Thursday, February 28, 2013

နော်ဝေးမှာ ဆန္ဒပြတာ နဲ့မတူဘူး သမ္မတကို စော်ကားတာနဲ့တူတယ် ( သိက္ခာမဲ့သော စကားလုံးတွေ သုံးသွားခြင်း )










နော်ဝေးမှာ ဆန္ဒပြတာ နဲ့မတူဘူး သမ္မတကို စော်ကားတာနဲ့တူတယ် ( သိက္ခာမဲ့သော စကားလုံးတွေ သုံးသွားခြင်း )

ဒီနေ့ သတင်းတွေအများကြီးပဲ ပျော်စရာတစ်ခုမှမပါဘူး ၀မ်းနည်းစရာတွေ ကြေကွဲစရာတွေ စိတ်မကောင်းစရာတွေချည်းပဲ

၁ ။ သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င်မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။ လူလိမ်လို့ပြောရအောင် သူပြုပြင်ပြောင်းလဲနေလို့ ကျွန်တော်တို့သိန်း ၄၀ တန်ဖုန်းတွေကနေ အနည်းဆုံးတော့ ၂ သိန်းလောက်အထိ ကိုင်လာနိုင်ကြတယ် ။ လက်လှမ်းမမှီတဲ့ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြတယ် ။ ဂျာနယ်လွတ်လပ်ခွင့်တွေ အနည်းငယ်ပဲဖြစ်စေရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ရဲလာတယ် ။ အရင်ကအဲဒါတွေရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်းလို့ဘယ်သူပြောင်းတာလဲ ။ သူ့အခြေအနေနဲ့သူ့လုပ်ပိုင်ခွင့်နဲ့ အကောင်းဖက်ကလည်းနည်းနည်းကြည့်စေချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေကတော့သိက္ခာမမဲ့စေချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှုမပြုဘူး ဆွေးနွေးခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်းကိုပြန်လာပါ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန်စက်လေး ဘက်ထရီအားပြည့်ရဲ့လားမသိ ။

၂ ။ ဒေါ်စုက မြန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးကို ဂါရ၀ပြုနေပုံကို အမျိုးမျိုးအဖုံဖုံပြောဆိုကြတယ် ဒီနေရာမှာ ဒေါ်စုအနေနဲ့လုပ်သင့်လုပ်ထိုက်လို့ ဂါရပြုတာ ဘာမှမထူးဆန်းဘူး အဲဒါကို ပုံကြီးချဲ့ပြီး ဒေါ်စုကို သိက္ခာ ချနေတာ စိတ်မကောင်းစရာပဲ ။ အရိုအသေပေးတာက ရိုသေထိုက်လို့အရိုအသေပေးတာပဲ ။ ဘာလို့ တခြား မဆိုင်တဲ့ အတွေးတွေနဲ့ ရှုပ်ထွေးအောင်လုပ်ချင်နေကြတာလဲ ။

၃ ။ နိုင်ငံတိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲဆိုတာရှိတယ် ။ ပြည်သူတွေက ပြည့်သူ့အသံ ပြောခွင့်ရှိသလို ရဲကလည်း တားဆီးခွင့်ရှိတယ်ဆိုပေမယ့် သွေးထွက်သံယို ဖြစ်ရလောက်အောင်အသက်ဆုံးရလောက်အောင်နှိမ်နှင်းဖြိုခွဲတာတွေကိုရှံ့ချတယ် ။ မြန်မာအချင်းချင်း ပြည်သူတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သွေးထွက်သံယိုဖြစ်အောင်နှိမ်နှင်းတာကိုတော့ စိတ်မကောင်းဘူး ။ အထင်သေးတယ် ။ ကန့်ကွက်တယ် ။ ဆွေးနွေးညှိနိုင်းခြင်းလမ်းစဉ်ကိုလိုက်နေတဲ့ အစိုးရအဖွဲ့အနေနဲ့ အခြေအနေတွေမဆိုးအောင်တားဆီးတာကိုလက်ခံတယ် သွေးတော့မထွက်စေနဲ့ ဒါဏ်ရာနဲ့ အသက်အန္တရာယ်တွေကိုတော့ ရန်မရှာစေချင်ဘူး ။ အခုတော့ လယ်သမားတွေနဲ့ဆန္ဒပြသူတွေလည်း ဒါဏ်ရာတွေနဲ့သွေးတွေနဲ့ ဆေးရုံတွေရောက် ရဲတစ်ယောက်လည်းအသက်ဆုံးရတယ်သတင်းကြား တကယ့်ကို ဆိုးလိုက်တာ ။ ဒီလိုဆိုပြည်သူတွေ တဖြည်းဖြည်းကြောက်လာကြလိမ့်မယ် ။ ဆွေးနွေးညှိနှိုင်းအဖြေရှာ တဲ့လမ်းစဉ်ကိုပဲအားပေးပါတယ် ။

