Thursday, April 29, 2010

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( ဇတ်သိမ်းပိုင်း)

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( ဇတ်သိမ်းပိုင်း)


ကျွန်ုပ်နှင့်မနုဿ လူသားစားကျွန်းဇတ်လမ်းရှည်ကြီးအား အစအဆုံးတပြိုင်နက်တည်း ဖတ်လိုသူများအတွက် E-book လေး ထုတ်ဝေလိုက်ပါတယ် ။ ယခု Ebook တွင် ဇတ်လမ်းရှည်အစအဆုံးအပြင် ဤ ဇတ်လမ်းရှည်အား ဖော်ပြခဲ့သော

http://thettantcho.blogspot.com/
http://thettantcho.ning.com/
http://icenantaw.ning.com/
http://natthabin.ning.com/

တို့မှာ စာဖတ်သူများ၏ ကွန်းမန့်ပေါင်း (၁၈၆) ခုအား ထည့်သွင်းဖော်ပြထားပါသည် ။ သို့ရာတွင် ဇာတ်သိမ်းပိုင်း ကွန်း မန့်များ မပါဝင်ပါ ။ ဤ ကျွန်ုပ်နှင့်မနုဿလူသားကျွန်း E-book အား မည်သူမဆို လွတ်လပ်စွာ ကူးယူခံ စားနိုင်ပါသည် ။ သို့ရာတွင် တစ်စုံတစ်ဦးမှ အခကြေးငွေဖြင့် တဆင့်ပြန်လည်ရောင်းချခြင်းအား ခွင့်မပြုပါ ။

စာအုပ် Download လုပ်လိုသူများ အောက်ပါလင့်တွင် ယူနိုင်ပါသည် ။

Download link : http://www.mediafire.com/?kmzctmg3egx



(၁၆)

တောင်အောက်ခြေတွင် မနားဝံ့တော့ပဲ တောင်ပေါ်သို့ ဆက်၍ တက်ခဲ့ကြလေသည် ။ အချိန်ကား ကျွန်ုပ်တို့ စ၍ ထွက်လာ ချိန်မှစ၍ ဆိုလျှင် ၂၄ နာရီကျော်ပြီဖြစ်၏ ။ ကျွန်ုပ်တို့ကား တောင်တန်းများ အပေါ်သို့မရောက်မီ ကျောက်က လပ်တစ်ခုပေါ်တွင် ခဏနားကာ အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်မှညာသံပေး၍ တက်လာ သော လူရိုင်းအုပ်ကြီးကို တွေ့လိုက်ရလေသည် ။ လက်ထဲမှာလည်း ဒူးလေး မြှား မှိန်းလှံ စသော လက်နက်များကို ကိုယ်စီ ကိုင်ထားကြပြီး လွန်စွာ ဒေါသထွက်နေဟန်လည်း ရှိလေသည် ။ ကျွန်ုပ်တို့နှစ်ဦးလည်း ကြာကြာ မနားတော့ပဲ တောင်ထိပ်ဖျားဆီသို့ရောက်ရန်သာ ကြိုးစား၍ တက်ခဲ့ကြပေတော့သည် ။ တောင်ထိပ်ဖျားဆီသို့ ရောက်လုရောက်ခင်တွင် အောက်မှ လှမ်းပစ်လိုက်သော မြှားတစ်စင်းက ကျွန်ုပ်၏ ဦး ခေါင်းဘေးမှ ၀ှီးကနဲ ကျော်ဖြတ် သွားကာ တောင်နံရံ၌ သွားစိုက်နေလေသည် ။ မြှားထိပ်မှ အစိမ်းရောင်အရေများကား စီးကျ လျှက်ရှိ ပေသည် ။

" ဟိုက် ကိုနိုင်ဇော်ရေ .. ဒါ အဆိပ်လူးမြှားတွေဗျ ..အမြန်တက်ဗျို့ တောင်ထိပ်ပေါ်ရောက်ဖို့ အရေးကြီးတယ် "

ဟုပြောပြောဆိုဆို ကျွန်ုပ်က တောင်ထိပ်ပေါ်သို့ရောက်ရန် အားစို၍ ပြေးတက်လိုက်လေသည် ။ လူရိုင်းများကား အောက်မှနေ၍ မြှားများဖြင့် ပစ်ခတ်နေတုန်းပင် ဖြစ်၏ ။ ရတနာအထုပ်များနှင့်မို့ အတော်ပင်အားစိုက်၍ တက်ရ လေသည် ။

ကျွန်ုပ်တို့ ၂ဦးလည်း တောင်ပေါ်ရောက်မှသာ စိတ်အေးနိုင်ပေတော့သည် ။ ထွန်းလူနှင့် ညိုမောင်တို့ကားကျွန်ုပ် တို့ကို အသင့်စောင့်နေပြီး တွေ့သောအခါ အားရ၀မ်းသာဖြင့် လာကြိုကြလေသည် ။ ကျွန်ုပ်တို့လည်း ရတနာ အထုပ် များအား ထွန်းလူနှင့်ညိုမောင်တို့အား ပေးလိုက်လေသည် ။ ထို့နောက်အချိန်ဆွဲမနေတော့ပဲ နတ်သစ်ခွ များအား ရသလောက်ခူးယူကြတော့သည် ။ ထိုအခိုက် နားထဲတွင် ၀ီ...၀ီ...ဟု အသံမြည်လာ၍ မသင်္ကာ၍ ကြည့်လိုက် ရာ ပဒေါင်ပျားများကား အုပ်စုဖွဲ့၍ ကျွန်ုပ်တို့ ဆီသို့ ဦးတည်ပျံသန်းလာကြလေသည် ။ အကောင် ရေများသောအကြောင့်၎င်းတို့ ချီတက်ရာလမ်းတလျေက် မှိုင်းညို့ကာ နေလေတော့သည် ။

" ပြေးပြေးဟေ့ ကျောက်ဂူထဲ ရောက်အောင်ပြေး "

ဟုကျွန်ုပ်က သတိပေးလိုက်ပြီး ကျောက်ဂူကြီးရှိရာသို့ လေးယောက်သား ပြေးလွှားခဲ့ကြတော့သည် ။ ယခုမှ အနောက်တွင် လူသားစားလူရိုင်းများ အရှေ့တွင် ဇီဝိန်ချွေမည့် ပဒေါင်ပျားများ ။ ကျွန်ုပ်တို့မှာ ကြားကြပ် နံကြပ်ဖြစ်နေတော့သည် ။ ကျောက်ဂူကြီးကား အတော်အသင့်ရှည်လျားဟန်ရှိလေသည် ။ ကျွန်ုပ်တို့လည်း ဇောနှင့်မို့ မရပ်မနားပဲ ကျောက်ဂူအတွင်းပိုင်းသို့ ဆက်၍ ၀င်ခဲ့ကြပေတော့သည် ။ ဂူကြီးထဲသို့ ရောက်သောအခါ တ၀ီဝီအသံ များအားမကြားရတော့ပေ ။ ပျားများ အဘယ်ကြောင့် ဤ ဂူကြီးအတွင်းသို့ လိုက်မ၀င်ကြသည်ကို ကျွန်ုပ်လည်း မစဉ်းစားတတ်အောင်ရှိလေသည် ။

ဒေါက်တာနိုင်ဇော်က

" ပျားတွေအသံတော့ မကြားရတော့ဘူးဗျို့ဒီကောင်တွေ ဒီထဲလိုက်မလာကြဘူး ကျွန်တော်တို့တော့ ရှေ့ဆက်တိုး ရတော့မှာပဲ "

ဟုဆိုကာ ရှေ့မှ ဦးဆောင်၍ သွားလေတော့သည် ။ ဂူကြီး၏ အတွင်းပိုင်း နက်နက်သို့ ရောက်သောအခါ အသက်ရှုရသည်မှာ ပုံမှန်အတိုင်းပင်ရှိသေးသည်ကို ကြည့်ခြင်းအားဖြင့် အောက်ဆီဂျင်အလုံအ လောက် ရှိကြောင်း တွေ့ရလေသည် ။ ကျွန်ုပ်တို့လည်း နေ့တစ်ဝက်ခဲ့မျှ ဂူကြီးထဲတွင် ဆက်လက်ခရီးဆက်ခဲ့ကြလေသည် ။ ထူးဆန်းသည်မှာ ဂူကြီး၏ ဘေးနံရံများတွင် စိမ်းစိမ်း အပင်များ တွယ်ကပ်နေသည်ကိုတွေ့ရလေသည် ။ ထိုအပင်များကြောင့်သာလျှင်အောက်ဆီဂျင် မပြတ် လပ်ခြင်း ဖြစ်သည်ဟု တွေးတောမိလေသည် ။ ကျွန်ုပ်တို့ လည်း နားလိုက် ဆက်လိုက်နှင့် ဗုံသံများလည်း တဖြေး ဖြေး ဝေးသွားကြပြီ ဖြစ်သည် ။

ဤသို့ဖြင့် ဇွဲကောင်းကောင်းနှင့် ရှည်လျှားသော ဂူကြီးထဲတွင် ခရီးဆက်ခဲ့ကြသည်မှာ နာရီပေါင်းအ တော်ကြာခဲ့ လေသည် ။ ဂူကြီး၏ ထောင့်ချိုးတစ်ခုတွင် မြင်လိုက်ရသောကြောင့် ကျွန်ုပ်တို့အဖွဲ့မှာ လွန်စွာ စိတ်ပျက်အား ငယ်မိသွားကြလေသည် ။ ဂူကြီး၏ လမ်းကား အဆုံးသို့ရောက်နေပြီး ကျောက်နံရံကြီးတစ်ခုက ပိတ်ဆို့ထားသော ကြောင့်ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်ကား ကျောက်နံရံနားသို့သွားကာ စူးစမ်းလေ့လာနေလေသည် ။ ကျွန်ုပ် လည်း မြေပြင်သို့ နားနှင့်ကပ်ကာ နားထောင်ကြည့်သောအခါ မျက်လုံးပင်ပြူးသွားရလေသည် ။ ခြေသံပြင်းပြင်း နှင့် လူရိုင်းသံများကား ကျွန်ုပ်တို့ နောက်သို့ လှိုဏ်ဂူထဲသို့ ၀င်ကာ ဆက်လိုက်လာပြီဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား လေတိုးသံများကြားနေရသောကြောင့် ဤ ကျောက်နံရံကြီးတစ်ဖက်တွင် ထွက်ပေါက်ရှိရ မည်ဟု ခန့်မှန်း ရလေသည် ။ ဒေါက်တာနိုင်ဇော်က

" ကိုသက်တန့်ရေ ၀မ်းသာစရာပဲဗျ ဒီနံရံကြီးက ခြောက်လမ်မလောက်ပဲထူတာ အပြင်ဖက်မှာ ထွက်ပေါက်ရှိ တယ်ဗျ ကျွန်တော်တို့မှာပါလာတဲ့ လက်လုပ်မိုင်းတွေနဲ့ ခွဲရင်တော့ပြိုနိုင်တယ် "

" ဖြိုမယ်ဆိုလည်း မြန်မြန်ဖြိုမှဗျို့ နောက်မှာ လူရိုင်းတွေလိုက်လာတဲ့ ခြေသံတွေကြားနေရတယ် "

ဟု ကျွန်ုပ်ကပြန်ပြောလိုက်လေသည် ။

သို့နှင့် ကျွန်ုပ်တို့ အဖွဲ့လည်း မိုင်းများဆင်ကာ ကျွန်ုပ်တို့အဖွဲ့ ရှေ့ဆက်သွားမည့်လမ်းအား ပိတ်ကာထားသော ကျောက်နံရံကြီးအား ဖြိုခွဲရန်ကြိုးစားကြလေတော့သည် ။ မိုင်းများဆင်ပြီးသော် ကျွန်ုပ်တို့လည်း ခပ်လှမ်းလှမ်း မှာနေ၍ စောင့်နေလေသည် ။ ဒေါက်တာနိုင်ဇော်က ကျောက်ခဲ၂လုံးအား ပွတ်တိုက်ကာ မီးကူး စေပြီး လက်လုပ်မိုင်းများဆင်ထားရာသို့ ပစ်ပေါက်လိုက်လေသည် ။

" ၀ုန်း "

တသိမ့်သိမ့်တုန်ပြီး မည်ဟီးလိုက်သောအသံကြီးကြောင့် ကျွန်ုပ်တို့လည်း ဂူအမိုးမပြိုကျစေရန် ဆုတောင်းနေရပြီး လွင့်စင်လာသော ကျောက်တုံးကျောက်ခဲများကို သတိထား၍ ၀ပ်ပြီးရှောင်နေရလေသည် ။ အတန်ကြာ သောအခါ အလင်းရောင်တန်းကြီးကိုတွေ့လိုက်ရ၍ အားရ၀မ်းသာ ထွက်ကြည့်ကြရာ သဲသောင်ပြင်ကြီးနှင့် ဂူပေါက်ဝတစ်ခုကို တွေ့မြင်လိုက်ရလေတော့သည် ။ ကျွန်ုပ်တို့လည်း ယခုမှသာ သက်ပျင်းချနိုင်တော့ပြီး ထွက်ခဲ့ကြပေတော့သည် ။ သို့သော် တစ်ဖက်ဂူပေါက်ဝရှိမြင်ကွင်းများမှာ ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးသလို ခံစားရသောကြောင့် လေ့လာကြည့်မိလေရာ ကျွန်ုပ် ဤကျွန်းကြီးပေါ်သို့ စတင်ရောက်ပြီး ပထမဆုံးပုန်းခိုခဲ့ရာ ဂူကြီး ဖြစ်ကြောင်းအံ့သြဖွယ်ရာတွေ့ရှိရလေသည် ။ ကျွန်ုပ်လည်း ထိုအချိန်က ကျောက်နံရံကြီးကြောင့် တစ်ဖက် ပိတ်ဂူကြီးဟုသာ ထင်ခဲ့မိရာ ယခုမှာ ထိုဂူကြီးမှာ အရိုးသဏ္ဍာန်တောင်တန်းများပေါ်မှ ဂူကြီးနှင့် တစ်ဆက် တည်းဖြစ်ကြောင်းသိရှိရပေသည် ။

ကျွန်ုပ်လည်း ဂူကြီးကို ဟိုဟို ဒီဒီကြည့်ရင်း ဂူအောက်ခြေကြမ်းပြင်ကိုကြည့်လိုက်ရာ စွပ်ကြောင်းများကို တွေ့ရ လေသည် ။ ၄င်းစွပ်ကြောင်းများမှာ သိပ်မနက်လှပဲ သဲပြင်ပေါ်တွင် ရေးရေးလေး ပေါ်နေခြင်းကြောင့်သာ ပထမကျွန်ုပ် ဂူထဲတွင် နေစဉ်က မတွေ့မိခြင်းပင်ဖြစ်မည် ။ တစ်ဆက်တည်းမှာပင် ကျွန်ုပ်၏ ပုဇွန်ကင်များ ပျောက်ဆုံး နေမှုမှာ ဤ စွပ်ကြောင်းများပိုင်ရှင်ကြောင့်ဖြစ်နိုင်ပေသည် ။ ဤ စွပ်ကြောင်းပိုင်ရှင်မှာ ပင်လယ် ခူကြီးများ လော ပင်လယ်ကမ်းစပ်မှနေ၍ ဦးခေါင်းရှည်လျားလှသော ညံသတ္တ၀ါ ကြီးမှ ကျွန်ုပ်၏ ဂူအတွင်းသို့ အစာရှာဖွေသလော ကျွန်ုပ်မှာ မတွေးတောတတ်အောင်ပင် ဖြစ်သွားလေသည် ။ ဒေါက်တာနိုင်ဇော်ကတော့ ညံသတ္တ၀ါလက်ချက်ဖြစ်နိုင်ကြောင်း ခန္ဓာကိုယ်က ပင်လယ်ထဲမှာနေ၍ ဦးခေါင်းပိုင်းသာ ကျောက်ဂူအတွင်းသို့ ၀င်လာ၍ စွပ်ကြောင်းရာ သိပ်မထင်တာ ဖြစ်နိုင်ကြောင်းပြောလေသည် ။ ကျွန်ုပ်လည်း ဒေါက်တာနိုင်ဇော်အား ဤဂူကြီးထဲတွင် ကျွန်ုပ်နေထိုင်ဖူးကြောင်းနှင့် ပုဇွန်ကင်များ ပျောက်ဆုံးဖူးကြောင်းပြောပြလိုက်လေသည် ။

" ကိုနိုင်ဇော်ရေ ဒီဂူက ကျွန်တော်ပထမဆုံးပုန်းခိုခဲ့တဲ့ ဂူကြီးပဲဗျ ဒီဂူကြီးက ဒီလောက်ရှည်လျား မှန်းအခုမှ သိတယ် ဗျာ နောက်ပြီး ဒီဂူထဲမှာ ကျွန်တော်ပုဇွန်ကင်တွေပျေက်ဖူးတယ်ဗျ "

" ဟုတ်လား ဒါဆိုရင်တော့ ညံကောင်တွေလက်ချက်ပဲ ဖြစ်မယ်ဗျ ကျွန်တော့်အထင်ပေါ့လေ"

"အင်းကိုနိုင်ဇော်ပြောသလိုလည်း ဖြစ်နိုင်ပါတယ်ဒါနဲ့ ဒီအတိုင်းဆို ဒီဂူကြီးက အတော်ရှည်တာပဲဗျနော်"

"အေးဗျာ...အခုမှပဲ လမ်းဆုံးတော့တယ် ဒီဂူအမိုးတွေပါဖြိုခဲ့မှဖြစ်မယ်ဗျို့ နို့ဆို ဟိုလူရိုင်းတွေလိုက်လာနိုင်တယ် "

ဟုပြောပြောဆိုဆို ဂူနံရံအမိုးများကိုလည်း လက်လုပ်မိုင်းများ သွားဆင်နေတော့သည် ။ သို့နှင့် မိုင်းများ အားလုံးဆင်ပြီးသောအခါ ကျွန်ုပ်တို့အဖွဲ့လည်း ဂူအပြင်သို့ထွက်ကာ ထိုလှိုဏ်ဂူကြီးအား ဖြိုချ ဖျက်ဆီး လိုက်ကြ လေတော့သည် ။ လူရိုင်းများလည်း အထဲမှာ ပိတ်ဆို့ကာ ပြန်ထွက်ပြီး ကျွန်ုပ်တို့အား လိုက်မည် ဆိုလျှင်တောင် ၂ ရက်ခန့်အချိန်ကြာဦးမည်ဖြစ်သည် ။

သို့နှင့် ကျွန်ုပ်တို့လည်း ညိုမောင်နှင့် ထွန်းလူတို့အား ဖောင်ပြုလုပ်ရန် ၀ါးများခုတ်စေပြီး ကျွန်ုပ်တို့လည်း ၀ိုင်းကူကာ ဖောင်တစ်ခု အမြန်ပြုလုပ်ကြလေတော့သည် ။ ကျွန်ုပ်ကတော့ စားရေးသောက်ရေးတာဝန်ယူကာ ဒေါက်တာနိုင်ဇော်က အမဲရရန် တာဝန်ယူပြီး ကျန်သောအချိန်များတွင် ထွန်းလူနှင့်ညိုမောင်တို့ကို ၀ိုင်းကူရလေ တော့သည် ။ ရတနာ အထုပ်များနှင့်နတ်သစ်ခွဖြူများအား ဒီအတိုင်းပစ်ထားကာ ဖောင်အမြန်ပြီးရေးကိုသာ အားသွန်ခွန် စိုက်ပြုလုပ်ကြလေသည် ။ သို့နှင့် တစ်ရက်ခန့်ကြာသောအခါ ကျွန်ုပ်တို့၏ ဖောင်ဖွဲ့ခြင်း လုပ်ငန်းစဉ်ကား ပြီးဆုံးသွားလေသည် ။ ထိုအတောအတွင်း ရသော အမဲ ၊ ပုဇွန်နှင့် ငါးများကို အခြောက်လှမ်း ကာ ပင်လယ်ပြင်ခရီးအတွက် ယူဆောင်ခဲ့လေသည် ။ ကျွန်ုပ်တို့လည်း ဖောင်ဖွဲ့ပြီးသော အခါ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အုန်းရေ ၊ ပုဇွန်ကင် ၊ ငါးကင် ၊ ပင်လယ်ရေညှိသုပ် ၊ ချေသားဟင်းနှင့်ပုတတ်ကင် ၊ ကင်းမွန်ပေါင်းစသဖြင့် စုံလင်စွာ ချက်ပြုတ်စားသောက်ကြလေသည် ။ ဟင်းများချက်ပြုတ်ရန်အတွက်မူ ၀ါး ဆစ်ပိုင်းများအား အသုံးပြုလေသည် ။ ထိုတစ်ညတွင် ရောက်တတ်ရာရာများပြောပြီး ကျွန်ုပ်တို့၏ ကျွန်းပေါ်မှ အတွေ့အကြုံများကို ပြန်လည် စမြုံ့ပြန်ကြလေသည် ။ သို့နှင့် နောက်တစ်နေ့နံနက်ရောက်သောအခါ ကျွန်ုပ် လည်း အိပ်နေရာမှ ဗုံသံများကြားလာရသောကြောင့် ကျွန်ုပ်တို့အဖွဲ့မှ လူများအား အမြန်နှိုးကာ ဖောင် ဆီသို့ သုတ်ချေတင်ကြလေတော့သည် ။ မိုးကား အုံ့မှိုင်းရွာသွန်းလျှက်ရှိကာ ဒီတစ်ခါမုန်တိုင်းတိုက်ပြီး ဤကျွန်း ပေါ်သို့ ပြန်ရောက်လာလျှင် ကျွန်ုပ်တို့အဖွဲ့ လည်း အသက်ရှင်လမ်းမမြင်ပေ ။ လူရိုင်းများကား ကျွန်ုပ်တို့အဖွဲ့အား အစိမ်းလိုက် စားချင်နေပုံရပေသည်။

ရတနာအထုပ်များနှင့် ရိက္ခာခြောက်များ ၊ လက်နက်များ နှင့် နတ်သစ်ခွဖြူများအား ယူဆောင်ကာ မနုဿ လူသား စားကျွန်းကြီးအား စွန့်ခွာခဲ့ကြပေတောသည် ။ ရာသီဥတုက မကောင်းသောကြောင့်ကျွန်ုပ်တို့မှာ စိုးတထိတ် ထိတ်နှင့်ပင် ။ လှိုင်းများကား ကျွန်ုပ်တို့ ဖောင်လေးအား မြင့်ချည်နိမ့်ချည်ပြုလုပ်လျှက်ရှိပေသည် ။ မနုဿ လူသားစားကျွန်းကြီးကား ဟိုးအဝေးမှုံပျပျသာ ။ ကျွန်ုပ်တို့လည်း ဖောင်အား အားကြိုးမာန်တက် ထိမ်းနေ စဉ် တစ်ချီတွင် ဖောင်ကား တစ်စုံတစ်ခုမှ အောက်မှ တွန်းထိုးလိုက်သကဲ့သို့ ရေပြင်ပေါ်မှ မြင့်တက်သွားလေသည် ။ အလို... ဖောင်အောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်ုပ်တို့ တောင်တန်းများပေါ်မှ ညဖက်မြင်ခဲ့ ရသော ညံကောင်ကြီးပင်ဖြစ်လေသည် ။ ကံကောင်းသည်မှာ ဖောင်မှာ ရေပြင်သို့ပြန်အကျတွင် မှောက်မသွားပဲ ဆက်လက် ရွေ့နေတုန်းပင်ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်လည်း သေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ သတ္တ၀ါကြီး မည်သည့်နေရာမှ ထွက်ပေါ်လာမည်နည်းဟု စောင့်ဆိုင်းနေလေသည် ။ ကျွန်ုပ်လည်း ကျောက်မှိန်း ကို ကိုင်ကာ မျက်စိလျှင်လျှင်ထားနေရ၏ ။ မိုးကားသည်းကောင်းတုန်းပင်ရှိလေသည် ။ ထိုအခိုက်ရုတ်တရက် ကျွန်ုပ်တို့ဖောင်ဘေးမှ မဲမဲခေါင်းရှည်ရှည်ကြီးနှင့် ညံသတ္တ၀ါကြီးကားရေပြင်ပေါ်မှထွက်ပေါ်လာရာ ကျွန်ုပ်တို့ ဖောင်ပေါ်မှ ပေ ၂၀ ခန့်ထိ အုပ်မိုးသွားလေသည် ။

" ဒိုင်းဒိုင်းဒိုင်း.. "

“ ၀ှီး”

“ ဒုတ်”

ဒေါက်တာနိုင်ဇော်၏ သေနတ်ပစ်သံနှင့် ကျွန်ုပ်၏ ကျောက်မှိန်းပစ်သံကား တစ်ဆက်တည်းပင်ဖြစ်ကာ ညံ သတ္တ၀ါကြီးကား အထိနာသွားဟန်ဖြင့် ကြောက်မက်ဖွယ် အော်သံကြီးပြုကာ ရေအောက်ထဲသို့ ပြန်လည်ငုပ် လျှိုးသွားလေတော့သည် ။ ပင်လယ်ရေပြင်ကား သွေးချင်းချင်းနီလျှက် ။ ကျွန်ုပ်တို့လည်း သတ္တ၀ါကြီး ထပ် ပေါ်လာ ဦးမည်လားဟု စိုးတထိတ်ထိတ်နှင့်လက်နက်များကိုင်ကာ စောင့်စားနေကြလေတော့သည် ။ တစ်ချီတွင် သတ္တ၀ါကြီးကား အောက်မှ တွန်းတင်လိုက်ရာ ကျွန်ုပ်တို့ ဖောင်မှာ မှောက်လုလုဖြစ်သွားလေသည် ။ လွန်စွာ လျှင်မြန်လှသော ဒေါက်တာနိုင်ဇော်လက်မှ သေနတ်က သတ္တ၀ါကြီး၏ ဦးခေါင်းပိုင်းသို့ ထိမှန်သွားလေသည် ။ သတ္တ၀ါကြီးကား ရေထဲသို့ နစ်မြှုပ်သွားပြန်ရာ ကျွန်ုပ်တို့မှာ ထပ်၍ အသင့်ပြင်ကာ စောင့်ရပြန်လေသည် ။

သို့သော် သတ္တ၀ါကြီးကား နောက်ထပ်ပေါ်ထွက်လာခြင်းမရှိတော့ပေ ။ မုန်းတိုင်းလည်း စဲစပြုကာ ပင်လယ်ပြင် ကား ငြိမ်သက်လာပြီဖြစ်၏ ။ ဤ တွင် ကျွန်ုပ်တို့ ညံသတ္တ၀ါကြီးနှင့်ရင်ဆိုင်တိုက်ခိုက်စဉ်က ဖောင်အား မမှောက်သွားစေရန် ကြိုးစားထိမ်းပေးခဲ့သော ထွန်းလူနှင့် ညိုမောင်တို့၏ အစွမ်းအားလည်း အသိအ မှတ်ပြုရပေသည် ။ သို့နှင့် ကျွန်ုပ်တို့လည်း ဖောင်ကို ထိမ်းကာ ကျွန်းနီကြီးဆီသို့ ဦးတည်လှော် ခတ်ခဲ့လေ တော့သည် ။

“ ဒီညံကောင်တွေက တအားကြောက်ဖို့ကောင်းတယ်ဗျ အမှန်တော့ ဒီနေရာကို လူတွေသိပ်မရောက်ကြလို့ နောက်ပြီး ပင်လယ်ထဲမှာမို့လို့ ဒီကောင်တွေကိုတွေ့ရတာကိုသက်တန့်ရေ အထင်တော့မသေးလိုက်နဲ့ဗျ ပင်လယ်ကူးသင်္ဘောကြီးတွေကို တောင်ဒီကောင်တွေက မှောက်ပစ်နိုင်တယ် အခုကျွန်တော်တို့တွေ့ခဲ့တာ သားပေါက် အဆင့်ပဲ ရှိသေးတယ်ဗျ”

“ အောင်မလေး ကိုနိုင်ဇော်ရယ် သားပေါက်လေးတောင်ဒီလောက်ဆို အကောင်ကြီးများဆိုရင်တော့ မတွေး ၀ံ့စရာပါပဲ”

သို့နှင့် ကျွန်ုပ်တို့လည်း ဖောင်ပေါ်တွင် အသားခြောက်များစားလိုက် ရောက်တက်ရာရာများပြောလိုက်နှင့် မကြာ ခင် ကျွန်းနီကြီးဆီသို့ ဘေးအန္တရာယ်ကင်းစွာ နှင့်ရောက်ရှိခဲ့ကြလေတော့သည် ။

ကျွန်းနီကြီးပေါ်သို့ ငါးဖမ်းစက်လှေများ သုံးလတစ်ကြိမ်လာရောက်သည်ဟု ဆိုသောကြောင့် ကျွန်ုပ်တို့လည်း ယာယီစခန်း ဆောက်ကာ ကျွန်းနီကြီးပေါ်တွင် ငါးဖမ်းလိုက် အမဲပစ်လိုက်နှင့် ဒေါက်တာနိုင်ဇော်က သူ၏ သစ်ခွပန်း အား မိန်းမပျိုလေးအား ကြည့်သကဲ့သို့ နေ့စဉ် ကြည့်နေလေတော့သည် ။

( ကျွန်းနီကြီးပေါ်တွင် ထူးခြားဖြစ်စဉ်များမရှိပဲ စားလိုက်အိပ်လိုက်ဖြစ်သောကြောင့် ဤနေ့ရက်များအား မဖော်ပြ တော့ပါ စာမျက်နှာချုံ့ကြစို့....)

