Friday, May 27, 2011

O Aiaiai ( အိုင်း-အိုင်း )

O Aiaiai ( အိုင်း-အိုင်း )




အခုကစပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ထူးဆန်းလွန်းတဲ့ သတ္တ၀ါတွေကို ရှာရှာဖွေဖွေ စုစည်းတင်ပြပေး သွားမှာဖြစ်ပါတယ် ။ ပထမဆုံးမိတ်ဆက်ပေးလိုတဲ့ ထူးဆန်းရှားပါးတဲ့သတ္တ၀ါကတော့ အိုင်းအိုင်း (eye-eye) လို့ခေါ်တဲ့ O Aiaiai အကောင်ဖြစ်ပါတယ် ။ အိုင်းအိုင်းလေးဟာ Madagascar မှ တောအုပ်တွေ အတွင်းမှာ သာ နေထိုင်ပါတယ် ။ ကမ္ဘာပေါ်မှာ အဲဒီတစ်နေရာထဲမှာပဲတွေ့နိုင်ပြီး ထူးဆန်းတဲ့မျိုးနွယ်ဝင်ဖြစ်ပြီး ညဖက်မှာ သာ လှုပ်ရှားလေ့ရှိကြပါတယ် ။ သူတို့မှာ အရေပြားပေါ်မှာ မည်းနက်တဲ့ အမွှေးတွေ ပါရှိပြီး အစာ အနေနဲ့က သစ်သားတွေကို ထိုးထောက်တဲ့ အင်းဆက်တွေကို စားသောက်ပါတယ် တဲ့ ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၁၁)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၁၁)



ကျွန်ုပ်ကား လှေကြီးအောက်မှ အဖြူရိပ်ကြီးကို မျက်စိတဆုံးလိုက်ကြည့်ပြီးနောက် အံ့သြလွန်းသောကြောင့် ဆွံ့ အတိတ်ဆိတ်နေမိသည် ။

“ ဟေးး ဘီလူးရေ အဲဒါဘာကြီးတုန်းဟ ငရွေးကြီးပဲဖြစ်နေမလား ”

“ ငရွေးဆိုတာ ဘာတုန်း သူကြီးရ ”

“ ကုန်းမှာ ဆိုရင် နှစ်ချို့ မြွေကြီးတွေဟာ အကြီးဆုံးပဲလေ ဆင်တစ်ကောင်လောက်မဆိုထားနဲ့ သူ့ရဲ့ ကျောပေါ် မှာ ရွာတွေတောင် တည်လို့ရတယ်ဆိုပဲ ဒီကောင်ကြီးတွေက နောင်လာမယ့် ဘုရားရှင်ကို ဖူးမျှော်ဖို့ စောင့်နေ ကြတယ်လို့ဆိုကြတယ် ဘာအသားမှမစားပဲ မြေဆီမြေနှစ်တွေကို စားသုံးပြီး အဲဒလိုမြေကြီးထဲမှာ ငြိမ်ငြိမ်လေးနေ ကြတယ် ရေထဲမှာဆိုရင်လည်း ငရွေးတွေဟာအကြီးဆုံးပဲ ကျွန်တော်ထင်တာတော့ ငါးဒန်မျိုးနွယ် ဖြစ်မလားပဲ ဒီကောင်တွေက မြန်မာနိုင်ငံထဲက စန္ဒကူးနံ့သာ ကျောင်းတော်ရာဆိုတာ သိတယ် ဟုတ် ၀ါတွင်းကာလတွေဆို ငါးအကြီးကြီးတွေ ဘုရားဖူးလာကြတယ်လေ အဲဒီငါးကြီးတွေ ရဲ့အမျိုး အနွယ် လို့ ထင်တာပဲဗျ ဒါကြောင့်လည်းရှေးလူကြီးတွေက ကုန်းမှာမြွေပွေး ရေမှာ ငရွေး လို့ ခေါ်တွင် ကြတယ်လေ ”

“ အင်း ဟုတ်လိမ့်မယ် သူကြီးပြောသလိုဆို ခုနက ရေအောက်က အဖြူရိပ်ကြီးဟာ ငရွေးကြီးဖြစ်နိုင်တယ် ဗျ ”

“ အင်း ကဲ ဘီလူးရေ ရေလယ်ခေါင်မှာ ဒီအတိုင်းနေလို့ မဖြစ်သေးဘူး ဗျ ကမ်းကပ်ဖို့ စီစဉ်ပါဘူး ကျွန်တော်တို့ ပတ်ဝန်း ကျင်အခြေအနေလည်း လေ့လာရဦးမယ် ”

“ ဟုတ်ကဲ့ သူကြီး ”

သို့နှင့် ကျွန်ုပ်တို့ လူစုမှာ လှေကြီးအား ကမ်းသို့ကပ်နိုင်ရန်ကြိုးစားကြလေသည် ။ ကမ်စပ်တွင်ကား သဲသောင်ပြင် များနှင့် မှိုင်းညို့သော စိမ်းစိုသော တောအုပ်များက နေရာယူထား၏ ။ ကျွန်ုပ်တို့လည်း ကမ်းသို့ကပ်ပြီးသည်နှင့် သဲသောင်ပြင်သို့ ဆင်းလိုက်ရာ သဲပြင်မှာ ကျွန်ုပ်တို့ မြင်ဖူးသမျှ သဲပြင်နှင့် လုံးဝမတူပဲ နူးညံ့ အိစက်နေလေ၏ ။ ကျွန်ုပ်လည်း သတိထားကြည့်ရာ သဲသောင်ပြင်မှာ တစ်ချို့နေရာများတွင် အဖြူများဖြစ်နေသော်လည်း တစ်ချို့နေရာ များတွင် မီးခိုးရောင် ညိုညစ်ညစ်များဖြစ်လေသည် ။ ကျွန်ုပ်လည်း သင်္ကာမ ကင်းသောကြောင့် လှေပေါ်မှ လှော်တက်တစ်ချောင်းယူ၍ သဲညိုညိုများပေါ်ထိုးစိုက်လိုက်ရာ လှော်တက်မှာ တစ်ချောင်းလုံးနှစ်ဝင်သွားသည်ကို အံ့သြထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရလေသည် ။

“ဘုရားဘုရား သူကြီး စမ်းကြည့်ပေလို့ပဲ နို့မဟုတ်ရင် ရွာသားတွေအကုန်လုံးမျိုးတုန်းသွားနိုင်တယ် ”

ထွန်းထွန်းမှနေ၍ ထိုသို့ပြောလိုက်ပြီးနောက် အားလုံးမှာ ရှေ့မဆက်ဝံ့ကြတော့ပဲ ဖြစ်ကုန်ကြတော့သည် ။

“ ကျွန်တော်တို့အားလုံး ဟိုးက မြင်နေရတဲ့ တောစပ်လေးအထိရောက်အောင်သွားကြရမယ် အဲဒီနေရာမှာ လတ်တလော စခန်းချပြီး နယ်မြေစူးစမ်းရေးလုပ်ရမှာပဲဗျို့ အခု သဲသောင်ပြင်တွေကို အားလုံးမှတ်ထားကြပါ အဖြူရောင်တွေဟာ နင်းလို့ရတဲ့ သဲဖြစ်ပြီး အညိုရောင်နဲ့မီးခိုးရောင်တွေကတော့ သဲနွံတွေပဲဖြစ်တယ် အလွန် ကို ကြောက်ဖို့ကောင်းပါတယ် လူမပြောနဲ့ အိမ်တွေ ဆင်တွေကိုတောင် မြိုပစ်နိုင်ပါတယ် ”

ကျွန်ုပ်လည်း ထိုသို့မှာကြားပြီးနောက် ၂ယောက်တစ်တွဲစီတွဲစေကာ ကျွန်ုပ်နှင့် သူရိန်တို့က အရှေ့မှ လမ်းရှာသွားကာ ဘီလူးနှင့်သားပြောင် ၊ ရွှေတြိဂံလေးတို့မှ နောက်မှ ရွာသားများကို ဖေးမကူညီကာ ရှေ့သို့ ချီတက်ခဲ့ကြလေတော သည် ။ ထူးဆန်းသည်မှာ သဲသောင်ပြင်ဖြစ်သော် လည်း နေပူပြင်းလှ သည်မရှိ ပဲအေးမြနေ ကာ ကျွန်ုပ်မှာ အိုအေစစ်တွင်လမ်းလျှောက်နေသည်နှင့်ပင် တူလှပေတော့သည် ။ သို့နှင့် လမ်းခရီး တွင် ထူးထူးခြားခြားအန္တရာယ်မတွေ့ရပဲ တခါတရံတွင် သောင်ပုရစ်များ ၊ သောင်ဂဏန်းများ ဟိုမှသည်သို့ သွားလာနေကြသည်ကို တွေ့လိုက်ရလေသည် ။ ခပ်လှမ်းလှမ်း ဝေးဝေးမှ သွားလာနေကြသော သမင် ၊ ဒရယ်ကဲ့သို့ သတ္တ၀ါများကို လည်းတွေ့ကြရလေသည် ။ ကျွန်ုပ်တို့ လူအုပ်ကြီးသည် ၄၅ မိနစ်ကြာခန့်မျှ လမ်းလျှောက်ပြီးသော အခါ ဘေးမသီရန်မခပဲ တောအုပ်အစပ်သို့ရောက်ကြလေသည် ။

“ ကိုကြီး ဒီနေရာမှာ ပဲ ခဏနားကြမလား ရွာသားတွေလည်းပင်ပန်းနေကြပြီ ထင်တယ် ”

ညီငယ် မိုးစက်မှနေ၍ ပြောလိုက်သောကြောင့် ကျွန်ုပ်လည်း ရေအိုင်စပ်နှင့်နီးသည်က တစ်ကြောင်းတော စပ်တွေဖြစ်သောကြောင့် နေထိုင်ခင်းသာယာသည်က တစ်ကြောင်းကြောင့် ယာယီစခန်းချရန် ဆုံးဖြတ် လိုက်လေသည် ။

“ အင်းကောင်းသားပဲ ညီလေး ကဲ စားဖို့ တစ်ခုခုစီစဉ်ရမယ် ”

“ သူကြီး ကျွန်တော်တို့ သောင်ပုရစ်တွေ ကင်စားကြရင်ဘယ်လိုနေမလဲ ပြီးတော့ လိပ်ဥတွေလည်းတွေ့ခဲ့တယ် လမ်းမှာ ကျွန်တော်တို့ သွားရှာကြရင်ကောင်းမလား ”

ငမိုးမှ နေ၍ ပြောလိုက်သောကြောင့် ကျွန်ုပ်လည်း လက်ခံလိုက်လေသည် ။

သို့နှင့် ကျွန်ုပ် ၊ ဘီလူး ၊ သားပြောင် ၊ သူရိန် ၊ ဒရယ် ၊ ဝေယံ ၊ ငမိုး နှင့် နဲဗား တို့မှာ သောင်ပုရစ်နှင့် လိပ်ဥများ ရှာရန် သဲသောင်ပြင်သို့ တဖန်ပြန်ထွက်ခဲ့ကြလေတော့သည် ။

“ မာမီရေ မီးမွှေးထားလိုက်ဗျို့ ပုရစ်ကင်တွေစားကြမယ် ”

ဝေယံမှ နေ၍ သက်မီအား အော်ပြောရင်း ကျွန်ုပ်တို့မှာ ဘေးအန္တရာယ်များကြားမှပင် ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့ကြလေတော့သည် ။ ( မှတ်ချက် ။ ။ တစ်ရွာလုံးတွင် ကျေးရွာစားဖိုမှူးဖြစ်သော သက်မီအား မာမီအား ရွာသား များက မာမီဟု ခေါ်ကြကုန်၏ ။ အဘယ့်ကြောင့် ဤ သို့ ခေါ်ရသည်ကိုမူ ကျွန်ုပ်လည်း မသိပေ ။ မမီ ဟု ခေါ်ရာမှာ ကာလရွှေ့လျှားသွားသောကြောင့် မာမီဟု နာမည်တွင်ရခြင်းဖြစ်တန်ရာ၏ ) ကြယ်ဖြူလေး ၊ အင်ကြင်း ၊ ပုတု ၊ မီမီအောင် နှင့် ကျန် အပျိုကြီးတစ်သိုက်မှာမူ သွားရည်ကျရင်း ကျန်ခဲ့ကြကုန်၏ ။ (အပျိုကြီးတစ်သိုက်ဆိုသည်မှာ ရွာ၏ ပြယုဉ်များဖြစ်သော ဂျီဂျီ ၊ ဟေမွန်ချမ်း ၊ မေလေး အစရှိသူများကို ရည်ညွှန်း၏ ) ။ ရွာတွင် ကလေးပီပီ သွက်သွက်လက်လက်ရှိလှသော မိဂျန်လေးခေါ် လေဒီဂျန်ဂျန်မှာမူ သက်မီအား ၀ိုင်းကူရင်း အသံသေးအသံကြောင်သီချင်းများကို အော်ဆိုရင်းကျန်ခဲ့လေသည် ။ သို့နှင့် ကျွန်ုပ်တို့လူစုလည်း သဲသောင်ပြင်သို့ရောက်သောအခါ သဲပြင်မို့မို့များကို ရွေးကြလေ၏ ။

“ ကဲ ကျွန်တော်က ဧရာဝတီတိုင်းသားဆိုတော့ သောင်ပုရစ် ဖမ်းတာ ကျွမ်းတယ်ဗျ ဒီတော့ ဒီလိုလုပ် သူရိန် ဒရယ် ဝေယံ နဲဗားက လိပ်ဥ သွား နှိုက်ချေ ခင်ဗျားတို့က ဒါမျိုးကျွမ်းတယ် ကျန်တဲ့ ဘီလူး ၊ သားပြောင်တို့က ကျွန်တော်နဲ့ ပုရစ်ဖမ်းမယ် ”

“ သူကြီး ကျွန်တော်လည်း ပုရစ်ဖမ်းလို့မရဘူးလား ကျနော် ဥမနှိုက်ချင်ဘူး ရိုးနေပြီ ”

သူရိန်ခေါ် ကြာဇံ မှ ပြောလိုက်သောကြောင့် ကျွန်ုပ်လည်း ပုရစ်ဖမ်းရန်ခေါ်ထားလိုက်လေသည် ။ ကျန် ၃ ယောက်မှာမူလိပ်ဥများ နှိုက်ရန် ထွက်ခွာသွားကြလေသည် ။

“ သဲနှုံးတွေကို သတိထားကြဦးဟေ့ ”

ကျွန်ုပ်လည်း ၄င်းတို့ကြားအောင် မှာကြားလိုက်ရလေသည် ။

“ ကဲ အရင်ဆုံး ကျွန်တော်တို့ ရေသွားခပ်ရအောင် ကဲ သူရိန်ရေ မင်းလက် ထဲက ရေပုံးကြီးနဲ့ ရေ အပြည့် ခပ်ချေတော့ ”

“ ဟုတ်ကဲ့သူကြီး ”

သို့နှင့် သူရိန်အား ရေပုံးနှင့် ရေအပြည့်ခပ်ခိုင်းပြီးသည်နှင့် သောင်ပုရစ်ဖမ်းနည်းအား သင်ခန်းစာပေး ရလေတော့သည် ။

