဲဒီနေ့မှာ ကျွန်တော် တို့ နှစ်ယောက်ရဲ့အရင်းနှီးဆုံးသူငယချင်းလည်းဖြစ် နေခြည်နဲ့လည်း ညီအစ်မ၀မ်းကွဲတော်တဲ့ လရိပ်ဟာ ကျွန်တော့်ဆီ ရောက်လာခဲ့တယ် ။

“ ကျော်...နင်နေခြည်နဲ့လမ်းခွဲလိုက်တာ ငါးနှစ်တောင်ရှိပြီဆိုစိတ်မကောင်းဘူးဟယ် ”

“ အဟက်... ထားလိုက်ပါ လရိပ်ရာ အတိတ်ကိုပြန်ပြီးမတူးဖော်ပါနဲ့ အရာအားလုံးဟာ အသားကျစပြုနေပြီပဲ ”

အမှန်တော့ ကျွန်တော့်ရင်ထဲမှာ သူမနဲ့ပတ်သတ်ပြီးဘယ်အရာမှ နေသားတကျ ဖြစ်မနေသေးပါဘူး ။ အခုထက် ထိ ရင်ခုန်လှိုက်ဝေပူနွေးနေဆဲပါပဲ ။

“ အင်း..နင် ကတော့နေခြည့်ကို နာကျည်းနေမှာပဲနော်..အမှန်တရားကို ငါပြောဖို့သင့်ပြီကျော်..သူကတော့ငါ့ကို အတန်တန်ပိတ်ထားတာပေါ့လေ ဒါပေမယ့် သူဖြစ်ပျက်နေတာတွေကို ငါလည်းမကြည့်ရက်တော့ဘူးဟာ နင်သိတဲ့ အတိုင်းပဲ နင်တို့လမ်းမခွဲခင်တကည်းက ငါစင်ကာပူမှာ အလုပ်ရလို့ သွားခဲ့တယ် ။ သိပ်မကြာ ဘူး နေခြည်စင်ကာပူကိုလိုက်လာခဲ့တယ် သူအရမ်းကိုပိန်သွားခဲ့တယ် ။ သူက ပြောတယ် နင်နဲ့သူ လမ်းခွဲခဲ့ တယ်တဲ့ .. သူနေ့တိုင်းပဲငိုနေတယ်ကျော် ..နေ့တိုင်းငိုလွန်းအားကြီးလို့ သူ့မျက်လုံးခွဲစိပ်ခဲ့ရတယ် ..နင်ကတော့ နာကျည်းနေမှာပေါ့လေ တကယ်တော့ နေခြည်က နင်ထင်သလိုမဟုတ်ဘူးကျော်..သူဟာ အရမ်းသနား ဖို့ကောင်းပါတယ် .သူ့မှာ နင်နဲ့မတွေ့ခင်ကတည်းက ရင်သားအကြိတ်ရှိနေခဲ့တယ် ။ ကင်ဆာ အဆင့်ထိတော့ မရောက်သေးဘူးပေါ့ဟာ ။ ကင်ဆာအဆင့် မရောက်အောင်လို့ သူ့ရဲ့ညာဖက် ရင်သားတစ် ခုလုံးကို လှီးထုတ် ခဲ့ရတယ် ။ ကဲ ကျော်နင်စဉ်းစားကြည့်စမ်း ဘယ်မိန်းကလေးက သူတို့ရဲ့ မပြည့်စုံတဲ့ ကိုယ်အဂါင်္ ကို သူ့ချစ်သူဆီပုံအပ်ချင်ပါ့မလဲ ”

“ ဟာ...”

ကျွန်တော်ရူးသွပ်စွာခြောက်ခြားမိပါပြီ ။ ဒါဟာ ကျွန်တော့်ရဲ့ချစ်လှစွာသော နေခြည်ထိပ်ထားရဲ့ ကံကြမ္မာတဲ့လား ....ဘုရားရေ... ဘယ်လိုအကုသိုလ်ဂြိုလ်ဆိုးတွေက သူမကို ဒီလောက်နှိပ်စက်ခဲ့တာပါလိမ့် ။

“ ငါ..ငါ ..မှားပြီ ငါမသိခဲ့ဘူး လရိပ်ရာ ငါအရမ်းမှားသွားပြီ ..တကယ်ဆို...တကယ်ဆို ငါလက်ခံနိုင်ပါတယ် လရိပ် ရယ် ငါချစ်တာ နေခြည်ပါ အပေါ်ယံအရေပြားလောက်နဲ့ ငါ့အချစ်ဟာ သေးငယ်စုတ်ပဲ့မသွားဘူးလရိပ်ရာ ..ငါ ..ငါ..နေခြည့်ကို တွေ့ချင်တယ်ဟာ ”

“ နင့်ဆီက ဒီစကားကြားရတာ ငါဝမ်းသာပါတယ်ကျော်ရယ် သူနေ့တိုင်းအင်တာနက်မှာ နင့်ဘလော့တွေ ၀င်ဖတ်ပါ တယ် အမြဲတမ်းလည်းနင့်ကိုအားပေးပါတယ် နင်နဲ့အနီးဆုံး မှာသူအမြဲရှိနေခဲ့တယ် ။ နင့်ဓါတ် ပုံလေး တွေ Facebook မှာတွေ့ရင် သူအရမ်းပျော်နေတာပဲကျော် .. မောင်အရမ်းချော လာတယ် တဲ့ ကောင် မလေးတွေ ၀ိုင်းနေ တာပဲတဲ့ သူအ၇မ်းကြည်နူးတဲ့မျက်နှာနဲ့ ငါ့ကို ခဏခဏပြောတယ်ကျော် သူတချိန်လုံး နင့်အနား မှာ ရှိနေခဲ့တယ်လေ ”

ဘုရားရေ..ကျွန်တော် ထိတ်လန့်ခြောက်ခြားမိပြန်ပါပြီ ။ သူနဲ့ကျွန်တော်နဲ့ကွဲပြီးကတည်းက ကျွန်တော် ဘလော့ ပေါ်မှာ စာတွေကဗျာတွေ အများကြီးရေးခဲ့တယ် ။ အခုသူမက ကျွန်တော်နဲ့အနီးဆုံးနေရာမှာတဲ့ ...ကျွန်တော် ကြည်နူးလိုက်တာ ..။

“ ငါ...စင်ကာပူလိုက်သွားမယ် ”