ကံအားလျော်စွာပင် ကျွန်ုပ်တို့ ကျွန်းနီကြီးပေါ်ရောက်ပြီး ၂ ပတ် ခန့်အကြာတွင် ငါးဖမ်းစက်လှေ တစ်စင်း ဆိုက်ကပ် လာရာ ကျွန်ုပ်တို့လည်း အကျိုးအကြောင်းပြောပြီး မြိတ်ကျွန်းစုသို့လိုက်ပါခဲ့တော့သည် ။ ကျွန်ုပ်တို့၏ အသက်ဇီဝိန်အား ကျေပျက်မည့် လုလု အန္တရာယ်များပေးခဲ့သော မနုဿ လူသားစား ကျွန်းကြီးကား.. ဟိုးအဝေးမှုန်ပျပျတွင် ကျန်ရစ်ခဲ့လေတော့သည် ။ ဒေါက်တာနိုင်ဇော်က

“ အခြေအနေကောင်းရင်ကျွန်တော်တို့ လူစုပြီး ဒီကျွန်းကို တစ်ခေါက်လောက်ထပ်လာကြရအောင်ဗျို့ ရတနာ တွေအများကြီးကျန်သေးတယ်”

“ ဟုတ်လို့လားဗျာ ကိုနိုင်ဇော်က ရတနာတွေမမက်ပဲ လူရိုင်းမလေးကို မက်နေတာမဟုတ်လား”

ဟုကျွန်ပ်ကပြောလိုက်ရာ ကိုနိုင်ဇော်က သဘောကျဟန်ဖြင့် ပြုံးနေလေတော့သည် ။

************************************************************************************

သို့နှင့် ကျွန်ုပ်တို့အဖွဲ့လည်း မြိတ်သို့ရောက်သောအခါ ညိုမောင်အား ရတနာများ ခွဲပေးလိုက်ရာ ညိုမောင်က ရတနာ များအား သူ၏ မိသားစုထံသို့ ၀င်ပေးကာ ကျွန်ုပ်နှင့် လိုက်ပါ၍ နေချင်သည်ဟု ဆိုသဖြင့် ကျွန်ုပ်မှာ ထွန်းလူ အပြင် ညိုမောင်ပါ လက်ဆောင်ရခဲ့လေတော့သည် ။ ရန်ကုန်သို့ရောက်သောအခါ ရရှိလာသော ရတနာ များအား နိုင်ငံတော်ပိုင်အဖြစ်ပေးအပ်ပြီး ကျန်ရတနာများအား အချိုးကျခွဲယူကာ ဒေါက်တာနိုင်ဇော်လည်း သုတေ သနအဖြစ် နတ်သစ်ခွဖြူများယူဆောင်ကာ နိုင်ငံခြားသို့ ထွက်ခွာသွားလေတော့သည် ။စွန့်စားခြင်း များကို ၀ါသနာ ပါလှသော ကျွန်ုပ်၏ ဆန္ဒလည်း ပြည့်ဝခဲ့ပေတော့သည် ။ ကျွန်ုပ်လည်း ဝေစုရရှိသော ရတနာများ အား ထုခွဲရောင်းချပြီး ညိုမောင် ၊ ထွန်းလူတို့နှင့်အတူ မြန်မာပြည်အနှံ့ ဘုရားဖူး ခရီးထွက်ခဲ့ လေတော့သည် ။

ဤတွင် ကျွန်ုပ်ရေးသားသော ( ကျွန်ုပ်နှင့် မနုဿလူသားစားကျွန်း ) ဇတ်လမ်းရှည်ကြီး ပြီးဆုံးလေတော့သည် ။

သက်တန့်ချို (4:45 AM 30 April 2010)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၆)

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၆)

(၁၄)

ကျွန်ုပ်တို့အဖွဲ့လည်း လရောင်ဖြင့် အရိုးသဏ္ဍာန် တောင်တန်းများပေါ်သို့ စတင်တက်ခဲ့ကြလေတော့သည် ။ တောင်တန်းများမှာ အချို့နေရာများတွင် ပြေပြစ်သော်လည်း အချို့နေရာများတွင်မူ အတော်မတ် စောက်လေ သည် ။ ကျွန်ုပ်တို့လည်း နားလိုက် တက်လိုက်နှင့် ဇွဲမလျော့ပဲ တောင်တန်းများပေါ်သို့ တက်ခဲ့ကြလေသည် ။ လူရိုင်းများ၏ဗုံသံများကိုမူ စတင်၍ သဲ့သဲ့လေး ကြားလာရပေသည် ။ ယခုအချိန်ထိမူ နတ်သစ်ခွဖြူအား အရိပ်အ ယောင်ပင်မတွေ့ရသေးပေ ။

ကျွန်ုပ်တို့လည်း ဆက်၍ ဆက်၍ တက်လာခဲ့ရာ တောင်ထိပ်များပေါ်သို့ ရောက် လုပြီဖြစ်သည် ။ ကျွန်ုပ်တို့အဖွဲ့လည်း မကြာခင် တောင်ထိပ်သို့ရောက်လုပြီဖြစ်၍ ခေတ္တခဏနားကြ လေသည် ။ ကျွန်ုပ်လည်း အမောဖြေရင်း ပတ်ဝန်းကျင်ကို ငေးကြည့်လိုက်ရာ လရောင်ဖြင့် အတိုင်းအဆ မရှိပင် လယ်ပြင်ကြီး အား လှမ်း၍ မြင်နေရသည်မှာ လတ်တလော ဒုက္ခများပင်မေ့သွားကာ အမောပြေသွား လေတော့ သည် ။ လရောင်ကား ပင်လယ်ရေပြင်နှင့်ပေါင်းလိုက်သောအခါ လူကို ဆွဲဆောင်လွန်းပေစွ ။ ထိုအခိုက် ပင်လယ်ပြင် ကိုငေးကြည့်နေရင်း ပင်လယ်ဖက်ဆီမှ မဲမဲရှည်ရှည် သဏ္ဍာန်ကြီးများ ကူးလူးသွား လာနေကြ သည်ကို တွေ့ရလေသည် ။

" ကိုနိုင်ဇော်ရေ.. ဒီမှာလာကြည့်ပါဦးဗျ ပင်လယ်ဖက်မှာ မဲမဲ ရှည်ရှည်တွေပါလားဗျ သဘောင်္တွေ တော့မဟုတ် လောက်ဖူး ရေသတ္တ၀ါဆိုလည်း ဒီလောက်ရှည်ရှည်ကြီးတွေဆိုတော့ ဘာများပါလိမ့် "

" သေချာမမြင်ရတော့ ဘာသတ္တ၀ါတွေလည်း ဆိုတာ မှန်းဆရတော့ခက်သား "

" အင်း ဒီလောက်ရှည်ရှည်ကြီးတွေဆိုတော့ ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်တွေထဲက ညံ ဆိုတဲ့ သတ္တ၀ါတွေများ လား "

" အင်း ညံ လည်းဖြစ်နိုင်တယ်ဗျ ဒီကောင်တွေက ပင်လယ်ဖက် လူသူ အရောက်အပေါက်နည်းတဲ့ နေရာတွေမှာ နေလေ့ရှိတာဆိုတော့ မရှိဘူးလို့တော့ မပြောနိုင်ဘူးဗျို့ "

ဟုဒေါက်တာနိုင်ဇော်က ပြန်ဖြေလေသည် ။ ကျွန်ုပ်လည်း ထိုအကောင်ကြီးများကို ငေးကြည့်ရင်း အပြန်လမ်းခရီး တွင် ထိုအကောင်များနှင့် မတိုးမိစေရန်သာ ဆုတောင်းမိလေတော့သည် ။ ယခုအချိန်တွင့် Henery Robert ရေးခဲ့သော မှတ်တမ်းနှင့်မြေပုံ အမှတ်အသားများမှာ အမှန်ဖြစ်စေရန် ဆုတောင်းရန်မှတပါး အခြားမရှိပေ ။


ကျွန်ုပ်တို့လည်း အမောပြေသွားသောအခါ တောင်ထိပ်ပေါ်သို့ ဆက်တက်ခဲ့ကြတော့သည် ။ နောက်ထပ် ၁ နာရီခန့် မရပ်မနားတက်ပြီးသောအခါ တောင်ထိပ်ဆီသို့ ဘေးအန္တရာယ်ကင်းစွာ ဖြင့် တစ်ဖွဲ့လုံးရောက်ရှိ သွားပြီဖြစ်၏ ။ တောင်ထိပ်သို့ရောက်ရှိသောအခါ ဘွားကနဲမြင်လိုက်ရသောမြင်ကွင်းကား ရင်သပ်ရှုမောဖွယ် ရာပင် ။ တပြန့်တပြောကျယ်ဝန်းလှသော စိမ်းလန်းသော လွင်ပြင်ကြီးတစ်ခုပင် ။ ထိုလွင်ပြင်ကြီးဘေးတွင် ကြီးမားသော ဂူပေါက်ကြီးတစ်ခုရှိ၏ ။ ဂူပေါက်ကြီးကားအတော်အတန်ကြီးမားပြီး မည်သည့်လမ်းသို့ပေါက်ပြီး မည်မျှနက်ရှိုင်းသည်ကို မခန့်မှန်းနိုင်ပေ ။ ကျွန်ုပ်တို့လည်း စိမ်းလန်းသောလွင်ပြင်ကြီးပေါ်မှ အရာများကိုကြည့်ပြီး အံ့သြဆွံ့အသွားရလေတော့သည်။ လွင်ပြင်ကြီးပေါ်တွင် အစီအရီပေါက်နေသော နတ်သစ်ခွဖြူများ ။ ကျွန်ုပ်တို့ အဖွဲ့လည်း ဤ မျှများပြားလှသော နတ်သစ်ခွဖြူများအား ကြည့်ရသည်မှာ လှပလွန်း၍ အတော်ကြာမျှ ငေးကြည့် နေမိတော့သည် ။ ဒေါက်တာနိုင်ဇော်မှာ သူ၏ သုတေသန အတွက် နတ်သစ်ခွဖြူများရပြီဖြစ်၍ အလွန်အ မင်းဝမ်း သာနေကာ မြန်မာနိုင်သည် မကြာခင် ကမ္ဘာပေါ်တွင် ရှားပါးသစ်ခွမျိုးစိတ်များ ပထမဆုံး ပွင့်ရာ နယ်မြေ ဒေ သအဖြစ် မှတ်ကျောက်တင်နိုင်တော့မည်ဖြစ်သည် ။ ကျွန်ုပ်တို့အဖွဲ့လည်း ၀မ်းသာအားရ နတ်သစ်ခွဖြူများ ရှိရာသို့ ပြေးသွားရာ ဒေါက်တာနိုင်ဇော်

" ဟေ့..ဟေ့..မသွားကြနဲ့ဦး ရပ်ရပ် "

ဟုလှမ်းပြောလိုက်ရာ ကျွန်ုပ်တို့အဖွဲ့လည်း ခြေထောက်ကို ကော်နှင့်ကပ်သည့်အလား ရပ်တန့်သွား လေတော့ သည် ။


" အရမ်းမသွားကြနဲ့ဦးဗျ ဒီသစ်ခွတွေ ဒီနေရာမှာ မပျက်မဆီးနဲ့ ပေါက်နေတာကို ကြည့်ရင်သူတို့ကို ကာကွယ် နေတဲ့ အရာတစ်ခုတော့ ရှိရမယ်ဗျ ကျွန်တော်တို့ ခဏလောက်စောင့်ကြည့်ရင်ကောင်းမယ် "

" အေးဗျ ကျွန်တော်လည်း သစ်ခွတွေတွေ့တာနဲ့ သတိလက်လွတ်ဖြစ်သွားတယ် ဒီနေရာမှာလည်း အန္တရာယ် မရှိနိုင်ဘူးလို့မပြောနိုင်ဘူး "

သို့နှင့် ကျွန်ုပ်တို့အဖွဲ့လည်း သစ်ခွလွင်ပြင်ကြီးနှင့် မလှမ်းမကမ်းတွင် အမောဖြေကာ နားရင်း အခြေအနေကို စောင့်ကြည့်နေလေတော့သည် ။ ကျွန်ုပ်တို့အဖွဲ့ ထိုင်ပြီး နာရီဝက်ခန့်အကြာတွင် ပတ်ဝန်းကျင်တွင် ၀ီ...၀ီ... ဟူသော အသံများကို ဆူညံစွာ ကြားရလေသည် ။ မကြာခင် တောင်တန်းများအောက်ခြေ ကျွန်ုပ်တို့တက်ခဲ့သော လျှိုကြီးအတွင်းမှ မဲမဲအုပ်ကြီးတစ်အုပ်ပျံသန်းလာလေတော့သည်။ ထို မဲမဲအကောင်များမျာ လက်သန်းလုံး ခန့်ရှိပြီး ကျွန်ုပ်တို့ ခေါင်းပေါ်မှကျော်ကာ နတ်သစ်ခွဖြူများဆီသို့ ပျံသန်းကာ သွားရောက်နားနေကြလေသည်။

" အင်း.. ကျွန်တော်တွက်တာမလွဲဘူးဗျို့ ဒီကောင်တွေကို ပဒေါင်ပျားတွေလို့ခေါ်တယ် သစ်ခွဝတ်ရည်ကို အရမ်းကြိုက် တယ်ဗျ သစ်ခွတွေကလည်း ဒီအကောင်တွေ ၀တ်ရည်လာစုပ်မှသာလျှင် အစွမ်းကုန်ပွင့်ဖူး ကြတယ်ဗျ ဒီကောင်တွေက ဒီအတိုင်းတော့ ဘယ်သူ့ကိုမှ ဒုက္ခပေးလေ့မရှိဘူး ဒါပေမယ့် သူတို့ ၀တ်ရည်စုပ်တဲ့ သစ်ခွ တွေကို ဖျက်ဆီးတာပဲဖြစ်ဖြစ် ခူးယူတာပဲတွေ့တွေ့ အသေအကျေလိုက်ပြီး တိုက်ခိုက်လေ့ရှိတယ်ဗျ ဒါကြောင့် တောသတ္တ၀ါတွေတောင် ဒီသစ်ခွတွေကို မဖျက်ဆီးဝံ့ပဲ ရှောင်ကြလို့ ဒီလောက်တောင် သစ်ခွတွေများပြား လာတာပဲဗျ အင်းကုန်ကုန်ပြောရရင် လူမပြောနဲ့ သူတို့ သစ်ခွတွေဖျက်ဆီးတဲ့ ဆင်လို အကောင် တွေတောင် တုံးကနဲ နေအောင်ဝိုင်းပြီးတိုက်ခိုက်လေ့ရှိတယ်ဗျ အခုလာတာ တပ်စုတစ်ခု လောက်ပဲ ရှိတယ် ဒီကောင်တွေက အချက်ပြလိုက်ရင် အကောင်ပေါင်းသန်းနဲ့ ချီပြီး ထွက်လာလေ့ရှိတယ် ကျွန်တော်တို့ကံ သီလို့ဗျ "

ဟုဒေါက်တာနိုင်ဇော်က ရှင်းပြလေသည် ။ ထိုအခါမှ ကျွန်ုပ်လည်း အနည်းငယ်တော့ လန့်သွားမိလေသည် ။ သို့နှင့် နာရီဝက်မျှ ၀တ်ရည်စုပ်ကြပြီးနောက် ပဒေါင်ပျားများကား လာလမ်းအတိုင်း အုပ်စုလိုက် တ၀ီဝီအသံပြု ကာ ပြန်သွားကြလေတော့သည် ။

" ဒီလိုဆို ကျွန်တော်တို့ ဒီသစ်ခွတွေကို အရင်ယူလို့ မဖြစ်ဘူးဗျို့ ဒီတောင်တန်းတစ်ဖက်က နတ်ရုပ်ထုကြီးဆီက ရတနာတွေအရင်ယူပြီးမှ ဒီသစ်ခွတွေပြန်လာယူရမယ်ဗျို့ "

" ဟုတ်တယ်ဗျ ဒီတော့ ကျွန်တော်တို့ လူရိုင်းတွေဆီကို တစ်ဖွဲ့လုံးတော့ပြန်သွားလို့ မဖြစ်တော့ဘူး ဒီတော့ ကျွန်တော်နဲ့ ကိုသက်တန့်နဲ့ အရင်သွားမယ် တကယ်လို့ ကျွန်တော်တို့ နတ်ရုပ်ထုကြီးဆီသွားပြီး၄၈ နာရီအတွင်း ပြန်မရောက်ခဲ့ရင် ကိုညိုမောင်နဲ့ကိုထွန်းလူတို့က ဒီသစ်ခွတွေခူးပြီး ဒီကျွန်းကြီးကနေ အမြန်ဆုံးပြေးကြ ပေတော့ဗျို့ ပြီးတော့ သစ်ခွတွေကို မြန်မာနိုင်ငံ သစ်ခွအသင်းကိုပေးပို့ပြီး ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကို ပြီးအောင်လုပ်ကြပါ "

" ဟာ..မ..မဖြစ်ဘူးဆရာ ဒီလိုတော့မလုပ်ပါနဲ့ သေအတူရှင်မကွာပေါ့ ကျွန်တော်တို့လည်း လိုက်ခဲ့ပါရစေ "

" အင်း.. ကိုနိုင်ဇော်ပြောတာဟုတ်တယ်ဗျ ကျွန်တော်တို့အားလုံး ဘာအကျိုးမှမရှိပဲ ဒီအတိုင်းအသေခံလို့တော့ မဖြစ်ဘူးဗျို့ ဒီတော့ ကိုနိုင်ဇော်ပြောတဲ့အတိုင်း ထွန်းလူနဲ့ ညိုမောင်တို့ နေခဲ့ကြပါ ကျွန်တော်တို့ အတတ်နိုင် ဆုံးကြိုးစားပြီး ဒီကို ပြန်လာခဲ့ကြပါ ဒီမှာပဲ စိတ်ချလက်ချစောင့်နေပါ ၂ ရက်အတွင်းပြန်မလာတော့မှ ဒီကနေ စွန့်ခွာ သွားကြပါ "

ဟု ကျွန်ုပ်ပါ ၀င်ပြောလိုက်သောအခါမှ ထွန်းလူနှင့် ညိုမောင်တို့လည်း ဆက်မပြောကြတော့ပဲ ငြိမ်သွား ကြလေတော့သည် ။

" ဒီလိုဆိုလည်း ကောင်းပါပြီဆရာ ဆရာတို့ ဆန္ဒကို ပြည့်အောင်ဖြည့်ပေးပါ့မယ် ဒါပေမယ့် ဒီကိုတော့ မရောက် ရောက်အောင်ပြန်လာခဲ့ကြပါ ကျွန်တော်တို့ စောင့်နေကြပါမယ် "

ဟုပြောလေသည် ။ သို့နှင့် ကျွန်ုပ်တို့လည်း လိုအပ်သောလက်နက် ရိက္ခာခြောက်များကို ခွဲယူပြီး တောင်အောင်သို့ သစ်ခွလွင်ပြင်ကြီးအား ဖြတ်ကာ ဆင်းခဲ့ကြလေတော့သည် ။


အဆင်းလမ်းကားအတက်လမ်းထက် ပိုမိုလွယ်ကူချောမွတ်လေသည်။ ကျွန်ုပ်တို့လည်း ဇွဲကောင်းကောင်းနှင့် ဆင်းလိုက်ကြရာ နံနက် မိုးလင်းနေရောင်ထွက်သောအခါ တောင်ခြေသို့ ရောက်ရှိလေသည် ။ ဗုံသံများကား အတော်ပင်နီး ကပ်နေပြီဖြစ်သည် ။ ကျွန်ုပ်တို့လည်း အစားအစာများအား ချက်ပြုတ်မစားကြတော့ပဲ ပါလာသော ရိက္ခာခြောက် များအား ဒီအတိုင်းပင် ဖြစ်သလို စားသောက်လိုက်ကြလေတော့သည် ။ သို့နှင့် ကျွန်ုပ်တို့နှစ်ဦးကား ခရီးပေါင်းများစွာ အတူတွဲ၍ သွားခဲ့ကြသူများပီပီ မရပ်မနားပဲ ခရီးဆက်ခဲ့ကြလေတော့သည် ။ မကြာမီ ကျွန်ုပ်တို့ရှေ့တွင် မျက်စိတဆုံးကျယ်ပြောသော ငှက်ပျောတောကြီး တစ်ခုအားတွေ့လိုက်ရလေတော့သည် ။ ငှက်ပျောပင်များမှ အသီးများမှာ အ၀ါရောင်မဟုတ်ပဲ အနီရောင်များ ပြွတ်သိပ်စွာသီးနေကြလေသည် ။


ကျွန်ုပ်တို့လည်း ငှက်ပျောတောအတွင်း သတိကြီးစွာဖြင့် ၀င်ခဲ့ကြလေတော့သည် ။ ငှက်ပျောတော၏ တစ်ဖက် တွင် ကျွန်ုပ်တို့သွားမည့် နတ်ရုပ်ထုကြီး၏ ဦးခေါင်းပိုင်းအား မြင်နေရပြီ ဖြစ်သလိုဗုံသံများလည်း ပို၍ ဆူညံစွာ ကြားရလေသည် ။ ၄င်း ဗုံသံများကား ကျွန်ုပ်တို့၏ အသက်ဝိဥာဉ်များအား နှုတ်ယူရန် ဖိတ်ခေါ်နေသကဲ့သလို့ ရှိလေသည်။ ငှက်ပျောတောအတွင်းသို့ဝင်ပြီး အတောင့်မျှအကြာတွင် များပြားလှသော မျောက်အုပ်တစ်အုပ်နှင့် ရင်ဆိုင်တွေ့ရလေတော့သည် ။ ၄င်းမျောက်အုပ်များအား ကျွန်ုပ်တို့ကို မြင်သောအခါ ဆူညံစွာ အော်ဟစ်လ နေကြလေတော့သည် ။ သို့သော် ၄င်းတို့ကား လူကို အန္တရယ်ပေးလိုဟန်မရှိပဲ ငှက်ပျောနီများကိုသာ နွှာ၍ စားသောက် နေကြလေတော့သည် ။

(၁၅)

