Friday, September 28, 2012

တန်ဖိုးရှိတဲ့အသက်တစ်ချောင်း


 
တန်ဖိုးရှိတဲ့အသက်တစ်ချောင်း

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ မြစ်ထဲမှာ ရေကူးနေရင်း ရေနစ်သွားခဲ့တယ် ။ ဒီတော့ ရေပေါ်မှာ မြုပ်ချီပေါ်ချီဖြစ်နေပြီး “ ကယ်ကြပါ ” ဆိုပြီး အကူအညီတောင်းခံခဲ့တယ် ။ မြစ်ကမ်းနားကို ဖြတ်သွားတဲ့လူတစ်ယောက်က ကောင်လေးကိုတွေ့သွားပြီး မြစ်ထဲကို ခုန်ဆင်းလို့ ကောင်လေးရဲ့အသက်ကို အချိန်မှီကယ်ဆယ်လိုက်နိုင်ခဲ့တယ် ။

ပြီးတော့ အဲဒီလူက ကောင်းလေးသတိရတဲ့အခါ ထွက်သွားဖို့ပြင်တော့ကောင်လေးက လှမ်းပြောလိုက်တယ် ။

“ ကျေးဇူးတင်ပါတယ်ဗျာ ”
“ ဘာအတွက်လဲ ကောင်လေး ”

ကောင်လေးက ပြန်ဖြေတယ် ။ “ ကျွန်တော့်ဘ၀ ကိုကယ်ဆယ်ခဲ့တဲ့အတွက်ပါ ”

ဒီတော့ အဲဒီလူက ကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် ။

“ ကောင်လေး .. မင်းအသက်ကြီးလာတဲ့အခါ မင်းရဲ့ဘ၀ဟာ ကယ်ဆယ်ဖို့ထိုက်တန်တဲ့ ဘ၀မျိုးဖြစ်အောင် ကြိုးစားပါ ”

-----------------------------------------------

သင်ရောစဉ်းစားဖူးလား .. သင့်ရဲ့ဘ၀ဟာ အကြပ်အတည်းဖြစ်နေတဲ့အချိန် သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ တကယ်ကယ်ဆယ်ဖို့ ထိုက်တန်ရဲ့လား ဆိုတဲ့အချက် ကိုပေါ့ ။ တကယ်တော့ အဲဒီလူက ကောင်လေးကို ဘ၀ကို တန်ဖိုးရှိရှိနေထိုင်ဖို့ကို မီးမောင်းထိုးပြသွားခြင်းဖြစ်ပါတယ် ။ လူတွေဟာ ကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူးလို့ပဲ ထင်နေတတ်ကြတယ် ။

တကယ်တော့ သင်ပိုင်ဆိုင်ရတဲ့အသက်တစ်ချောင်းဟာ တန်ဖိုးရှိရှိ နေထိုင်ဖို့ ထိုက်တန်ပါတယ် ။ အချိန်တွေကို အကျိုးရှိရှိအသုံးချလို့ လူ့လောကမှာ တရားနဲ့ဓမ္မ ဆုံးမမှုတွေအောက် လွတ်လပ်ပျော်ရွှင်ပါ တန်ဖိုးရှိရှိနေထိုင်ရင်း ဘ၀ကို ဖြတ်သန်းလိုက်ပါ ။

သက်တန့်ချို
Is your Life Worth Saving? အားခံစားဘာသာပြန်သည် ။ 

စိန်မြေဧကပေါင်းများစွာ





စိန်မြေဧကပေါင်းများစွာ

တစ်ခါတုန်းက အာဖရိက မှာ လယ်သမားတစ်ယောက်ရှိတယ် ။ အဲဒီလယ်သမားဟာ လယ်ယာအလုပ်လုပ်ရင်း ပျော်ရွှင်ခြင်းနဲ့ ကျေနပ်ရောင့်ရဲခြင်းကို ပိုင်ဆိုင်ထားတယ် ။ သူဟာ ရောင့်ရဲမှုရှိတဲ့အတွက်ပျော်ရွှင်ရတယ် ။ အဲဒီလိုပဲ သူဟာပျော်ရွှင်မှုရှိတဲ့အတွက် ရောင့်ရဲတင်းတိမ်နိုင်တယ် ။

တစ်နေ့မှာတော့ ပညာရှိ အဖိုးအိုတစ်ဦးက လယ်သမားဆီရောက်လာပြီး စိန် တွေရဲ့ ကျော်ကြားမှု ဂုဏ်သရေရှိမှုနဲ့ စွမ်းအားတွေအကြောင်းကို ပြောတယ် ။

“ သင်ဟာ သင့်လက်မအရွယ်အစားလောက် စိန်တစ်လုံးကို ပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်မြို့ တစ်ခုရှိလာလိမ့်မယ် သင်ဟာ သင့် လက်သီးဆုပ်အရွယ်အစားလောက်စိန်တစ်လုံးပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်နိုင်ငံရှိလာလိမ့်မယ် ” အဲဒီလိုပြောပြီး ပညာရှိ အဖိုးအိုဟာ လယ်သမားဆီကနေ ထွက်ခွာသွားခဲ့တယ် ။

အဲဒီညမှာ လယ်သမားဟာ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ဘူး ။ သူဟာ မပျော်ရွှင်တော့ဘူး ပြီးတော့ ရောင့်ရဲတင်းတိမ်ခြင်းတွေဟာလည်းသူ့ဆီကနေအဝေးကိုထွက်ပြေးသွားတော့တယ် ။ သူဟာ မရောင့်ရဲနိုင်တော့တဲ့အတွက် မပျော်ရွှင်တော့ဘူး ..အဲဒီလိုပဲ သူဟာ မပျော်ရွှင်တော့တဲ့အတွက် မရောင့်ရဲနိုင်တော့ဘူး ။

နောက်တစ်နေ့မနက်မှာ သူဟာ သူ့လယ်တွေကို အငှားချထားဖို့သဘောတူညီမှုလုပ်ခဲ့ပြီး သူ့မိသားစုကိုခေါ်ဆောင်လို့ စိန်တွေရှာဖို့သူဟာ ထွက်ခွာခဲ့တယ် ။ အာဖရိက နယ်ပယ်ဒေသ အားလုံးကို သူ လိုက်ရှာပါတယ် ဒါပေမယ့် သူ ရှာမတွေ့ခဲ့ဘူး ။ ဒီလိုနဲ့လယ်သမားဟာ ဥရောပဒေသတွေအထိပါရောက်လာပြီး ရှာပေမယ့် မတွေ့ခဲ့ပြန်ဘူး ။ သူ စပိန်နိုင်ငံကိုရောက်လာတဲ့အခါ သူ့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ငွေကြေး အခြေအနေရော အတော်လေးကို ချို့တဲ့နေခဲ့ပါပြီ ။

သူဟာ စိတ်ဓါတ်တွေအကြီးအကျယ် ကျပြီး သူ့ကိုယ်သူ မြစ်ထဲခုန်ဆင်းပြီး သတ်သေဖို့လောက်အထိ အတွေးတွေဝင်လာခဲ့တယ် ။ ဒီလိုနဲ့ သူဟာ သူ့နဂိုနေရာလေးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့လယ်တွေကို အငှားလုပ်နေတဲ့သူဟာ လယ်တွေအလယ်ကနေ ဖြတ်စီးနေတဲ့စမ်းချောင်းလေးဆီကနေ ရေတွေကို ပုံးနဲ့ယူပြီး လယ်တွေကို ရေ လောင်းနေတာတွေ့လိုက်ရတယ် ။ အဲဒီအချိန်စမ်းချောင်းလေးကိုဖြတ်ပြီးတော့ နံနက်ခင်းရဲ့နေရောင်ဟာ ကျောက်တုံးတွေပေါ် ဖြာကျ နေလျှက်ရှိပြီး ရောင်စဉ်တွေဟာ သက်တံ တစ်စင်းလိုဖြစ်ပေါ်နေတာကိုတွေ့လိုက်ရတယ် ။

လယ်သမားက ဒီမြင်ကွင်းလေးဟာ အရမ်းကိုကြည်နူးဖို့ကောင်းတယ်လို့ တွေးလိုက်မိတယ် ။ ဒီလိုနဲ့လယ်သမားဟာ သက်တံလေးကျဆင်းနေတဲ့ ကျောက်တုံးလေးကို ကောက်ယူပြီး အိပ်ခန်းထဲမှာ ထည့်ထားလိုက်တယ် ။ နေ့လည်ရောက်လာတဲ့အခါ ပညာရှိအဖိုးအိုပြန်ရောက်လာပြီး အရောင်တောက်ပနေတဲ့ကျောက်တုံးလေးကိုတွေ့မြင်ခဲ့တယ် ။ သူက အငှားလယ်သမားကိုမေးလိုက်တယ် “ အရင်လယ်သမား Hafiz ပြန်ရောက်ပြီလား ” အငှားလယ်သမားကပြန်ဖြေတယ် “ ဟင့်အင်းမတွေ့မိပါဘူးဘာလို့မေးတာလဲ ”

အဖိုးအိုကပြန်ဖြေတယ် “ ဘာကြောင့်လည်းဆိုတော့ ဒါဟာ စိန်တစ်ပွင့်ပဲလေငါ လူတစ်ယောက်ကို မြင်လိုက်တဲ့အခါ အဲဒီလူကို အမြဲမှတ်မိနေတတ်တယ် ” အဲဒီအချိန်မှာ ပိုင်ရှင်လယ်သမားဟာ အိမ်ထဲကထွက်လာပြီး အဖိုးအိုကတွေ့သွားခဲ့တယ် ။ အဖိုးအိုက လယ်သမားကိုပြုံးပြလိုက်ပြီး “ မင်း စိန်တွေရှာတွေ့ခဲ့ပြီလား ” လယ်သမားက ဖြည်းညှင်းစွာ ခေါင်းခါလိုက်တယ် ။

အဖိုးအိုကပြုံးလိုက်ပြီး “ ဒါဟာ စိန်ပွင့်တွေလေ ” ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်တယ် ။ အဲဒီအခါ ဘေးက ရပ်ကြည့်နေတဲ့အငှားလယ်သမားက ၀င်ပြောလိုက်တယ် “ ဟင့်အင်းမဖြစ်နိုင်ပါဘူးအဖိုး ဒီကျောက်တုံးက ကျွန်တော်စမ်းချောင်းထဲကနေ ဆယ်ထားတဲ့ကျောက်တုံးလေးပါ စိန်မဟုတ်ပါဘူး ” “ ကဲဒါဆိုလာ ငါပြမယ် ” ဆိုပြီး သူတို့ဟာစမ်းချောင်းလေးဆီထွက်ခွာသွားကြတယ် ။ ပြီးတော့ စမ်းချောင်းထဲက ကျောက်တုံးအနည်းငယ်ကို နမူနာအဖြစ်ယူပြီး စိန်အစစ်တွေဟုတ်မဟုတ် သုတေသနတွေလုပ်ခဲ့ကြတယ် ။

အံ့သြစရာ ကောင်းတဲ့ဖြစ်ရပ်က အဲဒီကျောက်တုံးလေးတွေဟာ စိန်ပွင့်တွေဖြစ်နေခဲ့တယ် ။ လယ်သမားဟာ ဒီလယ် ဧက တစ်ခုလုံးကို စိန်တွေနဲ့ ဖုံးအုပ်ထားတယ်ဆိုတာ နားလည်သွားတယ် ။ အဖိုးအိုက လယ်သမားကို ကြည့်ပြီး စကားတစ်ခွန်းပြောတယ် ။

“ သင်ဟာ စိန်တွေရှိရဲ့သားနဲ့ဘ၀ရဲ့ ပျော်ရွှင်မှုအစစ် ဘ၀ရဲ့အနှစ်သာရ သင်ပိုင်ဆိုင်ရတဲ့ တိုင်းပြည်လေးကို သင်မမြင်ရသေးပဲကိုး ” ဆိုပြီး ထွက်ခွာသွားပါတော့တယ် ။

---------------------------------------------

ကျွန်တော်တို့အားလုံး သင်အပါအ၀င် စိန်တွေခင်းတဲ့စိန်တွေပြည့်နေတဲ့မြေပြင်ဧကပေါင်းများစွာမှာ လမ်းလျှောက်နေကြတာပါ ။ အခွင့်အရေးနဲ့အခွင့်အလမ်းမှန်သမျှဟာ ကျွန်တော်တို့ခြေထောက်တွေအောက်မှာရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ဘယ်ကိုမှ ထူးထူးထွေထွေသွားနေစရာမလိုပါဘူး ကျွန်တော်တို့ လိုအပ်တာက အဲဒီသဘောတရားကိုနားလည်ထားဖို့ပဲ ။

“ တခြားဖက်မှာ မြင်ရတဲ့မြက်ခင်းပြင်တွေဟာ အမြဲစိမ်းလန်းနေလိမ့်မယ် ” ကျွန်တော်တို့ ဒီဖက်မှာ မြက်ခင်းတွေ စိမ်းလန်းအောင်လုပ်နေချိန်မှာ တခြားဖက်မှာလည်း တခြားသူတွေက မြက်ခင်းပြင်တွေကို စိမ်းလန်းအောင်လုပ်နေကြလိမ့်မယ် ။ သူတို့ဟာ ကျွန်တော်တို့နဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ပျော်ရွှင်ကြလိမ့်မယ် ။

လူတွေဟာ အခွင့်အရေးကို ဘယ်လို လက်ခံတတ်ရမယ်ဆိုတာ မသိခဲ့ကြဘူး သူတို့ဟာ အခွင့်အရေးက တံခါး လာခေါက်တဲ့အခါ ဆူဆူညံညံလုပ်ပြီး ပြန်လွှတ်တတ်ကြတယ် ။

တူညီတဲ့အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါတံခါးလာခေါက်လေ့မရှိဘူး ။ နောက်တစ်ကြိမ်ဆိုတာ ပိုကောင်းတာလည်းဖြစ်နိုင်သလို ပိုဆိုးတာလည်းဖြစ်နိုင်တယ် ဒါပေမယ့် ပထမတစ်ကြိမ်လောက်တော့ဘယ်တော့မှ တူညီမှာမဟုတ်တော့ဘူး ။

သက်တန့်ချို
Acres of Diamond အားခံစားဘာသာပြန်သည် ။

Thursday, September 27, 2012

မေမေ . . . သားစာလေးဖတ်ပေးပါ



မေမေ . . . သားစာလေးဖတ်ပေးပါ

မေမေ ... မေမေအခုအချိန်ဆို ဘာတွေများလုပ်နေမလဲဟင် ဘယ်တွေများ ရောက်နေမလဲ မေမေ ငိုနေမလား ဒါမှမဟုတ် မေမေပျော်နေမလားဟင် . . သားကို သတိရ နေလိမ့်မလားလို့တော့ မ၀ံ့မရဲလေး မျှော်လင့်မိခဲ့ပါတယ် ။

မေမေ . .သားမှတ်မိသေးတာပေါ့ မေမေ့ ၀မ်းကြာတိုက်ထဲ သားရှိနေစဉ်တုန်းက မေမေဆရာဝန်ကြီးနဲ့ ဆွေးနွေးနေချိန်တုန်းကပေါ့မေမေ ... “ ခင်ဗျားမှာ HIV ပိုးရှိနေတယ် ” လို့ပြောလိုက်ချိန် မေမေ တုန်လှုပ်သွားလိုက်တာ ..သားမေမေ့ကို အရမ်းသနားလိုက်တာ ...မေမေ မငိုပါနဲ့လို့ သားလှမ်းလှမ်းပြောနေမိတယ်မေမေ .. ဘာဖြစ်လဲ မေမေ မေမေ့မှာလည်း HIV ပိုးရှိတယ် သားမှာလည်း HIV ပိုးကူးချင်ကူးပါစေ သားမကြောက်ပါဘူးမေမေ ..

မေမေ ..သားကြောက်တာ အဲဒီရောဂါ ပိုးကြောင့်သားလူ့လောက ကို မရောက်ရှိလာမှာကိုပဲ အဲဒီရောဂါပိုးကြောင့် မေမေသားကို အချစ်လျော့သွားမှာကိုပဲ အဒီရောဂါပိုးကြောင့် မေမေ သားကို မပွေ့ဖက်တော့မှာကိုပဲလေ . . .ဒါပေမယ့် မေမေရယ် သားတို့က ကံစီမံရာ လှုပ်ရှားရတဲ့ ရုပ်သေးရုပ်လေးတွေပါမေမေ . .

မေမေ ... သားဆုတောင်းတွေမပြည့်ခဲ့ပါဘူး သားအသက် ၆ လအရွယ် မေမေသားကိုစွန့်ပစ်ဖို့ကြိုးစားခဲ့သေးတယ်နော် ..း(( ဒါပေမယ့် သားမေမေ့ကို အချစ်မလျော့ပါဘူးမေမေ ကံတရားက သားကို လူ့လောကထဲရောက်အောင်တွန်းပို့ခဲ့သေးတယ် ။ မေမေသားကိုစွန့်ပစ်ခဲ့တာကို သားဖက်က ( လူ့လောကထဲ ရောဂါဆိုးကြီးနဲ့မရောက်စေချင်တဲ့ စေတနာကြောင့် ) ဖြစ်လိမ့်မယ်လို့ သား ယုံကြည်ခဲ့မိပါတယ် . . .

မေမေ . . . မေမေ့ဝမ်းဗိုက်ထဲကနေ သားလူ့လောကထဲ စစရောက်ခြင်း မေမေသားကို မနမ်းရှံ့ခဲ့ဘူးနော် သားနားလည်ပါတယ်မေမေရယ် မေမေသားကို စိုက်ကြည့်တဲ့မျက်ဝန်းထဲမှာ မေတ္တာတရားတွေပါနေတာကိုပေါ့ ... သားကတော့ မေ့မေ့မျက်ဝန်းတွေစိုက်ကြည့်ရင်း အပျော်ကြီးပျော်နေခဲ့ရတာပေါ့မေမေ ..

မေမေ .... မှတ်မှတ်ရရ သား အသက် ၅ နှစ်သားအရွယ်မှာပေါ့ အဲဒီညနေခင်းဟာ မိုးတွေသည်းသည်းမည်းမည်းရွာနေခဲ့တယ် မေမေသားကို အိမ်ကြီးထဲမှာ ထားပြီးတစ်ယောက်တည်းထွက်သွားလိုက်တာ ပြန်မလာခဲ့တော့ဘူးနော် ...သားချမ်းလိုက်တာမေမေ ..ဖေဖေကလည်း အရက်မူးမူးနဲ့အိပ်ပျော်နေတဲ့အချိန် မိုးခြိမ်းသံတွေကြားတိုင်း သားကြောက်လိုက်တာ မေမေ ..မေမေ ဘယ်မှာလဲ ..မေမေ ..ဘယ်မှာလဲဟင်

မေမေ ... သားအခုဆို အသက်အရွယ်ရောက်လို့ ဆေးဝါးတွေအကူအညီနဲ့လူ့လောကထဲ စာတွေရေးနေပြီပေါ့မေမေ ...သူငယ်ချင်းတွေက သားအနားမကပ်ချင်ကြပေမယ့် သားကတော့ သူတို့ကို နားလည်ပေးပြီး လုံးဝမမုန်းမိပါဘူးမေမေ ရယ်..သားကိုပွေ့ဖက်ယုံနဲ့သူတို့ မှာ ရောဂါမကူးဘူးဆိုတာ သူတို့သိပေမယ့်သားကို ဘယ်သူကမှ မပွေ့ဖက်ချင်ကြပါဘူးမေမေ ..ရပါတယ်မေမေရယ် ...သားမငိုမိပါဘူး...ငိုချင်တဲ့စိတ်ကို ကြိတ်မှိတ်မြိုသိပ်နေမိဆဲပါ . . မေမေသားစာကို များဖတ်နေမလား မေမေ အခု ဘယ်များရောက်နေလဲ သားသိချင်လိုက်တာမေမေရယ် ..မေမေ့ကို ပြန်တွေ့ချင်တာဟာ မေမေ့ဆီက အခွင့်အရေးတစုံတရာ ရချင်လို့မဟုတ်သလို နမ်းရှိုက်ခွင့်ခံရဖို့လည်းမဟုတ်ပါဘူးမေမေ ...သားကို သားလို့ ခေါ်တဲ့အသံလေးကြားရယုံကလေး....

