Thursday, January 31, 2013

Doctor-Patient Relationship (သို့မဟုတ် ) ဘတ်လဘိုင်လိုက်နေတဲ့ဇာတ်လမ်းတစ်ပုဒ်



Doctor-Patient Relationship (သို့မဟုတ် ) ဘတ်လဘိုင်လိုက်နေတဲ့ဇာတ်လမ်းတစ်ပုဒ်

ပထမဆုံးဝန်ခံချင်တာက ဒီဆောင်းပါးကိုလည်း ပုဂ္ဂိုလ်ရေးကင်းကင်း နဲ့ ကိုယ့်အမြင်အတိုင်းရေးထာတးယ်ဆိုတာပါပဲ ။ ဒီခေါင်းစဉ်လေးတပ်လိုကရတဲ့ရည်ရွယ်ချက်ကတော့ ဆရာဝန်တွေနဲ့လူနာတွေပိုပြီးကျယ်ကျယ်ပြန့်ပြန့် Discussion လုပ်ချင်တဲ့အတွက်ရယ် တချို့သော ဖုံးကွယ်နေတဲ့အမှန်တရားအချို့ကို ထပ်မံဖွင့်လှစ်ပြချင်တဲ့အတွက်ကြောင့်ရယ်ဖြစ်တယ် ။ တကယ်တော့ ကျွန်တော့်အမြင်ရိုးရိုးကလေးပြောရမယ်ဆိုရင် ဆရာဝန်ဆိုတာ နတ်ဘုရားမဟုတ်ဘူး အလုံးစုံပြည့်ဝတဲ့သူပြည့်စုံတဲ့သူတွေမဟုတ်ဘူး ။ ဆရာဝန်မှမဟုတ်ဘူး ဘယ်လို Professional မှာဖြစ်ဖြစ် Perfect ဆိုတဲ့စကားလုံးက အပေါ်ယံသာခြုံလွှမ်းထားခြင်းဖြစ်တယ် ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ Perfect မဖြစ်ပါဘူး ။ အခုရေးနေတဲ့စာရေးသူအပါအ၀င်ပေါ ။ ဒါလေး အရင်ပြောချင်တာပေါ ။ ဘာလို့ ဆရာဝန်တွေအကြောင်းရေးချင်တာလို့မေးတဲ့မေးခွန်းအပေါ်တော့ နည်းနည်းဖြေချင်ပါသေးတယ် ။ စိတ်ဝင်စားလို့ရယ် ဆရာဝန်ဆိုတာလည်း သာမန် လူနာတွေလိုပဲ အတွေးတွေခံစားချက်တွေ ရှိနေတဲ့ လောဘဒေါသ မကင်းတဲ့လူတွေဖြစ်တဲ့အကြောင်း မီးမောင်းထိုးပြချင်တာရယ် ဆရာဝန်ကလည်း သူများတွေလိုပဲ အဆိုးရောအကောင်းရော ဒွန်တွဲနေတဲ့ လူသားတွေဖြစ်တဲ့အကြောင်းဒီဆောင်းပါးလေးကဖော်ညွှန်းသွားမှာဖြစ်ပါတယ် ။

ဆရာဝန်တွေဟာ Ideal တွေလား

အဲဒီမေးခွန်းတစ်ခုမေးစရာရှိတယ် ။ တချို့ကတော့ (ဆရာဝန်တွေ ) မိမိတို့ဟာ Professional တွေဖြစ်တယ် ဒီတော့ အားလုံးထဲမှာ စံပြနေရမယ် လို့ဆိုကြတယ် ။ လူနာတွေကို အရက်မသောက်ရဘူးပြောတယ် ကိုယ်ကိုယ်တိုင်လည်းမသောက်ရဘူးလို့တားမြစ်ကြတယ် ။ လူနာတွေကို ဆေးလိပ်မသောက်ရဘူးလို့တားမြစ်တယ်ကိုယ်ကိုယ်တိုင်လည်းတားမြစ်တယ် ။ ကျွန်တော်နားမလည်ပါဘူး ။ ဆရာဝန်တွေလည်းလူပါပဲ ဆေးလိပ်သောက်ချင်သောက်မယ် အရက်သောက်ချင်သောက်မယ် မကောင်းတာကို မကောင်းပါဘူးလို့ ပြောခွင့်ရှိပါတယ် ။ ဒါပေမယ့် အများစုထင်ထားကြတာက လူနာတွေကိုတောင်တားမြစ်နေတာ ကိုယ်ကိုယ်တိုင်က စံပြအနေနဲ့ မကောင်းတာတွေမလုပ်ရဘူးလို့ဆိုကြတယ် ။ ဒါဆိုရင် ဆရာဝန်တွေဟာ Ideal တွေလား ။ မဟုတ်သေးပါဘူး ဆရာဝန်တွေလည်း မကောင်းတာ လုပ်တဲ့သူတွေရှိသလိုကောင်းတာလုပ်တဲ့သူလည်းရှိကြတယ် ။ တချို့ဆရာဝန်တွေ ဆေးလိပ်အရက်သောက်ကြတယ် တချို့ဆရာဝန်တွေ ဆေးလိပ်အရက်မသောက်ကြဘူး ။ ဒီတော့ပြောချင်တာက ဆရာဝန်တွေမှာလည်း တသီးပုဂ္ဂလခံစားချက် ရှိကြတယ် ။ ကောင်းအောင်နေရမယ် တော်အောင်နေရမယ် စံပြဖြစ်နေရမယ်ဆိုတဲ့ ဘောင်ထဲ နေနေကြတဲ့ဘ၀တွေ ဟာ တကယ်တော့ လွတ်လပ်ခွင့်အများကြီးကိုဆုံးရှုံးပြီး ဆရာဝန်လုပ်ချင်စိတ်ကို တခါတခါ ဖယ်ခွသွားချင်စိတ်ပေါက်စေမိတယ် လို့ သူငယ်ချင်းဆရာဝန်တစ်ယောက်ကပြောဖူးတယ် ။ ။ ဆရာဝန်ပဲလုပ်ပေါ့ ဒါလေးတောင်မလုပ်နိုင်ဘူးလားမေးစရာရှိတယ် ။

ဆေးလိပ်အရက်က ကောင်းမှမကောင်းတာ ဒီလောက် Health Education တွေလုပ်နေပြီးတော့ ကိုယ်ကိုယ်တိုင် ဘာလို့ အဲဒါတွေကိုလုပ်ပြနေမှာလဲ ။ အဲဒီလိုမေးခွန်းမေးတဲ့သူဟာ တကယ်တော့ ဆရာဝန်တွေကို Ideal အဖြစ်မြင်နေတဲ့သူပါပဲ ။

ဂျူတီကုပ်နားကြပ်ပါတိုင်းဆရာဝန်ဖြစ်သလား

ဆရာဝန်တွေ သန့်ရှင်းသပ်ရပ်ရမယ်လို့ ဆရာဝန်တွေရဲ့ ဆရာကြီးတွေက မှာလေ့ရှိကြတယ် ။ အဲဒါကိုတော့ ကျွန်တော်ကလက်ခံတယ် ။ လူနာကုတာပဲ လူနာစိတ်ချမ်းသာအောင် နည်းနည်းသပ်သပ်ရပ်ရပ်လေးတော့ဝတ်ရမှာပေါ့ ။ လူနာတွေစိတ်ထဲက ဘာလို့ ဆရာဝန်တွေဆီလာပြရသလဲဆိုတဲ့မေးခွန်းကိုစဉ်းစားကြည့်ကြဖို့ကောင်းတယ်။ ရောဂါပျောက်ချင်လို့ယုံကြည်အားကိုးတဲ့စိတ် ။ ဟုတ်တယ် သူများနိုင်ငံတွေမှာ ရောဂါပျောက်ချင်လို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံမှာက အားကိုးတယ်ဆိုတာ ပါပါတယ် ။ ဒီတော့အားကိုးတယ်ဆိုကတည်းက ကြည်ညိုလို့ ဒါဆို ဆရာဝန်တွေအားလုံးကြည်ညိုထိုက်တဲ့လူတွေလား ။ ဒီလိုလည်းမဟုတ်သေးပါဘူး ။ ဆရာဝန်တွေကို လူနာတွေက ပိုက်ဆံပေးတယ်စပ်းသပ်ခကုသခပေးတယ် ဆရာဝန်တွေကကုတယ် တကယ်ဆို ဈေးသမားစကားနဲ့ပြောရင် အပေးအယူပဲမဟုတ်ဘူးလာ ။ ဘာကြည်ညိုစရာလိုလို့လဲ ။ ဒါပေမယ့်ဘာလို့ ဆရာဝန်တွေကို လူနာတွေက ကြည်ညိုကြလဲ လူ့အသက်ကို ကယ်ပေးတဲ့မွန်မြတ်တဲ့အလုပ်ဖြစ်နေလို့ပဲ ။ ဒါဆို မွန်မြတ်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ဖို့ မွန်မြတ်တဲ့ အသွင်အပြင်ရှိဖို့တော့လိုတယ် ။ အခုခေတ်ဆေးကျောင်းသားဆေးကျောင်းသူလေးတွေကိုလည်း နည်းနည်းပြောချင်သေးတယ် ။ ကျွန်တော်တို့နှစ်တွေတုန်းက ဂျင်းပန်နဲ့ ဆေးရုံမလာရဘူး လာတယ်ဆိုရင် ဆရာကြီးတွေမတွေ့အောင်ပုန်းနေရတယ် တွေ့တာနဲ့ သေပြီမှတ် လူနာကိုမစမ်းခိုင်းဘူး ဆေးရုံအပြင်ထွက်ခိုင်းတယ် ။

အခုခေတ်တော့ ဆေးရုံမှာ ဂျင်းပန် အပေါ်ကနေဂျူတီကုတ်ထပ်ဝတ် ပြီးတော့ နားကြပ်ကလေးနဲ့ကြော့ကြော့ မော့မော့ဆရာဝန်ကလေးတွေအများကြီးဖြစ်လာခဲ့ရပြီ ။ ဒါကြောင့်ဆေးကျောင်းသူဆေးကျောင်းသား တွေကိုလည်း ဒီဆောင်းပါးနေကမှာချင်တာက ဂျူတီကုတ်နဲ့နားကြပ်ပါတိုင်းဆရာဝန်မဟုတ်ပါဘူး လူနာရဲ့အသက်ကို ကိုယ့်အသက်လို သဘောထားပြီးစေတနာ ထားကုနိုင်တဲ့ သပ်ရပ်ကြည်ညိုအားကိုးလောက်ဖွယ်ကောင်းတဲ့အ၀တ်အစား ( စတိုင်ပန်ဝတ်မယ်ဆိုရင်လည်းစတိုင်ပန် ပုဆိုးဝတ်မယ်ဆိုရင်လည်းပုဆိုး စသဖြင့် ) ၀တ်ဆင်ကြဖို့လိုပါတယ် ။ နားကွင်းတွေနားပေါက်တွေ နဲ့ကလည်း ဆရာဝန်တွေနဲ့သိပ်တော့အံမကျလှဘူး ။ အဆိုတော်ရုပ်ရှင်မင်းသားမှမဟုတ်တာ လူနာအသက်ကိုကယ်ရမှာပဲ ဒါတွေက လူနာကုတဲ့ professional field ကို မထိခိုက်စေပေမယ့် အကြည်အညိုနဲ့ယုံကြည်ကိုးစားမှုကို ပျောက်စေတာအမှန်ပဲ ။ ကိုယ်ကိုယ်တိုင်လည်းကိုယ့်အသက်ကို နားကပ်တစ်ဖက်တပ်ပြီးဂျင်းပန်ဝတ်ထားတဲ့ MP3 သီးချင်းနားထောင်ပြီး ဆေးရုံကော်ရစ်တာပေါ်ရပ်နေတဲ့ ဆရာဝန်တစ်ယောက်လက်ထဲ မထိုးအပ်နိုင်ပါဘူး ။ ဒီလို အသေးအဖွဲလေးတွေကို ဆရာဝန်တွေ အားလုံးပြင်ဖို့လိုကြပါပြီ ။ တကယ့်ကို သပ်ရပ်စွာ ၀တ်ဆင်တဲ့ဆရာဝန်တွေအများကြီးရှိသလို မသပ်မရပ် ဘိုသီဘတ်သီနဲ့ လမ်းသရဲစတိုင် ဆရာဝန်တွေလည်းမြင်နေရသေးတယ် ။

ဆရာဝန်လူနာဆက်ဆံရေး

နိုင်ငံခြားအကြောင်းကိုအရင်စပြောရမယ်ထင်တယ် ။ နိုင်ငံခြားမှာ Consultation fees ယူတယ် လူနာကိုဆေးပေးတယ် follow up ချိန်းလိုက်တယ် ။ လူနာပြန်လာတယ် ပြန်စစ်တယ် ကြားထဲမှာ တစ်ခုခုလွဲချောခဲ့ရင်လူနာက ဆရာဝန်ကို တရားစွဲတယ် ။ ဆရာဝန်သည် လူနာတရားခွဲရင် ခံရတယ် ။ လူနာက ဆေးမထိုးချင်ဘူး ဆိုရင်ထိုးခွင့်မရှိဘူး ။ ကျွန်တော့်အမြင်တော့အေးစက်စက် ရောင်းသူဝယ်သူဆက်ဆံရေးပဲ ။ သူတို့အဆိုအရတော့ Professional Communication ဆိုလားပဲ ။ မြန်မာနိုင်ငံကတော့ဒီလိုမဟုတ်ဘူး ။ ဆရာဝန်ကို အိမ်ဦးနတ်အဖြစ်မှတ်ယူတဲ့လူနာတွေတောင်ရှိတယ် ။ ဒါက ကိုယ်တိုင်ကြုံဖူးလို့ရေးပြတာပါ ။ ဆရာဝန်လာပြီဆိုရင် တကယ့်ကို ခယယိုကျိုးလို့ ယပ်ခပ်ပေးသူကခပ် ရေတိုက်တဲ့သူကတိုက် နီးနီးနားနားတောင်လမ်းမလျှောက်ခိုင်းဘူး ။ ကောင်းလိုက်တာ ဆရာဝန်နဲ့လူနာဆက်ဆံရေးဟာ မောင်နဲ့နှမ ၊ သားနဲ့အမိ ၊ အဒေါ်နဲ့တူ အဖေနဲ့သားလိုဖြစ်နေခဲ့တာ ။ အခုအချိန်ထိလည်းအများစုက အဲဒီဆက်ဆံရေးပါပဲ ။ ဒါပေမယ့် ဆေးရုံကြီးတစ်ရုံကနေ ဖြစ်တဲ့ကိစ္စ ကနေစလို့ မီဒီယာတွေအားကောင်းမှု လူမှုဆက်သွယ်ရေးကွန်ယက်တွေအားကောင်းမှု နဲ့ တရားစွဲဆိုမှုတွေဖြစ်တဲ့အထိဖြစ်သွားပြီး ဆရာဝန် လူနာဆက်ဆံရေးဟာ မြောင်းထဲကျသွားတဲ့ယုံကြည်မှုတွေလိုဖြစ်သွားရပြန်တယ် ။ လူပါပဲ ဆရာဝန်ကလည်းလူပါ လူနာ ၁၀၀ လောက်ကုရတယ် အချိန်သိပ်မပေးနိုင်ဘူးလို့ အထူးကုကြီးတွေလူနာများတဲ့ဂျီပီတွေပြောကြတယ် ။

ဒီလိုလည်းမဟုတ်သေးဘူး လူနာတွေရဲ့ယုံကြည်မှုကို လိုချင်တယ်ဆိုရင် လူနာတွေကိုလုံလောက်တဲ့အချိန်ပေးရမယ် ပေးတဲ့ဆရာဝန်တွေလည်းရှိတယ် ။ လူနာအများစုက ကိုယ့်မှာ ဘာဖြစ်ချင်သလဲသိချင်ကြတယ် ဆရာဝန်တွေကလည်း တချို့ရောဂါတွေအသေးစိတ်ရှင်းပြရင်နားမလည်မှာစိုးတာရယ် (သို့မဟုတ် ) မရှင်းပြချင်တာရယ် ၊ နောက်လူနာတွေ စောင့်နေရမှာအားနာတာရယ်ကြောင့်ဘာဖြစ်တာလဲဆိုတဲ့ Diagnosis ကိုမပြောပြလိုက်တဲ့ဆရာဝန်တွေရှိတယ် ။ ပြောပြတဲ့ဆရာဝန်တွေလည်းရှိတယ် ။ အခုလို (မရှိဘူးရှိတယ် ကောင်းတယ်မကောင်းဘူးတွဲတွဲရေးနေရတာ လူတွေဖြစ်တဲ့ဆရာဝန်တွေဟာလည်းအကောင်းရောအဆိုးရောဒွန်တွဲနေကြတယ်ဆိုတာထင်ဟပ်ပြချင်တာပါ ) ။ ဘာပဲပြောပြော ဆရာဝန်လူနာဆက်ဆံရေးဟာ အခုနောက်ပိုင်း ဘတ်လဘိုင်လိုက်နေတာ အမှန်ပဲ ။ ဘတ်လဘိုင်လိုက်တယ်ဆိုတာ ဘမ်းစကားပါ မရှင်းမရှင်းပဲ ဇာတ်မျောကြီးဖြစ်နေတာကိုဆိုလိုတာပါ ။ လူနာတွေက ဆရာဝန်တွေကို ပြတ်ပြတ်သားသား မှားတာနဲ့ တရားစွဲဖို့လောက်အထိ ဖြစ်ကြပြီလားဆိုတော့လည်းမဟုတ်သေးဘူး ။ အခုထိ ဆရာဝန်ကို ယုံကြည်အားကိုးနေကြတဲ့ လူတွေဒုနဲ့ဒေး။ ဒါဆို ဆရာဝန်လူနာဆက်ဆံရေးက အလုံးစုံပျက်ဆီးသွားပြီလားလို့ မေးစရာရှိတယ် ။ မပျက်ဆီးသေးပါဘူး ။ ဆရာဝန်တွေအနေနဲ့ လူနာတွေ ယုံကြည်အားကိုးထိုက်အောင်နေနေသမျှ လူနာတွေဖက်က အားကိုးစိတ် ယုံကြည်ချင်စိတ်ကလည်းမပျက်သေးဘူးဆိုတာ ပြောချင်တာပါ ။