မျောက်များသည် ငှက်ပျောနီများအား တ၀တပြဲစားသောက်ပြီးသောအခါ ဆူညံစွာ အသံပြုရင်း ထွက်ခွာသွား ကြလေတော့သည် ။ ထိုအခါမှ ကျွန်ုပ်တို့လည်း သက်ပြင်းချနိုင်ကာ ငှက်ပျောနီများကိုလည်း စိတ်ချလက်ချ စား သောက်နိုင်ကြပေတောသည် ။ ငှက်ပျောနီများကား အ၀နှင့်မတူပဲ လွန်စွာ ချိုမြိန်ပြီး အရသာထူး ကဲလှလေသည် ။ ငှက်ပျောသီး ၂ လုံးခန့်စားပြီသည်နှင့် တကိုယ်လုံးလန်းဆန်းပေါ့ပါးသွားပြီး အားအင်များပြည့် သွားသ လိုခံစားရလေသည် ။ ကျွန်ုပ်တို့ကား တောင်ပေါ်မှနေ၍ ယခုနေရာထိ ခန့်မှန်းချိန် ၁၃ နာရီ ခန့်ကြာမြင့် နေ ပြီဖြစ်၏ ။ သို့နှင့် ဆက်၍ ခရီးထွက်ခဲ့ကြရာမကြာခင် ငှက်ပျောတောအဆုံးသို့ ရောက်ရှိလာပြီဖြစ်သည် ။ ကျွန်ုပ် တို့ နှစ်ဦးလည်း တိတ်ဆိတ်စွာဖြင့် လူရိုင်းများရှိရာသို့ ချဉ်းကပ်လာခဲ့ကြလေတော့သည် ။ လူရိုင်းများကား လက်ထဲရှိဝါးဆစ်ပိုင်းများမှ အရည်များကို သောက်၍ အသားတုံးများကိုက်ဖဲ့ကာ မူးတူးပျော်ပါးနေကြလေသည် ။


လူရိုင်းများ၏ မျက်နှာများအား ကြည့်ရသည်မှာ တစ္ဆေသရဲများဝင်ပူးကပ်နေသည့် မိစ္ဆာကောင်များနှယ် ကြောက် မက်ဖွယ်ကောင်းလှပေသည် ။ ၄င်းတို့ သောက်နေသော အရည်များကား မူးရစ်စေသောအရည်များ ဖြစ်ဟန် တူ၏ ။ အသားတုံးများ စားလိုက် ၊ အရည်များသောက်လိုက်နှင့် အချို့သော လူရိုင်းများမှာ မြူးထူးစွာ ကခုန် နေကြလေသည် ။ နတ်ရုပ်ထုကြီးရှေ့တွင်လည်း အပိုင်းပိုင်းခုတ်ထစ်ထားသော အရိုးများ အသားများ ၊ ကလီစာများ နှင့် လူဦးခေါင်းများကိုလည်း တင်ထားလေသည် ။ ကျွန်ုပ်တို့လည်း နတ်ရုပ်ထုကြီးအတွင်းသို့ ၀င်နိုင် ရန် အချိန်အခါကောင်းကို စောင့်စားကြရလေသည် ။ နောက်ထပ် ၂ နာရီကြာမျှ စောင့်ပြီးသော် အချို့သော လူရိုင်းများမှာ အမူးလွန်ကာ မြေပြင်ပေါ်မှာ ပုံလျှက်သား အိပ်နေကြလေသည် ။ ကျွန်ုပ်က

" ကိုနိုင်ဇော်ရေ ဒီကောင်တွေအိပ်ပျော်တဲ့အချိန်အမြန်ဝင်မှဖြစ်မယ်ဗျို့ နောက်ပြီး အပြန်ကျရင် ကိုနိုင်ဇော် အတွက် ဟိုး..က အိပ်ပျော်နေတဲ့ လူရိုင်းမချောချောလေးလည်း ခေါ်ခဲ့လေ အပြန်အဖော်ရတာပေါ့ဗျ ဟဲဟဲ.. "

" အာ.. မလုပ်ပါနဲ့ဗျာ ကိုသက်တန့်ကတော့ ဒီအချိန်မှာတောင် နောက်နိုင်သေးတယ် အံ့ရောဗျာ ခင်ဗျားစေတ နာ တော့လေးစားပါတယ် ဒီလူရိုင်းမလေးတော့မလုပ်ပါနဲ့ဗျာ တော်ကြာ အိပ်နေရင်းအသားတွေဖဲ့စားနေမှဖြင့် ..ဟုတ်ပေ့ဖြစ်နေဦးမယ် "

ဟု ရယ်ကျဲကျဲပြောပြီးအ ရှေ့မှနေ၍ ဦးဆောင်သွားလေသည် ။ လူရိုင်းများမှာ မြေပြင်ပေါ်တွင် အတုံးအရုံး မူးပြီးအိပ်ပျော်နေကြလေသည် ။ ကျွန်ုပ်တို့ လည်း နတ်ရုပ်ထုကြီးအတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့ကြ လေ တော့သည် ။ နတ်ရုပ်ထုကြီးအတွင်းတွင် ကျွန်ုပ်တို့အား ဖမ်းဆီးခဲ့ဖူး သောအခန်းအား တွေ့ရလေသည် ။ ယခုမှသေချာကြည့်မိရာ အခန်းကြီးက ပင်မအခန်းဖြစ်ဟန်တူပြီး အခန်း၏ ထောင့်နံရံတွင် အပေါ်ထပ်သို့တက် သောလှေကားတစ်ခုကိုတွေ့ရလေသည် ။ ကျွန်ုပ်တို့ ၂ ဦးလည်း ထိုလှေကားမှတဆင့် အပေါ်သို့တက်ခဲ့ကြလေ တော့သည် ။ လှေကားမှတက်ပြီး အပေါ်သို့အရောက်တွင် ကျွန်ုပ်တို့နှစ်ဦးကား အလွန်ပင်အံ့အား သင့်သွားလေ သည် ။ လွန်စွာများပြားသော ကျောက်မျက်ရတနာ အပုံကြီးက ကျွန်ုပ်တို့အား ဆီးကြိုလျှက်ရှိသော ကြောင့်ပင် တည်း ။


ကျောက်များမှာ အမျိုးအစားစုံလင်လှသည် ။ ရွှေငွေ အစုံပါဝင်ပြီး ရွှေဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာများ အပြင် အသုံးဆောင်များကိုပါတွေ့ရလေသည် ။ ကျွန်ုပ်တို့လည်း အချိန်ဆွဲမနေတော့ပဲ အပေါ်ထပ်တွင် တွေ့ရသော အိတ်များနှင့် နိုင်သလောက်ထည့်ကာ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည် ။ ဤ တွင် ဒေါက်တာနိုင်ဇော်က

" ကိုသက်တန့်ရေ သတိတော့ထားဗျ အခုထိ ဘာအန္တရယ်မှမတွေ့ရသေးတော့ ဒါသွေးရိုးသားရိုးမဟုတ်နိုင်ဘူးဗျ လိုရမယ်ရ လက်နက်တွေတော့ပြင်ထားဗျ "

သေနတ်အား မောင်းတင်ကာ အောက်သို့ဆင်းခဲ့လေသည် ။ ရတနာ ပုံကြီးမှာ များပြားလှသောကြောင့် ကျွန်ုပ်တို့ အိတ် ၂ အိတ်နှင့်သယ်လာသည့်တိုင် အရာတောင်မယွင်းပေ ။ သို့နှင့် ကျွန်ုပ်တို့လည်း လောဘတက် မနေ တော့ပဲ နိုင်သလောက်သာသယ်ကာ အောက်ထပ်သို့ ဆင်းပြီး အပေါက်ဝဆီသို့ ထွက်ခဲ့ကြလေတော့သည် ။

" ၀ူး...ဒူး....ဒူး....၀ူး...."

ရုတ်တရက်အော်မြည်လိုက်သောအသံကြောင့် အပြင်သို့ကြည့်လိုက်ရာ လူရိုင်းငါးယောက်က မျက်နှာနီကြီး များဖြင့် ကျွန်ုပ်တို့အား လှံများဖြင့် ချိန်ကာ တ၀ူးဝူး ဖြင့် အော်ပြေနေကြလေတောသည် ။ လူရိုင်းတစ်ဦးက အခြားလူရိုင်း များကိုလည်း လိုက်နှိုးနေသည်ကိုတွေ့ရလေသည် ။ ကျွန်ုပ်လည်း ထွေထွေထူးထူး စဉ်းစားမနေ တော့ပဲ အရှေ့တည့်တည့်မှ လူရိုင်း၏ ရင်ဘတ်သို့ လက်ထဲမှ ဓါးဖြင့် ပစ်ပေါက်လိုက်လေသည် ။ ဒေါက်တာနိုင် ဇော်မှ လည်းပြိုင်တူ သူ့ရှေ့မှ လူရိုင်းအား သေနတ်ဖြင့်ပစ်လိုက်ရာ လူရိုင်းမှာ အတော်ဝေးဝေးထိ လွင့်သွားလေ သည် ။ ကျန်လူရိုင်းသုံးယောက်မှာ ရှေ့သို့ တိုးမလာဝံ့တော့ပဲ လှံများဖြင့်ချိန်ရင်းအခြားလူရိုင်းများအား၎င်းတို့ ဘာသာစကားဖြင့် အော်ဟစ်နှိုးနေကြလေတော့သည် ။ အချို့လူရိုင်းများမှာ နိုးလာကြသည်ကိုတွေ့ရလေသည် ။


ကျွန်ုပ်တို့၂ ဦးလည်း လူရိုင်းအားလုံးနိုးလာလျှင် ထွက်ပေါက်ပိတ်မည်ဖြစ်သောကြောင့် ထိုလူရိုင်းများကို ခြောက်လှန့်ရင်း လာလမ်းအတိုင်း ငှက်ပျောနီတောထဲသို့ ပြန်ဝင်ခဲ့ကြလေတော့သည် ။ ကျွန်ုပ်တို့ ငှက်ပျော နီတော ထဲအရောက်တွင် လူရိုင်းအများစုမှာ နိုးသွားပြီဖြစ်၍ ၄င်းတို့ဘာသာစကားဖြင့် ကြောက်မက်ဖွယ်ရာ အော်သံများ ပြုကာ အမဲလိုက်သည့်နှယ် ကျွန်ုပ်တို့နောက်သို့ လိုက်လာကြလေတော့သည် ။ ကျွန်ုပ်လည်း ထိုအခါမှ ကျွန်ုပ်တို့ အမဲလိုက်စဉ်က သားကောင်ငယ်များနောက်သို့လိုက်ပုံကို မြင်ယောင်မိကာ ၀ဋ် လည်သည်ဟုခံစားရမိပေသည် ။ သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း အိတ်ကြီးနှစ်အိတ်ထမ်းကာ ငှက်ပျောနီတောထဲဖြတ်ပြေးပြီး တောင်ခြေသို့ရောက်ခဲ့ကြလေသည် ။ လူရိုင်းများ၏ ဗုံသံများနှင့် အော်ဟစ်သံများက နောက်မှ ထပ်ကြပ်မကွာ လိုက်တုန်းပင်ဖြစ်သည် ။

ဇတ်သိမ်းပိုင်းမျှော်......

သက်တန့်ချို (29 April 2010)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, April 28, 2010

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၅)

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၅)


(၁၃)

ကျွန်ုပ်ပစ်လိုက်သောဓါးကား ဒေါက်တာနိုင်ဇော်၏ ဦးခေါင်းဘေးမှာ တစ်လက်မအလိုတွင် ဖြတ်သန်းသွားပြီး အ နောက် ဖက်မှတောကြီးမြွေဟောက်၏ လည်မြိုသို့ စိုက်ဝင်နေတော့သည် ။

" ဟဟ.. လက်ရည်မကျသေးပဲကိုးဗျ တယ်လည်း ဖြောင့်တာကိုး ကိုသက်တန့်ရ "

" ဒီလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ ကိုနိုင်ဇော်ရဲ့ သေနတ်ပစ်စွမ်းရည်နဲ့ ယှဉ်ရင် အသေးအဖွဲပါဗျာ ဟား ဟား ဟား...."

ကျွန်ုပ်တို့ နှစ်ဦး ပြောဆိုနေကြသည်ကို ကြည့်ရင်း ညိုမောင်နှင့် ထွန်းလူတို့မှာ အံ့သြခြင်းကြီးစွာဖြင့် ငေးမော ကြည့်ရှုနေကြလေတော့သည် ။ ထိုနေ့ညတွင် ကျွန်ုပ်တို့အဖွဲ့မှာ တောကြက်နှစ်ကောင်နှင့် အိပ်တန်းဝင် ငှက်ကြီး သုံးကောင်အား ပစ်ခတ်ကာ ညစာစားသုံးလိုက်ကြလေတော့သည် ။

" ဒါနဲ့ ကိုနိုင်ဇော်ရ ကျွန်တော်မရှင်းတာလေးတွေ ရှိသေးတယ်ဗျ လူရိုင်းတွေ ကိုးကွယ်တဲ့ နတ်ရုပ်ထုကြီးထဲမှာ ရတနာတွေရှိမှန်းဘယ်လိုသိသလဲဗျ "

" ဟဟ ..သိဆို ကျွန်တော်ခိုးဝင်တာ နှစ်ခါရှိပြီဗျ ကျွန်းက ကျယ်လို့သာ ကိုသက်တန့်တို့နဲ့ မဆုံဖြစ်တာ ဗျို့ "

" အော်..ဒီလိုကိုး လတ်စသတ်တော့ ဒါဆို ကိုနိုင်ဇော်က ဒီကျွန်းပေါ်ကို အတော်နှံ့နေရောပေါ့ "

" ဘယ်ကလာဗျာ ကျွန်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရောက်သေးတာပါ ဒါနဲ့ ကျွန်တော်တို့ လူရိုင်းတွေဆီပြန်ပြီး ရတနာတွေသွားမရှာခင် အရင်စီစဉ်သင့်တာတွေစီစဉ်ရမယ်ဗျို့ လုပ်ပါဦး ကိုသက်တန့် အကြံပေးပါဦး "

" အင်း..ဟုတ်တယ်ဗျ ကျွန်တော်တို့ လက်ထဲ ရတနာတွေပါလာပြီးတာနဲ့ ဒီကောင်တွေက ကျွန်တော်တို့ကို အလွတ် ပေးမှာ မဟုတ်ဘူးဗျို့ ဒီတော့ ရတနာတွေရပြီးတာနဲ့ ဒီကျွန်းပေါ်က ခွာဖို့ ပြင်ရမယ် ဒါကြောင့် ကျွန်းနီကြီး ဆီပြန်ဖို့ ဖောင်အရင်ဆုံးဖွဲ့ရမယ်ဗျ နောက်တစ်ခုလိုတာက လက်နက်ပဲ ဒီကောင်တွေကို ဆော်ဖို့ ကျွန်တော်တို့ လေးယောက်မှာ လက်နက်မလောက်ဘူး ကိုနိုင်ဇော် သေနတ်တစ်လက်တည်းနဲ့တော့ မဖြစ် လောက်ဘူး အဲဒီတော့ လက်နက်တွေလုပ်ရမယ် အော်... ဒါနဲ့ ကိုနိုင်ဇော်ရဲ့ နတ်သစ်ခွဖြုကရော အခြေအ နေဘယ်လိုတုန်းဗျ "

" အင်း ဒီကျွန်းပေါ်မှာတော့ အရိပ်အယောင်တောင်မတွေ့ရသေးဘူးဗျ ဒီအပင်ကိုရဖို့ ဒီကျွန်းကို မြေလှန်ရှာမှ ရမယ်ထင်တယ်ဗျ မြေပုံအရဆိုရင်တော့ အရိုးသဏ္ဍာန် တောင်တန်းကြီးကိုရှာရမှာပဲ "

" ဟုတ်မယ်ထင်တယ်ဗျ ...ကဲကဲ..အိပ်ကြရအောင်ဗျို့ အန္တရာယ်များတဲ့ နက်ဖြန်အတွက် ဒီနေ့ အားမွေးရမယ်ဗျ "

ပြောပြောဆိုဆို ကျွန်ုပ်လည်း မီးပုံဘေးတွင် လှဲ၍ အိပ်လိုက်လေတော့သည် ။ ကျွန်ုပ်လည်း ပင်ပန်းသည်က တ ကြောင်း ယခင်လို သောင်ပြင်ကြီးတွင် တစ်ယောက်တည်း ကျီးလန့်စာစား အိပ်ရခြင်းမဟုတ်ပဲ ကျွန်ုပ်၏ မိတ်ဆွေ များနှင့် ဖြစ်သောကြောင့် စိတ်ချလက်ချအိပ်လိုက်သည်မှာ မည်မျှ အိပ်ပျော်သွားသည်မသိ ကျွန်ုပ်၏ ခြေထောက် ကြီး မှာ တဖြည်းဖြည်းလေးလံလာသလို ခံစားရမှ သတိရလေတော့သည် ။

ကျွန်ုပ်လည်း သတိရရခြင်း လေးလံသောခြေထောက်ကို ကြည့်လိုက်မိရာ အိပ်ငိုက်နေသော မျက်လုံးများပင် ကျယ် သွားရလေတော့သည် ။ ပုံမကျပန်းမကျ လေးပေခန့်ရှိသော ရှည်မျောမျော တွားတွား သတ္တ၀ါ မှာ ကျွန်ုပ်၏ ခြေထောက်အား စုပ်မျိုနေသည်မှာ ဒူးခေါင်းသို့ပင် ရောက်လောက်ပေပြီ ။ ကျွန်ုပ်လည်း ကြံရာမရ ဖြစ်ပြီး ဘေးမှ ကျောက်မှိန်းဖြင့် ၄င်းသတ္တ၀ါအား အားကုန်ထိုးစိုက်ချလိုက်လေသည် ။

" ကျွီ...."

၎င်းသတ္တ၀ါ အော်လိုက်သောအသံမှာ အသည်းတုန်အူတုန်ဖွယ်ကောင်းလှပေသည် ။ ပါးစပ်မှ အစိမ်းရောင် အရည်များ အံထွက်လာပြီး ကျွန်ုပ်လည်း ခြေထောက်ကို မနည်း ဆွဲထုတ်ရလေတော့သည် ။ သတ္တ၀ါကြီး အော်လိုက်သောကြောင့် ကျန်လူများလည်း အသီးသီးနိုးလာကြလေသည် ။ သူတို့ကို ကြည့်လိုက်ရာ ပါးစပ် အ ဟောင်းသားဖြင့် ငေးနေသည်ကို တွေ့လိုက်ရ၍ ကျွန်ုပ်လည်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ လား လား ....များပြားလှသော ရှည်မျောမျော တွားတွား သတ္တ၀ါများကို တွေ့လိုက်ရသည် ။ ကျွန်ုပ်သည် ယခု တစ်သက်နှင့်တစ်ကိုယ် ထို သတ္တ၀ါများကိုမမြင်ဖူးသောကြောင့် မည်သည့် မျိုးစိတ်ဖြစ်သည်ကို မူပြောရန် မတတ် နိုင်ပေ ။ ထွန်းလူနှင့် ညိုမောင်တို့မှာ မူ အလွန်အမင်း ထိတ်လန့်နေကြလေတော့သည် ။ ကျွန်ုပ်လည်း ထိုသတ္တ၀ါများ ကျွန်ုပ်တို့ အဖွဲ့အား ၀ိုင်းနေသည်ကို အကဲခတ်ကြည့်ရှုလိုက်ရာ ဂငယ်ပုံသဏ္ဍာန် ၀ိုင်းရံနေသည်ကို တွေ့ရလေသည် ။

ကျွန်ုပ်လည်း အကြံရကာ နံဘေးမှ မီးစွဲနေသော သစ်ကိုင်းတစ်ကိုင်းအား ထိုဂငယ်အပေါက် အနီးသို့ ပစ်ချ လိုက်လေသည်။ သတ္တ၀ါများမှာ လွန်စွာ နီးကပ်နေပြီဖြစ်သည် ။ လွန်စွာ တည်ငြိမ်လှပါသည်ဆိုသော ဒေါက်တာနိုင်ဇော်ပင်လျှင် အကြံအိုက်နေဟန်တူသည် ။ ကံအားလျော်စွာပင် ထိုသတ္တ၀ါများမှာမီးကို ကြောက်ပြီး အနည်းငယ် ရှဲသွားကြသည် ။

" ကဲ ကျွန်တော်တို့ ဒီတစ်ပေါက်ထဲကနေ လွတ်အောင်ပြေးကြရမယ်ဗျို့ လာလာ "

ဟုဆိုကာ ကျွန်ုပ်ဦးဆောင်၍ ပြေးထွက်ခဲ့လေတော့သည် ။ ကျွန်ုပ်၏နောက်တွင် ထွန်းလူ ၊ ညိုမောင် နှင့် ဒေါက်တာနိုင်ဇော် ကား နောက်ဆုံးမှ ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်ပြေးချိန်တွင် အပေါက်မှာ လွန်စွာ ကျဉ်းကာ ပိတ်စပြုနေပြီ ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်လည်း ထိုသတ္တ၀ါများပေါ်မှ ခုန်ပျံကာ ကျော်လွှားလိုက်လေသည် ။ ထိုစဉ် မထင်မှတ်သော ဖြစ်ရပ်တစ်ခုဖြစ်ပွားသွားလေတော့သည် ။ ယင်းမှာ တွားတွား သတ္တ၀ါတစ်ကောင်မှာ ဒေါက်တာနိုင်ဇော် ခုန်လိုက်ချိန်တွင် ခြေထောက်ကို အမိအရ ခုန်ပြီး ခဲထားခြင်းပင်ဖြစ်သည်။ ၄င်းတို့၏ ပါးစပ်များမှာ လွန်စွာ ကြီးမားကာ ဒေါက်တာနိုင်ဇော်၏ ခြေသလုံး တ၀က်ခန့် မြိုမိသွားလေသည်။ ဒေါက်တာ နိုင်ဇော်လည်း လျှင်မြန်စွာ ၄င်း၏ သေနတ်နှင့် ပစ်ချလိုက်လေသည်။

" ဒိုင်း "

" ကျွီ...."

ကြောက်မက်ဖွယ်ရာ အသံကြီးကို ပြုရင်း သတ္တ၀ါကြီးမှာ ငြိမ်သက်သွားလေတော့သည် ။ ကျွန်ုပ်တို့လည်း မရပ်မနား ပြေးလွှားလာခဲ့ရာ နေ့တစ်ဝက်ခန့် ကြာမြင်ခဲ့လေသည် ။ ကျွန်ုပ်တို့ကားယ ခု လျှိုကြီးတစ်ခုအတွင်း ရောက် နေပြီ ဖြစ်သည် ။ တစ်ဖွဲ့လို့ မောပန်းနေပြီ ဖြစ်သောကြောင့်ခေတ္တနား ကြလေသည် ။

" ကိုသက်တန့်ရေ..စောစောက ကျွန်တော်တို့ တွေ့ခဲ့တာ အလွန်အန္တရာယ်များတဲ့အကောင်တွေဗျ ဒီကောင် တွေက အမေဇုံတောနက်တွေထဲမှာ လည်း တွေ့ရလေ့ရှိတယ် သူတို့ကို ဒေသခံလူတွေက မျိုကောင် တွေလို့ ခေါ် လေ့ရှိတယ် ။ အမှန်တော့ ဒီကောင်တွေက မြွေအုပ်စုတွေလေ သူတို့က တစ်ခုခု သူတို့ ပါးစပ်ထဲရောက်ရင် မျိုတာ အရမ်းမြန်တယ်ဗျ ကျွဲလို ပြောင်လို ကောင်တွေတောင်ဒီကောင်တွေမြိုလိုက်ရင် ငါးမိနစ်ပဲဗျို့ အကောင် သေးပေမယ့် အထင်မသေးနဲ့ လူဆိုရင်တော့ ပြောမနေနဲ့ဗျို့ "

ဟုဒေါက်တာနိုင်ဇော်ကပြောရာ ထိုအခါမှ ကျွန်ုပ်အိပ်ပျော်နေစဉ် သတ္တ၀ါကြီး စုပ်မျိုခြင်းမှ သီသီလေး လွတ်ရခြင်းကိုတွေးရင်း ကြက်သီးထမိလေတော့သည် ။

" ကဲကျွန်တော်တို့ မြေပုံတစ်ချက်ကြည့်ရအောင် ကျွန်းကြီးရဲ့ ဘယ်နေရာ ရောက်နေသလဲလို့ "

ဟုပြောပြောဆိုဆို မြေပုံအား ထုတ်ကြည့်ကြလေသည်။ မြေပုံအား ၂ ခုပွားကာ ကျွန်ုပ်နှင့် ဒေါက်တာနိုင်ဇော် တစ်ခုစီယူလာရာ ကျွန်ုပ်၏ မြေပုံမှာ ပျောက်ဆုံးသွားပြီဖြစ်သည် ။ ဒေါက်တာနိုင်ဇော်၏ မြေပုံ ကျန်သေး၍ သာ တော် တော့သည်။ မြေပုံအား အသေအချာကြည့်လိုက်ရာ ကျွန်ုပ်တို့မှာ အရိုးသဏ္ဍာန် တောင်တန်းကြီး ဘေးမှ လျှိုကြီးတစ်ခုအတွင်း ရောက်နေကြခြင်းဖြစ်၏ ။ ၀မ်းသာစရာအချက်မှာ ဒေါက်တာနိုင်ဇော်ရှာဖွေနေသော နတ်သစ်ခွဖြူအား ထိုတောင်တန်းကြီးပေါ်တွင် အမှတ်အသား ပြထားလေသည် ။ သစ်တောများထဲတွင် မပေါက်ပဲ အဘယ့်ကြောင့် ထိုတောင်တန်းများတွင် အမှတ်အသား ပြုထားရသည်ကို ကျွန်ုပ်အနေနှင့် မစဉ်းစား တတ်အောင်ပင် ဖြစ်လေသည် ။ တစ်ဖန် ထိုတောင်တန်းကြီး၏ အခြားတစ်ဖက်တွင် နတ်ရုပ်ထုကြီး အား အမှတ်အသား ပြထားလေသည် ။

(၁၃)