“ ဒီလိုရှိတယ် ဗျ သောင်ပုရစ်တွေဟာ သဲသောင်ပြင်ပေါ်မှာ သဲမွမွလေးတွေကို အိမ်လုပ်ပြီးနေလေ့ရှိကြတယ်ဗျ ဒီကောင်တွေ က အသေးဆုံးက ယောင်္ကျား လက်မလောက်ရှိပြီး အကြီးဆုံးက ယောင်္ကျား လက်သီးဆုပ်လောက် ရှိတယ်ဗျို့ ဒီကောင်တွေရဲ့အားနည်းချက်က ရေမွမ်းတဲ့ဒါဏ် မခံနိုင်တာပဲ တစ်ကိုယ်လုံး ဖြူစွတ်နေပြီး အသားက လည်း များမှများ ကင်လိုက်ရင် အနံ့လေးကိုမွှေးနေတာပဲ ဒီတော့ ကျွန်တော်လက်တွေ့ဖမ်းပြမယ် ကျနော်လုပ် တဲ့အတိုင်းလိုက်လုပ်ကြည့်ကြပေါ့နော့် ”

ဟုေ ပြာဆိုရင်း ကျွန်ုပ်လည်း သူရိန့်လက်အတွင်းမှာ ရေပုံးအားဆွဲယူရင်း ပုရစ်တွင်း တစ်တွင်း ထဲသို့ လောင်း ချလိုက်လေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဂျစ်ပ်စီတွေရဲ့၂၀၁၁ Khamoro ပွဲတော်

ဂျစ်ပ်စီတွေရဲ့၂၀၁၁ Khamoro ပွဲတော်




Prague မှာ ၂၀၁၁ ခုနှစ် မေ ၂၆ ရက့်တုန်းက ကမ္ဘာ့ ရိုးမား ဂီတနဲ့ အက ပွဲတော်ဖြစ်တဲ့ Khanmoro ၂၀၁၁ ပွဲတော် ကို အိန္ဒိယမှ Rabari gypsies တွေက ဆင်နွဲခဲ့ပါတယ် ။ နိုင်ငံပေါင်း ၁၉ နိုင်ငံက ၁၀၀ ကျော်တဲ့ အနုပညာ ရှင်တွေဟာ ဒီ Khamoro ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ပါတယ် ။







www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 26, 2011

X Rays မျက်လုံးများနှင့်မိန်းကလေး

X Rays မျက်လုံးများနှင့်မိန်းကလေး




အမှတ်တမဲ့ သူမ မျက်လုံးဖြူဖြူကြီးတွေကိုကြည့်မိရင် သွေးလန့်သွားစရာပါပဲ ။ လှပချောမောတဲ့ သက်ကျော် သက်ကလေးဟာ အဖြူရောင်မျက်လုံးများကို ပိုင်ဆိုင်ပြီး X Rays ကဲ့သို့ အလုံပိတ် အရာများ နဲ့ ကျောက် တုံးတွေ တွေကို ထိုးဖောက်မြင်နိုင်စွမ်းရှိပါတယ် ။ အသက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ Laura Castro ဟာ ပုံမှန် ပဲ မွေးဖွား လာပြီး အသက် ၁၀ နှစ်လောက်မှာတော့ ထူးခြားစွာ အဖြူရောင်တွေဖြစ်လာခဲ့တယ် ။ သူမဟာ ကလေး ဆရာဝန်တွေနဲ့ စမ်းသပ်ခဲ့ပြီး မျက်စိအထူးကုတွေနဲ့တခြား expert တွေနဲ့ ပြသခဲ့ပါတယ် ။ ဒါပေမယ့် လည်း ဒီလို ရှားပါးတဲ့အခြေအနေမျိုးကို ဘယ်သူကမှ ရှင်းမပြနိုင်ခဲ့ကြပါဘူး ။

ဆရာတွေက ဒီလိုမျိုးတစ်ခါမှမတွေ့ဖူးဘူးလို့ပြောပါတယ် လို့ ကလေးရဲ့မိခင် divorcee Anabel Castro ကပြောကြား ပါတယ် ။ ကျွန်မသမီးလေးဟာ အမှောင်ထဲမှာလည်းပဲ နေ့ဖက်တွေလို မြင်နိုင်စွမ်းရှိပါတယ် ပြီးတော့ အလုံပိတ်အရာဝထ္ထုတွေကို ဖောက်ထွင်းပြီး မြင်နိုင်စွမ်းလည်းရှိပါတယ် လို့ သူမက ဆိုပါတယ် ။ ဆရာ ၀န်တွေက တော့ သူမဟာ ဓါတုပစ္စည်းသို့မဟုတ် တစ်ခုခု သူမရဲ့ ဦးခေါင်းထဲကို ရိုက်သွင်းမိလို့ ဖြစ်မယ်လို့ ဆိုပါတယ် ။

“ စစ သိချင်းကတော့ သူမ မျက်လုံးတွေက အညိုရောင်တွေပါပဲ နောက်ပိုင်းတဖြည်းဖြည်းဖြူလာပြီး ပိုပို ဆိုးလာ ခဲ့တာပါပဲ ”

သိပ္ပံပညာရှင်တွေက သူမကို X Rays Girl အဖြစ် သတ်မှတ်ခဲ့ကြပြီး သူမဟာ လေးလက်မထူတဲ့ ကွန်ကရစ်တွေ ၊ စတီး တွေ ၊ အုတ်နံရံတွေ နဲ့ သစ်သားတွေ ပလတ်စတ်တွေ နဲ့ တယ်လီဖုန်းစာအုပ်တွေကို ထိုးဖောက် မြင်နိုင်စွမ်းရှိတယ်ဆိုတာ အတည်ပြုခဲ့ကြပါတယ် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................


ကလေးများတွင် အစားအသောက်ပျက်ခြင်း

ကလေးများတွင် အစားအသောက်ပျက်ခြင်း




ကလေးတွေကြီးထွားချိန်ရောက်ပြီဆိုရင် သူတို့ကောင်းမွန်စွာကြီးထွားခြင်းရှိမရှိ ဆုံးဖြတ်နိုင်တဲ့အဓိက အချက် ကတော့ အစာစားချင်စိတ်လို့ခေါ်တဲ့ Appetite ကို လေ့လာစောင့်ကြည့်ခြင်းပဲဖြစ်ပါတယ် ။ ကလေးတွေဟာ သူတို့ရောက်ရှိနေတဲ့ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားခြင်းရှိမရှိ ၊ ဒါမှမဟုတ် အသက်အရွယ်နဲ့ ပုံမှန်ကြီး ထွားမှုမှာ တစ်ခုခု မှားယွင်းနေပြီဆိုရင်တော့ သူတို့ရဲ့ appetite ကို လေ့လာဆန်းစစ်ဖို့လိုနေပါပြီ ။ ကလေးတွေဟာ လှုပ်လှုပ်ရှားရှားရှိနေတဲ့အချိန်မှာ သူတို့မှာ ပုံမှန်အစာစားချင်စိတ် good appetite ရှိနေပြီး အဲဒီအ ချိန်မှာ သူတို့ဟာ ပိုမိုစားဝင်ပြီး လိုအပ်တဲ့အာဟာရနဲ့ စွမ်းအင်တွေကို ရရှိပါတယ် ။ ဒါဟာ ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ ကူညီပေးယုံသာမကပဲ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ( Psychological growth) ကိုပါ ကူညီထောက်ပံ့ပေးပါတယ် ။ ကလေးငယ်တွေမှာ အစားအသောက်ပျက်ခြင်းဟာ စိုးရိမ် ပူ ပန်စရာကောင်းတဲ့အချက်အဖြစ် ထည့်သွင်းစဉ်းစားရပါမယ် ။ ဒါဟာကလေးရဲ့ ခန္ဓာကိုယ်နဲ့ ပတ် သတ်ပြီး မူမမှန်ဘူးဆိုတာ အချက်ပေးနေတာဖြစ်ပြီး ဘာကြောင့်အစားအသောက်ပျက်ရသလဲ ဆိုတဲ့ အကြောင်း ပြ ချက်ရှိပါတယ် ။ ဒီအခြေအနေကို စောစော သိနိုင်ဖို့လည်းလိုအပ်ပြီး အစားအသောက်ပျက်ခြင်းဟာ ဘယ်လို အခြေအနေမျိုးတွေကို ဦးတည်သလဲဆိုတာကိုလည်း နားလည်ဖို့လိုပါတယ် ။

အစားအသောက်ပုံမှန်စားချင်စိတ်ရှိအအောင်လုပ်ဆောင်ပေးတဲ့စနစ်ဟာ ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး အဲဒီ မှာ အစာ အိမ်နှင့်အူလမ်းကြောင်း ၊ adipose တစ်ရှူးများ ၊ ဦးနှောက် ၊ ဟော်မုန်းတွေနဲ့ အာရုံကြော စနစ်တွေ ပါဝင်ပတ်သတ်မှုရှိပါတယ် ။ Appetite Control Systme ( ACS) ဟာ ဦးနှောက်ထဲမှာရှိပြီး အစာစားချင် စိတ် ၊ အစာစားတဲ့အလေ့အထနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိမ်းချုပ်ပေးပါတယ် ။ ACS ဟာ ခန္ဓာကိုယ်အလေးချိန် ၊ အပူချိန် ၊ လှုပ်ရှားမှု ၊ ရာသီဥတု ၊ မိန်းမတွေမှာ မျိုးပွားစက်ဝန်း ၊ အစားအသောက်ရရှိနိုင်မှု ၊ သုံးစွဲမယ့် စွမ်းအင်ပ မာဏနဲ့ အစာဘယ်လောက်စားရမယ် ဘယ်အချိန်စားရမယ်စတဲ့ သတင်းအချက်အလက်တွေကို စုစည်း လုပ်ဆောင် ပါတယ် ။

ကလေးငယ်တွေ ဘာကြောင့်အစားအသောက်ပျက်သလဲ ?

ကလေးငယ်တွေမှာ အစားအသောက်ပျက်ခြင်းကို ဂရုတစိုက် screen လုပ်ဖို့လိုအပ်ပြီး အကယ်၍ ကလေးငယ် တစ်ယောက်ဟာ အစားအသောက်ပျက်ပြီဆိုရင် မူမမှန်တဲ့ လက္ခဏာအဖြစ် ထည့်သွင်း စဉ်းစားရ ပါမယ် ။

၁ ။ Influenza ( တုပ်ကွေး )

အဖြစ်များတဲ့ တုပ်ကွေးဖျားနာခြင်းဟာ ကလေးငယ်တွေကို အစားအသောက်ပျက်စေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ် ။ Flu လို့ခေါ်တဲ့ တုပ်ကွေးဗိုင်းရပ်စ် ၀င်ပြီဆိုရင်တောပ့ ကိုယ်ပူချိန်တက်ပြီး ဖျားနာခြင်း ၊ နှာရည် ယိုခြင်း ၊ ခေါင်းမူးခြင်းနဲ့ ပါးစပ်ထဲမှာ ခံတွင်းမတွေ့ခြင်းစတဲ့ လက္ခဏာတွေ ခံစားရပါမယ် ။ အဲဒီအချိန် အတောအတွင်းမှာ ခန္ဓာကိုယ်က ဘတ်တီးရီးယား ကြီးထွားမှုကို တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်ကို ပြန်ရဖို့ ကြိုးစားပါတယ် ။ အဲဒီအချိန်မှာပဲ ခန္ဓာကိုယ်ရဲ့ energy level ဟာနိမ့်ကျနေပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ကောင်းမွန်စွာ ပုံမှန်မလုပ်ဆောင်နိုင်သေးပါဘူး ။ အဲဒီအချိန်မှာပဲ အစာချေ စနစ် ဟာ ပုံမှန်မဟုတ်တဲ့အတွက် အစားအသောက်ပျက်လာခြင်း ( Loss of appetite) ကို ခံစား ရပါတယ် ။

“ ဒါကြောင့် ကလေးတစ်ယောက် ရုတ်တရက် အစားအသောက်ပျက်ပြီးဆိုရင် သူ့ရဲ့ကိုယ် အပူချိန်ကို စမ်းကြည့်ဖို့ မမေ့ပါနဲ့ ”



၂ ။ ၀မ်းချုပ်ခြင်း ( Constipation)

ကလေးငယ်တွေကို အစားအသောက်ပျက်စေတဲ့ နောက်အကြောင်းတစ်ခုကတော့ ၀မ်းချုပ်ခြင်းပဲဖြစ်ပါတယ် ။ ၀မ်းချုပ်တဲ့အခါ ပုံမှန် bowel movement တွေကို တားဆီးပေးထားပြီး ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေသလို ခံစားနေ ရလေ့ရှိတယ် ။ ဒီလို bowel movement တွေမကောင်းတဲ့အခါ စနစ်တစ်ခုလုံးကို သက်ရောက်စေလေ့ ရှိပြီး အစားအသောက်ကို ပျက်စေပါတယ် ။

၃ ။ အစာ စားချိန်ကြားတွင် သရေစာများစားခြင်း

အထူးသဖြင့်ငယ်ရွယ်တဲ့ကလေးတွေဟာ သရေစာကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ် ။ ထမင်းစားပွဲပေါ်မှာ သူတို့ စိတ်ဝင်စားတဲ့အရာ ရှာမတွေ့ဘူးဆိုရင်တော့ ဒါဟာ အစားအသောက်ပျက်ခြင်းကို ဦးတည်နေပါပြီ ။ Junk Food လို့ခေါ်တဲ့ ဗိုက်ပြည့်စေတဲ့သရေစာတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းအောင်ထုပ်ပိုးထားတဲ့ snack တွေ ဟာ လည်း ထမင်းစားချိန်မတိုင်ခင်စားမိရင်လည်း ဗိုက်ပြည့်နေစေပြီး အကျိုးမရှိပါဘူး ။ ဒီလိုစားထားမိရင် ထမင်းစား ချိန်ရောက်တဲ့အခါ အစားအသောက်ပျက်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ဒါကြောင့်ကလေးတွေကို ထမင်းကျွေး တဲ့အခါ သူတို့စိတ်ဝင်စားတဲ့အရာလေးတွေ သူတို့ စားချင်မယ့်အရာလေးတွေကို ပုံစံတစ် မျိုးနဲ့ ကျွေး ဖို့လိုအပ်ပါသေးတယ် ။

၎ ။ ဖိအားနှင့် စိတ်ဖိစီးမှု

အရေးကြီးတဲံ့ အစည်းအဝေးတစ်ခု အရေးကြီးတဲ့ meeting တစ်ခုရှိနေပြီဆိုရင် စိတ်တွေတင်းကြပ်ပြီး သင်ရော အစားအသောက် ပျက်တယ်လို့ ခံစားမိပါသလား ။ အတူတူပါပဲ ။ ကလေးတွေမှာလည်း ဖိအားတွေ စိတ်ဖိစီး မှုတွေကြုံ လာရပြီဆိုရင် ခန္ဓာကိုယ်က အန္တရာယ်ရှိစေတဲ့ ဓါတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပြီး အစာစားချင် စိတ်ကို ထိမ်းချုပ်လိုက်ပါတယ် ။ ကလေးတစ်ယောက်ဟာ ငြိမ်သက်နေပြီဒါမှမဟုတ် အထီးကျန်နေပြီဆိုရင် ၊ ကျောင်း သွားဖို့ ငြင်းဆန်နေပြီဆိုရင်တော့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ် ။ သူတို့ ကို နွေးထွေး စွာ ဆက်ဆံဖို့လိုအပ်ပြီး ကျောင်းမှာ ဒါမှမဟုတ် အိမ်မှာ ဘာပြဿနာတွေရှိလည်းဆိုတာကို ကူညီဖြေ ရှင်းပေးရမှာဖြစ်ပါတယ် ။

၅ ။ အခြားအကြောင်းအရာများ

ငယ်ရွယ်တဲ့ကလေးတွေသာမက အသက်အနည်းငယ်ကြီးတဲ့ လူငယ်တွေနဲ့ လူကြီးတွေမှာလည်း အစား အသောက် ပျက်ခြင်းတွေကို ဖြစ်စေတဲ့ အခြားအကြောင်းပြချက်များစွာ ရှိပါသေးတယ် ။ အဲဒါတွေကတော့

- အူထဲတွင် သံကောင်တုပ်ကောင်များ ရှိခြင်း
- Bulemia ရောဂါ
-စိတ်ကျရောဂါ
-ဆေးဝါးများ ( ပိုးသတ်ဆေးများ ၊ အကိုက်အခဲပျောက်ဆေးများ ၊ ကင်ဆာဆေးများ ၊ ဗိုင်းရပ်ကုသဆေးများ ၊ နှလုံးဆေးများ ၊ ကိုဒင်း ၊ မော်ဖင်း စသည်)
-ထမင်းစားချိန် မမှန်ခြင်း
-အလွန်အမင်းဂိမ်းဆော့ခြင်း
-အလွန်အမင်းတီဗီကြည့်ခြင်း စသည်တို့ဖြစ်ပါတယ် ။

ဘာကြောင့်ကလေးတွေ အစားအသောက်ပျက်ရသလဲဆိုတဲ့ အဓိက အကြောင်းပြချက်တွေရှိပါတယ် ။ ဒါကြောင့် ကလေးတွေကိ မိဘတွေအနေနဲ့ သေချာဂရုတစိုက်နဲ့ ရုပ်ကျန်းမာေ၇းသာမက စိတ်ကျန်းမာရေးကို အလေးထား ပြီး Care လုပ်ဖို့လိုအပ်ပါတယ် ။ အကယ်၍ လိုအပ်မယ်ဆိုရင်တော့ Appetite stimulant လို့ခေါ်တဲ့ အစာစား ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဆေးတွေ တိုက်ကျွေးနိုင်ပါတယ် ။

Ref : Internet ( Loss of appetite in children)

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 24, 2011

သတိထားလော့!!သွေးစုပ်ကောင်တွေလာပြီ !!

