Wednesday, November 21, 2012

ကျွန်တော်နှင့်တောင်ပေါ်လားရှိုးမြို့


ကျွန်တော်နှင့်တောင်ပေါ်လားရှိုးမြို့

နိုဝင်ဘာထဲရောက်လာပြီဆိုတော့ ဆောင်းက နည်းနည်းအေးလာသလိုပါပဲ ။ ထုံးစံအတိုင်း နိုဝင်ဘာ ဒီဇင်ဘာဆို ခရီးထွက်ရတဲ့ရာသီမို့လားမသိ ကျွန်တော်လည်းရန်ကုန်က အလုပ်တွေပစ်ပြီးလားရှိုးမြို့ကို ခရီးတစ်ခေါက် ထွက်ခဲ့ရပါပြီ ။ ရွှေလားရှိုးအထူးယာဉ်နဲ့ ညနေ ၅ နာရီထွက်တဲ့ကား က တစ်ခါမှ မစီးဖူးလို့ လားမသိ ကံကောင်းတာလား ကံဆိုးတာလားမသိ အဲဒီ ယာဉ်ကြီးမှာ နောက်ဆုံးပေါ် အိမ်သာ တစ်လုံးပါတယ် ။ အဲဒီအိမ်သာကလည်း ကျွန်တော်ထိုင်တဲ့ခုံ တည့်တည့်ရှေ့မှာ ပရိတ်သတ် ကဲ ကြည့် ဖြစ်ပုံက ခရီးစဉ်အစ ကျွန်တော့်ကို ကြိုဆိုလိုက်ပုံက ထုံးစံအတိုင်းအိမ်သာဆိုတော့လည်း လူတွေက ခဏခဏ လာကြတယ် ။ အထူးကားမို့လားမသိ လမ်း မှာ ထမင်းစားတဲ့အခါက လွဲလို့ ယောင်လို့တောင် ကားဆရာက မရပ်ပါဘူး ။ ဒီတော့ကားပေါ်က လူ ၄၀ လုံး ကျွန်တော့်ရှေ့က အိမ်သာလေးကို အားကိုးကြတယ် ။ အဲဒီ အိမ်သာလေးကိုလာချင်တဲ့အနောက်ကလူတွေက ကားထွက်နေတုန်း ခုံတွေကို ကိုင်ပြီးလာရတယ်ဆိုတော့ လူက ယိုင်ကြတယ်မဟုတ်လား ။ ဒီတော့ ကားက လှုပ်လိုက် အိမ်သာ သွားဖို့လာတဲ့လူက ကျွန်တော့်အပေါ်လဲကျလိုက် ပြန်ထူပေးလိုက် နောက်တစ်ယောက်လာလိုက် ကားလှုပ်လိုက် ကျွန်တော့်အပေါ် ယိုင်လဲကျလိုက်နဲ့ အင်း ပရိတ်သတ်ရေ ခရီးစဉ်အစက အဲဒီလို ။

ဒီလိုနဲ့ ၁၁၅ မိုင်ရောက်တော့ ကားဆရာကကြေငြာတယ် အထူးယာဉ် VIP မို့ဆိုလား လက်မောင်းလေးတွေပေါ် စတေကာလေးတွေကပ်ပေးလိုက်တယ် ။ အဲဒီစတေကာလေးတွေပါရင် စားသောက်ဆိုင် မှာ ထမင်းဟင်းကို free စားနိုင်ပါသတဲ့ ။ ဒီတော့ ကျွန်တော်လည်း ထမင်းစားပြီး တာနဲ့အောက်မှာလည်းမနေချင်တာနဲ့ကားပေါ်ပဲပြန်တက်လာခဲ့တယ် ။ အဲဒီအချိန်ကားက မီးလေးပဲဖွင့် ထားသေးတယ် စက်မနှိုးထားသေးဘူး ။ ဒီတော့ ကျွန်တော့်ခုံပေါ် ကျွန်တော်ထိုင်ယုံရှိသေး အရှေ့ အိမ်သာ ထဲက နေ တဒုန်းဒုန်းထုသံကြားလိုက်ရတယ် ။ ဘုရား ...အထဲမှာ လူပိတ်မိနေတာများလား ။ ခဏနေတော့ အသံက ပိုကျယ်ပြီး ကြားလာရတယ် ဒုန်းဒုန်းဒုန်း ဆိုပြီး ။ ဒီတော့ ကျွန်တော်လည်း အိမ်သာရှေ့သွားပြီး အထဲကလူ စိတ်အေးအေးထား လက်ကိုင်မှာခလုတ်လေးပါတယ် ဖိလိုက် ပြီးရင်တွန်းလိုက် ပွင့်လာလိမ့်မယ်ပြောရတယ် ။ ဒီတော့မှ အထဲက ငြိမ်ကျသွားပြီး ဦးလေးးကြီးတစ်ယောက်ချွေးတွေ သံတွေနဲ့ထွက်လာတယ် ။ သူ့ခမျာ အတော်လည်းကြောက်နေပုံပဲ မီးကလည်း မှိန်ပျပျလေးကိုး ကားမှ စက်မနှိုးသေးတာ ။ ဒီလိုနဲ့ကားစထွက်ပါပြီ ကျွန်တော်လည်း ဟိုတွေးဒီတွေး နဲ့ ငိုက်နေတုန်း ကလေးလေးတစ်ယောက်က သူ့အမေကို အိမ်သာတက်ချင်လို့ပူဆာပြန်တယ် ။ သူ့အမေကလည်း သားအဲဒီအထဲသွားဆိုပြီး လွှတ်လိုက်တယ် ။ ကျွန်တော့်စိတ်ထဲ ထင်တော့ထင်နေတယ် ကလေးတော့ ပိတ်မိဦးမယ်လို့ ။