ကျွန်ုပ်တို့အဖွဲ့လည်း လျှိုကြီးထဲတွင် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်လေသည် ။ ထွန်းလူနှင့် ညိုမောင်တို့မှာမူ နံနက်စာ အတွက် စီမံနေကြပြီဖြစ်သည် ။ ဤသို့ဖြင့် ကျွန်ုပ်တို့ အဖွဲ့သည် လျှိုကြီးထဲတွင် သုံးရက်ခန့်မျှ အချိန်ဆွဲ နေကြ လေသည် ။ ထိုအတောအတွင်း ဒေါက်တာနိုင်ဇော်က တောထဲမှ မည်သည့် အရွက်များ ခူးနေသည်မသိ ။ ထို အရွက်များကို လှမ်းကာ ခြောက်သွေ့သောအခါ သစ်ပင်မှထွက်သော အစည်းနှင့်ပင် ရောနယ်လေသည် ။ တဖန်နေပြန်လှမ်းပြန်သည် ။ ခြောက်သွေ့သွားသောအခါ အမှုန့်များဖြစ်အောင်ပြုလေသည် ။ ထိုအမှုန့်များကို သစ်ရွက်များအတွင်း ထည့်ကာ အထုပ်လေးများ ပြုလုပ်လေသည် ။ ယမ်းထုပ်လေးများ ပြုလုပ်နေသည်ဟု ကျွန်ုပ်အား ပြောပြလေသည် ။ ကျွန်ုပ်လည်း အရွယ်တော် သစ်ကိုင်းများကို ခုတ်ကာ မှိန်းလှံ ဆူးချွန်များ ပြုလုပ်လေသည်။ ကျောက်လက်နက်မျိုးစုံကိုလည်း ပြုလုပ်လေသည် ။ ထိုအတောအတွင်း လျှိုကြီးအတွင်း မည်သည့်အန္တရာယ်မျှ မကြုံရခြင်းသည်ပင်လျှင် ကံကောင်းသည်ဟု ဆိုရပေမည် ။ ဤသို့ဖြင့် လျှိုကြီးထဲတွင် နေထိုင်ပြီး လေးရက်မြောက်နေ့တွင် ကျွန်ုပ်တို့ကား အရိုးသဏ္ဍာန် တောင်တန်းများဆီသို့ ချီတက်ခဲ့ကြ လေ တော့သည် ။

နေရောင်ခြည်ကား ကျိုးတို့ကျဲတဲ ကျရောက်နေသည် ။ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသောကြောင့် လျှိုကြီးထဲတွင် နေရောင်ကောင်းစွာ မရရှိပေ ။ ကျွန်ုပ်တို့လည်း အရိုးတောင်တန်းကြီးသို့ မျှော်ကြည့်ရင်း ခရီးဆက်ခဲ့ သည်မှာ နေ့တစ်ဝက်ခန့်ပင် ရှိလေပြီ ။ လျှိုကြီး၏တစ်နေရာတွင် နံနက်စာ စားရန် ကျွန်ုပ်တို့ ခေတ္တနားကြလေသည် ။ ထိုအခိုက် ကျွန်ုပ်တို့ ထိုင်နေသော မြေကြီးမှာ တသိမ့်သိမ့် တုန်ခါသွားရာ ကျွန်ုပ်မှာ မြေငလျှင်လှုပ်သည်ဟု ထင်မှတ်လိုက်လေသည် ။ ထို့နောက် တဝေါဝေါ မြည်သံများ အဆက်မပြတ် ပေါ်ထွက်လာလေတော့သည် ။ ကျွန်ုပ်လည်း အသံများကို ဂရုတစိုက်နားထောင်နေစဉ် ဒေါက်တာနိုင်ဇော်က

" ဟာ..ပြေးပြေး သစ်ပင်ပေါ်တက်ပြေးကြ "

ဟုဆိုကာ သစ်ပင်တစ်ပင်ပေါ် တွယ်ဖက်တက်သွားကြလေသည် ။ ထွန်းလူနှင့် ညိုမောင်မှာလည်း မျောက်များ အလား တွယ်တက်သွားကြသည်မှာ သစ်ပင်ထိပ်ဖျားသို့ပင် ရောက်လုပြီ ။ ကျွန်ုပ်တစ် ယောက် တည်းသာ မြေပြင်တွင် ကျန်ရစ်ကာ ကျွန်ုပ်လည်း နီးစပ်ရာ သစ်ပင်ပေါ်သို့ ပြေးတက်ခဲ့လေသည် ။ သစ်ပင်ပေါ်တက်ပြီး တစ်ဝက် ခန့်တွင် ခပ်လှမ်းလှမ်းမှ အိမ်တစ်လုံး ခန့်အရွယ်အ စားရှိသော မည်းမည်းသဏ္ဍာန်ကြီးကား ကျွန်ုပ်တို့ ရှိရာသို့ ဦးတည်လာနေပေသည် ။

" ကိုသက်တန့်ရေ အပင်ထိပ်ဖျားရောက်အောင်တက်ဗျို့ မြဲမြဲ ကိုင်ထားနော် "

ဟုပြောပြောဆိုဆို သူလည်း အပင်ထိပ်ဖျားရောက်အောင်တက်သွားလေသည် ။

မဲမဲသဏ္ဍာန် အလုံးကြီးကား တဖြည်းဖြည်းနီးကပ်လာမှသာလျှင် အား..ပါး...ပါး ..နဲသော မြွေတွေမဟုတ် ။ အ ကောင် ပေါင်း သိန်းသန်းချီကာ တစ်ကောင်နှင့်တစ်ကောင်လုံးထွေးပြီး လမ်းတ လျောက်လိမ့်လာ ခြင်းပင် ဖြစ်သည် ။ မြွေအထွေးကြီးကား အလွန်ကြီးမားပြီး အိမ်တစ်လုံးခန့်ရှိလေသည် ။ ကျွန်ုပ်တို့သစ်ပင်များမှာ လွန်စွာ မြင့်မား၍ သာ တော်တော့သည် ။ မြွေအထွေးကြီးသွားရာလမ်းတလျောက် မြွေများကား အပိုင်းပိုင်းပြတ်ကာ သွေးသံရဲရဲ နှင့်ကျန်ခဲ့လေသည် ။ ကျွန်ုပ်လည်း ထိုအခါမှ ကျောချမ်းသွားကာ ထိုစဉ်က ဒေါက်တာနိုင်ဇော်ကို အလွန်အမင်းကျေးဇူးတင်မိလေသည် ။ ဒေါက်တာနိုင်ဇော်သာ မကယ်လျှင် ကျွန်ုပ်လည်း ယခုအချိန်တွင် ဤ ဇတ်လမ်းအား ရေးသားနိုင်မည် မဟုတ်ပေ ။ မြွေအထွေးကြီးကား လျှိုလမ်းတလျောက် တဝေါဝေါ မည်ကာ ၀င်ရောက်ပျောက်ကွယ်သွားလေသည် ။ ထိုအခါမှာ ကျွန်ုပ်တို့လေးယောက်လည်း အသီးသီး သစ်ပင်များပေါ်မှ ဆင်းခဲ့ကြလေတော့သည် ။ သစ်ကိုင်းများနှင့် ညိပြီး ပြတ်ကျခဲ့သော မြွေများကားတလွန့်လွန့်လူးတုန်းပင် ရှိသေး သည် ။

" အင်း..တော်သေးတာပေါ့ဗျာ ..ကျွန်တော်ထင်တော့ထင်သားဗျ ဒီလျှိုကြီးထဲမှာ သုံးရက်လုံးလုံး ဘာ အန္တရာယ်မှမတွေ့ရပဲ ဘာကြောင့် တိတ်ဆိတ်နေသလဲလို့ အမှန်တော့ ဒီလျှိုကြီးက မြွေတွေ ကျက်စားတဲ့နေရာ ဖြစ်မယ်ဗျ ကျွန်တော်တို့ ရောက်တဲ့အချိန် ဒီကောင်တွေ မိတ်လိုက်တဲ့အချိန်ပေါ့ဗျာ စစလာခြင်း ၂ ကောင်တည်း မိတ်လိုက်တာဗျ နောက်တော့ ၃ ကောင် ၄ ကောင်နဲ့ ၀င်လာလိုက်ကြတာ ဒီလို သိန်းသန်းချီတဲ့ မြွေအထွေး လိုက်ကြီး ဖြစ်သွားတာပဲဗျို့ သတ္တ၀ါတွေကလည်း မြွေတွေများလွန်းတော့ သူတို့ သဘာဝအသိနဲ့ ဒီလျှိုကြီးကို ရှောင်ကြတာပဲဗျ "

ဟုဒေါက်တာနိုင်ဇော်က ရှင်းပြလေသည် ။ ကျွန်ုပ်တို့အဖွဲ့လည်း လျှိုကြီးထဲတွင် ကြာကြာ နေရန်မသင့် တော်သော ကြောင့် တောင်တန်းများဆီသို့သာ ဆက်လက် ခရီးထွက်ခဲ့ကြပေတော့သည် ။

အချိန်ကား ညနေ၀င်ရီတရောအချိန် ။ တောင်တန်းများကို ကွယ်၍ နေမင်းကြီး မှေးတင်နေပုံမှာ သဘာဝ ပန်းချီကား တစ်ချပ်နှယ် ။ ကျွန်ုပ်တို့ကား တောင်တန်းများ အောက်ခြေသို့ ရောက်ရှိနေကြပြီ ဖြစ်သည် ။ ကျွန်ုပ်တို့ လည်း နတ်သစ်ခွဖြူ ရှိသောနေရာတွင် အန္တရယ်များ အထူးသဖြင့် လူသားစားလူရိုင်းများ ရှိမည်ဟု ခန့်မှန်းသော ကြောင့် ညမှောင်မှသာလျှင် တက်ရန် ဆုံးဖြတ်လိုက်ကြလေသည် ။ ထိုနေ့ ညနေစာအား လမ်းမှ ဆတ်တ ကောင်အား ပစ်ကာ ဆတ်သား ဟင်း ၊ ဆတ်သားကင် ဖြင့်လွေးလိုက်ကြလေသည် ။ ကျန်သောအသားများအား ဆတ်သားခြောက်လုပ်ကာ လမ်းခရီးအတွက် ယူဆောင်ခဲ့ကြလေသည် ။

နေ၀င်သွားပြီဖြစ်သောကြောင့် လကား စောစီးစွာပင် ပေါ်ထွက်နေသည် ။

အပိုင်း (၆) မျှော်......

သက်တန့်ချို (၂၈ ဧပရယ် ၂၀၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, April 27, 2010

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၄)

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၄)


(၉)

အိပ်ပျော်လု ဆဲဆဲ အချိန်တွင် ကျွန်ုပ်၏ နားထဲသို့ ရထားခေါင်းတွဲများ ခုတ်မောင်းသံကဲ့သို့ အသံများ ၀င်လာ၏ ။ ကျွန်ုပ် လည်း ပထမတော့ လှိုင်းပုတ်သံလား ဘာလား အသေအချာ သိစေရန် နားစွင့်သေးသည် ။ သို့သော် အသံများ ကား ကျွန်ုပ်နေထိုင်ရာ ဂူနှင့် အလွန်အမင်း နီးကပ်လာပြီဖြစ်သောကြောင့် ကျွန်ုပ်ပြုလုပ်ထားသော ကျောက်မှိန်း ကို ယူကာ ဂူပေါက်ဝသို့ ထွက်လာခဲ့၏ ။ လရောင်ကြောင့် ညသည် လင်းရှင်းစွာ မြင်နေရ၏ ။ ဂူပေါက်ဝတွင်ကား မည်သည့် အရာမျှ မတွေ့ရပေ ။ သို့နှင့် ကမ်းစပ်သို့ တရွေ့ရွေ့ သတိကြီးစွာ လျောက်သွား မိသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်ုပ် နေရာတွင်ပင် ရပ်တန့်နေမိသည် ။ စည်ပိုင်းလုံး ခန့်လုံးပတ်ရှိသော မဲမဲရှည်ရှည်သဏ္ဍာန်ကြီးများ က ပင်လယ်ထဲမှ ကမ်းစပ်သို့ တရွေ့ရွေ့တက်လာနေ၏ ။ ကျွန်ုပ်လည်း မည်သည့်အကောင်တွေမှန်းမသိသောကြောင့် ကျောက်ဆောင်အကွယ်သို့ အမြန်ပုန်းကာ အကဲ ခတ် ကြည့်လိုက်၏ ။ အလို.... မဲမဲသဏ္ဍာန်ကြီးများကား ကျွန်ုပ်အနီးအနားမှ တရွေ့ရွေ့ဖြင့် ဖြတ်သန်းသွား၏ ။ ကျွန်ုပ်တစ်သက်တွင် စာအုပ်ထဲတွင်သာ မြင်ဖူးသော ပင်လယ်ခူကြီးများပေတကား ။ ကျွန်ုပ်သိရသောက် ဤ အကောင်များသည် အသားစား အလွန်ကြူး၏ ။ သတ္တ၀ါတို့၏ သွေးကို စုပ်ယူစားသောက်တတ်၏ ။ လူမပြောနှင့် ဆင်သတ္တ၀ါများပင် စက္ကန့်ပိုင်းအတွင်း ၄င်းတို့၏ သွေးစုပ်ခြင်းကို ခံရပါက တုန်းကနဲသေဆုံးနိုင်ပေသည် ။ ထိုအကောင်ကြီးများကာ အကောင် ၂၀ ၀န်းကျင်ခန့်ရှိပေသည် ။ ပင်လယ်ပြင်တွင်သာ အနေများပြီး မျိုးပွားချိန်မှ သာ ပင်လယ်ကမ်းစပ် ကုန်းမြေပေါ်သို့ တက်ကြကြောင်း စာအုပ်ထဲတွင် မှတ်သားဖူး၏ ။ မျက်လုံးများမှာ လရောင်အောက်တွင် စိမ်းဖန့်ဖန့် သဏ္ဍာန်ရှိသောကြောင့် မကောင်းဆိုးဝါးများနှင့် လွန်စွာ တူလှပေသည် ။

အကောင်များကား တစ်ကောင်ပြီးတစ်ကောင် ကျွန်ုပ်အနားမှ ဖြတ်သန်းသွားပြီး နောက်ဆုံးအကောင် အလှည့်ကျမှ သာလျှင် ကျွန်ုပ်အတွက် ကံကြမ္မာ ဂြိုလ်ဆိုး ၀င်တော့သည် ။ နောက်ဆုံးအကောင်ကား ရှေ့မှသွား သော အကောင်များလမ်းကြောင်းအတိုင်းမလိုက်ပဲ ကျွန်ုပ်အနား လွန်စွာ နီးကပ်သော နေရာမှ ဖြတ်သွားလေရာ ကျွန်ုပ်အား တွေ့မြင်သွားလေတော့သည် ။

" ကျွီ ....."

လူနံ့ရသောကြောင့် ၄င်းအော်လိုက်သောအသံမှာကား ကျွန်ုပ်ရင်ဘတ်အား ဆွဲစုပ်လိုက်ဘိသကဲ့သို့ လွန်စွာ ထိတ်လန့် သွားမိလေတော့သည် ။ ရှေ့မှ သတ္တ၀ါများကား ကြားဟန်မတူ ဆက်၍ သွားလေသည် ။ နောက်ဆုံး ကျန်ခဲ့သော သတ္တ၀ါမှာ ပါးစပ်ကိုဟလိုက်ရာ ၄င်းပါးစပ်ထဲမှ လုံးလုံးရှည်ရှည် မျောမျော သဏ္ဍာန်ကြီး တစ်ခုကား အချွဲရည်များနှင့် ရောကာ ကျွန်ုပ်ဆီသို့ ထွက်လာနေသည် ။ ကျွန်ုပ်လည်း လျှင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လရောင် အောက်တွင် ကျွန်ုပ်နှင့် ပင်လယ် ခူကြီး ၏ တိုက်ပွဲကား စတင်လေတော့သည် ။ ပင်လယ်ခူကြီးကား ပါးစပ် ထဲမှ စိမ်းဖန့်ဖန့် အရည်များနှင့်ပက်၏ ။ ကျွန်ုပ်ကားအရှောင်သမား သက်သက်သာ ဖြစ်နေလေတော့၏ ။ ၄င်းသတ္တ၀ါကြီးသည် လှုပ်ရှားပုံမှာ နှေးကွေးသောကြောင့် ကျွန်ုပ်အတွက် အခွင့်အရေးတော့ရလေသည် ။ တစ်ချီတွင် ပင်လယ်ခူကြီးပါးစပ်ထဲမှ မဲမဲရှည်ရှည် ကြီးနှင့် လှမ်းအဟပ်တွင် ကျွန်ုပ်လည်း ၄င်း မဲမဲရှည် ရှည်ကြီးအား ကျောက်မှိန်းနှင့် အမိအရ ထိုးစိုက်လိုက်လေသည် ။ သတ္တ၀ါကောင်ကြီးကား နာကျင်လွန်း၍ မြေပြင် ပေါ်တွင် လူးလိမ့်ကာနေ၏ ။

ကျွန်ုပ်လည်း ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံပဲ ပင်လယ်ခူကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ ကျောက်မှိန်းနှင့် အားကုန် ထိုးစိုက်ချလိုက်လေတော့သည် ။ အစိမ်းရောင်အရည်များ ထွက်လာပြီး ပင်လယ်ခူ ကြီးကား လုံးဝငြိမ်သက်သွားပေတော့သည် ။ ၄င်း ပါးစပ်ထဲမှ ထွက်ပေါ်လာသော မဲမဲရှည်ရှည်ကြီးကား သတ္တ၀ါများ ၏ သွေးကို စုပ်ယူသော သွေးစုပ်တံကြီး ဖြစ်ဟန်တူသည်။ ကျန်သော အကောင်များကား ကျွန်း၏ အတွင်းပိုင်း သို့ ၀င်ရောက်သွားကာ အရိပ်အယောင်ပင် မတွေ့ရတော့ပေ ။ ကျွန်ုပ်လည်း ဂူသို့ ပြန်လာကာ ဂူပေါက်ဝ အား သစ်ကိုင်းသစ်ခက်များဖြင့် ပိတ်ဆို့ပြီး သတိကြီးစွာ ဖြင့် အိပ်စက်ရပေတော့သည် ။ သို့သော် တစ်ညလုံး မည်သည့်အန္တရာယ်မှ မတွေ့ရတော့ပေ ။ ဤကျွန်းပေါ်တွင် မည်သို့သော သတ္တ၀ါများ ရှိနေမည်နည်း ။ ကျွန်း၏ အတွင်းပိုင်းတွင် မည်သည့် အရာများ ရှိနေသနည်း ။ နောက်တစ်နေ့တွင် ကျွန်းပေါ်သို့ လေ့လာ ရေးထွက်ရန် ကျွန်ုပ်ဆုံးဖြတ်လိုက်သည် ။ ဤအတိုင်း အချိန်ကုန်နေရခြင်းထက် အရာအားလုံးကို လေ့လာ မှသာလျှင် ကျွန်ုပ်အတွက် အကျိုး ရှိမည်ဟု ထင်၏ ။

နေရောင်ခြည်ကား ဖျော့တော့စွာ ကျရောက်နေ၏ ။ ပင်လယ်ပြင်ကား မာယာကင်းစင်သည့် ယမင်းရုပ်ထုနှယ် အပစ်ကင်းစွာ လဲလျောင်းနေသည် ။ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသောကြောင့် ကျွန်း၏ အတွင်းပိုင်း သည် နေရောင်ခြည်တောင် ကောင်းစွာ မရပေ ။ ကွက်ကျားကွက်ကျားသာ ကျရောက်နေ၏ ။ မျောက်များ ၊ ရှဥ့်များ ၊ ယုန်များ ၊ ချေ ၊ သမင် အစရှိသော သတ္တ၀ါများကို လည်း အစုံအလင်တွေ့ရ၏ ။ ဤ သတ္တ၀ါများကို ကြည့်ခြင်းဖြင့် ကျွန်းကြီးသည် ကျွန်ုပ်ထင်ထားသည်ထက် ပို၍ ကြီးမားကြောင်း သတိပြုမိ၏ ။ ကုန်းတွင်းပိုင်း တစ်နေရာအရောက်တွင် လမ်းကား ဆက်သွား၍ မရောက်လောက်အောင်ပင် ပိတ်ဆို့ကာနေ၏ ။ သစ်ခေါင်း ပေါက်ကြီးများကား လွန်စွာ ကြီးမားလှပြီး လူတစ်ရပ် သာသာလေး ၀င်ရောက်နိုင်ပေသည်။ ကျွန်ုပ်၏ တစ်သက် တာတွင် ဤ မျှကြီးမားလှသော သစ်ခေါင်းပေါက်မျိုးကို မမြင်ဖူးကြောင်း ၀န်ခံရပေမည် ။ သစ်ခေါင်း ပေါက်ထဲတွင် မည်သို့သော အန္တရာယ်များ ရှိနိုင်သည်ကိုမှု ကျွန်ုပ်စဉ်းစားရပေတော့မည် ။ လမ်းကား သွားစရာ မရှိတော့ပေ ။ သစ်ခေါင်းပေါက်များထဲမှ ဖြတ်သွားလျှင်တော့ တစ်ဖက်သို့ ရောက်နိုင်ပေသည် ။ သို့သော် တစ်ခါတစ်ရံ မိုက်ရူးရဲဆန်လှသော ကျွန်ုပ်၏ ဥာဉ်အတိုင်း သစ်ခေါင်းပေါက်ထဲမှ ဖြတ်သွား ရန်ဆုံးဖြတ် ချက်ချက်လိုက်၏ ။

လက်ထဲတွင် ကျောက်မှိန်းနှင့် ကျောက်ဓါးတစ်လက် ၊ ခြေထောက်တစ်ဖက်တစ်ချက်စီတွင် ကျွန်ုပ်ကိုယ်တိုင်ပြု လုပ်ထားသော ကျောက်ဓါးမြှောင်တစ်ချောင်းစီကို ချည်နှောင်ထား၏ ။ သစ်ခေါင်းပေါက်ထဲသို့ သတိကြီးစွာ ဖြင့် လှမ်းဝင်လာခံ၏ ။ အတော်လျောက်မိသောအခါ ... အလို.. ရှေ့တွင် လက်သီးဆုပ်ခန့် မဲနက်ပြောင် နေသော အရာများ တရွေ့ရွေ့သွားနေ၏ ။ ၄င်း သတ္တ၀ါများကား နှစ်ကောင်ပြူးတွေ ဖြစ်ကာ မိတ်လိုက်နေဟန်တူသည် ။ ကျွန်ုပ် လည်း မည်သည့်အကောင်တွေများ ဖြစ်မည်နည်းဟု စူးစမ်းလိုရကား ရှေ့သို့ တရွေ့ရွေ့ ဆက်သွားမိသည် ။ အားပါး... အနီးကပ်မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်ုပ်ကျောချမ်းသွားမိသည် ။ လွန်စွာ အဆိပ်ပြင်း လှသည်ဟု နာမည်ကြီးလှသော သဲသောင်ပြင်များတွင်သာ ကျက်စားလေ့ရှိသော BSS ဟု ခေါ်သော Black Sand Scorpians များပင်ဖြစ်၏ ။ အမဲရောင် သဲသောင်ပြင်ကင်းမြီးကောက်ဟု ဘာသာပြန်လျှင်ရနိုင်ပေသည် ။ နောက်သို့ ပြန်ဆုတ်လျှင် အချိန်မှီသေး၏ ။ ကျွန်ုပ်ကြားဖူးသည်မှာကား ၄င်းအကောင်များသည် မိတ်လိုက်နေ ချိန်တွင် အဆိပ်မရှိဟု ကြားဖူးပေ၏ ။ ထို့အပြင် ကျွန်ုပ်ငယ်စဉ်က အိုးဘိုကျွန်းရွာတွင် ဆရာတော် လက်မောင်း တွင် ထိုးပေးဖူးခဲ့သော တောကြီးမြွေဟောက် ၊ ကင်းမြီးကောက် အဆိပ်နိုင်ဆေးကိုလည်း ကျွန်ုပ်စမ်းသပ်ချင်လာ၏ ။ သို့သော် ရင်းနှီးရမည်က ကျွန်ုပ်၏ အသက်တစ်ချောင်းပင် ။ သို့သော် ဤကျွန်းကြီးပေါ်တွင် ဒီအတိုင်း နေ လည်း သေနိုင်သည်ဖြစ်ရာ မိုက်ရူးရဲဆန်သော ဆုံး ဖြတ်ချက်ကို ချလိုက်လေတော့သည် ။

(၁၀)

ရှေ့သို့ တိုးဝင်လာသော ကျွန်ုပ်၏ ခြေလှမ်းများကြောင့် ကင်းမြီးကောက်များ၏ လှုပ်ရှားမှုများကား တခဏမျှ ရပ်တန့်သွားလေတော့သည် ။ ကျွန်ုပ်လည်း ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ ရာပေါင်းများစွာသော ကင်းမြီး ကောက်များအား ဖြတ်ကျော်၍ ပြေးထွက်လာခဲ့တော့သည် ။ ကျွန်ုပ်၏ ခြေထောက်အောက်တွင် အသက် ပျောက်သွားသော ကင်းမြီးကောက်များလည်း မနည်းပေ ။ သို့သော်ကျွန်ုပ်၏ ခြေထောက်မှာ သုံးလေးနေရာမှ စစ်ကနဲ စစ်ကနဲ ဖြစ်သွားသောကြောင့် ကင်းမြီးကောက် အကိုက်ခံလိုက်ရမှန်းသိလိုက်၏ ။ အတော်ကြာပြေး ထွက်သွားပြီးသောအခါ တစ်ဖက်ထွက်ပေါက်ဆီသို့ ရောက်ရှိသွားလေတော့သည် ။ ခြေထောက်သို့ ငုံ့ကြည့်လိုက် သောအခါ ကင်းမြီးကောက် အကိုက်ခံရသော ဒါဏ်ရာများကို တွေ့ရလေသည် ။ ကျွန်ုပ်လည်း ဒီတစ်ခါ သွားပြီဟု စိတ်ထဲက ထင်လိုက်မိသည် ။ သို့သော် ကျွန်ုပ်ဖတ်ဖူးသော မိတ်လိုက်ချိန်တွင် အဆိပ်မရှိဆိုသည်မှာ မှန်သည်လား ရွာဘုန်းကြီး၏ ဆေးကပဲ စွမ်းသည်လားမသိ မူးဝေခြင်း သတိလစ်ခြင်းစသော အဆိပ်တက်ခြင်း လက္ခဏာများ အား မခံစားရပေ ။ ကျွန်ုပ်လည်း နာရီဝက်ခန့် အမောဖြေပြီးမှ ရှေ့ဆက်ရမည့် ခရီးအား သေချာ စူးစမ်း ကြည့်ကာ အမောဆို့သွားလေတော့သည် ။