သတိထားလော့!!သွေးစုပ်ကောင်တွေလာပြီ !!



2011 ခုနှစ် မေလ ၂၁ ရက် ၊ ပါရူးနိုင်ငံ မှ Medieval Charles တံ တားပေါ်မှာ သွေး စုပ်ကောင် လမ်းလျှောက်ခြင်းပွဲတော်အဖြစ် သွေးစုပ်ကောင်တွေအဖြစ်ဆင်မြန်းထားတဲ့ လူတွေဟာ လမ်းလျှောက်နေ ကြ ပုံဖြစ်ပါတယ် ။ ဒါဟာ လေးကြိမ်မြောက်ကျင်းပခြင်းလည်းဖြစ်ပါတယ် ။

















www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အရုပ်ကမ္ဘာ

အရုပ်ကမ္ဘာ





၂၀၁၁ ခုနှစ် ၊ မေလ ၂၂ ရက်နေ့မှာ ယူကရိန်းနိုင်ငံမြို့တော် Kiev မှာကျင်းပခဲ့တဲ့အရုပ်ပွဲတော်မှာ အ ရုပ်လေးတွေကို ချစ်မြတ်နိုးသူ ခရီးသည်တွေ လာရောက်ကြည့်ရူနေကြခြင်းဖြစ်ပါတယ် ။








www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Egg handicrafts

Egg handicrafts

















www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 21, 2011

ညီမလေးဖတ်ဖို့ (၅)

ညီမလေးဖတ်ဖို့ (၅)




သို့

ညီမလေးရေ ... ပူပြင်းတောက်လောင်တဲ့ နွေရာသီကြီးမှာတောင်မှ အချိန်အခါမဟုတ် မိုးက တအုန်းအုန်း ရွာနေ လိုက်တာ မိုးတွင်းကြီးအတိုင်းပါပဲ ။ ရာသီဥတုတွေဖောက်ပြန်တော့ လူတွေလည်း ကျန်းမာရေးတွေ ချို့တဲ့ ရောဂါ ဘယတွေ ၀င်နဲ့ အတော်လေးကို ဒုက္ခရောက်ကြရတာပေါ့ ။ ညီမလေးရော နေကောင်းပါရဲ့လား ။ ဒီတစ်ခေါက် စာလေးမှာလည်း ညီမလေးအတွက် သိမှတ်ဖွယ်ရာလေးတွေနဲ့ ဘ၀ ဆိုတဲ့ တိုက်ပွဲလေး အကြောင်း ကို တွေးမိတာလေးတွေကို စာရွက်ဖြူလေးပေါ် ချရေးပေးလိုက်ပါတယ် ။

ညီမလေးရေ ..။ တစ်ချို့ကပြောကြတယ် ဘ၀ဆိုတာ ခက်ခဲကြမ်းတမ်းတယ်တဲ့ တစ်ချို့တော့ ဘ၀ဆို တာ ချောမွေ့ နေတဲ့ ပန်းခင်းလမ်းကြီးပါတဲ့ ။ ဒီလိုပါပဲ ဘယ်အကြောင်းအရာမဆို လူတွေက ရှူထောင့်မျိုးစုံ က မကြည့်ကြပဲ မိမိဖက်က (ကိုယ်မြင်နေရတဲ့) အပိုင်းကနေချဲ့ပြီး မှတ်ချက်တွေ ချလေ့ရှိတယ် ။ တကယ်တော့ ဘ၀ဆိုတာ တို့တွေ ဖြတ်သန်းခဲ့ကြရတဲ့ ၊ ဖြတ်သန်းနေရတဲ့ ၊ ဖြတ်သန်းရတော့မယ့် နေ့ရက်တွေပဲမဟုတ်ပါလား ။ တို့တွေအား လုံးဟာ ဆိုးတာတွေလည်း ကြုံခဲ့ရသလို ကောင်းတာတွေလည်း ကြုံခဲ့ရတယ် ။ ပျော်ရွှင်စ ရာတွေတွေ့ ရင် ဟားတိုက်ရယ်မောမိသလို ၀မ်းနည်းစရာတွေတွေ့ရင်လည်း မျက်ရည်တွေဖြိုင် ဖြိုင်ကျပြီး ငိုကြွေးခဲ့ကြရတယ် ။

ညီမလေးရေ တကယ်တော့ ဘ၀ဆိုတာ သူ့ဘာသာသူ အစီစဉ်တကျဖြစ် ပျက်နေတဲ့ Program ကြီးတစ်ခုဖြစ်တယ် ။ အဲဒီအစဉ်ထဲမှာ နေသား တကျမဖြစ်ပဲ ဘေးချော်သွားတဲ့လူတွေကတော့ ကြမ်းတမ်းတဲ့ ဘ၀ကိုရရှိပြီး အစီအစဉ်တကျ အလိုက်သင့်စီးမျောနိုင်တဲ့သူကတော့ သာမန်မဆိုးဝါးတဲ့ ဘ၀ကိုရရှိတာပေါ့ ။ ဒီနေရာမှာ တစ်ခုပြောရဦးမယ် ။ ကြမ်းတမ်းတဲ့ဘ၀ကို ညီမလေးအနေနဲ့ ဘယ်လိုခံ ယူထားပါသလဲ ။ ဥပမာ ငယ်ငယ်လေးကတည်းက ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ နေရတာကို ကြမ်းတမ်း တယ်လို့ဆို လိုတာလား ။ ဒါမှမဟုတ် သူများတွေကားစီးနိုင်လို့ ကိုယ်မစီးနိုင်သူများတွေ ဖုန်းကိုင်နိုင်လို့ ကိုယ်မကိုင်နိုင်တာကို ကြမ်းတမ်းတယ်လို့ ဆိုလိုတာလား ။

ညီမလေးရေ ငယ်ငယ်လေးကတည်းက ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာ တို့တွေလုံးဝပြုပြင် ဖန်တီးလို့မရ တဲ့ မွေးရာပါ အမွေတွေပဲဖြစ်တယ် ။ တစ်ချို့ ဒါကို ကျေးဇူးရှင်မိ ဘတွေကို စော်ကား တတ်ကြသေး တယ်ညီမလေး ရေ ။ အမေတို့ ကြောင့် အဖေတို့ကြောင့် ကျွန်တော်တို့ ဒီဘ၀မှာ ဆင်းရဲရတာ ကျွန်တော်တို့သာ သူဌေးမကြီးတစ်ဦး ဗိုက်ထဲဝင်စားခဲ့ရင် အခုချိန်သူဌေးသားလေးဖြစ်နေမယ်ဆိုသတဲ့ ။ ညီမလေးရေ .. အဲဒီလိုပြောကြေးဆိုရင် မိဘတွေဗိုက်ထဲကို ၀င်စားဖို့ တို့တွေက ရွေးချယ်ခဲ့တာလား သူတို့က လာကွာမင်း ငါတို့နဲ့အတူလာနေဆိုပြီး ရွေးချယ်ခဲ့ကြတာလား ။ အမှန်တော့ တို့ ဘာသာရေးအရဆိုရင် အရာအားလုံးဟာ ကံကံ၏အကျိုးတရားတွေပဲညီမလေးရေ ။ မိဘတွေဟာ သားသမီးတွေကို ရွေးချယ်ခွင့်မရှိသလို သားသမီးတွေ ကလည်း မိဘတွေကို ရွေးချယ်ခွင့်မရှိဘူး ။

ရေစက်ပါတဲ့ ကံတရားတွေနဲ့ တို့တွေဟာ ဒီကမ္ဘာကြီး ပေါ်က ဒီနိုင်ငံလေးပေါ် ဒီမြို့ ဒီရပ်ကွက် ဒီအိမ်လေးထဲမှာ အတူလာရောက် အမျိုး တော်စပ်နေကြရတာဖြစ်တယ် ။ ညီမလေးရေ တို့တွေ နေထိုင်ရမယ့် ရက်တွေကို လက်ချိုးရေတွက်ကြည့်ပါ ။ ကြောက်စ ရာကောင်းလောက်အောင် နည်းပါးတာကို တွေ့ရလိမ့်မယ် ။ ဒီအတောအတွင်း တို့တွေ လုပ်စရာတွေ လုပ်သင့် တာတွေအ ကုန်လုပ်ခဲ့ကြပြီးပြီလား ။ တို့တွေဟာ လူသားတစ်ဦးအနေနဲ့ ဘာတွေကို တာဝန်ကျေခဲ့ပြီးပြီလဲ ။ မိဘအပေါ် ၊ သူငယ်ချင်းအပေါ် ၊ မိတ်ဆွေအပေါ် ၊ ဆရာသမားအပေါ် စသဖြင့်ပေါ့ ။ ပြန်တွေးကြည့်ပါဦး ညီမလေးရေ ။

ညီမလေးရေ... လူဆိုတာ အမှားနဲ့မကင်းနိုင်တဲ့ အမျိုးဆိုတာ ညီမလေး လက်ခံရလိမ့်မယ် ။ ငယ်ငယ်လေး ကတည်းက မမှားဖူးတဲ့လူဆိုတာ ကမ္ဘာပေါ်မှာမရှိပါဘူး ။ ဒါပေမယ့် အဲဒီကိုယ်လုပ်ခဲ့တဲ့အမှားကို လက်ခံပုံခြင်း ကျတော့ တစ်ဦးနဲ့တစ်ဦး မတူကြဘူးညီမလေးရေ ။ တစ်ချို့ က အမှားလေးတစ်ခု လောက်လုပ်ပြီးတာနဲ့ ငါလုပ်ခဲ့တာတော့မှားသွားပါပြီ နောင်တရပါပြီ စသဖြင့် ယူကြုံးမရဖြစ်ဘူး တမှိုင်မှိုင်တထွေထွေနဲ့ ငေးတွေးနေပြီး အင်းနောက်တော့လည်း တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်ပါပဲကွာဆိုပြီး အမှားတွေ ကို ဆက် တိုက်လုပ်လေ့ရှိတယ် ။ အဲဒီလိုလူမျိုးဟာ အဖတ်ဆယ်မရတဲ့ လူအမျိုးအစားလို့ခေါ်တယ် ။ နောက်တစ် မျိုး ကတော့ အင်း ငါလုပ်ခဲ့တာမှားနေပါလား အင်းငါ နောက်ဆက်ပြီးမမှားတော့ဘူးဆိုပြီး ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ပြီး ရှေ့ဆက်မမှားတော့ပဲ နေထိုင်လေ့ရှိတယ် ။

ဒီလိုလူမျိုးကတော့မဆိုး ဘူး ။ သူက အမှားကို အမှားမှန်းတော့ သိတယ်ဒါပေမယ့် အမှန်ပြင်လား ဆိုတော့လည်း မဟုတ်ဘူး နောက်မမှားရင်ပြီးတာပဲဆိုပြီးအေးအေး လူလူ ပဲနေလေ့ရှိတယ် ။ နောက်ဆုံးတစ်မျိုး ကတော့ အင်း ငါလုပ်ခဲ့တဲ့အလုပ်ဟာ မှားနေတယ် ဘယ်နေရာတွေမှာမှားနေလဲ ငါအဲဒါကို ရှေ့ဆက်မ မှားရအောင် ပြန်ပြင်ရ မယ်ဆိုပြီး မိမိမအမှားကို ပြန်သုံးသပ်ပြီး အမှန်ကိုပြင်လို့ ဘ၀ကို လျှောက်လှမ်းကြတယ် ။ ဒီလိုလူမျိုး ကတော့အတော်ဆုံးပေါ့ ။ ကဲ..ညီမလေးရော အမှားတစ်ခုခုလုပ်ပြီးရင် အမှားကို ဘယ်လိုပုံစံမျိုး နဲ့လက်ခံပြီး ဘယ်လိုလူအမျိုးအစားထဲမှာ ပါဝင်ချင်ပါသလဲ ။

ညီမလေးရေ ... လူတွေဟာ ကိုယ်အတိတ်မှာကြုံရတဲ့ အရာတွေကို တချိန်ချိန်မှာ အပြစ်ပြန်တင်လေ့ရှိကြတယ် ။ ငါတော့မှားပါပြီ ငါအဲဒီတုန်းက အဲဒီလို မလုပ်ခဲ့ရင်ကောင်းသား ကွာ အခုတော့ ဒီလိုဖြစ်နေရတယ် စသဖြင့် လူတွေ ဟာ ကိုယ့်ကိုယ်ကိုယ်အပစ်တင်ရင်းအချိန်တွေကုန်ဆုံးနေကြရတယ် ။ တကယ်တော့ မိမိကိုယ်ကိုယ် အပစ်တင်ခြင်း ဆိုတာ လူညွှန့်တုံးစေတဲ့အပြုအမူတစ်ခုပဲညီမလေးရေ ။ လူဟာ အတိတ်မှာ ကြုံခဲ့သမျှအရာတွေ ကို ဒါတွေအားလုံးဟာ အခြေအနေနဲ့အချိန်အခါ အရဖြစ်ပျက်ခဲ့တာပဲ ။ အဲဒီတုန်းက အဲဒီလို အခြေအနေပေးခဲ့လို့ ငါ ဒီလိုလုပ်ခဲ့တာစသဖြင့် မိမိကိုယ်ကိုယ် အပစ်မ တင်ပဲ ဖြေသိမ့်နိုင်ရမယ် ။ ညီမလေး အဲဒီလို ပြန်တွေးကြည့် တဲ့အခါ ကိုယ်လုပ်ခဲ့တဲ့အရာမှန်သမျှဟာ အခြေအနေနဲ့အချိန်အခါပေးလို့ လုပ်ခဲ့တာချည်းပဲဆိုတာ သိလာလိမ့် မယ် ။ အဲဒီအခါမှာ မိမိကိုယ်ကိုယ်အပစ်တင်မှု လျော့နည်းလာပြီး စိတ်ဟာလည်း ကြည်လင်လန်း ဆန်းလာပါ လိမ့်မယ် ။