“ ဟင့်အင်း မကြိုးစားပါနဲ့ကျော် သူတခါတည်းမှာလိုက်တယ် နင်သူ့ကို ရှာနေသရွှေ့ သူကပုန်းနေဦးမှာတဲ့ သူ့ရဲ့ မပြည့်စုံ တဲ့ ခန္ဓာကိုယ်ဟာ သူအရမ်းချစ်တဲ့ နင့်အတွက် မဖြစ်စေရဘူးတဲ့ ”

“ ဟာ.. ”

“ နောက်ပြီး နင်သူ့ကို မရရအောင်ရှာ၇င် နင်မတွေ့နိုင်တဲ့ တစ်ကမ္ဘာဆီသူသွားတော့မယ်တဲ့ ဘာအဓိပ္ပါယ် လည်းဆို တာ နင်သိမှာပါကျော်ရယ် ”

ကျွန်တော်....ငိုကြွေးယုံက လွဲလို့ ဘာများ ဆက်လုပ်ရမလဲ ။

နေခြည်....
မှောင်မိုက်တဲ့ကောင်းကင်ယံမှာ
ငါဟာ....ကြယ်ပျောက်ရှာဖွေသူပါ
တွေ့နိုး...တွေ့နိုးနဲ့
မျှော်လင့်ခြင်းတွေလင်းလက်ခါမှ
“ လမ်းဆုံးပြီ ” တဲ့...
နေခြည်.....
ငါ့ရဲ့ ..ရင်ခွဲလိပ်ပြာ
အဆိပ်တွေတက်လို့
ရူးသွပ်ပြာနှမ်းနေပစေ
အလွမ်းဒါဏ်သင့်ခဲ့တဲ့...
လေလွင့်နေ့ရက်တွေမှာ ..
နင်ဟာ ငါ့ရဲ့ထိပ်ထား ..
အို...နေခြည်ထိပ်ထား...
မှောင်မိုက်နေ့ရက်တို့ကုန်ဆုံးပါစေသား....

ထုံးစံအတိုင်းပါပဲ ။ ဒီဘလော့လေး တင်ပြီးတဲ့အခါ သူမဟာ ကျွန်တော်မသိတဲ့ နာမည်တစ်ခုနဲ့ ကွန်းမန့်တစ် ခုခု လာရေးသွားဦးမှာပါပဲ ။ ကျွန်တော့်ရဲ့ နေခြည်ဟာ ဘယ်လောက်ဝေးဝေး ကျွန်တော်နဲ့အနီးဆုံးမှာ ရှိနေဆဲပါပဲ ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 17, 2011

တောင်ကိုရီးယားမှ အနမ်းပွဲတော်

တောင်ကိုရီးယားမှ အနမ်းပွဲတော်




၂၀၁၁ ခုနှစ် ဇွန်လ ၁၄ ရက် ၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က Walkerhill River Park ရေကူး ကန်မှာ နှစ်စဉ်ကျဉ်းပမြဲဖြစ်တဲ့အနမ်းပွဲတော်ကို တောင်ကိုရီးယားမှ စုံတွဲများပါ ၀င်ဆင်နွှဲခဲ့ကြပါတယ် ။




www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

High heel စီးအပြေးပြိုင်ပွဲ

High heel စီးအပြေးပြိုင်ပွဲ




၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက် နေ့ ။ Banja Luka မြို့မှာ ခွာမြင့်ဖိနပ်တွေစီးထားတဲ့ မိန်းကလေးတွေကြီးပဲ အပြေး ပြိုင် ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ် ။ မိန်းကလေး အယောက် ၃၀ လောက်ဟာ ကြာသပတေးနေ့က ဒီ High heel race ကို ၀င်ပြိုင်ခဲ့ကြပါတယ် ။










www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘယ်လူဂါဝေလငါးနဲ့ကိုယ်လုံးတီးရေကူးသူ

ဘယ်လူဂါဝေလငါးနဲ့ကိုယ်လုံးတီးရေကူးသူ




Arctic မှ ရေထဲမှာ ရုရှားရေငုပ်သမား အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ Natalia Avseenko ဟာ Beluga ဝေလ ငါးနှစ်ကောင်နဲ့အတူ ဘာအ၀တ်အစားမှမပါပဲ ရေကူးပြနေပုံဖြစ်ပါတယ်။









www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 16, 2011

မျှော်လင့်ခြင်းကောင်းကင်



မျှော်လင့်ခြင်းကောင်းကင်

နက်ရှိုင်းစူးရှတဲ့
နှလုံးသားက စကားတချို့ကို....
နင့်အတွက်...ငါ...
ကဗျာအဖြစ်...အသက်သွင်းခဲ့မယ်..
မချစ်ဖူးသေးသူတစ်ယောက်အတွက်
အချစ်ဆိုတာဟာ......
နေရာတကာ....ခမ်းနားဆန်းကြယ်လို့
ရင်ကို ဆွဲကိုင်လှုပ်တယ်.....
ငါရေးစပ်ခဲ့တဲ့.....စာသားတိုင်းမှာ
ဘ၀နဲ့အချစ်ကို
ထပ်တူအချိုးချလို့...
မ၀ံ့မရဲပါပဲ . . . .
“ ငါနင့်ကို သိပ်ချစ်ခဲ့တယ် ”
အဓိပ္ပါယ်မဲ့ခဲ့တဲ့
ဆေးစက်ချရာ အရုပ်ထင်ခဲ့တဲ့ဘ၀မှာ...
ကိုယ် ကိုယ်တိုင်ဟာ....
ရုပ်သေးရုပ် တစ်ရုပ်တဲ့လား....
ငါ....ငေးမောကြည့်တော့
ကောင်းကင်ပြာပြာမှာ...
နင့်ပုံရိပ်တွေနဲ့ ငါ့အလွမ်းတွေ
သိပ်သည်းအုံ့မှိုင်းလို့ ...
“ ငါ...နင့်ကိုသိပ်ချစ်ခဲ့တယ် ”
သာမန်စကားတစ်ခွန်းပေမယ့်
နှလုံးသွေးနဲ့ ယက်လုပ်ခဲ့တဲ့...
ခပ်အက်အက် အလွမ်းတွေမှာ...
နင့်ရဲ့ အသံ...နင့်ရဲ့ဟန်..
အပြန်ပြန် အလှန်လှန်နဲ့...
ကျော်ဖြတ်ခဲ့ရတဲ့ အိပ်ပျက်ညတွေ...
မိုးသောက်တဲ့နှင်းစက်တို့...
စွတ်စိုလှဲ့ပါ ....
ဒီခြောက်သွေ့ရင်ခွင်တစ်စုံမှာ...
သူမအတွက်...
ဖြူစွတ်နူးညံ့တဲ့ချစ်ခြင်းတွေ...
ကျွန်တော်ရေးစပ်ခဲ့တဲ့ကဗျာတွေ...
သူမရင်ခွင့်သို့ .... ဆောင်ကြဉ်းလှဲ့ပါ ...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သစ်စိမ်းချိုး