သက်တန့်ချို
Photo Credit : Original Photographer

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, February 13, 2013

နေ၀င်ချိန်

လူနာတစ်ယောက်က အာခံတွင်းထဲ အရိုးစူးလို့လာတယ်
ကျွန်တော်ကြည့်တယ် မတွေ့ဘူး ငါးရိုးမို့အချိန်တန်ရင် ပျော်ကျလာမှာပါ
အန္တရာယ်မရှိလောက်တဲ့နေရာမို့ အနာသက်သာတဲ့ဆေးထိုးပေးလိုက်တယ်
အခု ဒီစာရိုက်နေချိန်မှာပဲ လူနာတစ်ယောက်လာပင့်လိုက်လိုက်သွားတယ်
အခု ဒီစာကို ပြန်ရောက်လာလို့ဆက်ရိုက်နေတာပါ
အသက် ၉၀ လောက်ရှိတဲ့အဖွားအိုတစ်ဦး . .ကိုယ်လက်တွေနာလို့တဲ့
မှိန်ပျပျမီးရောင်အခန်းထဲမှာ သေးနံ့တွေက မွှန်ထူလို့နေတယ်
သူ့မြေးတွေသူ့သားသမီးတွေက အခန်းထဲ ၀င်ချင်ပုံမပေါ်ဘူး
ထမီတွေလည်း လဲပေးထားပုံမပေါ်ပါဘူး
သက်ကြီးရွယ်အိုတွေရဲ့နေ၀င်ချိန် က ဘာလို့ ဒီလောက်အရုပ်ဆိုးရတာလဲ
အဖွားအိုအတွက် သက်သာအောင်ဆေးတစ်လုံးထိုးပေးခဲ့တယ်
ကျွန်တော် ပြောစရာရှိတာပြောပြီးပြန်ထွက်လာမယ်လုပ်တော့ အဖွားက ကျွန်တော့်ပုဆိုးစကိုဆွဲထားတယ်
တစ်ခုခုပြောချင်နေပုံပါပဲ . . အသံကထွက်မလာဘူး ပုဆိုးစလေးကို တင်းနေအောင်ဆွဲဆုပ်ထားတယ်
သူ ကျွန်တော့်ကို မပြန်စေချင်ပါဘူး . . လူနာရှင်တွေက အဆင်းရဲကြီးမဟုတ်ဘူး စားနိုင်သောက်နိုင်နဲ့ပျဉ်ထောင်အိမ်လေးပါ
ဈေးအရမ်းကြီးတဲ့ခွေးကြီးတစ်ကောင်ရှိတယ် အဲဒီခွေးကြီးကို စီးတီးမတ်က အကောင်းစားခွေးစာတွေကျွေးနေတယ်
အဖွားအိုရဲ့ကျောမှာ ဘတ်ဆိုး လို့ခေါ်တဲ့ အိပ်ယာနာတွေရှိနေတယ်
ကျွန်တော်က . . အိပ်ယာနာသက်သာအောင် မွှေ့ရာ အိပ်ရာခင်းရှိကြောင်း ၀ယ်ပြီးအဖွားကိုခင်းပေးဖို့ ပြောတယ်
အဖွားအိုရဲ့ ချွေးမ အဒေါ်ကြီးကပြောတယ် . .သူက လှမ့်နေတာပါ မခင်းတော့ပါဘူးဆရာတဲ့ ခင်းလည်း မထူးပါဘူးတဲ့
အဖွားအိုကို တစ်အိမ်လုံးက မကြည်ကြဘူး ဘာလို့လည်းဆိုတော့ညဖက်တွေအော်နေလို့တဲ့
အဖွားအိုရဲ့မျက်လုံးက မျက်ရည်တွေကျနေတာသူတို့ မမြင်ကြဘူးလားဟင်
သူလား . . အင်းလေ . .အထီးကျန်နေမှာပေါ့ . အထီးကျန်တယ်ဆိုတာအားငယ်တာ . . ခြောက်ခြားတာ
အနားမှာ လူမရှိတဲ့အချိန်မှိန်ပြပြမီးရောင်အောက်က အခန်းငယ်လေးထဲမှာ ထုပ်တန်းတွေအပေါ် ကြွက်တွေပြေးနေတာ ကျွန်တော်တွေ့လိုက်ရတယ်
အဲဒီကြွက်တွေများ လာကိုက်ရင် . .အဖွားနာနေမှာပဲ
ခြင်ထောင်လည်းမရှိပါဘူး . . . ဘာလို့ ပစ်ထားရတာလဲဟင်ကျွန်တော်ကမ နေနိုင်စွာ စပ်စုကြည့်တယ်
အဖွား ကြီးက ဆိုးတယ် ဆရာတဲ့ . . . ညညဆို အိမ်မှာက သမီးတွေက ရုံးသွားရတယ်လေ အဲဒါအိပ်လို့မရဘူး
အဖွားကြီးအော်နေတော့ အကုန်လုံးအိပ်ရေးပျက်တယ် ကျွန်မတို့လည်း ၀ဋ်ကျွတ်ချင်ပြီဆရာတဲ့ . . .
ဝဋ်တဲ့. . .အဲဒါဝဋ်တဲ့လား . . ကျွန်တော်ဆက်မပြောချင်တော့ပါဘူး . . .
အဖွားကို ထမီမှန်မှန်လဲပေးဖို့ . . ဆီးဝမ်းကို ဂရုစိုက်ဖို့မှာခဲ့တယ် ကျွန်တော်ထွက်မယ်လုပ်တော့ ကျွန်တော့်ကိုအားကိုးတကြီးကြည့်နေတဲ့အဖွားရဲ့မျက်ဝန်းတွေမှာ
မျက်ရည်စတွေ တွဲခိုနေတယ် . . .
ဟုတ်ကဲ့ . .ညဖက်လည်း လာနှိုးနိုင်ပါတယ် အဒေါ် ကျွန်တော်လိုက်ကြည့်ပေးပါ့မယ် တစ်ခုခုဆို ကျွန်တော့်ဖုန်းနံပတ်လည်းယူထားပါ ဆက်နိုင်ပါတယ်
ကျွန်တော့်စိတ်တွေလည်းမကောင်းလှဘူး ဆေးခန်းပြန်ရောက်တော့လည်း မကောင်းလှဘူး
ဒီညက ခြင်တွေ နည်းနည်းကိုက်တယ်
ဆေးခန်းရှေ့မှာ ကြွက်ကြီးတစ်ကောင် ဖြတ်ပြေးသွားတယ် . . . .
အဖွားအိမ်ဖက်ကို များသွားနေတာလား ကျွန်တော်လည်းဘာတွေတွေးနေမိပါလိမ့်
မီးကပျက်နေလို့ နေရာတကာမှာ မှောင်မိုက်နေတယ် . .
ကျွန်တော်လား . . မငိုချင်ပါဘူး . . ဒါပေမယ့် ရင်ထဲမှာတော့ တစ်ခုခုက ဆုပ်ဆွဲထားသလို စို့နေတာတော့အမှန်ပဲ
လည်ပင်းထက်က နားကြပ်ကလေးကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်
ဟူး . . . ဘာမှ ဆက်မရေးချင်တော့ပါဘူး ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, February 9, 2013

ဆေးကျောင်းသားကြီးတွေနဲ့ ဆေးကျောင်းသင်ဆရာဝန်ကြီးတွေ ၊ ပြင်ညာရေးစနစ်နှင့် Professional ဟုခေါ်သော . .

ဆေးကျောင်းသားကြီးတွေနဲ့ ဆေးကျောင်းသင်ဆရာဝန်ကြီးတွေ ၊ ပြင်ညာရေးစနစ်နှင့် Professional ဟုခေါ်သော . .

 

တပည့်ကိုးဆယ့်ကိုးယောက်ကို ကျောင်းကထွက်ခွင့်ပြုပြီး ဆိုးတဲ့တစ်ပည့်တစ်ယောက် ကိုလက်ခံ လိုက်တဲ့ဆ ရာအကြောင်း ပုံပြင်လေးတစ်ပုဒ်မနေ့က Renew ပြန်လုပ်လိုက်တော့ ကျွန်တော့်အတွက်ရေး စရာ ဆောင်းပါးတစ်ပုဒ်က ထပ်ရလာပြန်ပါတယ် ။ ကျွန်တော်တို့ သူငယ်ချင်းကိုဇော်ကတော့ပြောတယ် ။ သူဆောင်းပါးတွေမရေးချင်ဘူးတဲ့ ဆောင်းပါးဆိုတာ . . လူတွေကို စောင်းမြောင်းပြီးပါးရိုက်တာ တဲ့ ။ ကျွန်တော်ကတော့ ဆရာလူထုစိန်ဝင်းတို့ ဆရာဇော်ဇော်အောင်တို့ ဆောင်းပါးတွေ ဖတ်ပြီး အဲဒီလိုပုံစံလေးတွေပဲ ရေးချင်နေလို့ ဆောင်းပါးကို နည်းနည်းတော့အားသန်မိတယ်ဆိုတာ ၀န်ခံပါတယ် ။ သူများကို ပါးရိုက်တာလားဘာလားတော့မသိဘူး ကျွန်တော်ကတော့ ပါးအရိုက်ခံရကိန်းမြင်မိတယ် ကိုဇော်ရေ ။ လက်ရှိ ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့ အတိုင်း ဆေးလောက မှာရှိတဲ့ တပည့်နဲ့စာသင်ဆ ရာဝန်ကြီးတွေ ၊ Professional လို့ခံယူထားတဲ့ Medical ဆေးလော ကအကြောင်း နဲ့ ပြင်လိုက်ညာလိုက်ဖြစ်နေတယ်ဆိုတဲ့ ပြင်ညာရေးစနစ်ကို အနည်းငယ် ချရေးကြည့်ပါဦးမယ် ။ တကယ်တော့ မနေ့က ပြန်လည်ဖော်ပြထားတဲ့ ဆိုးတဲ့ကျောင်းသားတစ်ယောက်ကို လက်ခံပြီး တော် တဲ့ကျောင်းသား ကိုးဆယ့်ကိုးယောက်ကို လက်ခံလိုက်တဲ့ ပုံပြင်လေးရဲ့ ဆိုလိုရင်းကို တော်တော်များများ မဆွဲထုတ်မိကြဘူး ။ တကယ်ဆိုလိုရင်းက " ဆရာတို့မည်သည် ပညာရည်ပြည့်ဝပြီ လောကကြီးအပေါ် ကိုယ့်ခြေထောက်နှင့်ကိုယ်ရပ်တည်နိုင်ပြီဟု ယူဆသော ကျောင်းသားများကို သာ ကျောင်းက ထွက်ခွာခွင့်ပြုသည် ဆိုးသွမ်းသော တပည့်အား လမ်းမှန်ရောက်အောင်ပြုပြင်ပေးရန် ဆရာ့တွင်တာဝန်ရှိ သည်ဟူသော ဆရာ၏ စေတနာကို ပေါ်လွင်စေချင်သော မူရင်းစာရေးသူ၏ ရည်ရွယ်ချက်ပင်ဖြစ်သည် ။ ထပ်ပြောရလျှင် မိဘတို့သည် တောင်းစုတ်ပလုံးစုတ်ကိုသာ စွန့်ပစ်ရိုးရှိသည် သားသမီးဆိုးကို မစွန့်ပစ် ယူသော မိဘမေတ္တာအတိုင်း ၊ ဆရာဝန်သည် လူနာအသက်ကို နောက်ဆုံးအချိန်ထိ လက်မလွှတ် ဟူသော စေတနာအတိုင်း ဆရာသည်လည်း တပည့်တစ်ယောက်ကို နောက်ဆုံးအချိန်ထိ ပဲ့ပြင်ဆုံးမပေး သည်ဟူသော စေတနာကို ထင်ဟပ်စေတဲ့ အရမ်းကို ကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပါ ။ ဒါပေမယ့် . . . ရည်ရွယ် ချက် ကို ဖတ်လို့ လွဲသွားတဲ့အခါ မထင်မှတ်ပဲ

- တပည့်၁၀၀ မှာ ဆိုးတဲ့ လူကိုကျတော့ ဆက်ထားပီး လိမ္မာ တဲ့ သူကျတော့ ကျောင်းကထွက်တဲ့  ဟားးး ဆရာက ဥပမာပေးထားတယ်ထင်ပါတယ် ဆရာဆိုတာ အဲလိုလူမျိုး ပေါ့ (ဒါသည် ပုံပြင်ကျောရိုးကိုဖတ်ပြီး ဘာလဲဆိုတဲ့ဦးတည်ချက်ကို ဆက်ပြီးမတွေးတော့တဲ့သဘောပါ ဘာကိုပေးချင်တာလဲ တကယ်ကပုံပြင် တစ်ပုဒ်ပါ ပုံပြင်ဆိုတဲ့အတိုင်းအပြင်မှာတော့ဘယ်ရှိပါ့မလဲ သူ့ဆိုလိုရင်းက ကျွန်တော်အပေါ် မှာပြောထား ခဲ့တဲ့အတိုင်း ပြန်ဖတ်ကြည့်ကြပါ )

- တခါတရံ ဒီလိုပုံပြင်တွေဟာ နားထောင်လို့ ကောင်းရုံသတ်သတ်ပါပဲ။ တကယ့် လက်တွေ့ နဲ့  သွားနှိုင်း လို့ မရပါဘူး။ စာရေးကောင်းတယ်ဆိုပြီး လျှောက်ဝါဒမဖြန့် ပါနဲ့ ။ ဆရာဆရာမတွေ ကို စော်ကားနေ တယ်လို့ ခံစားရလို့ ပါ။ (ဒီနေရာလေးမှာ ၀ါဒဆိုတာလေးလည်း ပြောချင်သေးတယ် ၀ါဒဆိုတာ ကိုယ်သန်ရာသန်ရာ မှန်မှန်မှားမှား . . . ဒါယုံကိုယုံရ့မယ်ဆိုပြီးလုပ်တဲ့ အရာမျိုးပါ ကျွန်တော်က စာရေး တယ် မှန်တယ် မှားတယ် ဘာတွေ ယူရမယ် ဘာတွေမယူရဘူးဆိုတာက စာဖတ်တဲ့သူတစ်ယောက် တာဝန် ပါ ကျွန်တော်ရေးတဲ့ရည်ရွယ်ချက်က ဆရာတွေစေတနာကိုပေါ်လွင်စေချင်မှန်းရေးတဲ့စာ တချို့ တလေ အဲဒီ ဆိုလိုရင်းကိုနားလည်လိမ့်မယ် ဒါပေမယ့် အခုမှတ်ချက်ထဲကလို ဆရာဆရာမတွေ ကို စော်ကားနေခြင်းရှိမရှိ သေချာလေးပြန်စဉ်းစားချင်တယ် ။ သူငယ်ချင်းတစ်ယောက်ပြောသလိုပေါ့ သင့်မှတ်ချက်ဟာ သင့်ကိုယ်သင် စာဖတ်အား ဘယ်လောက်ကောင်းလဲ ဘာတွေ absorption လုပ်နိုင်လဲ ဖော်ပြနေ တာပဲတဲ့ ဒါကြောင့် မှတ်ချက်တစ်ခုရေးတဲ့အခါ သေချာ ရှုထောင့်ပေါင်းစုံ ကစဉ်းစားစေချင်တယ် ။ စာရေးသူတစ်ယောက်ရေးတဲ့စာ အကုန်လုံးလက်ခံရမယ်လို့မဆိုလိုပါဘူး ။ အကုန်လုံးမှန်တယ် လို့လည်း မဆိုလိုပါဘူး ။ ဒါပေမယ့် Thinking Concept ကို တော့ ကျွန်တော် တို့အတော်မွေးမြူကြရလိမ့်ဦးမယ် )

ဆေးကျောင်းသားကြီးတွေ

မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်တွေအနေနဲ့ ဆေး ၁ ၊ ဆေး ၂ ၊ ဆေးမန်း ၊ မကွေးဆေး ဆိုပြီးရှိကြတယ် ။ ဆေးတက္ကသိုလ် ကို ၀င်ရတဲ့ အမှတ်ချင်းကလည်း ယောက်ျားလေးနဲ့ မိန်းကလေး အတော့်ကို ကွာခဲ့တာ ခေတ်အဆက်ဆက်ကတည်းကပါ ။ ဘာလို့လည်း ကျွန်တော်တွေးမိပါတယ် ။ စာတော် တဲ့မိန်းကလေး ဦးရေကပိုများလို့လား စာတော်တဲ့ယောက်ျားလေးဦးရေကပိုနည်းနေလို့လား ဒါမှမ ဟုတ် ယောက်ျားလေးတွေ ကို အမှတ်လျော့ပေးထားတာ ယောက်ျားလေးတွေက မိန်း ကလေးတွေလောက်အ ရည်အချင်းမမှီဘူးလို့ ဆိုလိုတာလား ။ ထားပါတော့ တကယ်တော့ ယောက်ျားလေး ဦးရေကို ပိုပြီး ဆေးလောကထဲ ပါစေချင်လို့ လို့ပဲ တွေးယူလိုက်ပါတယ် ။ တနိုင်ငံလုံးမှာ ဂုဏ်ထူးတွေရပြီး စာတော်တယ်လို့သတ်မှတ်ခံရတဲ့ကျောင်းသားတွေထဲက အချို့ဟာ ဆေးကျောင်းကို ၀င်လာကြတယ် ။ တချို့ကတကယ့်ကို ဆယ်တန်းတုန်းကတော်ကြပါတယ် ။ ဒါပေမယ့်ဆေးကျောင်း ပထမနှစ်ရောက်ပြီးက တည်းက ဂိမ်းလေးဆော့လိုက် ၊ ဖဲလေးရိုက်လိုက် ၊ ဆေးလိပ်လေးသောက်လိုက် နဲ့ပျက်ဆီးနေကြတော့ တာပါပဲ ။ ကျွန်တော်လား . . ကျွန်တော်လည်းကျောင်းသားတစ်ယောက် သူများတွေလို တက္ကသိုလ်ကျောင်း သား တွေရဲ့ လွတ်လပ်တဲ့ဘ၀ဆိုလား အဲဒါကြီးကိုခံစားကြည့်ချင်လို့ ဒါတွေနဲ့မ လွတ်ကင်း ခဲ့တာဝန်ခံပါတယ် ။ ဆေးတက္ကသိုလ်ကြီးဆိုတာ ဒေါက်တာစိုးလွင်ပြောသလိုပဲ ပန်းခင်းလမ်းမ ဟုတ်သော မြေ ပါပဲ ။

ကျွန်တော်က ဆေး ၂ ဆိုတော့ဆေး၂အကြောင်းပဲပြောပြမယ် ။ ဆေး ၂က ကျဉ်းကျဥ်းလေးပါး Theater တွေ ကျပ်ညပ်နေပြီး လေးထပ်ဆောင်တွေအခုတော့တိုးချဲ့နေပါပြီ ။ ကန်တင်းလို့ခေါ် တဲ့စားသောက် ဆိုင်လေး ဆယ်ခုလောက်ကို ဆေးကျောင်းအနောက်မှာ တန်းစီထားတယ် ။ ဆေးကျောင်းအရှေ့ မှာ နေပူထဲကရေပန်းလေး ရှိတယ် ။ ဘေးမှာ ကလူနေရပ်ကွက်တွေ ။ ဂိမ်းဆိုင်တွေပေါတယ် အရက်ဆိုင်တွေပေါတယ် ။  ရဲစခန်းက မနီးမဝေးမှာရှိတယ် ။ အများစုပေါ့ အထူး သဖြင့်ကျောင်းသားတွေ လက်ချာမှန်မှန်မတက်ကြဘူး ။ ဘာလို့လည်းဆိုတော့ စာကိုစိတ်မ၀င်စားလို့ ။ ဘာလို့စိတ်မ၀င်စားတလဲဆိုတော့အိမ်က အတင်းတက်ခိုင်းလို့ ၀ါသနာမပါလို့ ။ ကျောင်းသူတွေ ကတော့စာကြိုးစားကြတာများတယ် ။ ကျောင်းသားတွေက လက်ချာလစ်တယ် Theater လစ်တုန်း အနောက်မှာ ဖဲဝိုင်းထောင်တယ် ပါချုပ်က ခဏခဏမိတယ် ။ warning တွေအပေးခံရတယ် ။ ဂိမ်းဆိုင်ခဏခဏ သွားတယ် ။ ပိုက်ဆံ တက်နိုင်တဲ့ကျောင်းသားတွေက First year ကစပြီး ကျူရှင်ယူကြတယ် ။ တကယ်တော့ ဆေးကျောင်းကစာတွေဆိုတာ Self learning မှန်း ကျွန်တော်လည်း အတန်းကြီးလာမှ တဖြည်းဖြည်းသိလာရတာပါ ။ ဆေးကျောင်းနဲ့ကျူရှင် ဆိုတာ ဟာသပါလား လို့ ပြောစရာရှိတယ် ။ ဒါပေမယ့်ကျူရှင်ကတကယ်ရှိတာပါပဲ နောက်ဆုံး M.Med.Sc ကလည်း ကျူရှင်ရှိတာ ပါပဲ ။ ထားပါတော့ . . Roll Call မမှန်လို့ ဒီဘား ထိတဲ့ကျောင်းသားတွေ ၇န်ဖြစ်လို့ ကျောင်း ထုတ်ခံရတဲ့ကျောင်းသားတွေ အို . .စုံလို့ပါပဲ ။

ကျွန်တော်ပထမနှစ်တက်တုန်းက သင်္ချာသင်တဲ့ဆရာကပြောတယ် ။  "တပည့်တို့ ဆေးကျောင်းတက်တိုင်း ဆရာဝန်ဖြစ်တာမဟုတ်ဘူး ဆေးကျောင်းခရီးရှည်ကြီးဟာ တကယ်တော့ စိတ်ညစ်မှုတွေ ရွံ့တွေနွံ့တွေ ဆူးတွေ ခလုတ်ကန်သင်းတွေနဲ့ပြည့်နေတဲ့ လမ်းပဲ လျှောက်ရင်းနဲ့ နွံနစ်သွားတဲ့သူတွေ ဆူးမိလို့ အနာဖြစ်သွားတဲ့သူတွေ ဒုနဲ့ဒေးပဲ ဒီတော့ . . . ဆေးကုချင်တယ်ဆိုတဲ့ စိတ်ကလေးကို သာ ပီပြင်အောင်မွေးမြူကြပါ နောက်ပိုင်းဆေးကျောင်းတက်ရတာပျော်လာပါလိမ့်မယ် သေချာတာ
ကတော့ဆေးကျောင်းတက် တိုင်း ဆရာဝန်ဖြစ်လိမ့်မှာမဟုတ်ဘူး " တဲ့ ။ သိပ်မှန်တာပါပဲ ။ ပထမနှစ်ကနေ နောက် ဆုံးနှစ်အထိလူတွေ တဖြည်းဖြည်းပြုတ်ကျလာလိုက်တာ နောက်ဆုံးအောင်တော့ လူက အနည်းငယ်ပဲကျန်တော့တယ် ။ ဒီတော့ ဆေးကျောင်းမှာ ဆိုးတဲ့ကျောင်း သားရော တော်တဲ့ကျောင်း သားရောရှိတယ်ဆိုကြပါစို့ ။

ဘယ်လို ကျောင်းသားတွေကိုကျောင်းထုတ်မှာလဲ

- အတန်းချိန်မပြည့်လို့ Roll call မပြည့်တဲ့ကျောင်းသားတွေ ( ကျောင်းမထုတ်ခင် သူ့ history ကို လိုက်ရမယ် သူဘာလို့ကျောင်းပျက်တာလဲ ဆေးကျောင်းအပြင်မှာ စာကိုစိတ်မ၀င်စားပဲ ဝေလေလေ လုပ်နေပြီး ကျောင်း ပျက်နေတာလား ဒါမှမဟုတ် မိသားစုအရေး ငွေ အတွက် တကယ်ဆင်းရဲလို့ သူအလုပ်လုပ်နေရလို့ ကျောင်းတက်ချိန်မမှန်တာလား )

- သတ်မှတ်ထားတဲ့ ကျောင်းစည်းကမ်းအရ စာမေးပွဲ အကြိမ်ကြိမ်ကျရှုံးနေသူတွေ ( ခွင့်လွှတ်စရာမရှိပါဘူး ထုတ်ကိုထုတ်ဖို့ လက်ခံပါတယ် ဆေးကျောင်းမှာ Moderation ဆိုတာရှိတယ် စာမေးပွဲမကျဖူး တဲ့သူမရှိပါဘူး ဒါပေမယ့် Moderation တွေကနေပြန်ပြန် ကယ်ရတာပါ ဆေးကျောင်းအောင်အမှတ်က တစ်ရာမှာ ငါးဆယ် ပါ ။ ၃ ဘာသာရှိရင် ၂ ဘာသာကျခွင့်ရှိတယ် ။ မော်ဒရေးရှင်းနဲ့တစ်လပြန် တက်ပြန်ဖြေရ တယ် ။ ၃ ဘာသာလုံးကျရင် တစ်နှစ်လုံးပြန်တက် ။ အဲဒီမှာ Failure လို့ခေါ်တဲ့ F တွေ သတ်မှတ်အကြိမ်ပြည့်သွားရင်ဆေးကျောင်းကထုတ်ပယ်ပါတယ် ။

- ရန်ဖြစ်ဆိုးသွမ်းတဲ့ မင်းမဲ့စရိုက်တွေ ( နောင်တချိန်မှာ လူ့အသက်ကယ်မဲ့လူတွေ မင်းမဲ့စရိုက်ပုံစံမျိုး အတန်းထဲကမှန်တွေရိုက်ခွဲတာ ထိုင်ခုံတွေဖျက်ဆီးအရက်တွေမူးပြီးရန်တွေဖြစ် ဒီအပြူအ မူတွေဟာ ဆေးကျောင်း သား တစ်ယောက်ရဲ့ Attitude နဲ့မကိုက်ညီလို့ ထိုက်ပယ်သင့်ပါတယ် )

ဆေးကျောင်းကနေ စည်းကမ်းနဲ့မညီလို့ ကျောင်းထုတ်လိုက်ပါပြီတဲ့ ။ ဆေးကျောင်းနဲ့မဆိုင်တော့ ဘူး ရောက် ချင်တာရောက်ဖြစ်ချင်ရာဖြစ်ဆိုလို့လည်းမဟုတ်သေးပါဘူး ။ သူတို့ရဲ့စာရိတ္တနဲ့ Attitude ကို ကျွန်တော်တို့တကယ်ပဲမပြောင်းလဲပေးနိုင်တော့ဘူးလား ။ Warning တွေထပ်ခါထပ် ခါပေးလို့မရလို့ ထုတ်တာသဘာဝကျပါတယ် ။ ဒါပေမယ့် ချက်ချင်း ပဲ ရန်တစ်ခါဖြစ်လို့ တစ်အုပ်စုလုံးထုတ် လိုက်တယ်ဆိုတာကတော့ နည်းနည်းပြန်စဉ်းစားကြည့်ရအောင် ။ ပဲလှော်ကြားဆား ညှပ်တဲ့ ကျောင်း သားတွေလည်း ပါသွားနိုင်သလို . . . သူတို့ရန်မဖြစ်ရအောင် သူတို့အတန်းချိန်မှန်အောင် စာမေး ပွဲအောင်အောင် ကျွန်တော်တို့ ဘာတွေ ဆက်လုပ်သင့်သလဲဆိုတဲ့ နည်းလမ်းကို ရှာကြည့်ရမှာဖြစ်ပါတယ် ။

ပြုပြင်လို့ရသေးတဲ့ကျောင်းသားကို ပြုပြင်ပေးပြီးလမ်းမှန်ကို တည့်တည့်ရောက်အောင် ဘယ်လိုလုပ်ရ မလဲဆို တာ အားလုံးဝိုင်းအဖြေရှာရမှာဖြစ်ပါတယ် ။ တကယ့်ကိုဆေးစာတွေမမှီတော့လို့ စာမ ကျက်နိုင်တော့ လို့ စိတ်မ၀င်စားတော့ လို့ ကျောင်းကနေထုတ်ပယ် လိုက်ရတဲ့ ကျောင်းသားတွေ က ခြွင်းချက်ပါ ။ စာလည်းတော်တယ် လိုက်နိုင်တယ် ဒါပေမယ့်အကျင့်ဆိုးလေးတွေရှိနေတယ် ဒါဆို အဲဒီအကျင့်တွေကို ပယ်ဖျက်ဖို့  ဘာသာရေ့းဆိုင်ရာအချိန်လေးတွေ စာရိတ္တမြှင့်တင်ရေးဆိုင်ရာ အချိန်လေးတွေ ကျောင်း မှာ စည်းလုံးမှု နဲ့ လုပ်တဲ့ Gathering ပွဲကလေးတွေ ဆေးတက္ကသိုလ်ကြီးကို တက်နေရတဲ့ကျောင်းသားကျောင်းသူတွေ ပျော်ဝင်လာအောင် နည်းလမ်းရှာကြဖို့ကျွန်တော် ကတိုက်တွန်း လိုပါတယ် ။

ဆေးကျောင်းသင်တဲ့ဆရာဝန်ကြီးတွေ

စာသင်တာ အားလုံးကောင်းကြတယ် ။ တချို့တလေကလွဲလို့ တပည့်တွေအပေါ် တော်စေ တတ်စေချင်ကြတဲ့ ဆရာတွေရဲစေတနာတွေကတော့ထပ်တူပါပဲ ။ နောက်ဆုံးတစ်မှတ်လေး ပဲ ဖြစ်ဖြစ် Moderation လေးပါရအောင် အောင်မှတ်လေးရအောင်သူတို့ Board ထိုင်နေတဲ့အချိန်မှာ ကြိုး စားပေးကြတယ် ။ ပြန်တွေးမိရင် ဆရာတွေကို ကျွန်တော်အခုထို မျက်ရည်ဝဲနေတုန်းပဲ ။ တကယ့်ကိုတော်တဲ့ ဆရာဝန်ကြီးတွေပါ ။ ကျွန်တော်တို့ ပါချုပ်ကအစ ဆရာတွေအားလုံးဟာ နာသုံးနာနဲ့ပြည့် ၀ကြသူတွေချည်းပါ ။ ဒါပေမယ့် အရှေ့မှာ စကားထောက်ခဲ့သလို တချို့သော ဆရာကြီးတွေ ကတော့ နည်းနည်လေး ခွဲခြားဆက်ဆံတာ ရှိခဲ့ပါတယ် ။ တော်တဲ့ကျောင်း သား မြေတောင်မြှောက်တယ် ဆိုးတဲ့ကျောင်းသားလက်တွဲမခေါ်ဘူး ။ အတန်းထဲပေးမ၀င် ဘူး ။ အချိန်ကို အရမ်းလေးစားတဲ့ဆရာကြီးတစ်ယောက်က တော့ လူ့အသက်ကယ်ရမယ့်ဆရာဝန်တွေဟာ အချိန်ကို တိကျလေးစားရမယ်ဆိုပြီး အတန်းထဲပေးမ၀င်လို့ အတန်းပြင်ကနေ တပည့်တွေက ငုတ်တုတ်စောင့် ရတယ်လို့ ကြားမိတယ် ။ ဆရာကြီးရေ . . . အချိန်ဟာ အရေးကြီးတာမှန်ပါတယ် ။ ဒါပေမယ့် နောက် ကွယ်မှာ အချိန်နောက်ကျရခြင်းရဲ့အကြောင်းတွေ ဆရာကြီးရော ကျွန်တော်ရောမသိနိုင် တာတွေအ များကြီးရှိနိုင်ပါတယ် ။ ဆရာကြီး ပေးမ၀င်လို့ရပ်စောင့်ခဲ့၇တဲ့ တပည့်တွေထဲမှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်လည်းပါပါတယ် ။ သူ့ က ဆေးကျောင်း တက်ရဖို့ အလုပ်စုံလုပ်ပါတယ် ။

မနက်ဆို အစောကြီး Guide သင်တယ် မုန့်ရောင်းတယ် တိုလီမိုလီအစုံလုပ်တယ် ။ သူ့အမေက အကြော်ရောင်း တယ် ။ အဲဒီနေ့က သူ့အမေ အကြော်ဆီအပူလောင်လို့ သူ ဆေးခန်းလိုက် ပို့နေရလို့သူအ ရမ်းတ က်ချင်နေတဲ့ဆရာကြီးရဲ့ လက်ချာကို  နောက်ကျသွားပါတယ် ။ အတန်းထဲကို တံခါးပိတ်ပြီးသူ ၀င်ခွင့် မရဘူးလို့ဆိုပါတယ် ။ ဆရာ့အစီအစဉ်က ကောင်းပါတယ်ဆရာ ဒါပေမယ့် တချို့သော အကြောင်းကြောင်းကြောင့် ခွင့်လွှတ်ပေးနိုင်စရာရှိတဲ့ကျောင်း သားတွေကိုတော့ခွှင့်လွှတ်ပေး ပါလားလို့ ကျွန်တော် က မေတ္တာ ရပ်ခံကြည်ချင်ပါတယ် ။ ဆရာတို့ ပညာတွေသင်ပေးခဲ့ကြလို့ ကျွန်တော်တို့အခု လို လူလိုသူလိုရပ်တည်နိုင်ခဲ့ကြတာပါ ။

ပြင်ညာရေးစနစ်နှင့် Professional ဟုခေါ်သော

လက်ရှိပညာရေးစနစ်ကို လူတွေက ပြင်ညာရေးစနစ်လို့မြင်လာကြတယ် ။ ကိုးဘာသာဖြစ်သွား လိုက် ခြောက် ဘာ သာဖြစ်သွားလိုက်နဲ့ နောက်ပြီး သင်ရိုးညွှန်းတမ်းတွေက လည်း ခေတ်နဲ့ အမှီ လိုက်ပြောင်းနေကြလို့ မိဘတွေက လက်ရှိပညာရေးစနစ်ကို မယုံရဲကြတော့ဘူး ။ နိုင်ငံခြားကျောင်းတွေ အားကိုးလာကြတယ် ဆယ်တန်းအောင်ရင်ဘာလုပ်မှာလဲဆိုတဲ့အတွေး ၀င်လာကြတယ် ။ နိုင်ငံခြားလွှတ်ဖို့ ကိုပဲစိုင်းပြင်းလာကြတယ် ။ တက္ကသိုလ်ပညာရေးစနစ်ကလည်းဒီအတိုင်းပါပဲ ။ အဝေးသင်တွေအနီး သင်တွေ စာမေးပွဲကြီးကျမှ ကျူရှင်တက် အနီးကပ်နဲ့ အောင်သွားကြတယ် ။ ဒီတော့ဘ၀အတွက် အသုံးဝင်စရာ ဘာတွေများပါသွားသလဲ ။ အသိပညာ အတတ်ပညာတမျိုးမျိုး ဘာတွေပါသွားသလဲဆိုတာ စဉ်းစားစရာဖြစ်လာ ခဲ့တယ် ။ မြင်းကောင်းခွာလိပ် ဖြစ် သလိုဖြစ်ကြရတဲ့ ဆယ်တန်း အတန်းတင်ကိုလည်း ကျွန်တော်က ( ကျွန်တော့် အတွေးအရ ) စာမေးပွဲစနစ်ကိုလည်းပြောင်းကြည့်ချင်ပါတယ် ။ တစ်နှစ်လုံးစာမ ကျက်ကြဘူး အတန်းတင်နီးလာမှ Final နီးလာမှ စာကျက် ပြီး spot လိုက်ကြတယ် ။ တိုးတဲ့သူက အောင်မတိုးတဲ့သူကကျသွားကြတယ် ။ တကယ်ဆို ကျွန်တော်တို့တက္ကသိုလ်ပညာရေးလို့ပဲ Final ကို ၃၀ %ပဲယူပြီးကျန်တဲ့တစ်နှစ်အတွင်းမှာ Pre test တွေ Tutorial တွေနဲ့ အမှတ်တွေကို စာတွေလက်တွေ့ နဲ့ ၆၀% ယူစေချင်ပါတယ် ။ ကျန်တဲ့ ၁၀% ကျတော့ကျောင်းတက်ချိန်ပါ ။အ ခုတော့ ကျူရှင်ပဲထားကြတယ် ကျောင်းကြီးတွေမသွားကြတော့ဘူး ။ စာမသင်လို့တဲ့ ။

စာမေးပွဲနီးလာပြီဆို အတန်းထဲလူမရှိတော့ဘူး ခြောက်ကပ်ကပ်ကျူရှင်တွေဝိုင်းတွေ မှာ လူတွေအပြည့် ။ ကျွန်တော့်ရင်ထဲမှာတော့ တစ်ခုခုလစ်ဟာ ဆုံးရှုံးနေရသလိုပါပဲ ။ Professional ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ဆက်ရအောင် ။ ဆရာဝန်ဆိုတာ ပျော်စရာဘ၀ကြီးတော့မဟုတ်ပါဘူး ။ သူများ တွေအားနေ တဲ့အချိန်ကိုယ်စာဖတ်ရတယ် သူများ ပျော်နေတဲ့အချိန်ကိုယ်စာဖတ်ရတယ် ရပ်သွားတယ်မရှိဘူးရှေ့ ကိုအမြဲသွားနေရတယ် ။ လူနာတွေနဲ့ထိတွေ့တဲ့အခါ ဆီး သွေး မစင်ကအစ ထိတွေ့ရတယ်အ နာတြွေုပည် ပုပ်တွေ နဲ့ လက်ပွန်းတတီးနေရတယ် ။ အိုဂျီမှာဆိုပိုဆိုးသေးတယ် ။ ဒီတော့ ဒီလိုဘ၀ ဟာ ပျော်စရာကောင်း တယ်လို့ ဘယ်သူကပြောသလဲ ။ တကယ်တော့ ပျော်စရာကောင်း တယ်ဆိုတာ လူတစ်ယောက်ရဲ့အသက်ကို ကိုယ်ကယ်လိုက်နိုင်တဲ့ အချိန်မှသာ စပြီးသိလာနိုင်တာပါ ။ ကုသိုလ်လည်းရ ၀မ်းလည်းဝဆိုတဲ့စကားအတိုင်း ကိုယ်ဟာ Professional လို့လူတွေပြောနေကြတဲ့ ကျွမ်းကျင် ပြည့်ဝသော ဆရာဝန်ဘ၀ကို ဖြတ်သန်းတော့မယ်ဆိုရင် အရာရာကို ရင်ဆိုင်နိုင်ရတော့မှာပါ ။ နောက်တစ်ခု ဆရာဝန်နဲ့နိုင်ငံရေး ကိုလည်းနည်းနည်းပြောချင်သေးတယ် ။ နိုင်ငံရေးဆိုတာ နိုင်ငံထဲမှာ နေတဲ့နိုင်ငံ သူနိုင်ငံသားတွေလုပ်နေတဲ့အရေးပါ ။ ဆရာဝန်ကဆေးကုတယ် အင်ဂျင်နီယာက တိုက်ဆောက်တယ် ရုံးသမားက ရုံးအလုပ်လုပ်တယ် စစ်သားကစစ်တိုက် တယ်ရဲကလူဆိုးဖမ်းတယ် ဒါတွေအားလုံးနိုင်ငံရေးတွေချည်းပဲ ။ ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလုပ်နေကြတာ အကုန်လုံးနိုင်ငံရေးတွေချည်း ပဲလို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် နိုင်ငံတစ်ခု တည်ဆောက်ရေးမှာ ဆရာဝန်ဆိုတာ ကဏ္ဍတစ်ခုအနေနဲ့ပဲပါပါလိမ့်မယ် ။ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍပေါ့ ။

ကဏ္ဍ အမျိုးမျိုးရှိတဲ့ နိုင်ငံရေး နယ်ပယ်မှာ ဆရာဝန်သက်ဆိုင်တာကျန်းမာရေူးကဏ္ဍ ဖြစ်ပါတယ် ။ Policy Making တွေ Rules and regualtion တွေ တကယ့်ကို တခြားလိုင်းတွေကတော့ ဆရာဝန်တွေနဲ့သိပ်တော့မ သက်ဆိုင်ပါဘူး ။ ဒါပေမယ့် Impact တော့ရှိတာပေါ့ ။ ဆရာဝန်တစ်ယောက်ကို နယ်မှာ ဘယ်နှစ်နှစ်ထားရမယ် ဟိုပို့ဒီပို့လုပ်တဲ့ Strike လုပ်တဲ့ ဒါဏ်ကိုတော့ဆရာဝန်တွေ ခံနိုင်ရပါလိမ့်မယ် ။ နောက်ဆုံးပြောချင်တာကတော့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ ဆရာဝန်တွေအများကြီးလိုနေပါတယ် ။ ဒါဆို ဘာလို့ လက်ထောက်ဆရာဝန်တွေမခေါ်တာလဲ ။ ခေါ်ပါတယ် တစ်နှစ်တစ်နှစ်ကိုသတ်မှတ်ထားသလောက်ခေါ်ပါတယ် ။ မလောက်ပါဘူး ။ အပြင်မှာ နေနေကြတဲ့ PSC မအောင်လို့ တခြားနယ်ပယ်တွေရောက်နေကြတဲ့ဆရာဝန်တွေတပုံကြီးရှိနေကြသေးတယ် ။ ကျွန်တော် PSC ဖြေတုန်းကအမှတ်တရလေးပြောချင်သေးတယ် ။ ကျွန်တော့်ကို ရှေ့မှာ ထိုင်နေတဲ့ဆရာကေ မး ပါတယ် ။ " ရန်ကုန်နဲ့ နေပြည်တော်အကွာအဝေး "  ဖြေနိုင်ပါတယ် ။ " တံတားဘယ်နှစ်စင်းဖြတ်ခဲ့ရသလဲ "  ဖြေနိုင်ပါတယ် ။ " အဲဒီတံတား တွေရဲနာမည် တွေပြောပြပါ "  ဖြေနိုင်ပါသေးတယ်။ စိတ်ထဲလည်း လက်ထောက်ဆရာဝန်လုပ်ရမှာ လူနာတွေဆေးကုရမှာ ဒါတွေက တကယ့်ကိုလုပ်အပ်လို့မေးနေ တာလား တွေးမိတယ် ။ ဥပမာ ငှက်ဖျားဘာလို့ဖြစ်တယ် သွေးလွန်တုပ်ကွေးအကြောင်းတွေမေးပါ ကျွန်တော်တို့ မဖြေနိုင်ရင် လက်ထောက်ဆရာဝန်လုပ်ခွင့်မပေးပါနဲ့လက်ခံပါတယ် ။

ဆက်မေးပါတယ် "  အဲဒီတံတားတစ်စင်းစီရဲ့အရှည်ကို ရွတ်ပြပါ "  မဖြေနိုင်တော့ပါဘူး ။ ဆက်ပြီးစဉ်းစား ရင်တော့ကျက်ထားတာလေးတွေပေါ်လာနိုင်တယ် ။ အရည်အချင်းပြည့်မှီပါတယ်ဆိုပြီး ဆမ လက်မှတ်ပေး ထားပြီးပြီး ဆေးပညာဘွဲ့ပေးထားပြီးမှ PSC ကမေးခွန်းတွေမဖြေနိုင်လို့ လက်ထောက်ဆရာဝန် မဖြစ်လိုက်ရတဲ့ဆရာဝန်တွေအတွက်လည်း ၀န်ကြီးအနေနဲ့ တစ်ခုခုတော့စဉ်းစားပေးစေချင်ပါတယ် ။ အထူးသဖြင့် M.Med.Sc အတွက် ၀င်ခွင့်တံခါးပေါက်ဖြစ်တဲ့ လက်ထောက်ဆရာဝန်ဖြစ်ခွင့်ဟာ ဆရာဝန်အများ စုအတွက်ခက်ခဲနေတုန်းပါပဲ ။

အစအဆုံးဖတ်ပေးကြတဲ့စာဖတ်သူများကို လေးစားစွာ ကျေးဇူးတင်ရှိပါတယ် ။ ရေလိုအေးလို့ ပန်းလို မွှေးနိုင်ကြ ပါစေခင်ဗျာ ။

သက်တန့်ချို
10:57 AM

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, February 4, 2013

ဒီစစ်ပြီးတဲ့အခါ . . .












ဒီစစ်ပြီးတဲ့အခါ . . .

(၁)

တဖျောက်ဖျောက် နဲ့ သေမင်းတံခါးဝဟာ
ဖိတ်တ၀က်စင်တ၀က် ၀ိဥာဉ်ခေါ်သံတွေနဲ့
အိပ်မက်တွေကို ဖျက်ကနဲ သတ်ချလိုက်တယ်

(၂)

ပြီးဆုံးသွားပါပြီ . . .အရာရာပြီးဆုံးသွားပါပြီတဲ့
ငြိမ်းချမ်းရေးအလံတွေလွှင့် . . .
ရင်ထဲတော့ တဆစ်ဆစ် နာကျင်နေလိုက်ရတာ
“ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ”
မဟောင်းတဲ့ ဇာတ်လမ်းသစ်ကြီးမှာ ဗုံးဆံတွေ ပျံ့ကျဲ
ခနော်နီခနော်နဲ့ . ယိုင်နဲ့နေဆဲပါလား

အမှန်တရားကို ခံတပ်လုပ်သတဲ့
အဲဒီ လက်နက်တွေက လူသတ်တယ်
အဲဒီ မိုင်းဗုံးတွေက လူသတ်တယ်
အဲဒီ ကျည်ဆံတွေကလူသတ်တယ်
သား . . . ငိုချင်လိုက်တာ မေမေ . . ။

(၃)

သူတို့စာမအံကြတော့ဘူး
တိတ်ဆိတ်မှုက သင်္ချိုင်းမြေထဲက
ဖုတ်ဖတ်ခါထ အလောင်းကောင်တွေ
စာ . . . ထဆို နေကြ
“ ကကြီးကလေးငယ် . . ချစ်စဖွယ် ”
အို . . ဘယ်မှာလဲ မေမေ ရယ်

မျက်ရည်နဲ့ ခါးသီးမှု ဘာလို့ ထပ်တူကြရတာလဲ
ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖိနပ်တစ်ရံလောက်တောင်တန်ဖိုးမရှိတဲ့
“ လူ့အခွင့်အရေး ” တွေ ဆုံးရှုံးနေကြ
သား . . မလေးစားနိုင်တာ ခွင့်လွှတ်ပါ မေမေ ။

( ၄)

ရင်ဘတ်ပေါ်က ကြယ်တွေက
ကမ္ဘာဖျက်တံဆိပ်တွေများလား
သေသွားတယ် မေမေ
ကလေးတွေ သေသွားတယ်မေမေ
အဖိုးတွေသေသွားတယ်မေမေ
အဖွားတွေသေသွားတယ်မေမေ
ပြည်သူတွေ သေသွားတယ်မေမေ
နတ်ဆိုးရဲ့ ရွတ်ဆိုမှု ဂါထာ တစ်ဝက်အရောက်မှာ
သားတို့ ရှံးနိမ့်ခဲ့ရတာလား မေမေ
ဇ ဇလပ်ပြာတောင်တန်းပြာမှာ
ဂျိုးဖြူကလေးတွေ မရှိတော့ ဘူး မေမေရယ်

စစ်ဝိဥာဉ်ရဲ့ ခလုတ်တစ်ချက် အဆွဲမှာ
အားလုံးလဲကျသွားတယ် . . .
တစ် . . နှစ် . . .သုံး
ဘယ်တော့မှ လည်း . .မပြီးဆုံးသေးနိုင်ဘူး
အဲဒီပုစ္ဆာ . .ဆက်မတွက်ပါရစေနဲ့လား