လွန်စွာ ကျယ်ပြောလှသော နွံ့အိုင်ကြီးတစ်ခုကို တွေ့လိုက်ရခြင်းပင်ဖြစ်သည် ။ နွံ့အိုင်ကြီး၏ မျက်နှာပြင်ကား ပြောင်တင်း ကာနေသည် ။ ကျွန်ုပ်လည်း အကြံတစ်ခုရကာ အနေတော်သစ်ချောင်းတစ်ခုကို ယူကာ နွံ့အိုင်ထဲသို့ထိုးစိုက်ကြည့်လိုက်၏ ။ ၁ ပေသာသာခန့်သာ နစ်မြှုပ်သွားသည်ကို တွေ့ရ၏ ။ ကျွန်ုပ်လည်း အားတက် သွားကာ နွံ့အိုင်ထဲသို့ စတင်ခြေချလိုက်လေတော့သည် ။ တဖြည်းဖြည်းချင်းလျောက်သွားရာ နွံ့အိုင်မှာ အနက် ၁ ပေသာသာခန့်ထက် ပို၍ မနက်ကြောင်း သိရလေတော့သည် ။ သို့သော် နွံ့များ ဖြစ်သောကြောင့် သွားရသည်မှာ ခရီးမတွင်လှချေ ။ သွားရင်းသွားရင်းနှင့် ခြေထောက်က လေးလာလေတော့သည် ။ ၄၅ မိနစ်ခန့် အားတင်းပြီး လျောက်မှ တစ်ဖက်ကမ်းစပ်ဆီသို့ ရောက်လတော့သည် ။ သို့သော် ခြေထောက်အား ကနုးမြေပေါ်သို့ ပြန်အချ တွင် ကျွန်ုပ်ခြေထောက်အား မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သီးပင်ထိမသွား၏ ။ လူကြီးခြေမ ခန့်ရှိ သော မျော့ကြီးများ တစ်ဖက် အကောင် ၃၀ခန့် ပြွတ်သိပ်စွာ တွယ်ကပ်လာကြခြင်းပင်ဖြစ်၏ ။ လမ်းလျောက် ရင်းလေးလာခြင်းမှာ ဤ မျော့များကြောင့် ဖြစ်နိုင်ပေသည် ။ ကြာကြာနေလျှင် ကျွန်ုပ်တစ်ကိုယ်လုံးရှိသွေးများ ကုန်ခမ်း သွားမည် ဖြစ်သောကြောင့် မျော့များအား ဖယ်ထုတ်ပစ်ရန်ကြိုးစားရတော့သည် ။ အစပိုင်းတွင် မျော့များအား ကျောက်ဓါးနှင့် ခြစ်ထုတ်ကြည့်သေးသည် ။ သို့သော်လေးငါးကောင်သာ ပြုတ်ကျပြီး ကျန်အ ကောင် များကား ဖယ်ထုတ်၍ မရလောက်အောင်ပင် တွယ်ကပ်ကာ နေလေတော့သည် ။

ဘေးဘီဝဲယာသို့ လေ့လာကြည့်ရာ ကံအားလျောစွာပင် ဆေးရွက်ကြီး အပင်များအား အစုလိုက်အပြုံ လိုက်တွေ့ လိုက်ရလေတော့သည် ။ ကျွန်ုပ်လည်း လွန်စွာ အားတက်သွားလေတော့သည် ။ ဆေးရွက်ကြီးအရည်ကား တွားတွား သတ္တ၀ါများ၏ ရန်သူတည်း ။ ကျွန်ုပ်လည်း ဆေးရွက်ကြီးများကို ထုထောင်း၍ အရည်ညှစ်ကာ မျော့များ ပေါ်သို့ ညှစ်ချလိုက်လေတော့ရာ ၄င်းသွေးစုပ်ကောင်များကား တီကိုဆားနှင့်ပက်သကဲ့သို့ တွန့်လိမ်ကာ ပြုတ်ကျကုန်တော့သည် ။ ကျွန်ုပ်လည်း ၄င်းတို့စုပ်ထားသော အပေါက်များအား ဆေးရွက်ကြီးအရည်များ ညှစ်ချပြီး သည်နှင့် ၄င်းဆေးရွက်ကြီးနှင့်ပင် ခြေထောက်အားစည်းထားလိုက်လေတော့သည် ။ ကျွန်ုပ်လည်း ဆက်၍ လျောက်လာခဲ့ရာ မကြာခင် ကျွန်ုပ်၏ တစ်သက်တာတွင် အရွံ့ရှာဆုံးနှင့် မမြင်ရက်စရာ မြင်ကွင်းများ အား ကြုံတွေ့လိုက်ရလေတော့သည် ။

ဤကျွန်းပေါ်တွင် ကျွန်ုပ်တစ်ယောက်တည်း သက်ရှိလူသား ရှိသည်ဟု ကျွန်ုပ်ထင်မြင်ယူဆမိသည်မှာ လွန်စွာ မှားယွင်းကြောင်း တွေ့လိုက်ရပေတော့သည် ။ ကျွန်ုပ်ကား ဒယ်အိုးကဲ့သို့ခွက်သော မြေပြန့်တစ်ခုအား တောင်ကုန်း ပေါ်မှ ဆီးကြည့်သကဲ့သို့ မြင်ကွင်းကား ပီပီပြင် ပြင် မြင်ရလေတော့သည် ။ ကျွန်ုပ်မြင် လိုက်ရသောအရာကား ကျွန်ုပ်တို့လိုပင် လူသား ၊ သို့သော် လူရိုင်းမျိုးနွယ်စုများသာ ဖြစ်၏ ။ ၄င်းတို့၏ လုပ်ရက် ကား လွန်စွာ အကျည်းတန်လှပေသည် ။ ညနေစောင်းအချိန်ရောက်နေပြီ ဖြစ်သောကြောင့် နေရောင်ခြည်ကား တဖြည်းဖြည်း လျော့ရဲကာလာ၏ ။ ၀ါးလုံးများအား ကြက်ခြေခတ်သဏ္ဍာန်ပြုလုပ်ထားကာ ၄င်းဝါးလုံးများ ပေါ်တွင် ဘ၀တူ လူရိုင်းများအား မီးမြှိုက်ထားလေသည် ။ လူရိုင်းအကြီးအကဲကား လွန်စွာ ဒေါသထွက်နေ၍ အပစ်ပေး နေ ဟန်တူ၏ ။ လူရိုင်းများလိုလို လည်ပင်းတွင် ငါးရိုးများနှင့် ငါးခေါင်းများကို ချိတ်ဆွဲထားပြီး လူလက် ဖျံရိုးများကိုလည်း ကိုင်ဆောင်ထားကြသည် ။ လူရိုင်းအကြီးအကဲဖြစ်ဟန်တူသူ၏ ခါးတွင်ကား အရိုးခေါင်းများ အား အစီအရီ ချိတ်ဆွဲထားလေသည် ။ လူရိုင်းများကား ခါးအောက်ပိုင်းတွင် သစ်ရွက်များဖြင့် နံငယ်ပိုင်းများသာ ရှိပြီး မိန်းမရော ယောင်္ကျားရော ခန္ဓာကိုယ်အထက်ပိုင်းတွင် မည်သည့်အ၀တ်မျှ ၀တ်ဆင်ထားခြင်းမရှိပေ ။ ၀ါးကြက် ခြေခတ်ပေါ်ရှိ လူရိုင်းများကား မေ့မျောနေဟန်တူသည် ။ မကြာခင် လူရိုင်းခေါင်းဆောင်၏ အမိန့်ပေးမှု ကြောင့် လူရိုင်းများက မီးအ၇ှိန်ကို ထပ်၍ မြှင့်လိုက်လေတော့သည် ။

(၁၁)

လူရိုင်းများ တီးသော ဗုံသံကား ကျွန်ုပ်နှလုံးသားအား လာ၍ တူနှင့်ရိုက်နေသကဲ့သို့ ခံစာရပေသည် ။ မကြာခင် မီးမြှိုက်ခံ ထားရသော လူရိုင်းမှာ အသားများနီရဲတက်လာလေသည် ။ ညှော်နံ့များကား ကျွန်ုပ်နှာခေါင်းနီးသို့ ပင်လာ ရောက်နေ၍ နှာခေါင်းအား အုပ်ထားရလေသည် ။ အသားများကျက်နေပြီ ဖြစ်သော လူရိုင်းအား ၀ါးကပ်မှ ဖြုတ်ကာ အပိုင်းပိုင်း အထစ်ထစ် ခုတ်ထစ်နေကြလေတော့သည် ။ ၄င်းလူရိုင်းများသည် အသင့်ယူဆောင်လာသော လင်ပန်းကြီးများပေါ်တွင် ဦးခေါင်း ၊ လက် ၊ ခြေ ၊ ကလီစာ အစရှိသည်များကို တစ်ပုံစီပုံကာ ယူဆောင်သွားကြလေတော့သည် ။ ကျွန်ုပ်လည်း ဆက်၍ သိချင်စိတ်ဖြစ်လာကာ ၄င်းလူရိုင်းများနောက်သို့ တိတ်တဆိတ် လိုက်၍ ချောင်းမိလေတော့သည်။ လူရိုင်းများကား နာရီဝက်ခန့် လျောက်သွားပြီးသည်နှင့် ကျောက်ဆောင် နှစ်ခုကြားသို့ အလျိုလျို ၀င်ရောက်သွားကြလေတော့သည် ။ ကျွန်ုပ်လည်း အခြေအနေကို အကဲခတ် ကာ ကျောက်ဆောင်ကြားသို့ လိုက်၍ ၀င်မိလေသည် ။ အတွင်းသို့ရောက်လျင် ကျောက်ဆောင် အကွယ်သို့ အလျင်အမြန် ပုန်းကွယ်လိုက်ရလေတော့သည် ။ မြင်လိုက်ရသော မြင်ကွင်းကြောင့် လွန်စွာ အံ့သြသွားမိ လေတော့သည်။ ပေ ၅၀ ခန့်မျှ ၇ှိသော ဧရာမ ရုပ်ထုကြီးတစ်ခုကို ဘွားကနဲတွေ့ လိုက်ရသော ကြောင့် ပင် ဖြစ်သည် ။

နတ်ရုပ်ထုကြီးကား လွန်စွာ ကျက်သရေကင်းမဲ့လေသည် ။ အစွယ်နှစ်ချောင်းနှင့် ဘီဘူးလိုလို ငှက်လိုလို အကောင်ကြီး ပင်ဖြစ်၏ ။ ဤအကောင်ကြီး၏ အောက်ခြေတွင် လင်ပန်းများအား ချကာ လူရိုင်းအားလုံး ဒူးထောက် ထိုင်ကြလေတော့သည် ။ ၄င်းတို့၏ နှုတ်မှလည်း နားလည်ရခက်ခဲသော ဘာသာစကားများအား ရေရွတ်နေ လေတော့သည် ။ ထိုသို့ ရေရွတ်နေချိန်တွင်လည်း ဗုံတီးသော လူရိုင်းများက ဗုံသံများကို အဆက်မ ပြတ် တီးခတ်နေလေတော့သည် ။ ဗုံသံများ ရပ်သွားသည်နှင့် နတ်ရုပ်ထုကြီး၏ ၀မ်းဗိုက်အတွင်းတွင် လူတစ်ကိုယ် စာ အပေါက်တစ်ခု ပွင့်သွားလေတော့သည် ။ ထိုအပေါက်ထဲမှ လက်ပြန်ကြိုးတုပ်ထားသော လူရိုင်း ငါးဦး ခန့်ထွက်လာလေတော့သည် ။လူရိုင်း ခေါင်းဆောင်ကား မည်သည့် စကားများ ရေရွတ်နေသည်မသိ ။ ၄င်း၏ စကားဆုံးသည်နှင့် လူရိုင်းများကား အသင့်ကိုင်ထားသော ၀ါးချွန် ၊ ဓါး ၊ ပုစိန်နှင့် အခြားလက်နက်များအား အသုံးပြု ကာ လူရိုင်းများအား ခုတ်ထစ်သတ်ဖြတ်ကျလေတော့သည် ။ ရွံစရာအကောင်းဆုံးမှာကား ၄င်းတို့ ခုတ်ထစ်ထား သော အသားပိုင်းများအား ကိုယ်ရရာ ကိုယ်စားကြခြင်းပင် ဖြစ်သည် ။ လက်ချောင်းရသူက လက်ကို အစိမ်းလိုက်စား၏ ။ ခေါင်းရသူက ခေါင်းကို အစိမ်းလိုက်စား၏ ။ ဇတ်တူသားစားနေသော အသိဥာဏ်မဲ့ လူရိုင်းများအား ရွံ့ရှာလှသည်ဖြစ်၍ ကျွန်ုပ်သည် ဦးခေါင်းအား တစ်ဖက်သို့ လှည့်လိုက်ရာ ရုတ်တရက် ဦးခေါင်း မှာ ပူကနဲ ဖြစ်သွားပြီး အရာအားလုံးမှောင်မိုက်သွားလေတော့သည် ။

မပီဝိုးတ၀ါး ပုံရိပ်များကြောင့် မျက်လုံးအား အားယူပြီး ဖွင့်ကြည့်မိ၏ ။

" ဆရာ..ဆရာ... သတိရလာပြီလား ဆရာ.. မျက်လုံး ဖွင့်ကြည့်ပါဦး "

" ရေ...ရေ..."

" ရမယ်ဆရာ ..ဒီမှာ ရေရော့...ရော့ "

ကျွန်ုပ်မှာ ခေါ်သံများကြောင့် အားယူ၍ မျက်လုံးကို ဖွင့်ကြည့်ရာ ဦးခေါင်းတစ်ခုလုံးကျိန်စပ်နေမှုကြောင့် မျက်လုံး ကို ပြန်မှိတ်ကာ ရေငတ်လွန်းရကား ရေကို အရင်တောင်းလိုက်၏ ။ ထို့ နောက် မျက်လုံးအား အားယူ၍ ဖွင့်ကြည့် လိုက်ရာ.. အလို ကျွန်ုပ်တည့် ထွန်းလူနှင့် ညိုမောင်တို့ နှစ်ယောက်ပင်ဖြစ်၏ ။ ပတ်ဝန်းကျင်အား လှည့်ပတ်၍ ကြည့်လိုက်ရာ ကျွန်ုပ်တို့ကား ဂူကြီး တစ်ခုအတွင်းသို့ ရောက်နေဟန်တူသည် ။

" အား..ကျွတ်ကျွတ်.. ဒါနဲ့ မင်းတို့ နှစ်ယောက်က ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ဒေါက်တာနိုင်ဇော်ရော "

" ကျွန်တော်တို့လည်း ဖောင်ပျက်ပြီး ဒီကျွန်းပေါ်ကို ရောက်လာတာပဲ ဆရာ ... အမှန်တော့ ဒီကျွန်းကြီးက ဆရာသွား ချင်နေတဲ့ မရဏကျွန်းပဲ ဖြစ်ရမယ် ..ဒီကျွန်းပေါ်မှာ လူသားစား လူရိုင်းမျိုးနွယ်စုတွေရော ထူးထူးဆန်း ဆန်း သတ္တ၀ါတွေရော အစုံပါပဲ ဆရာ ကျွန်တော်တို့လည်း မနေ့ကမှ အဖမ်းခံခဲ့ရတာပါ ဒီလိုပါဆရာ ..မုန်တိုင်း ကြောင့် ဖောင်ပျက်သွားပြီး ကျွန်တော်ရယ် ၊ ညိုမောင်ရယ် နှစ်ယောက် ကမ်းပေါ်လှိုင်းပုတ်လို့ ရောက်လာ ခဲ့ကြတယ် ဒီလိုနဲ့ ကျွန်းပေါ်မှာ ရရာစားပြီး အုန်းရေသောက် အသက်ရှင်နေရတာပဲ မနေ့ကမှ ကျွန်းပေါ် လျောက်သွား နေမိတုန်း ဒီကောင်တွေနဲ့ တွေ့ပြီး အဖမ်းခံကြရတာပဲ ကျွန်တော်ဖြင့် ဆရာနဲ့ ပြန်တွေ့ရတာ သိပ်အားရှိတာပဲဆရာ "

" အေးပါကွာ ငါးလည်းမင်းတို့ နှစ်ယောက်နဲ့ ပြန်တွေ့ရတာ အားရှိပါတယ် ဒါနဲ့ ဒီကျွန်းပေါ်မှာ ဒေါက်တာနိုင်ဇော် ကိုရော တွေ့မိသေးလား "

" မတွေ့မိဘူးဆရာ သူလည်း ဘယ်သောင်ပြင်ရောက်နေပြီလည်းမသိဘူး အသက်မှ ရှင်လျှက်ပဲလားမသိဘူး ဆရာ "

" အင်း.. ငါတို့ အခုအခြေအနေက သိပ်မကောင်းဘူးကွ မကြာခင်ငါတို့အားလုံး အရှင်လတ်လတ် ယဇ်ပူဇော် ခံရပြီး အစားခံရနိုင်တယ် ဒီတော့ ဒီကောင်တွေလက်က လွတ်အောင်တနည်းနည်းတော့ကြံရမယ်ကွ "

" ဟုတ်တယ်ဆရာ ဒီအတိုင်းတော့ ကျွန်တော်တို့အားလုံး အသေမခံနိုင်ဘူး "

" အင်း မင်းတို့ ပြောသလို ဒီကျွန်းက Death Island ဖြစ်နိုင်တယ် နောက်ပြီး ဒေါက်တာ နိုင်ဇော်နဲ့ငါ မြေပုံကြည့်တုန်းက ငါမြေပုံကို မှတ်မိတယ် ဒီကျွန်းပေါ်က မြင်ကွင်းတွေနဲ့ အတော်ဆင်တယ်ကွ နောက်ပြီး ဒီကျွန်းပေါ်မှာ အန္တရာယ်ပေါ်မယ့် အကောင်ဗလောင်တွေ အစုံပဲဟေ့ "

ကျွန်ုပ်လည်း ပြောပြောဆိုဆို အခန်းကိုလေ့ လာလိုက်သည် ။ အခန်းကား ပြတင်းပေါက်တစ်ခုရှိပြီး တံခါးမကြီးကို ပိတ်ထားဟန်ရှိသည် ။

(၁၂)

တံခါးမကြီးဟု ဆိုသော်လည်း လူတစ်ယောက်ဝင်ယုံလောက်သာ အပေါက်ဖြစ်၏ ။ ပြတင်းပေါက်နားသို့သွားကာ အပြင်သို့ လေ့လာကြည့်သောအခါ လူရိုင်းများကား ကျွန်ုပ်တို့ ရှိရာ အခန်းသို့ မျက်နာမူကာ ငြိမ်သက်စွာ ထိုင် နေကြ၏ ။ ဤ အတိုင်းဆိုလျှင် ကျွန်ုပ်တို့ကား ရုပ်ထုကြီး၏ ၀မ်းဗိုက်အတွင်းရှိ အခန်းတွင်းသို့ ရောက်နေ ဟန်တူ၏ ။

" ကျွီ...."

အခန်းတံခါးမှ အသံမြည်လာကာ လူရိုင်းငါးယောက်ခန့် လှံရှည်များကိုင်ကာ ၀င်လာကြ၏ ။ ကျွန်ုပ်အား ထွန်းလူနှင့် ညိုမောင်တို့နား ထိုင်စေရန် ခြေဟန်လက်ဟန်နှင့် ပြလေသည် ။ ကျွန်ုပ်လည်း အခြေအနေကို အကဲခတ် လိုရကား လူရိုင်းများ ပြောသည့်အတိုင်းသွား ထိုင်လိုက်၏ ။ လူရိုင်းများသည် ကျွန်ုပ်အား ဖမ်းဆီးစဉ်က ကျောက်လက်နက်များအား အကုန်သိမ်းသွားသော်လည်း ကျွန်ုပ်ခြေနှစ်ချောင်းတွင် ကပ်ချည်ထား သော ကျောက်ဓါးမြှောင်နှစ်ချောင်းကိုမူ မမြင်ဟန်တူကာ သိမ်းဆည်းခြင်းမပြုခဲ့ပေ ။ အရေးကြုံလာပါက အသုံးပြု ရန် ကြိုတင်စဉ်းစားထားလိုက်လေသည် ။ မကြာမီ လူရိုင်းများသည် ကျွန်ုပ်တို့ သုံးဦးအား တစ်ဦးစီ လက်ပြန်ကြိုးတုပ်ကာ အပေါက်ဝမှ ထွက်ရန် ခြေဟန်လက်ဟန်ဖြင့်ပြောလေသည် ။ ကျွန်ုပ်ကား ရှေ့ဆုံးမှ ထွက်သွားလိုက်လေသည် ။

ကျွန်ုပ်တို့ သုံးဦး ထွက်လာသည်ကို မြင်သောအခါ လူရိုင်းများသည် သူတို့ ဘာသာစကားဖြင့် ပျော်ရွှင်စွာ ကခုန်နေကြ လေသည် ။ ကျွန်ုပ်ချောင်းမြောင်းကြည့်စဉ်က ဤအပေါက်ဝမှနေ၍ လက်ပြန်ကြိုးတုပ်ထားသော လူရိုင်းအား အရှင်လတ်လတ် သတ်ဖြတ်စားသောက်ကြသည်ကို တွေးမိသောအခါ အနည်းငယ်တော့ သွေးပျက်သွား သည်မှာ အမှန်ပင် ။ သို့သော် အန္တာရယ်နှင့်တွေ့လျှင် သွေးအေးတတ်သည့် ကျွန်ုပ်၏ဥာဉ်အတိုင်း မီးစင်ကြည့်ကရန်သာ ဆုံး ဖြတ်လိုက်လေသည် ။ကျွန်ုပ်ထင်သည့်အတိုင်းပင် မကြာမီ ခေါင်းဆောင် ရောက်လာပြီး ကျွန်ုပ်တို့ သုံးဦးအား ကြည့်ကာ မနှစ်မြို့ဟန်နှင့် ၄င်းတို့ ဘာသာစကားနှင့် ဒေါသတကြီး ပြောဆိုနေ တော့သည် ။ မကြာမီ ခေါင်းဆောင်သည် သူ၏ လှံကို ကိုင်မြှောက်ကာ ကျွန်ုပ်တို့ သုံးဦးအား သတ်ဖြတ်ရန် အမိန့်ပေးလိုက်လေတော့သည် ။ ၄င်း၏ အမိန့်ပေးစကား ဆုံးဆုံးခြင်းပင် ကျွန်ုပ်လည်း ခွန်အားရှိ သမျှ ခုန်လိုက်ကာ ခေါင်းဆောင်၏ မျက်နှာအား မိမိရရ ကန်ချလိုက်လေသည် ။ အမှတ်တမဲ့ တိုက်ခိုက်မှုကြောင့် လူရိုင်းများကား ကျွန်ုပ်ကို ကြောင်ပြီး ကြည့်နေကြသည် ။

ကျွန်ုပ်လည်း အချိန်ဆွဲမနေတော့ပဲ ယိုင်ထွက်သွားသော ခေါင်းဆောင်၏ မျက်နှာအား လေတွင်ဝဲကာ ကျွန်ုပ်၏ ဒူးခေါင်းနှင့် ခုန်ပျံတိုက်ချလိုက်လေသည် ။ ခေါင်းဆောင်ဖြစ်သူကား ခေတ္တမျှ လောကကြီးနှင့် အဆက်ပြတ် သွားလေတော့သည် ။

" ပြေး..ပြေး...ညိုမောင် ထွန်းလူ အမြန်ပြေး "

ကျွန်ုပ်လည်း သတိပေးကာ အနီးဆုံးလူရိုင်းအား ခြေနှင့် ရင်ဝအား ကန်ထည့်လိုက်လေသည် ။ ကျွန်ုပ်ကြိုးစားကာ တိတ်တဆိတ်ဖြေခဲ့သော လက်ပြန်ကြိုးမှာ လည်း ပြုတ်သွားပြီဖြစ်၍ ဒင်းတို့အား ခြေမှ ကျောက်ဓါးနှစ်ချောင်းနှင့် တိုက်ခိုက်ရတော့သည် ။ ညိုမောင်နှင့် ထွန်းလူတို့၏ လက်ပြန်ကြိုးများအား ဖြေပေးလိုက်ကာ လူရိုင်းအုပ်ကြီး အား ဖောက်ထွက်ရန် ကြိုးစားရတော့သည် ။

သို့သော် သကြားခဲကို ၀ိုင်းအုံသော ပုရွက်ဆိတ်များပမာ ။ လူရိုင်းများကား ပိုမိုများပြားလာလေတော့သည် ။ ကြာလျှင် ကျွန်ုပ်တို့ ခြေကုန်လက်ပမ်းကျယုံသာ ရှိတော့သည် ။ ထိုအခိုက် " ဒိုင်း..ဒိုင်း..ဒိုင်း..." သေနတ်သံများကို ဆက်တိုက်ကြား လိုက်ရကာ လူရိုင်းများကား အတုန်းအရုန်းကျဆုံးကုန်လေတော့သည် ။ ကျွန်ုပ်တို့၏ ကယ်တင်ရှင် ကား ဒေါက်တာနိုင်ဇော် ။ သေနတ်ကို ကိုင်၍ စိမ်ပြေနပြေ လူရိုင်းများအား တစ်ယောက်ပြီး တစ်ယောက် ပစ်ချနေလေတော့သည် ။ လူရိုင်းများသည် သေနတ်သံကို လွန်စွာ ကြောက်ရွံ့ကာ ဖယိုဖရဲနှင့် ၀ါးစည်းပြေ သကဲ့သို့ ဖြစ်နေလေတော့သည် ။

" လာဗျိှု့ ကိုသက်တန့် ဒီဖက်ကိုလာ ကျွန်တော်ခံပစ်ပေးထားမယ် ဒီဖက်ကို ဖောက်ထွက်ခဲ့ "

ဒေါက်တာနိုင်ဇော်ကား ပါးစပ်မှလည်းပြော လက်မှလည်း လူရိုင်းများအား တရစပ်ပစ်ချနေလေတော့သည် ။ ကျွန်ုပ်တို့ကား ဒေါက်တာနိုင်ဇော်ဆီသို့ ရောက်အောင်ပြေးကာ ခံပစ်ပစ်ရင်း လူရိုင်းများနှင့် ဝေးရာသို့ ထွက်ပြေး ခဲ့ကြလေတော့သည် ။ နာရီ ၃၀ ခန့်မျှ မရပ်နားပဲ တရစပ် တောနက်ထဲသို့ ပြေးထွက်ခဲ့ကြလေတော့သည် ။ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းလည်း မသိတော့ပေ ။

လူရိုင်းများနှင့် အတော်ဝေးလောက်ပြီဟု ယူဆမှသာ ကျွန်ုပ်တို့လည်း အမောဖြေကြလေတော့သည် ။

" ဘယ့်နှယ့်တုန်း အတော်လန့်သွားကြသလားဗျို့ "

" ဟဟဟ ..အတော်လေးကောင်းတဲ့ အတွေ့အကြုံပါပဲဗျာ ဒီလို ခေတ်ကြီးထဲမှာ ရှေးကျတဲ့ အသားစား လူရိုင်းတွေ ကျန်နေသေးတာ ကျွန်တော်တော့်မစဉ်းစားတတ်အောင်ပါပဲ ကိုနိုင်ဇော်ရေ ဒါနဲ့ ခင်ဗျားလည်း ဒီကျွန်းပေါ် ကို မျောပြီး ရောက်လာတာပဲလား "

" ဟုတ်တယ်ဗျ မုန်းတိုင်းမိပြီး ကျွန်တော်လည်း သောင်ပြင်မှာလာတင်နေတာပဲ ဒီကျွန်းပေါ်မှာ အတော် ကြောက်စ ရာကောင်းတဲ့ အကောင်တွေလည်း ရှိတယ်ဗျို့ နောက်ပြီး ဒီလူရိုင်းတွေကို ကျနော်တွေ့တာ ကြာပြီဗျ ဒီကောင်တွေက ဒီကျွန်းပေါ်မှာ နှစ်ပေါင်း ရာချီပြီး နေနေတဲ့ကောင်တွေ ပြင်ပလောကနဲ့ အဆက်ပြတ်နေ တာပေါ့ဗျာ နောက်ပြီး အရေးကြီးတာ တစ်ချက်ရှိသေးတယ်ဗျ မြေပုံပေါ်က ရတနာတွေ ရှိတဲ့နေရာကို ကျွန်တော် တွေ့ထားပြီးပြီဗျ "

" ဟုတ်လား ဒီကျွန်းပေါ်မှာ ပဲလားဗျ "

" ဟုတ်ပါ့ အရင်ကတော့ ပင်လယ်ဓါးပြတွေက ဂူတွေထဲမှာ ၀ှက်ထားခဲ့ကြတာဗျ နောက်တော့ လူရိုင်းတွေက ရတနာတွေတွေ့ပြီး သူတို့ ရုပ်ထုကြီးကို ပူဇော်ပသဖို့ ရုပ်ထုကြီးရဲ့ ၀မ်းဗိုက်ထဲက အခန်းထဲကို ရွေ့ထားကြလိုက်ကြတယ်နဲ့ တူတယ်ဗျ ဒီတော့ ကျွန်တော်တို့ အခုလုပ်ကြရမှာက ရတနာတွေမယူပဲနဲ့ ဖောင်ဖွဲ့ပြီး ကျွန်းနီကြီးဆီပဲ ပြန်သွားကြမလား ဒါမှမဟုတ် လူရိုင်းတွေဆီင်္ တစ်ခေါက်ပြန်ပြီး ရတနာတွေ ပြန်ယူကြမလားဗျို့ "

" အင်းစဉ်းစားစရာပဲဗျို့ ကျွန်တော့်သဘောကတော့ ရတနာတွေကို ဘာမဟုတ်တဲ့ နေရာမှာ တိမ်မြုပ် ပျောက် ကွယ်မနေစေချင်ဘူး ဒီတော့ ရတနာတွေ ပြန်ယူမယ်လို့ စဉ်းစားတယ် ကိုနိုင်ဇော်ကရော "

" ကျုပ်လည်း ဒီအတိုင်းပဲဗျို့ ရရင်လည်းစံ မရရင်လည်းခံပေါ့ ရခဲ့ရင် နိုင်ငံတော်ကို တစ်ဝက်လှူမယ်ဗျာ ကျန်တစ် ၀က်ကို ကျွန်တော်တို့ခွဲဝေယူကြတာပေါ့ ကဲ ညိုမောင်နဲ့ ထွန်းလူတို့ သဘောကရော "

" ကျွန်တော်တို့ကတော့ ခုနက တိုက်ပွဲကို ကြုံပြီးကတည်းက ဆရာတို့ ရှိမယ်ဆို ဘယ်ပဲလိုက်ရလိုက်ရ လိုက်ဝံ့ပြီး သားပါဗျာ "

ဟုပြေလေသည် ။ ကျွန်ုပ်လည်း ရုတ်တရက်စကားပြောနေရာမှာ ခြေထောက်မှ ကျောက်ဓါးဖြင့် ဒေါက်တာ နိုင်ဇော်၏ မျက်နှာအား လှမ်း၍ ပေါက်လိုက်လေသည် ။ ဒေါက်တာနိုင်ဇော်ကား စိတ်လှုပ်ရှားဟန်မပြပဲ ငြိမ်သက် စွာ ပင်ရှိလေသည် ။

အပိုင်း (၅) မျှော်

သက်တန့်ချို (၂၇ ဧပရယ် ၂၀၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 26, 2010

ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၃)


ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၃)



(၆)

သို့နှင့် ကျွန်ုပ်တို့အဖွဲ့လည်း ရိက္ခာများ စုစည်းပြီးသည်နှင့် မော်တော်တစ်စင်းဌားရမ်းရလေသည် ။ မော်တော်ကား အတော်အသင့်ကြီးမားပြီး မောင်းသူတစ်ယောက်နှင့် အကူနှစ်ယောက်ပါလေသည် ။ သို့နှင့် ကျွန်ုပ်တို့ အဖွဲ့နှင့် ပေါင်းလိုက်သောအခါ ၇ ယောက်ဖြစ်သွားပြီး မရဏခရီး (သို့မဟုတ်)နတ်သစ်ခွဖြူ ရှာပုံတော်ခရီးအား စတင် ခဲ့ကြ လေတော့သည် ။

ရာသီဥတုကား ကြည်လင်လှပေသည် ။ ပထမတစ်ရက် နှစ်ရက်တွင် ကမ်းရိုးတန်း ရှုခင်းများ ကျောက်ဆောင်များ နှင့် ငါးဖမ်းသင်္ဘောများအား ကြည့်ရင် ကြည်နူးပျော်ရွှင်နေခဲ့ကြသည်။ နောက် သုံးရက်မြောက်သောနေ့တွင်ကား ပင်လယ်ပြင်သို့ ရောက်ပြီ ဖြစ်သောကြောင့် အရပ်ရှစ်မျက်နှာလုံး အပြာရောင် ပိတ်ကားကြီး သဖွယ် ပြည့်နှက် နေတော့သည်။ ကျွန်ုပ်ကား လေကောင်းလေသန့်ရှုရင်း ကုန်းပတ်ပေါ်တွင် ရပ်နေခဲ့သည် ။ ထို့နောက် စက်ခေါင်းသို့သွားကာ ခရီးစဉ်အား မေးမြန်းလိုက်သည် ။

“ ကျွန်တော်တို့ သွားမယ့် ကျွန်းက အတော်ဝေးသလားဗျ”

“ အင်းမြေပုံထဲကအတိုင်းဆို အဲဒီကျွန်းကို တိုက်ရိုက်သွားလို့မရဘူးဗျ သူနဲ့ အနီးဆုံး ဖြစ်တဲ့ ကျွန်းနီကြီးဆီကို အရင်သွားရမယ် ကျွန်းနီကြီးက ငါးဖမ်းစက်လှေတွေ ခဏ တဖြုတ်နားတဲ့နေရာလေ အဲဒီကျွန်းနီကြီးဆီရောက်မှ ဖောင်ဖွဲ့ပြီး မရဏကျွန်းကို သွားရမှာ ကျွန်တော်တို့ စက်လှေက ကျွန်းနီကြီး ထိပဲလိုက်ပို့နိုင်မှာ ဗျ ဟိုဘက်ပိုင်း ဆို ကျောက်တောင်တွေ တအားများတဲ့အတွက် အရမ်း အန္တရာယ်များတယ်”

“ အော်..ဟုတ်ကဲ့ ဒါနဲ့ အဲဒီကျွန်းနီကြီးဆီရောက်ဖို့ နောက်ထပ် ဘယ်နှစ်ရက်လောက် ကြာဦးမလဲဗျ”

“ အင်း ..ရာသီဥတုကောင်းရင်တော့ နောက် ငါးရက်လောက်ဆို ရောက်ပါပြီ အဲ..ရာသီဥတုဆိုးရင်တော့ ဒီထက်ကြာ သွားချင်လည်း ကြာနိုင်တယ်ဗျ”

ဟု ပြန်ဖြေလေသည်။ သို့နှင့် ကျွန်ုပ်လည်း နောက်ထပ်သိချင်သည်လေးများအား မေးကာ အခန်းသို့ ပြန်ခဲ့ လေသည် ။

ဒေါက်တာ နိုင်ဇော်ကား လက်စွဲတော်သေနတ်အား တိုက်ချွတ်ဆေးကြောနေလေသည်။ ကျွန်ုပ်အား တွေ့သော အခါ

“ လာဗျို့ ကိုသက်တန့်ရေ အခြေအနေက ပြောမရဘူးဗျ နောက်လာမယ့် အချိန်မှာ အန္တရာယ်တွေ ဘာတွေ တွေ့ရင်တွေ့နိုင်တယ်ဗျ ဒါကြောင့် ဒီကောင်ကြီးကို သနေတာ”

ဟု ၄င်း၏ လက်စွဲတော် သေနတ်အား ပြရင်းပြောလေသည် ။ ကျွန်ုပ်လည်း မြေပုံကို ထုတ်ကာ ရှေ့ဆက်ရမည့် ခရီးအား တိုင်ပင်လေသည်။

“ အင်း ဒီတိုင်းဆို ကျွန်းနီကြီးဆီ ရောက်မှ နောက်ထပ် စီစဉ်ရတော့မှာပဲဗျ ဘယ်တတ်နိုင်မလဲဗျာ ကျောက်ဆောင် တွေပေါတော့လည်း မော်တော်သမားတွေက ဘယ်လိုက်ချင်ပါ့မလဲ”

ဟု ဒေါက်တာနိုင်ဇော်က ပြောလေသည် ။ ထိုအခိုက် ညိုမောင်ဝင်လာကာ

“ ဆရာတို့ ထမင်းစားလို့ရပြီဗျို့ ပင်လယ်ငါးခူ နဲ့ ပုဇွန်ထုပ်ဆီပြန် ကျောက်ပွင့်သုပ်နဲ့ ရေညှိဟင်းခါး စီစဉ် ထားတယ်”

“ ဟား..ဟား...ပင်လယ်စာတွေချည်းပါလားကွ”

ဟု ကျွန်ုပ်ကပြောလိုက်လေတော့သည်။ သို့နှင့် ထမင်းစားခန်းထဲသို့ ၀င်ကာ ထမင်းစားသောက်ပြီးနောက် ကျွန်ုပ်လည်း ပျင်းရာကောင်းလှသော ပင်လယ်ပြင်ကြီးတွင် ပုံမှန်ခုတ်မောင်းနေသော မော်တော်ပေါ်၌ ပျင်းရိစွာ အိပ်စက် လိုက်လေတော့သည် ။ ယခုအချိန်ထိသော အရာရာသည် ပုံမှန်အတိုင်း အေးချမ်းစွာ လည်ပတ် တုန်းပင် ။ နောက်ရက်များတွင်လည်း ကျွန်ုပ်တို့သည် ငါးမျှားလိုက် မြေပုံ ထုတ်ကြည့်လိုက် ရှေးဟောင်း နှောင်းဖြစ်တွေပြောလိုက်နှင့် အချိန်ကို ကုန်လွန်စေခဲ့လေသည် ။ သို့နှင့် အက်ဒမန်ကျွန်းမှ စထွက်လာပြီး ရှစ်ရက် တိတိကြာသောနေ့တွင် ကျွန်းနီကြီးဆီသို့ ရောက်ခဲ့လေတော့သည် ။

ကျွန်းနီကြီးကား နာမည်နှင့်လိုက်အောင်ပင် ကုန်းမြေများက နီနေသည်။ သဲသောင်ပြင်မှ သဲမှုန်များသည်လည်း အနီရောင်သမ်းနေလေသည်။ ထို့နောက် ကျွန်းနီကြီးပေါ်တွင် ငါးဖမ်းသမားများ တည်းခိုသော လှိုက်ဂူများ အားတွေ့ရလေသည်။ အရင်လူများ နေခဲ့သောကြောင့် နေထိုင်ရသည်မှာ အလွန်အဆင်ပြေလေသည် ။ မော်တော်မောင်းသူက

“ ကဲဒါဆို ကျွန်တော်တို့ ပြန်တော့မယ် ဒီကျွန်းကနေ ဟိုးအရှေ့စူးစူးမှာ မှုန်ပြပြလေး မြင်နေရတဲ့ ကျွန်းက ခင်ဗျားတို့ သွားချင်နေတဲ့ Death Island ပဲ ကျွန်တော်တို့လည်း အလုပ်ရှိသေးလို့ မနားတော့ဘူး တခါတည်း ပြန်တော့မယ် ဒီကျွန်းပေါ်မှာ သစ်ဝါးပေါပါတယ် ဖောင်ဖွဲ့ပြီး ဖြေးဖြေးချင်းသွားရင်ရောက်နိုင်ပါတယ် ဒီကျွန်းပေါ် ကိုတော့ သုံးလတစ်ခါလောက် ငါးဖမ်းစက်လှေတွေလာတတ်ပါတယ်”

ဟုပြောကာ မော်တော်အား လာလမ်းအတိုင်း ပြန်၍ မောင်းနှင်သွားလေတော့သည် ။ ကျွန်ုပ်တို့ လေးဦးလည်း ကျွန်းနီကြီးပေါ်တွင် ကမ်းခြေနှင့်အနီးဆုံး ဂူကြီးထဲတွင် ခဏတည်းခိုရန် ဆုံး ဖြတ်လိုက်လေသည် ။

(၇)

ထို့နောက် ဖောင်ဖွဲ့ရန် လေးယောက်သား စတင်ပြင်ဆင်ရပေတော့သည် ။ ဤတွင် ညိုမောင်ကား အတော် အသုံးဝင်ပေသည် ။

“ ဆရာ ဖောင်ဖွဲ့ဖို့ ကိစ္စကို ကျွန်တော်တို့ တာဝန်ထားလိုက်ပါ ကျွန်တော်နဲ့ ထွန်းလူနဲ့လုပ်လိုက်ပါ့မယ် ဆရာတို့ နှစ်ယောက်က တခြားကိစ္စတွေ တိုင်ပင်နှင့်ပါ”

ဟု ပြောကာ ဓါးမများယူ၍ ကျွန်းပေါ်သို့ ၀င်သွားလေကြတော့သည် ။ ဒေါက်တာ နိုင်ဇော်လည်း သေနတ်ကို ယူကာ အမဲပစ်မည်ဆိုကာ ကျွန်းအတွင်း ပိုင်းသို့ ၀င်သွားလေသည် ။ ထမင်းအိုးတစ်လုံးခန့် ကျက်ခန့်တွင် ဒေါက်တာနိုင်ဇော်ကား ချေတစ်ကောင်ကို ထမ်း၍ ပြန်လာလေသည် ။ ကျွန်ုပ်လည်း ချေကို ဖျက်ကာ ချေသားဟင်းကို စီမံလေသည် ။ ပါလာသော ဆန်များကို ၀ါးဆစ်ပိုင်းများကို ခုတ်၍ ထည့်ကာ အသားခြောက် များနှင့် ရော၍ သဲများတူးကာ မြေမြှုပ်လေသည် ။ ထို့နောက် အပေါ်မှ မီးအုံကာ အပူပေးလေသည်။ ပါလာသော စည်သွတ်ဘူးများကိုလည်း အဆင်သင့် ဖောက်ထားလိုက်လေသည်။ ချေကို ဖျက်ကာ အခြောက်ခံသည့်သည်ကို ခံ၍ ချက်ပြုတ်သင့်သည်ကို ချက်ပြုတ်လိုက်လေသည်။ ညိုမောင်နှင့် ထွန်းလူတို့ကား သစ် ၀ါးများ ခုတ်လာလိုက် လာစုပုံထားလိုက်နှင့် အလုပ်ရှုပ်နေလေတော့သည် ။ အတန်ကြာသောအခါ သဲမြေအောက်မှ ၀ါးကျည် တောက်ကို ယူ၍ ခွဲလိုက်သောအခါ အလွန်မွှေးပျံ့သော ရနံ့ ထွက်ပေါ်လာလေတော့သည် ။ ထို့နောက် ညိုမောင် နှင့် ထွန်းလူတို့အားခေါ်ကာ ကျွန်ုပ်ချက်ထားသော ထမင်းအား ၀ိုင်း၍ စားကြလေတော့သည် ။

“ ဟာ...ဆရာသက်တန့်က တိုက်ရည်ခိုက်ရည်တင်မကဘူး ထမင်းချက်လည်း တယ်ကောင်းကိုးဗျ”

ဟု ညိုမောင်က ချီးမွမ်းလေသည် ။ ထိုအခါ ထွန်းလူက

“ ဟဟဟ.. ဒါခင်ဗျာ ကျုပ်ဆရာ ချက်တဲ့ အခြားဟင်းတွေ မစားဘူးသေးလို့နော် တော်ရုံမိန်းမတွေ လက်ဖျား ခါသွားလောက်တယ်”

ဟုပြောလိုက်လေသည် ။ ဒေါက်တာနိုင်ဇော်ကတော့ ကျွန်ုပ်ချက်ဖူးသော ထမင်းဟင်းများစွာကို တောင်တောင် များလည်ရင်း စားဖူးသောကြောင့် ပြုံးရုံသာ ပြုံးနေတော့သည် ။

ထို့နောက် နောက်ရက်များတွင်လည်း ညိုမောင် ၊ ထွန်းလူက ဖောင်ဖွဲ့ ကျွန်ုပ်က စားသောက်ရေးစီမံ ဒေါက်တာ နိုင်ဇော်ကား အမဲပစ်ထွက်လိုက် မြေပုံကို ကြည့်လိုက်နှင့် အလုပ်များနေလေတော့သည် ။

“ ကျွန်တော်တို့ နောက် နှစ်ရက်လောက်ဆို ဒီကျွန်းကနေ ခွာလို့ရပြီဗျ ဒီကျွန်းကနေ သေမင်းကျွန်းကို သွားတဲ့ လမ်းကို အနီရောင်နဲ့ ပြထားတယ်ဗျ အတော်တော့ အန္တရာယ်များမယ်ထင်တယ် ဘာအန္တရယ် လည်းတော့ မသိဘူး”

“ ဟုတ်တယ်ကိုနိုင်ဇော်ရ ဒီလမ်းကြောင်းမှာ စုပ်ဝဲတွေလည်း ရှိနိုင်တယ် ပြီးတော့ ဟို အနောက်တောင်က နီညိုရောင် လေးကို လည်း ကျွန်တော်သိပ်မကြိုက်လှဘူးဗျ ဒီကောင်မုန်တိုင်းရဲ့ ရှေ့ပြေးနိမိတ်ဗျ ဘယ်အ ချိန်တိုက် မလဲလို့တော့ ခန့်မှန်းလို့မရဘူး နောက် ဒီရေပြင်အရောင်ကို ကြည့်ရတာ အသားစား ငါးမန်းတွေလည်း ရှိနိုင်တယ်ဗျ”

“ အင်း ခင်ဗျားကတော့ အတော်ဗဟုသုတစုံတာပဲဗျာ”

“ ဒီလောက်လည်း မဟုတ်ပါဘူးဗျာ ကြားဖူးတာလေးတွေ မှတ်ထားတာပါ နောက်ပြီး ကျွန်တော်က ဧရာဝတီ သားကိုးဗျ”

ဟု ပြောလိုက်လေတော့သည် ။ သို့နှင့် နောက်နှစ်ရက်ကြာသောအခါ ဖောင်ဖွဲ့ခြင်းကား ပြီးဆုံးသွားလေ၏ ။ ဖောင်ကား အတော်အသင့်ကြီးများပြီး လူလေးယောက်သာသာလေး စီးနိုင်သည် ။ ယာယီတဲလေးတစ်လုံးလည်း ပါဝင်ပြီး လှော်တက်များလည်း ထွင်းထားကြလေသည် ။ သို့နှင့် ကျွန်ုပ်တို့ လေးဦးလည်း ထုပ်ပိုးစရာ ရှိသည်များ ကို ထုပ်ပိုးပြီး ဖောင်ကို ရေသို့ မျှောကာ ကျွန်းနီကြီးအား စွန့်ခွာ ခဲ့ကြလေတော့သည် ။

ရာသီဥတုကား ငွေရောင်လှိုင်းကြက်ခွပ်လေးများကြောင့် သာယာသယောင်ထင်ရလေ၏ ။ ကျွန်ုပ်ကား အနောက် တောင်ဖက်မှ နီညိုရောင်ကိုသာ စိုးရိမ်နေမိသည် ။ သို့သော်လည်း မတတ်နိုင်ပေ ။ မရေရာသည့် အရာကို ထိုင်စောင့်ခြင်းထက် ရေရာသည့်အလုပ်ကို သာ လုပ်ချင်ကြသည့်  ကျွန်ုပ်တို့ ဥာဉ်များကြောင့် ပင်လယ်ပြင် တွင်း ခရီးဆက်ခဲ့ခြင်းသာ ဖြစ်၏ ။ Death Island ကား ဟိုးအဝေး...မှုန်ပြပြသာ ။

“ အင်းကျွန်တော်တို့ ဒီမရဏကျွန်းကို ရောက်ဖို့ လိုအုန်းမယ်ဗျ မုန်တိုင်း မတိုက်ဖို့ကိုသာ ဆုတောင်းရမယ်ဗျာ”

ဟု ဒေါက်တာနိုင်ဇော်က ပြောလေသည် ။ သို့သော် ဒေါက်တာနိုင်ဇော်၏ ဆုတောင်းကား မပြည့်လိုက်ပါချေ ။ ကျွန်ုပ်တို့ ဖောင်ခရီး သုံးရက်မြောက်နေ့ နံနက်ခင်းပိုင်းတွင် ကံကြမ္မာဆိုးကား တင်တိုက်ခိုက်လာလေသည် ။ မိုးကောင်းကင်တစ်ခုလုံး တခဏတွင်းချင်းပင် မဟူရာ ရောင်သမ်းသွားလေတော့သည် ။ ထို့နောက် လှိုင်းတံပိုးများကား ဒေါမာန်ဟုန်ပြင်းစွာဖြင့် ပင်လယ်ပြင်တွင် သောင်းကျန်းလေတော့သည်။ ကျွန်ုပ်တို့ ၀ါးဖောင်လေးကား အပြောကျယ်လှသော သမုဒ္ဒယာလေးအတွင်းတွင် သစ်ရွက်လေးအလား လေသင့်ရာ မျောပါနေတော့သည်။

ကျွန်ုပ်တို့ လေးဦးလည်း ဖောင်ပေါ်မှ လွင့်စင်မကျစေရန်အတွက် အနီးမှ ပစ္စည်းများကို ကိုင်ထားရသည် ။ တစ်ချီတွင် လွန်စွာ ကြီးမားသော လှိုင်းလုံးကြီးက အဝေးမှ နေ၍ ကျွန်ုပ်တို့ ဖောင်လေးဆီသို့ ပြေးလာနေသည် ။ ဒီတစ်ချီတော့သွားပြီဟု ကျွန်ုပ်တွေးထင်လိုက်၏ ။ ထင်သည့်အတိုင်းပင် ကျွန်ုပ်တို့ ဖောင်လေးကား ပေ ၃၀ ခန့်ထိ မြင့်တက်သွားလေသည်။ ထို့နောက် ရေပြင်သို့ ပြန်အကျတွင် ကျွန်ုပ် ဦးခေါင်းတွင် ပူကနဲ ဖြစ်သွားပြီး အရာရာသည် မှောင်မိုက်သွားလေတော့သည် ။ ဒေါက်တာနိုင်ဇော် ၊ ညိုမောင် ၊ ထွန်းလူတို့လည်း ဘယ်ရောက် ကုန်သည်မသိ အသက်ရှင်သည် သေသည်ကိုပင်မသိရသေးပေ ။ ကျွန်ုပ်လည်း သတိလစ်ပြီး ရေထဲမျော ပါလာရာမှ ရေစီးကြောင်းသင့်သဖြင့် ဤကျွန်းပေါ်သို့ မျောပါလာဟန်တူသည် ။

ကျွန်ုပ်လည်း အတွေးလွန်သွားသဖြင့် အတော်ညဥ့်နက်သွားကာ မနက် နေထိုးမှ နိုးလေသည်။ သို့နှင့် ကျွန်ုပ်လည်း ညက ယူလာသော အုန်းသီးတစ်လုံးကို ခွဲကာ အဆာပြေသောက်လိုက်ပြီး ညက ချန်ထားသော ပုဇွန်ကင်အားလှမ်းလိုက်ရာ ပုဇွန်ကင်ကား မရှိတော့ပေ ။ ကျွန်ုပ်လည်း စဉ်းစားမတတ်အောင်ဖြစ်သွားပြီး ဤကျွန်းပေါ်တွင် ကျွန်ုပ် အပြင်အခြား သက်ရှိတစ်ဦးများ ရှိသေးသလော ။ ပုဇွန်ကင်သည် သူ့ဟာ သူတော့ ခြေထောက်ပေါက်ပြီး ထွက်မပြေးတန်ရာ ။

ကျွန်ုပ်လည်း ဆက်၍ မစဉ်းစားတော့ပဲ သောက်ရေရှာရန် ကျွန်းအတွင်းပိုင်းသို့ ၀င်ခဲ့လေတော့သည် ။ အနေတော် သစ်ဝါးများကို ဖြတ်တောက်ကာ စို့ ပုံသဏ္ဍာန်များ ပြုလုပ်ပြီး ဆောင်ယူခဲ့လေသည် ။ အန္တရာယ်နှင့် တွေ့သောအခါ လက်နက်သည် တိုက်ပွဲတစ်ခုအား အဆုံးအဖြတ်ပေးသော တရားသူကြီးပင်ဖြစ်သည်ဟု ကျွန်ုပ်ယူဆလေသည် ။ ကျွန်းပေါ်သို့ သွားကြည့်မှသာလျှင် ကျွန်းကား ကျွန်ုပ်ထင်ထားသည်ထက် ကြီးမားကြောင်း တွေ့ရလေသည် ။ သို့နှင့် ဆက်လျောက်လာခဲ့ရာ တစ်နေရာတွင် ရေစီးကြောင်းသံကြားရသဖြင့် အသံကြားရာသို့ လိုက်လာခဲ့ရာ ကြည်လင်သော စမ်းချောင်းလေး တစ်ခုကို တွေ့ရလေသည် ။ ကျွန်ုပ်လည်း ယူဆောင်လာသော ဓါးသဏ္ဍာန် ကျောက်လက်နက်နှင့် ၀ါးများအား တစ်ဖက်ပိတ်များ ဖြစ်အောင် ဖြတ်တောက်ပြီး သောက်ရေများကို သယ်ဆောင်ခဲ့လေတော့သည် ။ ထို့နောက် ဂူသို့ရောက်သော် သောက်ရေများ ထားပြီး ဟင်းစားရှာရန်ထွက်ခဲ့လေတော့သည်။ ထိုအခိုက် ကျွန်ုပ်နားထဲတွင် စစ်ချီသော တပ်ကြီးတစ်ထပ် လမ်းလျောက်လာသော အသံများကို ပီပီသသ ကြားလိုက်ရလေသည် ။ ကျွန်ုပ်လည်း အံ့သြလွန်းသဖြင့် သဲသောင်ပြင်နှင့် ကပ်ပြီး နားထောင်ကြည့်ရာ အသံများသည် ကျွန်ုပ်တို့နှင့် ကိုက်၁၀၀ မျှ အကွာမှ လာသော အသံများ ဖြစ်ကြောင်း တွေ့ရလေတော့သည် ။

(၈)

သို့နှင့် အသံကြားရာဆီသို့ ကျွန်ုပ်လည်း လက်နက်များကို ယူ၍ သတိကြီးစွာ ဖြင့် ချဉ်းကပ်ခဲ့လေတော့သည် ။ အတန်ကြာသောအခါ ကျွန်ုပ်၏ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းကို မြင်လိုက် ရသောကြောင့် ကြက်သေသေသွားမိသည် ။ ထောင်ပေါင်းများစွာ သောဂဏန်းနီများသည် ပင် လယ်ပြင် မှ ကျွန်းပေါ်သို့ တက်လာခဲ့ရာ သဲသောင်ပြင်တစ်ခုလုံး ရဲရဲ နီနေလေတော့သည်။



ကျွန်ုပ်လည်း ဤမျှများပြားသော ဂဏန်းနီများကို တစ်ခါမှ မမြင်ဖူးသောကြောင့် ငေးကြည့်နေမိရာ အချိန်အတော်ကြာလေသည် ။ ဂဏန်းနီများသည် ရေထဲတွင် ဥ ဥပြီး သဲသောင်ပြင်သို့ ပြန်တက်လာ ဟန်တူ သည်။ ဆိုင်ရာ ဆိုင်ရာ တွင်းများထဲသို့ ၀င်သွားပြီးနောက် အသီးသီး ၀င်ရောက် ပျောက်ကွယ် သွားကြ လေတော့ သည်။ ကျွန်ုပ်လည်း တွင်းထဲသို့ မ၀င်သေးသော ဂဏန်းနီ များထဲမှ သုံးကောင်ကို ဖမ်းပြီး ဂူသို့ ပြန်လာခဲ့လေတော့သည်။ ဂဏန်းနီများသည် ယောင်္ကျားလက်သီး ဆုပ်ပမာဏခန့် ရှိလေသည်။ ဂဏန်းနီ များကို ခရုခွံထဲထည့်၍ ရေနှင့်ပြုတ်ကာ နွှာပြီးစားသောက်ကြည့်ရာ လွန်စွာ အရသာ ထူးကဲလှကြောင်း တွေ့ရလေသည်။

ကျွန်ုပ်လည်း ဂဏန်း နှစ်ကောင်မျှစားသုံးပြီးနောက် ကျန်တစ်ကောင်အား ညနေမှစားရန်ချန်ထား လိုက်လေ သည် ။ ထို့နောက် အစာရှာဖွေရန် ကျောက်ဆောင်များဆီသို့ သွားရောက်ကာ ငါးပုဇွန်များ ဖမ်းဆီးခဲ့လေ တော့သည် ။ ကျွန်ုပ် ဂူသို့ ပြန်ရောက်သောအခါ စောစောက ထားခဲ့သော ဂဏန်း တစ်ကောင်မှာ မရှိတော့ပေ ။ ကျွန်ုပ်လည်း ဤသို့ အစာများ ပျောက်ဆုံးနေမှုအား လက်သည်တရားခံ တစ်စုံတစ်ခု ရှိရမည်ဟု တွေးတောမိလေသည် ။ ကျွန်ုပ်၏ မိတ်ဆွေများလည်း ဘယ်ရောက်ကုန်ကြသည် မသိပေ ။ ကြောက်ရွံ့ အားငယ်ခြင်းမဟုတ်သောလည်း လူမရှိသူမရှိ ကျွန်းကြီးပေါ်တွင် တစ်ယောက်တည်း နေထိုင် ရခြင်းကား လွန်စွာ အထီးကျန်ဆန်လှပေသည် ။ ကျွန်ုပ်လည်း ပျင်းပျင်းရှိသည်နှင့် ကျောက်လက်နက်များ ပြုလုပ်ပြီး ပင်လယ်ရေ စီးကြောင်းများမှတဆင့် မျောပါလာသော ပစ္စည်းများအား လိုက်လံ ရှာဖွေလေတော့သည် ။ သို့နှင့် အုန်းရေ သောက်လိုက် ငါးကင်ပုဇွန်ကင်စားလိုက်၊ ပင်လယ်ပြင်ကြီးအား ငေးမောကြည့်လိုက်နှင့် အချိန်များအား ကုန်လွန် စေခဲ့တော့သည် ။

ဤ ကျွန်းကြီးပေါ်သို့ ကျွန်ုပ်ရောက်ရှိပြီး ၃ ရက်မြောက်နေ့ညတွင် ထူးဆန်းဖြစ်စဉ်များကို စတင်ကြုံ တွေ့လေတော့သည် ။ ပင်လယ်ပြင်ကား လရောင်ကြောင့် တလှပ်လှပ်ထကာ ရင်သပ်ရှုမောဖွယ်ဖြစ်နေ၏ ။ တစ်ချက်တစ်ချက်တိုက်ခတ်လိုက်သော ရေလှိုင်းသံများမှအပ အရာအားလုံးသည် ပကတိ တိတ်ဆိတ်လျှက် ။

အပိုင်း (၄) မျှော်

သက်တန့်ချို (၂၆ ဧပရယ် ၂၀၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................


Sunday, April 25, 2010

ကျွန်ုပ်နှင့် မနုဿ လူသာစားကျွန်း (အပိုင်း ၂)

ကျွန်ုပ်နှင့် မနုဿ လူသာစားကျွန်း (အပိုင်း ၂)


(၅)

နောက်တစ်နေ့ နံနက်ရောက်သောအခါ ကျွန်ုပ်လည်း ခရီးထွက်ရန် လိုအပ်သော ပစ္စည်းများကို စတင် ၀ယ်ယူလေတော့သည် ။ လွယ်အိတ် ၊ ဓါတ်မီး ၊ ဓါးမြှောင် ၊ ရေဗူး ၊ ရိက္ခာခြောက် စသဖြင့် အကွက် စေ့အောင်ဝယ်ရလေသည် ။ ထို့နောက် နောက်သုံးရက်ခန့်ကြာသောအခါ ကျွန်ုပ်တို့၏ Death Island သို့သွား သော ခရီးကား စတင်ခဲ့ပေတော့သည် ။ ကျွန်ုပ်၏ တပည့်ကျော် ထွန်းလူပါလိုက်ချင်သည် ဆို၍ စုစုပေါင်း သုံးဦး စတင် ခရီးထွက်ခဲ့လေတော့သည် ။ ကျွန်ုပ်တို့သည် ရန်ကုန်မြို့ ဘုန်းကြီးလမ်း ဆိပ်ကမ်းမှတဆင့် မြိတ်မြို့သို့ သင်္ဘောဖြင့် လိုက်ပါခဲ့၏ ။ (စာလေးမည်စိုး၍ လမ်းခရီးအကြောင်း မဖော်ပြတော့ပါ စာမျက်နာချုံ့ကြစို့) လမ်း ခရီး တလျောက် သင်္ဘောပေါ်တွင် မိုးကောင်းကင်ပြာပြာကြီးနှင့် မြစ်ပြင်ရှုခင်းများကို အဖော်ပြု၍ စားလိုက်အိပ် လိုက်နှင့်အချိန်ကုန်လွန်ခဲ့၏ ။နောက် သုံးရက်ကြာသောအခါ မြိတ်ကျွန်းစုသို့ ရောက်ရှိလေသည် ။ မြိတ်မှတဆင့် ကိုကိုးကျွန်း ၊ ထိုမှ တဆင့် အက်ဒမန်ကျွန်းသို့ သွားရောက်ခဲ့သည် ။

အက်ဒမန်ကျွန်းကား အတော်အ တန်ကြီးမားသော ကျွန်းကြီးတစ်ကျွန်းဖြစ်ပြီး ရောင်းသူဝယ်သူများနှင့် စည်ကား လျှက်ရှိသည် ။ ရှေးယခင်က နှစ်ကြီးအကျဉ်းသားများကို တစ်သက်တစ်ကျွန်းပို့ရာ ဖြစ်ပြီး ကျွန်းကြီးကား စီးပွားရှာသူ များနှင့် လွန်စွာ စည်ကားလျက်ရှိပေသည် ။ ကျွန်ုပ်တို့၏ ခရီးစဉ်ကား အက်ဒမန်ကျွန်းတွင်ဆုံးလေ၏ ။ Death Island သို့ သွားရန် မိုင် ၆၀၀ မျှ လိုအုန်းပေမည် ။ ကိုယ်ပိုင် မော်တော်တစ်စင်း ဌားရမ်းရန် စီစဉ်ရ ပေသည် ။ ထို့နောက် ကျွန်ုပ်တို့လည်း လိုအပ်သော ရိက္ခာများ ၀ယ်ပြီး စားသောက်ဆိုင် တစ်ခုသို့ ၀င်ခဲ့ကြ လေသည် ။ ဆိုင်ကား တရုတ်အစားအစာအစုံအပြင် ဘီယာ အရက် အစုံရသော ဆိုင်ပင်ဖြစ်သည် ။ ကျွန်ုပ်တို့ လည်း ဒေါင့်ကျကျ စားပွဲတစ်ဝိုင်းသို့ ၀င်ကာ ခေါက်ဆွဲကြော် ၊ ကြာဇံကြော် ၊ ကုန်းဘောင်ကြီးကျော် ၊ ယိုးဒယား ဟင်းချို ၊ အခေါက်ကင် စသဖြင့် စုံစေ့အောင် မှာယူစားသောက်ကြလေသည် ။

ထိုအခိုက် ရုတ်တရက် ဆူညံနေသော ဆိုင်မှာ မီးကို ရေနှင့် ပက်လိုက်သည့်အလား ငြိမ်သက်သွားပေတော့သည် ။ ဆိုင်ထဲသို့ ၀င်လာသည်ကား ပါးသိုင်းမွှေးထူလဗျစ်နှင့် ဗလတောင့်တောင့် ရုပ်ဆိုးဆိုး လူသုံးယောက်ဖြစ်၏ ။ ဦးခေါင်း တွင်လည်း ကောင်းဘွိုင်များဆောင်းသကဲ့သို့ ဦးထုပ်ကိုယ်စီဆောင်းထားကြလေသည် ။ ဆိုင်ထဲသို့ ၀င်လာ ပြီးသည်နှင့် သူတို့၏ ဦးထုပ်များကို ချွတ်ကာ တစ်ဝိုင်းပြီးတစ်ဝိုင်း မိုက်ကြေးခွဲလေတော့သည် ။

“ဟိုကောင် မင်းက ဘာကြည့်တာလဲ.. ဘာလဲကွ မင်းက တို့ဆက်ကြေးတောင်းတာကို မကျေနပ်လို့လား မင်း.. မိုက်ခဲ သုံးဖော်ဆိုတာ မကြားဖူးဘူးထင်တယ်”

“ မ...မဟုတ်ပါဘူးဗျာ .. ပေး..ပေးပါ့မယ်”

မြင်လိုက်ရသော မြင်ကွင်းကား ကျွန်ုပ်၏ အသွေးအသားများကို ဆူပွက်စေ၏ ။ ကျွန်ုပ်ကို ကြည့်၍ ဒေါက်တာ နိုင်ဇော်က ငြိမ်နေစေရန် မျက်ရိပ်မျက်ကဲ ပြ၏ ။ ဘာမဟုတ်သည့် ကိစ္စ တစ်ခုအတွက် ကျွန်ုပ်တို့၏ ခရီးစဉ် ကြန့်ကြာ မှာစိုး၍ ဖြစ်ဟန်တူ၏ ။ မကြာမီ လူမိုက်သုံးဦးသည် ကျွန်ုပ်တို့ ၀ိုင်းသို့ ရောက်လာကြလသည် ။

“ အော်...ဟောဟော...လူသစ်တွေထင်တယ်..ကဲကဲ. ဆက်ကြေးလေး မစပါဦး ကျုပ်တို့က ဒီကျွန်းကြီးကို စောင့် ရှောက်နေရတဲ့ အတွက် စောင့်ရှောက်ခပေါ့ဗျာ ”

ကျွန်ုပ်လည်း ဒေါက်တာနိုင်ဇော်အားကြည့်လိုက်ရာ ၄င်းကားလွန်စွာ တည်ငြိမ်လှပေ၏ ။ ထို့နောက် ခေါင်း ဆောင်ဖြစ်ဟန်တူသူ၏ မျက်လုံးနှစ်လုံးကြားသို့ စိုက်ကြည့်ပြီး လွန်စွာတည်ငြိမ်ပြတ်သားသော အသံဖြင့် ပြောလေသည် ။

“ တပြားမှမပေးနိုင်ဘူး ကိုယ့်လူတို့ ”

“ ဘာကွ...ဟ ဟ ဟ .. မင်းတို့ ငါတို့အကြောင်း မသိသေးဘူးထင်တယ် ကဲ...သယ်ရင်းတို့ရေ ပညာလေး ပေးလိုက်ကြပါဦး ”

တစ်ဆိုင်လုံးကား အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေပြီး ကျွန်ုပ်တို့အ ဖွဲ့အား စိုးရိမ်နေဟန်ဖြင့် ၀ိုင်းအုံကြည့်နေကြလေသည် ။ ထိုသူ၏ စကားပင်မဆုံးသေး ။ ကျွန်ုပ်တို့ နှစ်ဖွဲ့ကြားအား လူရိပ်တစ်ခုဝင်လာ၍ ထိုလူမိုက်သုံးကောင်အား စတင်တိုက်ခိုက်လေတော့သည် ။ ထိုလူကား အသားညိုညို ထောင်ထောင်မောင်း မောင်း နှင့် တိုက်ရည်ခိုက်ရည်ကား အတော်သင့်သာ ရှိလေသည် ။ လူမိုက်သုံးကောင်ကား ကိုယ်ခံပညာကို စနစ်တ ကျ တတ်ကျွမ်းထားဟန်တူ၏ ။ ဒီအတိုင်းဆက်သွားလျှင် သုံးယောက်တစ်ယောက် ဖြစ်၍ ပွဲက မလှ တော့ပေ ။ ထို့နောက် ဒေါက်တာနိုင်ဇော်ကား လူ့လက်ထဲမှ ခက်ရင်းကို ကိုင်၍ လှမ်းပစ်လိုက်လေသည် ။

“ ၀ှစ်”

“ ဒုတ်”

“ အား”

ခက်ရင်းကား လူမိုက်တစ်ဦး၏ ညာလက်ဖျံအား ထုတ်ချင်းပေါက်စိုက်ဝင်ကာ နံရံ၌ စိုက်ဝင်နေ၏ ။ ကျွန်ုပ်လည်း ပွဲကြာ နေမည်စိုး၍ ထိုင်နေရာမှထကာ လူဆိုးခေါင်းဆောင်၏မျက်နှာအား အားပါလှသော ကန်ချက်ဖြင့် ပွဲသိမ်းပေးလိုက်လေသည် ။ ခေါင်းဆောင်ကား လောကကြီးနှင့် ခတ္တ အဆက်ပြတ်သွားလေသည် ။ ကျန်တစ်ဦး ကား ကျွန်ုပ်ကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေ၏ ။ ကျွန်ုပ်လည်း ထိုလူအနားသွားကာ ပခုံးကိုကိုင်၍ ခေါင်းချင်းတိုက်ခွဲလိုက်လေ၏ ။

“ ခွပ် ”

“ အား ”

ဟက်တက်ကွဲသွားသော သူ့ဦးခေါင်းကို ကိုင်၍ လူမိုက်ဖြစ်သူကား ကြေက်လန့်တကြားဖြင့် ဆိုင်ပြင်သို့ ထွက်ပြေး သွားလေသည် ။ ကျွန်ုပ်လည်း ခက်ရင်းစိုက်နေသော လူဆိုးအား လက်ရင်းဆွဲနှုတ်လိုက်ကာ

“ ကဲ.. မင်းရဲ့ အဖော်ကိုခေါ်သွား နောက်တစ်ခါ မိုက်ခဲသုံးဖော်ဆိုတဲ့ အသံကို မကြားချင်ဘူး ”

ဟု ပြောလိုက်ရာ ထိုသူနှစ်ဦးလည်း တချိုးတည်း လစ်ပြေးသွားလေတော့သည် ။ ဆိုင်တစ်ဆိုင်လုံးရှိ ကျွန်ုပ် တို့အား ၀ိုင်းကြည့်နေသောလူများက ၀ိုင်း၍ လက်ခုပ်တီးကြလေသည် ။ ဆိုင်ပိုင်ရှင်ပေါက်ဖော်ကြီးက ကျွန်ုပ် တို့ အနီးသို့လာကာ

“ အောင်မီလေး..ကျေးဇူးတင်လိုက်တာ ဆီရာတို့ရယ် ဒီကောင်တွေ ၀ဆိုင်မှာ မိုက်ကြေးခွဲနေတာကြာပြီ ၀လည်း ဘာမှမတတ်နိုင်လို့ ငြိမ်နေရတာ အခုတော့ ဒီကောင်တွေရန်က အေးသွားပြီ ဆီရာတို့ကြိုက်သလောက်စားကြပါ ၀ကျွေးပါ့မယ် ”

“ ရပါတယ် ပေါက်ဖော်ကြီးရယ် ကျွန်တော်တို့ ပိုက်ဆံပေးပါ့မယ် လူလူချင်း အနိုင်ကျင့်တာ မြင်ရင်တော့ ၀င်ကူ ရမှာပဲဗျို့”

ဟု ပြောလိုက်လေသည် ။

ထို့နောက် ကျွန်ုပ်သည် လူစိမ်းအနီးသို့ သွားကာ

“ ကျွန်တော်တို့ကို ၀င်ပြီး ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ လာပါ ကျွန်တော် ထမင်းကျွေးပါရစေ ”

“ ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ ကျွန်တော့်နာမည် ညိုမောင်လို့ခေါ်ပါတယ် ဒီကောင်သုံးကောင်ကို ကြည့်မရတာ ကြာ ပြီဗျ ဒီကျွန်းပေါ်မှာ ဒီကောင်တွေ မိုက်ကြေးခွဲနေတာ ကြာပြီ ဒီနေ့တော့ ကြည့်မရတဲ့အဆုံး ၀င်တွယ်ရတာပဲ ”

ဟုပြောလေသည် ။ ညိုမောင်ကား စကားပြောကြည့်သောအခါ စိတ်ရင်းကောင်းပြီး ဖော်ရွေ သူဖြစ်ကြောင်း တွေ့ရလေ၏ ။

“ ကျွန်တော်က အရင်က မြိတ်ကျွန်းစုက ခမယ်သောင် ဆိုတဲ့ ရွာလေးမှာနေတာပါ အရင်ကတော့ တံငါအလုပ်ပေါ့ဗျာ အခုတော့ ကြီးပွားချင်လို့ ဒီကျွန်းပေါ်မှာ စီးပွားလာရှာတာပါ အခုတော့ ရရ စားစားပါပဲဗျာ ဒီကျွန်းကတော့ ကိုယ့်ကိုယ်ကိုယ် ထိမ်းနိုင်မှ တန်ကာကျတာ မိန်းမ ၊ အရက် ၊ လောင်းကစား အိုဗျာ မကောင်းတာမှန်သမျှ အကုန်ရတယ်ဗျို့ ”

“ အင်း ခင်ဗျားအကြောင်းကတော့ စိတ်ဝင်စားစရာပါပဲ ဒါနဲ့ ငွေရော အတော်စုမိနေပြီလားဗျ ” “ အခုမှ စစုတုန်း ရှိပါသေးတယ်ဗျ ”

“ အင်း ဒီလိုဆို အတော်ပဲ အရင်ဆုံးကျွန်တော်အရင်မိတ်ဆက်ပေးပါ့မယ် ဟောဟိုက ဒေါက်တာနိုင်ဇော်ပါ အထူးကု ဆရာဝန်ပေါ့ ကျွန်တော်နဲ့ သေအတူ ရှင်မကွာ သူငယ်ချင်းတွေပဲ ဒါက ကျွန်တော့် တပည့် ထွန်းလူတဲ့ ကျွန်တော်က ဒေါက်တာ သက်တန့်ပါ ကျွန်တော်တို့က ခရီးတစ်ခုထွက်လာတာပါ ခင်ဗျား စိတ်ဝင်စား ရင်တော့ပြောပြပါ့မယ် ”

“ ဟုတ်ကဲ့ ပြောပါဗျာ ကျွန်တော်စိတ်ဝင်စားပါတယ် ဒါနဲ့ ဒီကျွန်းမှာ သောင်တင်နေမယ့်အတူတူ ဆရာတို့ အဆင်ပြေ မယ်ဆိုရင် အဲဒီခရီးကို ကျွန်တော်ပါ တခါတည်း လိုက်ပါရစေ ”

ဟုခွင့်တောင်းလေသည် ။ ( ညိုမောင်ကား ကျွန်ုပ်တို့နှစ်ဦးအား ဆရာဝန်မှန်းသိသည်နှင့် ဆရာဟုသာ သုံးနှုန်း ခေါ်ဝေါ်လေတော့သည် ) ကျွန်ုပ်လည်း ခရီးစဉ်အား အကြမ်းဖျင်းရှင်းပြပြီး လူနည်းနေသည်က တကြောင်း ကြောင့် ဒေါက်တာနိုင်ဇော်နှင့်တိုင်ပင်ပြီး ညိုမောင်အား လက်ခံလိုက်လေသည် ။

“ အင်း ဆရာတို့ပြောတဲ့အကြောင်းတွေကတော့ စိတ်ဝင်စားစရာတွေပါပဲ တကယ်တော့ အဲဒီ မရဏကျွန်း ဟာ တကယ်ရှိပါတယ် ကျွန်တော့်အဖိုးပြောတာကြားဖူးပါတယ် အဲဒီကျွန်းပေါ်မှာ အသားစားသတ္တ၀ါတွေနဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ အများကြီးရှိတယ်လို့ ကြားဖူးပါတယ် ကျွန်တော်လည်း ဒီလို စွန့်စားရတဲ့ ခရီးကို အရမ်းဝါသနာပါတယ်ဗျ အခုလို လိုက်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ”

ဟုပြောလေသည် ။ ထို့နောက် ကျွန်ုပ်တို့လည်း စားသောက်ဖွယ်ရာများကို မြိန်ယှက်စွာ စားသုံးကြလေသည် ။ ဒေါက်တာနိုင်ဇော်က

“ အ၀စားထား ကိုသက်တန့်ရေ.. ဒါက ကျွန်တော်တို့ အဆင်ပြေပြေ အစားအသောက်ကောင်းစားရတဲ့ နောက်ဆုံး ထမင်းဝိုင်းလည်း ဖြစ်နိုင်တယ်ဗျ ”

ဟုပြောလေသည် ။ထိုစကားသည် နောင်တချိန်တွင် သွေးထွက်အောင်မှန်ခဲ့ကြောင်း တွေ့ကြုံခဲ့ရပေတောသည် ။

အပိုင်း (၃) မျှော်....

စာရေးသူ.....သက်တန့်ချို (၂၅ ဧပရယ် ၂၀၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, April 24, 2010

ကျွန်ုပ်နှင့် မနုဿ လူသာစားကျွန်း ( အပိုင်း ၁)

ကျွန်ုပ်နှင့် မနုဿ လူသာစားကျွန်း (အပိုင်း ၁)


(၁)

အချိန်ကား ညနေ၀င်ရီတရောအချိန် ။ ရွှေအိုရောင် ညနေဆည်းဆာအလှက ပင်လယ်ပြင်ကြီးနှင့် ပနာသင့်စွာ ။ ဇင်ယော်ငှက်လေးများ၏ ကူးလူးပျံသန်းမှုများကြောင့် သဲသောင်ပြင်သည် ပန်းချီကားတစ်ချပ်နှယ်ပင် ။ နားထဲသို့ တိုးဝင်လာသော ပင်လယ်ရေလှိုင်းပုတ်သံများကြောင့် ကျွန်ုပ်အားယူပြီး လူးလဲထမိ၏ ။ သို့သော် တစ်ကိုယ်လုံးကို ကိုင်ရိုက် ထားသည့်နှယ် နာကျင်နေမှုကြောင့် လက်လျော့လိုက်၏ ။ ထို့နောက် မျက်လုံးကို အားယူ၍ ဖွင့်ကြည့် လိုက်ရာ မိုးကောင်းကင်ပြာပြာကြီးကို ဦးစွာ မြင်ရ၏ ။ ဘေးဘီဝဲယာသို့ တခဏမျှ အကဲခတ်ကြည့်မိ၏ ။ ပထမဆုံး ၀င်လာသောအသိမှာကား ကျွန်ုပ်မသေသေးဟူသော အသိပင်ဖြစ်၏ ။ ညနေပိုင်း အချိန်ဖြစ် သောကြောင့် မကြာမီ နေ၀င်တော့မည် ဖြစ်၏ ။ ကျွန်ုပ်ကား လွန်စွာ ကြီးမားလှသော ကျွန်းကြီးတစ်ခုပေါ်တွင် ရောက်နေခြင်းပင် ဖြစ်၏ ။ ကျွန်ုပ်၏ မိတ်ဆွေကြီး ဒေါက်တာနိုင်ဇော်လည်း ဘယ်ရောက်လို့ ဘယ်ပျောက် နေသည်မသိ ။ မကြာမီ မှောင်တော့မည် ဖြစ်သောကြောင့် ကျွန်ုပ်လူးလဲထလိုက်၏ ။ ပထမဆုံး တောင့်တသော အရာကား လွန်စွာ ရေငတ်နေခြင်းပင် ဖြစ်၏ ။ ကျွန်းပေါ်ကို ဝေ့၀ိုက်၍ ကြည့်လိုက်တော့ အုန်းပင်ကြီးများကို အစီအရီတွေ့ လိုက်ရ၍ ဒီလောက်ဆို ကျွန်ုပ် ရေငတ်၍ မသေနိုင်တော့ပေ ။

ကျွန်ုပ်လည်း အားယူ၍ ထလိုက်ကာ အုန်းပင်များ ရှိရာသို့ လျောက်သွားလိုက်၏ ။ အဆင်သင့်စွာ ပင် အုန်းသီး များ ကား ကြွေကျကာနေ၏ ။ ကျွန်ုပ်လည်း ကျောက်ခတ်တစ်ခုကို ယူ၍ အုန်းခွံများကို နွှာလိုက်ကာ အုန်းသီးများ ကို ခွဲလိုက်လေသည် ။ အုန်းရေများကို သောက်လိုက်ရ၍ အတော်အတန်အားအင်ပြည့် လန်းဆန်း သွားသလိုရှိ၏ ။ ၀မ်းဗိုက်ကား ဆာလောင်နေတုန်းပင်ရှိသည် ။ အလင်းရောင်လုံးဝ မမှောင်သေးခင် နေစရာ နေရာ တစ်ခုကိုတော့ တွေ့အောင်ရှာရပေတော့မည် ။ ကျွန်ုပ်လည်း ကျွန်းအတွင်းပိုင်း ဆက်ဝင်လာခဲ့၏ ။ ကျွန်းကြီး ကား ကုန်းမြေကြီးမားဟူ၍ သိပ်မတွေ့ရပဲ သဲဆန်သော မြေများသာရှိသည် ။ အတော်အတန်ကြီးမား ဟန်လည်း ရှိ၏ ။ အပင်များကား အမျိုးအစား စုံလင်လှပေသည် ။ သိပ်အဝေးကြီး မလျောက်လိုက်ရပေ ။ ကမ်းခြေကို လှမ်း၍ မြင်ရသော နေရာတစ်နေရာတွင် အတော်အတန်ကြီးမားသော ဂူပေါက်ဝကြီး တစ်ခုကို လှမ်း၍ တွေ့လိုက်ရ၏ ။ ကျွန်ုပ်လည်း အနေတော်သစ်ကိုင်းတစ်ခုကို ယူကာ ဂူထဲသို့ သတိကြီးစွာ ဖြင့် လှမ်း၍ ၀င်လာခဲ့၏ ။ ဂူထဲသို့ စ၀င်ဝင်ခြင်း မဲမဲသတ္တ၀ါများ ပျံထွက်လာ၍ မြေပြင်ပေါ် ၀ပ်ချလိုက်ရ၏ ။ လင်းနို့များပေတကား... ။ ဤဂူကြီးကား လင်းနို့များ ခိုအောင်းသော ဂူကြီးတစ်ခု ဖြစ်ဟန်တူသည် ။ ထို့နောက် ဂူကြီးထဲသို့ ၀င်၍ လှည့်လည် အကဲခတ်ကြည့်ရာ ဂူကြီးကား ပေ၃၀ ခန့်ဆက်လျောက်ပြီးသော် လမ်းဆုံးချေ၏ ။ ထို့ပြင်အ၀မှာသာ ငါးပေခန့်ကျယ်သော်လည်း အတွင်းပိုင်းတွင်မှု အတော်အသင့်ကျယ်ဝန်းသည်ကို တွေ့ရလေသည် ။ ကျွန်ုပ်လည်း ဤ ဂူထဲတွင်ပင် စခန်းချရန်ဆုံးဖြတ်လိုက်၏ ။


(၂)

ရေစိုနေသော အ၀တ်ကို ခြောက်သွေ့စေရန် လေသလပ်ခံထားလိုက်၏ ။ ကျွန်ုပ်လည်း နေစရာ တစ်နေရာ တွေ့ပြီမို့ အတော်သင့် စိတ်အေးသွားရလေသည် ။ သို့သော် ၀မ်းဗိုက်အတွင်းမှ ဆာလောင်မှုက မီးစနှင့် ထိုးနေ သကဲ့သို့ ရှိလေ၏ ။ ဂူအပြင်ဖက်ကို ကြည့်လိုက်ရာ မှောင်စပြုနေပြီကို တွေ့ရလေ၏ ။ ကျွန်ုပ်လည်း စားစရာ ရှာဖွေရန် ပင်လယ်ကမ်းစပ်သို့ ပြန်ဆင်းလာခဲ့လေသည် ။ ပင်လယ်ပြင်တွင် လှိုင်းကား ငြိမ်သက်လျှက်ရှိကာ လှိုင်းကြပ် ခွပ်လေးများ ထ၍ နေသည် ။ ကမ်းစပ်တ၀ိုက်တွင်ကျောက်ဆောင် ကြိုကြားများ ပေါများလှ သောကြောင့် ကျွန်ုပ်ရေနစ်၍ မျောလာစဉ်က ကျောက်ဆောင်များနှင့် ၀င်မတိုက်မိခြင်းကိုပင် ကံတရားအား ကျေးဇူး တင်ရပေမည် ။ ကျွန်ုပ်လည်း ကျောက်ဆောင်များပေါ်မှ နေ၍ ရေထဲသို့ တအောင့်မျှ အကဲခတ်လိုက်၏ ။ " လ " ကား စောစီးစွာ ထွက်နေသောကြောင့် အတော်အသင့် အလင်းရောင်ရကာ ရေထဲသို့ မြင်နေရ၏ ။ ထို့နောက် ရေထဲသို့ ကျောက်ဆောင်ပေါ်မှ ဆင်းကြည့်လိုက်ရာ ခါးတ၀က်ခန့် မြှုပ်သွားလေသည် ။ သူလူအရောက်အပေါက်နည်းသောကြောင့် ငါးပုဇွန်တို့ကား ပေါများချင်တိုင်း ပေါများနေ၏ ။ ငယ်စဉ်က ကျွန်ုပ်တို့ရွာ ၏ ပုဇွန်ဖမ်းနည်းအတိုင်း လက်နှစ်ဖက်ကို ကား၍ ရေထဲတွင် လိုက်စမ်းလိုက်သည် ။ လက်ကို တစ်စုံတစ်ခု လာထိသောအခါ မြဲမြံစွာ ကို၍ ဆွဲတင်လိုက်သောအခါ လား...လား.... နဲသော ပုဇွန်ထုပ် ကြီးမဟုတ်ပေ ။ ယောင်္ကျား လက်မောင်းသာသာခန့် ရှိလေ၏ ။ ကျွန်ုပ်လည်း ၀မ်းသာအားရဖြင့် ဤနည်း အတိုင်းဆက်၍ ဖမ်းရာ ပုဇွန်ထုပ်ကြီး သုံးကောင်မျှ ရရှိလေသည် ။

ပုဇွန်ထုပ်သုံးကောင်ကိုတွဲသီ၍ ယူကာ ကျောက်ဂူသို့ ပြန်ခဲ့လေသည် ။ လမ်း၌ သစ်ကိုင်းခြောက်အနည်းငယ်နှင့် ကျောက်တုံးများကိုပါ ယူဆောင်ခဲ့လေသည် ။ ဂူသို့ ပြန်ရောက်သောအခါ သစ်ကိုင်းခြောက်အား ကျောက်တုံး အချင်းချင်းပွတ်တိုက်ကာ မီးကူးစေပြီး မီးပုံဖိုလိုက်လေသည် ။ ထို့နောက်ပုဇွန်သုံးကောင်အား ကင်လေသည် ။ ကျွန်ုပ်သည် မီးခြစ်လည်း ပျောက်ဆုံးသွားပြီဖြစ်သောကြောင့်ယခုမှပင် ကမ္ဘာဦးလူသားများကဲ့သို့ ရှာဖွေစား သောက်နေ ရသည်ကို တွေးမိကာ တစ်ကိုယ်တည်းပြုံးမိလေသည်။ အတော်အသင့်ကြာသောအခါ သင်းပျံ့ မွှေးကြိုင် သော ပုဇွန်ကင်ရနံ့ကား ကျွန်ုပ်၏ အစာအိမ်အား စတင်စိန်ခေါ်မှုပြုလေ၏ ။ ကျွန်ုပ်လည်း ဗိုက်ဆာဆာ နှင့်စားလိုက်ရာ ပုဇွန်တစ်ကောင်ခွဲခန့်ကုန်လေ၏ ။ ဗိုက်လည်းအတော်ပြည့်သွားလေရာ ကျန်သော ပုဇွန်တစ် ကောင်နှင့် တစ်ဝက်အား နောက်နေ့နံနက်စာစားရန်သိမ်းဆည်းထားလိုက်လေသည် ။ မီးပုံနံဘေးတွင် လှဲအိပ်ချ လိုက်ရင်း ကျွန်ုပ်၏ ဖြစ်စဉ်အား ပြန်လည်တွေးတောနေမိပေတော့သည် ။

(၃)

ဤခရီးအား အစပြုသူမှာ အခြားသူမဟုတ် ။ ကျွန်ုပ်၏ မိတ်ဆွေကြီး ဒေါက်တာ နိုင်ဇော်ပင်ဖြစ်၏ ။ ဤတွင် ဒေါက်တာ နိုင်ဇော်အကြောင်းအနည်းငယ်တင်ပြလိုသည် ။ ဒေါက်တာနိုင်ဇော်ကား အသက် ၃၀ ခန့် ခေတ်ပညာ တတ် ဆရာဝန်တစ်ဦး ဖြစ်သည် ။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး လေးထောင့်ကျသော မေးရိုးတို့က ယောင်္ကျားပီသမှုကို ထင်ဟပ်စေ၏ ။ ရင်အုပ်ကျယ်ကျယ်နှင့် အရပ်မှာ ခြောက်ပေနီးပါးမျှရှိကာ အလွန်ကြည့်၍ ကောင်းသော လူတော်တစ်ဦး ဖြစ်၏ ။ လွန်စွာ ရဲစွမ်းသတ္တိရှိပြီး တိုက်ရည်ခိုက်ရည်ကောင်းကာ ဗဟုသုတ နှင့်ပြည့်စုံလေ၏ ။ ကျွန်ုပ်နှင့်ကား လွန်စွာအတွဲညီလှသော သူငယ်ချင်းများဖြစ်၏ ။ ဒေါက်တာနိုင်ဇော်ကား တကိုယ်တည်းလူပျိုကြီး ဖြစ်သော်လည်း သူ့အား ကြိုက်မည့်မိန်းကလေးမရှိ၍ မိန်းမမယူရခြင်းကား မဟုတ်ပေ ။ သူသာလက်ခံပါက မိန်းကလေးများ ထည်လဲတွဲနိုင်သည့်အရည်အချင်းရှိသောကြောင့် ကျောင်းနေစဉ်ကပင် ကျွန်ုပ်ကောင်းစွာ သိ၏ ။ ဒေါက်တာနိုင်ဇော်ကျွန်ုပ်အား ပြောဖူးသောစကား တစ်ခွန်းရှိ၏ ။

" ဒီမှာ ကိုသက်တန့်ရ ကျွန်တော်ကခြေထောက်မှာ ဗွေပါတယ်ထင်တယ်ဗျ တစ်နေရာတည်းမှာ တယ်ပြီး မနေချင် လှဘူး ပြီးတော့စွန့်စားသွားလာရတာကိုလည်း အရမ်းဝါသနာပါတယ်ဗျ အချိန်တန် မိန်းမယူ ကလေးမွေး စီးပွားရေးလုပ် အသက်ကြီးလာတော့ တရားဘာဝနာလုပ်တဲ့ ဘ၀တွေက အတော်ပျင်း စရာကောင်းတယ်ဗျာ ကျွန်တော်တော့် ဒီတစ်သက်မိန်းမမယူတော့ဘူးဗျာ အဲဖူးစာပါရင်တော့ တစ်မျိုးပေါ့ဗျာ "

ဟူ၍ ဖြစ်လေသည် ။

ဤမျှဆို ကျွန်ုပ်၏ မိတ်ဆွေကြီးဒေါက်တာနိုင်ဇော်အား စာဖတ်သူတို့ ပုံဖော်၍ ရလောက်ပေပြီ ။ ကျွန်ုပ်ကား ခရီးတစ် ခုမှ ပြန်လာ၍ အိမ်မှာ နားနေသည်မှာ တစ်ပတ်ခန့် ရှိပေပြီ ။ ကျွန်ုပ်လည်း ပျင်းပျင်း ရှိလှသည်နှင့် ခြံထဲဆင်းကာ အဖန်ရည်လွေးနေခိုက် ကျွန်ုပ်နေထိုင်ရာ မြောက်ဥက္ကလာပရှိနေအိမ်သို့ ဆိုက်ရောက်လာသူကား အလို...မိတ်ဆွေကြီးဒေါက်တာနိုင်ဇော်ပင်ဖြစ်၏ ။

" ဟိုင်း ကိုသက်တန့် မတွေ့တာတောင်ကြာပေါ့ဘယ့်နှယ့်လည်း ခရီးထွက်ဖြစ်သေးလား ခင်ဗျားနဲ့မ တွေ့တာ တောင် လချီနေပြီဗျို့ "

ဟု ပြောပြောဆိုဆို နှုတ်ဆက်လေသည် ။

" ဟုတ်ပါ့ကိုနိုင်ဇော်ရေ ကျွန်တော်လည်း အိမ်ထဲနေရတာ အလွန်ပျင်းနေတုန်း ခင်ဗျားရောက်လာတာ အ တော်ပဲ ဗျာ ဘယ့်နှယ့်လည်း စွန့်စားစရာတွေ ပါရဲ့လားဗျ "

" ပါပါတယ်ဗျာ ခင်ဗျားနဲ့ ကျွန်တော်လည်း ခရီးမှမထွက်ရရင် စားမ၀င်အိပ်မပျော် ဖြစ်နေပြီဗျို့"

ဟု ရယ်ကျဲကျဲပြောလေသည် ။

" အင်းတန်တော့ ခင်ဗျားကိစ္စရှိနေပြီထင်တယ် ကိုနိုင်ဇော်ရေ ဟုတ်ရဲ့လား"

" ဟုတ်ပါ့ဗျာ ဒီတစ်ခါ ကိုသက်တန့်ရဲ့ အကူအညီတွေအများကြီးလိုတယ်ဗျ "

" ကဲကဲ ဟုတ်ပါပြီဗျာ ဖြေးဖြေးပြောလည်းရပါတယ် နားလိုက်ပါဦး ရေမိုးချိုး ညရောက်မှ အလုပ်ကိစ္စ ပြောကြ တာပေါ့ "

သို့နှင့်ဒေါက်တာနိုင်ဇော်၏ အထုပ်အပိုးများအား ကူသယ်ပေးပြီး အခန်းတစ်ခန်းပေးလိုက်လေသည် ။ ကျွန်ုပ်၏ အိမ်၌ လူများများစားစားမရှိပေ ။ တစ်ကိုယ်ရည်တစ်ကာယ သများ ဖြစ်သောကြောင့်ကျွန်ုပ်နှင့် တပည့်ကျော် ထွန်းလူသာလျှင် ရှိလေသည် ။ ထွန်းလူကား အရပ်ပုပုနှင့်ကိုယ်လုံးကိုယ်ဖန်တောင့်ကာ လူယုံသဖွယ် အားကိုး ရလေသည်။

" ထွန်းလူရေ.. လာစမ်းပါဦးဟ ဒီမှာ ငါ့သူငယ်ချင်းရောက်နေတယ် ဈေးပြေးဝယ်ပါဦး "

ဟု ဆိုကာ ဈေးလွှတ်လိုက်လေသည် ။

(၄)

ဒေါက်တာနိုင်ဇော်ကား ခရီးပန်းလာသည့်ထင် ရေချိုးထမင်းစားပြီးအိပ်လိုက်ရာ ညရောက်မှပင် နိုးလေ တော့သည် ။ သို့နှင့် ညနေစာစားပြီးသည်နှင့် ကျွန်ုပ်တို့ နှစ်ဦး လသာဆောင်တွင် စကားပြောကြလေသည် ။

" ဒီလို ကိုသက်တန့်ရ ဟို တစ်ခါ ခင်ဗျားနဲ့ ကျွန်တော် မိစ္ဆာရွာ(ကျွန်ုပ်နှင့် မိစ္ဆာရွာ အားဤနေရာတွင် ရှု) က အပြန်လမ်းခွဲပြီးကတည်းက ကျွန်တော်သုတေသနတစ်ခု လုပ်နေတယ်ဗျ အဲဒါကတော့ မြန်မာနိုင်ငံ သဘာဝ တော နက်တွေ ထဲက ရှားပါးသစ်ခွတွေကို စာရင်းလုပ်ပြီး ကမ္ဘာ့ရှားပါးသစ်ခွစားရင်းထဲ ထည့်သွင်း တာပဲဗျို့ အတော်များ များလည်း အောင်မြင်ပါတယ် အခုနောက်ဆုံး သစ်ခွ တစ်မျိုးကိုရရင် ကျွန်တော့်ရဲ့ သုတေသန အောင်မြင်ပြီဗျ အဲဒီသုတေသနရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံဟာ ရှားပါးသစ်ခွမျိုးတွေ အစောဆုံး ပေါက်ရောက်ရာ ဒေသအဖြစ် မှတ်တမ်းတင်ဖို့ပဲ ဗျ ၊ အဲဒီသုတေသနအတွက် အဓိက လိုအပ်နေတာ ရှားပါးသစ်ခွတစ်မျိုးဖြစ်တဲ့ White Angel Orchid (နတ်သစ်ခွဖြူ) ပဲ ဗျ ။ အဲဒီသစ်ခွဖြူက မြန်မာနိုင်ငံမှာ တစ်နေရာထဲမှာပဲ ပေါက်တယ် အဲဒါကတော့ မြိတ်ကျွန်းစုနဲ့ ကပ္ပလီပင်လယ်ကြားက Death Island လို့ခေါ်တဲ့ကျွန်းပဲဗျ သားရဲတိရိစ္ဆာန်တွေ အန္တရာယ်များလွန်းတဲ့အတွက် ဒေသခံတွေက အဲဒီကျွန်းကို " မရဏ ကျွန်း" လို့ အမည်ပေးထားတယ်ဗျ လမ်းပြတွေကလည်း အဲဒီကျွန်းဆို လိုက်လေ့မရှိဘူးဗျ "

" နို့ ဒါဆို အဲဒီကျွန်းကို ဘယ်လိုသွားမတုန်းဗျ "

" မပူပါနဲ့ဗျာ ကျွန်တော့်မှာ မြေပုံပါလာပါတယ် အဲဒီမြေပုံက တစ်ချိန်တုန်းက အဲဒီကျွန်းပေါ် ရောက်သွားခဲ့တဲ့ Henery Robert ဆိုတဲ့ လူရဲ့ မြေပံဗျ သူ့ရဲ့ အဖြစ်အပျက်တွေ ရေးထားတဲ့ မှတ်တမ်းတစ်အုပ်လည်း ကျွန်တော့် ဆီမှာ ရှိတယ်ဗျ စာအုပ်တော့ကျွန်တော်ထားခဲ့တယ် အတိုချုပ်ရှင်းပြရရင်တော့ဗျာ ဒီလူက ရှေးဟောင်း သတ္တ၀ါမျိုး စိတ်တွေကို လေ့လာရင်းနဲ့ မမျှော်လင့်ပဲ Death Island ကို ရောက်သွားခဲ့တဲ့လူဗျ နောက်တော့ ကျွန်းပေါ်မှာ သူလေ့လာရင်းနဲ့ အဲဒီကျွန်းကြီးဟာ ပင်လယ်ဓါးပြတွေ လာရောက်ခိုအောင်းပြီး ရတနာတွေ လာ ၀ှက်လေ့ရှိတဲ့ ကျွန်းကြီးမှန်း သူသိခဲ့ရတယ် နောက်ပိုင်းသူကြုံတွေ့ခဲ့ရတာတွေက ထူးဆန်းအံ့သြ စရာတွေအများ ကြီးပဲဗျာ ယုံနိုင်စရာတောင်မရှိဘူး နောက်ပိုင်း သူခက်ခက်ခဲခဲနဲ့ အဲဒီကျွန်းက လွတ်မြောက်အောင်ထွက်ပြေးပြီး သူ့မြို့လည်း ရောက်ရော ထူးထူးဆန်းဆန်း ရောဂါတစ်ခုနဲ့ သေဆုံးသွားတယ်ဗျ "

ဒေါက်တာနိုင်ဇော်လည်း ပြောပြောဆိုဆို အဖန်ရည်အား ယူသောက်လိုက်လေသည် ။ ကျွန်ုပ်လည်း စိတ်ဝင်စား လွန်းရကား

" သူက ဘာကြောင့် ထွက်ပြေးတယ်လို့ ပြောရတာလဲဗျ ဆက်စမ်းပါဦး "

" ထွက်ပြေးဆို အဲဒီကျွန်းပေါ်မှာ အလွန်ရှေးကျတဲ့ လူသားစား လူရိုင်းမျိုးနွယ်ဝင်တွေ ရှိကြတယ်ဗျ ဒီတော့ သူလည်း ဘယ်နေ၀ံ့တော့မလဲဗျာ သူဆုံးသွားရတဲ့ ရောဂါက သွေးနီဥ ( Red Blood Cells) တွေ ရုတ်တရက် ကျဆင်းပြီး ( Hypovolaemic Shock - သွေးလန့်ခြင်း ) နဲ့ ဆုံးတာပဲဗျ ဒါပေမယ့် အဲဒီ RBC တွေဘာကြောင့် ရုတ်တရက်ထိုးကျသွားရသလဲဆိုတာ အဲဒီမြို့က ဆရာဝန်တွေကလည်း ပုစ္ဆာ တစ်ပုဒ်လို ဖြစ်နေတယ်ဗျ ဒါနဲ့ ဒီမှတ်တမ်းနဲ့ မြေပုံကို သူ့ရဲ့သား Junior Robert ဆီကနေ တဆင့်ပြီးတဆင့် ရလာတာပဲဗျို့ "

ဟု ရှည်လျားစွာ ရှင်းပြလေသည် ။ ( သွေးနီဥနည်းခြင်းကြောင့် ဖြစ်တတ်သော အနီးမီးယား ရောဂါအကြောင်း အား ကျွန်ုပ်ရေးသားခဲ့သော ဤနေရာတွင် ဖတ်ရှုနိုင်ပါသည် ။ ) ထို့နောက် ကျွန်ုပ်က

" ကိုနိုင်ဇော်က ရတနာတွေ သွားရှာမလို့လားဗျ "

" ဒီလိုဗျ အဲဒီမှတ်တမ်းထဲမှာ ရတနာတွေ ထူးဆန်းတာတွေအပြင် အလွန်ရှားပါးတဲ့ နတ်သစ်ခွဖြူလည်း တွေ့ရတယ် လို့ ရေးထားတယ်ဗျ ဟော ဒီမှာ သူဓါတ်ပုံရိုက်လာတဲ့ပုံ ကြည့်ကြည့် "


" အင်းအတော်လှတဲ့ သစ်ခွပဲဗျို့ "

" ဟုတ်တယ်ဗျ လှပသလို ကမ္ဘာပေါ်မှာ အစောဆုံးသစ်ခွ လို့လည်း ပြောလို့ရတယ် ဒီတော့ တစ်ချက်ခုတ် သုံးချက်ပြတ်ဗျာ ကျွန်တော်လိုချင်တဲ့ သစ်ခွလည်းရမယ် ရတနာတွေလည်းရမယ် စွန်းစားခန်းတွေလည်း ရမယ် မဟုတ်ဘူးလားဗျို့ "

" ဟား..ဟား..ဟား..ဟုတ်ပါ့ဗျာ ကျန်တာတွေမရရင်နေပါ စွန်းစားခန်းလေးတွေတော့ နွှဲလိုက်ချင်သဗျာ "

" ကဲကဲ.. ဒါဆို နက်ဖြန်ကစပြီး Death Island ကိုသွားဖို့ အမြန်ဆုံး ပြင်ဆင်ပေတော့ဗျာ "

သို့နှင့် ကျွန်ုပ်တို့လည်း စကားပြောကောင်းနေသည်မှာ ဥာဉ့်နက်လာပြီ ဖြစ်၍ အသီးသီးအိပ်ရာ ၀င်ခဲ့ကြ ပေ တော့သည် ။

အပိုင်း ( ၂) မျှော်

စာရေးသူ....သက်တန့်ချို (၂၄ ဧပရယ် ၂၀၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................