သစ်စိမ်းချိုး

အရာရာကို တွယ်ငြိပြီးကာမှ...
မိုးရာသီဟာ...အုံ့အုံ့မှိုင်းမှိုင်းနဲ့
လှောင်ပြုံးပြုံးတယ်....
နောက်ကျိနေတဲ့...သမိုင်းစာမျက်နှာမှာ
မှင်နီခပ်ရဲရဲနဲ့...
သူမ ရိုက်နှိပ်ခဲ့တဲ့ ကြက်ခြေခတ်တွေ..
ရုတ်တရက်နဲ့...ပြိုပျက်ခဲ့တဲ့ကောင်းကင်
ဟိုးအဝေးကြီးက နေခြည်ဟာ...
ဝေေ၀၀ါးဝါးနဲ့ ....ပျောက်ကွယ်ခဲ့
နင်သင်ပေးခဲ့တဲ့အချစ်ရယ်...
ငါရရှိခဲ့တဲ့ အမှန်တရားရယ်...
ပြောင်းပြန်အချိုးကျခဲ့တဲ့ သီအိုရီ...
မနာကျည်းရက်ခဲ့ဘူး..
ဒီလိုချစ်တတ်ခဲ့သူမှာမှ..
ဘာကြောင့်များ....
ဘာရယ်ကြောင့်များ...
“ သစ်စိမ်းချိုး ” ချိုးခဲ့ရသလဲ
မျှော်လင့်ခဲ့တဲ့ နေခြည်ဟာ...
ကန်ရေပြင်ထဲက ၀ိုးတ၀ါးအရိပ်လား....
ဓါးထက်ထက်အလား
ချွန်မြစူးရှတဲ့
ငါ့အတွက်...ကျိန်စာ
မယုံနိုင်ခဲ့ဘူးကွယ်..
မသိလိုက်မသိဘာသာနဲ့ပဲ
ငါ့ကိုယ်ငါ သင်္ဂြိုလ်မယ်..
နင်....ကျေ နပ် ပါ စေ ကွ ယ် . . . .

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အသည်းကွဲရာသီ



အသည်းကွဲရာသီ

မိုးတို့ ဗုံတီးသံနဲ့အတူ
စွတ်စိုထိုင်းမှိုင်းတဲ့ လေပြည်ဟာ
ရင်အစုံကိုတိုးဝှေ့..
ဆို့နင့်မွန်းကျပ်မှုတွေနဲ့
အချစ်ဆိုတာ ခါးတယ်...
ကံတရားကို လောင်းကြေးထပ်ခါမှ
ဇတ်ဆရာက ကိုယ့်ဖက်မပါဘူး
ကြိုးဆွဲလိုက်ကာ ချလိုက်ခါမှ
ဒါဟာ...အသည်းကွဲရာသီ တဲ့...
ပြုစားတတ်သူတို့ဟာ...
မျက်နှာသေတွေနဲ့ အောင်ပွဲခံကြ
အဲဒီအခါ...ငါ
တလေးတစားမော့ကြည့်မယ်
နင်ခွဲခဲ့တဲ့...ငါ့ရင်ခွင်မှာ
ချစ်တတ်တဲ့ကဗျာတွေရှိတယ်..
နင်မသိသေးတဲ့ (ဘယ်တော့မှမသိနိုင်တဲ့)
ရူးသွပ်နက်ရှိုင်းတဲ့ ချစ်ခြင်းတွေရှိနေခဲ့တယ်...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 15, 2011

အဖြူဆင်းခြင်း (White discharge)

အဖြူဆင်းခြင်း (White discharge)




လူ့လောက လူ့သဘာဝမှာ အမျိုးသမီးလေးတွေကို ပန်းကလေးတွေအဖြစ် တင်စားပြောဆိုကြပါတယ် ။ ပန်း ကလေးတွေ ဆိုတာ ငယ်ရွယ်နုပျိုစဉ်မှာ အစွမ်းကုန် ပွင့်ဖူးလှပလေ့ရှိပြီး ကြီးရင့်လာတဲ့အခါမှာတော့ ညှိုးနွမ်း ခြောက်သွေ့ သွားလေ့ရှိတယ် ။ ဒီလိုအချိန်လေးအတွင်း အမျိုးသမီးတွေအနေနဲ့ မီးယပ်နဲ့ပတ်သတ်တဲ့ ပြဿနာ မျိုးစုံ ကြုံတွေ့ရလေ့ရှိပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ မီးယပ်ပြဿနာမျိုးစုံထဲကမှ White discharge လို့ခေါ်တဲ့ အဖြူဆင်းခြင်း ပြဿနာပဲဖြစ်ပါတယ် ။

အဖြူဆင်းခြင်း ဘယ်နှစ်မျိုးရှိသလဲ ?

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ် ။ မူမှန်အဖြူဆင်းခြင်း ( normal white discharge ) နဲ့ မူမ မှန် အဖြူဆင်းခြင်း ( abnormal white discharge) စသည်တို့ပဲဖြစ်ပါတယ် ။ သာမန်အပျိုဖော်ဝင် (puberty) တဲ့အမျိုးသမီးတွေမှာ တစ်လမှာ ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ရှိကြပါတယ် ။ အဲဒါကို မူမှန် အဖြူဆင်းခြင်းလို့ခေါ်ပါတယ် ။ ပထမအကြိမ်ဟာ ပထမလနဲ့ ဒုတယလရဲ့ ထက်ဝက်ဝက်လိုက်ရင် အလယ် ရက်တွေမှာ အဖြူဆင်းပါတယ် ။ ဒုတိယအကြိမ်ကတော့ သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းလေ့ရှိကြပါတယ် ။ အဲဒီလိုဆင်းတာဟာ အမျိုးသမီးတွေအနေနဲ့ သတိထားမိလောက်တဲ့ ပမာဏမဟုတ်ပဲ အနည်းငယ် (သို့မဟုတ်) ခြောက်မနေပဲ စိုစိစိ ဖြစ်နေယုံလောက်ပဲ ဖြစ်တတ်ပါတယ် ။ ဒါကြောင့်ယေဘူယျကြည့်မယ်ဆိုရင်