(၅)

ဒီနေ့ . . . လယ်ရိတ်ရမယ့်အချိန်
စပါးတွေ မဖူးတော့ဘူး
ပန်းတွေမပွင့်တော့ဘူး
ကျည်ဆံတွေနဲ့ ဗုံးသံတွေက
မိုးကြိုးပစ်သလို အပိုင်းပိုင်းပြတ်ကျ
အရာရာအနန္ဆပေါ့ မေမေ

မြက်ပင်ကလေးတွေအပိုင်းပိုင်းပြတ်ကျ
မိသားစုတွေတွေ . . . အစိတ်စိတ်အမွှာမွှာ ကွဲအက်လိုက်ကြ
ဒီဘ၀ကဖြင့် . . . .
စစ်နတ်ဆိုးရဲ့ ရယ်သံတွေအောက်
အိပ်မက်တွေ တဖျောက်ဖျောက် မြေမြှုပ်ခံလိုက်ရတာပေါ့မေမေ

(၆)

ဘေးနားကဖြတ်သွားတဲ့ကျည်ဆံမှာ စာနာမှုလေးများ ပါမလား
သား အပြေးအလွှားလိုက်ကြည့်
မမှီလိုက်ပါဘူးမေမေ
သူ့ ရင်ဘတ်ကိုဖောက်ထွင်း . . သွေးစိမ်းတို့လျှံကျ
ခါး . . ခါး . . .ခါး . . . တယ်မေမေ

“ ၀ုန်း ကနဲ ပေါက်ကွဲသံရဲ့တစ်ဖက်
အရပ်လည်းမကယ်နိုင် နတ်လည်းမကယ်နိုင်
ယိုင်နဲ့နဲ့လယ်တောကလေးက
သခင်မဲ့နေရှာတယ် မေမေ

အနာဂါတ်မှာ မျှော်လင့်ချက်ရှိတယ်လို့များ
မနှစ်သိမ့်ပါနဲ့လား
ပြတ်ထွက်သွားတဲ့အသားစိုင်တွေနဲ့အတူ
မနက်ဖြန်တွေပါ . . ပါသွားခဲ့ရပြီ
ဘာများ မှားနေခဲ့လို့လဲဟင်
ဘာများ မှားနေခဲ့လို့လဲဟင်

မျက်ရည်တချို့ . . . သွေးစက်တွေအပေါ် ဖိတ်ကျ
သားတို့ အမြဲ ပဲ နိမ့်ကျနေခဲ့ရ ။

( ၆)

ရှားပါးတဲ့ မိုးရေတစ်စက် ကို ငတ်မွတ်နေတဲ့
ကန္တာရ အိုမှာ . . .
တစ်ခုလပ် မုဆိုးမ တွေနဲ့
သားရူး မိခင် တွေနဲ့
သေမင်းကတော့ ရီနေရှာတယ် မေမေ
“ခလုတ်တစ်ချက်ဆွဲယုံနဲ့ မင်းတို့အသက်တွေ . . ဖျက်ကနဲပါပဲ ” တဲ့

အဖွားအိုရဲ့ မျက်ရည် တွေ သဲသောင်ပြင်ပေါ်ကျ
ကမ္ဘာမကြေတဲ့ မိုးတွေ . . ရွာချလိုက်ကြစမ်းပါ
“ချစ်ခြင်းမေတ္တာ ” ကို ကြက်ခြေခတ်
အရိုင်းအစိုင်းတို့ ဗုံတီးသံတွေကြားမှာ
သားဖြင့် ကြောက်လိုက်တာ မေမေ ရယ် . .

(၇)

သရေဆိုတာ မရှိပါဘူး
ရှုံးရှုံးနိုင်နိုင် အပြိုင် ကျဲတဲ့ ခေတ်ကြီးမှာ
ဝိဥာဉ်တို့ အော်ညည်းသံသာ ကမ္ဘာပျက်မတက်
လောကထဲက အမိမဲ့သားတွေ
. . . . . . . . . .
အနာဂါတ်ကို သီချင်းသံလေးတွေနဲ့မချော့သိပ်ကြပါနဲ့
နောက်ဆုံးမှာ
သေဆုံးသွားတဲ့အလောင်းကောင်တွေက ရုပ်ရှင်ပြကွက်မဟုတ်ဘူး
သွေးနဲ့ ဆေးတဲ့ မြေတစ်ကွက်မှာ
သားတို့ . . သေခြင်းကို တတ်သွားခဲ့ပုံများ မေမေရယ် . .

(၈)

ကြိုးစင်ထက်က အလံငယ်ဟာ
လေမှာ တ၀င့်ဝင့် . . လူသတ်ကုန်းဆီက
တော်လဲသံတွေ . . . Disaster မဟုတ်ဘူး
တရားဟောသံတွေမဟုတ်ဘူး
စာပေဟောပြောပွဲတွေမဟုတ်ဘူး
ငြိမ်းချမ်းရေးချိုးကူသံတွေမဟုတ်ဘူး
အဲဒါ . . သေမင်းရဲ့ တောက် ခေါက်သံ
အပြစ်မရှိသူတွေရဲ့ သွေးကို
အပြစ်ရှိသူတို့ သောက်သုံးကြတယ်
အပြစ်မရှိသူတွေရဲ့ ခန္ဓာကို
အပြစ်ရှိသူတို့ စိတ်ခွာ ဖျက်ဆီးကြတယ်

ဘယ်တော့မှ . . . ငရဲက မလွတ်ဘူး

(၉)

ကျည်ဆံ တစ်တောင့်ကို ရောင်းပါ
မိသားစုတစ်နပ်စာ ဖြေရှင်းချင်လို့

လူတွေသွားမယ့်လမ်းမှာ ထောင်မဲ့မိုင်းတွေအစား
ပြောင်းခင်းတွေစိုက်ပါလား ငါ့သား . . .

ခက်တာပဲ မေမေရယ်

စစ်ဆိုတာ ကျည်တွေအဆင့်အတန်းခြင်းပြိုင်တဲ့ပွဲ
စာနာမှု ရင်ခွင်ဖြူဖြူမှာ သွေးနီနီတွေစီးကျလာတာ
ဘာများဆန်းသလဲ မေမေ

စစ်က သတ်လေ . . .ပြည်သူတွေက သေလေ
ပေပေတေတေ ဘ၀တွေအားလုံး
အိုးမဲ့အိမ်မဲ့ဖြစ်ကြယုံပေါ့
ကမ္ဘာမကြေ သီချင်းသံကို တော့ တိတ်ဆိတ်စွာ ဆိုနေပါရစေ မေမေ

(၁၀ )

မေမေ ပေးတဲ့ ကျောက်တံတစ်ချောင်းနဲ့
သင်ပုန်းအပေါ် ရေးခြစ်မိခဲ့
“ စစ် . . ကို . . မုန်း . . .တယ် ”

လူသားခြင်းစာနာမှု သေဆုံးခြင်းဟာ
လူ့သမိုင်းတစ်ခုလုံး မြေမြုပ်ခံရခြင်းပဲ

လူ့အခွင့်အရေးငတ်မွတ်ခြင်းဟာ
ကလေးငယ်ရဲ့ မျက်ရည်ပဲ

စစ်နတ်ဘုရားရဲ့ ခရာသံကို
မြေတွင်းထဲ ထည့် အုပ်
မိုးတွေ ခပ်အုပ်အုပ်ကလေး
ချုပ်စေချင်လှပြီ မေမေ

ဒီစစ်ပြီးတဲ့အခါ . . .


(သက်တန့်ချို ရေးဖွဲ့သည် )
Photo : google image search

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................