Monday, February 4, 2013

ဒီစစ်ပြီးတဲ့အခါ . . .












ဒီစစ်ပြီးတဲ့အခါ . . .

(၁)

တဖျောက်ဖျောက် နဲ့ သေမင်းတံခါးဝဟာ
ဖိတ်တ၀က်စင်တ၀က် ၀ိဥာဉ်ခေါ်သံတွေနဲ့
အိပ်မက်တွေကို ဖျက်ကနဲ သတ်ချလိုက်တယ်

(၂)

ပြီးဆုံးသွားပါပြီ . . .အရာရာပြီးဆုံးသွားပါပြီတဲ့
ငြိမ်းချမ်းရေးအလံတွေလွှင့် . . .
ရင်ထဲတော့ တဆစ်ဆစ် နာကျင်နေလိုက်ရတာ
“ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ”
မဟောင်းတဲ့ ဇာတ်လမ်းသစ်ကြီးမှာ ဗုံးဆံတွေ ပျံ့ကျဲ
ခနော်နီခနော်နဲ့ . ယိုင်နဲ့နေဆဲပါလား

အမှန်တရားကို ခံတပ်လုပ်သတဲ့
အဲဒီ လက်နက်တွေက လူသတ်တယ်
အဲဒီ မိုင်းဗုံးတွေက လူသတ်တယ်
အဲဒီ ကျည်ဆံတွေကလူသတ်တယ်
သား . . . ငိုချင်လိုက်တာ မေမေ . . ။

(၃)

သူတို့စာမအံကြတော့ဘူး
တိတ်ဆိတ်မှုက သင်္ချိုင်းမြေထဲက
ဖုတ်ဖတ်ခါထ အလောင်းကောင်တွေ
စာ . . . ထဆို နေကြ
“ ကကြီးကလေးငယ် . . ချစ်စဖွယ် ”
အို . . ဘယ်မှာလဲ မေမေ ရယ်

မျက်ရည်နဲ့ ခါးသီးမှု ဘာလို့ ထပ်တူကြရတာလဲ
ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖိနပ်တစ်ရံလောက်တောင်တန်ဖိုးမရှိတဲ့
“ လူ့အခွင့်အရေး ” တွေ ဆုံးရှုံးနေကြ
သား . . မလေးစားနိုင်တာ ခွင့်လွှတ်ပါ မေမေ ။

( ၄)

ရင်ဘတ်ပေါ်က ကြယ်တွေက
ကမ္ဘာဖျက်တံဆိပ်တွေများလား
သေသွားတယ် မေမေ
ကလေးတွေ သေသွားတယ်မေမေ
အဖိုးတွေသေသွားတယ်မေမေ
အဖွားတွေသေသွားတယ်မေမေ
ပြည်သူတွေ သေသွားတယ်မေမေ
နတ်ဆိုးရဲ့ ရွတ်ဆိုမှု ဂါထာ တစ်ဝက်အရောက်မှာ
သားတို့ ရှံးနိမ့်ခဲ့ရတာလား မေမေ
ဇ ဇလပ်ပြာတောင်တန်းပြာမှာ
ဂျိုးဖြူကလေးတွေ မရှိတော့ ဘူး မေမေရယ်

စစ်ဝိဥာဉ်ရဲ့ ခလုတ်တစ်ချက် အဆွဲမှာ
အားလုံးလဲကျသွားတယ် . . .
တစ် . . နှစ် . . .သုံး
ဘယ်တော့မှ လည်း . .မပြီးဆုံးသေးနိုင်ဘူး
အဲဒီပုစ္ဆာ . .ဆက်မတွက်ပါရစေနဲ့လား

(၅)

ဒီနေ့ . . . လယ်ရိတ်ရမယ့်အချိန်
စပါးတွေ မဖူးတော့ဘူး
ပန်းတွေမပွင့်တော့ဘူး
ကျည်ဆံတွေနဲ့ ဗုံးသံတွေက
မိုးကြိုးပစ်သလို အပိုင်းပိုင်းပြတ်ကျ
အရာရာအနန္ဆပေါ့ မေမေ

မြက်ပင်ကလေးတွေအပိုင်းပိုင်းပြတ်ကျ
မိသားစုတွေတွေ . . . အစိတ်စိတ်အမွှာမွှာ ကွဲအက်လိုက်ကြ
ဒီဘ၀ကဖြင့် . . . .
စစ်နတ်ဆိုးရဲ့ ရယ်သံတွေအောက်
အိပ်မက်တွေ တဖျောက်ဖျောက် မြေမြှုပ်ခံလိုက်ရတာပေါ့မေမေ

(၆)