- ဆီးစပ် နှင့်ပေါင်ရင်း ၊ အောက်ခံဘောင်းဘီ စိုတဲ့အထိလောက်တော့ပမာဏမများပါဘူး ။
- ဆိုးရွားတဲ့ အနံ့အသက်နဲ့ ယားယံမှုတွေမရှိပါဘူး ။
- အချိန်ကာလအနေဖြင့်လည်း အထက်ပါပြောခဲ့တဲ့ အချိန်တွေမှာ ဆင်းလေ့ရှိကြပါတယ် ။

အဲဒါကပို မူမှန်သော ဇီဝကမ္မပြောင်းလဲမှု ( Normal Physiological Change) လို့ ခေါ်တွင်ပါတယ် ။ အမျိုး သမီးလေးတွေ အနေနဲ့ ဒီသဘောတရားကို နားလည်ဖို့လိုပါတယ် ။ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက်လည်း အိမ်မှ ရေသန့်သန့်နဲ့ ဆပ်ပြာနုနုလေးတွေ သုံးလို့ရပါတယ် ။ ကာဘော်လစ်လို ဆပ်ပြာမျိုးသုံးဖို့ မသင့်တော်ပါဘူး ။ အပေါ်ယံပဲ ဆေးကြောဖို့လိုပြီး အတွင်းအထိဆေးကြောဖို့ မလိုအပ်ပါဘူး ။ အန္တရာယ်မရှိတဲ့ မူမှန်အဖြူ ဆင်းခြင်းဖြစ် တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ မလိုအပ်ပါဘူး ။ Personal hygiene ကောင်းဖို့လိုပါတယ် ။

တစ်ချို့အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဒတ်တော ၊ အဆက်ပ်တော စတဲ့ ပိုး သတ်ဆေးတွေနဲ့ အတွင်း ဖက်ကို ဆေးကြောခြင်းများ ပြုလုပ်တတ်ကြပါတယ် ။ ဒါဟာ လုံးဝမကောင်းပါဘူး ။ ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား ( helpful bacteria) တွေကို သတ် ပစ်လေ့ ရှိပြီး အက်ဆစ်ဓါတ်ကို လျော့စေပါတယ် ။ Acid ဓါတ်ကျသွားရင် ပြင်ပ ဘတ်တီးရီးယား ပိုးတွေဝင် လာစေပြီး မူမမှန် အဖြူဆင်းခြင်း ( Abnormal white discharge) ကို ဖြစ်ပေါ်စေပါတယ် ။

မူမမှန် အဖြူဆင်းခြင်းရဲ့ လက္ခဏာတွေကတော့ မူမှန်အဖြူဆင်းခြင်းရဲ့ ဆန့်ကျင်ဖက်တွေပါပဲ ။

- အဖြူဆင်းသော ပမာဏများခြင်း
- ဆိုးရွားသော အနံ့အသက်များရှိခြင်း
- ယားယံခြင်းစသည်တို့ပဲဖြစ်ပါတယ် ။

မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေအများကြီးရှိပါတယ် ။ ယေဘူယျအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်တာ ၃ မျိုးရှိပါတယ် ။ အဲဒီလိုမဟုတ်ပဲ သားအိမ်ခေါင်း (cervix) က အလုပ်လုပ်တာ များလွန်းတဲ့အ တွက်ကြောင့်(လိင်ဆက်ဆံမှုများခြင်း) အဖြူဆင်းတာလည်းရှိပါတယ် ။ သားအိမ်ထဲထည့်တဲ့ သန္ဓေတားပစ္စည်း (IUCD) ကြောင့် လည်းဆင်း တာရှိပြီး တစ်ကိုယ်ရေ သန့်ရှင်း မှု မမှန်လို့ stress ( စိတ်ဖိစီးသောက) များမှုကြောင့် လည်း အဖြူဆင်းရ တာတွေရှိပါတယ် ။

Post menopausal white discharge

အသက်ကြီးမှ abnormal white discharge ဆင်းတာတွေလည်းရှိပါတယ် ။ ဒါကြောင့် အသက်ကြီးသွေးဆုံးပြီးမှ အဖြူဆင်း မယ်ဆိုရင်တော့ သားအိမ်လည်တံကင်ဆာနဲ့ သားအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်တာကြောင့် တတ်ကျွမ်း တဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသသင့်ပါတယ် ။

ပိုးဝင်ခြင်း (၃)မျိုး



မူမမှန်အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ပိုးဝင်ခြင်း ၃ မျိုးရှိပါတယ် ။ ပထမတစ်ခုကတော့ (Trichomonas vaginitis) လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းယားယံခြင်း ၊ အဖြူဆင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မှိုစွဲကပ် တဲ့ရော ဂါတစ်မျိုးဖြစ်တဲ့ (Fungal vaginitis or monelial vaginitis) ဖြစ်ပါတယ် ။ တတိယ တစ်မျိုးကတော့ ၂ မျိုးစလုံးပေါင်းပြီးဖြစ်တဲ့ပိုးဝင်ခြင်းပဲဖြစ်ပါတယ် ။ အဖြူဆင်းများပြီး အနံ့ဆိုးရွားမယ် ဆင်းနေတဲ့ အဖြူရဲ့ သဘောသဘာဝ ကို ကြည့်ပြီး ဘာပိုးဝင်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ် ။ ဥပမာအနေနဲ့ မိန်းမ ကိုယ်မှာ မှိုစွဲပြီးရောင် ရမ်းခြင်းဖြစ်တာဟာ အများအားဖြင့် Pregnancy တွေနဲ့ ဆီးချိုသွေးချို ရှိတဲ့အမျိုးသမီးတွေမှာ မကြာ ခဏ အ ဖြူဆင်းလေ့ရှိကြပါတယ် ။ ပမာဏလည်းများပြီး ယားယံခြင်းနဲ့ အနံအသက် ကလည်းမကောင်း ပါဘူး ။ ဒီလိုမျိုးပဲ မှိုစွဲပြီး အဖြူလည်းခဏခဏဆင်းပြီး ပမာဏများပြီုး ယားမယ် အနံ့အသက် လည်းမကောင်း ဘူးဆိုရင် အဆိုပါအမျိုးသမီးမှာ ဆီးချိုသွေးချို ရှိနိုင်ပါတယ် ။ မဟုတ်ရင်လည်း အမျိုးထဲမှာ ဆီးချိုမျိုးရိုး ရှိနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်တွေမှာ ဒီလိုမကြာခဏဖြစ်တယ်ဆိုရင် မှိုစွဲတာကြောင့်ဖြစ်တာလို့ ခန့်မှန်းရင် ၉၀% မှန်လေ့ရှိပါတယ် ။