ညီမလေးရေ ... ကြောင်ကလေးတွေဟာ သူတို့ တာဝန်ဖြစ်တဲ့ သခင်ကို ပွတ်သီးပွတ်သပ်ပြုလုပ်ခြင်း ကြွက် ခုတ်ခြင်း စတဲ့ တာဝန်တွေကြေကြတယ် ။ ခွေးကလေးတွေဟာလည်း အိမ်ကိုလုံအောင်စောင့်ပြီး သူခိုးအန္တရာယ် မှ ကာကွယ်ပေးခြင်းဖြင့် တာဝန်ကျေကြတယ် ။ ကဲ တိရိစ္ဆာန်လေးတွေတောင် မိမိတာဝန် ကျေကြတယ်ဆိုရင် တို့ လူသားတွေရော ဘာတာဝန်တွေကျေပြီးပြီလဲ ။ အနည်းဆုံးတော့ လူပီသမှုဆိုတဲ့ အရာကိုတော့ တာဝန်ကျေရလိမ့်မယ်ညီမလေးရေ ။ တို့တွေဟာ အသိဥာဏ်ပြည့်ဝ ရင့်သန်တဲ့ လူသားတွေဖြစ်တယ် ။ စိတ်ရူးစိတ်မူး တွေနောက်ကို မလိုက်ပဲ ကိစ္စတစ်ခုခုကို လုပ်တော့မယ်ဆိုရင် ဒါငါလုပ်သင့်သလား ၊ ငါလုပ်လို့ သင့်တော်ရဲ့ လား စသဖြင့် အကျိုးအကြောင်း အဆိုးကောင်းကို ဝေဖန်ပိုင်းခြားနိုင်ရမယ် ။ ဒီလိုမှမဟုတ်ပဲ မိမိစိတ်အာရုံခံစားမှု တစ်ခုတည်းနောက်ကိုလိုက်ပြီး မှားသည်မှန်သည် မခွဲခြားပဲ ဆုံးဖြတ်လုပ်ဆောင်မယ်ဆိုရင် တို့တွေဟာ တိရိစ္ဆာန်တွေနဲ့ဘာမှမထူးခြားတဲ့ လက်နှစ်ချောင်းခြေနှစ်ချောင်း ခေါင်းတစ်လုံးပါသော သတ္တ၀ါတွေ သာ ဖြစ်လိမ့်မယ် ။

လူသားဆန်မှုဆိုတဲ့နေရာမှာ အများကြီးအကျုံးဝင်တယ်ညီမလေးရေ ။ မစော်ကားသင့်တဲ့ လူကို မစော်ကားရဘူး ၊ မလိမ်သင့်တဲ့လူကိုမလိမ်ရဘူး ၊ သတ္တ၀ါတွေကို မညှင်းဆဲရဘူး ၊ မိဘဘိုး ဘွားတွေ ကို မစော်ကားရဘူး ၊ တစ်ဦးနဲ့တစ်ဦး ယုတ်မာကောက်ကျစ်ကုန်းချောမှုတွေမလုပ်ရဘူး ၊ သူတစ်ပါးစိတ်ဆင်း ရဲမှုဖြစ်စေမယ့် အရာတွေမလုပ်ရဘူး ၊ မိမိစိတ်ချမ်းသာဖို့အတွက် လူအများ စိတ်ဆင်းရဲရမယ့် ကိစ္စမလုပ်ရဘူး ၊ မေတ္တာတရားနဲ့ အရာအားလုံးကိုခွင့်လွှတ်သည်းခံပေးရမယ် ၊ လူလူချင်းရိုင်းပင်းကူညီရမယ် စသဖြင့် အများ ကြီးဆိုတော့ ရေးမယ်ဆိုရင် ရေးလို့ကုန်မယ်မထင်ဘူး ညီမလေးရေ .. ။ ။

ညီမလေးရေ .. မေတ္တာတရားဆိုတာဟာလည်း တို့ကမ္ဘာမြေကြီးအတွက် အလွန်ကို လှပတဲ့ ရောင်စဉ်လေး တစ်ခုပဲဖြစ်တယ် ။ မေတ္တာ မှာ လူတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေကျတဲ့ အချစ်လိုမျိုး ရယူလိုမှု အတ္တတွေ ရမ္မက်တွေ ရာဂမီးတွေ ပူပြင်းမှုတွေ မပါဘူး ညီမလေးရေ ။ အေးငြိမ်းသန့်စင်ပြီး တစ်ပါးသူ အပေါ် ကောင်းကျိုးအစဉ်လိုလားတဲ့ အေးမြတဲ့ စိတ်အလျှင်လေးတစ်ခုသာဖြစ်တယ် ။ ဒါကို လူတွေ က ရောထွေး ပြီး မတူညီတဲ့အအေးနဲ့အပူကို ရောခေါ်ပြီး ချစ်ခြင်းမေတ္တာလို့ သုံးနှုန်းကြတယ် ။ အချစ်မှာ အသွားအပြန် ရှိတယ်ညီမလေးရေ ။ ကိုယ်က ချစ်မိပြီဆိုရင်သူ့ဆီက အချစ်ကိုပြန်လိုချင်လာရော ၊ မရရင်လည်း ပူဆွေးသော ကတွေရောက်ပြီး ပရိဒေ၀ မီးတွေ တောက်လောင်လေ့ရှိကြတယ် ။ မျက်ရည်တွေဖြိုင်ဖြိုင်ကျ မစားနိုင်မသောက်နိုင်နဲ့ ဘယ်လောက်တောင်ဆိုးဝါးတဲ့ စိတ်ခံစားမှုတစ်ခုပါလဲ ။ အဲ..မေတ္တာ ဆိုတာကတော့ အဲဒါနဲ့ပြောင်းပြန်ပေါ့ကွယ် ။

ကိုယ်ကမေတ္တာထားလိုက်လို့ ကိုယ့်အပေါ်မှာ ပြန်ပြီး မေတ္တာထားပါစေဆိုတဲ့ စိတ်မျိုး လောဘမျိုးမရှိဘူး ။ သူ့ဖက်က တုံ့ပြန်လာမယ့် response ကို မျှော်ကိုးတဲ့စိတ်မျိုးမရှိဘူးပေါ့ ။ ဒါကြောင့် မေတ္တာတရားကို လက်ကိုင် ထားပါညီမလေးရေ ။ ဘ၀မှာ အခက်အခဲတွေကြုံရတိုင်းလည်း စိတ်မ ပျက်စေနဲ့ ။ အစီအစဉ်တ ကျဖြစ်ပျက်နေတဲ့ လောကကြီးမှာ အလိုက်သင့်စီးမျောနိုင်အောင်ကြိုးစားပါ ။ မိမိကိုယ် ကိုယ်လည်း အပစ်မတင် ပါနဲ့ ။အ မှားကိုသိရင်လည်းအမှန်ပြင်ပြီးလျှောက်လှမ်းနိုင်တဲ့ လူပီသသော ညီမလေး တစ်ယောက်ဖြစ် ပါစေလို့ ဆုတောင်းပေးရင်းအဆုံးသတ်လိုက်ပါတယ်ကွယ်.. ။

ရေလိုအေး၍ ပန်းလို လန်းပါစေ ညီမလေးရေ ...။

ကိုကြီး

သက်တန့်ချို

စာအုပ်လေးနဲ့လိုချင်သူများအောက်မှာ download ဆွဲနိုင်ပါတယ် ။




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 20, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၁၀)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၁၀)





ရုတ်ချည်းဆိုသလိုပင် အနောက်တောင်ဖက်မှ ကောင်းကင်ပြင်မှာ နီရဲလာလေသည် ။ ပင်လယ်ပြင် မှာ ကြောက် မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည် ။ မကြာမီ ရှေ့ တွင်လည်း မရဏ ၀ဲများကို ကျော်ဖြတ်ရပေဦးမည် ။

“ လူရိုင်းငယ်အ လင်းသစ် ဤ ၀ဲသည် မည်သို့သော ၀ဲအမျိုးအစားဖြစ်သနည်း ဤ၀ဲကို ရှောင်လွှဲနိုင်မည့် နည်း လမ်းများ ရှိသလော ”

“ အသင်သူကြီး အရှေ့တွင် ရှိသော ၀ဲဟာ သမုဒ္ဒယာအောက်မှ လွန်စွာပြင်းထန်သော ရေစီးကြောင်း ၄ ခုဆုံရာမှ ဖြစ်ပေါ်လာသော စုပ်ဝဲအမျိုးအစားဖြစ်ပါတယ် တစ်ဖက်ရှိ မြေပြန့်ဒေသများသို့ သွားလိုလျှင် ဤ၀ဲ၃ ခုကို မဖြစ်မနေ ကျော်ဖြတ်သွားရမှာဖြစ်ပါတယ် ဒါ့အပြင်ကောင်းကင်ပြင်လက္ခဏာအရ မကြာခင် လေပြင်း မုန်တိုင်း များ တိုက် ခတ်ဦးမှာဖြစ်တယ် ”

အလင်းသစ်၏ စကားကို ကြားရသောအခါ ရွာသူရွာသားအပေါင်းမှာ လွန်စွာ ထိတ်လန့်သွားကြကုန်၏ ။ ပင်လယ်ပြင် ရုတ်တရက် ငြိမ်သက်သွားသည်မှာလည်း တိတ်ဆိတ်ခြောက်ခြားဖွယ်ရာအတိပင် ။

ကျွန်ုပ်တို့ လှေကြီးကား မရဏ ၀ဲကြီးနှင့်နီးကပ်လာချေပြီ ။

“ ရွာသူရွာသားတွေ စည်အလွတ် ပုံးအလွတ်တွေကို ကိုင်ထားကြပါ ရေအောက်ကို မလွင့်ကျသွားပါစေ နဲ့ သောက်ရေ စည်တွေ အနားမှာနေကြပါ ”

ဘီလူးမှနေ၍ ရွာသူရွာသားများ ပြုလပ်ရမည်များကို မှာကြားကာ သားပြောင်မှလည်း ရွာသူရွာသားများ အနီးသို့သွားကာ အားပေးစကားများပြောကြားနေလေသည် ။ ကျွန်ုပ်တို့ ရွာကလေးတွင် ရပ်ရွာ လူကြီးတစ်ဦး ဖြစ်သော ဦးလှထွန်းကလည်း

“ သူကြီးရေ ဒီအတိုင်းဆိုရင်မုန်တိုင်းမိဖို့ တော့ ကျိန်းသေနေပြီ ကျုပ်တို့ ဒုတိယအကြိမ် ဘာတွေ ဆက်ဖြစ်ကုန် ဦးမလဲမသိဘူးဗျို့ ”

ဟု ပြောလေသည် ။ ၄င်းပြောကြားပြီးမကြာခင်မှာပင် ပင်လယ်အော်သံ ဟု ခေါ်သော လွန်စွာ ထိတ်လန့်ဖွယ်ရာ အသံကြီး ကား ပင်လယ်ရေအောက်ကြမ်းပြင်ပေါ်မှ မြည်ဟီးလာလေတော့သည် ။ မုန်တိုင်းကား စချေပြီ ။ လေပြင်း များ ဆက်တိုက်တိုက်ခတ်လာပြီး ပင်လယ်ပြင်ကား ငြိမ်သက်နေရာမှ ဒေါမာန်တကြီးဖြင့် ထကြွသောင်း ကျန်း လေတော့သည် ။ ကျွန်ုပ်တို့ လှေကလေးကား ဆပ်ပြာခွက်ကလေးပမာပင် လေလှိုင်းများ ပြသမျှ နုနေ ရပေတော့သည် ။ အချိန်ကား တိုက်ဆိုင်စွာပင် ။ ကျွန်ုပ်တို့လှေကလေးကား ပထမ သေမင်းတမန် ၀ဲ ကြီးအား ရှေ့လက်တကမ်းတွင်တွေ့လိုက်ရပေတော့သည် ။ လှေကလေးကား ၀ဲအတွင်းသို့ ထိုးကျ သွားလေသောကြောင့် အော်ဟစ်သံ ဆူညံသံများက ကျွန်ုပ်တို့ လှေကလေးအတွင်း တွင် ဗြောင်း ဆန်နေလေတော့ သည် ။ ရွာကာလသားများ ကား လှေလက်ရမ်း များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ရွာသူများကို အလယ်မှာနေစေ၍ ပြုတ်မကျစေရန် အားမငယ်စေရန် ကာကွယ်ပေးထားကြလေသည် ။

ကျွန်ုပ်မှာလည်း လှေကလေးကို ၀ဲအတွင်းသို့ ထိုးမကျစေရန်ရေစီးကြောင်းအတွင်း အသင့်မျှောပေး လိုက်ရလေ သည် ။ ကံအားလျှော်စွာပင် ကျွန်ုပ်တို့ လှေကလေးကား မုန်တိုင်းကြားမှာပင် ၀ဲ နှုတ်ခမ်းဝတွင် တစ်ပတ်လည်ပြီး လွတ်ထွက်သွားလေတော့သည် ။

“ ဟေးးး ၀ဲ ကြီးကလွတ်သွားပြီ ကွ ”

စမူ ဆာမှ ထအော်လိုက်သောကြောင့် မကြည့်ရဲ၍ မျက်စိပိတ်ထားသော သူများမှာ ယခုမှပင် မျက်လုံးဖွင့် ကြည့်နိုင်ကြတော့သည် ။ ၀ဲ ကားလှေနှင့် ဟိုးအဝေးအနောက်တွင်ကျန်ခဲ့လေတော့သည် ။ သို့သော်ကျွန်ုပ်တို့ ၏ ၀မ်းသာမှုကားကြာကြာမခံချေ ။ ရှေ့တွင် လွန်စွာ အားကောင်းလှသော ၀ဲ နံပတ် ၂ က အသင့်စောင့် ကြိုနေပြန်၏ ။

“ ဟေးး သူကြီးရေ ဒီဟာကြီးကလည်း စုပ်ဝဲပဲဖြစ်မယ်ဗျ ခုနကထက်တောင်ပိုကြီးသလိုပဲ အားလုံးသတိ ထားကြဟေ့ ”

ဦးနိုးအိမ်ရှင်မှ လှမ်းအော်လိုက်သောကြောင့် အားလုံးမှာ သတိနေအထားဖြင့် ရှိနေကြလေသည် ။ ကျွန်ုပ်လည်း ၀ဲ ကို ရှောင်လွှဲရန်မဖြစ်နိုင်သောကြောင့် လှေဦးအား ၀ဲ နှုတ်ခမ်းရှိ အကြီးဆုံး ရေစီးကြောင်းသို့ တင်ပေး လိုက်လေသည် ။ ဒီတခါတွင်တော့ ကျွန်ုပ်တို့ အား ကံတရားက အသစ်တဖန် စီရင်ပြန်လေသည် ။ ရေစီးကြောင်းနှင့် လွတ်အောင်တက်မကို သတိမလွတ်စေပဲ ကိုင်ထားရက်မှပဲ မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာသော ဧ ရာမ လှိုင်းလုံးကြီးတစ်လုံးက ကျွန်ုပ်တို့ လှေကလေးအား သစ်ရွက်ကလေး တစ်ရွက် အား ရေပုံး တစ်ပုံးနှင့်အားအပြည့်လောင်းချလိုက်သကဲ့သို့ တွန်းထုတ် လိုက်လေတော့ သည် ။