သိပ်မကြာပါဘူး အထဲက တ၀ုန်းဝန်းထုပြန်ရော ။ ဘယ်သူမှ မထကြဘူးဗျာ သူ့အမေက လည်း ခေါ..ခလူး..ဆိုပြီးအိပ်နေလေရဲ့ ။ အိမ်သာနဲ့အနီးဆုံးကလည်း ကျွန်တော်ပဲရှိသကိုး ဒီတော့လည်းထရပြန်တယ် ကလေးကို သွားချော့ပြီး တံခါးကို ဖွင့်ခိုင်းရတယ် ။ ကလေးခမျာ ကြောက်လွန်းလို့အ သံတောင်မထွက်နိုင်ဘူး ဒီတော့ အဲဒီကလေးကိုပဲချီပြီး သူ့အမေဆီပို့ပေးခဲ့ရပြန်တယ် ။ ဒီလိုနဲ့ ကားကြီးက နေပြည်တော်ကိုကျော် ..မန္တလေးကိုကျော် ..လားရှိုးကို ဆက်လက်ချီတက်လာပြန်ပါပြီ ။ ကားပေါ်မှာ မအိပ်တတ်တဲ့ ကျွန်တော့်ထုံးစံအတိုင်း အမှောင်ထုကိုငေးလိုက် တီဗွီက မြန်မာဇတ်လမ်း ( ပြေတီဦးနဲ့ ခိုင်သင်းကြည် ) ကို ကြည့်လိုက် နဲ့လုပ်နေရတယ် ။  ဒီလိုနဲ့ သွားရင်း အချိန်က မနက် ၃ နာရီကိုရောက်လာခဲ့ပါပြီ အဲဒီမှာ ဇတ်လမ်းက စတာပါပဲ . . .။ 


 



လမ်းဘေးမှာ ကားတွေအကုန်လုံးရပ်နေကြတယ် ကျွန်တော် တို့ကား ဆရာကလည်း လမ်းဘေးမှာ ကားတန်းရှည်ကြီး ကိုအိပ်ပျော်နေတယ်ထင် လို့လားမသိပါဘူး ဘေး ကနေ ကျော် တက်လာခဲ့လိုက်တယ် ။ အဲဒီမှာ ချောက် အကွေ့တစ်ခုမှာ မီးရောင်တွေတွေ့လို့ ရပ်လိုက်ရတယ် ။ လားလား ...ဘီး ၂၀ ပါတဲ့ကားကြီး ၂ စီးက တစ်စီးရဲဖင်ကို တစ်ဦးရဲ့ခေါင်း နဲ့ခြစ်မိပြီးငြိနေကြတယ် ။ သူတို့ ၂ စီးပိတ်နေတော့ တခြားကားတွေ လည်းသွားမရခဲ့ဘူး ။ မေးကြည့်တော့ ကြာပြီတဲ့ ဖြစ်နေတာ ရဲတွေအလာ စောင့်နေတာတဲ့ ။ တစ်ယောက်ကလည်းမဖယ်ပေး တစ်ယောက်ကလည်း မလျော့နဲ့ ကျွန်တော်တို့ကားကြီးလည်း လမ်းဘေးထိုးရပ်လို့ စက်သတ်ပြီး ရပ်နေလိုက်ရတယ် ။ ဒီလိုနဲ့ အချိန် ၁ နာရီလောက်စောင့်ပြီးတဲ့အခါ ရဲ ဆိုင်ကယ်တွရောက်လာပြီးလာပြောကြတယ် ။ ရှင်းကြလင်းကြတယ်ပေါ့ ငါးသိန်းနဲ့အလျောပေးဖို့ တည့်သွားတယ်ဆိုလား သတင်းတော့ကြားလိုက်ရတယ် ။ 