ဘေးနားကဖြတ်သွားတဲ့ကျည်ဆံမှာ စာနာမှုလေးများ ပါမလား
သား အပြေးအလွှားလိုက်ကြည့်
မမှီလိုက်ပါဘူးမေမေ
သူ့ ရင်ဘတ်ကိုဖောက်ထွင်း . . သွေးစိမ်းတို့လျှံကျ
ခါး . . ခါး . . .ခါး . . . တယ်မေမေ

“ ၀ုန်း ကနဲ ပေါက်ကွဲသံရဲ့တစ်ဖက်
အရပ်လည်းမကယ်နိုင် နတ်လည်းမကယ်နိုင်
ယိုင်နဲ့နဲ့လယ်တောကလေးက
သခင်မဲ့နေရှာတယ် မေမေ

အနာဂါတ်မှာ မျှော်လင့်ချက်ရှိတယ်လို့များ
မနှစ်သိမ့်ပါနဲ့လား
ပြတ်ထွက်သွားတဲ့အသားစိုင်တွေနဲ့အတူ
မနက်ဖြန်တွေပါ . . ပါသွားခဲ့ရပြီ
ဘာများ မှားနေခဲ့လို့လဲဟင်
ဘာများ မှားနေခဲ့လို့လဲဟင်

မျက်ရည်တချို့ . . . သွေးစက်တွေအပေါ် ဖိတ်ကျ
သားတို့ အမြဲ ပဲ နိမ့်ကျနေခဲ့ရ ။

( ၆)

ရှားပါးတဲ့ မိုးရေတစ်စက် ကို ငတ်မွတ်နေတဲ့
ကန္တာရ အိုမှာ . . .
တစ်ခုလပ် မုဆိုးမ တွေနဲ့
သားရူး မိခင် တွေနဲ့
သေမင်းကတော့ ရီနေရှာတယ် မေမေ
“ခလုတ်တစ်ချက်ဆွဲယုံနဲ့ မင်းတို့အသက်တွေ . . ဖျက်ကနဲပါပဲ ” တဲ့

အဖွားအိုရဲ့ မျက်ရည် တွေ သဲသောင်ပြင်ပေါ်ကျ
ကမ္ဘာမကြေတဲ့ မိုးတွေ . . ရွာချလိုက်ကြစမ်းပါ
“ချစ်ခြင်းမေတ္တာ ” ကို ကြက်ခြေခတ်
အရိုင်းအစိုင်းတို့ ဗုံတီးသံတွေကြားမှာ
သားဖြင့် ကြောက်လိုက်တာ မေမေ ရယ် . .

(၇)

သရေဆိုတာ မရှိပါဘူး
ရှုံးရှုံးနိုင်နိုင် အပြိုင် ကျဲတဲ့ ခေတ်ကြီးမှာ
ဝိဥာဉ်တို့ အော်ညည်းသံသာ ကမ္ဘာပျက်မတက်
လောကထဲက အမိမဲ့သားတွေ
. . . . . . . . . .
အနာဂါတ်ကို သီချင်းသံလေးတွေနဲ့မချော့သိပ်ကြပါနဲ့
နောက်ဆုံးမှာ
သေဆုံးသွားတဲ့အလောင်းကောင်တွေက ရုပ်ရှင်ပြကွက်မဟုတ်ဘူး
သွေးနဲ့ ဆေးတဲ့ မြေတစ်ကွက်မှာ
သားတို့ . . သေခြင်းကို တတ်သွားခဲ့ပုံများ မေမေရယ် . .

(၈)

ကြိုးစင်ထက်က အလံငယ်ဟာ
လေမှာ တ၀င့်ဝင့် . . လူသတ်ကုန်းဆီက
တော်လဲသံတွေ . . . Disaster မဟုတ်ဘူး
တရားဟောသံတွေမဟုတ်ဘူး
စာပေဟောပြောပွဲတွေမဟုတ်ဘူး
ငြိမ်းချမ်းရေးချိုးကူသံတွေမဟုတ်ဘူး
အဲဒါ . . သေမင်းရဲ့ တောက် ခေါက်သံ
အပြစ်မရှိသူတွေရဲ့ သွေးကို
အပြစ်ရှိသူတို့ သောက်သုံးကြတယ်
အပြစ်မရှိသူတွေရဲ့ ခန္ဓာကို
အပြစ်ရှိသူတို့ စိတ်ခွာ ဖျက်ဆီးကြတယ်

ဘယ်တော့မှ . . . ငရဲက မလွတ်ဘူး

(၉)

ကျည်ဆံ တစ်တောင့်ကို ရောင်းပါ
မိသားစုတစ်နပ်စာ ဖြေရှင်းချင်လို့

လူတွေသွားမယ့်လမ်းမှာ ထောင်မဲ့မိုင်းတွေအစား
ပြောင်းခင်းတွေစိုက်ပါလား ငါ့သား . . .