လှေကလေးကား ရေစီးကြောင်းမှ လွတ်ခါနီးတွင် အနောက်မှ အရှိန်ပြင်းစွာ ၀င် လာသော ရေလှိုင်း လုံးကြီးကြောင့် ၀ဲကတော့အတွင်းသို့ ထိုးကျသွားလေတော့သည် ။ ကျွန်ုပ်တို့ လှေကား ရေစီးကြောင်းအတွင်း ၀ဲထဲတွင် ပတ်ချာလည်ကား တအောင့်အကြာတွင် လွန်စွာအားကောင်းလှသော သံလိုက်တစ်ခုနှင့် ဆုပ်ယူလိုက် သကဲ့သို့ အောက်မှ စုပ် ယူခြင်းကို ခံလိုက်ရပြီးနောက် ဟိုးအလွန်တရာနက်သော ချောက်ကြီးထဲသို့ ပြုတ်ကျသွားသ ကဲ့သို့ အသဲတယားယားဖြစ်ကာ ကျွန်ုပ်မှာ နောက်ဆုံး အနီအစိမ်းအပြာ စသောအရောင် များသည် မျက်လုံးထဲတွင် လင်းလက်စူးရှစွာမြင်တွေ့ရပြီးနောက် ပိန်းပိတ်အောင် မည်းမှောင် သွားလေတော့ သည် ။

ခါးတစ်ခုလုံးအား တုတ်ကြီးကြီးတစ်ချောင်းနှင့် ရိုက်ထားသကဲ့သို့ နာကျင်လှပြီး ကျွန်ုပ်မှာ မျက်လုံးကို အားယူ၍ ကြည့်လိုက်ရာ အလို... ကျွန်ုပ်တို့ ဘာဖြစ်ကုန်ကြသနည်း ။ ကျွန်ုပ်မှာ အိပ်မက်မည်သည်တော့ မဟုတ်တန်ရာ ။ နောက်ဆုံးမှတ်မိသည်မှာ မုန်တိုင်းမိပြီး ကျွန်ုပ်တို့လှေကလေးမှာ သေမင်းတမန် မရဏ၀ဲ နံပါတ် ၂ ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး နောက်ကျွန်ုပ်မှာ ဘာမှ သတိမရတော့ပေ ။ လှေကြီးကား အကောင်းပကတိပင် ။ ကျွန်ုပ်မှာ ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်ရာ မြင်မြင်သမျှ မှာ စိမ်းစိမ်းစိုစိုနှင့် ကျွန်ုပ်တို့မှာ လွန်စွာကြီး မားသော ရေကန်ကြီးတစ်ခု၏အတွင်းသို့ ရောက်ရှိနေလေသည် ။ ရွာသူရွားသားများ၏ မျက်နှာများ မှာ လည်းကြောင်ငေးကား ဟိုဟို ဒီဒီကြည့်နေကြလေသည် ။

“ သူကြီး ကျွန်တော်တို့ ဘာဖြစ်သွားတာလဲဟင် ”

နားနားမှကပ်၍ မေးလိုက်သော ငမိုးကြောင့်ကျွန်ုပ်လည်းသတိပြန်ဝင်လာကား

“ မသိသေးဘူး ငမိုးရေ အခုချိန် တော့ ဘာဘာ..ဘာ မှမသိသေးဘူး ”

ဟုပြန်ဖြေလိုက်လေသည် ။ အလားတူ ကြယ်ဖြူ ၊ အင်ကြင်း ၊ သက်မီ ၊ ပုတု ၊ မီမီအောင်တို့မှာလည်း ယခု ဖြစ်ပေါ်နေသော အခြေအနေကို လက်ခံနိုင်ပုံမရသေးပေ ။ ဆယ်မိနစ်လောက်အကြာတွင် လူရိုင်းသမီး အကြီးဆုံးအဖြူရောင်နတ်သမီးမှနေ၍

“အသင်တို့ စိတ်ထဲမှာ အရမ်းကြီးထူးဆန်းနေပြီထင်တယ် ”

“ ဟုတ်ပါတယ်ကျွန်ုပ်တို့ ဘယ်ကိုရောက်နေတာပါလဲ ”

“ အင်း ငယ်ငယ်တုန်းကတော့ ကျွန်ုပ်တို့ ဖခင်ပြောစကားအရဆိုရင် ဒီနေရာဟာ အလွန်ကို ထူးခြားဆန်းကြယ် မှုတွေ ရှိတဲ့ ကမ္ဘာ့ အနက်ရှိုင်းဆုံး မြေအောက်အလယ်ဗဟိုဖြစ်ပါတယ် ”

“ ဟာ ”

“ ဟင် ”

“ အို ”

ကျွန်ုပ်တို့မှာ အလွန်တရာထူးဆန်းလွန်းလှ၍ အဖြူရောင်နတ်သမီး၏ စကားကို နားထောင်ပြီး အာမေဋိတ် သံများတမိကုန်၏ ။

“ အင်း သင်တို့ အံ့အားသင့်မယ်ဆိုရင်လည်းသင့်စရာပါပဲ ပင်လယ်ထဲမှာ အလွန်တရာ ကျယ်ပြော တဲ့ ဖြေရှင်း လို့မရတဲ့ လှို့ဝှက်နက်နဲမှုတွေရှိနေပါတယ် ။ အသင်တို့ မြင်ဖူးသမျှ ကုန်းပေါ်မှ သတ္တ၀ါ အားလုံး ဟာ ရေထဲမှာ ဆင်တူ အကုန်ရှိပါတယ် ။ ကျွန်ုပ်တို့လူစုဟာ အခုချိန်ကစပြီး ထူးခြားဆန်းကြယ်မှု အမြောက် အမြား ဘ၀မှာ ဘယ်လိုမှ ပြန်ရှာမတွေ့နိုင်တော့တဲ့ အတွေ့အကြုံတွေ ကြုံတွေ့ရပါတော့မယ် ”

“ အင်း ဟုတ်ပါပြီ သင်ပြောလို့သာ သိရတာပါ ကျွန်ုပ်တို့ကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းတောင် မသိတော့ပါဘူး ”

“ ဟုတ်ပါတယ် ဒီရေကန်ကို ကျွန်ုပ်တို့ ဖခင်ကတော့ နတ်ရေကန်လို့ခေါ်ကြတယ် ဒါဟာလည်း ဟိုးယခင် က ယုံတမ်းစကားတွေ လို့သာထင်ခဲ့ကြတယ် အခုတော့ကျွန်ုပ်တို့ တကယ် ကြုံတွေ့နေရပြီပေါ့ ”

ကျွန်ုပ်ကား အလွန်တရား အံ့သြလွန်းလှ၍ ပတ်ဝန်းကျင်ကို လေ့လာရန် လှေကုန်းပတ်ပေါ်သို့ တက်ခဲ့လေတော့ သည် ။ အလို ... ကျွန်ုပ်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင်ပေ ။ ဒေါင်းကဲသို့ ငှက်ကြီးများကား ကျွန်ုပ်တို့ လှေ ပတ်ဝန်းကျင်တွင် ဇင်ယော်ငှက်များ ပျံဝဲနေကြသလို့ ပျံဝဲနေကြသည်မှာ ကျွန်ုပ်တို့မှာ ပြဇတ်တစ် ပုဒ်ကို ကြည့်နေရသည်နှင့် တူလှပေသည် ။

ရေကန်ကြီးကား စိမ်းမြနေကာ ဘေးတွင်လည်း စိမ်းစိုပြေသော တောအုပ်များ နှင့် မည်သို့ သော အမည်နာမ ခေါ်ဝေါ်ရန်ခက်ခဲသော သတ္တ၀ါ ဆန်းဆန်းများ မှာ ရေသောက်ဆင်းနေကြ သည်ကိုလည်းတွေ့ ရလေသည် ။ ကောင်းကင်ပြင်ကားကျွန်ုပ်တို့ မြင်ရသလို ကောင်းကင်အပြာမဟုတ်ပဲ စိမ်းစို နေကာ ကျွန်ုပ်တို့မှာ အလွယ်ပြောရလျှင် ပြဇတ်ရုံကြီး တစ်ခုအတွင်းသို့ ရောက်နေကြသည်နှင့် တူလေသည် ။ ထိုအခိုက် ကျွန်ုပ်တို့ လှေကြီး အောက်မှ အရိပ်ဖြူကြီးတစ်ခုဖြတ်သန်းသွားရာ ရေကန်ကြီးမှာ ဖြူဖွေးသွားလေတော့သည် ။ ထိုအရာကြီးသည် ကျွန်ုပ်ကြားဖူးသော ကုန်းမှာ မြွေပွေး ၊ ရေမှာ ငရွေးဆိုသကဲသို့ ရေထဲတွင်အကြီးဆုံးဖြစ်သော ငရွေးကြီးပင်ဖြစ်လေသလော ။ သို့တည်းမဟုတ်....။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 19, 2011

လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ဖြစ်နေတာတွေ

လတ်တလောအဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ဖြစ်နေတာတွေ

မန္တလေးသားလေး ကိုကိုးအိမ်ရဲ့ တဂ်ဖြစ်ပါတယ် ။ ပြန်ဖြေတာနောက်ကျသွားတဲ့အတွက်ခွင့်လွှတ်ပါညီလေးရေ ။

(၁) အစားချင်ဆုံးအစားအစာ - ကြေးအိုးဆီချက် ( ဟီး အရမ်းကြိုက်တယ် ကြေးအိုးထက်စာရင် ကြာဇံဖတ်ကြီးပဲ သပ်သပ် စားလို့ရတဲ့ ကြေးအိုးဆီချက်ကို ကိုသက်တန့်ကပိုကြိုက်ပါတယ် )

(၂)နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်းနဲ့ ဟင်းပါပဲ ( ထွေထွေထူးထူးကြီးတော့ မရှိပါဘူး နေ့တိုင်းသောက်ဖြစ်တဲ့ အရာဆိုရင်တော့တစ်မျိုးပေါ့ ဟိဟိ )

(၃)အလိုချင်ဆုံးရေမွှေး - Evening Paris

(၄)သုံးဖြစ်နေတဲ့ရေမွှေး - Paris ဆိုတဲ့ တံဆိပ်တော့ပါတယ် ( ဘာလည်းတော့မသိဘူး ကိုသက် တန့် က ရေမွှေးတွေ ပေါင် ဒါတွေ မိတ်ကပ်တွေ ၀ါသနာမပါပါဘူး ကျားကျားယားယားပဲ :P)

(၅)အလိုချင်ဆုံးမွေးနေ့လက်ဆောင်- Hollow guitar and poem( ဂစ်တာ လေးတစ်လက် နဲ့ မွေးနေ့ကဗျာ)

(၆)အလိုချင်ဆုံးဖုန်း - Iphone 7 ( မထွက်သေးဘူးထင်တယ် စမ်းသပ်ဆဲ )

(၇)သုံးဖြစ်နေတဲ့ဖုန်း - PCO ( အဲဒီတံဆိပ်က အခုအရမ်းကျယ်ပြန့်နေပြီ :P)

(၈)အရူးသွပ်ဆုံးအရာ - ဘလော့ဂ်ရေးသားခြင်း

(၉)အနီးစပ်ဆုံးဂီတ - ဂစ်တာနှင့်သီချင်းဆိုခြင်း

(၁၀)အလိုချင်ဆုံးစာအုပ် - မင်းသိင်္ခ ( မြေလျှောက် ၀ိဇ္ဖာ ရွှေမြသာ)

(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ် - နိုင်းနိုင်းစနေ ( စမ်းချောင်းလေးရဲ့ခရီးစဉ်)

(၁၂)အကြားချင်ဆုံးစကား - မင်းကို ငါ လက်ပတော့ ၀ယ်ပေးမယ် (ဟိဟိ)

(၁၃)အဖြစ်ချင်ဆုံးဆန္ဒ - လေယဉ်မှုးအဖြစ်နဲ့ လေယဉ်မောင်းဖို့

(၁၄)အလိုချင်ဆုံးဆု - the best seller novel

(၁၅)အသွားချင်ဆုံးနေရာ - Norway , China , England , California ( စာနဲ့ရေးရတာပဲ ဘာဖြစ်တာမှတ်လို့ )

(၁၆)သွားဖြစ်နေတဲ့နေရာတွေ - လမ်း ၃၀ ၊ ရွှေဘုံသာလမ်း ( အဲဒီ ၂ နေရာ ပဲရောက် တယ် လောလော ဆယ်တော့ တ ခါတလေ ခရီးလေးဘာလေးထွက်ပါတယ် အလုပ်ကိစ္စနဲ့ )

(၁၇)အကြည့်ချင်ဆုံးရုပ်ရှင် - Park Min Young သရုပ်ဆောင်ထားတဲ့ မူဗီများ

(၁၈)အပြောချင်ဆုံးစကား - ဘာတွေပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုယ် အပစ်မတင်ပါနဲ့ ငါ လုပ်ခဲ့သမျှ အရာအားလုံးဟာ အခြေအနေ နဲ့အချိန်အခါအရ ဖြစ်သွားတာပဲ လို့ ပြန်ဖြေတွေးပါ လူဟာ ကိုယ့်ကိုယ့်ကိုယ်အပစ်တင်လွန်းရင် တုံး သွားတတ်တယ် သေချာပြန်တွေးကြည့်တဲ့အခါ အရာအားလုံးဟာ အခြေအနေနဲ့ အချိန်အခါ အရလိုက်လျော ညီထွေ ဖြစ်ခဲ့တာကြီးပါပဲ )


(၁၉)အယုံကြည်ဆုံးလူသား - မြတ်စွာဘုရား

(၂၀)မယုံကြည်ဆုံးအရာ - စိတ်

(၂၁)အမုန်းဆုံးအရာ - ကြက်ဟင်းခါးသီးနဲ့ တီကောင်

(၂၂)အသောက်ဖြစ်ဆုံးအအေး - ကြံရည်

(၂၃)လတ်တလောအထိတွေ့ဆုံးအရာ- ကွန်ပြူတာနဲ့အင်တာနက်

(၂၄)မကောင်းတဲ့ကျန်းမာရေး - စိတ်နဲ့ဆီး

(၂၅)အကောင်းဆုံးအဖော် - တရား နဲ့ စာအုပ်

(၂၆)လက်ရှိအကြိုက်ဆုံးသီချင်း - Complicated , လေးဖြူ - မိုးတိမ်ထဲဝဲ

(၂၇)အကြောက်ဆုံးအလုပ် - လူမဆန်သောအလုပ်

(၂၈)တန်ဖိုးအထားဆုံးအရာ - မေတ္တာတရား

(၂၉)ကြောက်ဆုံးတိရိစ္ဆာန် -တီကောင်

(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ- ကိုကိုးအိမ် ၊ ရွှေစင်ဦး ၊ နိုင်းနိုင်းစနေ ၊ ကြယ်ဖြူလေး ၊ သားပြောင် ၊ သက်မီမီထိုက် ၊ ပုတုလေး ၊ ဝေယံ ၊ ဘီလူး ၊ အင်ကြင်း ၊ ထွန်းထွန်း အစရှိသည် ( ဘလော့ရေးသူများကို ဘလော့ဂါဟု ခေါ်ကြကုန်၏ )

(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း - ပိုက်ဆံအိတ် + ထီး

(၃၂)သွားဖြစ်နေတဲ့နေရာတွေ - အလုပ်နဲ့အိမ်

(၃၃)စိတ်အညစ်ဆုံးအချိန် - ထွက်ပေါက်ပျောက်နေတဲ့အချိန်

(၃၄)အနေချင်ဆုံးနေရာ - ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းပေါ်က သာမန်သစ်သားအိမ်လေးတစ်လုံး

(၃၅)ကြားလိုက်မိတဲ့ဟာသာလေးတစ်ခု- အခုတလော ဟာသတွေ ပျောက်ဆုံးနေတာကြာပြီ မကြားမိဘူး ( ကြား မိသော သူများ ပြန်ပြောပေးကြပါ )