ကိုယ်ဝန်ဆောင်နဲ့ သွေးချိုဆီးချို သမားတွေမှာ မှိုစွဲပြီးမှုမမှန် အဖြူဆင်းတဲ့အကြောင်းကတော့ Monellia ဆိုတဲ့ မှိုက အချို ကို နှစ်သက်ပြီး အက်ဆစ်ကို ကြိုက်ပါတယ် ။ Pregnancy အချိန်မှာ လိုင်နင်ဆဲလ်တွေက Glycogen အချိုဓါတ်ပိုများ လာသလို အချဉ်ဓါတ်လည်းပိုများလာပါတယ် ။ အဲဒီလိုအခြေအနေမျိုးဟာ Fungus တွေ အကြိုက် ဖြစ်တာောကာင့် အဖြူဆင်းတာလည်းမကြာခဏဖြစ်လာပြီး ဆီးချိုသွေးချိုသမားမှာလည်း ဒီသဘော အတိုင်းပဲဖြစ်ပါတယ် ။

Trichomonas vaginitis ကြောင့် အဖြူဆင်းရတဲံအဓိက အကြောင်းအရင်းကတော့ လိင်ဆက်ဆံ မှုကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့် တပ်အပ်ကြီးတော့ပြောလို့မရပါဘူး ။ ဥပမာ ဒီပိုးရှိနေတဲ့ မိန်းမတစ်ယောက်က အိမ်သာ က မုတ်ပေါ်သွားတယ် နောက်တစ်ယောက်အပျိုစင်လေးကလည်း သွားမိရင်သူ့မှာကူးစက်သွားပြီး အဲဒီအပျို စင်လေးကို လိင်ဆက်ဆံမှုကြောင့်ဖြစ်တာပါလို့တော့ စွပ်စွဲလို့မရဘူးပေါ့ ။ ဒီလိုအခြေအနေ မျိုးတွေလည်းရှိ တတ်ပါတယ် ။ နောက်ပြီး အမေတွေ အစ်မတွေဆီကလည်း တဆင့်ကူးတတ်ပါတယ် ။ အမျိုးသမီးတွေ အတူနေတဲ့အခန်းတွေ ဘော်ဒါဆောင်တွေမှာလည်း ထဘီငှားဝတ်တာတွေ အတွင်းခံတွေ ငှားဝတ် တာတွေက တဆင့်လည်းကူးနိုင်ပါသေးတယ် ။

ကုသမှု အပိုင်း

ကုသမှုအပိုင်းမှာတော့ ခေါ်မှီတိုးတက်လာတဲ့နည်းပညာအရ ဆေးဝါးတွေကလည်း အရမ်းကို ခေတ်မှီလာပါတယ် ။ ရောဂါရာဇ၀င် history ကို မေးကြည့်လိုက်လို့ Trichomonas vaginitis လို့ သေချာရင် တော့ အမျိုးသမီးရော သူ့ရဲ့ partner ယောင်္ကျားပါ တစ်ပြိုင်တည်းကုသမှုခံယူရမှာဖြစ်ပါတယ် ။ အများအားဖြင့် ယောင်္ကျားဖြစ်သူဟာ ပိုးသယ်ဆောင်သူ ( carrier) ဖြစ်လေ့ရှိပါတယ် ။ ယောင်္ကျားမှာတော့ လက္ခာပြလေ့မရှိပဲ မိန်းမဖြစ်သူမှာသာ လက္ခဏာ ပြလေ့ရှိပါတယ် ။ ဒါကြောင့် ပြန်ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ပြိုင်တူကုသဖို့လိုပါတယ် ။ ဆေးကတော့ ရိုးရိုးလေးပါပဲ ။ Metronidazole ဆေးကို မနက် ၊ နေ့လည် ၊ ည တစ်ပြားဆီ ၂ ယောက်စလုံး တစ်နေ့ ၃ ကြိမ် ၇ ရက်သောက်ပေးရမှာဖြစ်ပါတယ် ။



Trichomonas ကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းဟာ အရောင်က ဖြူမနေပဲ စိမ်းဝါ၀ါအရောင်ရှိပါတယ် ။ ပမာဏ များပြီး အောက်ခံဘောင်းဘီစိုမယ် ။ ယားယံမယ် နောက်ပြီးအနံ့လည်းရှိပါတယ် ။ မိန်းမကိုယ်တစ်ခုလုံး ရဲနေပြီး အဲဒီ အပေါ်မှာ အမည်းပြောက်အဖြူပြောက်လေးတွေ တွေ့ရလေ့ရှိပါတယ် ။ မှိုစွဲတာကြောင့် မှုမမှန်တဲ့ အဖြူဆင်းခြင်းမှာကျတော့ မိန်းမကိုယ်နံရံမှာ အဖြူဖတ်လေးတွေ ကပ်နေလေ့ရှိတယ် ။ အဲဒါကို milk cast လို့လည်းခေါ်ပါတယ် ။ တစ်ဆို့ဆို့နဲ့နေရခက်တဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ် ။ Trichomonas vaginitis ဆိုတာသေချာရင်အထက်ကပြောသလို ဆေးသောက်လို့ရသလို မိန်းမကိုယ်ထဲ ထည့်တဲ့ဆေးတွေ လည်းသုံး လို့ရပါတယ် ။ မှိုစွဲလို့ အဖြူဆင်းတာကိုလည်း ထည့်ဆေးစားဆေးတွေသုံးလို့ရပါတယ် ။ တိုးတက်လာတဲ့ဆေး ပညာအရနောက်ပိုင်းမှာ ပိုးစွဲတဲ့ ၃ မျိုးစလုံးအတွက် အဆင်ပြေတဲ့ ထည့်ဆေးတွေရှိလာပါတယ် ။ တစ်ညတစ် လုံးနဲ့ ၆ ည ထည့်ပေးရပါတယ် ။