မေမေ ... သား မေမေ့ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောချင်ပါတယ် ...အဲဒီစကားကို အသက်နဲ့ထပ်တူ ယုံကြည်ပေးပါမေမေ ...

“ သား ..မေမေ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး မေမေ ....”

သက်တန့်ချို
ခံစားရေးဖွဲ့သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရောင်စုံဘောလုံးလေးတွေ



ရောင်စုံဘောလုံးလေးတွေ

တစ်ခါတုန်းက လူတစ်ယောက်ဟာ ပျော်ပွဲရွှင်ပွဲတွေမှာ ရောင်စုံဘောလုံးလေးတွေရောင်းရင်းအသက်မွေးဝမ်းကြောင်းပြုတယ် ။ သူ့မှာ ဘောလုံးအနီရောင် အ၀ါရောင် အစိမ်းရောင်အပြာရောင် အဖြူရောင် စတဲ့ ရောင်စုံရှိတယ် ။

သူဟာ ဘောလုံးလေးတွေအ၀ယ်ပါးတဲ့နေ့ဆိုတရင်သူ့လက်ထဲက ဘောလုံးတစ်လုံးကို လေထဲကို လွှတ်တင်လိုက်တယ် ။အဲဒီအခါ ပျော်ပွဲရွှင်ပွဲကကလေးတွေက သဘောကျပြီး သူ့ဆီမှာ ဘောလုံးတွေလာဝယ်ကြတဲ့အခါ ရောင်းအားလည်းပြန်တက်လာခဲ့တယ် ။

နေ့စဉ်နေ့တိုင်း သူဟာရောင်းအားကျတဲ့နေ့တွေဆိုရင် သူ့လက်ထဲက ဘောလုံးတွေထဲက တစ်လုံးကို လေထဲ လွှတ်တင်ပြီးကလေးတွေကို ဆွဲဆောင်လေ့ရှိတယ် ။တစ်နေ့ တော့ သူဘောလုံးရောင်းနေရင်း ကလေးတစ်ယောက်က သူ့ကို အနောက်ကနေ လှမ်းဆွဲလိုက်တာသတိထားမိလိုက်တယ် ။

သူလှည့်ကြည့်လိုက်တော့ ကလေးငယ်က သူ့ကိုမေးတယ် ။

“ ဦးဦး.... ဦးဦး လက်ထဲက ဘောလုံး အနက်ရောင်လေးကရော တခြား ရောင်စုံဘောလုံးတွေလို လေပေါ်တက်နိုင်လားဟင် ”

ဘောလုံးရောင်းတဲ့သူက ညှင်သာစွာ ပြုံးပြလိုက်ပြီး ကလေးကိုပြောတယ် ။

“ သားရေ . . လေပေါ်ကို ပျံတက်နိုင်တာဟာ ဘောလုံးတွေရဲ့အရောင်ကြောင့်မဟုတ်ပါဘူး ..ဘောလုံးထဲမှာ ထည့်ထားတဲ့ ဟီလီယံ ဓါတ်ငွေ့တွေကြောင့်ပါ ဒါကြောင့် အနက်ဖြစ်စေ အနီဖြစ်စေ အပြာဖြစ်စေ အထဲမှာ လေပေါ်ပျံတက်နိုင်တဲ့အစွမ်းသတ္တိရှိတဲ့ ဓါတ်ငွေ့တွေထည့်ထားရင် ပျံတက်နိုင်ပါတယ် ”

--------------------------------------

အပြင်ပုံပန်းသဏ္ဍာန်တွေနဲ့ လူတွေကို အကဲဖြတ်လို့မရသလို အစွမ်းအစကိုလည်းဆုံးဖြတ်ပေးလို့မရဘူး ။ အောင်မြင်ခြင်းနဲ့ အမြင့်ပေါ်ပျံတက်နိုင်တဲ့အစွမ်းဟာ ပုံသဏ္ဍန်ပေါ်မူတည်နေတာမဟုတ်ဘူး ။ အတွင်းက ပျံတက်နိုင်တဲ့အစွမ်းသတ္တိ အရည်အချင်းတွေ ကြောင့်သာဖြစ်တယ် ။

သင်ရော . . . အပြင်ပန်းလှအောင်ကြိုးစားနေတဲ့လူတစ်ယောက်လား ...အတွင်းက စိတ်နှလုံးသား မြင့်မြတ်အောင် အစွမ်းသတ္တိရှိအောင် ကြိုးစားနေတဲ့သူတစ်ယောက်လား ?

သက်တန့်ချို
The Man Who Sells Balloons အားခံစားဘာသာပြန်သည် ။ 

 စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အဆိုးမြင်









အဆိုးမြင်

တစ်ခါတုန်းက မုဆိုးတစ်ယောက်မှာ ငှက်ဖမ်းအလွန်ကျွမ်းတဲ့ခွေးတစ်ကောင်ရှိတယ် ။ အဲဒီခွေးဟ ရေပေါ်မှာတောင်လမ်းလျှောက်နိုင်ပြီး ရေပေါ်က ငှက်ကိုတောင် ဖမ်းနိုင်တဲ့ထူးခြားတဲ့အစွမ်းရှိခွေးဖြစ်တယ် ။ မုဆိုးဟာ သူ့ခွေးကို သူ့ရဲ့သူငယ်ချင်းဖြစ်သူကို ကြွားချင်တဲ့အတွက် အမဲလိုက်အတူထွက်ခဲ့ကြတယ် ။

ရေဘဲတွေ ဖမ်းဖို့ သူတို့ဟာ ကန်ကြီးတစ်ခုဆီရောက်လာခဲ့ကြတယ် ။ အဲဒီကန်ကြီးအလယ်လောက်မှာ ရေဘဲတွေ ပျော်မြူးကျက်စားနေတာတို့ သူတို့ နှစ်ယောက် တွေ့လိုက်ကြတယ် ။ ဒီတော့ မုဆိုးက သူ့သူငယ်ချင်းကို သူ့ခွေးဘယ်လောက်တော်ကြောင်းပြချင်တာနဲ့ သေနတ်နဲ့မပစ်ဖို့ ပြောလိုက်ပြီးသူ့ခွေးကို ရေဘဲတွေသွားဖမ်းဖို့ အချက်ပြလိုက်တယ် ။

အမဲလိုက်ခွေးဟာ လျှင်မြန်စွာပြေးသွားပြီးရေပေါ်ကို တက်သွားတယ် ။ ပြီးတော့ရေလယ်ခေါင်အထိ ပြေးပြီး ရေဘဲတွေကို ကိုက်ချီလို့ မုဆိုးရှိရာကိုပြန်လာခဲ့တယ် ။ မုဆိုးက ဘယ်လို သဘောရသလဲ ဆိုတဲ့သဘောနဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး ခွေးနဲ့ပတ်သတ်လို့ ကောင်းရာကောင်းကြောင်းတစ်ခုခုပြောစေချင်ခဲ့တယ် ။ ဒါပေမယ့် သူငယ်ချင်းဖြစ်သူက ဘာမှမပြောခဲ့ဘူး ။

ဒီလိုနဲ့အပြန်လမ်းမှာ မုဆိုးလည်းမနေနိုင်တော့ပဲ သူငယ်ချင်းဖြစ်သူကိုမေးလိုက်တယ်။

“ သူငယ်ချင်း ငါ့အမဲလိုက်ခွေးက မတော်ဘူးလားကွာ ရေပေါ်ကို ပြေးနိုင်ပြီး ရေဘဲတွေကို ကိုက်ပြီး ပြန်ယူလာနိုင်တယ် ”

သူငယ်ချင်းဖြစ်သူကပြန်ဖြေတယ် ။

“ ဟင်းအင်း ..မတော်ပါဘူးကွာ ..သူ ရေမှ မကူးတတ်တာ ”

--------------------------------------------

လူတစ်ချို့ဟာ အကူအညီတော့မပေးတတ်ကြဘူး ဒါပေမယ့် ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကောင်းတာကိုမမြင်ပဲ အဆိုးမြင်ဖက်ကကြည်ပြီး အဆိုးတွေပဲ တွေးဖို့ကိုတော့ ၀န်မလေးတတ်ကြဘူး ။

သက်တန့်ချို
The Unusual Dog အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 24, 2012

လူ့သဘာဝ



လူ့သဘာဝ

တစ်ခါတုန်းက ဆရာဝန်တစ်ဦးဟာ ဟောပြောပွဲတစ်ခုမှာ ဟောပြောသူအဖြစ် ဖိတ်ကြားခြင်းခံရတယ် ။ ဟောပြောပွဲဟာ အရက်သောက်သူတွေအတွက် အသိပညာပေး ဟောပြောပွဲဖြစ်တယ် ။ ဆရာဝန်က သရုပ်ဖော်လေးနဲ့ အရက်ဟာ လူတွေရဲ့ကျန်းမာရေး ကိုဘယ်လောက် ထိဆိုးရွားစေနိုင် သလဲ ဆိုတာ ပြဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။ သူ့ဟာခွက်ကလေးနှစ်ခွက်ယူလာခဲ့တယ် ။

တစ်ခွက်ထဲမှာ ရိုးရိုးရေ ထည့်ထားပြီး နောက်တစ်ခွက်ထဲမှာ အရက်တွေထည့်ထားခဲ့တယ် ။ ပြီးတော့ သူဟာ တီကောင်တွေကို ရေခွက်ထဲထည့်လိုက်တယ် ။ တီကောင်လေးတွေ လှပစွာရေထဲမှာ ကူးခတ်နေ တာ ကိုလူတိုင်းတွေ့လိုက်ကြတယ် ။ ပြီးတော့ရေမျက်နှာပြင်ပေါ် တက်လာကြတယ် ။

ဆရာဝန်က တီကောင်တွေကို အရက်ခွက်ထဲထည့်လိုက်ပြန်တယ် ။ လူတွေရဲ့မျက်စိရှေ့မှာတင် တီကောင်တွေ တွန့် လိမ်ကြေပျက်သွားတာကိုတွေ့လိုက်ရတယ် ။

ဆရာဝန်က အရက်ဟာလူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လို ပြုမှုသလဲဆိုတာ သက်သေပြချင်လို့ ဒီ သရုပ်ဖော်လေးကိုလုပ်ဆောင်ခဲ့တာဖြစ်တယ် ။ သူဟာ နားထောင်နေတဲ့ အရက်သောက် သူတွေ ကို မေးလိုက်တယ် ။

“ အခု လုပ်ပြသွားတဲ့ အထဲကနေ ဘာတွေ သင်ယူမိပါသလဲ ” အနောက်ဆုံးနားက လူတစ်ယောက်က ထပြော တယ် ။

“ အကယ်၍ သင်ဟာ အရက်သောက်မယ်ဆိုရင် သင့်အစာအိမ်ထဲမှာ တုပ်ကောင် သံကောင်တွေ ရှိမှာမဟုတ်တော့ပါဘူး အရက်က ခြေဖျက်လိုက်ပါလိမ့်မယ် ” တဲ့ ။

--------------------------------------------

တကယ်တော့ ဒီသရုပ်ဖော်လေးက ပေးချင်တဲ့ မက်ဆေ့က အဲဒီလိုမဟုတ်ပါဘူး ။ အရက်ရဲ့ ဆိုးကျိုးကိုပြ ချင်တာပါ ။

ဒါပေမယ့် လူတွေဟာ သူတို့ မြင်ချင်တဲ့အရာကိုပဲမြင်ကြတာများတယ်သူတို့ကြားချင်တဲ့အရာကိုပဲ နားထောင် ချင်ကြတာများတယ် ။

သက်တန့်ချို
Selective Listening အားခံစားဘာသာပြန်သည် ။

ကိုယ်ပိုင်ဦးဆောင်မှု

ကိုယ်ပိုင်ဦးဆောင်မှု

 

တစ်ခါတုန်းက လမ်းဘေးဆိုင်လေးမှာ ဟော့ဒေါ့ရောင်းတဲ့လူတစ်ဦးရှိခဲ့တယ် ။ သူဟာ စာမတတ်တဲ့ အတွက်ကြောင့်ဘယ်တော့မှသတင်းစာတွေမဖတ်ဘူး ။ သူဟာ နားသိပ်မကြားတဲ့အတွက် ဘယ်တော့ မှ ရေဒီယိုနားမထောင်ဘူး ။ သူဟာ အမြင်အာရုံမွဲတဲ့အတွက်ကြောင့် ဘယ်တော့မှ ရုပ်မြင်သံကြား မကြည့်ဘူး ။ ဒါပေမယ့်သူ့ဝါသနာနဲ့စိတ်ထက်သန်မှုအရ သူဟာ ဟော့ဒေါ့တွေအများကြီးရောင်းရတယ် ။

သူ့ရဲ့အကျိုးအမြတ်နဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တယ် ။ သူဟာ အသားတွေများ များပိုမှာတယ် ပြီါ်တော့ သူ့လုပ်ငန်းသူ ကြီးထွားအောင် ပိုကြီးပြီးပိုကောင်းတဲ့မီးဖိုတစ်ခုလည်း ၀ယ်ယူခဲ့ တယ် ။ သူ့လုပ်ငန်းဟာ အောင်မြင်လာတဲ့အတွက် သူ့သားဖြစ်သူ တက္ကသိုလ်ကျောင်းဆင်းဟာ သူနဲ့အလုပ် အတူတွဲလုပ်ဖို့ ရောက်လာခဲ့တယ် ။

အဲဒီမှာ ထူးထူးဆန်းဆန်းပါပဲ ။ သားဖြစ်သူကမေးတယ် ။ “ အဖေ ..ကျွန်တော်တို့ အခု စီးပွားရေး ကျဆင်းလာနိုင်တာ အဖေ သတိမပြုမိဘူးလား ”

ဖခင်ဖြစ်သူကပြန်ဖြေတယ် “ ဟင့်အင်း ဒါပေမယ့် ငါ့ကို အဲဒီအကြောင်းပြောပြပါဦး ” သားဖြစ်သူက ဆက်ပြောတယ် “ အခုအပြည်ပြည်ဆိုင်ရာအခြေအနေတွေက အရမ်းကြောက်ဖို့ကောင်းအောင် ဆိုးရွားနေ တယ် ပြည်တွင်းစီးပွားရေးအခြေအနေဆိုပိုတောင်ဆိုးသေးတယ် ကျွန်တော်တို့လာမယ့် ဆိုးရွားတဲ့အ ချိန်တွေအတွက်ကြိုတင်ပြင်ဆင်ထားသင့်တယ် ”

အဲဒီအချိန် ဟော့ဒေါ့ရောင်းတဲ့လူက စဉ်းစားတယ် ။ သူ့သားဟာ တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်တယ် သတင်းစာလည်း ဖတ်တယ် ရေဒီယိုလည်းနားထောင်တယ် ဒီတော့ သူအရာရာကို သိနိုင်တယ် သူ့အကြံဥာဏ်ကို အပြင်းအထန်လိုက်နာသင့်တယ် လို့တွေးလိုက်တယ် ။ ဒါကြောင့်နောက် တစ်နေ့မှာ ဖခင်ဖြစ်သူက အသားမှာတာကို ရပ်ဆိုင်းလိုက်ပြီး အော်ဒါတွေကိုလည်းဖယ်ဖျက်လိုက်တယ် ။ အလုပ်ကို လည်း အရင်လို စိတ်ဝင်တစားမလုပ်ခဲ့တော့ဘူး ။ သိပ်မကြာခင်မှာပဲ လူတွေဟာ နည်းသထက်နည်း လာခဲ့ပြီး သူ့ဟော့ဒေါ့ဆိုင်လေးဟာ မရောင်းရသလောက်ဖြစ်လာခဲ့တယ် ။ ရောင်းအားဟာ လျှင်မြန်စွာ ကျဆင်းလာခဲ့တယ် ။ ဖခင်ဖြစ်သူကသားဖြစ်သူကိုပြောတယ် ။

“ သား မင်းမှန်တယ် ငါတို့အခု အခြေအနေဆိုးတွေအလယ်ကိုရောက်နေပြီမင်းငါ့ကို အချိန်မီသတိပေးတာ ငါအရမ်း ၀မ်းသာတယ် ”

-----------------------------------------------------

အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကောင်းမွန်သော ဦးဆောင်ခြင်းကို လွဲမှား ရှုပ်ထွေးစေလေ့ရှိကြတယ်

ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူတစ်ယောက်မှာလည်း ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းဆိုတာရှိနိုင်တယ် ။ ဥာဏ်ရည် ဥာဏ်သွေးကောင်းတိုင်း ဦးဆောင်နိုင်တယ်လို့ သင်မယုံကြည်ပါနဲ့ ။

သင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါ သင့်ကိုယ် ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။

အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့်ရင်ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ ဖြစ်နေ တာများတယ် ။

သက်တန့်ချို
Education and Good Judgement. အားခံစားဘာသာပြန်သည် ။

Attitude and Performance

Attitude and Performance

 

တစ်ခါတုန်းက လူ ၃ ယောက်ဟာ အုတ်တွေ စီနေခဲ့တယ် ။ လမ်းမှာဖြတ်သွားတဲ့လူတစ်ယောက်က သူတို့ဘာ လုပ်နေကြတာလဲဆိုပြီးမေးလိုက်တယ် ။

ပထမ လူတစ်ယောက်ကပြန်ဖြေတယ် ။ “ ခင်ဗျားမတွေ့ဘူးလား ကျွန်တော်နေဖို့လုပ်နေတာပေါ့ ”

ဒုတိယ တစ်ယောက်ကပြန်ဖြေတယ် ။ “ အုတ်တွေစီနေတာ ခင်ဗျားမတွေ့ဘူးလား ”

တတိယတစ်ယောက်ကပြန်ဖြေတယ် ။ “ ကျွန်တော်က အလွန်လှပတဲ့အဆောက် အအုံတစ်ခု တည်ဆောက်နေ တာပါ ”

သူတို့သုံးယောက်စလုံးဟာ တူညီတဲ့အလုပ်တစ်ခုတည်းကိုလုပ်နေကြတာပါပဲ ။ ဒါပေမယ့် သူတို့လုပ်နေတဲ့ အပေါ်ထားရှိတဲ့အမြင်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး ။ ဘ၀မှာ အရေးအကြီးဆုံး က ကိုယ်လုပ်နေတဲ့အလုပ်အပေါ် ဘယ်လို Attitude ထားရှိရမလဲဆိုတာပဲ ။ အဲဒီ Attitude ပေါ်မူတည်ပြီး သူတို့ရဲ့ Performance တွေလည်းကွဲပြားသွားကြတယ် ။

သက်တန့်ချို
What Are You Doing? အားခံစားဘာသာပြန်သည် ။

ပြင်ညာရေး စနစ်

ပြင်ညာရေး စနစ်

 

တစ်ခါတုန်းက တောအုပ်ထဲမှာရှိတဲ့တိရိစ္ဆာန်တွေဟာ ကျောင်းတစ်ခု စဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ကျောင်း သားတွေ ထဲမှာ ငှက်တစ်ကောင်ရယ် ၊ ရှဉ့်တစ်ကောင်ရယ် ၊ ငါးတစ်ကောင်ရယ် ၊ ခွေးတစ်ကောင် ရယ် ၊ ယုန်တစ်ကောင်ရယ် ၊ စိတ်ချို့ယွင်းနေရှာတဲ့ ငါးရှဉ့်တစ်ကောင်ရယ်ပါဝင်ပါတယ် ။

ဒီလိုနဲ့ တောတွင်းပညာရေး အဖွဲ့ကနေပြီး သင်ရိုးညွှန်းတမ်းတစ်ခုပြုစုဖို့ဆုံးဖြတ်လိုက်ကြတယ် ။ အဲဒီသင်ရိုး ညွှန်းတမ်းထဲမှာ ပျံသန်းခြင်း ၊ သစ်ပင်တက်ခြင်း ၊ ရေကူးခြင်း ၊ မြေတူးဆွခြင်းတွေပါဝင်ပြီး အဲဒါတွေက ပညာရေးအခြေခံတွေဖြစ်တယ်လို့ယူဆထားကြတယ် ။ တိရိစ္ဆာန်အားလုံးဟာ ဘာသာရပ်အားလုံးကို သင်ကြား ရမှာဖြစ်တယ် ။