ဆရာဝန်တွေ အမှားပေါင်းများစွာ မလုပ်မိကြဖို့လိုတယ်


အသိဆရာဝန်တစ်ယောက်ရှိတယ် အခုတော့ဆရာဝန်မလုပ်တော့ဘူး ။ စီးပွားရေးလုပ်နေတယ် ကိုယ့်ထက်ချမ်းသာလိုက်တာ ကျိကျိတက်ပဲ တခါတခါ သူများချမ်းသာတာ အားကျတယ် ဒါပေမယ့် စိတ်ထဲလည်းသူ့ဖက်နေကြည့်တာ ဘယ်လောက်ချမ်းသာချမ်းသာ တစ်ခုခုကိုဆုံးရှုံးနေရသလိုပဲအချိန်နဲ့အမျှပေါ့ ။ သူ့ဖြစ်စဉ်ကဒီလို လူနာတစ်ယောက် လာပြတယ် သူကဆေးရုံတက်ဖို့လိုအပ်လို့ဆေးရုံသွားရမယ်ပြောတယ် လူနာကငြင်းတယ်ဆရာ့လက်ထဲအသေခံမယ်တဲ့ ဒီတော့ သူကမဖြစ်နိုင်ဘူးဆေးရုံသွားပါအချိန်မှီပါတယ် ဒီမှာဆက်နေရင်အချိန်မမှီဘူးပြောတယ် ဆရာ့လက်ကိုပဲအပ်ပါတယ်ဆရာပဲကုပေးပါဆိုပြီးဇွတ်ပြောကြတယ် ။ အဲဒီအချိန်က တကယ့်ကို Crisis ပါ ဆရာဝန်က လူနာကို ကျွန်တော်မကုနိုင်ဘူးငြင်းခွင့်မရှိဘူး နိုင်ငံခြားမှာတော့ငြင်းချင်ငြင်းမှာပေါ့ ။ အပြင်ဆေးခန်းမှာ ဆက်ကုပြန်ရင်လည်း လူနာအသက်သေနိုင်တယ် ။ နောက်ဆုံးမရတဲ့အဆုံး သူအသက်ကယ်ဆေးတွေထိုးတယ် သူ့ အတွေ့အကြုံ သူ့ အစွမ်းရှိသလောက်နေ့နေ့ညညသူကုတယ် ။ ၃ ရက်လောက်ကြာတော့ လူနာ ဆုံးသွားတယ် ။ လူနာရှင်တွေကလည်း ကျေကျေနပ်နပ်ပဲ ဆရာရှိလို့ ဒီလော

က်အသက်ရှင်ခွင့်ရတာလို့ပြောတယ် ။ အဲ ၀ိုင်းဖွကြတာက ရပ်ကွက်ထဲကလူတွေ ဒီဆရာဝန်ဆေးထိုးလို့လူနာ သေသွားတာပါဆိုပြီး ။ တစ်ယောက်စကားတစ်ယောက်နားနဲ့ စကားတွေကားလိုက်ကြတာ သူ ဆေးဆက်မကုတော့ဘူး ။ စီးပွားရေးပဲလုပ်တော့မယ်ဆိုပြီး နားကြပ်ကိုချ စီးပွားရေးလောကထဲ ၀င်သွားတယ် ။

အမှားပေါင်းများစွာ လုပ်မိနိုင်ပါတယ် ။ လူပါဆိုမှပဲ ဒါပေမယ့် အမှားနည်းသထက်နည်းအောင်တော့လုပ်ရမယ် ။ အထူးသဖြင့်အသက်အန္တရာယ်နဲ့ကြုံနေရတဲ့ သနားဖို့ကောင်းတဲ့လူနာတွေအဖို့ ကိုယ်ဟာ အားကိုးထိုက်တဲ့ ဆရာဝန်ဖြစ်ဖို့ လိုတယ် ။ ကျန်တဲ့ဆရာဝန်လူနာ ဆက်ဆံရေးအမှား ဘာအမှားညာအမှားခွင့်လွှတ်လို့ရပေမယ့် ဆေးကုခြင်းအပိုင်း Medical Treatment မှားရင်တော့ခွင့်လွှတ်လို့မရဘူး ။ ဆရာဝန်မလုပ်သင့်ဘူးဆိုပြီး ဆမ ပြန်သိမ်းတာတွေရှိပါတယ် ။ ဒီတော့ ဆရာဝန်တွေအနေနဲ့လည်း အမြဲ Update ဖြစ်နေအောင် Continuous Medical Education ဆိုတဲ့ CME တွေ တက်ကြဖို့လိုတယ် ။ လူနာတွေနဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးနေရမယ် အေးတိအေးစက်မလုပ်ရဘူး ဒါဆို အမြဲပဲ မိသားစု ဆက်ဆံရေးကိုရမှာပါ ။ လူနာထက်ပိုက်ဆံကိုပဲ ပို မြတ်နိုးသော ဆရာဝန်တွေရှိသလို တကယ်တော့ ကိုယ့်အကျိုးကို လစ်လျှုရှုပြီး နယ်မှာ အပင်ပန်းခံသွားကုနေတဲ့ စေတနာ နှလုံးလှဆရာဝန်တွေလည်းရှိကြတယ် ။

ဆရာဝန်နှင့် မာန်တက်ခြင်း

အဲဒီကိစ္စကလည်းရှင်းရအတော်ခက်တယ် ။ ဆရာဝန်တွေ တချို့မာန်တက်ကြတယ် တချို့မာန်မာနမရှိကြဘူး ။ ပညာတတ်တဲ့ အထူအပါးပေါ်မူမတည်ဘူး ။ ဆေးလောကစ၀င်လာတဲ့ဟောက်ဆာဂျင်တစ်ယောက်ဆေးကျောင်းသားတစ်ယောက် မောက်မောက်မာမာနဲ့လူနာတွေကိုဆက်ဆံပြီး မာန်တက်နေတာရှိသလို ဘွဲတွေတသီကြီးယူပြီးတဲ့အတွေ့အကြုံရင့်ကျက်နေတဲ့ဆရာဝန်ကြီးတွေက လူနာတွေကို နွေးနွေးထွေးထွေးနဲ့ဆက်ဆံတာမျိုးလည်းရှိတာပါပဲ ။ တကယ်တော့ လောကကြီးမှာ ဖြစ်ပျက်နေသမျှ အကြောင်းအရာတွေက ဆရာဝန် နဲ့လူနာဖြစ်တဲ့ကိစ္စတွေမဟုတ်ပါဘူး ။ လူ သားတွေဆိုတဲ့လူအချင်းချင်းဖြစ်နေကြတာတွေပါ ။ မာန်တက်တဲ့ဆရာဝန်တွေရှိသလို မာန်မတက်တဲ့ဆရာဝန်တွေလည်းရှိကြတယ် ။ မာန်တက်တဲ့လူနာတွေရှိသလို မာန်မတက်တဲ့လူနာတွေလည်းရှိကြတယ် ။ ဒါပေမယ့်လူနာတွေ ယုံကြည်အားကိုးကြတဲ့ဆရာဝန်ဖြစ်ထိုက်ဖို့အတွက်တော့ မာန်မနာကိုခွာချထားတဲ့ဆရာဝန်တွေဖြစ်ကြဖို့လိုပါတယ် ။ တချို့ဆရာဝန်တွေဟာတကယ့်ကို စိတ်ရင်းသဘောကောင်းကြတယ် ။ လူနာတွေလာပြီဆိုရင် စိတ်ရှည်ရှည်နဲ့စမ်းသပ်ကြသလို ဘယ်လိုမာန်မာနမှမရှိပဲ လူနာတွေကို အကျိုးသင့်အကြောင်းသင့်ရှင်းပြတတ်ကြတယ် ။ တချို့ဆရာဝန်တွေ တကယ့်ကို မာန်တက်ကြတယ် ။ လူနာကို ရှင်းပြဖို့မထိုက်တန်ဘူး ဆေးပညာတွေနားမလည်ပဲဘာလို့မေးနေတာလဲ လို့ တွေးကြတယ် ။ မှန်ပါတယ်လူနာတွေကဆေးပညာနားမလည်ဘူးပဲထားပါ ဒါပေမယ့် ဘာရောဂါဖြစ်နေလို့ ဘာတွေလုပ်ဖို့လိုတယ် ဘာကြောင့်ဒီလက္ခဏာဖြစ်နေတာပါ ဆိုပြီးအကျိုးသင့်အကြောင်းသင့်ရှင်းပြဖို့လိုတယ်လို့ထင်မိတယ် ။  အဲဒီလိုဆရာဝန်တွေ အမှန်ကိုမြင်နိုင်ကြပါစေ ဝေဒနာခံစားနေရတဲ့လူနာတွေကတော့ သိချင်ကြမှာ မလွဲပါဘူး ။

အရှုပ်ထုပ်ကြီးများ အားမထမ်းကြစေလို

တခါတခါ တချို့အကြောင်းအရာတွေ ချိန်ဆပြရတာ အရမ်းခက်တယ်ဆိုတာ စာဖတ်သူများ သတိထားမိကြမှာပါ။ အမှန်တော့ Refer fees ဆိုတာ မဖြစ်စလောက်ငွေကြေးလေးပါ ။ ရာဂဏန်းထောင်ဂဏန်းနဲ့ ဘာမှမစားလောက်ပေမယ့်အဲဒီ ကိစ္စကိုလက်ညှိုးထိုးကြပြီး ဆရာဝန်တွေကို အရှုပ်ထုပ်တွေလို့စွပ်စွဲနေကြသူတွေဖြစ်တယ် ။ ဆန်ရင်းနာနာဖွတ်ဆိုတဲ့စကားအတိုင်း ကျွန်တော်ကတော့ ဆရာဝန်တွေကိုပဲပြောရပါဦးမယ် ။ လိုအပ်တဲ့ Investigation ကိုပဲလုပ်ခိုင်းပါ လူနာအများစုက ဆင်းရဲကြပါတယ် ။ ကျွန်တော့်ဆရာ (မြောက်ဥက္ကလာပ မှ သမားတော်ကြီး ) တစ်ယောက်ပြောသလို “ လူနာတစ်ယောက်ကို creatinine စစ်ဖို့မလိုပဲ ဘာလို့စစ်ခိုင်းတာလဲ ” ဆိုသလိုပေါ့ အဲဒီတုန်းက ကျွန်တော်တို့ကစာသင်သားတွေပါ ။ Durg bruden တို့လို မျိုး Investigation burden လည်းမဖြစ်စေချင်ပါဘူး ။ လိုအပ်တာကိုပဲတိတိကျကျစစ်ခိုင်းပြီး ဆေးဝါးတိတိကျကျပေးနိုင်တဲ့ ဆရာဝန်များကို အတုယူကြစေချင်တယ် ။ ပထမတစ်ခေါက်ကရေးခဲ့တဲ့ ဆောင်းပါးထဲက လို့ ဖြစ်နိုင်ရင် နာမည်ကြီးရာ ဆေးဝါးတံဆိပ်တွေ ရွေးပေးတာမဟုတ်ပဲ လူနာတွေအတွက် တကယ်ပဲ အရည်အသွေးးပြည့်ဝတဲ့ ဆေးဝါးတွေရစေချင်လို့ ညွှန်းပေးနိုင်တဲ့ဆရာဝန်များဖြစ်ကြပါစေ ။ နောက်တစ်ခု Deal တွေကိုလည်း ရည်ရွယ်ချက် ၂ခုနဲ့တွေ့ရတယ် ။ မှန်ပါတယ် ward ထဲကလူနာတွေအတွက် donation လိုလို့ ဆေးရုံ facility အတွက် လိုလို deal လုပ်ကြတယ်ဆိုရင်တော့ လက်ခံပါတယ် လူနာတွေအတွက်အများအကျိုးတွက်ပဲလေ ။ ဒီလိုမဟုတ်ပဲ Personal advantage အတွက်ဆိုရင်တော့ရှောင်ကြစေချင်ပါတယ် ။

အခု ၀ိုင်းထိုးနေတာ လက်ညှိုးတစ်ချောင်းတည်းမဟုတ်ပါဘူး ။ လက်ညှိုးပေါင်းများစွာကပါ ။ ကိုယ်တွေမှ မပြင်ရင် ကိုယ်တွေမှ အချင်းချင်းသတိမပေးရင် ဒီအတိုင်းပဲ အရှုပ်ဇာတ်လမ်းတွေမှာ မျောပါနေကြမလား ။ ဆရာဝန်ကြီးတွေကို စော်ကားလိုတဲ့ရည်ရွယ်ချက်လား အမှန်ကိုမြင်စေချင်တဲ့ရည်ရွယ်ချက်လားဆိုတာကိုတော့ စာဖတ်သူတွေနားလည်ကြမှာပါ ။ ဆေးလောကကို နိုင်ငံတကာ အဆင့်မှီမြင့်မားစေချင်ပေမယ့် Doctor -patient relationship ကိုတော့ အရင်ခေတ်က “ မိသားစု ” ဆက်ဆံရေးကိုပဲ လိုချင်မိပါတယ် ။ ဆရာဝန်ဆိုတာ တကယ်တော့ “ သမား ” တွေပါ ။ သမား ဂုဏ်နဲ့ညီအောင်နေမှဖြစ်မယ်လို့ ဆရာကြီးတွေက ကျွန်တော်တို့ကို ခဏခဏပြောခဲ့ဖူးတယ် ။ လူနာကို အသက်ကယ်ယုံတင်မဟုတ်ဘူး အဲဒီလူနာရဲ့ “ ရေရှည်အကျိုး ”အတွက်ပါ မျှော်တွေးဆပြီး Plan လုပ်ပေးရမယ်တဲ့ ။ ရပ်ကွက်ထဲ ဆေးထိုးမှားလို့ ဆမ အသိမ်းခံလိုက်ရတယ် တောကိုပြေးပြီးပြောင်းသွားတယ် အမှုရင်ဆိုင်နေရတယ်စတဲ့ အသံတွေကို လူထုတွေထဲကနေ ပြန်မကြားချင်တာအမှန်ပါ ။ လူနာတွေမှာလည်းအကောင်းအဆိုးရှိနေကြသလို ဆရာဝန်တွေကို နားမလည်ကြသလို ဆရာဝန်တွေမှာလည်းအကောင်းအဆိုးရှိကြပြီးလူနာတွေကိုနားမလည်ကြတာတွေရှိတယ် ။

ဘတ်လဘိုင်လိုက်နေတဲ့ ဒီဇတ်လမ်းကြီးတော့ ဘယ်အချိန်အဆုံးသတ်မလဲ ။ လူနာပေါင်းများစွာ အတွက်လိုအပ်နေလို့လစ်ဟာနေတဲ့ လက်ထောက်ဆရာဝန် ရာထူးပေါင်းများစွာကို အစိုးရကမပေးနိုင်လို့ PSC ဖြေခိုင်းတယ် ပြန်လူစစ်တယ် လျော့ချတယ် ။ အရည်အချင်းပြည့်မီလို့ ဘွဲတောင်ပေးဆမလက်မှတ်တောင်ပေးပြီးမှ PSC ကမေးခွန်းတွေမဖြေနိုင်လို့ လက်ထောက်ဆရာဝန်မဖြစ်လိုက်ရတဲ့ဆရာဝန်တွေထုနဲ့ဒေးပါ ။ ဆရာဝန်တွေများစွာ ကျေးလက်ဒေသ တောင်တန်းဒေသ မြေပြန့်ဒေသတွေမှာ လိုအပ်လျှက်ရှိပါတယ် ။ အစိုးရအနေနဲ့လည်း နယ်မှာ သွားလုပ်ရတဲ့ဆရာဝန်တွေရဲ့လစာနဲ့ အဲဒီဆရာဝန်တွေယူရတဲ့ Risk တွေကို တခါလောက်ပြန်ဆန်းစစ်ကြည့်စေချင်တယ် ။ M.Med.Sc ဖြေဖို့မဖြစ်မနေလက်ထောက်ဆရာဝန် ဘ၀ကိုလိုချင်ကြတဲ့ဆရာဝန်အတွက် နည်းလမ်းကောင်းတစ်ခုတော့ရှာဖွေရလိမ့်မယ်လို့ တင်ပြချင်ပါတယ် ။ တကယ်တော့ ဆရာဝန်တွေပိုနေတာမဟုတ်ပါဘူး ။ လူနာပေါင်းများစွာအတွက်လိုတောင်လိုနေပါသေးတယ် ။ အရည်အချင်းပြည့်ဝတဲ့ဆရာဝန်တွေအများကြီးလိုနေပါတယ် ။ အစိုးရအနေနဲ့ ကျန်းမာရေးကဏ္ဍ မှာ ဒီထက်ကောင်းတဲ့ ၀န်ဆောင်မှုတွေ ဥပမာ လိုအပ်နေတဲ့ဆေးရုံအစိတ်အပိုင်း ၊ စမ်းသပ်မှုစက်ပစ္စည်းတွေနဲ့ FOC ယူနေရတဲ့ လူနာတွေအတွက်များစဉ်းစားပြီ့းဖြည့်ဆည်းပေးမယ်ဆိုရင် ခုနကတင်ပြခဲ့တဲ့ Deal လုပ်တဲ့ကိစ္စတွေလည်း ကင်းရှင်းသွားမယ်လို့ မြင်မိတယ် ။