အမျိုးသမီးငယ်လေးတွေ ၊ ကျောင်းသူလေးတွေအနေနဲ့ အဖြူဆင်းတာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေပြည့် ၀နေဖို့လို ပါတယ် ။ တချို့ဆို စာမေးပွဲတွေလည်းရှိတယ် ။ အိပ်ရေးတွေပျက်ပြီး သွေးအားနည်း ပြီးတော့ မူမှန်အဖြူ ဆင်း တာတွေဖြစ်တာကို စိတ်ပူစိတ်ညစ်စရာမလိုပါဘူး ။ သွေးအားပြန်ပြည့်အောင် အနားယူပြီး ပုံမှန်စားသောက် လိုက်ရင်ပြန်ကောင်းသွားမှာဖြစ်ပါတယ် ။ IUCD ကြောင့်ဖြစ်တာဆိုရင်လည်း အဲဒါပြန်ထုတ် လိုက်ရင်ကောင်း သွားပါတယ် ။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ဆီးပူညောင်းကျရောဂါ ပိုး Ganorrhoea ကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေး Antibiotic ကိုသုံးဖို့လိုပါတယ် ။ ဆရာဝန် နဲ့ပြဖို့လိုပါတယ် ။ မူမှန်အဖြူဆင်းတာဟာ သွေးဆုံးချိန်မတိုင်ခင်အထိ ကြုံတွေ့နေရဦးမှာပါပဲ ။ မဆင်းရင် လည်းပိုးဝင်မယ် ။ ယောင်္ကျားနဲ့ အတူနေလို့မရဘူး ။ ဒါကြောင့် မူမှန်အဖြူဆိုတာ စိတ်ပူဖို့မလို ဘူးဆို တာ သိထားစေချင်ပါတယ် ။ အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသမီးစကားဝိုင်းတွေမှာ အမျိုးသမီး ကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုကြဖို့လိုပ့ါတယ် ။ တချို့က ဘယ်သူ့ကိုမှ လည်း မပြောပဲ ငါတစ်ယောက် တည်းဒီလိုဖြစ်နေတာပါလားဆိုပြီးတော့အတွေးတွေဝင်သွားတတ်ပါတယ် ။

အမျိုးသမီးတွေသာမက အမျိုးသားတွေရော ဒီသဘောသဘာဝ ကိုနားလည်ပြီး မိမိ partner ကိုတန်ဖိုး ထားနိုင် ကြ ပါစေ ။ အမျိုးသမီးကျန်းမာရေးဗဟုသုတတွေ ပြည့်ဝနိုင်ကြပါစေ ။

Ref : Health Education on Reproductive Health ( Prof . Myint Mg Mg )
: Internet

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 14, 2011

မိုးထဲရေထဲ သက်တန့်ရွာ အလှူပွဲ

မိုးထဲရေထဲ သက်တန့်ရွာ အလှူပွဲ




ဇွန်လ ၏ ဒုတိယ ရက်သတ္တပတ် တနင်္ဂနွေနေ့ ။ ကောင်းကင်တွင် ပူပြင်းမနေပဲ မိုးသားတို့ အုံ့မှိုင်းကာ ကမ်းနားလမ်းတလျှောက် တွင် လေတဖြူးဖြူးနှင့် နေချင့်စဖွယ်ပင်ဖြစ်၏ ။ ယနေ့ကား သက်တန့်ရွာကလေး၏ တတိယအကြိမ်မြောက်ဖြစ်သော အရှေ့ဒဂုံရှိ ဘုန်းတော်ကြီး ပရဟိတစာသင်ကျောင်းသို့ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းမည့် ၁၂ ရက်နေ့ ပင်ဖြစ်၏ ။ မိုးမရွာပါစေနဲ့လို့ တမင်ဆုတောင်းကာမှပင် မိုးကားတဖွဲဖွဲနှင့် ရွာလို့မ ဆုံးတော့ ။ စုရပ်သို့ သူကြီးနှင့် သားပြောင်တို့ ၂ ယောက် လမ်းမှာဆုံကာ အရင်ဆုံးရောက်သွားကြလေ၏ ။ မိဂျန် လေး နှင့် သက်မီ တို့ကား စုရပ်တွင်အသင့်စောင့်ကြိုနေကြလေ၏ ။ မကြာခင် ကိုစိုးမင်းထွန်း (graphic designer) ၊ အက်မင်ကြယ်ဖြူ ၊ ပုတုလေး ၊ မျိုးမြတ်မွန် ၊ ကဗျာချိုနှင့်သူ၏ သူငယ်ချင်း ၊ စနိုးကွင်းတို့ အသီး သီးရောက် ရှိလာကြလေသည် ။



ကိုစိုးမင်းထွန်း (Graphic designer) နှင့် သူကြီးသက်တန့်ချို

ဦးနိုးအိမ်ရှင်မှာမူ အလှူပြုလုပ်မည့်နေရာမှပင်စောင့်နေမည်ဖြစ်သောကြောင့် လူစုံသည်နှင့် မနက်ကိုး နာရီ ခွဲကျော်ကျော် တွင် သက်တန့်ရွာသူရွာသားများကား ညောင်ပင်လေးဈေးသို့ ကားကို လမ်းညွှန်ကာ လှူမည့် ဖိနပ်ထုပ်များ ၊ စာအုပ်ထုပ်များ ၊ အအေးဗူးများ စသည်တို့ကို တင်ကာ တဖန်လမ်းတွင် ကော်ဇော်များကို ၀င်၍ တင်ခဲ့ ရပေသေးသည် ။



လုပ်အားပေးနေသော ကဗျာချို၏ သူငယ်ချင်း အကိုကြီး ။ သူ့ခမျာ မနိုင်မနင်းနဲ့ ပုဆိုးကလည်းမကျွတ်အောင် မနည်းလျှောက်လာရပုံပါ ။



သူကြီးတို့ကလည်တော့ဘယ်ရမလဲ အအေးဘူး ၆ လုံးကဒ်လေးတွေသယ်ပစ်လိုက်တယ် ဟိဟိ ။ အရှေ့မှာလည်း ဖိနပ်ထုပ်ပြီး သယ်ထားပေးပါသေးတယ် ။ အထင်မသေးနဲ့နော် ဗလတောင့်တယ် :P



ညောင်ပင်လေးဈေးမှာ ပစ္စည်းတွေကို ကားပေါ်သို့ တင်ယူပို့ဆောင်ပေးနေပုံဖြစ်ပါတယ် ။



ကဲကဲ ..တက်ကြ တက်ကြ .. သူကြီးကတော့ လူကြီးဆိုတော့ အရင်တက်ထားနှင့်လိုက်တယ် ဟိဟိ မိန်းမ သားတွေ ကတော့ ဖြစ်သလိုပဲ ခုန်ပြီးတက်ကြပေတော့ :P