ငှက်ဟာ ပျံသန်းခြင်းမှာ အတော်ဆုံးဖြစ်ပြီး A အဆင့်ရသွးတယ် ဒါပေမယ့် မြေတူးဆွခြင်းမှာတော့ အဆင်မပြေခဲ့ ဘူး ။ သူ့အတောင်ပံတွေနဲ့ မြေတူးဆွဖို့ရာ သူ့နှတ်သီးနဲ့လှိုဏ်ခေါင်းတစ်ခုစာရဖို့ တူးဆွဖို့ရာ မှာ အဆင်မပြေတဲ့အတွက် အဲဒီဘာသာရပ်ရှုံးနိမ့်ခဲ့ရတယ် ။ သစ်ပင်တက်ခြင်းမှာ C အဆင့်ရခဲ့ တယ် ရေကူးတဲ့နေရာမှာတော့ F အဆင့်ပဲရခဲ့တယ် ။ ရှဥ့်ကတော့ သစ်ပင်တက်တဲ့နေရာမှာ ဆရာကြီးပါပဲ ဒါပေမယ့် ရေကူးတဲ့နေရာမှာတော့ ရှုံးနိမ့်ခဲ့ရတယ် ။ ငါးဟာလည်းရေကူးတဲ့နေရာမှာ အတော်ဆုံးဖြစ်ပေ မယ့် ရေအပြင်ကိုမထွက်နိုင်ခဲ့ဘူး တခြားအရာတွေမှာ F အဆင့်ပဲရခဲ့တယ် ။ ခွေး ဟာ ကျောင်း ဆက်မတက်တော့ပဲ ကျောင်းအတွက်လခပေးတာကိုလည်းရပ်ခဲ့တယ် ။ ပြီးတော့ ပညာရေး အဖွဲ့ကို သင်ရိုးညွှန်း တမ်းမှာ “ ခွေးဟောင်နည်း ” ပါ ထည့် သင်ဖို့ အတွက် ဆန္ဒပြခဲ့တယ် ။ ယုန် ကတော့ မြေ တူးဆွတဲ့နေရာမှာ A အဆင့်ရပါတယ် ။ ဒါပေမယ့် သစ်ပင်တွေတက်ဖို့ကတော့ သူ့အတွက်ပြဿ နာတစ်ခုဖြစ်နေခဲ့ရတယ် ။ မြေပြင်ပေါ် ခဏခဏပြန်ပြုတ်ကျပြီး ဦးနှောက်ကိုပါ ထိခိုက်ခဲ့ရ တယ် ။ မကြာခင်မှာ မြေတူးဆွခြင်းကိုပါ သိပ်မလုပ်နိုင်တော့ပဲ အဆင့် C ပဲရခဲ့တယ် ။

စိတ်အာရုံချို့ယွင်းနေတဲ့ငါးရှဉ့်ကတော့ အရာရာကို တစ်ဝက်လောက်ပဲလုပ်နိုင်ပြီး သူဟာ တစ်တန်းလုံးမှာ အမှတ်အရဆုံး သတ္တ၀ါဖြစ်ခဲ့တယ် ။ သူ့စိတ်ထဲမှာ ပျံသန်းခြင်းလည်းမရှိ တူးဆွခြင်းလည်းမရှိ ၊ သစ်ပင် တက်ခြင်းလဲမရှိ ခဲ့ဘူး ။

တောတွင်းပညာရေးအဖွဲ့ကတော့ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းကို သတ္တ၀ါတိုင်းသင်ယူကြတယ် သူတို့အောင်မြင် တယ်ဆိုပြီးပျော်နေခဲ့ကြတယ် ။

------------------------------------------------

တကယ့်ပညာရေးစနစ်ဆိုတာဟာ ကျောင်းသားတွေရဲ့ တစ်ဘ၀စာ ရေရှည်အ တွက်ပြင် ဆင်ပေးခြင်းဖြစ်တယ် ။ အထူးသဖြင့် ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာပါ ထူးချွန်တဲ့ ဗီဇ အစွမ်းအစတွေကို ထိခိုက်စေခြင်းမရှိပဲနဲ့ပေါ့ ။

အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့်သင်ရိုးညွှန်းတမ်းတစ်ခုကိုပြုစုဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ် ခုတော့မ ဟုတ် ပါဘူး ။ဒါပေမယ့်မလိုအပ်တဲ့ အရာတွေ ( ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အသွေးနဲ့ ၊ မွေးရာ ပါ ထူးချွန်တဲ့ဗီဇ အစွမ်းအစတွေကို ထိခိုက်စေတဲ့အရာတွေ ) ကို ဖယ်ထုတ်ပြီး အားလုံးနဲ့လိုက်လျောညီထွေဖြစ်မယ့် အားလုံးကို အကောင်ဆုံး ကျောင်းပညာရေးသာမက ဘ၀ပညာရေးပါ တတ်စွမ်းအောင်သင်ပေးနိုင်တဲ့ သင်ရိုးညွှန်းတမ်း ကျောင်းပညာရေးဖြစ်ဖို့လိုပါတယ် ။

သက်တန့်ချို
Broad Based Education? အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 21, 2012

ရပ် . . စေချင်တဲ့ မကောင်းဆိုးဝါးစစ်ပွဲ တွေ



ရပ် . . စေချင်တဲ့ မကောင်းဆိုးဝါးစစ်ပွဲ တွေ

သူတို့ဟာ ကိုယ့်လည်ပင်းကို စွပ်ဖို့ကြိုးကို ကိုယ်ပြန်ကျစ်နေကြသလိုမျိုး
ကိုယ့်လူမျိုးအချင်းချင်းကိုပဲ ကိုယ်ပြန် သတ်ခဲ့ကြ
ကိုယ့်လူမျိုးအချင်းချင်းကိုပဲ ပုလ္လင်တွေ လုနေကြ
ကြားထဲက မြေဇာပင်တွေ လည်း ခဏခဏ ကြေတယ်
ကြားထဲက မြေဇာပင်တွေလည်း ခဏခဏ သေတယ်

မကောင်းဘူး. . . . ဆိုးဝါးတဲ့အမြင်အာရုံတွေကြားထဲ
သူတို့ဟာ ကလေးတွေရဲ့မျက်ရည်တွေ မမြင်ကြ
သူတို့ဟာ လူအို တွေရဲ့မျက်ရည်တွေမမြင်ကြ
လုပ်ချင်ရာလုပ်လို့ အဲဒါကိုပဲထပ်တလဲလဲအော်တယ်
“ ယုံကြည်ချက် ” တဲ့

ဘာတွေကို ယုံကြည်ပြီး ဘာတွေကို တိုက်နေခဲ့ကြတာလဲ
“ သူငယ်ချင်း ငါတို့ ကချင်ပြည်နယ်ကို အလည်လာခဲ့ပါကွာ ”
မင်းဆီကို လာချင်တာပေါ့ သူငယ်ချင်း . . . ဒီကောင်တွေက
နေရာတကာမှာ မိုင်းထောင်တယ် . . ဒီကောင်တွေက
လူတွေကို အသုဘတွေလို့မြင်တယ် . . ဒီကောင်တွေ
ငါတို့ကို သက်ရှိ သတ္တ၀ါတွေလို့မသတ်မှတ်ဘူး . . .
ဒီကောင်တွေဆိုတာ စစ်ပွဲကို ဖန်တီးကြသူတွေ အားလုံး . .

မင်းတို့ မေခနဲ့မလိခလည်း အထီးကျန်လာပြီ
မင်းတို့ မြစ်ကြီးနားမြို့လည်းအထီးကျန်လာပြီ
မင်းတို့ လယ်ယာမြေတွေလည်း ယမ်းအနံ့တွေ မွှန်လာပြီ
ဘယ်လို တစ္ဆေတွေများ လာခြောက်လှန့်နေကြသလဲ
ဘယ်လို ခေတ်အဆက်အဆက်များ ကျိန်စာတွေမိခဲ့ကြသလဲ
တွေးရင်းခါးတယ် . .ဦးနှောက်ထဲအထိ
ရင်နာမှုတွေက ဆို့နင့်လာခဲ့ရသလို . . .

လူသတ်လက်နှက်ကို တီထွင်တဲ့သူကို ငါမုန်းတာ မမှားဘူး သူငယ်ချင်း
လူသတ်စစ်ပွဲကို ဖန်တီးတဲ့သူတွေကို ငါမုန်းတာ မမှားဘူးသူငယ်ချင်း
စစ်ပွဲကို ဖန်တီးတဲ့သူတွေကို ငါမုန်းတာမမှားဘူးသူငယ်ချင်း
သူတို့ဟာ စစ်ကို တိုက်တယ် . ..နောက်ကိုပြန်မလှည့်ကြည့်ကြ
သူတို့ဟာ စစ်ကို တိုက်တယ် .. .အနာဂါတ်ကို မမျှော်ကိုးကြ
ငြိမ်းချမ်းရေး ချိုးငှက်ဟာ တိုက်ပွဲကျည်ဆံထိလို့ သေသွားရှာတယ်
မင်းလည်း ငိုနေရပြီ သူငယ်ချင်း

အောက်ဆီဂျင်တွေရှုရမယ့်အစား ယမ်းနံ့တွေရှုနေရ
နီရဲနေတဲ့မျက်ဝန်းတွေမှာ ကျနေတာ မျက်ရည်တွေလား သွေးတွေလား
ထားပါတော့ ...စစ်ပွဲတွေ နိုင်တယ်ရှုံးတယ်ဆိုလည်း ထားပါတော့...
ကြားထဲက သေသွားတဲ့သူတွေအသက် ဘယ်သူပြန်လျော်ပေးကြမလဲ
ဒါဏ်ရာဆိုတာ ခန္ဓာကိုယ်မှာတင် ရတတ်တာမဟုတ် . .
စိတ်တွေမှာလည်း ရတတ်တယ် . . အရှေ့မှာလည်းရန်သူနဲ့
အနောက်မှာလည်းရန်သူနဲ့ အတွင်းမှာပါ ရန်တွေဖြစ်နေကြရ
အဲဒါ စိတ်ပျက်ရမယ့် ကမ္ဘာပဲ

ခတ်ကြတယ် ဂျိုအချင်းအချင်း . . . ကြားထဲက မြက်ခင်းပြင်ဟာ စပါးစိုက်မရတော့
ကြားထဲက မြက်ခင်းပြင်ဟာ အသီးအနှံမဖြစ်ထွန်းတော့
ခတ်ကောင်းကောင်းနဲ့ ခတ်ကြတယ် .. . တစ်ပတ်အတွင်း သေသွားတဲ့ဝိဥာဉ်တွေ
ဘယ်သူပူဇော်မီးရှိ့ပေးမလဲ . . သူတို့ငိုသံတွေ . .
ကမ္ဘာမကြေသရွေ့ . . .

လူကြီးမင်း ခင်ဗျားဇိမ်နဲ့နှပ်နေချိန် . . . ကချင်ပြည်မှာ ကလေးတွေငိုနေတယ်
လူကြီးမင်း ခင်ဗျား အစားကောင်းတွေစားနေချိန် . . ကချင်ပြည်မှာ ငတ်နေတယ်
လူကြီးမင်း ခင်ဗျား ကားအကောင်းစားစီးနေချိန် . . ကချင်ပြည်မှာ ခြေထောက်တွေ ကျိုးနေတယ်
လူကြီးမင်း . . .ခင်ဗျား ဟာသကားထိုင်ကြည့်နေချိန် . . ကချင်ပြည်မှာ စစ်ပွဲတွေကြည့်နေရတယ်
ဘယ်အသိုက်ကမှ အမှိုက်တွေလာထည့်ကြတာမကြိုက်ဘူး
ဘယ်မိသားစုမှ ပြိုကွဲကြတာမကြိုက်ကြဘူး . . .

မင်းတို့က ကချင်ပြည်နယ်မှာသေတယ် . . ငါတို့က ရန်ကုန်ကနေ သေတယ်
မင်းတို့ငါတို့ အကြိမ်ကြိမ်သေနေကြတယ် . . ငါတို့အသုဘတွေ လူစည်ဖို့မလို
စစ်ပွဲတွေသာ ချက်ချင်းရပ်ကြဖို့လိုနေခဲ့ရ
ဆုတောင်းသံတွေသာ သေနတ်သံတွေကြား မပျောက်သွားကြပါစေနဲ့
နတ်ဆိုးတွေရဲ့ အတောင်ပံခတ်သံဟာ ကျိန်စာတစ်ပုဒ်ကို သယ်ထုတ်သွားနိုင်ပါစေ

မဂျာဆိုင်းအိန် . . . ကျွန်တော်လည်း သေသွားတယ် . . အဲဒါပြည်တွင်းစစ်ဆိုပဲ
ရမ္မက်နဲ့အတ္တတွေကို ယုံကြည်ချက် အရေခွံစွတ်လို့ . .သူတို့အသက်သွင်းတဲ့မကောင်းဆိုးရွားဟာ
ခင်ဗျား ၀ိဥာဉ်နောက်ကို လိုက်နေတုန်းပဲလား . . .
ကဗျာ ဆရာတွေ ငိုနေတယ် . . ကျွန်တော်တို့လို ကဗျာဆရာတွေ ငိုနေတယ်
မျက်ရည်တွေဟာ ကလောင်သွားတွေအစွန်းမှာ တွဲလဲခိုလို့
ကဗျာတစ်ပုဒ်ဘေးနားကျလာတဲ့ကျည်ဆံခွံ တွေဟာ
ငါ့အတွက်တော့ သေရာပါ အမာရွတ်တွေပဲ ..

အော်ရတာကြာတော့ လည်ချောင်းတွေပါကွဲထွက်မတတ်
“ ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ . .
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ
ရပ်ကြပါတော့ . . စစ်ပွဲတွေ . . ရပ်ကြပါတော့ . . စစ်ပွဲတွေ ”
ပဲ့တင်သံတွေ အထပ်ထပ် . . . အရှေ့အနောက်တောင်မြောက်မှာ
မကောင်းဆိုးဝါးတွေ . . . . ဗုံတီးသံလည်းမကြောက်
မြေပြိုသံလည်းမကြောက်....မကောင်းဆိုးဝါးတွေ

“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
ကချင်ပြည်နယ်မှာ . . . မင်းတို့ရွာလေးရှိသေးရဲ့လား ကလေးရယ်
“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
“ ဦးဦး သား...ဖေကြီးနဲ့မေကြီးတို့ ရွာကိုပြန်ချင်တယ် . . ”
ကလေးရယ် . . ကလေးရယ် . . . . ကလေးရယ် . . . ငါလည်း မင်းလိုပါပဲကွယ် . . .

သက်တန့်ချို 
21st September 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 20, 2012

ဘီလုံးငှက်နှင့်လယ်သမား

 

တစ်ခါတုန်းက ဘီလုံးငှက်တစ်ကောင်ဟာ သစ်တောထဲမှာသီချင်းဆိုနေခဲ့တယ် ။ အဲဒီအချိန်မှာ လယ်သ မားတစ် ဦးက သစ်သားပုံတစ်ပုံးကို လက်ထဲကိုင်လာတာတွေ့လိုက်တယ် ။ ဘီလုံးငှက်ဟာ သီချင်းဆို တာကိုရပ်ပြီး လယ်သမားကိုမေးလိုက်တယ် ။

“ ခင်ဗျားလက်ထဲက သစ်သားပုံက ဘာအတွက်လဲ ပြီးတော့ခင်ဗျားအခုဘယ်သွားမှာလဲ ”

လယ်သမားကပြန်ဖြေတယ် “ ဒီသစ်သားပုံးတွေထဲမှာ တီကောင်တွေထည့်ထား ပါတယ် ဈေးထဲ သွားရောင်းပြီး ငှက်မွှေးတောင်တွေဝယ်မလို့ပါ ”

ဘီလုံးငှက်က တစ်ချက်တွေးလိုက်ပြီးဆက်ပြောတယ် “ ဒါဆိုဒီလိုလုပ်ဗျာ ကျွန်တော့်မှာ ငှက်မွှေးတောင်တွေ အများကြီးရှိပါတယ် အခု ငှက်မွှေးတောင်တစ်ခုပေးလိုက်မယ် ကျွန်တော်စားဖို့ တီကောင် တွေပေးပါ ”

လယ်သမားက သဘောတူလိုက်ပြီး ဘီလုံးငှက်စားဖို့ တီကောင်တွေပေးလိုက်တယ် ။ ဘီလုံးငှက်ကလည်း တီကောင်တွေ စားပြီး သူ့ငှက်မွှေးတောင်တစ်ချောင်းပေးလိုက်တယ် ။ နောက်ရက်တွေမှာလည်း လယ်သမား က တောထဲ ဖြတ်သွားတဲ့အခါတိုင်း ဘီလုံးငှက်ဟာ ပထမဆုံးရက်အတိုင်းပဲ အစာထွက်မရှာပဲ လွယ်လွယ်ရတဲ့နည်းနဲ့သူ့အမွှေးအတောင်တွေနဲ့ တီကောင်တွေလဲလှယ်တဲ့အလုပ်ပဲလုပ်ခဲ့တယ် ။

ဒီလိုနဲ့တစ်ရက်မှာတော့ သူ့အမွှေးအတောင်တွေအကုန်လုံးပြောင်သွားတဲ့တစ်နေ့ရောက်လာခဲ့ရတယ် ။ ဘီလုံးငှက်ဟာ အဲဒီတစ်ရက်ပြီးတာနဲ့ သူ့မှာ ပျံသန်းစရာအမွှေးအတောင်တွေမရှိတော့ဘူး ။ ဒီလိုနဲ့တော ထဲမှာ သီချင်းသံလည်းတိတ်လို့ သူ . . သေဆုံးတဲ့ဘ၀ကိုရောက်ခဲ့ရတယ် ။

-----------------------------------------------

ပုံပြင်လေးက တိုတိုလေးပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ တခါတခါ ဘီလုံးငှက်လို လူစားမျိုးတွေဖြစ်ကြ တယ် ။ လွယ်လွယ်ရတဲ့နည်းကိုပဲ လိုက်နေကြတာများတယ် ။ Struggle ဆိုတဲ့ရုန်းကန် လှုပ်ရှားမှုရှိမှသာ ဘ၀ဟာ တိုးတက်အောင်မြင်နိုင်တယ် ။ လွယ်လွယ်နဲ့အချောင်လိုက်နေသမျှတော့ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေ ပါကျဆင်းပြီး ဘ၀ဟာ တစ်နေ့ မလှမပ ဆုံးရှုံးရမှာဖြစ်တယ် ။

“ အလွယ်နည်းလမ်းကိုလိုက်တဲ့သူတွေဟာ ကြမ်းတမ်းတဲ့ အဆုံးသတ်ကို ကြုံရလေ့ရှိတယ် ”

ဒါကြောင့် ဘယ်လိုအရာတွေကြုံတွေ့နေပါစေ အလွယ်နည်းကို လိုက်ပြီး ဖြစ်ကတတ် ဆန်းမလုပ်မိဖို့ အရေးကြီး တယ် ။ အလွယ်နည်းတွေဟာ အလုပ်တစ်ခု ကို မြန်မြန်ပြီးစေတာ မှန်ပေမယ့် ရေရှည် outcome မကောင်းတတ်ဘူး ဆိုတာ သတိပြုဖို့လိုပါတယ် ။

သက်တန့်ချို
The Easier Way May Actually Be the Tougher Way အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆိုခရေးတီးနှင့်လူငယ်

ဆိုခရေးတီးနှင့်လူငယ်

 

တစ်ခါတုန်းက လူငယ်တစ်ယောက်ဟာ ဆိုခရေးတီး ဆီသွားတယ် ။ “ ကျွန်တော် အောင်မြင်ခြင်း ရဲ့သော့ချက် ကို သိချင်ပါတယ် ” လို့မေးလိုက်တယ် ။ ဆိုခရေးတီးက လူငယ်ကို မနက်ဖြန်မ နက် မြစ်ကမ်းနားဘေးကို လာဖို့ပြောလိုက်တယ် ။