(၃၆)ပေးချင်တဲ့သတင်းတစ်ခု - လက်ရှိလုပ်နေတဲ့ grou.ps ကတော့ hosting တွေထပ်ဝယ်ပြီး ဆိုက်ကို မြန်အောင် ထပ်လုပ်မယ်ဆိုပဲ သူတို့ရည်ရွယ်ချက်က Facebook ကို မှီဖို့တဲ့ ။

(၃၇)အပျော်ဆုံးဖြစ်မယ့်အချိန် - မသေဆုံးခင် တစ်စက္ကန့်အလို

ကဲ ..တဂ်ကိုတော့ဖြေပေးပြီးပါပြီ ။ ဒီတစ်ခါ တာဝန်အရ ပြန်တဂ်ပါ့မယ် ။ တဂ်တယ်ဆိုတာ စာရေးသူအချင်းချင်း ခင်မင်တဲ့သူအချင်းချင်း စာစုလေးတွေအတွေးလေးတွေ ရေးသားခိုင်းခြင်းဖြစ်ပါတယ် ။ ဒီတစ်ခါတော့ blogspot မှာ တဂ်ချင်တဲ့ သူတွေအတော်များများကို အချင်းချင်းတဂ် ထားပြီးသားဖြစ်တဲ့ အတွက်သိပ်တောင် မကျန်တော့ပါ ဘူး ။ ဒီတော့ ရွာလေးထဲက စာရေးသူအချို့ကို ပြန်ပြီးတဂ်လိုက်ပါတယ် ။ ပြန်ရေးပေးကြမယ်လို့ပဲ အထူး ပဲမျှော်လင့်မိပါတယ် ။

၁ ။ ဘီလူး
၂ ။ သားပြောင်
၃ ။နိုးအိမ်ရှင်
၎ ။ ရွှေတြိဂံလေး
၅ ။ ရွာဆော်ငမိုး
၆ ။ hlatun 155
၇ ။ ကိုကြီးကျော်
၈ ။ အလင်းသစ်
၉ ။ ကြယ်ဖြူလေး
၁၀ ။ အင်ကြင်း
၁၁ ။ ပုတုလေး
၁၂ ။ သက်မီမီထိုက်
၁၃ ။ ဟန်နီ
၁၄ ။ အာဇိ
၁၅ ။ မေလေး

ကဲ စာရေးသူများကို တော့နာမည်နဲ့တကွ တဂ်လိုက်ပါပြီ ။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ ။

လေးစားစွာဖြင့်

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 16, 2011

ထို တစ်ညနေ ခင်း၌ ...

ထို တစ်ညနေ ခင်း၌ ...

ပူပြင်းလောင်မြတဲ့...
နွေရာသီရဲ့ ညနေခင်းတစ်ခုမှာ
ရုတ်ချည်းပဲ မိုးသားတွေညို့လို့
အဘယ်အငြိုးနဲ့များ သည်းခဲ့သလဲ...

စေတန်ရဲ့ နက္ခတ်တွေပူးခဲ့တဲ့
သူမရဲ့ ၀ိဥာဉ်တော်မှာ
ဓါးသွားထက် ချွန်မြတဲ့ စကားလုံးတွေရှိတယ်
တခါတခါ ... ရင်အစုံကို ခွဲချလိုက်ပုံများ
သူမဟာ...ကျွမ်းကျင်သေသပ်လို့...

ထိုတစ်ညနေခင်းမှာပဲ
အုံ့ဆိုင်းမဲမှောင်တဲ့ ကောင်းကင်မှာ
သူမဟာ...ကြယ်ရောင်ဖန်ဆင်းလို့
ကျွန်တော့် ရင်ခွင်အစုံကို ကြွေကျ ပစ်တယ်...

ထို တစ်ညနေခင်း၌
အခါခါ ကျရှုံးလိုက်ပုံများ
စူးရှတဲ့ သူမ မျက်ဝန်းတွေ
ကော့ညွှတ်တဲ့ နှုတ်ခမ်းဖျားတွေ
( ဘုရားရေ....)
ငါရူးပြီ...ကဝေမလေးရေ..

အချစ်ဆိုတဲ့ .မုန်တိုင်းငယ်တစ်ခုကလည်း
တို့နှစ်ယောက်ကြားမှာ
မွှေနှောက်ဝင်ရောက် ...
ထိုသို့သော တစ်ညနေခင်းမှာ
ရွှေအိုရောင်လှိုင်းကြက်ခွပ်တွေကွယ်ပျောက်
ဇင်ရော် ငှက်တွေတောင် အိပ်တန်းပျံ နောက်ကျလို့...

ထို့အတူ...
ကျွန်တော်သည်လည်း
ထို တစ် ည နေ ခင်း ၌ . . . .
ဆွံ့ အ တိတ်ဆိတ် ငြိမ် သက်လို့ . . . ....

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အချစ်သင့်သူ (၂)

အချစ်သင့်သူ (၂)

နှောင်တွယ်မိတဲ့ အလွမ်းတွေနဲ့
အချစ်ရှိတဲ့ နေ့ရက်တွေဆို...
အရာရာမှာ ပန်းတွေပွင့်ဖူးသလို
လှပ...ဝေ့၀ဲလို့...

ချစ်ခြင်းရဲ့ ဒါဏ်ရာသင့်ကောင်းကင်မှာ
ငါတို့ရဲ့အတိတ်တွေ ချိတ်ဆွဲလို့
အနာဂါတ်ကို ခပ်ရေးရေးပုံဖော်မိတယ်
အရာရာမှာ... မရေရာခြင်းတွေအပြည့်...

“ အစက မတွေ့ခဲ့ကြရင်ကောင်းမယ် ” တဲ့...
ဒါပေမယ့်ကွယ်
တွေ့ဆုံခဲ့ခြင်းကသာ
မြေကမ္ဘာကို ပိုလှစေခဲ့တာ
ငါတို့ တခုတ်တရ ရေးခြယ်ခဲ့တဲ့
ဒဏ္ဍာ၇ီ...နွမ်းနွမ်းတွေမှာ
စစ်မှန်သော တစ်စုံတစ်ရာသည်...
တွယ်ငြိစေအံ့....

အနေဝေးခဲ့ပေမယ့်
နွေးထွေးခဲ့တဲ့ စကားသံတွေဟာ
ရင်ကို အခါခါ ရစ်ပတ်
အပြုံး တစ်ဝင့်နဲ့
ဆံနွယ်တစ်ချို့ဟာ...
ဆည်းဆာနေခြည်မှာ
လင်း ဖြာ ဝေ ဆာ လို့ . . . .

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၉)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၉)



ကျွန်ုပ်လည်းလက်နှင့်အသာခွာချ၍လွှင့်ပစ်လိုက်ရာ ခြေထောက်မှ သွေးများကားစီးကျလာလေသည်။
ခြေထောက် မှ မျော့စုပ်ဒါဏ်ရာအား ဂရုမစိုက်အားသေးပေ ။ ပတ်ဝန်းကျင်မှ သားကောင်အန္တရာယ်က အချိန် မရွေး အသက်အန္တရာယ် ဇီဝိန်ချွေသွားနိုင်ပေသည် ။ သေနတ်မောင်းသာ ညှင်သာစွာကိုင်ရင်း ပတ်ဝန်းကျင်ကို စူးစမ်း ၍ကြည့်ရာ ကျွန်ုပ်၏ ညာဖက်ယွန်းယွန်းဆီမှ မြက်ပင်များမှာ လှုပ်ရှားနေသည်ကို တွေ့ရလေသည် ။ နှာ မှုတ်သံလိုလို အမျိုးအမည်ခွဲခြားရန်မသိသော အသံတစ်မျိုးကိုပြုကာ လေဟုန်ကို မြှားနှင့်ပစ်ခွင်သကဲ့သို့ တဟုန် ထိုး မြက်ပင်များကို ခွဲလျှက် ကျွန်ုပ်ဆီသို့ ဦးတည်၍ လာလေတော့သည် ။ ကျွန်ုပ်လည်း တုံ့ဆိုင်းမနေတော့ပဲ ထိုနေရာသို့ သေနတ်ကို ထိုးချိန်ကာ ပစ်ချလိုက်လေတော့သည် ။

“ ဒိုင်း ”

ထိုသတ္တ၀ါကြီးကား ကျွန်ုပ်ထံရောက်ရန် ၂ လံခန့်အလိုတွင် အရှိန်ပြင်းစွာလာနေသော မြင်းတစ်ကောင်အား ဇတ်ကြိုး ကို နောက်မှနေ၍ ဆောင့်ဆွဲလိုက်ဘိသကဲ့သို့ တုန့် ကနဲ ရပ်သွားလေတော့သည် ။ ထိုအခါမှ ကျွန်ုပ် လည်း သက်ပြင်းချနိုင်ပေတော့သည် ။

လရောင်အားကိုးဖြင့် ထိုသတ္တ၀ါကြီးအနီးသို့ တိုးကပ်လာခဲ့လေသည် ။ မည်သို့သော သတ္တ၀ါဖြစ်မည်ကို သိလို စိတ်က ထိမ်းမနိုင်သိမ်းမရ ၊ သတ္တ၀ါကြီး လဲကျသွားရာနေရာသို့ ရောက်သောအခါ ကျွန်ုပ်မှ မြင်ကွင်းကို ကြည့်၍ ကြက်သေသေသွားလေတော့သည် ။ ခန္ဓာကိုယ်ကား တောဝက်တစ်ကောင်ခန့်ရှိလေသည် ။ ခြေနှစ်ဖက် လက်နှစ် ဖက်တွင် ခွာချွန်များရှိကာ နှဖူးတည့်တည့်တွင် ကြံ့သတ္တ၀ါကဲ့သို့ ချွန်ထက်သော ဦးချိုတစ် ခုပါရှိလေ သည် ။ ပါးစပ်တွင်ကား ကျားစွယ်ကဲ့သို့ ချွန်မြသော အစွယ်များပါရှိကာ မည်သို့သော သတ္တ၀ါအမျိုးအစားမှန်း ကျွန်ုပ်လည်းမသိပေ ။

ကျွန်ုပ်ကား ကြည့်ရှုနေစဉ်အတွင်းမှာပင် သတ္တ၀ါကြီးမှာ ရုတ်တရက် လှဲနေရာမှ ဆတ်ကနဲ ထကာ ကျွန်ုပ်အား ၄င်း၏ဦး ချိုဖြင့် လှမ်းပက်လိုက်လေတော့သည် ။ ကျွန်ုပ်လည်း ဆတ်ကနဲရှောင်လိုက်သော်လည်း ရုတ်တ ရက်ဖြစ်သောကြောင့် မလွတ်တော့ပဲ ကျွန်ုပ်လက်မောင်းနှင့် သတ္တ၀ါကြီး၏ ဦးချို ခြစ်မိသွားလေ ရာ သွေး များဖြာက နဲ ထွက်လာလေတော့သည် ။ ကျွန်ုပ်လည်း ဒါဏ်ရာကို မမှုအား ၊ သေနတ်ဖြင့် သတ္တ၀ါကြီး၏ ဦးခေါင်း အား ချိန်ရွယ်ကာ ပစ်ချလိုက်လေတော့သည် ။ ထိုအခါမှပင် ထိုအမည်မသိ ထူးဆန်းသတ္တ၀ါကြီးမှာ ဦးခေါင်းကြေမွ သွားပြီး ငြိမ်သက်သွားလေတော့သည် ။ လက်မှ သွေးများက စီးကျနေသောကြောင့် အကျီင်္ကို ဖြဲကာ စည်းထားလိုက်၏ ။

နံနက်အာရုံတက်ချိန်ပင် ရောက်လာသောကြောင့် လရောင်မှာမှေးမှိန်ကာ သဘာဝအလင်းပေါ်ထွက်လာပြီး ရှင်းရှင်း လင်း လင်းစတင်မြင်ရလေတော့သည် ။ ကျွန်ုပ်လည်း ရေလှိုင်းသံများကြားရာသို့ မှန်းဆကာ တိုးထွက် လာခဲ့လေတော့သည် ။ အတန်ကြာလျှောက်ပြီးသောအခါ ခပ်လှမ်းလှမ်းမှနေ၍ လူရိပ်ငါးခုမြင်လိုက်သောကြောင့် ရန်သူလားမိတ်ဆွေလား မခွဲခြားနိုင်သဖြင့် နောက်ဆုံး ကျည်တစ်တောင့်ပါသော သေနတ်ကို အသင့် ကိုင် ကာ ရှေ့သို့ ဆက်ခဲ့လေတော့သည် ။

“သူကြီး...သူကြီးလား ”

“ ဟေး...ကိုမြင့်လွင် ”

“ဟာ..ဟုတ်တယ်ကွ လာလာမြန်မြန် ဒါသူကြီးပဲ ”

ပြောပြောဆိုဆို ကျွန်ုပ်ထံသို့ ကိုမြင့်လွင် ၊ သူရိန် ၊ ဘီလူး ၊ သားပြောင် ၊ ငမိုးတို့ ပြေး လာကြသည်ကိုတွေ့ လိုက်ရသောအခါမှပင် ကျွန်ုပ်လည်း စိတ်အေးရပေတော့သည် ။

“ ဟင်သူကြီး ..သူကြီးလက်က ဘာဖြစ်တာလဲ ”

“ ဘာသတ္တ၀ါ မှန်းမသိပါဘူး ငမိုးရာ ဟောဟို ခပ်လှမ်းလှမ်းမှာ လဲနေလေရဲ့ သူနဲ့တိုက်ခဲ့တာ ကျည်တစ်တောင့် ပဲကျန်တော့တယ် အဲဒီအကောင်ကိုလည်း သယ်ခဲ့ကြပါ လိုလိုမယ်မယ် ရိက္ခာအတွက်ပေါ့ ”

“ဟုတ်ကဲ့သူကြီး သူကြီးကို စိတ်မချလို့လိုက်လာတာ ကမ်းစပ်ကို သူကြီးတို့ ရောက်အောင်သွားနှင့်ချေ ကျွန်တော် တို့ အဲဒီအကောင်ကိုသယ်ပြီးလိုက်လာမယ် ”

ဟု သူရိန်က ပြောကာ ငမိုးနှု့် ကိုမြင့်လွင်အား ခေါ်၍ ထိုသတ္တ၀ါကြီးဆီသို့ ထွက်ခွာသွားလေတော့သည် ။

ဘီလူးနှင့် သားပြောင်တို့ကို အားပြအုကာ ကျွန်ုပ်လည်း ရွာသားများစုရပ်သို့ ပြန်ခဲ့လေတော့သည် ။ တောစပ် ကုန်ဆုံးပြီးသောအခါ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေနှင့် ပင်လယ်ပြင်ကြီးက ကျွန်ုပ်အား ဆီးကြိုနေလေတော သည် ။ အလို ပင်လယ်ကမ်းစပ်တွင်ကား ရွာသူရွာသားအားလုံးနှင့် ရွာကာလသားများ အပြင် လွန်စွာကြီးမားသော ပင်လယ်ကူး လှေကြီးတစ်စင်းကိုပါ တွေ့လိုက်ရလေတော့သည်။

“ ဟာ...သူကြီး ”

“ ဟင် သူကြီးလိုက်လာပြီ ”