(ဤနေရာတွင် ရွာသူ ဘဏ္ဍာရေးမှူး သက်မီမီထိုက်အား အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောလိုပါသည် ။ ကျောင်း သား ၂၀၀ ကျော်အတွက် လိုအပ်သည့် စာအုပ်နှင့် တခြား ဖိနပ်များ စသည်တို့ကို အထုပ်ကလေးတွေ ထုပ်ကာ ဆာလာအိတ်ကြီးနှင့်အသင့်ပြုလုပ်ပေးထားသည်မှာ လူအများကြီး ၀ိုင်းလုပ်ရသည့်အတွက် သူမ၏ ကြိုးပမ်းမှု အား အထူးပင် ကျေးဇူးတင်ပါသည် ။ ) ရွာသားတစ်ဦးဖြစ်သော မျိုးမင်းကလည်းကလေးများအတွက် လက်ဆောင် ပစ္စည်းများဖြစ်သော စာအုပ် ၊ ကွန်ပါဘူး နှင့်အခြားအရာများကို ပုတုလေးနှင့် လူကြုံပေးလိုက် သည့်အ တွက်ကျေးဇူးတင်ရှိပါသည် ။ ကလေးများစာသင်ကျောင်းသို့လိုက်ပါကြသည့် ရွာသူရွာသားများမှာ ဦးပြောင် ၊ ကိုစိုးမင်းထွန်း ၊ သက်တန့်ချို ၊ ကြယ်ဖြူလေး ၊ သက်မီ အစ်မ ၁ ဦး ၊ သူငယ်ချင်းတစ်ဦး ၊ ပုတုလေး ၊ ကဗျာချို နှင့်သူငယ်ချင်း ၊ မျိုးမြတ်မွန် ၊ ပန်ပန်လေး ၊ စနိုးကွင်း ၊ မိဂျန်လေး နှင့် ဦးနိုးအိမ်ရှင်တို့ ဖြစ်ပါတယ် ။




ဒါကတော့ မိဂျန်လေး ရေဒီယိုမစခင်မှာ အားဖြည့်တဲ့အနေနဲ့ မုန့်စားနေကြပုံဖြစ်ပါတယ် ။ စိုးရိမ်ရရှာတယ် ကြယ်ဖြူ ၊ မိဂျန်နဲ့ ပုတု တို့ ၃ ယောက် တို့ အစားသောင်းကြမ်းနေကြပုံပါ ။



လမ်းတလျှောက်တွင်လည်း လှူမည့်အရှေ့ဒဂုံမရောက်ခင်အထိ ကားကို တစ်နာရီကျော်ကျော် ခန့် မောင်းခဲ့ ရပါတယ် ။ ဒါကတော့ လမ်းမှာတွေ့ရတဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်ပါတယ် ။ လယ်ကွင်းပြင်မှာ တဲ ကလေးတွေ နဲ့ မဖွံ့ဖြိုးသေးတဲ့ ရန်ကုန်မြို့ အချို့ပတ်ဝန်းကျင်မှာ စေတနာရှင်တွေလိုအပ်နေဆဲပါ ။ ကွက် လပ်တွေရှိနေဆဲပါပဲ ။


မိဂျန်လေး ၊ ပုတုလေး ၊ နဲ့ ကြယ်ဖြူတို့ရဲ့ ရေဒီယိုအစီအစဉ်ကလည်း ရွာသားတွေအိပ် မငိုက်အောင်တစ်ချိန် လုံး ဖျော်ဖြေ လာခဲ့တာခင်ဗျ ။ လယ်ကွင်းရနံ့သင်းသင်းနဲ့ တဲ့ငယ်လေးတွေ စပါးစိုက်ခင်းတွေနဲ့ တခါတခါ ကျွဲတွေနွားတွေ နဲ့ ရွာ တာရိုးမှာ ကားစီးရတဲ့အရသာမျိုးခံစားခဲ့ရပါတယ် ။ တစ်နာရီကျော်လောက် ကားစီးပြီးတဲ့ အခါမှာ တော့ ခဲရာခဲဆစ်ဝင်ခဲ့ရတဲ့ လမ်းတလျှောက်မှာ အနန္တမေတ္တာဘုန်းတော်ကြီး ပညာရေးကျောင်း ကို လှမ်းပြီး မြင်ခဲ့ရပါပြီ ။ အဲဒီမှာ ကိုယ့်ထက်အရင် အွန်လိုင်းပရဟိတအဖွဲ့ဖြစ်တဲ့ Save the aged အဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ရပါတယ် ။ ဒီပညာရေးကျောင်းလေးမှာ သူငယ်တန်းမှာ ကျောင်းသား/သူ ဦးရေ - ၁၁၅ ယောက် ၊ ပထမတန်းမှာ ကျောင်းသား/ သူ ဦးရေ - ၃၁ယောက် ၊ ဒုတိယတန်းမှာ ကျောင်းသား/သူ ဦးရေ - ၂၉ယောက် ၊ တတိယတန်းမှာ ကျောင်းသား/သူ ဦးရေ - ၂၉ ယောက် ၊ စတုတ္ထတန်း မှာ ကျောင်း သား/သူ ဦးရေ - ၂၃ယောက် စသဖြင့် စုစုပေါင်း ၂၂၇ ယောက် ကို လက်ခံပညာ သင်ကြား ပို့ချပေးနေတယ်လို့ သိခဲ့ရပါတယ် ။ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဒါနအဖြစ် ဆရာ (၁)ယောက် ၊ ဆရာမ (၃)ယောက် ၊ဦးဇင်း (၃)ပါး ရှိကြောင်းသိခဲ့ရပါတယ် ။ ရောက်တဲ့အ ခါမိုးက လည်းရွာနေတဲ့အတွက် ခဏတော့ ကျောင်းအောက်မှာ မိုးဝင်ခိုရပါသေးတယ် ။ နောက်ပြီး မိုးစဲတဲ့အခါ ကလေးတွေ စာ သင်တဲ့ကျောင်း ကိုသွားပြီး ယခုလို လှူဖွယ်ပစ္စည်းများပေးအပ်ခဲ့ပါတယ် ။

ကလေးတစ်ဦးစီလျှင်

၁ ။ ဗလာစာအုပ် နှစ်အုပ်
၂ ။ ခဲတံ
၃ ။ မုန့်
၎ ။ ခဲဖျက် + ပေတံ (မမျိုးမြတ်မွန် ထံမှ )
၅ ။ ဖိနပ်
၆ ။ အအေးဗူး တစ်ဗူး
စသည်တို့ဖြစ်ပါတယ် ။



ပျော်ပျော်ပါးပါး ယခုလို ဝေငှခဲ့ကြပါတယ် ။ ပိတိတွေဝေဖြာနေတဲ့ကလေးငယ်တွေမျက်နှာမှာ မျှော်လင့်ချက်တွေ အရောင်တွေလက်လို့ ။ အနာဂါတ်ဟာ သူတို့အတွက် အခုဆို ရေးရေးလေးတော့ မြင်နေရပါပြီ ။



ဦးနိုးက လည်းဖိနပ်အိတ်ကြီးကိုင်လို့ သူကြီးလည်း အအေးဗူးတွေ လိုက်ဝေနေပါတယ် ကျန်တဲ့သူတွေကလည်း အသီးသီး ကိုယ် နဲ့ ဆိုင်ရာ တွေ ဝေငှပေးကြပါတယ် ။ ကလေးတွေလည်းအရမ်းကိုပျော်ရွှင်နေပါတယ် ။



စည်းကမ်းတကျနဲ့ကလေးတွေဟာ အလုအယက် မရှိပါဘူး ။ လက်ကလေးနှစ်ဖက်နဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ ပြန်ပြောတဲ့ စကားသံလေးတွေက ကျွန်တော်တို့ ရင်ကို ဆို့နင့်သွားစေခဲ့တယ် ။ .......