အစိုးရကို အပြစ်တင်နေတာမဟုတ်ပေမယ့် အားနည်ချက်တွေကတော့ရှိနေတာပါပဲ ။ Ward အတွင်းအပြင် သန့်ရှင်းရေးကအစ ဆေးရုံစင်္ကြန်မှာ ချရောင်းနေတဲ့ဈေးသည်တွေ ကွမ်းတံတွေးတွေ အ၀င်ပေါက်စောင့်တဲ့လူတွေရဲ့ မျက်နှာထားတွေ ၊ နာ့စ်တွေ ဟောက်စ်တွေ ဆရာဝန်တွေအဆုံးကျန်းမာရေးကဏ္ဍကြီးတစ်ခုလုံးဒီထက်ပိုကောင်းတဲ့ အခြေအနေတစ်ခုကို တည်ဆောက်ကြဖို့မျှော်လင့်မိပါတယ် ။ အစိုးရက မဖြည့်ဆည်းပေးနိုင်လို့ ဖြစ်သလိုလုပ်နေရပါတယ်ဆိုတဲ့ နေရာတွေအများကြီးပါ ။ သေချာတွေးကြည့်ကြစေချင်သည် ။ ဟီးရိုးမဟုတ်ကြသော ဆရာဝန်များနှင့် ဆရာဝန်ကို အသက်ပုံနှင်းအပ်ရသော လူနာများကြားက နားလည်စာနာနွေးထွေးသော ဆက်ဆံရေးတစ်ရပ်ကိုသာမြင်တွေ့ချင်နေမိတော့သည် ။

သက်တန့်ချို
30 Jan 2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Sunday, January 27, 2013

ကြယ်စင် ဆယ့်တစ် ထွက်ပြီ



ကြယ်စင် ဆယ့်တစ် ထွက်ပြီ

အခုနောက်ပိုင်း အွန်လိုင်းစာရေးသူတွေစုပြီး စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် မှတ်တိုင်အဖြစ်စိုက်ထူခဲ့ကြတာ ကျွန်တော်ကတော့ ကျွန်တော်တို့လို ၀ါသနာရှင် စာရေးသူတွေအတွက် အောင်မြင်မှု တစ်ခုဖြစ်တယ်လို့မှတ်ယူပြီး အရမ်းကို ၀မ်းသာမိပါတယ် ။ အခုတလောခပ်စိပ်စိပ်လေး ထွက်ဖြစ်သွားတာက ကိုရန်အောင်စီစဉ်တဲ့ “ သက်တံ့ဆယ်စင်း ” ၊ နောက်ပြီး အိန်ဂျယ်လှိုင်စီစဉ်တဲ့ “ မိုင်တိုင် ၂၀ ” ၊ အခု ကျွန်တော်စီစဉ်တဲ့ “ ကြယ်စင် ဆယ့်တစ် ” စသဖြင့် ကျွန်တော်တို့လုပ်နိုင်သလောက်တွေနဲ့ စာပေအပေါ်မှာ ကျွန်တော်တို့အားလုံးဖြန့်ကျက်လျှောက်လှမ်းနေကြပါပြီ။

ကြယ်စင်ဆယ့်တစ် ဒီနေ့ ၂၆ . ၁. ၂၀၁၃ မှာ ထွက်ပါပြီ ။ ရှင်မတောင်စာပေမှ တစ်ပြည်လုံးသို့ ဖြန့်ချီနေပြီဖြစ်ပါတယ် ။ ရရှိနိုင်သော စာအုပ်ဆိုင်တွေကတော့

- စာပေလောက ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆
- အာရုဏ်သစ်
- အင်းဝ
- ပါရမီ
- ရာပြည့်
- သာလွန်
- ပညာရွှေတောင်
- အမြင်သစ်
- မြတ်ပွင့်
- မိုးကျော်
- ခေတ်သစ်
- TAB , တော်ဝင်စင်တာ
- Book Corners နှင့်စာအုပ်ဆိုင်များအားလုံး

မန္တလေး
- ထွန်းဦးနဂါး
- ရာပြည့် နှင့် စာအုပ်ဆိုင်များ

Supermarket , Orange , City Mart , United Living Mall စသော နေရာများတွင်လည်း ရရှိနိုင်မှာဖြစ်ပါတယ် ။ နယ်များကိုလည်း တစ်ရက် နှစ်ရက်အတွင်းရောက်မှာဖြစ်ပါတယ် ။

ဆရာ နေ၀င်းမြင့်အမှာစာနဲ့အတူ သေသေသပ်သပ်လေး ထွက်ရှိလာတဲ့ ကြယ်စင်ဆယ့်တစ်မှာ လိုအပ်ချက်မှာ ရှိကောင်းရှိနိုင်ပါတယ် ။ လိုအပ်ချက်များရှိပါက ကျွန်တော်များ၏ လိုအပ်ချက်များသာဖြစ်ပါ၍ ခွင့်လွှတ်ပေးပါရန် :D ကြယ်စင် ဆယ့်တစ်သည် ရသစာစုများ စုစည်းထားခြင်းဖြစ်ပြီး ရှင်မတောင်စာပေ အမှတ် ၂၀၅ , ၅/၆ လွှာ ၊ Health For All Magazine တိုက် ၃၅ လမ်းအထက်ဘလောက် ၊ ဖုန်း ၃၈၆၆၁၇ သို့လည်း ဆက်သွယ် မှာယူနိုင်ပါတယ် ။

အနုပညာ ရပ်ဝန်းထဲက ကြယ်ကလေးတွေ တစ်ဆယ့်တစ်ပွင့်ပါ . . . အလင်းလက်ဆုံးတွေမဟုတ်ကြပေမယ့် ကမ္ဘာမြေကို အလင်းပေးချင်တဲ့ ဆန္ဒတွေနဲ့စေတနာတွေကတော့ ညီတူညီမျှပါပဲ ။ အစစအရာရာ ပါဝင်အားဖြည့်ပေးခဲ့ကြသူအားလုံးကို လေးနက်စွာ ကျေးဇူးတင်ရှိပါသည် ။

အားပေးကြပါဦးခင်ဗျာ ။

လေးစားစွာဖြင့် ,
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, January 26, 2013

အဖြူရောင်ရင်ခွင်



အဖြူရောင်ရင်ခွင်

ဒီနေ့ အမေများနေ့တဲ့ . . ပို့စ်လေးတစ်ပုဒ်လောက်ရေးမယ်ကူးပြီးမှ အစည်းအဝေးတစ်ခု သွားရတာရယ် အလုပ်ကိစ္စတွေရယ်ကြောင့် မရေးဖြစ်ခဲ့သေးဘူး ။ ဒီတစ်နှစ်အမေများနေ့မှာတော့ တခြားဖွဲ့နွဲ့တာတွေရေးချင်စိတ်လည်းသိပ်မရှိသေးတာကြောင့် ရိုးရိုးကလေးပဲ ကျွန်တော်နဲ့အမေ့အကြောင်းလေး အနည်းငယ်ပြောပြပါ့မယ် ။ အဲဒါကို ကျွန်တော်က “ အဖြူရောင်ရင်ခွင် ” လို့အမည်ပေးထားတယ်။

အမေက ရန်ကုန်သူပါ ။ အဖေက ဧရာဝတီတိုင်းမြန်အောင်မြို့ကြီးရဲ့ ဧရာဝတီမြစ်တစ်ဖက်ကကမ်းက အိုးဘိုကျွန်းရွာကလေးဆီက ရွာသားလေးတစ်ယောက် ။ အဖေ့မှာ ညီအကို ၃ ယောက်ရှိတယ် ။ အောင်ချို ၊ အောင်ကို ၊ အောင်သူ တဲ့ အဖေက အကြီးဆုံးပေါ့ သူတို့အရင်က စက်လှေသင်္ဘောတွေထောင်ကြတယ် ။ အဲဒီသဘောင်္တွေနဲ့မြို့ပေါ်တက်ရင်းက မြို့သူအမေနဲ့တွေ့ခဲ့ပြီး ဇာတ်လမ်းတွေဖြစ်ခဲ့ကြတယ်ဆိုပါတော့ ။ အမေက ကျွန်တော့်ကိုမွေးခဲ့တုန်းက မြောက်ဥက္ကလာပ ဆေးရုံမှာပါပဲ ။ ကျွန်တော်မွေးမွေးချင်းတုန်းက အရမ်းရုပ်ဆိုးတယ် ။ အခုလည်းရုပ်ကမချောပါဘူး ။ အရုပ်ဆိုးတော့ ဘာနဲ့တူသလဲဆိုတော့ ကြွက်စုပ်လိုလို ထူးဆန်းသတ္တ၀ါကောင်လိုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အဖိုးကြီးရုပ်ပေါက်နေတဲ့အကောင်ဆိုတော့ အမေမချီချင်တာ ဘယ်ဆန်းပါ့မလဲလေ ။ အဲဒီအတွက်လည်း အမေ့ကိုတစ်ခါမှတော့ စိတ်မကွက်ခဲ့ဘူးပါဘူး ။

ဒီတော့ အိမ်ဘေးက ဒေါ်ချိုဆိုတဲ့အဒေါ်ကြီး ကျွန်တော့်ကို ပဲထိမ်းရတယ် ။ အမေက ကြောက်လို့တဲ့ ဟီးဟီး ။ ဒီလိုနဲ့ နို့တွေဘာတွေသောက် အမေ့အပေါ်ဂျီကျဆိုးရင်း ကျွန်တော် တစ်နှစ်သားအရွယ်အရွယ်လောက်ရောက်တော့ ၀၀တုတ်တုတ်လေးဖြစ်လာတယ် ။ အမေက ကျွန်တော့်ကိုအရမ်းချစ်တယ် ။ မှတ်မှတ်ရရ ကျွန်တော် ၃ တန်းကျောင်းသားအရွယ်ပေါ့ ။ ကျွန်တော်တို့အဲဒီတုန်းက အ.မ.က ကျောင်းလေးတွေမှာတက်ရတယ် ။ ရပ်ကွက်ထဲက မူလတန်းကျောင်းလေးတွေပေါ့ ။ ကျွန်တော့်မှာ အဲဒီတုန်းက နောင်နောင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ။ နောင်နောင်က ကျောင်းသားဆိုကလေးပေါ့ ။ ကလေးသဘာဝ ကျွန်တော်တို့ ရန်ဖြစ်ကြတယ် အဲဒီတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော်ကသိပ်စွာတယ်လို့ပြောတာပဲ ။ လူဆိုးကလေး မောင်သက်တန့်အငယ်စားပေါ့ ။ နောင်နောင်က အဲဒီတုန်းက ကျွန်တော့်ခဲတံကို လုတယ် ကလေးသဘာဝ ဆော့ရင်း လိုချင်လို့လုတာဖြစ်မှာပါ ။ ကျွန်တော်ကပေးလိုက်ပါတယ် ။ နောက်တစ်ချောင်းထပ်သုံးတယ် ။ အဲဒီတစ်ချောင်းကို ထပ်လုတယ် ။ ကျွန်တော်အသာတကြည်ပဲပေးလိုက်ပါတယ် အော် . .သူလည်းလိုချင်မှာပေါ့လေ ဆိုပြီးသူငယ်ချင်းအချင်းချင်းပဲဆိုပြီး ။ ၃ ချောင်းမြောက် ကျွန်တော် ထပ်သုံးတယ် ။ ထပ်လုတယ် ။ ကျွန်တော် နောင်နောင့်ကို စိုက်ကြည့်လိုက်တယ် ။ နောင်နောင်က ကျွန်တော့်ကို လုနေရင်း တခြားသူငယ်ချင်းတွေကို ပြောပြီးရီပါတယ် ။

ကျွန်တော် ဘာမှမပြောပါဘူး ။ ခဲတံနဲ့သူ့လက်ဖမိုးကိုထိုးချလိုက်တယ် ။ သွေးတွေထွက်လာပြီး အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ် ။ ကျွန်တော်စာပဲဆက်ရေးနေလိုက်တယ် ။ နောင်နောင့်ကိုမြင်ပြီးဆရာမကပြေးလာတယ် ။ အတန်းရှေ့မတ်တပ်ရပ် သစ်သားပေတံနဲ့ ခြေသလုံးကိုရိုက်တယ် ။ နောက်နေ့ မိဘခေါ်လာတဲ့ ။ နောင်နောင့်အမေက လုံးဝမကျေနပ်ဘူး မိဘချင်းရှင်းမယ်ဆိုပြီးအိမ်ကို လိုက်လာတယ် ။ အမေက အရမ်းအေးတယ် ။ အဖေက နယ်သွားနေတယ် ။ အမေ့မှာ အဲဒီတုန်းက တောင်းပန်လိုက်ရတာ ပြာပြာသလဲပါပဲ ။ ကျွန်တော်အဲဒီကတည်းကအမေ့ကိုကြည့်ပြီးအရမ်းသနားသွားမိတယ် ။ မိဘဆိုတာ သားသမီးအတွက်ဆို ဘာလို့ အောက်ကျနောက်ကျခံဖို့ ၀န်မလေးပဲ ချစ်နိုင်ရတာလဲလို့ ။ အမေ့မှာ လည်းတခြားမိဘတွေလို ကိုယ့်သားသမီးနဲ့ပတ်သတ်ပြီး ဂုဏ်ယူတတ်တဲ့အကျင့်ရှိပါတယ် ။ အတန်းထဲ အဆင့်ကလေးများတက်လာရင် ဆုလေးတစ်ခုခုများချိတ်ရင် ဂုဏ်ယူလိုက်ရတာအမော ။ တကယ်တော့ ကျွန်တော်က သိပ်တော်နေတဲ့ကောင်တော့မဟုတ်ဘူးဗျ ။ အမေပြောတဲ့စကားတစ်ခွန်းရှိတယ် ။ “ သား . .အမေတို့ပညာတွေမတတ်ခဲ့လို့ အခုလိုသားဆင်းဆင်းရဲရဲနေရတာ . . ငါ့သားတော့အမေတို့လို ဘယ်တော့မှဖြစ်စေရဘူးသားကိုဘာအမွေမှမပေးနိုင်ရင်တော် ပညာအမွေတော့အမေတို့ရအောင်ပေးမယ် ” ဆိုပြီးကျောင်းစာကိုပဲ ဖိပြီးသင်စေခဲ့တယ် ။

နောက်ပြီး ကျွန်တော်အကြီးအကျယ် ရန်ဖြစ်တာတစ်ခုဖြစ်သေးတယ် ။ ရပ်ကွက်ထဲက အောင်ကြီးဆိုတဲ့ကောင်လေးနဲ့ပါ ။ မိုးတွေရွာနေတယ် အဲဒီနေ့တုန်းကပေါ့ ။ ကျွန်တော်တို့မိုးရေထဲမှာ ဂေါ်လီ ရိုက်ကြပါတယ် ။ ဂေါ်လီရိုက်ရင်း ရန်ဖြစ်ကြတယ် ။ စကားများငြင်းခုံရင်းနဲ့ပေါ့ ။ အဲဒီတုန်းက လူက ဘာဖြစ်သွားတယ်မသိပါဘူး ။ အောင်ကြီးကို ကျွန်တော် ဂေါ်လီနဲ့ ခေါင်းကို ထုလိုက်တယ် ။ ဟီး . . အဲဒီတုန်းက ခေါင်းကွဲပြီးသွေးတွေထွက်လာတယ် ။ အမေ . . . ကျွန်တော့်မိုက်မဲမှုကြောင့် ကျွန်တော့်လို သားဆိုးကြောင့် အောင်ကြီးမိဘတွေကို တောင်းပန်ရပြန်တယ် ။ ဆေးဖိုးလျှော်ပေးရတဲ့အပြင်ကျေနပ်ရတဲ့အထိ မျက်နှာငုံ့လို့ ကျွန်တော့်အတွက်တောင်းပန်ပေးခဲ့ပါတယ် ။ အမေ ကျွန်တော့်ကို ဆူတယ်လို့ ခင်ဗျားတို့ထင်သလားဟင် ။ မဆူဘူးခင်ဗျ ကျွန်တော်ကိုပြုံးပြီးပဲကြည့်ပြီးပြောတယ် ။ “ သားရယ် . .ရန်ဖြစ်တယ်ဆိုတာ မကောင်းပါဘူး . . . သားပညာတတ်ကြီးလုပ်ရဦးမယ်လေ ” တဲ့ ။ အဲဒီနေ့ကစပြီး ဒီနေ့အထိ ကျွန်တော် အပြင်မှာ ရန်မဖြစ်တော့ပါဘူး ။ ( စကားလုံးစစ်ပွဲတွေကလွဲလို့ပေါ့ :P ) အဲဒီကတည်းက အမေ့ကို ကျွန်တော် ကတိတစ်ခုပေးလိုက်ပါတယ် ။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပေးလိုက်တာပါ ။ ကျွန်တော် ဘယ်တော့မှ ရန်ထပ်မဖြစ်တော့ဘူးလို့ ။ အမေက တခြားသူတွေလို တခြားသူတွေလို ကျွန်တော့်ကိုဘာကြီး ဖြစ်ရမယ် ညာကြီးဖြစ်ရမယ်ဆိုပြီး ဘယ်တုန်းက ဖိအားမပေးခဲ့ဘူး ။

ဆယ်တန်းကလေးအောင် ကုမ္ပဏီလေးတစ်ခုမှာ ၀င်လုပ် လစာလေး ဘယ်လောက်ရရ မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နေကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ တကယ့် ပကတိ အဖြူရောင် မိခင်ပါ ။ ကျွန်တော်တစ်ခါတစ်ခါတွေးမိတယ် ။ တချို့သားသမီးတွေက သူတို့အမေကို မလိုချင်ကြဘူးတဲ့ ။ သူတို့လိုချင်တဲ့မိခင် သူတို့လိုချင်တဲ့ဘ၀မရတဲ့အတွက် အမေတွေကို မုန်းကြတာတွေ့ရတယ် ။ တချို့ဆို အမေတွေကို ခါးခါးသီးသီး အမေလို့ကို မခေါ်နိုင်အောက်အောင်ပဲ ရပ်ကွက်ထဲမှာလည်းတွေ့ရပါတယ် ။ အဲဒီအတွက် ကျွန်တော် တစ်ခွန်းပဲပြောချင်မိတယ် ။ “ မိဘတွေက သားသမီးတွေကို ရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ခွင့် မရှိပါဘူး ” ဆိုတဲ့စကားပါပဲ ။ မှန်ပါတယ် ။ ဘယ်မိဘကမှ ငါတို့ဘ၀လေး မပြေလည်တဲ့ဘ၀လေးထဲ သားသမီးတွေရောက်လာပါစေရယ်လို့တော့ ခေါ်ယူခဲ့တာမရှိပါဘူး ။ ကျွန်တော်တို့ကလည်း ချမ်းသာတဲ့မိဘမှ ၀င်စားလိုက်မယ်လို့ ရွေးချယ်ခွင့်မရှိပါဘူး။ သံသရာအဆက်ဆက်ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေကြောင့် ဒီဘ၀မှာ မိဘနဲ့သားသမီးဖြစ်လာရခြင်းဖြစ်ပါတယ် ။

အမေတွေရဲ့ရင်ခွင်ဟာ အဖြူရောင်ရင်ခွင်တွေပါ ။
သားသမီးတွေအတွက် သူတို့အတ္တကို မြိုသိပ်ထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့မာနကို မြေချထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွန့်လွှတ်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွမ်းဆောင်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အမြဲခွင့်လွှတ်ပေးနိုင်ကြတယ် ။
သားသမီးတွေအတွက် ရန်သူကိုတောင် ပြုံးပြရဖို့ဝန်မလေးတတ်ကြဘူး ။
သားသမီးတွေအတွက် သူတို့ အိမ်တံခါးဝဟာ အမြဲဖွင့်ပေးနေတတ်ကြတယ် ။
သားသမီးတွေအတွက် အမြဲသည်းခံ နေတတ်ကြတယ် ။
သားသမီးတွေအတွက် ဆို အမေ ဆိုတာ အရာရာပါပဲ ။

ဒီနေ့ဒီတစ်ရက်တည်းမဟုတ်ပဲ သားသမီးတွေကလည်း အမေ့ကျေးဇူးကို လက်စုံမိုး၍ ရှိခိုးဦးခိုက်ပူဇော်နိုင်ကြပါစေ ။ လုပ်ကျွေးပြုစုနိုင်ကြပါစေ ။ အထပ်ထပ်အခါခါရေးခဲ့ပြီးသားဖြစ်ပေမယ့်နောက်ဆုံးကစကားလေးတစ်ခွန်းတော့ထပ်ပြောပါရစေဦး ။

“ အမေမသေခင် ကျွေးမွေးပြုစုပါ သေမှ နောင်တ မရကြပါနဲ့ ”

အဖြူရောင်ရင်ခွင်တွေကိုပိုင်ဆိုင်ထားတဲ့မိခင်တိုင်းလိုလိုဟာ သားသမီးတွေအတွက်ဆို ကြီးမားကျယ်ပြန့်လွန်းတဲ့ကောင်းကင်ကြီးတွေပါပဲ ။

သက်တန့်ချို
26 Jan 2013


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, January 24, 2013

ဆရာဝန်ကြီးများနှင့်ဆေးကုမ္မဏီကြီးများအကြောင်းတစေ့တစောင်း



















ဆရာဝန်ကြီးများနှင့်ဆေးကုမ္မဏီကြီးများအကြောင်းတစေ့တစောင်း

ဒီအကြောင်းလေးကို ရေးဖို့စိတ်ကူးထားတာတော့ကြာပါပြီ ။ တိုက်တိုက်ဆိုင်ဆိုင် ဒီမနက်ကားပေါ်မှာ Shwe FM ကလာတဲ့ ဒေါက်တာဝင်းမောင်နဲ့ အင်တာဗျူးလေးကိုနားထောင်လိုက်ရတာ ။ သိပ်ကောင်းတာပါပဲ ဆရာ့ကိုချီးကျူးမိသလို မြန်မာပြည်ရောက်တုန်းရောက်ခိုက် အခုလို ပြည်သူတွေ ဆရာဝန်တွေသိအောင် နိုင်ငံခြားကအတွေ့အကြုံလေးတွေမျှဝေပေးတာ ဆရာဝန်တွေအတွက်ပါ များစွာ အကျိုးရှိစေပါတယ် ။  ဆရာပြောသွားတဲ့ နိုင်ငံခြားနဲ့ မြန်မာပြည်ရဲ့ကျန်းမာရေးဝန်ဆောင်မှုတွေထဲကကွာခြားချက်တွေ ကိုလည်း ကျွန်တော့်အနေနဲ့ များစွာ ဗဟုသုတရသလို မြန်မာပြည်ရဲ့ကျန်းမာရေး ကဏ္ဍ လိုအပ်ချက်တွေကိုလည်း များစွာ မြင်မိသွားပါတယ် ။ ကျေးဇူးတင်ပါဆယ် ဆရာဒေါက်တာဝင်းမောင်ခင်ဗျာ ။

အခုရေးလိုတဲ့အကြောင်းကတော့ ဆရာပြောသွားတဲ့ အထဲက ဆေးကုမ္မကြီးများနဲ့ဆရာဝန်ကြီးများအကြောင်းပါပဲ ။  မှန်ပါတယ် ဆရာဝန်ကြီးတွေဆိုတာက သာမန် MBBS ဘွဲ့လေးပြီးတော့ သူတို့ခက်ခက်ခဲခဲနဲ့ အချိန်တွေအကုန်ခံ ကြိုးစားမှုတွေအကုန်ခံ ငွေတွေအကုန်ခံပြီး သင်ကြရတယ် ။ အဲဒီအထဲမှာ ဆရာပြောသွားသလိုပါပဲ တချို့ သော နာမည်ကြီးဆရာဝန်ကြီးတွေနဲ့ တချို့သော ဆေးကုမ္မဏီကြီးတွေရဲ့ Ethic နဲ့မညီတဲ့ကိစ္စလေးတွေ ကျွန်တော်ပြောချင်တာပါပဲ ဆရာကြီးရေ ။  ဒီမနက်မှာ ဆရာပြောသွားပါတယ် ။

“ ကျွန်တော့်ရဲ့အသိ လူနာတစ်ယောက်က ဒီက အထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့ ဆေးခန်းမှာ သွားပြပြီး ကုသနေတယ် အဲဒီတော့ ကျွန်တော်က အဲဒီလူနာကို သတင်းသွားမေးပါတယ် မိတ်ဆွေတွေလည်းဖြစ်နေတယ်ဆိုတော့ အဲဒီတော့ လူနာရဲ့မှတ်တမ်းကို ကြည့်လိုက်တာ ဆေး ၁၁ မျိုးပေးထားတာတွေ့ရတယ် ဆရာဝန်ကြီးကလည်း နာမည်တော့မပြောချင်ပါဘူး ဘွဲ့ ၆ ခုတိတိ နိုင်ငံခြားကနေယူထားတဲ့နာမည်ကြီးဆရာဝန်ကြီးပဲ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့

- အဲဒီ ဆေး ၁၁ မျိုးကို သောက်ရတာ တစ်ပတ်ကို တစ်သောင်းခွဲလောက်ကျတယ်
- ဆေးနာမည်တွေကို အထဲက Composition , chemical name မရေးထားပဲ Brand Name တွေရေးထားတာတွေ့ရတယ်

ဒီတော့ ကျွန်တော်က အဲဒီဆေး ၁၁ မျိုးကို မလိုတဲ့ဆေးတွေဖြုတ်ကြည့်လိုက်တာ ဆေး ၃ မျိုးပဲကျန်ပါတော့တယ် ကျန်တာတွေက အားဆေးတွေနဲ့မလိုတဲ့ဆေးတွေချည်းပဲ ပိုက်ဆံကိုတွက်ကြည့်လိုက်တော့ တစ်ပတ်ကို ၇၅၀ ကျပ်ပဲကျပါတော့တယ် ကဲ ဒါတွေကမဖြစ်သင့်တဲ့အရာတွေပါ ”

မှန်ပါတယ် ။ အခုပထမဆုံးပြောလိုတဲ့ကိစ္စကတော့ ဆရာဝန်တွေအနေနဲ့ အထဲမှာပါဝင်တဲ့ ဓါတုနာမည်ကိုမရေးပဲ ဆေးကုမ္မဏီကထုတ်တဲ့ ဆေးနာမည်တွေရေးနေတဲ့ကိစ္စပါ ဥပမာ တစ်ခုပြောမယ် Paracetamol ကို ညွှန်ချင်ရင် ဆရာဝန်က Paracetamol 500mg လို့ပဲညွှန်ရမယ် အဲဒါကို Ethic နဲ့မညီစွာ ဆေးကုမ္မကြီးတွေရဲကလွှမ်းမိုးမှုအောက်ကိုရောက်သွားတဲ့ ဆရာဝန်ကြီးတွေ (တချို့လည်း သိသိသာသာ တချို့လည်းမသိမသာ ) နဲ့ Lensen တို့ Biogesic တို့ စတဲ့ ဆေးနာမည်တွေညွှန်တာတွေ့ရတယ် ။ ဒါတွေဟာတကယ်ပဲ ဆရာဝန်တစ်ယောက်ရဲ့ Ethic နဲ့ညီရဲ့လားဆိုတာ ကျွန်တော်တို့ပြန်စဉ်းစားစရာဖြစ်လာပါပြီ ။ မညီပါဘူး ဆရာဝန်တွေအနေနဲ့တကယ်တော့ ဆေးရဲ့ Chemical name ကိုသာ ညွှန်ရမှာဖြစ်ပါတယ် ။ အခုတော့ ဆေးကုမ္မကြီးတွေရဲ့ ပရိုမိုးရှင်းအလုပ်ကောင်းမှုနဲ့အတူ ဆရာဝန်ကြီးတွေရဲ့ ဆေးကုမ္မဏီအရိပ်လွှမ်းမိုးမှုတွေ ခံနေရတာတကယ်တော့သိပ်ကိုရှက်စရာကောင်းလှပါတယ် ။ အခုလို စကားပြောနေရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရသလိုပါပဲ ။ တကယ်တော့ ကျွန်တော်တို့ဟာ ဆရာဝန်ဖြစ်နေတာနဲ့အညီ ဆရာဝန်တစ်ယောက်ရဲ့ Ethic နဲ့အညီတော့နေထိုင်ရမယ်မဟုတ်လား ဆရာဝန်ကြီးများခင်ဗျာ ။ ဘာမှမဟုတ်တဲ့ ဆရာဝန်ပေါက်စန စာရေးဆရာ ပေါက်စနေလေးက ပညာတွေ အများကြီးတတ်ထားတဲ့ ဆရာဝန်ကြီးတွေအကြောင်းရေးရတာ တကယ်တော့ မိချောင်းမင်း ရေခင်းပြနေသလိုပါပဲ ။ ဒါပေမယ့် ဆိုရေးရှိက ဆိုအပ်စွာ ဆိုတဲ့ စကားအတိုင်း ထပ်ပြီးပြောရပါဦးမယ် ။

အထူးကု တဲ့ဆရာဝန်ကြီးတွေ

ဒီနေရာမှာ ကျွန်တော် ဂျီပီလို့ခေါ်တဲ့အထွေထွေ ရောဂါကုဆရာဝန်တွေအကြောင်းကိုပြောမှာမဟုတ်ပါဘူး ။ များသောအားဖြင့်အထွေထွေကုတွေဆိုတာ လူနာများစွာနဲ့ထိတွေ့ရတဲ့နီးတူ လူနာတွေနဲ့ ရင်းရင်းနှီးနှီးနီးနီးကပ်ကပ်နေကြတာများပါတယ် ။  ပြီးတော့ ဆေးကိုလည်း ညွှန်ကြတာထက် တစ်ခါတည်းပဲ ဘယ်နှစ်ရက်စာဆိုပြီးပေးလိုက်ကြတာများပါတယ် ။ ဒီတော့ အခု Highlight လုပ်ပြလိုတာက အချို့သော ဆရာဝန်မပီသတဲ့အထူးကုနေတဲ့ဆရာဝန်ကြီးတွေအကြောင်းဖြစ်ပါတယ် ။ ဘယ်သူတွေက ဆေးကုမ္မဏီကြီးဆီက ပိုက်ဆံဘယ်လောက်ယူပြီး ဒီဆေးကိုပဲ ဘယ်နှစ်လညွှန်ပေးရမယ်ဆိုတဲ့ ကတိစကားတွေ တစ်လကို ဒေါ်လာ ၅၀၀ ဒေါ်လာ ၁၀၀၀ စသဖြင့် ဆေးကုမ္မဏီကြီးတွေရဲ့မက်လုံးတွေအောက်မှာ ချယ်လှယ်မှုတွေအောက်မှာ ဆရာဝန်ကြီးတွေရဲ့ဘ၀ဟာ တကယ့်ကို တွေးကြည့်ရင်စိတ်ပျက်ဖို့ကောင်းလှပါတယ် ။ ကျွန်တော်တို့ ဆေးကျောင်းဘွဲ့ယူစဉ်က ရွတ်ခဲ့တဲ့ ကတိစကားတွေ ဆရာကြီးတွေမှတ်မိပါသေးရဲ့လားမသိ ။ ဘယ်လို လာဘ်ထိုးမှုမျိုးကိုမှ မယူပဲ လူနာအကျိုးကိုပဲကြည့်လို့ လူနာရဲ့ကျန်းမာရေးကိုပဲ ရှေးရှုသွားပါမယ်ဆိုတဲ့ စကားလေးပါတယ်ဆိုတာ ဆရာကြီးတို့စဉ်းစားစေချင်ပါတယ် ။ အခုတော့ ဆေးလောကထဲမှာနေနေတဲ့ ကျွန်တော်ဟာ မကြားချင်မှ အဆုံး အထူးကုသော ဆရာဝန်ကြီးတွေရဲ့လုပ်ရပ်တွေကို မျက်မြင်နဲ့ဖြစ်စေ အကြားနဲ့ဖြစ်စေ ကြားနေသိနေရပါတယ် ။

တစ်ယောက်သော အထူးကုဆရာဝန်ကြီးကတော့ ဘယ်လောက်များ ခမ်းနားသလဲဆိုရင်ဖြင့် တက်လိုက်တဲ့ပွဲတိုင်းမှာ သူ့ အပေါင်းအပါတွေ နဲ့သူ့ အတွက်ကို တစ်ဝိုင်းသက်သက် Reserve လုပ်ပေးရပါသတဲ့ ။ ကျွန်တော်ကတော့မယုံမိပါဘူး အဲဒီဆရာဝန်ကြီး ကျွန်တော်လေးစားအတုယူနေတဲ့ဆရာကြီးလေ ။ ဒီလိုနဲ့ပွဲတစ်ပွဲမှာ ဆုံမိပါလေရော ဟုတ်သမှ ဟုတ်ပါပဲ သူ့အတွက် တစ်ဝိုင်းစီစဉ်ပေးထားရတဲ့အပြင် မော်ဒယ်ဂဲလိုလို ဆေးကုမ္မဏီက ကောင်မလေးတွေက အနီးအနားမှာ ၀ိုင်းလို့ ။ အော်. . .ဆရာဝန်ဆိုတာ ဒါလားလို့ တခြားသူတွေ တွေးမိကြရင်ဖြင့်ရင်ကျိုးလှချည်ရဲ့လို့ ကျွန်တော်တွေးမိပါသေးတးယ် ။ ကြုံတုန်းလေး MMA အကြောင်းနည်းနည်းပြောလိုက်ပါဦးမယ် ။ လွန်ခဲ့တဲ့နှစ်က MMA မှာ ( MMA ဆိုတာ မြန်မာနိုင်ငံဆရာဝန်အသင်းကလုပ်တဲ့ အစည်းအဝေးပါ အဲဒီမှာ ဆေးပညာဆိုင်ရာ Topic တွေပြောကြတယ် တင်ပြကြတယ် ဆွေးနွေးကြတယ် တကယ့်ကိုကောင်းမွန်တဲ့ရည်ရွယ်ချက်ပါ ) မကောင်းတာက ဆေးကုမ္မဏီတွေရဲ့တချို့လုပ်ရပ်တွေပဲ ။ အဲဒီအသင်းကြီးက ဆေးကုမ္မကြီးတွေဆီက အခန်းတစ်ခန်းကိုဘယ်လောက်ယူရမယ်ဆိုတာ သတ်မှတ်ထားသလို Symposium တစ်ခုကိုဘယ်လောက် Lunch ဆိုဘယ်လောက် ကျွန်တော်တို့ အံ့သြရလောက်တဲ့ငွေကြေးတွေ သတ်မှတ်ကောက်ခံပါတယ် ။ ဘယ်မှာ ပြန်သုံးသလဲဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး သိတဲ့သူရှိရင်လည်း မီဒီယာတွေကနေတဆင့်အဲဒီအလှူငွေတွေကို ဘယ်မှာ သုံးတယ်ဆိုတာကို ငွေစာရင်းရှင်းတမ်းလေးလုပ်ပေးစေချင်တယ် ။

အဲဒီတစ်နှစ်မှာပေါ့ အခန်းတစ်ခန်းမှာ မော်ဒယ်ကောင်မလေးတစ်ယောက် က စကဒ်အတိုလေးနဲ့ရပ်နေတယ် ။ ကျွန်တော်လည်း ဘေးကလူတွေကိုစပ်စုကြည့်တယ် အဲဒါဘာလုပ်တာလဲလို့ပေါ့ ။ မော်ဒယ်ငှားထားတာတဲ့ ဆရာဝန်ကြီးတွေနဲ့ ဆေးကုန်သည်တွေ စိတ်ဝင်စားမှုရအောင်လို့တဲ့ အလိုလေးဗျာ ဒါဟာ ကားရောင်းကားဝယ်နဲ့ ဆိုင်ကယ်ရှိုးမှမဟုတ်တာပဲ ။ အဲဒီလို မော်ဒယ်တွေနဲ့ ဆေးပညာဆိုင်ရာညီလာခံကြီးနဲ့လားလားမှ မအပ်စပ်ဘူးထင်တာပါပဲ ။ တချို့သောဆရာဝန်ကြီးတွေကြိုက်ကြပေမယ့် တကယ့်ကို Ethic နဲ့အညီနေကြတဲ့ဆရာဝန်ကြီးတွေက အတော်လေးကိုမျက်နှာပျက်နေကြတာတွေ့ရပါတယ် ။ ထားပါတော့ . . .အခုဆက်ပြောချင်တာ ဆေးကုမ္မဏီကြီးတွေပါ ။

ဆေးကုမ္မဏီကြီးတွေအကြောင်း

အခုဆိုရင်မြန်မာနိုင်ငံကို တင်သွင်းဖြန့်ချီနေတဲ့ဆေးဝါးတွေကို Distributor လုပ်နေတဲ့ ဆေးကုမ္မဏီကြီးပေါင်း ၁၀၀ ကျော်လောက်ရှိပါပြီ ။ အကုန်လုံးက အကျိုးအမြတ်အတွက်ဈေးတွေတင်ကြတယ်ဆိုတာ ဆေးကုမ္မဏီကြီးတွေနဲ့ နီးနီးကပ်ကပ်နေလိုက်ရမှာပဲသိပါတော့တယ် ။ ကျွန်တော်သိတဲ့ဆေးကုမ္မဏီကြီးတစ်ခုကတော့ ရုတ်တရက်ကြီး ဆေးတွေကို ဈေးတက်လိုက်တာ ဆရာဝန်တွေတောင်မျက်လုံးပြူးကုန်တယ် ။ အကြောင်းကိုမေးကြည့်တော့ သယ်ယူပို့ဆောင်ထုတ်လုပ်ရေးစရိတ်တွေတက်လာလို့ပါတဲ့ ။ တကယ်တော့ အဲဒီအကြောင်းပြချက်တွေက ပေါက်ကရတွေပါ ။ အိန္ဒိယလို နိုင်ငံမျိုးမှာ အဲဒီဆေးတွေ ဘယ်လောက်ပဲတန်ဖိုးရှိတယ်ဆိုတာ အဲဒီအကြောင်းထဲထဲဝင်ဝင်နားလည်တဲ့ ဆရာဝန်တွေသိကြပါတယ် ။  တက်လိုက်တဲ့ဈေးကလည်း ၅ ဆခန့်နီးပါး ။ အဲဒါက နာမည်ကြီးဆေးကုမ္မကြီးတစ်ခုအကြောင်း ။ နောက်ထပ်ရှိသေးတယ် ။ ဆရာဝန်ကြီးတွေနဲ့ Deal လုပ်တဲ့အကြောင်း ကျွန်တော်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဆီကို ဒီအကြောင်းတွေ ပြောပြချင်ပါတယ်။ အခုတော့ ဒီစာထဲမှာ ထည့်ရေးပါရစေဦး ။ တစ်လကို ဒီဆေး သုံးပေးရမယ် ဥပမာ ၂ မျိုး ၃ မျိုး ဒေါ်လာ ၆၀၀ ပေးမယ် အဲဒီလို ပေါ်တင်ကြီးတွေ ( ဆရာဝန်မပီသစွာ  ၊ဈေးကွက်ဆန်စွာ ) Deal လုပ်ကြတယ် ။ ပြီးတော့ ငါ ဘယ်နှစ်သိန်းဖိုးသုံးပေးမယ် ငါ့အိမ်ကို ၄၂ လက်မ တီဗွီကြီးပို့လိုက် ငါ့ဆေးခန်းကို ဘာလုပ်ပေးရမယ် အဲကွန်းတပ်ပေးရမယ်စသဖြင့် ဆရာဝန်ကြီးတွေ ဆရာဝန်တွေတောင်ဆိုနေကြတာ တကယ်တော့ မယုံရဲပါဘူး ။ ဒါပေမယ့် မယုံလို့လည်းမရပါဘူး အဲဒါတွေက အပြင်မှာ တကယ်ရှိနေခဲ့လို့ပါပဲ ။

ဆရာဝန်စိတ်ပီသစွာနဲ့ ဆရာဝန်ဘ၀ကိုခုံမင်လို့ Ethic နဲ့ညီစွာ နေထိုင်ကြတဲ့ ဆရာဝန်တွေအများစုဟာ အဲဒီလို အကျင့်စာရိတ္တချို့ယွင်းတဲ့ဆရာဝန်ကြီးတွေလုပ်ရပ်ကြောင့်များစွာ ပဲ ထိခိုက်ခံစားနေရတယ် ။ ငါးခုံးမတွေကြောင့်လှေကြီးတစ်ခုလုံးပုပ်နေရပါတယ် ။ ဆေးကုမ္မဏီကြီးတွေက ဘယ်လောက်ပဲဈေးတင်တင် ဆရာဝန်ကြီးတွေက စမ်းသပ်ခ ဘယ်လောက်ပဲဈေးတင်တင် တကယ်ထိခိုက်နစ်နာတာက ကြားထဲကလူနာတွေပါပဲ ။ လူနာတွေက တတ်နိုင်တဲ့လူတွေကအကြောင်းမဟုတ်ပေမယ့် မတတ်နိုင်တဲ့လူနာတွေအဖို့တော့ ရေနစ်ရာဝါးကူထိုးသလိုဖြစ်နေရပါတယ် ဆရာကြီးများခင်ဗျာ ။ ဆရာဝန်ကြီးတို့အချင်းချင်းလည်း ကျွန်တော်ရေးနေတဲ့အကြောင်းအရာတွေမှန်သလားမမှန်ဘူးလား ဘယ်လို ဆရာဝန်ကြီးတွေက ဒါတွေလုပ်နေသလဲဆိုတာ သိကြမှာပါ ။ နာမည်တွေကတော့ ကြီးလှပါတယ်ကျော်ကြားလှပါတယ် ဒါပေမယ့် ပျက်ယွင်းလာနေတဲ့ ကျွန်တော်တို့ဆေးလောကကြီးရဲ့ အဓိက တရားခံကတော့ အဲဒီလိုဆရာဝန်ကြီးတွေနဲ့ လောဘတက်နေတဲ့ဆေးကုမ္မဏီကြီးတွေကြောင့်ဖြစ်တယ်လို့ ကျွန်တော် လက်ညှိုးထိုးမယ်ဆိုရင်တော့မလွန်ဘူးထင်ပါတယ်ခင်ဗျာ ။ ဘယ်သူတွေ ဘယ်လို ပဲအကျိုးအမြတ်ရရနောက်ဆုံးခံရတာ ပိုက်ဆံတွေကုန်သွားတာလူနာတွေပါ ။လူနာတွေဖက်ကလည်း လူသားချင်းစာနာစွာ ပြန်လည်ငဲ့ကွက်ကြည့်စေချင်ပါတယ် ။ တချို့ကရှိသေးတယ် နိုင်ငံခြား Trip တွေပို့ပေးတာ ဒီဆေးကိုသုံးပေးပါ ၂ ညအိပ် ၃ ရက်ခရီး အကုန်စရိတ်ငြိမ်းမိသားစုအလိုက်ခေါ်သွားတာ ။ အကျိုးလိုလို့ညောင်ရေသွန်းနေကြတဲ့အထဲမှာ ဆရာကြီးတို့က ဘာကြောင့်များ နစ်မျော နေကြသလဲခင်ဗျာ ။

ရုန်းထွက်ရပါမယ် ကျွန်တော်တို့အားလုံး ညီညာစွာ ရုန်းထွက်ရပါမယ် ။ အခုဆိုရင် မြန်မာနိုင်ငံဆေးဝါးဈေးကွက်ကို နိုင်ငံပေါင်းစုံက မျက်စိကြနေကြသလို ချယ်လှယ်လုပ်ကိုင်နေကြတာ စိတ်ပျက်စရာကြီးပါ ။ ကြော်ငြာတွေအမျိုးမျိုး နဲ့ ဆွယ်နေကြတဲ့ခေတ်ကြီးမှာ ခေတ်နဲ့စနစ်အခြေအနေအရ ( ပဋိဇီဝပိုးသတ်ဆေးတွေတောင်လွယ်လွယ်ကူကူဝယ်သောက်လို့ရတဲ့ခေတ်ကြီး ) ဆရာဝန်ကြီးတို့ကိုယ်တိုင်က အစ တည့်မှန်စွာ မှန်ကန်စွာ နေကြဖို့ပြုပြင်ကြဖို့လိုတယ်လို့ ကျွန်တော် ထောက်ပြပါရစေ ။ Sponsor ဆိုတာကိုအပြိုင်အဆိုင်ယူနေကြတော့ ဆရာဝန်ကြီးတို့လည်းငြင်းရခက်မယ် ငွေနောက်လိုက်မိမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် ။ ဒါပေမယ့်ဒီလိုသာဆက်သွားနေရင် လူနာတွေရဲ့ ယုံကြည်ကိုးစားမှုကို ပိုပိုပျောက်လာရတဲ့အပြင် တဖြည်းဖြည်းနဲ့ပိုပိုပျက်ဆီးလာကြတဲ့ Ethic နဲ့မညီတဲ့ဆရာဝန်တွေဖြစ်လာကြမယ်လို့ထင်ပါတယ် ။

ဆရာဝင်းမောင်ရဲ့စကားတစ်ခွန်းကနေ ဆက်တွေးမိတာတွေကတော့အများကြီးပါပဲ ။ ထပ်ပြောပါရစေ ဒီစာလေးရေးဖြစ်အောင် ဆရာ့အသံလေးနားထောင်ဖြစ်အောင်လွှင့်ပေးတဲ့ Shwe FM နှင့်တကွ ဆရာဝင်းမောင်ကိုကျေးဇူးတင်ရှိပါတယ် ။ ကျွန်တော်တို့အားလုံးပြုပြင်ကြဖို့လိုပါပြီ ။ မြန်မာပြည်ဆိုတာ လူနာတွေက ဆရာဝန်တွေကို တကယ့်ကိုယုံကြည်ခဲ့ကြတာပါ အရင့်အရင်တုန်းကပေါ့ ။ အခုတော့ လူနာတွေကသိပ်မယုံကြတော့ဘူး မကောင်းမြင်လာကြပြီ ဆရာဝန်ပေါက်စလေးတွေ စိတ်ထဲမှာ ငါတို့ဒီလိုင်းယူခဲ့တာ မှားများမှားနေပြီလားလို့အတွေးတွေတောင် ၀င်မိတဲ့အထိပါပဲ ။

အစအဆုံးဖတ်ပေးတဲ့စာဖတ်သူများကိုကျေးဇူးတင်ပါတယ် ။

ဒီစာကို အမုန်းခံပြီးရေးထားတာပါ ။

    သက်တန့်ချို
    ဇန်န၀ါရီ ၂၄ ရက်
    နေ့လည် ၃း၄၅ မိနစ် 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မြို့ပျက်ညတွေပါ ညီမလေးရယ်















မြို့ပျက်ညတွေပါ ညီမလေးရယ်

အခါအားလျှော်စွာ လွှတ်ချခဲ့တဲ့ တစုံတရာမှာ
ကြယ်အဖြူကလေးတွေက တိုးတိုးလေးပြောတယ်
ကောင်းကင်တစ်ဖက်စွန်းမှာ မိုးတွေပြိုနေပြီတဲ့
ခက်တာပဲ ညီမလေးရယ်
ငါကလည်း ဘာကိုမှ ကြီးမြတ်တယ်လို့မထင်မိတဲ့ကောင်ပါ

ပန်းခင်းလမ်းတွေမဟုတ်မှန်းတော့သိခဲ့ပါတယ်
ရီဝေသွယ်ပြောင်းတဲ့ အမိန့်တစုံတရာမှာ
ရှတတ အပြုံးတွေဘာလို့ ပျော်ဝင်နစ်မူးနေခဲ့ရသလဲ
ခါးတယ်ဆိုတာ ခံစားချက်သက်သက်ပါကွဲ့

အေးစက်နေတဲ့ ဆောင်းဥတုပေါက်ကလေးဟာ
၂၄ နာရီရဲ့ စက္ကန့်သံခြောက်ခြောက်ခြားခြားမှာပဲ
အိပ်မက်တွေကို ရိုက်နင်းချိုးဖျက်သွားတယ်
ဒီလိုပါပဲကွယ် . . . ရေရေရာရာဆိုတာ ဘာဆိုဘာမှမရှိပါဘူး

သွားခဲ့မိတဲ့ ခရီးတစ်ခုဟာလည်း
အဆုံးလည်းမရှိ အစလည်းမရှိ အရာရာနတ္တိပေါ့ကွဲ့
အခုတော့ . . ဘာရယ်မဟုတ်ဘူး
ကိုယ့်ရင်ဘတ်ကိုယ်ပဲ ပြန်ပြန်ငုံ့ကြည့်နေခဲ့မိတယ်
ခါးလိုက်တာ ညီမလေးရယ် . .

ငါက ပကတိအရှိတရားကိုမှ မြတ်နိုးတဲ့ကောင်ပါ
ဆောင်းနှင်းရဲ့ အေးစက်စက်နိုင်မှုကိုလည်း
တခုတ်တယ ရင်ခွင်ထဲထည့်ထားချင်နေခဲ့ရသူ
ဘာမှမထူးခြားဘူးဆိုရင်တောင်
ဒီတစ်ရက်တော့ ခတ္တာတို့ကို ဝေပါ
ပြဿဒါးမှာ ဖွားခဲ့တဲ့ကောင်မို့
ငါ့ကို အမှောင်လို့ပဲမြင်ပါညီမလေးရယ်

ဖျော့တော့သော ရီဝေလင်းရှ ညနေခင်းအလွန်း
မြို့ပျက်ညတွေပါ ညီမလေးရယ်
ရင်ဘတ်ထဲက လရိပ်ညိုကလေးက ဘယ်တော့မှမလင်းဘူး
တသော့သော့ တမောမော့
အရာရာကပဲ ငါ့ကို ခဏခဏသတ်တယ်

မြို့ပျက်ညတွေပါ ညီမလေးရယ်
အချစ်ဆိုတာ အ၀ါရောင်သစ်သီးတစ်လုံးရဲ့
ချိုမြမွှေးရှတဲ့ ရီဝေယစ်မှုးတဲ့ ခံစားချက်တစ်ခုပါ
အခုတော့ နေမ၀င်ခင် . . .
အိပ်မက်တွေ က ခဏခဏကြွေတယ်ကွယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, January 22, 2013

ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန်















ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန်

“ ဟင့်အင်း ကျွန်မ လက်မခံနိုင်ပါဘူး ”
“ ဘာကွ . . မင်းအတွက် တန်ရာတန်ကြေးငါပေးထားပြီးပြီပဲ မင်းက ဘာသောက်ကြီးကျယ်တာလဲ ”
“ အဟက် ဟုတ်ကဲ့ လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်မ လက်မခံနိုင်ပါဘူးလို့ပြောပြီးပြီလေ ဒီထက် ရှင်းအောင်ပြောရဦးမလား ကျွန်မ ရှင်နဲ့အလုပ်ဆက်မလုပ်တော့ဘူး ရော့ ဒီမှာ ရှင့်ပိုက်ဆံ ”

သူ့ရှေ့မှ မျက်နှာအဆီအတ၀င်းဝင်းနှင့်လူကြီးကို သူပေးထားသော ပိုက်ဆံတွေနဲ့ပစ်ပေါက်လိုက်ပြီး ရှင်နှောင်း ပြန်ထွက်လာခဲ့လိုက်သည် ။ လူတွေလူတွေ သူတို့အလိုလောဘ တစ်ခုတည်းပဲကြည့်နေကြတယ် ။ သူ့မှာ သတ်မှတ်ထားတဲ့ Rule တွေရှိသည် ။ Prostitute တစ်ယောက် ကငွေပေးတိုင်း ဖျော်ဖြေရမည်ဟု ဘယ်သူကများ သတ်မှတ်ထားပါသလဲ ။ ဘယ်သူမှ မသတ်မှတ်ထားပါဘူး ။ ငွေရတိုင်း ဒီအလုပ်လုက်ခံမယ်လို့ရော ရှင်တို့ကို ဘယ်သူပြောလဲ ။ ကျွန်တော်သတ်မှတ်ထားတဲ့ အကာအကွယ်သုံးရ မယ်ဆိုတဲ့ ကိစ္စကို လက်မခံသရွေ့ ကျွန်မ အသားကိုတောင်ထိလို့မရဘူးမှတ် ။ ဟူး အင်းလေ ဒီတစ်ယောက်အဆင်မပြေလည်း နောက်တစ်ယောက်ပေါ့ ။ စိတ်ညစ်ညစ်နဲ့ ပလက်ဖောင်း တလျှောက် ရှင်နှောင်းရှောက်လာမိသည် ။ အသက် ၃၀ အရွယ် ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်နှင့် သူ့ပုံစံကို ဒီလောကထဲကလူတွေကတော့ သတိထားမိမှာသေချာသည် ။ သေချာတာကတော့ မာနကို အထိမခံ ဆတ်ဆတ်ထိမခံ ကြီးကျယ်လွန်းသော ရှင်နှောင်းကို ယောက်ျားတွေ တန်းတန်းစွဲဖြစ်ကြသည်မှာ သိပ်တော့ မဆန်းလှပေ ။

“ ရွတ် ရွတ် . . ”
အနောက်မှ လှမ်းခေါ်လိုက်သော အသံကို သူ မကြားချင်ယောင်ဆောင်လိုက်သည် ။ အင်း . . . အလုပ်တစ် ခုတော့ ရပြီထင်ပါရဲ့ ။ ငနဲသားက နောက်က လိုက်လာသည် ။

“ ညီမလေး . . ညီမလေး ”
သူ အလှဆုံးပြုံးရင်းနောက်ပြန်လှည့်လို့ဖြေလိုက်သည် ။ “ ဟုတ်ကဲ့ အကို ဘာများလဲဟင် ”
“ ရှင်နောင်းဆိုတာ ညီမလားဟင် ”
“ အော် ဟုတ်ပါတယ်အကို ”
“ အကို့ကို ရဲနောင်တို့ကပြောလို့ပါ ညီမအကြောင်း ညီမ နဲ့အလုပ်ကိစ္စလေးညှိချင်လို့ ခဏလောက် လိုက်ခဲ့ပါလား ”
“ အော် . . ရပါတယ်အကို ကိုရဲနောင်တို့အသိဆို ဖြစ်ပါတယ် ”

ဒီလိုနဲ့ သူတို့ ခပ်ပေါပေါ အအေးဆိုင်တစ်ခုထဲ ဈေးစကားပြောကြသည် ။ လွန်စွာနာမည်ကြီးလှသော သူဌေးကြီးတစ်ဦးကို ပြုစုရမည်တဲ့ ။ အင်းလေ သူဌေးကြီးဆိုတော့လည်း ပိုက်ဆံလေး ဘာလေး မြိုးမြိုးမျက် မျက်ရတာပေါ့လေ ။ အပြန် တက်က်စီလေးဘာလေး ငှားခွင့်တောင်ရ ချင်ရနိုင်သေးတယ် ။ဟတ်ဟတ် . . .ရှင်နှောင်းအတွက် ကံကြမ္မာက ဒီနေ့ မျက်နှာသာပေးပြန်ပြီထင်ရဲ့ ။

လူကုံထန်တွေချည်းနေတဲ့ရပ်ကွက်က တစ္ဆေဆန်စွာ ခြောက်သွေ့ အေးစက်လွန်းလှသည် ။ သူတို့တွေ ဘာလို့များဒီလောက်ချမ်းသာနေကြပါလိမ့် ။ အင်း လေ ငါ ရှေးဘ၀ကကုသိုလ်ကံတရားနည်းခဲ့မိလို့ထင်ပါရဲ့ ။ သူဌေးကြီးအိမ် သို့သွားရာလမ်းတလျှောက် ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီးကိုပဲ ရှင်နှောင်းပြန်တွေးနေ မိလိုက်သည် ။ ရှင်းနှောင်းတို့က မောင်နှမ ၃ ယောက်ဖြစ်သည် ။ အဖေက အိပ်ရာထဲလေဖြတ်ထားတုန်း အမေက ပန်းနာရင်ကြပ်နဲ့ မလုပ်နိုင်မကိုင်နိုင် ကျန်တဲ့ မောင်လေး နဲ့ညီမလေးက ကျောင်းနေအရွယ်တွေ ။ ရှင်နှောင်းသည်သာ ဒီအိမ်ကလေးရဲ့ အားကိုးရာဖြစ်နေတော့ ။ သူများတွေပြောသလိုပဲရှင်နှောင်းလည်း ဘ၀ကိုရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားဖြတ်သန်းချင်ပါသည် ။ စက်ရုံမှာ ၀င်လုပ်သည် ။ အထည်ချုပ် စက်ရုံက ဟိုဖြတ် ဒီဖြတ်နဲ့တစ်လကို ၆ သောင်းလောက်တောင် မတင်ချင် ။ ဒီလိုနဲ့ညနေဖက် အိမ်မှာ အထည်တွေ ယူချုပ်သည် ။ ဆင်းရဲနုံချာလွန်းသော အိမ်ကလေးကို လူတွေက ၀ိုင်းအထင်သေးကြသည် ။ ရှင်နှောင်းဘ၀ကိုပြောင်းလဲစေသောကိစ္စရပ်ကြီးက ရှင်နှောင်းအသက် ၁၈ နှစ်ပြည့်မှာပေါ်လာသည် ။

“ ရှင်နှောင်း မင်းအဖေ ဦးထွန်းခင် ယူထားတဲ့ ပိုက်ဆံက အတိုးရောအရင်းရောဆိုအခု သိန်း ၂၀ ကျော်နေပြီ အဲးဒါမင်းဘယ်လိုဆပ်မလဲ ”

နားထဲမှကြားလိုက်ရသော စကားသံတွေကို သိပ်မယုံချင် ။ အဖေ . . လုပ်ငန်းတွေအဆင်မပြေ တဖြည်းဖြည်း ဆင်း ရဲလာလိုက်တာ အခု အကြွေး တောင် သိန်း ၂၀ တင်နေတယ်တဲ့ ။ သူ ဘယ်လိုရှာ ရမလဲ . . ။ ရှင်နှောင်းမျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုလို့လာခဲ့တယ် ။

“ ကျွန်မ .. .မရရအောင် ပြန်ဆပ်ပါ့မယ် ဦးရယ် . . .”
“ အေးလေပြီးတာပဲ မဟုတ်ရင်တော့ မင်းတို့တစ်အိမ်လုံးငါ့အကြောင်းသိစေရမယ့် ဒီလပိုင်းအတွင်း ကို ကြေအောင် ဆပ်ပါ ”

နားထဲကို မိုးကြိုးတွေများပစ်နေသလား ။ ရှင်နှောင်းငိုယုံမှ လွဲ၍ ဘာများတတ်နိုင်မှာလဲ ။ ဘ၀ဆိုတာ အဲဒီလို ကမောက်ကမနဲ့နေသားမကျ တဲ့အရာတွေနဲ့ဖွဲ့စည်းထားတဲ့ အခွံကြီးသက်သက်မဟုတ်လား ။ အခွံပဲလေ ရှင်နှောင်းအတွက်တော့ဘာမှမရှိတဲ့အခွံကြီးပါပဲ ။ ဒီလိုနဲ့ စဉ်းစားရင်းစဉ်းစားရင်း ရှင်နှောင်း မတွေး တတ်အောင်ဖြစ်လာမိသည် ။ ထိုရက်ပိုင်းအတွင်း ရှင်နှောင်းသူငယ်ချင်း သူဇာ ရောက်ချ လာသည် ။ သူဇာက ပိုက်ဆံတော့အတော်အသင့်ရှိသည် ။

“ ရှင်နှောင်း . .ငါ သတင်းတွေကြားပါတယ်ဟာ နင်စိတ်တော့သိပ်ညစ်မနေပါနဲ့ ငါ အခု လမ်းကြောင်း တစ်ခုတွေ့ထာလို့ နင် ဦးဂျော်နီကိုသိတယ်မဟုတ်လား ငါတို့ လမ်းထိပ်က လူကြီးလေ အဲဒီလူကြီးက ရပ်ကွက်ထဲက ယိုးဒယားအလုပ်သွားလုပ်ချင်တဲ့သူတွေကို ပို့ပေးတယ်တဲ့ နေစရိတ်စားစရိတ်ဖယ်ပြီးရင် အိမ်ကို ၅ သိန်းလောက်ပို့နိုင်တယ်တဲ့ ငါတို့သွားရအောင် နင်သွားမယ် ဆိုရင်ငါနင့်အတွက် အကုန်စီစဉ်ပေး မယ်လေ ”
 “ ဟင် . . နင်. . နင်ပြောတာ တကယ်လား ဟဲ့ ”
“ အေးပေါ့ဟ ”
“ ဒါနဲ့ ဘာလုပ်ရမှာတုန်းဟ ”
“ အထည်ချုပ်စက်ရုံမှာ ဟက်လ်ပါ ပေါ့ဟာ ”
“ အေးဟာ အဲဒါဆို ငါလုပ်ချင်တယ် ငါ့ကိုကူညီပါဦးဟာမဟုတ်ရင်ငါဒီနွံ့ထဲကထွက်လို့ရမှာမဟုတ်တော့ဘူး ”

ဒီလိုနဲ့ . . ဒီလိုနဲ့ပေါ့ ရှင်နှောင်းတစ်ယောက် ယိုးဒယားကို သူဇာနဲ့အတူရောက်သွားခဲ့ပါတယ် ။ ဦးဂျော်နီရဲ့ အထည်ချုပ် စက်ရုံအမည်ခံ စားသောက်ဆိုင်တစ်ခုမှာ သူဟာ တကယ့်ကို အပျော်မယ် တစ်ယောက်ဖြစ်သွားခဲံရတယ် ။ ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်သူ့ဘ၀က အခွင့်မသာခဲ့ရပါဘူး ။ ငြင်းဆန်မှုတွေ တိုင်းမှာ ခွန်အားကမမျှ . . . မျက်ရည်တို့သာအဖတ်တင်ခဲ့သည် ။ သူများစကား ကိုနားယောင်ပြီး လိုက်လာခဲ့တဲ့ ယုံကြည်မှုတစ်ခုက ရှင်နှောင်းကို ဒီဘ၀ကိုတွန်းပို့ပေးခဲ့သည် ။ ဒီလိုနဲ့ မထူးဇာတ် ကိုခင်းရင်း ရှင်နှောင်းငွေအတော်တန်စုမိတော့ မြန်မာပြည်ပြန်ရောက်လာခဲ့သည် ။ အဖေ . . . ဆုံးသွားပြီ . . . ။ ဘာလို့များ ဒါဏ်ရာတွေချည်းအထပ်ထပ်ပေးနေရသလဲ ရှင်နှောင်းနားမလည်နိုင်တော့ ။ သူ့ဘ၀က အတိတ်က ဖြည့်ဆည်းပေးခဲ့တဲ့ ကုသိုလ်အကုသိုလ်တွေနဲ့သာ ဆိုင်တယ်လို့ ဖြည်တွေးတွေး မိပေမယ့် တခါတလေတော့ လောကကြီးကို ရှင်နှောင်းမကျေနပ်ချင်ပါဘူး ။ အမေ့ ဆေးဖိုး နဲ့ မောင်လေး ညီမလေးတွေ ရဲ့ပညာသင်စရိတ်အတွက် ရပ်ကွက်ထဲ တူတူတန်တန်နေနိုင်ဖို့ ရှင်နှောင်းရဲ့မထူးဇာတ်ကို ရှင်နှောင်းဆက် ကခဲ့ရတယ် ။

ဘယ်သူပြောလဲဟင် . .ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားရင် အဖေ ထောင်ကျသွားမှာပေါ့ အဖြစ်မခံနိုင်ပါဘူး ရှင်နှောင်း ဘ၀ပျက်ရတာ ဘာအရေးလဲ မဟုတ်ဘူးလား ။ ဒါဆို မြန်မာပြည်ရောက်နေပြီပဲ ရိုးရိုးသားသား လုပ်ကိုင်စားပေါ့ ။ ကိုယ်ကိုယ်ကိုယ်ပြန်ထုတ်ရတဲ့မေးခွန်းတွေက တခါတခါခက်လှပါတယ် ။ အင်း လုပ်မှာပေါ့ ရှင်နှောင်း ပိုက်ဆံအတော်စုမိတာနဲ့ တစ်ခြားမြို့ကိုပြောင်းမယ် ။ ကုန်စုံဆိုင်လေးဖွင့်မယ် ။ မောင်လေးနဲ့ညီမလေးကို ပညာတတ်ကြီးတွေဖြစ်အောင်သင်ရမယ် ။ ဟုတ်တယ် မိရှင်နှောင်း ညည်းမျက်ရည်တွေသုတ်လိုက်စမ်း ။ ကိုယ့်ဘ၀ပျက်ရတာ ဘာအရေးလဲအေ . . ကိုယ့်မိသားစုမှာ ကိုယ်မှမကယ် တင်ဘယ်သူကယ်မလဲ ညည်းအမေ ဆေးဖိုးလည်းညည်းသိသားနဲ့ ။

“ ရောက်ပြီခင်ဗျ ဒီအိမ်ပါ ”
ခန်းနားလှတဲ့ ဘန်ဂလိုပုံ့စံအိမ်လေးက တကယ့်ကို သပ်သပ်ရပ်ရပ်ကလေးပါ ။ ရှင်နှောင်းကို အခန်းထဲ အထိလိုက်ပို့ပေးသည် ။ 

အထဲမှာတော့ ထုံးစံအတိုင်း ဆန္ဒအာသီသများသယ်ပိုးထားသော လူ့ခန္ဓာကိုယ်ကြီးတစ်ခု သူ့ကိုစောင့်နေ မည် ။
ထုံးစံအတိုင်းသူ့ကိုမိတ်ဆက်ပြီး ရီဝေေ၀ပြုံးပြမည် ။
ထုံးစံအတိုင်း သူ့ရဲစည်းကမ်းချက် အကာအကွယ်သုံးရမည်ဟု ရှင်နှောင်းပြောမည် ။
လက်ခံလျှင် ထုံးစံအတိုင်း အလုပ်ဖြစ်မည် လက်မခံလျှင် သူ ပြန်ထွက်လာမည် ။
ထုံးစံအတိုင်း ညနေ သွေးသွားစစ်မည် ။
ထုံးစံအတိုင်း အမေ့အတွက်ရင်ကြပ်ရှုဆေးဝယ်ပြီး ကလေးတွေအတွက် စာအုပ် စာတမ်းနဲ့ လိုတာလေးတွေ ၀ယ်ရမည် ။
ထုံးစံအတိုင်း မျက်ရည်တွေကို သုတ်ပစ်ရဦးမည် ။

ဒါပါပဲ လေ . . . .

ဘ၀ဆိုတာ တခါတလေတော့လည်း ထုံးစံအတိုင်းတွေနဲ့ချည်းဖွဲ့စည်းထားတဲ့ ပစ္စုပ္ပန်သက်သက် မဟုတ်ပါ လား ။

သက်တန့်ချို
22 Jan 2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, January 21, 2013

“နယ် လွန် ”

 

“နယ် လွန် ”

ဒီညရဲ့အမှောင်က ခါတိုင်းညတွေထက်ပိုပြီးမှောင်နေသလိုပါပဲ ။ ကျုပ် ရင်တွေတအားခုန်နေတယ် ။ ဟုတ်တယ်လေ ကေသီဆိုတာ ကျုပ် အနှစ်နှစ်အကာလ ချစ်မြတ်နိုးပါတယ်ဆိုပြီး ပိုးပန်းခဲ့ရတဲ့မိန်းမ ။ အဲဒီမိန်းမ က အခု ဒီနေ့ကျုပ်နဲ့ လက်ထပ်ပွဲကြီးပျော်ပျော် ဆင်နွှဲခဲ့တဲ့မိန်းမပေါ့ ။ လက်ထပ် ပွဲဆိုလို့ပြော ရဦးမယ် ။ ကေသီနဲ့ကျုပ်နဲ့တွဲလာခဲ့တာ ၈ နှစ်လောက်ရှိရောပေါ့ ။ သူလည်းပိုက်ဆံစု ကျုပ်လည်းပိုက်ဆံစု နဲ့ ကျုပ်တို့ အတော်အသင့်လေး စုမိပြီဆိုတော့မှ အိပ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ကြတယ် ။

ဒီနေရာမှာ ပြဿနာက စလာပါလေရောဗျ ။ မင်္ဂလာပွဲတစ်ပွဲဆင်နွှဲတယ်ဆိုတာ အနည်းဆုံးသိန်း ၂၀ လောက် ကုန် ကျတဲ့ကိစ္စ ။ ကျုပ်ကသိပ်သမျောတယ် ဒါပေမယ့် မိန်းကလေး ဖက်ကကြည့်ရင် လည်းတစ်သက်မှာ တစ်ခါပဲ မင်္ဂလာ ဆောင်ရတယ်ဆိုတော့ခမ်းခမ်းနားနား ဆောင်ချင်မှာပေါ့လေ ( တကယ်ဆို တစ်ခါတည်းဆောင်တာအားမရရင် နောက်ထပ်ဆောင်ပေါ့ ) တွေးမိလိုက်တယ် ။ ဒါနဲ့ ထုံးစံအတိုင်း အိမ်ထောင်ပြု ဆိုတဲ့ဝေါဟာရနောက်ခံက မင်္ဂလာပွဲ ၊ လက်မှတ်ထိုး ၊ ဘာညာ ဘာ ညာတွေပေါ့ဗျာ ။ ကျုပ်လည်း သိပ်တော့နားမလည်ပါဘူး ။ ဒီနေရာမှာ လက်မှတ်ထိုးဆိုတဲ့ ကိစ္စကြီး ကိုတော့ ကျုပ်တယ်ပြီး ဘ၀င်မကျလှဘူးဗျို့ ။ ခင်ဗျားတို့စဉ်းစားကြည့် လူယောက်ျား တစ်ဦးနဲ့လူ မိန်းမတစ်ဦး ချစ်ကြည်လူးပြီးဘ၀တစ်ခုကိုတူနှစ်ကိုယ်တည်ဆောက်ဖို့အတွက်တကယ်ပဲ အဲဒီစာရွက်လေး ၂ ရွက်က အရေးကြီးသတဲ့လား ။ ကျုပ်တော့ မထင်ပေါင် ကျုပ်အဖေနဲ့အမေကို တလောက လက်ထပ် စာချုပ်မေးကြည့်တော့ရီတယ် ဘယ်ကလာငါ့သားရယ် အဖေတို့အမေတို့ ရှေ့ ၇ အိမ် နောက်၇ အိမ် ဖိတ်ပြီး အသိအမှတ်ပြုပြီး နေခဲ့ကြတာပဲ ဒါမြန်မာ့ထုံးထမ်းအစဉ်အလာပဲ တဲ့ ။

ကျုပ်သာ အဲဒီလို ကေသီ့ကိုသွားပြောလို့ကတော့ ပါးတောင်အချခံရမယ် ။ ထားတော့ မင်္ဂလာဆောင် ခါနီးကျတော့ လည်း အိုဗျာ ရှုပ်လိုက်တဲ့ အလုပ်တွေ ဖိတ်စာ တွေ ဧည့်ရေးတွေ ဗီဒီယို ရိုက်ကူးရေးတွေ တကယ့်ကို အလုပ်ရှုပ်တဲ့ပွဲကြီးပါတကား လို့တွေးမိလိုက်တယ် ။ တူနှစ်ကိုယ် အတူနေရဖို့အရေး လူသိ ရှင်ကြားဖိတ်ပြီး ကျွန်တော်တို့ကျွန်မတို့ ညဖက်ကျရင်အတူနေပါတော့မယ်ဆိုပြီး ဟိုလူ့ပြုံးဖြီးဖြီး လုပ်ဒီ လူ့ပြုံးဖြီးဖြီး လုပ်နဲ့ တယ် မသက်သာပါကလား ဟရို့ ။ ပြီးရင် လာလာချေသေး ကိုယ်တွေ ညဖက်အိပ်မယ့်ကုတင်ကြီးကို ဓါတ့်ပုံတွေတဖျပ်ဖျပ်ရိုက် အိုဗျာ ခင်ဗျားတို့တော့မသိဘူး ကျုပ်ဆိုတဲ့ကောင် ကတော့သိပ်ရှက်တာပဲ ။ အိပ်ခန်းထဲဝင်ခါနီး ကြိုးတားတယ်တဲ့ ဘာတဲ့ ပိုက်ဆံမုန့်ဖိုးတွေပေးရသေးတယ် ။ တကယ့်ကို ဗရုတ်သုတ်ခပွဲကြီးပါဗျာ ။ ပြီးတော့ လက်ဖွဲ့တွေကို သတို့သမီးဖက်က လုလိုက်သတို့ သားဖက်က လုလိုက်နဲ့ ကျုပ်တော့ ပထမဆုံး မင်္ဂလာဆောင်တဲ့နေ့မှာပဲ ပထမဆုံး လောကကြီးကို စိတ်ပျက် မိ သွားခြင်းပဲ ။ အော်ပြောရဦးမယ် မင်္ဂလာဆောင်ခါနီး သတို့သားတိုင်း ငိုချင်သလို စိတ်ကြီးဖြစ် လာတယ် တဲ့ ။ ခင်ဗျားတို့တော့မသိဘူးကျုပ်ကတော့အဟုတ်ဗျို့ ။ မင်္ဂလာ ဆောင်ခါနီး ၂ ရက်လောက် အလိုက ကျုပ်သူငယ်ချင်းအိမ်သွားအိပ်တယ် ။

ထုံးစံအတိုင်းသောက်ကြစားကြပေါ့ဗျာ ။ ကျုပ်လေ တစ်ခုခုကိုယ်မကျွမ်း ကျင် တဲ့နယ်ပယ်ထဲစုံပစ်ဝင်လိုက် ရ မှာ ၀န်လေးနေမိသလို  ကျုပ်ရဲ့လွတ်လပ်ခွင့်တွေ ဥပမာ ဘောပွဲကြည့်တာတို့ ကာရာအိုကေသွားတာတို့ လက်ဖက်ရည်ဆိုင်ထိုင်တာတို့ပေါ့ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးသွားမယ် သိပ်ကြောက်တယ် ။ အဲဒီလိုတွေးရင်းကျုပ် အဲဒီသူငယ်ချင်းအိမ်မှာ တကယ်မျက်ရည်ကျလာတယ်ဗျို့ ။ ကျုပ်ဘယ်လောက် ထိတောင်စဉ်းစားသလဲသိလား ထွက်ပြေးဖို့အထိတောင် စဉ်းစားမိလိုက်သေးတးယ်။ ဒါဆို ကေသီ့ကိုမ ချစ်ဘူးလာလိုမေးစရာရှိတယ် ။ ချစ်တာပေါ့ဗျာ ကျုပ်ဘ၀မှာ အဲဒီမိန်းမတစ်ယောက်လွဲလို့ ဘယ်သူ့ကို မှရင်မခုန်သလို သူနဲ့လည်းမခွဲနိုင်ဘူး ။ ဒါပေမယ့်ချစ်တာကချစ်တာပဲဗျ အဲဒီအချစ်တွေက အိမ်ထောင်ပြုပြီးမှ ပျောက်ပျက်ထွက်ကုန်မှာလည်းကျုပ်ဆိုတဲ့အကောင်က စိုးရိမ်နေမိသေးတယ် ။ ကေသီ ကတော့ ထုံးအတိုင်းပါပဲဗျာ ဆူဆူပူပူနဲ့အိမ်ထောင်မကျခင်ကတည်းက ဟိုအကွက်ချ ဒီအကွက်ချနဲ့ နားကိုညီးနေပါရော ။ ခင်းဗျားတို့နဲ့မသိတဲ့ လူတွေကို မင်္ဂလာဆောင်မှာ လိုက်လိုက်ပြုံးပြနေရတာ အတော့်ကို ကိုးလိုးကန့်လန့် နိုင်တယ်လို့များ ခင်ဗျားတို့မထင်မိဘူးလား။ ကျုပ်ကတော့ စိတ်ကိုပျက်ရော ။ နောက် လောလောလတ်လတ်ကျုပ်အကိုတွေလင်မယားက သိပ်ချစ်ပါတယ်ဆိုပြီး အခုတော့ သဘောထားခြင်းမတိုက်ဆိုင်ပါသဖြင့် ဘာညာနဲ့သတင်းစာတွေထဲ မပတ် သတ်တော့ကြောင်း ကြော်ငြာတွေ ထည့်ကွဲကြပြဲကြ ကုန်ဆိုတော့ကား ကျုပ်ဝန်လေးနေမိတာ အပြစ်တော့မဆို သာဘူးမဟုတ်လား ။

တကယ်ဆို လူနှစ်ယောက်လက်ထပ်တယ်ဆိုတာသိပ်တော့လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ ။ တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ဆိုတာ ဘယ်နှစ်နှစ်တွဲတွဲ သိဖို့က မလွယ်သေးဘူး ။ ချစ်လှပါတယ် ဆိုပြီးအနှစ်ငါးဆယ်လောက်ပေါင်းနေတဲ့လင်မယားတွေတောင် တချိန်မှာ လှို့ဝှက်အကြောင်းတွေဘွားက နဲပေါ်ပြီး ကွဲကြပြဲကြတာတွေရှိသေးတယ်မဟုတ်လား ။တကယ်တော့ လင်မယားဆိုတာ အရင် ဆုံးပေါင်းကြည့် ရမယ် ဟုတ်တယ် ဒီလိုပြောလိုက်လို့ ခင်ဗျားတို့က နှမသားချင်းမစာနာဘူးပြောဦးမယ် ။ကျုပ်တော့တခါတလေ နိုင်ငံခြားက အယူအဆတွေသိပ်ကြိုက်တယ် ဘာတဲ့ Living together ဆိုတာလေ ။ သူတို့တွေက အတူနေလိုက်ကြတယ် တကယ့်လင်မယားတွေလို လက်မထပ်ရသေးခင်ကြားထဲ စိတ်သဘော ထားခြင်းမတိုက်ဆိုင်ရင်လမ်းခွဲပြီးနောက်တစ်ယောက်ရှာယုံပဲ ။ လိုအပ်ရင်ကလေးတွေ ဘာတွေမွေး လိုက်သေးတယ် ။တစ်ယောက်စိတ်ထား ကိုတစ်ယောက်သိကြပြီ ဆိုတော့မှ လက် ထပ်ကြ တယ် ။ ဒီတော့အဲဒီလို စုံတွဲတွေက ကွဲတာရှားတယ်မဟုတ်လား ။ ဒီမှာတော့ဒီလိုမဟုတ်ပေါင် အခုကြိုက်အခုယူ ပြီးရင်အခုကွဲ ပိုတောင်ဆိုးနေသလိုပါပဲမဟုတ်လား ။ ထားပါတော့ဗျာ ကျုပ်လည်း သိပ်တော့မထူးပါဘူး ကေသီ့ကို ချစ်လွန်းလို့ အချိန်လည်းတန်နေပြီဆိုတော့ လက်ထပ်ယူခဲ့ တယ် ပျော် သလိုလိုပါပဲ တကယ်ပျော်လားမပျော်ဘူးလားတော့ကျုပ်ကိုယ်ကျုပ်မသိနိုင်ဘူးပေါ့လေ ။

ကေသီကတော့ပျော်တယ်ထင်ပါတယ် ။ ကျုပ်နံရံက နာရီကိုလှမ်းကြည့်လိုက်တယ် ၁၁ နာရီခွဲ ။ ဒီစာကြည့်ခန်း ထဲမှာ ကျုပ်ထိုင်နေတာ အတော်ကြာပြီ ။ ကေသီလည်းအခန်းထဲမှာ ကျုပ် ကိုစောင့်နေလောက်ပြီ။ ထုံးစံအတိုင်းမင်္ဂလာဦးညပေါ့ဗျာ ။ ခက်တာက ကျုပ် အဲဒီမင်္ဂလာဦးအခန်းထဲ မ၀င်ချင်ဘူးဖြစ်နေတယ် ။ ဘာလို့လည်းကျုပ်ကိုယ်ကျုပ်မသိဘူး ။ အထဲဝင်ပြီး သတို့သမီးကို နမ်းမယ် ပြီး ရင် အတူနေမယ် အာဗျာ တကယ့်ကို ပျင်းစရာအလုပ်ကြီးပဲ ကျုပ်လိင်စိတ်သား စိတ်ကုန်နေ တာတော့မဟုတ်ပါဘူး ဒါပေမယ့် . .ဘယ်လိုပြောရမလဲဗျာ ကျုပ် ရဲ့ ပထမဆုံးညကြီးကို ဒီလို ပေါတောတော မကုန်ဆုံးချင်သလို ကျုပ် ..မပြောတတ်တော့ပါဘူး ။ ဘယ်သူကများ မင်္ဂလာဦးညမှာ သတို့သမီးနဲ့အတူနေရမယ်လို့ သတ်မှတ်ထားခဲ့ကြသလဲမသိပါဘူး ။ တကယ်ဆိုဒီနေ့က ကျုပ်သိပ်ကြိုက်တဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရှိတယ်ဗျ ။ ကျုပ် သိပ်ကြည့်ချင်တယ် ။ ဒါပေမယ့် မင်္ဂလာဦးညဆိုတော့ကြည့်လို့မရဘူးပေါ့ဗျာ ပွဲကလည်း ၁ နာရီကျော်မှလာမှာ အဲဒီမှာတင်ကျုပ်ရဲ့ လွတ်လပ်ခွင့်တစ်ခု ကဆုံးရှုံးသွားရပြန်ပြီ။ မထူးပါဘူးလေ ကျုပ်စိတ်ဒုံးဒုံးချပြီး အခန်းထဲဝင်လာခဲ့တယ် ။

ကေသီ ဟိုဖက်လှည့်ပြီး လှဲနေတယ်ကုတင်ပေါ်မှာ ။ သူအိပ်မပျော်မှန်းကျုပ်သိတာပေါ့ ။အခန်းထဲကနာရီ စက်သံက တချောက်ချောက် အခန်းမီးကပြာလဲ့လဲ့ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ရာပါပဲ ။ကျုပ်လည်း စိတ်လှုပ်ရှားနေပါတယ် ကေသီ့ကိုမဟုတ်ဘူးဗျို့ ဒီအခြေအနေကြီးကို အာဗျာ ဇာခြင်ထောင်အ ထဲက ကေသီ့ကိုယ် လုံးလေးကိုပဲ တိုးဖက်ပြီးအိပ်လိုက်ရမလား ကျုပ်စိတ်တွေတအား ညစ်လာပြီ ကျုပ်ဒီအခန်းထဲမ ၀င်ချင်ဘူး ဒါပြီးရင်ကျုပ်ဘ၀ကသွားပြီလေ အိမ်ထောင်သည်ကြီးဖြစ်သွားပြီ ဟုတ်တယ်မဟုတ်လား ။ ကေသီ့ကိုယ်လေးတစ်ချက်လှုပ်သွားတယ် ။ ကျုပ်အသက်တောင်မရှုရဲဘူး ။ ဟုတ်တယ်လေ ကျုပ်ရောက်နေမှန်းသိရင် . . . . ။

ကျုပ် ခြေသံကို ဖွပြီး အခန်းအပြင်ကို ပြန်ထွက်ခဲ့တယ် ။ ၁၂ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တယ် ။ ကျုပ် ထမင်းစားခန်းထဲဝင်လာခဲ့တယ် ။ ပြီးတော့ နံရံကပ်ဘီဒိုအပေါ်က ပုလင်းပြားလေးယူပြီး ခွက်ထဲ ထည့်လို့ သောက်ချ လိုက်တယ် ။ အား...ပူလိုက်တာ . . . .စိတ်တွေလည်းညစ်လိုက်တာ.....။ အချိန်တွေကြာလေလေ သတို့သမီးကိုအားနာလာလေလေပဲ ။ ကျုပ်လေ အခု ဒီအိမ်ထဲကနေ ၀ုန်းကနဲ ခုန်ဆင်းပြီးပြေးထွက်သွားချင်လိုက်တော့တယ် ။ စိတ်ကို ပြန်တင်းပြီး လူကလည်းရီဝေေ၀ဖြစ်လာတယ် ။ အခန်းတံခါးကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်တယ် ။ ကေသီ အိပ်နေတာလား မအိပ်နေတာလား ကျုပ်မသိတော့ ဘူး ။ ကျုပ် မျက်နှာကို အံ့အားတကြီးလက်နဲ့ သုတ်လိုက်တော့ ဟင်..မျက်ရည်တွေပါလား ။ ငါဘာလို့ငိုနေမိပါလိမ့် ။

ကျုပ်ဘာကိုမှ မတွေးချင်တော့ဘူးဗျာ . . .နံရံပေါ်က အိပ်ခန်းမီးကို ကျုပ် ချောက်ကနဲ ပိတ်ချလိုက်ပါတော့ တယ် ။ အဲဒါဟာ ဘ၀တစ်ခုစတာလား ဘ၀တစ်ခုဆုံသွားတာလား စည်းတစ်ခုရဲ့ နယ်လွန် ကိုရောက်သွား တာလား ကျုပ်မတွေးတတ်တော့ပါဘူး ။

သက်တန့်ချို
21 Jan 2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, January 15, 2013

ဆေးကျောင်းတက်တိုင်းဆရာဝန်ဖြစ်လိမ့်မယ်ဘယ်သူပြောလဲ

 ဆေးကျောင်းတက်တိုင်းဆရာဝန်ဖြစ်လိမ့်မယ်ဘယ်သူပြောလဲ


ကျွန်တော့်ဆီကို ဆေးကျောင်းတက်နေတဲ့ ဒုတိယနှစ်ကျောင်း သူတစ်ယောက်အောက် ပါအတိုင်းစာ ပို့ထားတယ် ။ ကျွန်တော်လည်းတချိန်က အဲဒီလိုခံစားခဲ့ရဖူး လို့ကိုယ်ချင်းစာ တဲ့အတွက် စာပြန်ပေး လိုက်ပါတယ် ။

Dear sir, can i ask u some advice for i am so disappointed n depressed this medical student life?i wanna know how can i pass it.there r too much to study but we have a little time..whole day is full of lecture , tuotorial ,pratical n tution...when i return home im so tired n fell asleep n morning again n so day after day i get no lesson..n then i wanna give up..i have no courage to continue ...so plz give me some advice to pass it for u also r a doctor.. n i hope u understand me. plz reply me sir i will

be waiting for ...don't
ignore me sir ....i've never writte

7:08am

sorry sir i ve never written it before so forgive me when i was something wrong

Thanks a lot to u sir

7:17am

im a second mb student im not too much inteligent when i know my fri can do n more get lesson than me i fell more upset by myself besides im too weak n health is not wealth always ill...so compare with others i ever late in study ...i admire ur letters n admire u so i request u to give advice me...Thanks sir

with great respects

--------------------------------------------------------
ညီမရေ . . မှန်တာပေါ့ ဆေးကျောင်းသူ ဆေးကျောင်းသားဘ၀ဆိုတာ သူများတွေထင်ထားသလို ပန်းခင်းလမ်း မဟုတ်သလို ပျော်စရာ ရွှင်စရာ တက္ကသိုလ်ကြီးတစ်ခုလည်းမဟုတ်ပါဘူး ။ ကန်ဘောင် မှာ လေညှင်းလေးတွေခံပြီး တီတီတာတာ နဲ့တက္ကသိုလ်ရဲ့ အနှစ်သာရ ဆိုလား အဲဒါတွေခံစားနေ ရတဲ့အထဲ မှာ ဆေးတက္ကသိုလ်တစ်ခုတော့မပါဘူးညီမရေ ။ ညီမအခုဖြစ်နေ တဲ့ခံစားချက်တွေ က ဆေးကျောင်း သူ ဆေးကျောင်းသားတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ depression တစ်မျိုးပါပဲ ။