နောက်တစ်နေ့မနက်ရောက်တဲ့အခါ လူငယ်နဲ့ဆိုခရေးတီးဟာ မြစ်ကမ်းနားဘေးမှာ တွေ့ဆုံခဲ့တယ် ။ အောင်မြင်ခြင်း ရဲ့သော့ချက်ကိုသိချင်ရင် ငါနဲ့အတူ မြစ်ထဲကို ဆင်းရဲလားလို့မေးလိုက်တယ် ။ လူငယ်က လည်း“ ဆင်းရဲပါတယ် ” လို့ဖြေလိုက်တယ် ။

ဒီလိုနဲ့ မြစ်ထဲကို ဆိုကရေးတီးနဲ့လူငယ်က ဆင်းသွားကြတယ် ။ တဖြည်းဖြည်းရေက နက်သထက်နက် လာပြီး လည် ပင်းပေါ်ယုံလောက်အထိရောက်လာခဲ့တယ် ။ အဲဒီအချိန်မှာ ရုတ်တရက် ဆိုခရေးတီးက လူငယ်ကို ကိုင်ချုပ်လိုက်ပြီးခေါင်းကို ရေထဲ နှစ်ချလိုက်တယ် ။ လူငယ်က ကြောက် လန့်တကြား ရုန်းကန်ပါတယ် ။ ဒါပေမယ့် ဆိုခရေးတီးက ပိုသန်မာတဲ့အတွက် လူငယ်ဘယ် လိုမှရုန်းအောင်ဖြစ်နေ ခဲ့တယ် ။

အသက်ရှုမရဖြစ်ပြီး မျက်နှာတွေပြာနှမ်းလာတဲ့အချိန်ရောက်မှ ဆိုခရေးတီးကလူငယ်ကိုရေထဲက ဆွဲဖော် လိုက် တယ် ။ ဦးခေါင်းရေပေါ်ရောက်ရောက်ခြင်းလူငယ်က လေကို အသည်းအသန်ရှု လို့ မောပန်းနေ တယ် ။ ဆိုခရေးတီးက လူငယ်ကိုမေးလိုက်တယ် ။

“ ရေထဲမှာ ဦးခေါင်းနစ်နေတဲ့အချိန်တုန်းက မင်းအတောင့်တဆုံးအရာက ဘာလဲ ”
“ လေ ကိုရှုဖို့ပါ ” လို့ လူငယ်က ပြန်ဖြေတယ် ။

“ အောင်မြင်ခြင်းရဲ့သော့ချက်ဆိုတာ အဲဒါပါပဲ မင်းဟာ ရေထဲနစ်နေတဲ့အ ချိန်တုန်း က လေ ကို တောင့်တသလို ပြင်းပြတဲ့ဆန္ဒအာသီသမျိုး အောင်မြင်ခြင်းကို လိုချင်တယ်ဆိုရင် မင်းအောင်မြင်ပါပြီ ”

--------------------------------------------------------

စိတ်ဆန္ဒ တောင့်တမှုကို သာမန် ရည်မှန်းချက်မျိုးထားလို့ကတော့ အနှောက်အယှက် တခုခု ကြုံလာတာနဲပျက်ဆီးသွားမှာ အမှန်ပါပဲ ။ ရေနစ်နေတဲ့သူတစ်ယောက်အ ဖို့ လေကိုရှုဖို့ တောင့်တ သလို ပြင်းပြတဲ့လိုအပ်မှုမျိုးကို သင်လိုချင်တဲ့အရာဆီမှာ ထားကြည့်လိုက်ပါ ။ အဲဒီအရာဟာ သင့်လက် ထဲရောက်အောင် သင်စွမ်းဆောင်နိုင်ပါတယ် ။

အောင်မြင်ခြင်းရဲ့သော့ချက်ဟာ ပန်းတိုင်တစ်ခု ၊ ရည်မှန်းချက် ထားရှိယုံတင်မကပါဘူး ။ အဲဒီပန်းတိုင် အဲဒီရည်မှန်းချက်ကိုရအောင် မရရအောင် သွားမယ် မရရအောင် ဆွတ်ခူးမယ်မယ်ဆိုတဲ့ Maximum အမြင့်ဆုံး စိတ်ဆန္ဒကို ချပြီး တစိုက်မတ်မတ်ကြိုးစားဖို့လိုတယ် ။

သက်တန့်ချို
A KEY TO SUCCESS အား ခံစားဘာသာပြန်သည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 18, 2012

အခွင့်အရေးကို အခွင့်အရေးမှန်းသိတတ်ပါစေ

အခွင့်အရေးကို အခွင့်အရေးမှန်းသိတတ်ပါစေ




တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့ဟာ ရေလွှမ်းမိုးမှုအခြေအနေနဲ့ကြုံတွေ့နေရတယ် ။ မြို့သူမြို့သားတွေ အားလုံး အဲဒီမြို့လေးကို စွန့်ခွာသွားကြပေမယ့် လူတစ်ယောက်ကတော့ ကျန်နေခဲ့တယ် ။ အဲဒီလူကပြောတယ် “ ဘုရားသ ခင်က ငါ့ကိုကယ်မှာပါ ငါသူ့ကိုယုံကြည်တယ် ”

ဒီလိုနဲ့ မြို့လေးထဲ ကို ရေတွေတဖြည်းဖြည်းမြင့်တက်လာတယ် ။ အဲဒီအချိန်မှာ ကယ် ဆယ်ရေး မော်တော် ယာဉ်တစ်ဦးရောက်လာပြီး အဲဒီလူကို ကယ်ဆယ်ဖို့လုပ်တယ် ။ ဒါပေမယ့် အဲဒီလူက ငြင်း ဆန်လိုက်ပြီး “ ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ် ငါ့သူ့ကိုယုံကြည်တယ် ” လို့ပဲပြောလိုက်တယ် ။ သူဟာ တိုက်ခေါင် မိုးပေါ်အထိတက်သွားလိုက်တယ် ။ ရေတွေကလည်းမြို့ထဲကို မြုပ်လုနီးနီးတက်လာပါပြီ ။

လှေတစ်စီးရောက်လာပြီး အဲဒီလူကိုကယ်ဖို့လုပ်တယ် ။ နောက်တစ်ကြိမ်း သူက ထပ်ငြင်းလိုက်ပြီး “ ငါဘုရားသခင် ကိုယုံတယ် သူငါ့ကိုကယ်လိမ့်မယ် ” လို့ပဲ အထပ်ထပ်ရွတ်နေတော့တယ် ။ ရေတွေက တအား ကိုမြင့်တက်လာပါပြီ သူဟာ အမိုးထိပ်စွန်းလေးကိုရောက်လာခဲ့တယ် ။ အဲဒီအချိန်မှာပဲ ရဟတ်ယာဉ် တစ်စင်းရောက်လာပြီး သူ့ကိုကယ်ဖို့လုပ်ပါတယ် ။ သူက ထပ်ငြင်းလိုက်ပြန်တယ် ။ “ ငါ့ကို ဘုရားသခင် ကယ်မှာ ပါ ငါဘုရားသခင်ကိုယုံကြည်တယ် ”

နောက်ဆုံး သူ ရေနစ်ပြီး သေသွားခဲ့ရတယ် ။ သူဟာ သေပြီးတဲ့နောက် ဘုရားသခင်နဲ့တွေ့တဲ့အခါ ဘုရားသခင်ကို ဒေါသတကြီးမေးခဲ့တယ် ။ “ ကျွန်တော်ခင်ဗျားကို အရမ်းကို ယုံကြည်ခဲ့တယ် ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ဆုတောင်းမှုတွေကို လစ်လျှုရှုထားရပါသလဲ ကျွန်တော့်ကို ဘာကြောင့်ရေနစ်သေစေ ရတာလဲ ” အဲဒီအခါ ဘုရားသခင်က ပြန်ဖြေတယ် “ မင်းကို ငါကယ်ဆယ် ဖို့ မော်တော် ယာဉ်တစ်စီးရယ် လှေတစ်စီးရယ် ရဟတ်ယာဉ်တစ်စီးရယ်ကို ငါ ပို့ခဲ့တာပဲ မင်းဘာလို့ ငြင်ဆန်ခဲ့တာလဲ ” တဲ့ ။

----------------------------------------------

စောင့်မျှော်ခြင်း ၊ မျှော်ကိုးခြင်း နဲ့ ဆုတောင်းခြင်းဆိုတဲ့အရာတွေထက် လက်တွေ့လုပ်ဆောင်ခြင်း ၊ ပြင်ဆင်ခြင်းနဲ့ ကြံစည်တွေးတောခြင်းတို့က ပိုပြီး ထိရောက်တယ် ။ ယုံကြည်မှုဆိုတာ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အကျိုးအကြောင်းတွေကို ဆင်ခြင်သုံးသပ်နိုင်ရမယ် ။ ဘ၀မှာ ဆုတောင်းနေယုံ တစ်ခုတည်းနဲ့ ဘာမှဖြစ်မလာနိုင်ဘူး လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကမှသာ ကိုယ့်ရဲ့ လွတ်လမ်းကို ဖော်ဆောင်စေတယ် ။

သက်တန့်ချို
LUCK FAVORS THOSE WHO HELP THEMSELVES အားခံစားဘာသာပြန်သည် ။

မှတ်ချက် - ဒီစာလေးကို ရေးဖူးသူအများကြီးရှိမှာပါ အခုလည်းမဖတ်ရသေးသူများအတွက် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျွန်တော်တို့ဟာ မျောက်တွေလိုပဲလား

ကျွန်တော်တို့ဟာ မျောက်တွေလိုပဲလား


ဟိုးအရင်တုန်းက မျောက်တွေကို ဖမ်းတဲ့နည်းတစ်နည်းရှိခဲ့တယ် ။ အဲဒီနည်းကို လည်း အိန္ဒိယနိုင်ငံရဲ့ တချို့ဒေ သတွေမှာ ယနေ့ထက်တိုင်အသုံးပြုနေဆဲပါပဲ ။ မျောက်တွေကိုဖမ်းဖို့ အရင်ဆုံး လေးထောင့် သစ်သား ပုံလေးတစ်ပုံးလိုပါတယ် ။ အဲဒီသစ်သားပုံ မှာ မျောက်ရဲ့လက် ၀င်နိုင်လောက်အောင်အနေတော် အပေါက်လေး တစ်ပေါက်ဖောက်ထားရမယ် ။ သစ်သားပုံးထဲမှာတော့ မျောက်တွေအရမ်းကြိုက်တဲ့ ငှက်ပျောသီး တချို့ထည့် ထားတယ် ။

မျောက်တွေက သစ်သားပုံးကိုတွေ့တဲ့အခါ စူးစမ်းတယ် ။ အထဲက သူတို့ကြိုက်တဲ့အစာကိုတွေ့တော့ တစ်ပေါက် တည်းသောအပေါက်ကနေ လက်ကို ထိုးထည့်လိုက်ကြတယ် ။ ပြီးတော့ အဲဒီအထဲက ငှက်ပျောသီးကို လက်နဲ့ဆုပ် လိုက်ပြီး ပြန်ဆွဲထုတ်တယ် ။ အပေါက်ဟာ လက်သီးဆုပ်ပြီး ပြန်ထုတ်လို့ရလောက်အောင် မကျယ်ပါ ဘူး ။ အဲဒီနေရာမှာ မျောက်အတွက်ရွေးချယ်စရာ ၂ ခုရှိတယ် ။

၁ ။ သူ့လက်ထဲကအသီးကို ပြန်ချလိုက်ပြီး လက်ချည်းပဲ ဆွဲထုတ်မလား
၂ ။ သူ့လက်ထဲက အသီးကို ဆုပ်ကိုင်ထားပြီး ရူးမိုက်စွာ ထုတ်လို့မရတဲ့အပေါက်ကို ထုတ်ဖို့ကြိုးစားရင်း အဖမ်း ခံမလား

သင်ရော မျောက်တွေ ဘာလုပ်တယ်ထင်ပါသလဲ ။ အံ့သြစရာကောင်းလောက်အောင် မျောက်တွေဟာ ဒုတိယ နည်းလမ်းကိုပဲရွေးချယ်ကြတယ် ။ ဘယ်မျောက်ကမှ လက်ထဲက ငှက်ပျောသီးကို လွှတ်ချပြီး ကိုယ်လွှတ် ရုန်းဖို့မစဉ်း စားကြဘူး ။ ဒီလိုနဲ့မျောက်တွေ အဖမ်းခံရတာများးပါတယ် ။

--------------------------------------------

ကျွန်တော်တို့လူတွေဟာလည်း မျောက်တွေနဲ့သိပ်ပြီး မထူးခြားနားပါဘူး ။ ကျွန်တော်တို့ဟာ ဘ၀ကိုဖြတ်သန်း တဲ့အခါ လွှတ်ချသင့်တဲ့အရာကို မလွှတ်ချပဲ ကိုယ်ယုံကြည်ရာ အမြင်လေးနဲ့ ဆွဲကိုင်ဆုပ် ထားကြတာများတယ် ။ ရှုံးနိမ့်တဲ့လူတွေက တစ်ခုခုဖြစ်လာပြီဆိုရင် “ ငါမလုပ်နိုင်ဘူး...ဘာလို့လည်းဆိုတော့.... ” ဆိုတဲ့စကား ကိုပြောလေ့ ရှိတယ် ။အောင်မြင်တဲ့သူတွေကတော့ ဆင်ခြင်တုံတရားကိုလက်ကိုင်ထားတယ်။

အကြောင်းပြချက်ဆိုတဲ့ Reasons တွေက ရလဒ်ဆိုတဲ့ Results တွေကို ရေတွက်ပေးတာမဟုတ်ဘူး ။ သင်ရော သင့်လက် ထဲက မဆုပ်ကိုင်ထားသင့်တဲ့အရာမှန်သမျှကို လွှတ်ချလိုက်ပြီး အမှား တွေဆီကနေ ရုန်းထွက်နိုင်အောင်ကြိုးစားရမယ် ။ မဟုတ်ရင် မျောက်တွေလို ငှက်ပျောသီးလေးလက်ထဲကိုင်လို့ ဘ၀ကို ဆုံးရှုံးရမှာ ပဲဖြစ်တယ် ။

သက်တန့်ချို
HOW THEY CATCH MONKEYS IN INDIA အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 17, 2012

Faith ဆိုတဲ့ယုံကြည်မှုက အရာအားလုံးကိုဖြစ်စေနိုင်တယ်

Faith ဆိုတဲ့ယုံကြည်မှုက အရာအားလုံးကိုဖြစ်စေနိုင်တယ်



တစ်ခါတုန်းက ဘောလုံးကစားသမား လူငယ်လေးတစ်ယောက်ရှိတယ် ။ သူဟာ အမြဲပဲ ပုံမှန်ကစားခွင့်မရခဲ့ဘူး ။ အရန်လူ စာရင်းထဲအမြဲပါနေခဲ့ရတယ် ။ ပွဲထွက်ခွင့်ရတဲ့ ၁၁ ယောက်သော ကစားသမားတွေထဲမှာ သူပါဝင်လာ ဖို့က သူ့ရဲ့အိပ်မက်ဖြစ်ခဲ့တယ် ။ သူဘောလုံးကန်လေ့ကျင့်နေချိန်တွေမှာ သူ့အဖေဟာ သူနဲ့မနီး မဝေး မှာ ထိုင်နေပြီး သူ့ကိုစောင့်နေလေ့ရှိတယ် ။

နိုင်ငံအဆင့်ဘောလုံးပြိုင်ပွဲတွေစတင်ခဲ့ပါပြီ ။ အခုဆို ၄ ရက်မြောက်နေ့ ရောက်လာ ခဲ့ပြီး ကောင်လေးပါဝင် တဲ့အသင်းဟာ ဆီမီးဖိုင်နယ်အထိ ရောက်လာခဲ့ပြီးဖြစ်တယ် ။ ကောင်လေးဟာ သူ့လေ့ကျင့်ထားမှုတွေအတွက် မချင့်မရဲဖြစ်နေခဲ့ရတယ် ။ ရုတ်တရက်ပဲ သူဟာ ဖိုင်နယ်မတိုင်ခင်တစ်ရက်မှာ အသင်းနည်းပြဆီသွားခဲ့တယ် ။ “ ဆရာ ဆရာကကျွန်တော့်ကို အမြဲပဲ အရံလူစာရင်းထဲ သွင်းခဲ့တယ် ကျွန်တော့်ကို ဒီဖိုင်နယ်ပွဲစဉ်မှာ ကစားခွင့်ပေးပါဆရာ ” အသင်းနည်းပြက စိတ်မကောင်းဟန်နဲ့ ကောင်လေးကို ပြုံးပြလိုက်ပြီးပြန်ပြောလိုက်တယ် ။ “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ဒီအသင်းမှာ မင်းထက်တော်တဲ့ကစားသမားတွေချည်းပါပဲ ပြီးတော့ အခုပွဲစဉ် က ဗိုလ်လုပွဲလေ နိုင်ငံအဆင့်ဗိုလ်လုပွဲမှာ ငါဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့မရပါဘူး မင်းကို ဒီအခွင့်အရေးငါမပေးနိုင်ပါဘူး ”

ကောင်လေးက အသင်းနည်းပြကို ထပ်ပြီး အသနားခံခဲ့ပြန်တယ် ။ “ ဆရာ ကျွန်တော် ဆရာ့သိက္ခာကိုမကျစေ ရဘူးလို့ ကတိပေးပါတယ် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကို ကစားခွင့်ပေးပါခင်ဗျာ ” အသင်းနည်းပြက ကောင်းလေးရဲ့ ဒီလို အသနားခံတဲ့ပုံမျိုးကို အရင်က တခါမှမတွေ့ခဲ့ဖူးဘူး ။ သူကပြောတယ် “ ကောင်းပြီလေ မင်း ၀င်ကစားပါ ဒါပေမယ့် မင်းမှတ်ထားဖို့က ဒါဟာ နိုင်ငံအတွက်အရေးကြီးတဲ့ပွဲဖြစ်ပြီး ငါ့ရဲ့ဆုံးဖြတ်ချက် ကို ဆန့်ကျင်ပြီး မင်းကို ယုံကြည်ပေးလိုက်တာဖြစ်တယ် နိုင်ငံဟာ မင်းအပေါ်မှာ မူတည်နေပြီး နိုင်ငံ ရဲ့သိက္ခာနဲံ့ငါ့ရဲ့သိက္ခာကို မကျပါစေနဲ့ ” လို့ပြောလိုက်တယ် ။

ဖိုင်နယ်ပွဲစဉ် ဗိုလ်လုပွဲကိုရောက်လာပါပြီ ။ ကောင်လေးဟာ ပွဲစကတည်းက မြင်းတစ်ကောင်လို ပြေးတယ် အချိန်တိုင်းမှာ ဘောလုံးဟာ သူ့ဆီမှာရှိနေခဲ့ပြီး ပွဲအတွက် အကောင်းဆုံးဂိုးတစ်ဂိုးကို သွင်းပေးနိုင်ခဲ့တယ် ။ ဒါ့အပြင် အဲဒီပြိုင်ပွဲ ရဲ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်းရရှိခဲ့ပြီး ဘောလုံး သူရဲကောင်းတစ်ဦးဖြစ်ခဲ့တယ် ။ သူ့အသင်းဟာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါပြီ ။ နည်းပြက ကောင်လေးဆီပြေးသွားပြီးပြောတယ် “ ကောင်လေး ငါ့ဘ၀မှာ အရင်က ဘာတွေမှားနေခဲ့သလဲတော့မသိဘူး ငါ မင်းဒီလို မျိုးကစားပုံမျိုးကို အရင်က တခါမှမတွေ့ဖူးခဲ့ဘူး ဘာတွေဖြစ်သွားတာလဲ ဘာကြောင့်ဒီလို ကောင်းကောင်းကစားနိုင်သွားရတာလဲ ” ကောင်လေးကပြန်ဖြေတယ် “ ဆရာ ကျွန်တော့်အဖေက ကျွန်တော်ကစားတာကိုဒီနေ့လာကြည့်လို့ပါ ” နည်းပြက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ် ပြီးတော့ ကောင်လေး အဖေအရင်က လာလာထို်င်နေ ကျ နေရာကိုလည်း ကြည့်လိုက်တယ် ။ ဘယ်သူမှ ရှိမနေပါဘူး “ ကောင်လေး မင်းအရင်လေ့ကျင်နေတုန်းက မင်းအဖေလာလာကြည့်နေကျနေရာလေးမှာလည်းမင်းအဖေကိုဒီနေ့ငါမတွေ့ပါလား ”

ကောင်လေးက ပြန်ဖြေပါတယ် ။ “ ဆရာ ကျွန်တော်ဆရာ့ကို အရင်က လုံးဝမပြောဖူးတဲ့အရာတစ်ခုရှိပါတယ် ကျွန်တော့်အဖေက မျက်မမြင်ပါ . . လွန်ခဲ့တဲ့လေးရက်လောက်က အဖေဆုံးသွားခဲ့ပါတယ် ဒီနေ့က အဖေ ကျွန်တော့် ကို ကောင်းကင်ကနေ ပထမဆုံးကြည့်တဲ့နေ့လေ . . . ”

-------------------------------------------------

“ Faith ဆိုတဲ့ယုံကြည်မှုက အရာအားလုံးကိုဖြစ်စေနိုင်တယ် ”

သက်တန့်ချို
DIFFERENT THINGS MOTIVATE DIFFERENT PEOPLE အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မတူကွဲပြားတဲ့ အမြင်

မတူကွဲပြားတဲ့ အမြင်



တစ်ခါတုန်းက ညီအကိုနှစ်ယောက်ရှိတယ် ။ တစ်ယောက်က ဆေးစွဲနေတဲ့ဆေးသမား၊ မိသားစုကို ရိုက်နှက်လေ့ရှိတဲ့ အရက်သမားတစ်ဦးဖြစ်တယ် ။ နောက်တစ်ယောက်ကတော့ လူမှုဝန်းကျင်မှာအောင်မြင်ပြီး လုပ်ငန်းပိုင်းမှာလည်းထိပ်တန်းရောက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တယ် ။ သူ့မှာချမ်းမြေ့ရတဲ့မိသားစု တစ်စုကိုပိုင် ဆိုင်တယ် ။ လူအချို့က ဒီညီအကိုနှစ်ယောက်ကို ပန်းဝန်းကျင်အတူတူ မိဘတွေအတူတူ ဒါပေမယ့် ဘာကြောင့်ခြားနားချက်တွေများနေရသလဲဆိုတဲ့အဖြေကို သိလိုကြတယ် ။ ညီအကိုနှစ်ယောက်တည်းက အရက်သမားကိုမေးတယ် ။ “ မင်း ဘယ်လို အခြေအနေမျိုးနဲ့ဘ၀ကိုရပ်တည်သလဲ မင်းဟာ ဆေးသမား တစ်ယောက်ဖြစ် တယ် အရက်သမားလည်းဖြစ်တယ် မင်းရဲ့မိသားစုကိုလည်းမင်း ရိုက်နှက် တယ် မင်းအဓိက ဘာဖြစ်ချင်တာလဲ ”

အရက်သမားကပြန်ဖြေတယ် ။ “ ငါ့အဖေက ဆေးသမားတစ်ယောက်ပါ အရက်သမားတစ်ယောက် လည်းဖြစ် တယ် သူက သူ့မိသားစုကိုရိုက်နှိုက်တယ် မင်းက ငါ့ကို ဘာဖြစ်စေချင်တာလဲ ငါက အဖေ့အတိုင်းဖြစ် လာတာ ပဲလေ ”

သူတို့ဟာ အောင်မြင်နေတဲ့ အကို ဆီကိုသွားကြပြန်တယ် “ ခင်ဗျားက အမြဲတမ်းမှန်ကန်တဲ့ အလုပ်တွေ ကိုပဲလုပ်တယ် ခင်ဗျားရဲ့ ရည်မှန်းချက်ကဘာလဲ ”

အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင် အကိုဖြစ်သူကပြန်ဖြေတယ် “ ငါငယ်ငယ်တုန်းကပေါ့ ငါအဖေအ ရက်တွေ သောက်ပြီး အမှားတွေခဏခဏလုပ်တာကို ငါမြင်ခဲ့ရတယ် ငါငါ့စိတ်ကို ငါပြုပြင်ခဲ့တယ် ဒါဟာ ငါဖြစ်ချင်တဲ့အရာမဟုတ်ဘူးဆိုတာကိုပေါ့ အဲဒီလိုနဲ့ငါ ဒီလို ဘ၀ရောက်လာခဲ့ရတယ် ”

------------------------------------------------------------

တစ်ယောက်က အကောင်းဖက်ကနေ တွေးပြီးကောင်းတာတွေလုပ်ပေမယ့် တစ်ယောက်က အဆိုးဖက် ကနေတွေးပြီး ဆိုးတာတွေလုပ်တယ် ။ အဆိုးဖက်ကနေတွေးတဲ့အမြင်က လွယ်ကူတဲ့လမ်းကိုလိုက်စေပြီး အဲဒါဟာ အမှားယွင်းတွေနဲ့သာအဆုံးသတ်လေ့ရှိတယ် ။

တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးဆိုတာ အချိန်တိုင်းမမှန်နိုင်ပါဘူး ။ ဘယ်လို ပတ်ဝန်းကျင်ကိုရောက်နေပါစေ ရှူမြင်သုံးသပ် တဲ့ “ အမြင် ” ပေါ်မှာပဲ မူတည်ပြီး ကိုယ့်နှလုံးသားက အမှန်ကို လိုက်မှာလား အမှားကို လိုက်မှာလားဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ် ။

သက်တန့်ချို
WE ARE ALL MOTIVATED - EITHER POSITIVELY OR NEGATIVELY အားခံစားဘာ သာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 15, 2012

ကိုယ်တစ်ခြမ်းသေဘ၀မှ ကမ္ဘာ့အပြေးအမြန်ဆုံးဖြစ်လာသူ Wilma Rudolph

ကိုယ်တစ်ခြမ်းသေဘ၀မှ ကမ္ဘာ့အပြေးအမြန်ဆုံးဖြစ်လာသူ Wilma Rudolph



Tennessee ပြည်နယ်မှာရှိတဲ့ ဆင်းရဲတဲ့အိမ်ကလေးတစ်လုံးမှာ Wilma Rudolph ဆိုတဲ့ အမျိုးသမီးတစ်ဦး ကို မွေးဖွားခဲ့တယ် ။ အသက် ၄ နှစ်အရွယ်မှာပဲ သူမဟာ အင်ပြင်ကြောင့်အဖျားအပြင်းအထန်ရပြီး အ ဆုတ်ရောင် ရောဂါ တစ်မျိုး ခံစားခဲ့ရတယ်။ အဆုတ်ရောင်ရောဂါ နမိုးနီးယားနဲ့ အင်ပြင်ကြောင့်တစ်ကိုယ် လုံးနီမြန်းပြီး အဖျားကြီးခဲ့တဲ့ သူ့အခြေအနေဟာ တကယ့်ကို သေလုမျောပါးဖြစ်နေခဲ့ရတယ် ။ သိပ်မကြာခင်ပင် Wilma ဟာ ပိုလီယိုကြောင့် ဘယ်ဖက် တစ်ခြမ်းအကြောသေသွားခဲ့ရပြန်တယ် ။ သူဟာ သတ္တု အထိမ်းအချုပ်တွေ ၀တ်ဆင်ခဲ့ရပြီး ဆရာဝန်တွေကတော့ သူဟာ ဘယ်တော့ မှ မြေပြင်ပေါ်ခြေထောက်ထောက်ပြီး ရပ်နိုင်မှာမဟုတ်တော့ဘူးတဲ့ ။ ဒါပေမယ့် သူ့အမေက သူ့ကို အားပေး ခဲ့တယ် ။

“ သမီး . . ဘုရားသခင်က လူတွေကို စွမ်းအားတွေပေးတယ် ယုံကြည်မှုနဲ့ ပန်းတိုင်ကိုပေးထားတယ် သမီး ဘာကိုလိုချင်တာ လဲ လောကမှာ မဖြစ်နိုင်တဲ့အရာဆိုတာမရှိပါဘူး ” သမီးဖြစ်သူ Wilma ကပြန်ပြောတယ် ။ “ ဒီကမ္ဘာမှာ အမျိုးသမီး အပြေးပြိုင်ပွဲတိုင်း သမီးက အပြေးအမြန်ဆုံးလူသားဖြစ်ချင်ပါတယ် အမေ ” တဲ့ ။

အသက် ကိုးနှစ်အရွယ်မှာ ဆရာဝန်တွေရဲ့အကြံပေးစကားကိုဆန့်ကျင်ပြီး သူဟာ အထိမ်းအချုပ် သတ္တုတံတွေ ကို ဖြုတ်ပစ်ခဲ့တယ် ။ ပြီးတော့ ဆရာတွေကို ဒီအထိမ်းအချုပ်တွေ တစ်သက်လုံးမ တပ်ဆင်တော့ဘူး လို့ပြောခဲ့တယ် ။ အသက် ၁၃ နှစ်အရွယ်မှာ ပထမဆုံးအပြေးပြိုင်ပွဲ ၀င်ခဲ့တယ် သူ နောက်ဆုံးမှ ပန်းဝင်လာ ခဲ့တယ် ။ အဲဒီလို နောက်ဆုံပန်းဝင်ဖို့ကို သူ့အနေနဲ့ တစ်ရက်တိတိကြာခဲ့ရတယ် ။ အသက် ၁၅ နှစ်အရွယ် မှာ သူဟာ Tennessee ပြည်နယ် တက္ကသိုလ်ကိုသွားခဲ့ပြီး Ed Temple ဆိုတဲ့ အားကစားနည်းပြနဲ့တွေ့ ဆုံခဲ့တယ် ။ သူက နည်းပြကို “ ကျွန်မ ဒီကမ္ဘာက အပြေးပြိုင်ပွဲတွေမှာ ကမ္ဘာအပြေးအမြန်ဆုံးအမျိုးသမီးဖြစ်ချင်တယ် ” လို့ပြောခဲ့တယ် ။ Temple က သူ့ကိုတစ်ချက် စိုက်ကြည့်ပြီး “ မင်းရဲ့ယုံကြည်မှုနဲ့ ခိုင်မြဲမှုကို ဒီကမ္ဘာပေါ်မှာ မင်းအပြင် ဘယ်သူက မှ မတားဆီးနိုင်ဘူး ငါမင်းကိုကူညီပါ့မယ် ” လို့ပြောလိုက်တယ် ။

သူ အိုလံပစ် အားကစားပြိုင်ပွဲကြီးကို ရောက်ရှိလာခဲ့ပါပြီ ။ အိုလံပစ်ဆိုတာတကယ့်ကို အကောင်းတကာ့ အကောင်းဆုံးတွေချည်းယှဉ်ပြိုင်ရတဲ့ပွဲဖြစ်တယ် ။ Wilma ဟာ Jutta Heine ဆိုတဲ့ ဘယ်သူကမှ မနိုင်ဖူးသေး တဲ့ပြိုင်ဖက်တစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ် ။ ပထမဆုံးပြိုင်ပွဲကတော့ မီတာ ၁၀၀ အပြေးပြိုင်ပွဲဖြစ်တယ် ။ အဲဒီပွဲမှာ Wilma ဟာ Jutta Heine ကို အနိုင်ရခဲ့ပြီး ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ် ။ ဒုယတိယ ပြိုင်ပွဲကတော့ မီတာ ၂၀၀ ပြိုင်ပွဲဖြစ်တယ် ။ Wilma ဟာ Jutta ကို ဒုတိယကအကြိမ် အနိုင်ပြေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ရွှေတံဆိပ်ကို ရခဲ့ပြန်တယ် ။ တတိယပြိုင်ပွဲကတော့ မီတာ ၄၀၀လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲဖြစ်ပါတယ် ။ အဲဒီပွဲမှာလည်း သူဟာ Jutta ကို တစ်ကြိမ်းတည်းနဲ့ အနိုင်ပိုင်းနိုင် ခဲ့တယ် ။ လက်ဆင့်ကမ်းပြိုင်ပွဲ ဆိုတာ အပြေးအမြန်ဆုံးလူက နောက်ဆုံး အခေါက်မှာ ပြေးရ တာဖြစ်ပြီး အသင်းတစ်သင်းရဲ့ အားအထားရဆုံး ကစားသမားဖြစ်တယ် ။ ပထမဆုံးလူသုံးယောက် အလှည့်ပြေး သွားခဲ့ပြီး လွယ်ကူစွာပဲ “ တုတ်တို ” လေးကို လက်ဆင့်ကမ်းနိုင်ခဲ့တယ် ။ အခု Wilma ရဲ့ အလှည့်ရောက် လာပါပြီ ။

သူဟာ တုတ်တိုကို ကိုင်လိုက်တယ် ။ ပြီးတော့ စက်ရုပ်တစ်ရုပ်လို ပြေးသွားခဲ့ပြီး Jutta ကိုတတိယအကြိမ် အနိုင်ပိုင်းပြခဲ့ တယ် ။ တတိယအကြိမ်ရွှေတံဆိပ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ် ။ ဒါဟာ သမိုင်းမှာ မှတ်တမ်းဝင် ခဲ့ရပြီဖြစ်တယ် ။ ကိုယ်တစ်ပိုင်းသေဖူးတဲ့မိန်းမတစ်ယောက်ဟာ ၁၉၆၀ ခုနှစ်အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ အပြေးအမြန် ဆုံး အမျိုးသမီးဖြစ်ခဲ့တယ် ။

ကိုးကား - Adapted from Star Ledger , November 13;1994

Wilma ဆီက ကျွန်တော်တို့သင်ယူစရာတွေအများကြီးရှိပါတယ် ။ “ အောင်မြင်တဲ့လူသားတွေဟာ ပြဿနာ ရှိခြင်းမရှိခြင်းဆိုတဲ့အစိတ်အပိုင်းကို လစ်လျှုရှုပြီး ပန်းတိုင်ကိုပဲ တစိုက်မတ်မတ်ကြည့်ကြတယ် ” လောကမှာ ကိုယ်လိုချင်တာကို တားဆီးနိုင်တဲ့သူဟာ ကိုယ်တစ်ယောက်ပဲရှိတယ် ။ကိုယ်ဖြစ်ချင်တာကို တားဆီးခွင့်ရှိတဲ့သူ ဟာလည်း ကိုယ်တစ်ယောက်ပဲဖြစ်တယ် ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို မှေးမှိန်စေတဲ့အရာမဟုတ်ဘူး ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို လှမ်းတတ်နိုင်ဖို့ အနင်းခံလှေကားတွေပဲဖြစ်တယ် ။

စိတ်ပျက်ဝမ်းနည်းမှုတွေကို အားအင်အဖြစ်ပြောင်းယူလို့ ပန်းတိုင်ကို ရောင်အောင်ပြေးရမယ် ။ လူတိုင်း မှာ ပြည့်စုံခြင်း ဆိုတာ မရှိပါဘူး ။ အားနည်းချက်ကိုယ်စီလူတိုင်းမှာ ရှိကြတယ် ။ ကိုယ့်အားနည်း ချက်ကြောင့် စိတ်ပျက်အားငယ် ၀မ်းနည်းနေမယ့်အစားကိုယ်ဖြစ်ချင်တဲ့အရာကို တစိုက်မတ်မတ် စိတ်ဓါတ်ပြင်းပြ စွာနဲ့ လုပ်ဆောင်ခြင်းကသာ လူသားတစ်ယောက်ရဲ့စွမ်းရည် Ability ဖြစ်တယ် ။ သင်ရော သင့်အားနည်းချက် ကို နင်းပြီး ပြင်းထန်တဲ့ စိတ်ဓါတ်နဲ့ ဖုံးပစ်လိုက်စမ်းပါ ။ အဲဒီအားငယ်မှု စိတ်ပျက်မှုတွေကို သင့်ခြေထောက်တွေနဲ့ နင်းတက်သွားလိုက်ပါ ။ ဟိုးအရှေ့မှာ အောင်မြင်မှုပန်းတိုင်က သင့်ကိုစောင့်ကြိုနေတယ် ။

သက်တန့်ချို
THE WILMA RUDOLPH STORY အား ခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 14, 2012

ဘ၀ရဲ့ပဲ့တင်သံ

ဘ၀ရဲ့ပဲ့တင်သံ




တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ သူ့မိခင်ကို ဒေါသထွက်ပြီး အကျယ်ကြီးအော်လိုက်တယ် “ ကျွန်တော် အမေ့ ကို မုန်းတယ် . . ကျွန်တော်အမေ့ကိုမုန်းတယ် ” အဲဒီလို အော်ပြီးတဲ့အခါ သူ့ကို ရိုက်မှာစိုး လို့ ကောင်လေးဟာ ကြောက်လန့်တကြား နဲ့ အိမ်အပြင်ကို ထွက်ပြေးခဲ့တယ် ။

ပြေးရင်းပြေးရင်းနဲ့ သူတို့အိမ် နဲ့ ခပ်လှမ်းလှမ်းက ချိုင့်ဝှမ်းတစ်ခုကို ရောက်သွားခဲ့တယ် ။ အဲဒီမှာလည်း သူဟာ မကျေနပ်ချက်နဲ့ ထပ်အော်ပြန်တယ် ။ “ ကျွန်တော်အမေ့ကို မုန်းတယ် . . .ကျွန်တော်အမေ့ကိုမုန်းတယ် ” အော်အော်ပြီးပြီး ချင်း သူ အော်လိုက်တဲ့အသံကို အံ့သြဖွယ်ရာသူပြန်ကြားလိုက်ရတယ် ။ “ ကျွန်တော်အမေ့ကို မုန်းတယ် . . .ကျွန်တော်အမေ့ကိုမုန်းတယ် ”

ဒါဟာ ကောင်လေးရဲ့ဘ၀မှာ ပထမဆုံးအနေနဲ့ ကိုယ့်အသံကိုယ်ပြန်ကြားလိုက်ရခြင်းလည်းဖြစ်တယ် ။ သူ အရမ်းကိုကြောက်လန့်သွားပြီး သူ့အမေဆီ ပြန်ပြေးလာခဲ့တယ် ။ ပြီးတော့ သူ့အမေကို အမေ တကောပြောပြ လိုက်တယ် ။ “ အမေ ဟို ချိုင့်ဝှမ်းထဲမှာ ဘယ်လို လူဆိုးလည်းမသိဘူး . . ဘယ်သူမှမရှိပဲ ကျွန်တော်ကြား လိုက်ရတယ် . . ကျွန်တော့်အသံနဲ့လည်းဆင်တယ်. . ကျွန်တော်အမေ့ကို မုန်းတယ် . . .ကျွန်တော်အမေ့ ကိုမုန်းတယ် . . ဆိုပြီး ကြောက်လိုက်တာ အမေ ကျွန်တော့်ကို ကာကွယ်ပေးပါ ”

အမေဖြစ်သူက နားလည်သွားပြီး ကောင်လေးကို ပြောတယ် ။ “ သား မကြောက်ပါနဲ့ အဲဒီချိုင့်ဝှမ်းထဲပြန်သွားပြီး . . ကျွန်တော်အမေ့ကို ချစ်တယ် . . ကျွန်တော်အမေ့ကို ချစ်တယ် လို့ သွားပြန်အော်ကြည့်ပါ ” လို့ပြောလိုက်တယ် ။ ကောင်လေးကလည်း သူ့အမေပြောတဲ့အတိုင်း ချိုင့်ဝှမ်းထဲ ကိုပြန်သွားပြီး အော်လိုက်တယ် ။ “ ကျွန်တော်အမေ့ ကို ချစ်တယ် . . .ကျွန်တော်အမေ့ကိုချစ်တယ် . . ” အဲဒီအခါမှာ သူပြန်ကြားလိုက်ရတာက သူ့အသံဖြစ်တဲ့ ပဲ့တင်သံ “ ကျွန်တော်အမေ့ကို ချစ်တယ် . . .ကျွန်တော်အမေ့ကိုချစ်တယ် . . ” ဆိုတဲ့အသံဖြစ်နေတော့တယ် ။

-------------------------------------------------

ဘ၀ ဆိုတာ ပဲ့တင်သံတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတယ် ။ ကိုယ်လုပ်ခဲ့သမျှဟာ ကိုယ့်ဆီပဲပြန်ပြန်လာတယ် ။ ကျွန်တော်တို့ပေးသမျှ ကိုပဲ ကျွန်တော်တို့ပြန်ရလေ့ရှိတယ် ။

“ သင်ဟာ တခြားသူတွေအပေါ် ကောင်းနေတဲ့အခါ . . အဲဒါသင့်ကိုယ်သင်အကောင်းဆုံး တည်ဆောက်နေခြင်း ပါပဲ ”

သက်တန့်ချို
LIFE IS AN ECHO အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လူဆိုးလူကောင်းတွေနေတဲ့ရွာ

လူဆိုးလူကောင်းတွေနေတဲ့ရွာ




တစ်ခါတုန်းက ပညာရှိအဖိုးအိုတစ်ဦးရှိတယ် ။ အဲဒီအဖိုးအိုဟာ ရွာအပြင်မှာ တဲကလေးထိုးပြီး တရားဘာဝနာပွား များရင်းတစ်ယောက်တည်းနေထိုင်ခဲ့တယ် ။ တစ်နေ့တော့ ခရီးသွားတစ်ဦးက ရောက်လာခဲ့ပြီး အဖိုးအို ကို မေးတယ် ။

“ ဒီရွာလေးမှာ ဘယ်လို လူမျိုးတွေနေကြပါသလဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က လက်ရှိနေတဲ့နေရာ ကနေ ပိုကောင်းတဲ့နေရာကို ရှာဖွေနေတဲ့သူမို့လို့ပါ ” ပညာရှိအဖိုးအိုက ခရီးသွားကိုပြန်မေးတယ် ။

“ သင်အခုပြောင်းရွေ့လာတဲ့ရွာကလေးမှာရော ဘယ်လိုလူမျိုးတွေနေထိုင်ကြသလဲ ” ခရီးသွားကဖြေတယ် ။ “ သူတို့က လိမ်ညာတယ် ကောက်ကျစ်တယ် ကြမ်းတမ်းကြတယ် အဖိုးရဲ့ ” အဲဒီအခါ အဖိုးအိုကပြောတယ် ။

“ သင်ပြောသလို လူအမျိုးအစားတွေပဲ ဒီရွာလေးမှာနေကြပါတယ် ”

နောက်တစ်ရက်မှာ နောက်ထပ်ခရီးသွားတစ်ယောက်က ထပ်ရောက်လာပြီးအဖိုးအိုကိုမေးပြန်တယ် ။ “ ဒီရွာလေး မှာ ဘယ်လို လူမျိုးတွေနေကြပါသလဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်က လက်ရှိနေတဲ့နေ ရာ ကနေ ပိုကောင်းတဲ့နေရာကို ရှာဖွေနေတဲ့သူမို့လို့ပါ ” အဖိုးအိုကလည်း ပထမခရီးသွားကိုမေးခဲ့သလိုမျိုးပဲ ထပ်မေးလိုက်တယ် ။

“ သင်အခုပြောင်းရွေ့လာတဲ့ရွာကလေးမှာရော ဘယ်လိုလူမျိုးတွေနေထိုင်ကြသလဲ ” ခရီးသွားကပြန်ဖြေတယ် ။ “ အရင်နေခဲ့တဲ့ရွာကလေးမှာတော့ သူတို့ကယဉ်ကျေးကြတယ် သိမ်မွေ့ကြတယ် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းကြပါတယ်အဖိုးရဲ့ ” အဖိုးအိုက ပြန်ဖြေတယ် ။

“ ဒီရွာကလေးထဲမှာလည်း အဲဒီလို လူမျိုးတွေနေထိုင်ကြပြီး အဲဒီလို ပုံစံမျိုးကို သင်ရှာဖွေနိုင်ပါတယ် ”

------------------------------------------

ယေဘူယျအားဖြင့် ကမ္ဘာလောကကြီးကို ကျွန်တော်တို့ဟာ တခြားဖက်ကနေမကြည့်ပဲ ကိုယ့်ဖက်ကနေ ပဲကြည့်တတ်ကြတယ် ။ အချိန်အများစု အဖြစ်အပျက်အများစုမှာ တခြားလူတွေရဲ့ အပြုအမူအပြောဆို အတွေဟာ ကျွန်တော်တို့ရဲ့တန်ပြန်သက်ရောက်မှုတွေပဲဖြစ်တယ် ။

နေရာတိုင်းမှာ လူဆိုး တွေရှိသလို လူကောင်းတွေလည်းရှိပါတယ် ။
နေရာတိုင်းမှာ လူ့မိုက်ရိုင်းတွေရှိသလို လူ့ယဉ်ကျေးတွေလည်းရှိပါတယ် ။
နေရာတိုင်းမှာ ကောက်ကျစ်ယုတ်မာတဲ့သူတွေရှိသလို ရိုင်းပင်းကူညီစာနာတတ်သူတွေလည်းရှိပါတယ် ။

သင်ရော ဒီထက်ကောင်းတဲ့နေရာကို ရှာဖွေနေသလား ။ သင်ရောက်ရှိမယ့်နေရာမှာလည်း အရာရာဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေမှာဖြစ်တယ် ။

သက်တန့်ချို
WE SEE THINGS NOT THE WAY THEY ARE BUT THE WAY WE ARE အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သက်တန့်ချို စာတွေကို Android OS မှာ တိုက်ရိုက်ဖတ်ဖို့

သက်တန့်ချို စာတွေကို Android OS မှာ တိုက်ရိုက်ဖတ်ဖို့



ကိုသက်တန့်ချို Web Site လေးကို Android OS သုံးဖုန်းထဲကနေကြည့်လို့ ရအောင် Application လေးတစ်ခု ညီလေး စမ်းကြည့်ထားပါတယ်။ကို သက်တန့် စာဖတ်ပရိတ်သတ်လေးတွေကို မိတ်ဆက်ပေးကြည့်ပါလား။
ကို သက်တန့် အ တွက် ရေးပေးရင်း ညီ Web Site လေးအတွက်လဲ ရေးထားပါတယ်။ညီ Web Site လိပ်စာလေး ကတော့ http://welcometoitbank.blogspot.com/ ပါ။ကို သက်တန့်အားရင် လာလည်ပါဦးနော်။ညီက Android Application တွေ ရေးတဲ့ Developer သမား တစ်ယောက်မ ဟုတ်ပါဘူး။အခုမှ နည်းပညာပိုင်းကို စမ်းသပ်လေ့လာနေတဲ့ နည်းပညာသမားလေး တစ်ဦးဖြစ်ပါတယ်။
အစ်ကို ညီလေး ပေးတဲ့ လက်ဆောင်လေးကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ညီလေးလဲ တက် သလောက် လေ့လာထားသလောက် လုပ်ကြည့်ထားတာပါ။

ညီလေး Facebook Account ကတော့ http://www.facebook.com/yekyawphyo

------------------------------------------

ညီ ရဲကျော်ဖြိုးပေးထားတဲ့ APK ဖိုင်လေးကို ဒေါင်းလုပ်ဆွဲပြီးဖုန်းထဲထည့်သုံးကြည့်တာ အဆင်ပြေပါတယ် ။ အင်တာနက်ဖွင့်တာနဲ့ browser ကိုသွားစရာမလိုပဲ install လုပ်ပြီးပေါ်လာတဲ့ Thettantcho ဆိုတဲ့ Icon လေးကို နှိပ်လိုက်တာနဲ့ ကျွန်တော့်စာတွေကို Mobile version နဲ့မြင်ရမှာဖြစ်ပါတယ် ။

ဖုန်းထဲကနေ ကျွန်တော့်စာတွေကို တိုက်ရိုက်ဖတ်ချင်သူများ အောက်ပါ လင့်မှာပေးထားတဲ့ APK ဖိုင်လေးကို download ဆွဲပြီး ကိုယ့်ဖုန်း ထဲကို Install လုပ်လိုက်ပါ ။ Android OS သုံးဖုန်းတွေမှာ သုံးပြီးဖတ်နိုင်ပါတယ် ။

Download Link : http://www.mediafire.com/?jfqafq2y1jaibbj

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 13, 2012

ကြက်ဆင်နှင့်နွားထီး

ကြက်ဆင်နှင့်နွားထီး



တစ်ခါတုန်းက ကြက်ဆင်တစ်ကောင်က နွားထီးတစ်ကောင်ကို စကားပြောတယ် ။ “ ငါ ဒီသစ်ပင်ရဲ့ ထိပ်ဆုံးကို ရောက် ဖူး ချင်လိုက်တာ ” ကြက်ဆင်က သက်ပျင်းချပြီးဆက်ပြောတယ် “ ဒါပေမယ့် ငါ့မှာ လုံလောက် တဲ့ အားအင်မရှိဘူးဖြစ်နေတယ် ” နွားထီးကပြန်ပြောတယ် ။

“ ကောင်းပြီ ဘာလို့ မင်းငါ့ရဲ့ မစင်တွေကို မစားတာလဲ ငါ့မစင်တွေက အာဟာရပြည့်တဲ့ အရာတွေနဲ့ပြုလုပ် ထားတာလေ မင်းအတွက်သစ်ပင်ထိပ်ဆုံးကို ရောက်နိုင်ဖို့ လုံလောက်တဲ့အားအင်တွေပေးစေမှာပါ ”

ကြက်ဆင်က နွားချေးပုံကို နှုတ်သီးနဲ့တတောက်တောက် စူးစမ်းကြည့်လိုက်တဲ့အခါမှာ အဲဒါတွေဟာ သူ့ကို အားအင်ဖြစ်စေတဲ့အရာတွေမှန်းသိသွားတယ် ။ အဲဒီလိုနဲ့ နွားထီးရဲ့မစင်တွေကိုသူစားလိုက်တဲ့အခါ အနိမ့်ဆုံး သစ် ကိုင်းအထိ တက်နိုင်တဲ့ အားအင်ကိုသူရသွားတယ် ။ နောက်ရက်မှာလည်း နွားချေးတွေ များမျာပိုစား လိုက်တဲ့အခါ သူဟာ ဒုတိယ သစ်ကိုင်းကိုရောက်သွားပြန်တယ် ။ နောက်ဆုံး မှာ လေးရက်မြောက်တဲ့အခါ ကြက်ဆင်ဟာ သစ်ပင်ရဲ့ထိပ်ဆုံးဖျားကိုရောက်ရှိသွားပါတယ် ။

ဒါပေမယ့် သစ်ပင်ထိပ်ဖျားမှာ ရောက်နေတဲ့ ကြက်ဆင်ကို လယ်သမားက သတိထားမိသွားပြီး သစ်ပင်အောက် ကို လေးဂွနဲ့ပစ်ချလိုက်ပါတော့တယ် ။

-------------------------------------

မိုက်မဲမှုနဲ့အသုံးမကျတဲ့အရာတွေက သင့်ကို ထိပ်ဆုံးကိုတော့ ရောက်စေလိမ့်မယ် ဒါပေမယ့်အဲဒီနေရာမှာ တော့ သင့်ကိုရေရှည်ရှိမနေစေဘူး ။

ထိပ်ဆုံးကို ရောက်ချင်တယ်ဆိုတာ ကောင်းပါတယ် ဒါပေမယ့် အန္တရာယ်များသလို အချိန်မရွေး အောက် ကို ပြုတ်ကျသွားနိုင်တယ် ။

ကိုယ်ဟာ ထိပ်ဆုံးရောက်လိုဇော တစ်ခုတည်းကိုပဲ မတွက်ထားရဘူး ။ အဲဒီအမြင့်နေရာ မှာရှိတဲ့အန္တရာယ် ကိုလည်းထည့်တွက်ထားသင့်တယ်မဟုတ်လား ။

သက်တန့်ချို
A Turkey and a bull အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မစင်ပုံထဲက ငှက်ကလေး

မစင်ပုံထဲက ငှက်ကလေး



တစ်ခါတုန်းက ငှက်ကလေးတစ်ကောင်ဟာ ဆောင်းရာသီကြီး တောင်ဖက်အရပ်ကို ပျံသန်းလာခဲ့တယ် ။ အရမ်းကို အေး လွန်းလှတဲ့အတွက် ငှက်ကလေးရဲ့အတောင်ပံတွေ ဟာ အေးခဲလာ ခဲ့ပြီး မြေပြင်ပေါ် ကို ပြုတ်ကျ သွားခဲ့တယ် ။ သူကျသွားခဲ့တဲ့နေရာက ကျယ်ပြန့်တဲ့လယ်ကွင်း ပြင်ကြီးဖြစ်နေခဲ့တယ် ။ အဲဒီလယ်ကွင်းပြင်ကြီးထဲ ငှက်ကလေးဟာ လဲလျောင်းနေရင်း သူ့ဘေးနားကို နွားတစ်ကောင်ရောက်လာတယ် ။

နွားက အဲဒီအေးခဲနေတဲ့ငှက်အပေါ်ကို မစင်တွေစွန့်သွားခဲ့တယ် ။ ချမ်းလွန်းလို့အေးခဲနေ ရှာတဲ့ငှက်ကလေး ဟာ နွားချေးပုံထဲ မှာ နေနေရင်း တဖြည်းဖြည်းနွေးလာသလို ခံစားလိုက်ရတယ် ။ သူ တဖြည်းဖြည်းနား လည်လိုက် တာက နွားချေးပုံက အပူငွေ့က သူ့ရဲ့အေးခဲနေတဲ့အတောင်ပံတွေကို အရည်ပျော်စေ သွားတယ် ဆိုတာကိုပေါ့ ။ သူဟာ တစ်ကိုယ်လုံးပူနွေးလာပြီးပျော်ရွှင်လာတယ် ။ ပြီး တော့ အရမ်းပျော်လွန်းလို့ သီချင်း ဆိုလိုက်မိတယ် ။

အဲဒီအချိန်မှာပဲ လယ်ကွင်းပြင်ကို ဖြတ်လာတဲ့ကြောင်တစ်ကောင်က ကြားလိုက်ပြီး ဘယ်က နေအသံ လာသလဲဆို တာ စုံစမ်းလိုက်တယ် ။ အသံလာရာနောက်ကို လိုက်ကြည့်လိုက် တဲ့အခါ ကြောင် ဟာ နွားချေး ပုံထဲက ငှက် ကလေးကို တွေ့သွားတယ် ။ ပြီးတော့ နွားချေးပုံထဲက ငှက်ကလေးကို ဆွဲထုတ်လိုက်ပြီး စားပစ် လိုက်တော့တယ် ။

. . . . . . . . . ........ . . . . . . . . .
ငှက်ကလေးဟာ တကယ်ဆို ကိုယ်ရောက်နေတဲ့နယ်မြေအသစ်မှာ ဘာအခြေအနေမှ မသိရသေးပဲ စိတ်လွတ် ကိုယ် လွတ်သီချင်းမဆိုသင့်ဘူး ။ အရင်ဆုံးမစင်ပုံထဲက လွှတ်မြောက်ပြီးမှ သာကိုယ့်ဆန္ဒကို အကောင်အ ထည်ဖော်သင့်ပါတယ် ။ အခုတော့ သူ့ရဲ့ဆန္ဒကို မထိမ်းနိုင်တဲ့ပါးစပ်တစ်ပေါက်ကြောင့် သူ့အသက် ပါဆုံးခဲ့ရတယ် ။

သင့်အပေါ်မှာ မစင်ပုံချတဲ့လူတွေက သင့် ရန်သူအစစ်မဟုတ်သေးဘူး ။
သင့်ကို မစင်ပုံထဲကဆွဲထုတ်တဲ့သူတွေက သင့်ရန်သူအစစ်မဟုတ်သေးဘူး ။
သင့်ရဲ့ အဓိက အသုံးမကျတဲ့ရန်သူအစစ်က သင့်ရဲ့ မထိမ်းသိမ်းနိုင်တဲ့ပါးစပ်တစ်ပေါက်ပဲဖြစ်တယ် ။

သက်တန့်ချို
The Singing bird in the pile of cow dung အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ပေါ့ပါးတဲ့ငှက်မွေးလေးတွေ

ပေါ့ပါးတဲ့ငှက်မွေးလေးတွေ




တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ သူ့အိမ်နီးချင်းဖြစ်သူကို စော်ကားမော်ကားပြောဆိုခဲ့တယ် ။ အချိန်အတော်ကြာလာတဲ့အခါ သူဟာ သူ့အမှားကို မြင်ပြီးနားလည်လာခဲ့တယ် ။ ဒါကြောင့် သူဟာ တရားဟော ဆရာဆီသွားပြီး သူ့အပစ်တွေကို ဘယ်လို ချေဖျက်ရမလဲလို့မေးခဲ့တယ် ။ တရားဟောဆရာက သူ့ကို ငှက်မွှေးတွေတွေထည့်ထားတဲ့အိတ်ကို ယူစေပြီးလယ်ကွင်းပြင်မှာ ငှက်မွှေးတွေပစ်ချဖို့ပြောတယ် ။

လယ်သမားက တရားဟောဆရာပြောခဲ့တဲ့အတိုင်း ငှက်မွှေးတွေကို လိုက်စုပြီး အိတ်တစ်အိတ် နဲ့ထည့်ပြီးလယ် ကွင်းပြင်အလယ်ရောက်တဲ့အခါ ငှက်မွှေးတွေကို ပစ်ချလိုက်တယ် ။ ပြီးတော့ တရားဟောဆရာ ဆီပြန်လာခဲ့ တယ် ။ ဆရားဟောဆရာက ဆက်ပြောတယ် ။ “ အဲဒီငှက်မွှေးတွေကို ပြန်စုပြီး အိတ်ထဲပြန်ထည့်လို့ ယူလာခဲ့ပါ ” လယ်သမားလည်း တရားဟောဆရာပြောတဲ့အတိုင်း လယ်ကွင်းပြင်ထဲပြန်သွားပြီး ငှက်မွှေးတွေကို လိုက်စုပြီးထည့်ခဲ့တယ် ။ ဒါပေမယ့် သူ မလုပ်နိုင်ခဲ့တော့ဘူး ။ ငှက်မွှေးတွေဟာ လေတိုက်လို့ အဝေးကို လွင့်သွားကြပါပြီ ။ သူဟာ အိတ်ဗလာနဲ့ တရားဟောဆရာဆီပြန်ရောက်လာခဲ့တယ် ။

တရားဟောဆရာကပြောတယ် ။

“ အခုဖြစ်တဲ့အဖြစ်အပျက်ဟာ သင်ပြောခဲ့တဲ့စကားတွေနဲ့ အတူတူပါပဲ သင်ဟာ စကားလုံးတွေကို လွယ်လွယ်ကူ ကူ လွှတ်ချပြီးပြောဆိုခဲ့ပေမယ့် အဲဒီစကားလုံးတွေကို သင်ပြန်ပြီး အဖတ်ဆယ်လို့မရတော့ဘူး ။ ဒါ့ကြောင့် စကားလုံးတွေကို သုံးဖို့ ရွေးချယ်တဲ့ နေရာမှာ အထူးဂရုပြုဖို့လိုပါတယ် ” လယ်သမားလည်း တရားဟောဆရာရဲ့ သင်ကြားမှုကို နားလည်သဘောပေါက် သွားခဲ့တယ် ။

------------------------------------------

လူတော်တော်များများဟာ စကားပြောတဲ့အခါ ရှေ့နောက်မစဉ်းစားပဲ ငှက်မွှေးတောင်လေးတွေ အိတ်ထဲ ကနေပစ် ချသလို လက်လွတ်စပယ်ပြောဆိုတတ်ကြတယ် ။ ဒါပေမယ့် အဲဒီစကားလုံးတွေကို ကျွန်တော် တို့ ပြန်သိမ်းဆည်းလို့မရတော့ဘူး ။ ပြန်နှုတ်ယူလို့မရတော့ဘူး ။ ကိုယ်ပြောလိုက်တဲ့စကားကြောင့် တပါးသူရဲ့ ထိခိုက်နစ်နာမှုကို ဘယ်လိုအရာနဲ့မှ ပြန်ကုသလို့မရနိုင်ဘူး ။ စကားလုံးတွေဆိုတာ ပေါ့ပါးတဲ့ ငှက်မွှေးတောင်လေးတွေ နဲ့တူပါတယ် ။ ပြောရတာ လွယ်သလောက် ပြန်လည်သိမ်းဆည်းဖို့အရမ်းခက်တယ် ။

စကားပြောဆိုတဲ့အခါ တပါးသူအပေါ် ထိခိုက်သွားမလားဆိုပြီး အရင်စဉ်းစားဖို့လိုသလို ပေါ့ပေါ့ဆဆ မပြောမိဖို့လည်းအရေးကြီးတယ် ။ ဘာရယ်မဟုတ်ဘူးပြောလိုက်တဲ့စကားတစ်ခွန်း ၊ ဘာရယ်မဟုတ် ဘူး ပြုမူ လိုက်တဲ့ အပြုအမူတစ်ခုက လူတစ်ယောက်ရဲ့ ဘ၀ကို ပျက်ဆီးစေနိုင်ပါတယ် ။ “ ကြမ်းပေါက်ကနေ လူကျွံရင်နှုတ် လို့ရနိုင်ပေမယ့် စကားကျွံရင်တော့နှုတ်လို့မရဘူး ” ဆိုတဲ့ အသိလေးကို ရင်ဝယ်ပိုက် ထားကြဖို့လိုပါတယ် ။

သက်တန့်ချို
SPOKEN WORDS CAN'T BE RETRIEVED အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 10, 2012

“ လှို့ဝှက်ဆန်းကြယ်သော သော့လေးများ ” စာအုပ်ထွက်ပြီ

“ လှို့ဝှက်ဆန်းကြယ်သော သော့လေးများ ” စာအုပ်ထွက်ပြီ



ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ “ လှို့ဝှက်ဆန်းကြယ်သော သော့လေးများ ” (စိတ်ခွန်အားဖြည့်နှင့်ဘ ၀သရုပ်ဖော် ဘာသာပြန် ရသစာစုများ ) စာအုပ် ထွက်ရှိပါပြီ ။ ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ တွင်း ရှိ စာအုပ်ဆိုင်များမှာ ရရှိမည်ဖြစ်ပြီး မန္တလေးမြို့နှင့်နယ်များတွင် ၁၂ ရက်နေ့တွင်ရောက် ရှိမည်ဟု သိရ ပါတယ် ။

စုစုပေါင်း ဘာသာပြန် ပုံပြင်နှင့်စာစုပေါင်း အပုဒ် ၄၀ ပါဝင်ပြီး ပထမဆုံးစာအုပ်အဖြစ် သပ်ရပ်သန့်ရှင်း စွာ ပြု လုပ်ထားပါတယ် ။ ဖြန့်ချီရေး “ ရွှေစာပေတိုက် ” မှဖြစ်ပြီး စာအုပ်အရွယ်စားကတော့ 5" x 7 " ဖြစ်ပါတယ် ။

ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ကလေးကို စိတ်ရှည်သည်းခံပြီး အစစအရာရာ ကူညီပေးခဲ့ကြသော ထုတ်ဝေ သူ ဒေါက်တာစံကျော်ဦး ၊ ဒီဇိုင်နာ ကို သိန်းမင်း နှင့် ကျေးဇူးတင်ထိုက်သူ များအားလုံး အား ကျေးဇူး တင်ရှိ ပါကြောင်း ဒီစာမျက်နှာထက်မှ ပြောကြားလိုက်ပါတယ် ။

ချစ်လှစွာသော စာဖတ်သူများခင်ဗျာ --- ကျွန်တော့်ရဲ့ ပထမဆုံးစာအုပ်ကလေးကို အားပေးကြပါဦးး))

စာဖတ်သူများအား အစဉ်လေးစားသောအားဖြင့် ,

သက်တန့်ချို
10 Sep 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 7, 2012

“ ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့”

“ ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့”



ငါတို့အိုမင်းသွားတဲ့အခါ “ ကူညီထောက်ပံ့ ” တယ်ဆိုတဲ့စကားကိုမသုံးပါနဲ့ မင်းတို့ငယ်ငယ်တုန်းက ငါတို့သုံးနှုန်း ခဲ့တာ “ ကျွေးမွေးပြုစု ” တယ်ဆိုတဲ့စကားလုံးပါ ။ ငါတို့ဟာ သားသမီးတွေ ရဲ့ ထောက်ပံ့မှုနဲ့ရပ် တည်ချင် တဲ့သူတွေမဟုတ် ၊ သားမီးတွေကိုသာ လိုအပ်တဲ့အရာမှန် သမျှ ထောက်ပံ ကူညီပေးချင်နေသူတွေပါ ။

ငါတို့ လိုအပ်တာတွေရှိတဲ့အခါ မငြူစူကြပါနဲ့ ။ မင်းတို့ လိုအပ်တာတွေရှိနေတဲ့အခါတိုင်း ငါတို့က “ လိုအပ်ချက် ” လို့ မမြင် ပဲ “ အကောင်းအတိုင်း ” မြင်ပြီး လက်ခံခဲ့ယုံသာမက အရာ ရာချောမွေ့အောင်ဖြည့် ဆည်းပေးခဲ့ကြတာပါ ။

ငါတို့ ဆီး ၊ ၀မ်းတွေမထိမ်းနိုင်လို့ မင်းတို့ သုတ်သင်ရတဲ့အခါ ငါတို့ကို မရွံ့ရှာပါနဲ့ မင်းတို့ ငယ်ငယ်တုန်း ကတည်းက မင်းတို့ ဆီး ၀မ်းတွေကို ဖေဖေရော မေမေရော အိပ်ရေးပျက်ခံလို့ ချစ်ခင်ယုယစွာ သုတ် သင်ပေးခဲ့ကြတာပါ ။

ငါတို့ ချီတုံချတုံနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့အခါ မင်းတို့ စိတ်မရှည်မဖြစ်ပါနဲ့။ မင်းတို့ လမ်းမလျှောက် တတ်ခင်ကတည်းက လမ်းလျှောက်တုန်အောင် ခြေမခိုင်သေးတဲ့ကလေးကိုခြေခိုင်အောင် ငါတို့ ပြုစု ထိမ်းကျောင်းခဲ့ကြတာပါ ။

ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသ မီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေ စက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်းဖြစ်တယ် ။

ငါတို့ ခေတ်ပေါ် အသုံးအဆောင်တွေမသုံးတတ်လို့ မင်းတို့ မကဲ့ရဲ့ပါနဲ့ ။ မင်းတို့ကို သင်ပေးခဲ့တဲ့ လူ့ဘ၀ သင်ခန်းစာတွေ က ခေတ်ပေါ်အသုံးအဆောင်တွေထက် ပို ခေတ်မှီပါတယ် ။ အဲဒါကို “ လောကနီတိ ” လို့ခေါ်တယ် ။

ငါတို့ စကားများတဲ့အခါ နားငြီးတယ်ဆိုပြီး မင်းတို့ မငြူစူပါနဲ့ ။ မင်းတို့ တွတ်တီးတွတ်တာ စကားလုံးတွေကို ငါတို့ က ကြည့်ပြီး တစ်နေ့တာ မောပန်းတာတွေပြေပျောက်ခဲ့ရတယ် ။

ငါတို့ကို ခြေဆုပ်လက်နယ်ပြုစုရတဲ့အခါ “ ငယ်ငယ်က ပြုစုခဲ့ပေးလို့ အခုပြန်ပြီး ပြုစုပေးရတယ် ” ဆိုတဲ့ အတွေးမျိုးမ၀င် ပါနဲ့ ။ မိဘနဲ့သားသမီးကြားချည်နှောင်ထားတဲ့ မေတ္တာတရားဟာ အပြန်အလှန် သဘော မျိုးမဟုတ်ဘူး ။

ငါတို့ကို ဘာလိုအပ်သလဲလို့ ခဏခဏမမေးပါနဲ့ ။ မင်းတို့ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ နဲ့ ဘ၀ကို ဖြတ်သန်းနေ ရတယ်ဆိုရင် ငါတို့ရဲကအကြီးကျယ်ဆုံးချမ်းမြေ့မှုပါပဲ ။

ငါတို့ကို နမ်း ရမှာ မင်းတို့ မရှက်ပါနဲ့ ။ မင်းတို့ငယ်ငယ်တုန်းက ခဏခဏ နမ်းရှိုက်ခဲ့ရတာ ငါတို့ပါ ။ မင်းတို့ အိပ်ပျော်နေ တဲ့အချိန်လေးမှာ ခိုးခိုးနမ်းရတာလည်း ငါတို့ မိဘတွေရဲ့ အကြည်နူးရ ဆုံးအချိန်အ ခိုက်အတန့် လေးတွေပါပဲ ။

သက်တန့်ချို
(မိဘ များကိုယ်စားခံစားရေးဖွဲ့သည် )

Tuesday, September 4, 2012

လမ်းခွဲလိုက်လို့ အသဲကွဲသွားတာ ရှက်စရာလား ?

လမ်းခွဲလိုက်လို့ အသဲကွဲသွားတာ ရှက်စရာလား ?



ရည်းစားက ကိုယ့်ကို အဆက်ဖြတ်သွားလို့ ၊ လမ်းခွဲသွားလို့ စိတ်ညစ်နေသူများအတွက် နဲ့ ကိုယ့် ချစ်သူက တစ်ဖတ် သတ်လမ်းခွဲသွားလို့ လူပုံအလယ်မှာ ရှက်နေရတယ်ဆိုတဲ့သူတွေအတွက်

> သမီးရည်းစားလမ်းခွဲတာ ရှက်စရာမဟုတ်ပါဘူး ။ ကြေကွဲစရာလည်းမဟုတ်ပါဘူး ။ အသဲကွဲလို့ အလုပ်ပျက် အကိုင်ပျက် ကိုယ့်တန်ဖိုးတွေ ပျက်နေမှသာ ရှက်စရာပါ ။

> ကိုယ်နဲ့မထိုက်တန်လို့ ကိုယ့် အချစ်ကိုသူလိုက်မမှီလို့ သူ့အချစ်ကအရမ်းနည်းနေလို့ နောက်မှာ ကျန်ခဲ့တယ်လို့ မှတ်ယူလိုက်ပါ ။

> သူက ကိုယ့်ကို စိတ်ကုန်လို့အဆက်ဖြတ်တယ်ဆိုရင်တော့သူ့ကို စွန့်လွှတ်လိုက်ပါ ။ အချိန်ကုန်ခံပြီး ခံစား မနေပါနဲ့

> ကိုယ့်ဘ၀တိုးတက်ဖို့အတွက်အချစ်ထက်အရေးတကြီးလုပ်စရာတွေအများကြီးရှိပါသေးတယ် ။

> သံယောဇဉ်ဆိုတာ တကယ်တော့ လမ်းခွဲလိုက်တဲ့အခါ မှာ ပူလောင်တဲ့ မီးတစ်စနဲ့တူတယ်။ အဲဒီသံယောဇဉ်ကို အကောင်းဆုံးကုစားနိုင်ဖို့က စိတ်ကို တည်ငြိမ်အောင်ထားပြီး အရှိကို အရှိအတိုင်းလက်ခံဖို့က အရေးကြီးပါတယ် ။

> ကိုယ့်ကို စွန့်လွှတ်သွားတဲ့သူကို တမ်းတနေဖို့မလိုသလို မုန်းနေဖို့လည်းမလိုပါဘူး ။ အပေါစားဆန် တဲ့အ ချစ်ကြောင့် ကိုယ့်ကိုယ်ကို (သူ့ကိုမုန်းနေတယ်ဆိုတဲ့ ) အမုန်းမီးတွေနဲ့မလောင်မြိုက်ပါစေနဲ့ ။

> သတိရတာ လွမ်းတာ တမ်းတတာတွေအားလုံးကို နာကျည်းမှုနဲ့ဖြေဖျောက်ပြီး မေ့နိုင်အောင်ကြိုးစားပါ ။

> ကိုယ့်အချစ်နဲ့ တန်းတူညီမျှ သူမလိုက်နိုင်တာ သူ့အချစ်က အရမ်းနိမ့်ကျနေတဲ့အတွက်ဖြစ်တယ် ။ ထားခဲ့ လိုက် ပါ ။ နေ၀င်သွားတဲ့ ညနေခင်းတိုင်းအတွက် နေ့သစ်တွေလာမယ့် မနက်ခင်းဆိုတာ ရှိတယ် ။

> အချိန်တိုင်းမှာ အချစ်အကြောင်း အလွမ်းအကြောင်း စဉ်းစားနေတဲ့ စိတ်ကို စွန့်ပယ်လို့ အသည်းကွဲဝေဒနာကို အကျိုးရှိတဲ့အလုပ်တွေ ကိုယ့်ဘ၀ တိုးတက်ရေးအတွက် လူသားအကျိုး ဘာသာ သာသနာအ ကျိုးကိုဆောင် ရွက်ဖို့အတွက်ကိုယ့်ရဲ့အဖိုးတန် အချိန်တွေကို အသုံးချရမယ်

> လုပ်ယူလို့ရတဲ့အထဲမှာ အချစ်ရယ် ဖူးစာရယ်မပါဘူး ။ ဘ၀ အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေရင့် သန်မှသာ ဖူးစာစစ်ကိုရှာတွေ့နိုင်မယ် ။

> ကိုယ့်ကိုထားသွားလို့ ကျမယ့်မျက်ရည်တွေကို သုတ်လိုက်ပါ ။ ကောင်းကင်မှာ ကြယ်စင်တွေအများကြီး သင့် ကို စောင့်ကြိုနေတယ် ။ နံနက်ခင်းရဲ့ လေပြည်ကို ရှုရှိုက်ပြီး ဘ၀အတွက် ခွန်အားတွေမွေးဖွားပါ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 3, 2012

ဒုတိယအကြိမ်အခွင့်အရေးဆိုတာမရှိတဲ့ ဘ၀တန်ဖိုး

ဒုတိယအကြိမ်အခွင့်အရေးဆိုတာမရှိတဲ့ ဘ၀တန်ဖိုး



တစ်ခါတုန်းက မီးဒပ် (Midas ) လို့ခေါ်တဲ့လောဘကြီးတဲ့ဘုရင်ကြီးတစ်ပါးရှိတယ် ။ သူ့မှာ ရွေတွေအများကြီး ပိုင်ဆိုင်ထားပြီး သူဟာ ရလာလေလေ ထပ်ပြီး ပိုလိုချင်လေလေ ဆိုတဲ့ လူစားထဲမှာ တစ်ယောက်အ ပါအ၀င်ဖြစ်ခဲ့တယ် ။ သူ့မြေတိုက်ခန်းထဲမှာ ရွေတွေကို သိုလောင်ထားပြီး နေ့တိုင်း အဲဒီရွေတုံးတွေ ကို ရေတွက်ခြင်း အားဖြင့် အချိန်ကုန်လွန်ခဲ့တယ် ။

တစ်နေ့မှာ ဘုရင်ကြီးရွှေတွေကို ရေတွက်နေတုန်း လူစိမ်းတစ်ယောက်က “ ၀ုန်း ” ကနဲဆိုပေါ်လာပြီး ဘုရင်ကြီး ကို လိုရာဆုတစ်ခုတောင်းဖို့ပြောတယ် ။ ဘုရင်ကြီးလည်းဝမ်းသာသွားပြီး “ လက်နဲ့ထိသမျှ အရာအား လုံးရွှေဖြစ် ရပါလို၏ ” ဆိုပြီး ဆုတောင်းလိုက်တယ် ။ လူစိမ်းက ကျိန်းသေရဲ့လားလို့ပြန်မေးတယ် ။ ဘုရင်ကြီးက ကျိန်းသေပါတယ်လို့ ပြန်ဖြေတယ် ။ ဒီလိုနဲ့လူစိမ်းက “ မနက်ဖြန်မနက်စတာနဲ့ နေရောင်ခြည် စလင်းလာ တာနဲ့တပြိုင် နက် သင်ထိသမျှ ရွေဖြစ်စေရမယ် ” လို့ပြောပြီးပျောက်ကွယ်သွားတယ် ။ ဘုရင်ကြီးအဖို့တော့ အိပ်မက်မက်နေသလို ဖြစ်ခဲ့ရတယ် ။ ဒါဟာ ဘယ်လို မှ မဖြစ်နိုင်ဘူးလို့လည်းထင်နေခဲ့တယ် ။

နောက်တစ်နေ့ မနက်မှာတော့ သူ နိုးထလာတဲ့အခါ ။ သူ အိပ်ရာကို လက်နဲိကြည့်တယ် ။ ပြီးတော့ သူ့အ၀တ်အ စားတွေ အို..အားလုံးဟာ ရွှေတွေအဖြစ်ပြောင်းလဲကုန်တယ် ။ သူပြတင်းတံခါးပေါက် ကနေလှမ်းကြည့် လိုက်တဲ့ အခါ အပြင်မှာ သူ့သမီးတော်လေးကပန်းခြံထဲကစားနေတာကိုတွေ့လိုက်ရတယ် ။ ဘုရင်ကြီးက သမီးလေး ကို ပျော်ရွှင်သွားအောင် အံ့သြသွားအောင်လုပ်ပြမယ်လို့ စဉ်းစားလိုက်တယ် ။ ဒါနဲ့ဘုရင်ကြီးက ပန်းခြံ ထဲ မသွားခင် စာအုပ်တစ်အုပ်လောက်ဖတ်မယ်စိတ်ကူးလိုက်တယ် ။ ပြီးတော့ စာအုပ်ကို လှမ်းကိုင် လိုက်တဲ့ အချိန်မှာပဲ စာအုပ်ဟာ ရွေအဖြစ်ပြောင်းသွားတယ် ။ ဖတ်လို့မရတော့ဘူး ။ ဒါနဲ့နံနက်စာစားမယ်ဆိုပြီး ဘုရင်ကြီးက အစားအသောက်တွေနဲ့ သစ်သီးတွေကို ထိတွေ့လိုက်တဲ့ အခါမှာလည်းရွေတွေဖြစ်ကုန် လို့စားလို့မရခဲ့ဘူး ။ ဒီလိုနဲ့ရေဆာလာတာနဲ့ ရေဖန်ခွက်ကို ကိုင်လိုက်တယ်ဆို ရင်ပဲ ရွှေတွေဖြစ် ကုန်လို့ ရေ လည်းသောက်မရခဲ့ဘူး ။ ဘုရင်ကြီးဟာ တဖြည်းဖြည်းဆာတောင်လာပြီးညည်းတွားလိုက်တယ် ။ အဲဒီအချိန်မှာပဲ သူ့သမီးတော်လေးက ပြေးဝင်လာပြီး ဘုရင်ကြီးကို ပွေ့ဖက်လိုက်တယ် ။ တခဏအတွင်းမှာပဲ သမီးတော်လေး ဟာ ရွေတုံးအဖြစ်ပြောင်းလဲသွားခဲ့တယ် ။ ဘုရင်ကြီး လည်း ကြောက်လန့် တကြားနဲ့ ခေါင်း ငိုက်စိုက်ကျပြီး ငိုကြွေးလိုက်တယ် ။

အဲဒီအချိန်မှာပဲ လက်နဲ့ထိရာရွှေတွေဖြစ်စေလို့ ပြောခဲ့တဲ့ လူစိမ်းက ဖျက်ကနဲ အခန်းထဲပြန်ရောက်လာပြီး ဘုရင်ကြီးကိုမေးခဲ့တယ် ။ “ အခုလို လက်နဲ့ထိသမျှ ရွှေအဖြစ်ပြောင်းလဲသွားရတဲ့ဘ၀ကို ပျော်ရွှင်ပါရဲ့လား ” ဘုရင်းကြီးက သူဟာ တကယ့်ကို အရူးတစ်ယောက်ပါလို့ပြန်ဖြေခဲ့တယ် ။ လူစိမ်းကဆက်ပြောတယ် ။ “ သင့်မှာ အခု ရွှေအစားအစာတွေ ရွှေအသုံးအဆောင်တွေနဲ့ သင့်သမီးတော်ရွှေရုပ်ထုလည်း ရှိနေပြီပဲလေ သင်ဘာဆက်လုပ်မလဲ ” ဘုရင်ကြီးက ငိုကြွေးပြီး သူ့ကို ခွင့်လွှတ်ပေးဖို့တောင်းပန်ခဲ့တယ် ။ “ ကျုပ်မှာ ရှိသမျှ ရွှေတွေအကုန်ပေးပါ့မယ် ကျေးဇူးပြုပြီး သမီးတော်လေးကို မူလ လူသားဘ၀ရောက်အောင်ပြန်လုပ်ပေးပါ ဘာကြောင့်လည်းဆိုတော့ ကျုပ်မှာ ရှိတဲ့ပိုင်ဆိုင်မှုမှန်သမျှထက် သမီးတော်လေးကို ပိုပြီးချစ်မြတ်နိုးလို့ပါပဲ ” လူစိမ်းက ဘုရင်ကြီးကိုပြောတယ် ။ “ သင်ဟာ အရင်ကထက်စာရင်ပိုပြီး ပညာရှိလာပြီ ” ပြီးတော့ သူပြောခဲ့တဲ့စကားတွေကို ပြန်ဖျက်ပေးခဲ့တယ် ။ ဘုရင်ကြီးဟာ သမီးတော်လေးကိုလည်း လူသားဘ၀နဲ့ပြန် ရခဲ့တယ် ။ သမီးတော်လေးကို ချီပွေ့လို့ သူ့တစ်သက်တာမှာ ဘယ်တော့မှ မမေ့တဲ့သင်ခန်းစာတစ်ခုကို သင်ယူ လိုက်ရခြင်းပဲဖြစ်တယ် လို့ ဘုရင်ကြီးတွေးနေမိတယ် ။

----------------------------------------------

တန်ဖိုးဆိုတဲ့အရာကို အထားအသလိုလွဲမှားတဲ့အခါ ကံဆိုးမိုးမှောင်ကျခြင်းကို ဦးတည်သွားတတ်တယ်

တခါတံရံမှာ သင်ပိုင်ဆိုင်ချင်နေတဲ့တန်ဖိုးက သင်လက်ရှိရနေတဲ့တန်ဖိုးတွေထက်ကြီးမားနေတတ်တယ် ။ အဲဒီအခါ ပေးဆပ်ရမှုကလည်းပိုကြီးမားတတ်တယ် ။

ဘောလုံးကစားပွဲနဲ့မတူတဲ့အချက်က ကျွန်တော်တို့ဟာ players တွေကို လူစားလဲလို့မရဘူး ဘ၀ ဆိုတဲ့ကစားပွဲကတော့ ကျွန်တော်တို့ကို လူစားလဲခွင့် (Substitution ) မပေးထားသလို ပြန်ကစားခွင့် (Replay ) လည်းမပေးထားဘူး ။ ပုံပြင်ထဲမှာသာ အဖြစ်ဆိုးတွေကို နောက်ပြန်လှည့်ခွင့်ရနိုင်ပေမယ့်တကယ့်ဘ၀မှာတော့ ကျွန်တော်တို့ဟာ ရရှိလာတဲ့ကံဆိုးမိုးမှောင်ကျမှုတွေ အဖြစ်ဆိုးတွေကို ပြန်လည်ဖြေဆည်ဖို့ ဒုတိယအကြိမ် အခွင့်အရေးဆိုတာမရှိဘူး ။

ဘ၀မှာ ကိုယ်တကယ်လိုချင်တဲ့ တန်ဖိုးဆိုတာ ဘာလဲဆိုတာ ကိုယ်သိဖို့လိုတယ် ။ ရွှေတွေလား ၊ ငွေတွေလား ၊ တိုက်တာအဆောက်အအုံတွေလား ၊ ရာထူးဂုဏ်သိမ်စည်းစိမ်တွေလား ၊ ရာထူးကြီးကြီးတွေလား ၊ ပျော်ရွှင်မှုလား ??? သင်ကိုယ်တိုင်ပဲရွေးချယ်လိုက်ပါ ။

သက်တန့်ချို
THE MIDAS TOUCH အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 1, 2012

ဂျီမေးလ်ကို 2 step verification method နဲ့ကာကွယ်ခြင်းနည်းလမ်း (အပိုင်း ၁)

ဂျီမေးလ်ကို 2 step verification method နဲ့ကာကွယ်ခြင်းနည်းလမ်း (အပိုင်း ၁)

ဒီနည်းလေးကတော့ ဂျီမေးလ်အကောင့် Hack မခံရအောင်ကာ ကွယ်တဲ့အကောင်း ဆုံးနည်းလမ်း တစ် ခုဖြစ်ပါတယ် ။ အဓိကကတော့ ကိုယ့်ပါ့စ၀ပ်ရိုက်တာမှန်တာတောင် verification code ထပ်ထည့်မှ ပွင့် တာဖြစ် တဲ့အ တွက် အလွယ်တကူ Hack လို့မရနိုင်သလို ကိုယ့်ဂျီမေးလ်ကို အကောင်းဆုံးကာ ကွယ် တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ် ။ အရင်ဆုံး ကျွန်တော်တို့ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာကြည့်ရအောင် ။

၁ ။ ကိုယ့်ဂျီမေးလ်ကို ကိုယ့်ပါ့စ၀ပ်နဲ့ sign in အရင်လုပ်ပါ ။ ပြီးရင် ဂျီမေလ်းအကောင့် setting ထဲက Security ကိုသွားရမှာဖြစ်ပါတယ် ။ Two step verification Method ကို Set Up လုပ်တဲ့အခါ နည်းလမ်းနှစ်မျိုးရှိပါတယ် ။တခုကတော့ ဖုန်းထဲကို SMS သို့မဟုတ် Voice Call ခေါ်တဲ့ နည်းဖြစ်ပြီး နောက်တစ်ခုကတော့ Google Authenticator ကိုသုံးပြီး ဖုန်းထဲကနေ code ယူတဲ့နည်းဖြစ်ပါတယ် ။ အခုဆောင်းပါးမှာတော့ ကိုယ့်ဖုန်းထဲမှာ Voice call ခေါ်ပြီး ကုတ်ထည့်တဲ့နည်းဖြဖြစ်ပါတယ် ။ SMS ပို့တဲ့နည်းကိုတော့ စမ်းလို့မရပါဘူး ။ ဘာကြောင့် လည်းဆိုတော့ မြန်မာနိုင်ငံမှာ ပြည်ပ SMS အ၀င် service ကို မရလို့ဖြစ်ပါတယ် ။ နောက်မှာ အသေးစိတ် ဆက်ရှင်းမှာဖြစ်တယ် ။



၂ ။ Account / Settings / Help / Sign Out ဆိုပြီး ညာဖက်အပေါ်မှာ ရှိတဲ့အထဲက Account ကိုနှိပ်ပါ ။ အဲဒီအခါ ပုံမှာပြထားတဲ့အတိုင်း ဘယ်ဖက်ဘေးမှာ Account , Security , Products , Data liberation ဆိုတာတွေ့ ရလိမ့်မယ် ။ Security ကိုသွားပါ ။ အဲဒီမှာ 2 step verification Status: OFF ဆိုတာရဲ့ဘေးမှာ Edit ကိုနှိပ်ပါ


၃ ။ ပြီးရင် ပုံမှာပြထားတဲ့ See how it works ကိုနှိပ်ပါ ။



၎ ။ Start Setup ကိုနှိပ်ပါ ။


၅ ။ ပြီးရင် ဖုန်းနံပတ်ရိုက်တဲ့အကွက်ထဲမှာ ကိုယ့်ဖုန်းနံပတ်ကို ရှေ့ဆုံးမှာ 9 တစ်လုံးခံပြီးရိုက်ပါ ။ ရှေ့က အလံနေရာလေးမှာ Myanmar အလံလေးကိုရွေးပေးပါ ။ ပြီးရင် Text Message (SMS ) နဲ့ Voice Call နှစ်ခုရှိတဲ့အနက်က Voice call ကိုရွေးပြီး Send code ကိုနှိပ်ပါ ။



၆။ ကိုယ့်ဖုန်းကို ဂျီမေလ်းကနေဖုန်းခေါ်ပါလိမ့်မယ် ။ (အရင်တုန်းကအဲဒီ service မရဘူး အခုမှရတယ် ) သူပြောတာကိုနားထောင်ပြီး ပုံမှာပြထားတဲ့အကွက်ထဲ ကုတ်တွေကိုဖြည့်ပြီး Confirm နှိပ်လိုက်ပါ ။



၇ ။ အဲဒီအခါ ပုံမှာပြထားတဲ့အတိုင်း ပေါ်လာလိမ့်မယ် ။ Trust this computer ကို အမှန်ခြစ်ထား တာဖြုတ်လိုက်ပါ ( ကိုယ့်ကွန်ပြူတာလည်းကိုယ်မယုံရဘူး ) ။



၈ ။ ဖြုတ်လိုက်တဲ့အခါ ပုံမှာပြထားတဲ့အတိုင်း box လေးပေါ်လာမယ် ။ အဲဒီအခါ Don't trust this computer ကို နှိပ်လိုက်ပါ ။



၉ ။ အဲဒီအခါပုံမှာပြထားတဲ့အတိုင်း Turn on 2-step verification ဆိုတာပေါ်လာလိမ့်မယ် ။ Confirm ကိုနှိပ် လိုက်ပါ ။



၁၀ ။ Confirm ကိုနှိပ်လိုက်တဲ့အခါ Some apps may need new passwords ဆိုတာပေါ်လာပါလိမ့်မယ် ။ လောလောဆယ် Do this later ကိုရွေးလိုက်ပါ ။ ကိုယ်က တချိန်တည်းဂျီတော့သုံးချင်ရင်တော့ Create passwords ကိုနှိပ်ပြီးဂျီတော့အတွက် ပါ့စ၀ပ်တစ်ခုကို generate လုပ်ရမှာပါ ။ ပါ့စ၀ပ်တစ်ခုက ဂျီတော့တစ် ခါပဲသုံးခွင့်ရှိပါတယ် ။ အဲဒါကို နောက်ပို့စ်မှာ ဆက်ရှင်းပြပါ့မယ် ။ လောလောဆယ် Do this later ကိုနှိပ်ပါ ။



၁၁ ။ နောက်ဆုံးအဆင့်မှာတော့ ပုံမှာမြင်ရတဲ့အတိုင်း 2 step verification is ON for ဆိုပြီးပေါ် လာ ရင်တော့ ပြီးသွားပါပြီ ။ ကိုယ်ဖုန်းနံပါတ်ထည့်ထားတဲ့အပြင်ဖုန်းပျောက်သွားရင် သုံးဖို့ Backup phones တွေထည့်ထားလို့ရပါတယ် ။ကိုယ်ယုံကြည်ရတဲ့ဖုန်းပေါ့ ။ အောက်က Mobile application ဆိုတဲ့အပိုင်း ကို နောက်ပို့စ် အပိုင်း ၂ မှာ ဆက်ရှင်းမှာဖြစ်ပါတယ် ။ သူကတော့ Google Authenticator ကိုသုံးပြီး ကုတ်ယူတဲ့နည်းပါပဲ ။ ကိုယ့်ဖုန်းကို Voice call လည်းမခေါ်ပါဘူး ။ ကိုယ့်ဖုန်းက Time Zone ကို International Time Zone နဲ့ညှိဖို့အရေးကြီးပါတယ် ။ အဲဒီအခါ ကိုယ် ပါ့စပ်ရိုက်လိုက်တဲ့အခါ ကုတ်တောင်းပါလိမ့်မယ် ။ တောင်းတဲ့ကုတ်ကို Phone ထဲက Authenticator မှာကြည့်ပြီးရိုက်ထည့်ရမှာပါ ။ အဲဒီ ဖုန်းထဲမှာပေါ်တဲ့ ကုတ်က လည်းအရင်ကဆို ၃၀ စက္ကန့်ကို တစ်ခါပြောင်းပါတယ် ။ အခုတော့ ၁ မိနစ်တစ်ခါပြောင်းပါတယ် ။

ဒါ့အပြင် ပုံရဲ့အောက်ဆုံးမှာပြထားတဲ့ Printable backup codes ကလည်းအရေးကြီးပါတယ် ။ တစ်ခု ခုများပျောက် သွားခဲ့ရင် အဲဒီ backup code တွေနဲ့ပြန်ဝင်နိုင်ပါတယ် ။ Show backup codes ကိုနှိပ်ပြီး ကုတ်တွေသိမ်းထားနိုင်ပါတယ် ။ ဆယ်ခုပေးထားတာကိုပရင့်ထုတ်ပြီးသိမ်းထားပါ ။ အရေးကြီးပါတယ် ။

ကျွန်တော်ကတော့ Voice call ခေါ်တဲ့ နည်းကိုပိုကြိုက်ပါတယ် ။ အဲဒီနည်းကိုကြိုက်တဲ့လူတွေကတော့ အခုပြော တဲ့အဆင့်တွေအတိုင်းလုပ်လိုက်ရင်ရပါပြီ ။ ပြီးတဲ့အခါ Sign out ပြန်ထွက်ပါ ။ ပြန်ဝင်ကြည့်ပါ ။ ပါ့စ၀ပ်မှန်နေတာတောင်မှပဲ verification code တောင်းပါလိမ့်မယ် ။ ခဏစောင့်ပါ စက္ကန့်ပိုင်းအတွင်း ကိုယ့်ဖုန်း ကို ဂျီမေးလ်က ဖုန်းခေါ်ပြီး ကုတ်နံပါတ်လှမ်းပြောပါလိမ့်မယ် ။ အရမ်းဆင်ပြေပါတယ် ။

သိလိုသည်များကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။

ကိုသက်တန့်ချို
သြဂုတ်လ ၂ ၀ ၁ ၂

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

“ မိဘတွေကို ကိုယ်စားခံစားကြည့်ပါ ”

“ မိဘတွေကို ကိုယ်စားခံစားကြည့်ပါ ”



- လူရယ်လို့ဖြစ်လာရင် ပခုံးလက်နှစ်လုံး ဖ၀ါးလက်နှစ်သစ်အရွယ်ကစလို့ မိဘတွေဟာ အအိပ်ပျက် အစားပျက် သားသမီးတွေကို ချစ်ခင်ယုယ ပျိုးထောင်ခဲ့ကြတယ် ။

- ကိုးလလွယ် ဆယ်လဖွားဆိုတဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလမှာလား အပူအစပ်တွေရှောင်လို့ သားသမီးတွေ ဒုက္ခမတွေ့စေ ဖို့အတွက် “ ငါ အပူအစပ်တွေစားလိုက်ရင် ငါ့သားသမီးလေးများ ပူစပ်နေမလား မစားတော့ပါ ဘူးလေ ” ဆိုတဲ့ မေတ္တာတရားဟာ များစွာ ကြီးမားခဲ့တယ် ။

- တီတီတာတာ စကားပြောတတ်တဲ့အရွယ်မှာလည်း တစ်နေကုန် အလုပ်ပင်ပန်းနေသမျှ သားသမီးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေက မိဘတွေအတွက် အမောပြေစရာ နှလုံးပီတိဖြစ်ခဲ့ရတယ် ။

- ငယ်ရွယ်စဉ်ပညာသင်တဲ့အရွယ်မှာလည်း သားသမီးတွေ တခြားသူတွေနဲ့ယှဉ်ရင် လူတန်းစေ့ မျက်နှာ မငယ်ဖို့အရေး ကိုယ်က အိမ်မှာ ငါးပိရည်နဲ့စားရပါစေ သားသမီး ထမင်းချိုင့်အတွက် သားသ မီး ကျောင်းဝတ်စုံဖိုးအတွက် သားသမီး စာအုပ်ဖိုးအ တွက် ခြိုးခြံချွေ တာလို့ မြေတောင်မြှောက်ပေး ခဲ့ကြတယ် ။

- လူလတ်ပိုင်းအရွယ် သုံးတတ်ဖြုန်းတတ် မိဘကို ပြန်ပြောတတ်စ အရွယ်မှာလည်း သားသ မီး ပြန်ပြော သမျှကို ငြိမ်ခံ သားသမီး လိုအပ်သမျှကို ဖြည့်ဆည်း ရင်ထဲမှာ ခြေရာတိုင်းလာမှုအတွက် မချိသော်လည်း အပြုံးမပျက် ခွင့်လွှတ်နိုင်စွမ်းရှိသူဟာ မိဘပါပဲ ။

- အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရပ်သားကျ ကိုယ့်အသိုက်ကိုစွန့်ခွာ ပြန်မလာကြတော့တဲ့အခါ မျက်ရည်စက်လက်နဲ့ မျှော်ငေး ဘယ်တော့များ ငါ့ကို ငါ့သားငါ့သမီးလေးတွေပြန် လာတွေ့မလဲ ရယ်လို့ တွေးနေတတ်သူဟာ မိဘပါပဲ ။

- ကြားချင်တာက “ အမေတို့အဖေတို့ နေကောင်းရဲ့လား သားတို့သမီးတို့ သိပ်သတိရပါတယ် ” ဆိုတဲ့စကား တကယ်ကြားရတာက “ အမေတို့အဖေတို့ကို သားတို့ အလုပ်များနေလို့ လာမတွေ့နိုင်သေးပါဘူး ကျန်းမာရေးဂ ရုစိုက်ပါ ပိုက်ဆံပို့လိုက်ပါတယ် ” ဆိုတဲ့စကား ၊ မိဘတွေ ဟာ သားသမီးတွေဆီက ချစ်ခင်မှုကို သာ မျှော်လင့်တတ်သူတွေဖြစ်တယ် ။

- သားဆိုးသမီးဆိုးတွေနဲ့ကြုံရတဲ့အခါ မျက်ရည်စက်လက် ကိုယ်ဒုက္ခရောက်နေတာတောင် ငါ့သားငါ့သမီးလေး အန္တရာယ်တွေ့နေတော့ မှာပဲဆိုပြီး ဗျာများလို့ ပူလောင်သောကရောက်ရသူဟာ မိဘတွေပါပဲ ။

- ဘယ်လောက်ပဲ ယုတ်မာရိုင်းစိုင်းမှုတွေနဲ့ကြုံရပါစေ သားသမီးကို အမြဲကာကွယ်ပေး ၊ နွေးထွေးလို့ ရင်ထဲမှာ သာ မျက်ရည်ဖြိုင်ဖြိုင်ကျရသူဟာ မိဘတွေပါပဲ ။

- ချွေးမဆိုးတွေ သားမက်ဆိုးတွေနဲ့ကြုံရတဲ့အခါ ကိုယ်သားသမီးလေးတွေ အိမ်ထောင်ရေး အဆင်ပြေဖို့အရေး အပြောဆိုခံ အဆဲခံ ငြိမ်နေတတ်ပြီး ဟန်ဆောင်ကောင်းတတ်သူဟာ မိဘတွေပါပဲ ။

- ကိုယ်အသက်ဘယ်လောက်ပဲ အရွယ်ရောက်နေပါစေ ကိုယ့်ကို အမြဲကလေးငယ်လေးတွေ ရယ်လို့ တွေး ထင်နေ တတ်သူဟာလည်း မိဘတွေပါပဲ ။

- မိဘတွေကို ကျေးဇူးဆပ်ပါ ။ ဘာ မျှော်လင့်ချက်မှ မပါတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ကျေးဇူးဆပ်ပါ ။ ခလုတ်ထိမှ အမိမတ မိ ပါစေနဲ့ ။ မလုတ်ထိထိ မထိထိ မိဘကို အမြဲသတိရ ပါ ။ မိဘတွေရင်ထဲ ကိုယ်စားဝင်ပြီး ခံ စားကြည့်ကြပါ ။ အဲဒီအခါ လောကမှာ အမြင့်မြတ်ဆုံးဆိုတာ ကိုယ့်မိဘ နှစ်ပါးဆိုတာ သိလာပါလိမ့်မယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................