ပြောပြောဆိုဆို ညီမငယ် ကြယ်ဖြူ ၊ ပုတုလေး ၊ အင်ကြင်း၊ ဇိုင်းပန် ၊ နဲဗား တို့မှာ ကျွန်ုပ်တို့လား လာကြိုကြလေတော့သည်။ သို့နှင့် ကျွန်ုပ်၏ ဒါဏ်ရာအား ပင်လယ်ကမ်းစပ်မှာပင် လူရိုင်းသားအ ငယ်ဆုံး ဖြစ်သော အလင်းသစ်က ၄င်းတို့၏ အစွမ်းထက် ပင်လယ်ရေမှော်တစ်မျိုးဖြင့် ဆေးထည့်ပေးလေရာ အတော်ပင် နေသာထိုင်သာရှိသွားလေတော့သည် ။ (၄င်းတို့ ၃ ယောက်မှာ ခါးတွင် ထိုဆေးဘူးငယ်များကို အစဉ် သဖြင့် ချိတ်ဆွဲထားကြလေသည် ။ အစွမ်းထက်သော ဆေးဝါးတစ်မျိုးအဖြစ် စီမံထားပုံရလေသည် ။ ) ကျွန်ုပ်အား ဆေးထည့်ပေးနေစဉ်အတွင်း လူကြီးအကြီးအကဲ၏ သမီးအကြီးဆုံးဖြစ်သူ အဖြူရောင်နတ်သမီးမှ

“ သင်တို့ ကို ဒီလှေကြီးဖြင့် ပင်လယ်ဖြတ်ကူးရန်လက်ဆောင်ပေးအပ်လိုက်ပါတယ် သင်တို့ဘေးလွတ် ရာသို့ သွားကြ ပါလော့ ဒီနေရာမှာ အကြီးနေလျှင် အန္တရာယ်ရှိနိုင်ပါတယ် ”

“ ဒါဆို သင်တို့ ၃ ယောက်ကရော လူရိုင်းများဆီပြန်မည်လား ”

ကျွန်ုပ်ပြန်ပေးလိုက်သောအခါ လူရိုင်း ငယ်သားသမီး ၃ ယောက်မှာ မျက်နှာများညှိုးနွမ်းကြကုန်၏ ။

“ ကျွန်ုပ်တို့ ရဲ့ မျှော်လင့်ချက်ကတော့ ပင်လယ်စောင့်နတ်မင်းကြီးနဲ့ လေမင်း နေမင်းတို့ပဲရှိပါတော့တယ် ကျွန်ုပ်တို့ ၏ ဖခင်က ကျွန်ုပ်တို့အား သတ်မှာ အမှန်ပါပဲ ဖခင်ဟာ အကြင်နာတရား မရှိပဲ ရှေးရိုးကြီး အတိုင်းနေထိုင် သူဖြစ်တယ် ”

“ အာ.. ဒီလိုတော့ ဘယ်ဖြစ်မလဲ ကျွန်ုပ်တို့အားလုံးလွတ်မြောက်ဖို့အတွက် သင်တို့ အသက်တွေ စတေးရမယ် ဆိုရင် ကျွန်ုပ်တို့လည်း စိတ်ကောင်းနိုင်မှာမဟုတ်ပါဘူး ”

“ ဒီလိုဆိုရင် သင်တို့ ရွာသားတွေနဲ့ကျွန်ုပ်တို့ ၃ ယောက်လိုက်ပြီး သင်တို့ရွာသားအဖြစ် လူယဉ်ကျေးတွေအဖြစ် ခံ့ယူချင်ပါတယ် ”

“ ကျွန်ုပ်၏ ရွာသားများ သဘောကို မေးမည် ”

ကျွန်ုပ်ကား ထိုသို့ ပြောပြီး ရွာသားများဖက်လှည့်လိုက်ရာ ရွာကာလသားများဖြစ်သော သူရိန် ၊ စမူဆာ ၊ သားပြောင် ၊ ငမိုး ၊ ကိုကြီးကျော်တို့မှာ လှိုက်လှဲဝမ်းသာစွာ ဖြင့်

“ ထောက်ခံပါတယ်သူကြီး သူတို့ကိုလည်းခေါ်ခဲ့ပါ ”

ဟု ၀ိုင်းဝန်းပြောဆိုကြလေတော့သည် ။

“ကဲကဲ..အချိန်ကြာလို့မဖြစ်ဘူး ဟေ့ လှေပေါ်ကို အကုန်လုံးတက်ကြပါ ခရီးဆက်ထွက်ကြမယ် ”

“၀ှီး ၀ှီး ...ဒုတ် ”

ကျွန်ုပ်ပြောသံမဆုံးမှီမှာပင် အနီးအနားရှိ နေရာများသို့ မြှားတံများ လာရောက်စိုက်ဝင်ကုန်ကြလေသည် ။ လူရိုင်းများကားခြေရာခံလိုက်လာကြချေပြီ ။ ထိုအခါမှပင် လှေကိုကြိုးဖြုတ်သူဖြုတ် ၊ ရွက်လွှင့်သူ လွှင့်ကာလူအား လုံး အမြန်ကမ်းစပ်မှ ထွက်ခွာခဲ့ကြလေတော့သည် ။

ကျွန်ုပ်တို့ လှေကြီး ကမ်းစပ်မှ ခပ်လှမ်းလှမ်းအရောက်တွင် ကမ်းစပ်သို့ လှံများ မြှားများကို ကိုင်ဆောင်ထားသော လူရိုင်းများ ကား ဒေါသတကြီးဖြင့် လိုက်လာကြသည်ကိုတွေ့လိုက်ရလေတော့သည် ။ ၄င်းတို့မှာ ပင်လယ်ထဲသို့ လည်းဆက်လိုက်ရင် အဆင်သင့်မဖြစ်သောကြောင့် ကျွန်ုပ်တို့ကို သာ ဒေါသတကြီးဖြင့်ကြည့်ရင်း ကျန်ခဲ့ရ ရှာလေတော့သည် ။

“ အသင်သူကြီး ကျွန်ုပ်တို့ ကျွန်းပတ်ဝန်းကျင်တွင် နတ်နဂါးများ ရှိနေပါသည် သို့ရာတွင် ကျွန်ုပ်တို့တွင် ပါလာသော အဆောင်များကြောင့် ၄င်းတို့မှာ ဘေးလွတ်ရာသို့ ခြံရံလိုက်ပို့ပါလိမ့်မယ် ရန်မူခြင်းမပြုကြပါနှင့် ”

“ ကောင်းပါပြီ”

သို့နှင့် ကျွန်ုပ်တို့ရွက်လွှင့်လာပြီးနာရီဝက်ခန့်အကြာတွင် ကျွန်ုပ်တို့ ပထမလှေကြီး နှင့်လာစဉ်က ကြုံတွေ့ ခဲ့ရသော ညံ သတ္တ၀ါများမှာ အကောင်ပေါင်းမရေမတွက်နိုင်အောင် ပင်လယ်အောက် မှ ခေါင်းရှည်ကြီး များထောင်လျှက် လှေကြီးအား လာရောက်ဝန်းရံကြလေသည် ။ ကျွန်ုပ်တို့မှာ လွန်စွာထိတ် လန့်ကြကုန်၏ ။ သို့ရာတွင် လူရိုင်းငယ်များပြောသည့်အတိုင်း လှေကိုမူ လုံးဝအန္တရာယ်ပေးခြင်းမရှိပေ ။ ၄င်းတို့ သည် ကျွန်ုပ်တို့နှင့် ၂ ရက်တိုင်တိုင် ပင်လယ်ဝ မှ သမုဒ္ဒယာအတွင်းသို့ လိုက်ပါပို့ဆောင်ကြကုန်၏ ။ ထိုအတော တွင်းတွင် လှေကြီးပေါ်တွင်ပါလာသော အစားအသောက်များ ၊ ဆန်များ ၊ ပဲများ ၊ အသားခြောက်များကြောင့် ရွာသူ သက်မီမှာ ကျွန်ုပ်တို့အား တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ကျွေးလေရာ ကျွန်ုပ်တို့မှာ ဖြစ်ခဲ့သမျှတို့ အား မေ့ပျောက်ကာ ပျော်ပွဲစားထွက်လာသည်နှင့်ပင်တူပေတော့သည် ။

ကျွန်ုပ်ပစ်ခတ်၍ ရရှိလာသော ထူးဆန်းသတ္တ၀ါကြီး၏ အသားကား လွန်စွာ စားကောင်းကြရာ ရွာသားများမှာ အထူနှစ်ခြိုက်ကြကုန်၏ ။ လူရိုင်းငယ်များနှင့် ရွာသားများအား အတော်ပင်ရင်းနှီးကြလေရာ ရွာကာလ သားများကား မြန်မာစကားကို လူရိုင်းငယ်များအား သင်ပေးကြလေရာ ၄င်းတို့မှာ မပီကလာ ပီကလာနှင့် မြန်မာစကားအချို့ကို ပြောနေနိုင်ပြီဖြစ်၏ ။ (ထိုအတောအတွင်း စားလိုက်သောက်လိုက်နှင့်အန္တရယ် ကြီးကြီးမားမားမတွေ့ရပဲ ရှိသောကြောင့် စာဖတ်သူများ မငြီးငွေ့စေရန် ထိုအခန်းများအား ချန်ထားရစ်ခဲ့ပါသည် ) သို့နှင့် ပင်လယ်သမုဒ္ဒယာအတွင်း ရွက်လွှင့်ပြီး ၇ ရက်တိတိ မြောက်ညနေခင်းတွေ လူရိုင်းငယ် အလင်းသစ်မှ

“ သူကြီး ... အခု ရောက်နေတဲ့နေရာက မရဏအငူကွေ့လို့ခေါ်တယ် ကျွန်ုပ်တို့ ငယ်စဉ်ကတော့ရောက်ဖူးတယ် ဒီဖက်ကို ဒီမှာ သေမင်းတမန် ၀ဲကတော့ကြီး ၃ ခုရှိတယ် တစ်ဖက်မြေပြန့်တွေကို သွားဖို့ဆိုရင် ဒီဝဲကတော့ကြီး ၃ ခုကိုဖြတ်မှရတယ် သူကြီး ဟိုးရှေ့မှာကြည့်လိုက်ပါ အဲဒါ သေမင်းတမန် ၀ဲ နံပါတ် ၁ပဲ ”

ဟုပြောဆိုလေသည် ။ ကျွန်ုပ်လည်း အရှေ့သို့ မျှော်ကြည့်လိုက်လာ လွန်စွာကြီးမားပြီး ပြင်းထန်လှသော ၊ ပတ်ပတ်လည်ရေစီးကြောင်းများ ရစ်ဝိုင်းနေသော သေမင်းတမန် ၀ဲကတော့ကြီးက ကျွန်ုပ်တို့လှေကလေးအား အသင့်စောင့်ကြိုနေသည်ကို တွေ့လိုက်ရလေတော့သတည်း ။

ဆက်ရန်

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 9, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၈)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၈)






ကျွန်ုပ်တို့သည် ဘီလူးကိုတွေ့ပြီးသည်နှင့်တပြိုင်နက် အချက်ပေးသံကိုပါ တစ်ဆက်တည်း ကြား လိုက် ရသောကြောင့် လူရိုင်းများသည် ကျွန်ုပ်တို အကြံအစည်ကို ကြိုတင်ရိပ်မိသွားပြီဖြစ်ကြောင်း သိလိုက်ရလေတော့
သည် ။

“ သူကြီး...သူကြီး...ကျွန်တော်လာပြီ ”

ဘီလူးကား ပြောပြောဆိုဆို လက်ထဲမှ ဓါးနှင့် ကျွန်ုပ်တို့အဖွဲ့အား လှောင်ထားသော ခြံဝန်းအား တုပ်နှောင် ထားသည့် ကြိုးများအား လှီးဖြတ်လေတော့သည် ။ ထိုအခိုက် ရွာထဲမှ ကြောက်မက်ဖွယ်ကောင်းသော အသံများ ကိုပြု၍ လူရိုင်းများကား ကျွန်ုပ်တို့ဆီသို့ ဦးတည်၍ လာနေချေပြီ ။ ခြံဝန်းတံခါးပွင့်သွားသောအခါ ကျွန်ုပ်တို့အဖွဲ့ လည်း ရရာလက်နက်များကို အိပ်ပျော်နေကြသော လူရိုင်းအစောင့်များထံမှ ယူ၍ ခြံဝန်းအပြင် ဖက်သို့ ထွက်ခဲ့ကြလေတော့သည် ။ ထိုစဉ်ကျွန်ုပ်တို့ အဖွဲ့ဆီသို့ ပြေးလွှား၍ အမြန်ရောက်လာကြသော လူရိုင်း အကြီးအကဲ၏ သားသမီး ၃ ယောက် ကိုတွေ့လိုက်ရလေတော့သည် ။ အော်ဟစ်၍ ညာသံပေးကာ လာနေ ကြသော အသားစားလူရိုင်းများ၏ အသံများကား တဖြည်းဖြည်း နီးလာ့ချေပြီ ။

“ ကဲ..ဘီလူးရေ ကျွန်တော်တို့ တစ်အုပ်လုံး ဒီလိုပြေးလို့ကတော့ အကုန်လုံး ပြန်မိပြီး ဒုက္ခရောက်ကုန်ကြမယ်ဗျ ”

“ ဟုတ်တယ်သူကြီး အနောက်မှာ သားပြောင်လည်းပါတယ် သူက ပြေးရမယ့်လမ်းကြောင်းကို ရှင်းလင်းနေတယ် ဒါပေ မယ့် ကျွန်းအနောက်စူးစူးကို ပြေးရင် မိန်းကလေးနဲ့ကလေးတွေပါနေတော့ ပြန်မိသွားနိုင်တယ် ဒီတော့ ဒီထက် တိုတဲ့ လမ်းကြောင်းရှိရင်ကောင်းမယ် ”

ကျွန်ုပ်တို့အချင်းချင်းပြောနေကြစဉ် လူရိုင်းသမီးအကြီးဆုံး အဖြူရောင်နတ်သမီး မှနေ၍

“ အသင်လူယဉ်ကျေးတို့ ယခုပုံအတိုင်းဆို လျှင် ကျွန်ုပ်တို့ ပူးပေါင်းကြံစည်မှုကား ကျွန်ုပ်တို့ ဖခင်သိသွားချေပြီ ။ ကျွန်ုပ် တို့အား လုံးတပြိုင်တည်းထွက်ပြေးရန်မဖြစ်နိုင်တော့ချေ ”

ဟုပြောလေသည် ။

“ ကောင်းပါပြီ ဒါဆိုသင်တို့ ၃ ယောက်ဟာ ရွာသူရွာသားများကို ခေါ်၍ လုံခြုံသည့်နေရာသို့ ပြေးပါလေ ကျွန်ုပ်တို့ ရွာ ကာလ သားအချို့ လူရိုင်းများအား တိုက်ခိုက်ရန် ကျန်ရစ်ခဲ့ပါမည် သင်တို့သွားရာ လမ်းတလျှောက်တွင် အမှတ်အသား များ ထားရစ်ခဲ့ပါလေ ”

“ ကောင်းပါပြီ သင်တို့ မြန်မြန်ဖောက်ထွက်ပြီးလိုက်ခဲ့ကြပါချေ ”

သို့နှင့် လူရိုင်းသားသမီး ၃ ယောက်တို့ကား ကြယ်ဖြူလေး ၊ ဆောင်းရွက်ကြွေ ၊ အင်ကြင်း ၊ သက်မီ ၊ မိဂျန်လေး ၊ ပုတုလေး ၊ မေလေး ၊ ဟေမွန်ချမ်း ၊ ကေးကေး စသော အားနွဲ့သူ အမျိုးသမီး များနှင့် ရွာသားအချို့အား ဦးဆောင် ပြီး အနောက်ဖက်တောအုပ်ထဲသို့ တိုးဝင်သွားကြလေတော့သည် ။ ကျွန်ုပ် ၊ ဘီလူး ၊ သားပြောင် ၊ ဝေယံ ၊ နိုးအိမ်ရှင် ၊ သူရိန် ၊ ကိုဖုန်း ၊ စမူဆာ ၊ ရွာဆော်ငမိုး ၊ ကာလသားခေါင်း စသော တိုက်ရဲခိုက်ရဲ လူငယ် လူလတ်ပိုင်းများ သား ကျန်ခဲ့လေတော့သ ည် ။