ဒီလို အားပါးတရ လှူဖြစ်တဲ့အတွက် ဖတ်မိတဲ့ လူတွေလည်း သာဓုခေါ်သွားပေးကြပါ ။ နောင်နောင်မှာလည်း ဒီလိုလေးတွေ ဆက်လုပ်ဖြစ်သွားဦးမှာပါ ။



ဦးသားပြောင်လည်း အတော့်ကိုတက်ကြွနေပါတယ် ။ မျက်ရည်တွေဝိုင်းလို့ (အမှန်တော့ သူ လည်း ရေချိန်မ ကိုက်သေးလို့လားမသိပါဘူး ဟိဟိ ) အအေးဗူးတွေကိုင်ပြီး လိုတဲ့နေ ရာတွေ လျှောက် ပြီး ဝေပေးနေပါတယ် ။



ဒီလိုဒီလို ဖိနပ်တွေကိုလည်း အားပါးတရ လှူဒါန်းခဲ့ကြပါတယ် ။



မိဂျန်နဲ့ကြယ်ဖြူတို့လည်း ကလေးတွေကြားမှာ တိုးဝင်ပျော်မွေ့လို့ လူသာငယ်ပေမယ့် ပရဟိတ နဲ့ကြုံရတဲ့အခါ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြတဲ့ကလေးတွေကိုတွေ့ရလို့ ကျွန်တော်ဝမ်းသာမိပါတယ် ။



ဒါကတော့ အတန်းကြီးလေးတွေကို ဝေငှနေတဲ့ပုံဖြစ်ပါတယ် ။ သတို့မှာက စာသင်ခုံမရှိလို့ တန်းစီပြီး ဝေပေးနေ ခြင်းဖြစ်ပါတယ် ။



ရပြီးတဲ့ကလေးတွေကလည်း ကိုယ်စီကိုယ်ငှ အပျော်တွေ လင်းဝေဖြာလို့ ... ။ ကလေးတွေ ကို ဝေပေးခြင်း ပြီးဆုံးတဲ့အခါမှာတော့ ကျွန်တော်တို့တွေ ဗိုက်ကလည်း ဆာလောင်နေပါပြီ ။ အချိန်ကလည်း လင့်နေပါပြီ ။ ဒါနဲ့ဆရာတော် ဆီကိုသွားပြီးတော့အလှူငွေ ခြောက်သောင်းကျပ် ၊ သင်္ကန်းတစ်စုံ နဲ့ ကျောင်းအတွက် သုံးသောင်းကျော် တန်ဖိုးရှိ ကော်ဇောတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ် ။ အားလုံးသာဓု အနုမော ဒနာ ခေါ် ဆိုနိုင်ကြပါစေသောဝ် ...။



ဆရာတော်မှ ကျောင်းရဲ့လိုအပ်ချက်လေးတွေ ရှင်းပြပြီး အဖွဲ့လေးတွေမပြိုကွဲစေချင်ကြောင်းနဲ့ ပရဟိတကို ဆက်လက် လုပ်ကိုင်သွားဖို့ မိန့်ကြားနေပုံဖြစ်ပါတယ် ။







ဆရာတော်ကို လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းနေပုံဖြစ်ပါတယ် ။ သူကြီး ၊ ဦးနိုးနှင့် သားပြောင် ။ ဆရာတော် ဆီ က ပြန်ကြတဲ့အခါ ဗိုက်ကလည်းဆာလောင်နေပြီး Save the aged က ကြာဇံချက် စားသွားပါဦး ဆိုလို့ ၀င်ပြီးအားပေး ခဲ့ကြပါသေးတယ် ။ ရွာရဲ့ကာလသားခေါင်းကလည်း အဲဒီအဖွဲ့ရဲ့အဖွဲံ့ဝင်တစ်ဦးပါပဲ။



သူကြီးကထိပ်ဆုံးကနေအားပေးတာပါပဲ ။ ဘေးက ပုတုပြောင်ကလည်း အပီဆွဲတာခင်ဗျ ၃ ပန်းကန်လားပဲ ။ ရွာရဲ့အသက် အငယ်ဆုံးလေး ပန်ပန်လေးကလည်း ဇွန်းကိုလ က်ထဲကနေကို မချဘူးခင်ဗျ ။



ငါတို့ ထပ်ယူရင်ကောင်းမလားဆိုပြီး တိုင်ပင်နေကြပုံပါ ။



ကြယ်ဖြူကလည်း ထပ်မထည့်ပေးလို့တဲ့ အသားမပါဘူးဆိုပြီး ရန်တွေ့နေပုံပါ ။ဦးနိုးက ငါ့အရိုးလေး ကိုက်ပါလား တဲ့ ဟိဟိ ။



ဒီလို အားပေးနေကြတာ ။



သက်မီလည်းခေါင်းတောင်မဖော်နိုင်ရှာဘူးခင်ဗျ ။ ပန်ပန်လေးကတောင်သတိပေးရရှာတယ် ။

မိုးထဲရေထဲ သက်တန့်ရွာအလှူပွဲလေးကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ ။နောင်နောင်မှာလည်း ဒီလိုအ လှူလေးတွေ ထပ်လုပ်ဖြစ်သွားဦးမှာပါ ။မလိုက်နိုင်ခဲ့တဲ့လူတွေလည်း လိုက်နိုင်အောင်ကြိုးစားပေးကြပါ ။ ကျွန်တော် တို့အားလုံးရဲ့ ရင်ထဲမှာ ပီတိတွေ လင်းဝေဖြာလို့ အဲဒီတစ်နေ့က ကောင်းကင်မှာ ကြယ်စင်တွေ ထွန်းလင်း ခဲ့တယ် ။ သက်တန့် ဆိုတာ လူသားအားလုံးကို ကြည်နူးမှု ၀မ်းသာမှုတွေပေးနိုင် တဲ့အရာလေး တစ်ခုဖြစ်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့...။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................