ခက်တာပဲ မေမေရယ်

စစ်ဆိုတာ ကျည်တွေအဆင့်အတန်းခြင်းပြိုင်တဲ့ပွဲ
စာနာမှု ရင်ခွင်ဖြူဖြူမှာ သွေးနီနီတွေစီးကျလာတာ
ဘာများဆန်းသလဲ မေမေ

စစ်က သတ်လေ . . .ပြည်သူတွေက သေလေ
ပေပေတေတေ ဘ၀တွေအားလုံး
အိုးမဲ့အိမ်မဲ့ဖြစ်ကြယုံပေါ့
ကမ္ဘာမကြေ သီချင်းသံကို တော့ တိတ်ဆိတ်စွာ ဆိုနေပါရစေ မေမေ

(၁၀ )

မေမေ ပေးတဲ့ ကျောက်တံတစ်ချောင်းနဲ့
သင်ပုန်းအပေါ် ရေးခြစ်မိခဲ့
“ စစ် . . ကို . . မုန်း . . .တယ် ”

လူသားခြင်းစာနာမှု သေဆုံးခြင်းဟာ
လူ့သမိုင်းတစ်ခုလုံး မြေမြုပ်ခံရခြင်းပဲ

လူ့အခွင့်အရေးငတ်မွတ်ခြင်းဟာ
ကလေးငယ်ရဲ့ မျက်ရည်ပဲ

စစ်နတ်ဘုရားရဲ့ ခရာသံကို
မြေတွင်းထဲ ထည့် အုပ်
မိုးတွေ ခပ်အုပ်အုပ်ကလေး
ချုပ်စေချင်လှပြီ မေမေ

ဒီစစ်ပြီးတဲ့အခါ . . .


(သက်တန့်ချို ရေးဖွဲ့သည် )
Photo : google image search

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. ဖတ်ပြီး ရင်နဲ့အမျှခံစားခဲ့ရတယ်...:(
    ဒီစစ်ကြီး ပြီးတဲ့ အခါကျရင် မိုးနတ်လဲ
    အငိုတိတ်ဖို့ မျှော်လင့်နေတယ် ကိုယ့်ကိုယ်
    အခုတော့ :((((

    ReplyDelete
  2. ကဗျာကို အရမ်းကြိုက်လို့ facebook မှာ တင်ခွင့်ပြုပါ

    ReplyDelete
  3. ကိုသက်တန့် ချို..
    စာနာမှု၊ ထွင်းဖောက်မြင်နိုင်မှုအပြည့်နဲ့  ရေးစပ်ထားတဲ့
    တစ်ကယ့်ကို ကောင်းတဲ့ ကဗျာကောင်းတပုဒ်မို့  ချီးကြူးပါ၇စေဗျာ...။

    ReplyDelete
  4. စစ်ဖြစ်တော့မှလူသေ ဘဝသေတာ မဟုတ်ပါဘူး။ ပညာရေး ဘက်မှာလဲ ပါမောက္ခတွေရဲ့ အာဏာပြ ပညာတွေကြောင့် ၂/၃ ခါကျ ကျောင်းသားတွေ ရှိနေသလို ငါလိုရာဆွဲယူစည်းကမ်းတွေသုံးပြီးဖိနှိပ်ခံ ဆရာမတွေလဲရှိနေပါတယ်။ ပညာတတ်တွေ က တဘက်သားစိတ်ကို သေ/ရှုံး တဲ့အထိ ညှင်းဆဲနိုင်ပါတယ်။

    ReplyDelete
  5. ကဗျာကောင်းလေးပါ။ စစ်ဆိုတာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးပါဘူး။ အလယ်ကမြေဇာပင် ဖြစ်ရတဲ့သူတွေကို သနားတယ်။ သွေးမြေကျမှ အနိုင်ရမယ်ဆိုတဲ့စိတ်ဖြစ်သွားခဲ့ရင်တောင် အပြစ်မဲ့သူတွေမျက်နှာကို အရင်ငဲ့ပါ။ အပြစ်မဲ့ခံရသူကော၊ နှစ်ဖက်သောသူများမှာကော မိသားစုနဲ့မလား.ဘယ်သူက သေကွဲရှင်ကွဲ ခွဲချင်ပါ့မလဲ..

    ReplyDelete
  6. war is not good for anyone.especially the soldier who fight in this war know the side effect of war.we left our family away and go to the way where we cannot know which time we come back.we also do not we can back home with soul or not.we fight to enemy whom we did not met at least one time.but people hate our soldier only.please understand us about we are also human with heart not devils.


    ReplyDelete
  7. every war is bad.especially soldiers who fought between war more know about this.we left our home,parents and love.we go to place from where we not sure to come back alone with life.our soldiers are also human but people hate,,blame only us.please understand us.

    ReplyDelete