“ ရော့သူကြီးရဲ့ သေနတ် သောင်ပြင်မှာ တင်နေလို့ ကျွန်တော်ကောက်လာခဲ့တာ ”

ဘီလူးက ပြောပြောဆိုဆို ကျွန်ုပ်၏ လက်စွဲတော် သေနတ်အားလှမ်းပေးလိုက်လေသည် ။ လူရိုင်းအုပ်စုကား ကျွန်ုပ်တို့ဆီ ပြေးလာနေသည်ကို မြင်လိုက်ရလေသည် ။ ကျွန်ုပ်လည်း စဉ်းစားမနေတော့ပဲ လူရိုင်းအုပ်သို့ ချိန်ရွယ် ကာ သေနတ်မောင်းခလုတ်ကို ညှစ်ချလိုက်လေတော့သည် ။

“ ဒိန်း ”

ကျယ်လောင်စွာ မြည်ဟီးသံနှင့်အတူ လူရိုင်းအုပ်စုကား ၀ါးလုံးစည်းအား ကြိုးဖြည်လိုက် သကဲ့ သို့ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ကြလေတော့သည် ။ သို့ရာတွင် အသိဥာဏ်မရှိသော လူရိုင်းများဖြစ် သည့် အလျှောက် ကျွန်ုပ်တို့ဆီသို့ လှံများဖြင့်ချိန်ရွယ်လျှက် အချို့သော လူရိုင်းများကား ပြေးဝင် လာကြလေတော့ သည် ။ လူရိုင်းတစ်ဦးကား လက်ထဲမှ လှံနှင့် ဘီလူးအား ထိုးချလိုက်ရာ ဘီလူးမှာ လျှင်မြန်စွာ ရှောင်တိမ်း၍ ၀ါးလုံးချွန်နှင့် လည်မြိုကို ထိုးစိုက်ချလိုက်လေတော့သည် ။ လှံရှည်များနှင့် ကျွန်ုပ် တို့ဖက် မှ ကိုင်ဆောင်သော ၀ါးလုံးချွန်များ ဓါးများ ထိခိုက်မိသံများက ကမ္ဘာပျက်မတတ်ပင် ။ ဓါးမရှည်ကြီး ကိုင်ဆောင်ထားသော လူရိုင်းထွားထွားကြီးတစ်ဦးက သူရိန်နှင့် ဝေယံ တို့ နှစ်ဦးအား ဝှေ့ပိုင်း ချလိုက်ရာအရှောင် မြန်၍ သီသီလေး လွတ်သွားလေသည် ။ ရွာဆော်ငမိုးမှ နောက်မှနေ၍ တင်းပုတ်သဏ္ဍာန်ုတုတ်ချောင်းဖြင့် ဦးခေါင်းအား ရိုက်ချလိုက်ရာ ၄င်းလက်ထဲမှ တင်းပုတ်မှာ အဝေးဆီသို့ လွင့်စင်ထွက်သွားလေတော့သည် ။

လူ၇ိုင်းကြီး၏ ဦးခေါင်းမှာ သန်မာလွန်း၍ နာကျင်ဟန်မပြပေ ။ ကျွန်ုပ်မှာလည်း အုပ်စုလိုက် တက်ချလာသော လူရိုင်းများအား မည်းမည်းမြင်ရာ ပစ်ချနေလေရာ ၄င်းတို့အား မကူအားပေ ။ ၇ွာဆော်ငမိုးမှာ လက်ထဲမှ တုတ်ချောင်း လည်းမရှိတော့ ။ လူရိုင်းကြီးကား ၄င်း၏ ဓါးကြီးဖြင့် အားကုန်ခုတ်ပိုင်းချလိုက်တော့သည် ။ သို့ရာ တွင်လူရိုင်းကြီး၏ ဓါးကား ငမိုး၏ ဦးခေါင်းပေါ်သို့မရောက်မီမှာပင် လည်မြိုသို့ မြှားတစ်စင်းက စိုက်ဝင်လာသောကြောင့် လေပေါ်မှာ ဓါးတန်းလန်းကိုကိုင်မြှောက်ရင်း လဲကျသွားလေတော့သည် ။

မြှားပစ်ရာလမ်းကြောင်းကို ကြည့်လိုက်တော့ ဒူးလေးကိုင်ကာကျွန်ုပ်တို့အား လက်မထောင်ပြလိုက်သော စမူဆာကိုတွေ့ လိုက်ရလေသည်။ မိုးလှိုင်ညနှင့် ထွန်းထွန်းတို့မှာလည်း လက်နက်ကိုယ်စီဖြင့် သူသေကိုယ်သေ တိုက်ပွဲ ဆင်နွှဲနေကြကုန်၏ ။ နိုးအိမ်ရှင်၏ ဗန်တို ဗန်ရှည်မြန်မာ့သိုင်းကွက်များကလည်း တစ်ဦးချင်း တိုက်ခိုက်ရာတွင် လွန်စွာ အသုံးဝင်လှပေသည် ။ နဲဗားမှလည်း “ ယား...ယား..စ် ...” ဟု အားကုန်အော်ဟစ်ကာ လူရိုင်းများ လာရောက်တိုက်ခိုက်မည်ကိုမစောင့်ပဲ လူရိုင်းအုပ်ထဲသို့ တိုးဝင်ကာ လက်စွမ်းပြနေလေသည် ။ သိုင်း ပညာ ကို စနစ်တကျ သင်ယူထားသော ကျွန်ုပ်တို့အဖို့ တစ်ဦးချင်းတိုက်ခိုက်ရာတွင် မထောင်းသာ လှသော် လည်း ရှေရှည်တွင်မူ လူရိုင်းများ၏ အရေအတွက်မှာ များသထက်များလာသောောကာင့် ကျွန်ုပ်တို့မှာ အရေးနိမ့်နိုင်ပေ သည် ။

ရွာထဲမှ နောက်တစ်ချီပြေးထွက်လာသော လူရိုင်းအုပ်အား နှစ်လုံးပြူး ကျည်တစ်တောင့် ဖြင့်ဖောက်ခွဲ လိုက်ြ့ပီးနောက်

“ ကဲ..ဘီလူးနဲ့သားပြောင်တို့ရေ ဒီအတိုင်းဆိုမဖြစ်ဘူး ကျွန်တော်ကာပစ်ပေးထားမယ် ကျည်ကလည်း သိပ်မ ကျန်တော့ ဘူး ခင်ဗျားတို့ ရွာသားတွေအကုန်ခေါ်ပြီး ရွာအနောက်လမ်းကြောင်းအတိုင်းလိုက်ပေတော့ ကျွန်တော့်သေနတ် နဲ့ခံပစ်ပေးထားမယ် ”


“ အင်းအင်း သူကြီး အမြန်လိုက်လာခဲ့နော် ဒါဆိုကျွန်တော်တို့သွားနှင့်ပြီ ”

သို့နှင့် ကျွန်ုပ်လည်း ရှေ့ဆုံးမှ မိုက်ရူးရဲလူရိုင်းများအား ဆက်တိုက်ပစ်ချနေရာ အုပ်စုလိုက်ပြေးဝင်လာသော အရှိန်မှာ တန့်သွားပြီး အခြေအနေအရသာ တိုးဝင်ကြပေတော့သည် ။ သို့နှင့် နောက်သို့ ဆုတ်ရင်း ဆုတ်ရင်း တောအစပ်သို့ ရောက်လာချေပြီ ။ ကျွန်ုပ်လည်း လက်ထဲရှိ ကျည်ဆံ အား ဆက်တိုက်ပစ် ချလိုက်ပြီး နောက်သို့ လှည့်ကာ သုတ်ချေတင်ပြေးလေတော့သည် ။ လူ၇ိုင်းများမှာ ရုတ်တရက် ကျွန်ုပ်လက် ထဲမှ သေနတ်အစွမ်းကို ကြောက်နေသေး၍ လိုက်မလာကြသေးပေ ။ အချိန်အတော်ကြီးကြာမှသာ ဗုံများကို ကျယ်လောင်စွာ တီး၍ တောနင်းကာ လိုက်လာကြပြီဖြစ်ကြောင်းကျွန်ုပ်ရိပ်မိလိုက်၏ ။ အချိန်ကား ဥာဉ့်နက် သထက်နက်လာ၏ ။ ကံကောင်းထောက်မစွာပင် လရောင်လေးကြောင့်သာ အရှေ့မှသွားခဲ့သော လူများ၏ လမ်းကြောင်း ကို မှန်းဆ ရွာဖွေကာ လိုက်လာနိုင်ခြင်းပင်ဖြစ်သည် ။

အချို့နေရာများတွင် လူသွားခြေရာများနှင့် မြက်ပင်အယိုင်အလဲများကို မှန်းဆ၍သွားနိုင်သော်လည်း အချို့နေရာများတွင်မူ သစ်ပင်များတွင်ဓါးနှင့် ထွင်းရာများအားကြည့်၍ ခရီးဆက်ခဲ့ရလေတော့သည် ။ ကျွန်းက အတော်ကျယ်ဝန်းပုံ ပင်ရလေသည် ။ ကျွန်ုပ်လည်းဆက်တိုက် ၃ နာရီခန့် ခရီးပြင်းနှင်လာရာ လူရိုင်းများ၏ ဗုံသံများကိုမူ မကြားရတော့ချေ ။ ရှေ့မှ သွားသူများ၏ အရိပ်အယောင်ကိုမျှပင်မတွေ့ရပေ ။ ထိုအခါမှ ရွာသူရွာသား များ၏ အပြေးခြေလှမ်းသွက်ပုံကို ကျွန်ုပ်တွေးမိ၍ ပြုံးမိလေသည် ။ ယခုအခါတွင် မူ ကျွန်ုပ်မှာ တစ်ကိုယ် တည်းဖြစ်၍ တခါတရံတွင် တောခြောက်ခံရမည်လော ၊ လမ်းပျောက်နေသည်လော ဟုတွေးကာ သံသယ ပင်ဖြစ်မိသေး၏ ။ သို့ရာတွင် သစ်ပင်အချို့တွင် ဓါးနှင့် မှတ်သားရာများကိုဆက် လက်တွေ့ ရပြန်သောကြောင့် တဖန်အားတက်ရပြန်သည် ။

တဖြည်းဖြည်းနှင့် တောမှာနက်သထက်နက်လာပြီးနောက် ကောင်းကင်တွင် အလင်းရောင် မှုန်ပြပြလေး များ တွေ့ရ၍ မကြာခင် အာရုံတက်တော့မည်ဖြစ်ကြောင်းကျွန်ုပ်သတိထားမိလိုက်၏ ။ ခြေလှမ်း များက ပိုမိုနှေးကွေးလာပြီး မသယ်ချင်လောက်အောင် ပင် ပင်ပန်းလွန်းလှ၏ ။ ကျွန်ုပ်တို့ဆီမှ ခံစစ် တိုက်ရင်းဆုတ် ခွာသွားသော ရွာ၏ လူရွယ်လူငယ်ကာလသားအဖွဲ့နှင့် လူရိုင်းသားသမီး ၃ ယောက်ဦးဆောင်သွားသော မိးန်သားများနှင့် ရွာသားအဖွဲ့ ပြန်၍ တွေ့ဆုံကြပါမည်လော ။ အလို....ကျွန်ုပ်သည် လျှောက် လှမ်းလာရင်းနှင့် နားထဲတွင် ရေလှိုင်းသံ သဲ့သဲ့ကြားလိုက်ရသောကြောင့် မကြာခင်ပင်လယ် ကမ်း စပ်ပြန်ရောက်တော့ မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏ ။ ထူးဆန်းသည်မှာ ကျွန်ုပ်ဆုတ် ခွာ လာပြီးနောက် တောနက်ထဲတွင် မည်သည့်အကောင်ဗလောင်မျှ တွေ့ဆုံရခြင်းမရှိပေ ။.

နားထဲတွင် ရှပ်..ရှပ်..ရှပ်..ရှပ် အသံကြားလိုက်ရသောကြောင့် ကျွန်ုပ်ကား အန္တရာယ်၏ အငွေ့အသက် ကိုရ လိုက်သောကြောင့် အမြန်ဝပ်ချကာ ငြိမ်သက်နေလိုက်ရ၏ ။ ချီးကျူးကာမှပင် အန္တရာယ်ကောင်နှင့် တွေ့ချေပြီ ။ မည်သို့သော အကောင်ဖြစ်မည်နည်း ။ လက်ထဲရှိ သေနတ်ထဲမှ ကျည်ဆံကို စစ်ကြည့်လိုက်တော့ စုစုပေါင်း ၃ တောင့် ။ ခြေထောက်မှ ယားလံလာ၍ ကြည့်လိုက်တော့ လက်ဖမိုးခန့် ရှိသော မျော့နက်မည်းကြီး တစ်ကောင် ကား တွယ်ကပ်ထားသည်ကို တွေ့လိုက်ရလေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 3, 2011

ရွှေရတု မှတ်တမ်းမှသည် ...????


ရွှေရတု မှတ်တမ်းမှသည် ...????

သူ ... ကောင်းကင်ပြင်မှာ
ဟိုဟို ဒီဒီ အတွေးစတွေနဲ့
ရယ်လည်းရယ်ရဲ့
ပြုံးလည်းပြုံးရဲ့
နှလုံးသားချင်းနွေးထွေးအောင်
ပျော်စရာတွေနဲ့ ဆုပ်ကိုင်ခဲ့သူ

သူ....ကလေးတွေကြားထဲမှာ
ဟိုအိမ်ဝင်ဒီအိမ်ထွက်
ရယ်စရာ မှတ်ချက်တွေကြား
အသက်ဝင်အောင် လှုပ်ကိုင်ခဲ့သူ

ရွှေရတုမှသည် နောင်တစ်ခေတ်ဆီသို့တဲ့
အဘကျောက်ရော...
ဘယ်ဆီဘယ်ဝယ်များလဲ ?
စမ်းတွေလည်းစီးဆင်းမြဲ
နှင်းတွေလည်းပွင့်ဝေမြဲ
သင်္ခါရတရားကတော့ ...
အမြဲပဲ အချိန်အတိအကျရောက်လာတတ်သူ

သွားနှင့်ပေဦး...လေလွင့်လူ
ဟိုးအဝေးမှာ ဓမ္မတေးသံတွေက
အတိုင်းအဆမဲ့ ပဲ့တင်ထပ်လို့
အကြွင်းမဲ့ မရှိခြင်းတရားမှာ
ပို့ချခဲ့တဲ့ သုတ ၊ ရသတွေ
နောင်တစ်ခေတ်လူတွေ
ရင်ဝယ်ပိုက်ထွေးအံ့....

အဘကျောက်ရေ...
ကောင်းကင်ပြင်မှ လေလွင့်ရင်း
နှင်းစက်တို့ သွန်းဖြိုးလှဲ့ပါ
ရွှေ ရ တု မှတ်တမ်းမှသည်
နောင်တစ်ခေတ်ဆီသို့ ...
ေ နာ င် တ စ်ေ ခ တ် ဆီ သို့ . . . .

သက်တန့်ချို

အဘကျောက်ရေ သွားနှင့်ပေ ဦးဗျာ ကျနော်တို့လည်း တစ်နေ့နေ့ လိုက်ခဲ့မယ်
ပြန်ဆုံကြမယ် အဲဒီအခါ ကောင်းကင်ပြင်မှာ ဘလော့တွေ ဆက်ရေးကြတာပေါ့ .....:(

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................