ဒီလိုနဲ့ကား ကိုဖယ်ကြမယ်ပေါ့လုံး ၀ဖယ်မရဘူးခင်ဗျ ငြိနေတာ အတော်သံယောဇဉ်ကြီးနေ ပုံပဲ နောက် ဆုံး ထောက်တွေ ဘာတွေခုပြီး ကားကို ခေါင်းယမ်းအောင်ကြိုး စားမှသာ လွတ်ထွက်သွားတယ် ။ အဲဒီလို ကား ၂စီးလွတ်အောင် ကျွန်တော်တို့ကား ဟာ မနက် ၃ နာရီကနေ ၅ နာရီအထိစောင့် လိုက်ရတယ် ။ ပြီးတော့မှ ခရီးဆက်ထွက်လို့ရပါတယ် ။ ဒီတော့ အရင်၇ နာရီလောက်ဝင်တဲ့ကားက ၉ နာရီခွဲကျော်ကျော် ဆယ်နာရီနီးပါးမှ လားရှိုးကို ဆိုက်နိုင်တော့တယ် ။

လူကလည်း တစ်လမ်းလုံးမအိပ်ရတော့ ငေါင်တောင်တောင်နဲ့ ကားပေါ်ကဆင်းအထုပ်တွေဆွဲချပြီး ၃ ဘီး ဆိုင်ကယ်ကယ်ရီနဲ့ တည်းမယ့် ဟော်တယ်ကို လိုက်ပို့ခိုင်းရတယ် ။ တော်သေးတယ် နယ်က လူတွေ booking လုပ်ထားတာ တော်လို့ အခန်းကိုတန်းရတယ် ။ နားဖို့အချိန်ကြည့်တော့ ၁၀ နာရီကျော်နေပြီ နားလို့မဖြစ်သေး လုပ်စရာတွေက တပုံကြီး ဒီတော့ သူတို့ကို လာကြိုခိုင်း ကိုယ်ကလည်းဆိုင်ကယ်မ စီးတတ် လားရှိုးလို တောင်ပေါ်တက် အနိမ့်အမြင့်လမ်းတွေမှာ သူများနောက်က ပဲကပ်လိုက်ရတယ် ပြီးတော့ အလုပ်တွေ ခဏနားပြီး မာလာဟင်း ၊ ကြက်တောင်ပံသုပ်နဲ့ ဖက်ထုပ်ကြော် စတာတွေလိုက်ကျွေးပါတယ် ။ ဒါဟာ လားရှိုး ဆိုတဲ့တောင်ပေါ်မြို့ကို ကျွန်တော့်အတွက်တော့ ပထမဆုံးခရီးစဉ်ပါပဲ ။ တောင်ကြီးနဲ့ အနေအထားချင်းရာသီဥတုချင်းသိပ်မကွာပေမယ့် လမ်းတွေကတော့အ နိမ့်အမြင့်တွေ တောင်ကြီးထက်များတယ်လို့ ထင်ပါတယ် ။

ကျွန်တော့်ရဲ့ တောင်ပေါ်လားရှိုး ခရီးစဉ်အဖွင့်ကတော့ ဒီလောက်ပါပဲ ။ တစ်ပတ်လောက်ကြာမှာဖြစ်ပြီး စာတွေကိုတော့ အဆင်ပြေသလို ဆက်လက်ရေးသား တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။

စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားစွာဖြင့်

သက်တန့်ချို

3 comments:

  1. ဓာတ်ပုံအလန်းလေးတွေ တင်ပါဦး ကိုသက်တန့်ရ... လားရှိုးသွားတာဆိုတော့ အပြန်ကျ ကျောက်မဲနဲ့ ပြင်ဦးလွင်ပါ ဝင်လည်လို့ရတာပေါ့... မိုက်တယ်.... :)

    ReplyDelete
  2. ခရီးသွားပို့စ်လေးတွေဖတ်ရတာကြိုက်တယ် လားရှိုးတခါမှမရောက်ဖူးသေးဘူး နေလို့ကောင်းလား အစားအသောက်တွေ ရှုခင်းပုံတွေရိုက်ပေးဦးနော် ဦးဦးသက်တန့်...ခိခိ

    ReplyDelete

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails