Monday, September 30, 2019

သင် ဘယ်လိုလူလဲ






သက်တန့်ချို
30-Sept-2019
-------------------------------------

လူတွေက သင့်ကို ပြောတဲ့စကား ၊ ပေးတဲ့ကတိတွေက
သင် ဘယ်လိုလူလဲဆိုတာ မသတ်မှတ်ဘူး

သင်က .. လူတွေကို ပြောတဲ့စကား ၊ ပေးတဲ့ကတိတွေက
သင် ဘယ်လိုလူလဲဆိုတာ သတ်မှတ်ပေးတယ် ။

လူတွေက သင့်အပေါ်ဆက်ဆံတဲ့ ကောင်းခြင်း ဆိုးခြင်းတွေက
သင့် တန်ဖိုးကို မဖော်ပြပေးဘူး

သင်က .. လူတွေအပေါ်ဆက်ဆံတဲ့ ကောင်းခြင်းဆိုးခြင်းတွေကသာ
သင့် .. တန်ဖိုးကိုဖော်ပြပေးတယ် ။

" ကိုယ့်ရဲ့ဖြစ်တည်မှုကို တစ်ဖက်သားရဲ့အမြင်နဲ့ ဘယ်တော့မှမတိုင်းတာပါနဲ့
သင့်ရဲ့ ဖြစ်တည်မှုဟာ ...သင်ကိုယ်တိုင်ပုံဖော်ထုဆစ်ရတာမျိုးပါ "

သက်တန့်ချို
30-Sept-2019

Saturday, September 28, 2019

တစ်ချို့က






သက်တန့်ချို
28-Sept-2019

------------------------------

တစ်ချို့က သင့်ကို နေရာမပေးချင်တာမဟုတ်ဘူး
သူတို့ထက် သာသွားမှာ စိုးရိမ်တာကြောင့်ပါ

တစ်ချို့က သင့်ကို လက်ခုပ်မတီးချင်တာ မဟုတ်ဘူး
သင့်အောင်မြင်မှုကို မုဒိတာစိတ်မထားနိုင်တာကြောင့်ပါ

တစ်ချို့က သင့်ကို မကူညီချင်တာမဟုတ်ဘူး
သင် အဆင်ပြေသွားမှာ မလိုလားတဲ့အတွက်ပါ

တစ်ချို့က သင့်ကို ပေးမသွားချင်တာမဟုတ်ဘူး
သူတို့ထက် အရှေ့ရောက်သွားမှာ မလိုလားတဲ့အတွက်ပါ ။

သက်တန့်ချို
28-Sept-2019

Read More - thettantcho.blogspot.com

Friday, September 27, 2019

တစ်နေ့တာ




အတင်းပြောတတ်သူက ဘယ်သူ့မှာ ဘာအားနည်းချက်ရှိလဲတွေးပြီး
တစ်နေ့တာကို ဖြတ်သန်းတယ်

ရန်လိုတဲ့သူက ဘယ်သူ့ကို ငါကြည့်မရဘူးလဲတွေးပြီး
တစ်နေ့တာကိုဖြတ်သန်းတယ်

ကောက်ကျစ်တဲ့လူက ဘယ်သူ့ကို ဒုက္ခရောက်အောင်လုပ်မလဲတွေးပြီး
တစ်နေ့တာကိုဖြတ်သန်းတယ်

တစ်ကိုယ်ကောင်းဆန်တဲ့သူက ငါ့အတွက် ဘာအကျိုးရှိမလဲတွေးပြီး
တစ်နေ့တာကို ဖြတ်သန်းတယ်

စိတ်ထားဖြူစင်သူက ဘယ်သူ့ကို ကူညီရမလဲ တွေးပြီး
တစ်နေ့တာကိုဖြတ်သန်းတယ်

လူတိုင်းလူတိုင်း
တစ်နေ့တာ ကုန်တာခြင်းအတူတူပေမယ့်
ဖြတ်သန်းပုံကတော့ ကွာခြားပါတယ် ။

သက်တန့်ချို
27-Sept-2019

Thursday, September 26, 2019

လယ်သမားနဲ့မုန့်ဖုတ်သမား

 တစ်ခါတုန်းက ပေါင်မုန့်ဖုတ်သမားတစ်ဦးကိုနေ့စဉ် ထောပတ်တစ်ပေါင် ရောင်းရောင်းနေတဲ့ လယ်သမားတစ်ဦးရှိတယ်

တစ်ရက်မှာ ပေါင်မုန့်ဖုတ်သမားက သူနေ့စဉ်ဝယ်နေတဲ့ထောပတ်က အလေးချိန်မှန်မမှန် သိချင်လာလို့ အိမ်မှာ ပြန်ချိန်ကြည့်တဲ့အခါ အလေးချိန်မပြည့်တာကိုတွေ့ခဲ့ရတယ်

သူလည်းဒေါသထွက်ပြီး လယ်သမားကို တရားရုံးမှာ တရားစွဲခဲ့တယ်

တရားသူကြီးက လယ်သမားကို မေးတယ် " သင့်မှာ ထောပတ်ကို ချိန်ဖို့ ဘယ်လို အချိန်အတွယ်တိုင်းတာနည်းကိုသုံးပါသလဲ "

လယ်သမားကပြန်ဖြေတယ် " ဟုတ်ကဲ့ပါ တရားသူကြီး ကျွန်တော့်မှာ တိကျသေချာတဲ့ တိုင်းတာနည်းရယ်လို့တော့မရှိပါဘူး ဒါပေမယ့် ကျွန်တာ့်မှာ သေချာတဲ့အလေ့အကျင့်တစ်ခုတော့ရှိတယ် "

တရားသူကြီးကဆက်မေးတယ် " ဒါဆို ထောပတ်တွေကို ဘယ်လိုချိန်တွယ်သလဲပြောပါဦး "

လယ်သမားကပြန်ဖြေတယ်

" တရားသူကြီးမင်းခင်ဗျာ ပေါင်မုန့်ဖုတ်သမားကျွန်တော့်ဆီက ထောပတ်စပြီးဝယ်တဲ့အချိန်ကတည်းကစပြီး သူ့ဆီက ပေါင်မုန့် တစ်ပေါင် နေ့စဉ်ကျွန်တော်ပြန်ဝယ်ခဲ့ပါတယ် နေ့တိုင်းမှာ ပေါင်မုန့်ဖုတ်သမား သယ်လာတဲ့ပေါင်မုန့်ရဲ့ အလေးချိန်အချိန်အဆအတိုင်း ထောပတ်ရဲ့အလေးကို တူညီစွာ ချိန်ပြီး သူ့ကိုပြန်ပေးခဲ့ပါတယ် .. ဒါကြောင့်အပြစ်တင်ချင်းတင်ရင် ပေါင်မုန့်ဖုတ်သမားကိုသာ တင်ရပါလိမ့်မယ် " တဲ့ ။

-----------------------

ဘ၀မှာ သင်ပေးတဲ့အရာကိုပဲ သင်ပြန်ရတာပါ
ဘယ်တော့မှ တခြားလူတွေကို လိမ်ဖို့မကြိုးစားပါနဲ့ တဲ့ ။

မူရင်းရေးသူမသိပါဘူး အင်တာနက်မှာ စာဖတ်ရင်း ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။

သက်တန့်ချို
26-Sept-2019

Wednesday, September 25, 2019

ဘဝမှာ ...


(Zawgyi)
ဟန်ဆောင်တတ်ရတယ်

သည်းခံတတ်ရတယ်

မျိုသိပ်တတ်ရတယ်

ချနင်းတတ်ရတယ်

ကပ်ဖားတတ်ရတယ်



သက်တန့်ချို
25-Sept-2019

( Unicode )
ဘဝမှာ လူရာဝင်ချင်တယ်ဆိုရင်
ဟန်ဆောင်တတ်ရတယ်

ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင်
သည်းခံတတ်ရတယ်

ဘဝမှာ လူချစ်လူခင်များစေချင်တယ်ဆိုရင်
မျိုသိပ်တတ်ရတယ်

ဘဝမှာ ကျော်ကြားချင်တယ်ဆိုရင်
ချနင်းတတ်ရတယ်

ဘဝမှာ အလေးပေးခံရချင်တယ်ဆိုရင်
ကပ်ဖားတတ်ရတယ်

ပြန်တွေးကြည့်မယ်ဆိုရင်

သင်ဟန်မဆောင်တတ်လို့ လူရာမဝင်တာပါ
သင်သည်းမခံတတ်လို့ မအောင်မြင်သေးတာပါ
သင် မျိုသိပ်မထားတတ်လို့ လူမုန်းများနေတာပါ
သင် ချမနင်းတတ်လို့ နာမည်မကြီးသေးတာပါ
သင် ကပ်မဖားတတ်လို့ လစ်လျှုရှုခံရတာပါ ။

သက်တန့်ချို
25-Sept-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 24, 2019

ခြားနားခြင်း

 တူညီတယ်ထင်ပေမယ့်
ခြားနားတဲ့အရာတွေရှိတယ်

နီးစပ်တယ်ထင်ပေမယ့်
ဝေးကွာတဲ့အရာတွေရှိတယ်

လွယ်နေတယ်ထင်ပေမယ့်
ခက်နေတဲ့အရာတွေရှိတယ်

မေ့နေတယ်ထင်ပေမယ့်
လွမ်းနေတဲ့အရာတွေရှိတယ်

မုန်းနေတယ်ထင်ပေမယ့်
သတိရနေတဲ့အရာတွေရှိတယ်

နိုင်နေတယ်ထင်ပေမယ့်
ရှုံးနေတဲ့အရာတွေရှိတယ်

ခြားနားခြင်းဆိုတာ ...
လူတစ်ယောက်နဲ့တစ်ယောက်အကွာအဝေးကိုမဆိုလိုဘူး

ခံစားချက် အတိမ်အနက်ပေါ်ပဲ မူတည်ပါတယ် ။

သက်တန့်ချို
24-Sept-2019

Monday, September 23, 2019

တရားအသိ

 အမှောင်မှာ ကျက်စားတဲ့ ပိုးကောင်ဟာ
အလင်းကိုကြောက်သလိုမျိုး

အမှောင်တရားဖုံးလွှမ်းတဲ့လူတွေဟာ
အမှန်တရားကို ကြောက်တတ်ကြတယ် ။

အပူမှာရှင်သန်တဲ့ အပင်ဟာ
အေးခဲတဲ့ ဒေသမှာ မပေါက်ရောက်နိုင်သလို

အကုသိုလ်များတဲ့လူတွေဟာ
တရားအသိ ဓမ္မအသိကို ရှာမတွေ့နိုင်ကြဘူး ။

သက်တန့်ချို
23-Sept-2019

Wednesday, September 18, 2019

အမှတ်တမဲ့


အမှတ်တမဲ့ လစ်လှူရှုလိုက်ခြင်းက
ဘ၀တစ်သက်တာ နောင်တကို ဖြစ်စေနိုင်တယ်

အမှတ်တမဲ့ ဂရုမစိုက်မိခြင်းက
မဆုံးမရှိတဲ့ နာကျင်မှုကိုဖြစ်စေနိုင်တယ်

အမှတ်တမဲ့ လက်လွှတ်မိခြင်းက
ဝေးကွာလွန်းတဲ့ ခြားနားခြင်းကိုဖြစ်စေနိုင်တယ်

အမှတ်တမဲ့ဆိုပြီး သတိမပြုပဲမနေပါနဲ့
သတိမပြုမိရင် ခါးသီးတဲ့အမှတ်တရတွေ ရလာနိုင်ပါတယ် ။

သက်တန့်ချို
18-Sept-2019

Tuesday, September 17, 2019

မရယ်ပါနဲ့


 မရယ်ပါနဲ့
သင့်လို လူတိုင်းပြည့်စုံနေကြတာမှမဟုတ်ဘဲ

မရယ်ပါနဲ့
သင့်လို လူတိုင်း ကြိုးစားပိုင်ခွင့် ရှိကြတာမှမဟုတ်ဘဲ

မရယ်ပါနဲ့
သင့်လို လူတိုင်းကျောထောက်နောက်ခံရှိကြတာမှမဟုတ်ပဲ

မရယ်ပါနဲ့
သင့်လို ညတိုင်းအိပ်မက်လှလှ မက်နိုင်ကြတာမှမဟုတ်ပဲ

ကိုယ်နဲ့မတူတိုင်း ကိုယ့်လိုဖြစ်မလာတိုင်း ရယ်ဖို့မကြိုးစားပါနဲ့
ဘ၀တိုင်းရဲ့နောက်ကွယ်မှာ ပြန်မပြောချင်တဲ့အဖြစ်အပျက်တွေ အများကြီးရှိတယ် ။


Monday, September 16, 2019

ဘ၀ ဆိုတာ

 ရှေ့တိုးလိုက်ပြီးမှ နောက်ဆုတ်လိုက်ရတာတွေရှိတယ်

ဆက်သွားလိုက်ပြီးမှ ပြန်လှည့်လိုက်ရတာတွေရှိတယ်

ချစ်လိုက်ရပြီးမှ မုန်းလိုက်ရတာတွေရှိတယ်

တက်ခဲ့ပြီးမှ ပြန်ဆင်းလိုက်ရတာတွေရှိတယ်

သတိရပြီးမှ မေ့လိုက်ရတာတွေရှိတယ်

ဒီလို မပြည့်စုံခြင်းတွေကပဲ ... ဘ၀ လို့ခေါ်တယ်မဟုတ်လား

သက်တန့်ချို
16-Sept-2019


Wednesday, September 11, 2019

အမှန်တရားနှင့် Justice for Victoria

 လူကြီးတွေထက်စာရင် ကလေးတွေ အထူးသဖြင့် ဖြူစင်နုနယ်တဲ့ကလေးတွေမှာ
ဖြစ်ပျက်ခဲ့တဲ့အကြောင်းကိုအခြေခံပြီး Action တွေပြုမူတတ်ကြပါတယ် ။

ဥပမာ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ကွယ်ရာမှာ ခေါင်းကို နာအောင်ခေါက်လိုက်တယ်ဆိုပါတော့
အဲ့ဒီကလေးက နောက်တစ်ကြိမ် အဲ့လူကြီးနားမကပ်တော့သလို စကားမပြောတတ်သေးရင်တောင် သူ့ခေါင်းကို ပုတ်ပုတ်ပြပြီး လူကြီးကို လက်ညှိုးထိုးပြလေ့ရှိတယ်
သူ့ကို ခေါင်းခေါက်တာ ဒီလူကြီးဆိုတဲ့သဘော ။

ဒီနေ့ Victoria သမီးလေး သိပ်တော်ပါတယ် အဖြေက ရှင်းရှင်းလင်းလင်းကို ဘယ်သူဘယ်ဝါဆိုတာ ပေါ်ထွက်လာပြီမို့ ရှေ့ဆက်ပြီး တရားရေးရာဥပဒေအရ ဘယ်လို ဆုံးဖြတ်ချက်တွေပေးပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတာ အမြဲစောင့်ကြည့်နေပါတယ် ။

အခု အချိန်မှာ အပြောချင်ဆုံးအရေးချင်ဆုံးက

" အမှန်တရားကို ဝိုင်းဝန်းဖုံးကွယ်ထားခဲ့သူအားလုံး ပါဝင်ပတ်သတ် ဖုံးဖိခဲ့သူအားလုံး တန်ပြန်သော အကျိုးသက်ရောက်ပါစေ "

အမှန်တရားဖက်က ရပ်တည်ပေးတဲ့ သူအားလုံး ကိုယ်ရောစိတ်ရော ကူညီဆောင်ရွက်ပေးနေသူအားလုံးကို အမှန်တကယ်ပဲ Congrats လုပ်ပါတယ်

----------------------------------------------

ကိုကိုအငယ်နဲ့ ကိုကိုအကြီးရေ
လူ့လောကကြီးက ထင်သလို လုပ်လို့မရဘူး မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပဲ အမှန်တရားဆိုတာ တစ်နည်းနည်းနဲ့ ပေါ်ထွက်လာလေ့ရှိတယ်ဆိုတာ မင်းတို့သိကြပါစေကွာ ။

သက်တန့်ချို
11-Sept-2019



Friday, September 6, 2019

ဘ၀မှာ ...

 ဘ၀မှာ တန်ဖိုးအရှိဆုံးက
ဘယ်လောက်အောင်မြင်ခဲ့ပြီးပြီလဲမဟုတ်ဘူး

ဖြတ်သန်းရတဲ့နေ့ရက်တိုင်း ဘယ်လို အဓိပ္ပါယ်ရှိခဲ့သလဲဆိုတာပါပဲ

ဘ၀မှာ အပျော်ရွှင်ရဆုံးက
ဘယ်လောက် ငွေစုထားပြီးပြီလဲမဟုတ်ဘူး

ကိုယ်ချစ်ရတဲ့သူတွေအတွက် ဘယ်လောက်ပေးဆပ်ပြီးပြီလဲဆိုတာပါပဲ

ဘ၀မှာ ဂုဏ်အယူရဆုံးက
ဘယ်လောက် အနိုင်ရခဲ့ပြီးပြီလဲမဟုတ်ဘူး

ရန်သူ ဘယ်နှစ်ယောက်ကို ခွင့်လွှတ်ပေးပြီးပြီလဲဆိုတာပါပဲ ။

သက်တန့်ချို
6-Sept-2019

Thursday, September 5, 2019

မျှော်လင့်မနေပါနဲ့

 ကိုယ့်ဘာသာကြိုးစားပါ
ဘယ်သူမှ ကူညီပေးဖို့မျှော်လင့်မနေပါနဲ့

ကိုယ့်ဘာသာပြန်ထပါ
ဘယ်သူမှ လာထူပေးဖို့မျှော်လင့်မနေပါနဲ့

ကိုယ့်ဘာသာအားတင်းပါ
ဘယ်သူမှ အားပေးဖို့မျှော်လင့်မနေပါနဲ့

ကိုယ့်ဘာသာရအောင်ကျော်ဖြတ်ပါ
ဘယ်သူမှ စာနာနားလည်ပေးဖို့မျှော်လင့်မနေပါနဲ့

လောကကြီးက တစ်ခါတစ်ခါ " သားရဲတွင်း " နဲ့တူတယ်

တစ်ယောက်ယောက်ကို မျှော်လင့်မိတာနဲ့
အလိုလို ...အားနည်းလာမှာ သေချာတယ် ။

သက်တန့်ချို
5-Sept-2019

Wednesday, September 4, 2019

အခွင့်အရေး

 တစ်ခါတစ်လေ နိုင်သွားတယ်ဆိုပြီး ပျော်နေမပါနဲ့
သင့်ကို တမင် အရှုံးပေးခဲ့တာလည်းဖြစ်နိုင်တယ်

တစ်ခါတစ်လေ ပိုင်သွားတယ်ဆိုပြီး ဂုဏ်ယူမနေပါနဲ့
သင့်ကို မလိုချင်လို့ စွန့်ပစ်ခဲ့တာလည်းဖြစ်နိုင်တယ်

တစ်ခါတစ်လေ သာသွားတယ်ဆိုပြီး မာန်တက်မနေပါနဲ့
သင့်ကို ယှဉ်စရာမဟုတ်လို့ နောက်ဆုတ်သွားတာလည်းဖြစ်နိုင်တယ်

တစ်ခါတစ်လေ ရှုံး သွားတယ်ဆိုပြီး ၀မ်းနည်းမနေပါနဲ့
သင့်ကို နောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေးပေးခဲ့တာလည်းဖြစ်နိုင်တယ် ။

သက်တန့်ချို
4-Sept-2019


Tuesday, September 3, 2019

အဖိုးတန်တဲ့အရာ

 " ပုလဲဆိုတာ .. ဘယ်တော့မှ ပင်လယ်ကမ်းစပ်မှာ အလိုအလျောက်သောင်တင်မနေတတ်ဘူး
မင်း ..လိုချင်တယ်ဆိုရင်တော့ ရေထဲ ငုပ်မှ ရမယ် " တဲ့

ဘ၀မှာ .. သင့်အတွက် အဖိုးတန်တဲ့အရာတွေက
အလွယ်တကူရှိနေလိမ့်မှာ မဟုတ်ဘူး

ဘ၀မှာ .. သင်လိုချင်ဖြစ်ချင်တဲ့ ဆန္ဒတွေက
အလွယ်တကူဖြစ်လာလိမ့်မှာ မဟုတ်ဘူး

ဘယ်လောက်ခက်ခဲခက်ခဲ ..
အဖိုးတန်တဲ့အရာတစ်ခုခုကို သင်လိုချင်တယ်ဆိုရင်တော့
ဒုက္ခနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ သေချာပါတယ် ။

သက်တန့်ချို
3-Sept-2019