“ ငါ အောင်ပါ့မလား ”
“ ငါ သူများတွေ လို ဘာလို့ စာမကျက်နိုင်တော့တာလဲ ”
“ ငါရွေးခဲ့တဲ့ တက္ကသိုလ်က မှန်ကန်တဲ့ဆုံးဖြတ်ချက်မှ ဟုတ်ရဲ့လား ” စသဖြင့်ပေါ့ ။ တချို့ကတော့ ယတိပြတ်ဆုံးဖြတ်လိုက်ပြီးဆေးကျောင်းက ထွက်လို့ တခြား လိုင်းတွေကူးသွားတာလည်းရှိပါတယ် ။ လူအများစုထင်နေကြတာက ဆေးကျောင်းတက်ရင် ဆရာဝန်ဖြစ်မယ်တဲ့ ။ အဲဒီ စကားမှားကြောင်း ကို ဆေးကျောင်းတက်နေတဲ့သူတွေရော ဆရာဝန်ဖြစ်ပြီးသားလူတွေရော သိပါလိမ့်မယ် ။ တစ်နှစ်တစ် တန်းတောင်အောင်အောင်မနည်းကြိုးစားပြီး ဆပ်ပလီမထိအောင် ရုန်းကန် လို့ နောက် ဆက်တွဲ မတက် ချင်လို့ အသေအလဲ လုပ်ကြရတာ ဆေးကျောင်းသားဘ၀တွေပါ ။

ဒီနေရာမှာ “ ဆရာဝန်ဖြစ်ချင်စိတ် ” ဆိုတဲ့အကြောင်းလေးနည်းနည်းပြောချင်တယ် ။ ဆေးကျောင်း တက်တဲ့ သူတော်တော်များများမှာ တချို့ ဆရာဝန်ဖြစ်ချင်စိတ်ရှိကြပေမယ့် တချို့ကတော့ ဆရာဝန်ဖြစ် ချင်စိတ်လုံးဝမရှိကြဘူး ။ တချို့ကတော့ ဖြစ်ချင်သလား မဖြစ်ချင်သလား ကိုယ့်ကိုယ်ကို မသိတဲ့လူတွေ လည်းရှိတယ် ။ အဲဒီလိုလူတွေထဲမှာ ကျွန်တော်လည်းအပါအ၀င်ပေါ့ ။ ဆရာဝန်ဖြစ်ချင်စိတ်ဟာ ပီပီပြင်ပြင်ဖြစ်ပေါ် လာတာ တကယ်တော့ House surgeon ဆင်းတဲ့အချိန်ပါပဲ ။ လူနာတွေနဲ့ ထိတွေ့ရတဲ့အခါမှ လူနာတွေကို စာနာလာတယ် သနားလာတယ် နားလည်လာတယ် လူ့အသက် ကယ် ရတဲ့ပီတိ ကို သိလာတယ်။ အဲဒီတော့ ဆရာဝန် စစ်စစ် ဖြစ်ချင် စိတ် ဟာ ပေါ်ထွက်လာကြစမြဲပါပဲ ။

ညီမရေ . . . ဆယ်တုန်းတုန်းကကြိုးစားခဲ့လို့ ဆေးတက္ကသိုလ်မှာ အရည်အချင်းမှီပါတယ်ဆိုပြီး ခွင့်ပြုလို့ ကိုယ်တောင် တက်နေရပြီပဲ ။ သူများလုပ်နိုင်ရင်ကိုယ်လဲလုပ်နိုင်ရမှာပေါ့ ။ သူများကျက်နိုင်ရင် ကိုယ်လဲ ကျက်နိုင် ရမှာပေါ့ ။ ဆေးကျောင်းကစာတွေက အများကြီးဆိုတာ မှန်ပါတယ် ။ ကျောင်းစာတွေ ချည်းဖိကျက်နေလို့ချည်းမဖြစ်ပြန်ဘူး ။ ကျွန်တော်ကတော့ စကားလေးတစ်ခု ပဲ လက်ဆောင်ပေး ချင်ပါတယ် ။ ဆေးကျောင်းအောင်ဖို့က သိပ်တော့မခက်လှဘူး ဒါပေမယ့်ဆေးစာတွေကို ပိုင်နိုင်ဖို့ဆိုတာ ကတော့ ခက်လှတယ် ။ ဆရာဝန်ဖြစ်ပြီးတော့ Parmaco (ဆေးဝါးဗေဒ ) မပိုင်တဲ့သူတွေ Patho (ရောဂါဗေဒ ) မပိုင်တဲ့သူတွေ တပုံကြီးပါပဲ ။ ကျွန်တော်ပြောချင်တဲ့စကားကတော့

“ အမြဲတမ်း မျက်စိဖွင့်နားဖွင့်နေပါ ” ဆိုတာပါပဲ ။ ဘယ်တော့မှ အိမ်ထဲမှာပဲအောင်းပြီးစာမကျက်ရဘူး ဆရာမတွေ ဆရာတွေနဲ့ရင်းနှီးစွာနေရမယ် ။ နှစ်စကတည်းက ကိုယ့်ဘာသာတွေကို မှန်မှန်ဖတ်သွားရမယ် ။ ကျက်စရာ မလိုဘူးနော် ဒီလောက်များတဲ့စာတွေကို အပိုင် ဆယ်တုန်းကလို ကျက်နေရရင်သေရချည်ရဲ့ ။ ဖတ်ပါ အကြိမ်အရေအတွက်များများ ပြီးရင် ကိုယ့်ရဲ့ own english နဲ့ပဲပြန်ရေးရမယ်မဟုတ်လား ။ အဓိကကတော့ note လေးတွေထုတ်ပြီးကျက်တဲ့အလေ့အကျင့်မွေးပါ ။ ဒီခေါင်းစဉ်လာရင် ဒီ နုတ်လေးကို ပုံဖော်လိုက်တာနဲ့ တစ်ပုဒ်လုံးထွက်ကျလာသလိုမျိုးဖြစ်အောင်ပြင်ဆင်ရမယ် ။

စာမေးပွဲအောင်ဖို့ဆိုတာ စာ + လက်တွေ့ ၂ ခုပေါင်းမှ ရမယ် ဆိုတာ ညီမလည်းသိမှာပါ ။ လက်တွေ့ဟာ မခက်ခဲဘူး အမှတ်ကို များအောင်လုပ်ရမယ် ။ စာကတော့ သူမသာ ကိုယ်မသာပါပဲ ဘာမှသိပ်မထူးဘူး ။ နောက်တစ်ခုက မေးခွန်းဟောင်းတွေ ဘယ်ကျောင်းက ဖိုင်နယ်မေး ခွန်းထုတ် မှာလဲလေ့ လာ မေးခွန်းဟောင်းတွေ စာအုပ်ကလေးတွေနဲ့ထွက်လာတတ်တယ် စုံစမ်းပြီး ၀ယ်ထား လေ့လာ ။

အစအဆုံး အလွတ်ကျက်နေလို့ကတော့ရူးရင်ရူးမရူးရင်လည်း ဆေးကျောင်းထွက်ချင်စိတ်ပေါက်သွားမှာပေါ့ ။ ဆရာဝန်ဖြစ်ရတာ အတိုက်အခံများတယ် အကျိုးမရှိဘူး မချမ်းသာဘူးဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် ညီမအနေနဲ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်ဖူးသွားတဲ့အခါ ဒါမှမဟုတ် ရောဂါခံစားနေ ရတဲ့လူ တစ်ယောက်ကို ဝေဒနာလျော့ပါးအောင်လုပ်ပေးနိုင်တဲ့အခါ ညီမဆရာ ၀န်ဖြစ် ချင်စိတ်နဲ့ ဇွဲသတ္တိတွေက ပီပီပြင်ပြင်ထွက်ပေါ်လာပါလိမ့်မယ် ။

ဘာပဲဖြစ်ဖြစ် ၀က်ဖြစ်မှ တော့ မစင်မကြောက်နဲ့လို့ ကျွန်တော် ခဏခဏ အားပေးဖူးတယ် ။ ကိုယ်ကိုယ် ကိုယ်ရော သူငယ်ချင်းတွေရော စာမေးပွဲရာသီဟာ စိတ်ကျရောဂါအဖြစ်အများဆုံးပဲ ။ ပျော်ပျော်နေပါ အရမ်းကြီးစိတ်ဖိစီးမှုမထားနဲ့ ။

တစ်ခုလေးပဲမှတ်ထားပါ ။

- ငါ ဆရာဝန်စစ်စစ်ဖြစ်ရမယ်
- သူများတွေလုပ်နိုင်ရင်ငါလည်းလုပ်နိုင်ရမယ်
- ဆေးစာတွေကို စာမေးပွဲအောင်ယုံမဟုတ်ပဲ လက်တွေ့မှာ အသုံးချဖို့အတွက် အခုကတည်း က သေချာကျက်ရမယ်
- ဒီအလုပ်နဲ့ငါ မချမ်းသာဘူး ဒါပေမယ့် ရလာတဲ့ပီတိက ဘာနဲ့မှ အဖိုးမဖြတ်နိုင်ဘူး
- ကိုယ့်မိဘတွေရဲ့ငွေကြေးတွေ ကိုယ့် အချိန်တွေ အလဟဿမဖြစ်စေရဘူး
- ဆေးကျောင်းသူဆေးကျောင်းသားကြီးတွေဆိုပြီးငါ့မှာ ဘ၀င်မြင့်ဖို့ အချိန်ဖြုန်းဖို့အချိန်မရှိဘူး ဘာလို့လည်း ဆိုတော့ ငါတစ်နှစ်တစ်တန်း မှန်မှန်အောင်ချင်တယ်
- ပန်းတိုင်ပြေးလမ်းပေါ်ငါတက်ခဲ့ပြီးပြီ ဆက်ပြေးရတော့မှာပဲ စတဲ့စိတ်တွေကိုမွေးမြူထားပါညီမရေ ။

“ အောင်မြင်ပါစေ ဆရာဝန်စစ်စစ်ဖြစ်လို့ လူသားကောင်းကျိုးကိုသယ်ပိုးနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါစေ ”

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, January 5, 2013

ကြယ်စင်ဆယ့်တစ်














အွန်လိုင်းကစာရေးသူတွေ စုစည်းထားတဲ့ “ ကြယ်စင်ဆယ့်တစ် ” ဆိုတဲ့စာအုပ်ကလေး မကြာခင်မှာ စာဖတ်သူများ လက်ထဲအရောက်ပို့ပေးနိုင်တော့မှာဖြစ်ပါတယ် ။ ရသနဲ့အက်ဆေး တစ်ဦးချင်းစီ ၂ ပုဒ်စီပါဝင်ပြီး အွန်လိုင်းစာရေးဆရာတွေ ပါဝင်ရေးသားကြတဲ့ ကြယ်စင် ဆယ့်တစ်ဟာ မောင်နှမ ၁၁ ဦး ဖွဲ့စည်း ကြိုးစားထားခြင်းဆိုလည်းမမှားပါဘူး ။

ပါဝင်ရေးသားထားကြတဲ့ စာရေးဆရာတွေကတော့

မြသွေးနီ
ကိုဇော်
အိမ့်ချမ်းမြေ့
ချစ်ကြည်အေး
သတိုး
အိန်ဂျယ်လှိုင်
ရွှေစင်ဦး
နန်းအသင်္ခယာ
နှင်းပွင့်
ကိုကိုးအိမ် (မန္တလေး )
သက်တန့်ချို တို့ဖြစ်ကြပါတယ် ။

စာအုပ်ထွက်မယ့်ရက်ကတော့ ၁၃ သို့မဟုတ် ၁၄ တစ်ရက်ရက်ကိုရွေးထားပါတယ် ။ ၁၅ ရက်နေ့အရှေ့ပိုင်းထွက်နိုင်အောင်ကြိုးစားမှာဖြစ်ပါတယ် ။ ၉၀ % နှုန်းလောက်ပြီးပြီဖြစ်ပေမယ့် အချောသတ်လေးတွေကို စိတ်တိုင်းကျ လေးရှင်းရှင်းလေးရိုးရိုးလေးဖြစ်အောင်ပြင်နေတုန်းဖြစ်ပါတယ် ။ စာအုပ်လေးတစ်အုပ်ဖြစ်မြောက်သွားရင် ဖြစ်ပေါ်လာရတဲ့ပီတိဟာ တကယ့်ကိုကြည်နူးဖို့ကောင်းလှပါတယ် ။

သာမန်ကြယ်ကလေး ၁၁ စင်းပါပဲ ။ သူတို့ကိုယ်ပိုင်အလင်းလေးတွေနဲ့ ကမ္ဘာမြေကို ၀န်းရံထားကြတယ် ။
သာမန်ကြယ်ကလေး ၁၁ စင်းပါပဲ ။ သူတို့ တတ်နိုင်သလောက် အတွေးတွေနဲ့ အနုပညာကို သီကုံးထားပေးကြတယ် ။

မကြာမှီ . . လာမည် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, January 2, 2013

သင်ရော ရန်သူလိုချင်သလား မိတ်ဆွေလိုချင်သလား












တစ်ခါတုန်းကပေါ့ ရွာလေးတစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေအဖြစ်နေကြတယ် ။ တစ်ဦးက လယ်သမားဖြစ်ပြီး နောက်တစ်ဦးကတော့ မုဆိုးတစ်ယောက်ဖြစ်ပါတယ် ။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေမွေးထားတယ် မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေမွေးမြူထားခဲ့တယ် ။

မကြာခဏဆိုသလိုပါပဲ အမဲလိုက်ခွေးတွေဟာ လယ်သမားရဲ့ခြံထဲကို ၀င်ရောက်ပြီး လယ်သမားမွေးထားတဲ့ ဘဲတွေကို သတ်ဖြတ်စားသောက်လေ့ရှိကြတယ် ။ လယ်သမားက အဲဒါနဲ့ မုဆိုးဆီသွားပြီးအမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ် ။ ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်းနေပြီး ခွေးတွေကို ဒီအတိုင်းလွှတ်ထားခဲ့တယ် ။ နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကိုသည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့အကြီးအကဲဆီသွားပြီး မုဆိုးရဲ့ခွေးတွေကို အရေးယူပေးဖို့တောင်းဆိုခဲ့တယ် ။

လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ပြည့်စုံတဲ့အကြီးအကဲက အောက်ပါအတိုင်းပြောတယ် ။ “ အဲဒီမုဆိုးကို ကျုပ်က အရေးယူပေးလို့ရပါတယ် ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့အမိန့်ပေးလို့ရပါတယ် အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်းတစ်ယောက်ဆုံးရှုံးသွားနိုင်ပါတယ် ခင်ဗျားနဲ့အတူနေရတယ့် အိမ်နီးနားချင်းကို ရန်သူဖြစ်စေချင်သလား မိတ်ဆွေဖြစ်စေချင်ပါသလား ”

လယ်သမားက တချက်စဉ်းစားလိုက်ပြီး “ မိတ်ဆွေပဲဖြစ် စေချင်ပါတယ် ” ဖြေလိုက်တယ် ။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ် ။ “ ကောင်းပါပြီဒါဆို ကျုပ်အကြံတစ်ခုပေးပါ့မယ် ဘဲတွေ မဆုံးရှုံးစေရလို မိတ်ဆွေတစ်ယောက်တိုးလာပါလိမ့်မယ် ”

လယ်သမားက အကြီးအကဲပြောတဲ့အတိုင်းအိမ်ကိုပြန်သွားတယ်။ ပြီးတော့ အိမ်မှာမွေးထားတဲ့ဘဲတွေထဲက အလှဆုံးဘဲ လေးကောင်ကို ရွေးပြီး မုဆိုးရဲ့သားလေးယောက်ကိုလက်ဆောင်အဖြစ်ပေးလိုက်တယ် ။ လက်ဆောင်ဘဲလေးတွေနဲ့ နေ့တိုင်းပျော်ရွှင်စွာကစားနေတဲ့သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာနေ့တိုင်း ၀မ်းသာကြည်နူးနေရတယ် ။ ပြီးတော့ သားလေးတွေလက်ဆောင်ရထားတဲ့ဘဲတွေကို ကိုက်စားမှာစိုးလို့ အမဲလိုက်ခွေးတွေကို သေချာ လှောင်ထားလိုက်ပါတော့တယ် ။ လယ်သမားကိုလည်း ကျေးဇူးတွေတင်ပြီး အမဲလိုက်လို့ပြန်လာတဲ့အခါ အသားတွေကို ဝေငှပေးတတ်လာပါတယ် ။ လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ်မုဆိုးကို ပေးခဲ့တယ် ။ ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေဖြစ်လာကြပါတယ် ။

----------------------------------------------------------

တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာတစ်ခုတည်းကြည့်နေလို့မဖြစ်နိုင်ပါဘူး ။ သူတပါးကို ဘယ်လိုဖြည့်ဆည်းပေးလိုက်ရင် မိတ်ဆွေဖြစ်သွားမလဲဆိုတဲ့အချက်ကလည်း အရေးကြီးလှပါတယ် ။ ကိုယ်ချင်းစာစိတ်လေးက အရေးအကြီးဆုံးပါပဲ ။ မိတ်ဆွေစစ်မိတ်ဆွေမှန်ကိုလိုချင်ရင်ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်း ၊ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲဦးစားမပေးပါနဲ့ ။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ။ သူ့ဖက်ကိုလည်းစာနာပြီး ဦးစားပေးတတ်မှသာ ရန်သူဘ၀ကနေ မိတ်ဆွေဖြစ်သွားနိုင်တာပါ ။

သင်ရော . . ရန်သူလိုချင်တာလား မိတ်ဆွေလိုချင်တာလား ။

သက်တန့်ချို
The farmer and the hunter အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................