Wednesday, September 29, 2010

စက်တင်ဘာ....မိုး

စက်တင်ဘာ....မိုး


မိုး........မိုး...........အဲဒီနာမည်လေးကို ခေါ်မိတိုင်း ကျွန်တော့်ရင်ထဲ အေးချမ်းနေလိုက်တာ ...။ သူမက သိပ်လှတဲ့ မျက်ဝန်း ပိုင်ရှင်မလေးပေါ့ ။ သူမရဲ့ မျက်တောင်ရှည်ကော့ကော့ကြီးတွေကို မှေးစင်းရင်း ကျွန်တော့်ကို စိုက် ကြည့် မိတဲ့အခါတိုင်း ကျွန်တော်အသက်ရှူ ရပ်ရပ်သွားလေ့ရှိတယ် ။ မိုးက ...ကျွန်တော်နဲ့ အရပ်မတိမ်း မယိမ်းပါပဲ ။ နောက်တစ်ချက်က မိုးရဲ့ခန္ဓာကိုယ်ကို ကျွန်တော်စိုက်မကြည့်ရဲဘူး ။ သူမ ခန္ဓာကိုယ်က ကျွန်တော် စာနဲ့ ဖွဲ့မပြနိုင်လောက်အောင် လှပလွန်းနေခဲ့တယ် ။ အရာအားလုံးဟာ အချိုးအစားညီစွာနဲ့ သူမကို ကြည့်လိုက် တိုင်းလက်ရာမြောက်လှတဲ့ ယမင်းရွှေစင်ရုပ်ထုလေးကို ငေးကြည့်နေရသလိုပါပဲ ...။လွမ်းလိုက်တာ.....မိုးရယ် ...။

သူမက အနီရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီအကျပ်ဝတ်လာတဲ့နေ့ (ဒါမှမဟုတ်ဝ ခါးတို အင်္ကျီလက်မောင်းပြတ်နဲ့ စကတ်တိုလေးဝတ်လာတဲ့နေ့ဆို သူမနဲ့ သုံးပေအကွာကနေကျွန်တော်ထိုင်လေ့ရှိတယ် ။ “ မောင် ဘာလို့ မိုးအနား မှာ လာမထိုင်တာလည်းဟင်” လို့ မေးတဲ့အခါတိုင်း သူမကို ကျွန်တော်ပြုံးပြပြီး စိတ်ထဲကနေပဲ ပြန်ပြော လေ့ရှိတယ် ။ “ နင့်ကို ငါသိပ်ချစ်မိသွားမှာ စိုးလို့ပေါ့ မိုးရယ်” ။ ဟုတ်ပါတယ် ။ မိုးကို ကျွန်တော်သိပ်ချစ်မိသွားလို့ မဖြစ်ဘူးလေ ။ သူမရဲ့ နာမည်က မိုးဆိုတဲ့အတိုင်း သူမဘ၀ နဲ့ ကျွန်တော့်ဘ၀ က မိုးနဲ့မြေလို ကွာခြား လွန်းလှပါတယ် ။ ပိုက်ဆံကို သိန်းဂဏန်းလောက်ကိုင်သုံးပြီး ကားအမိုးပြာလေး ကိုယ်တိုင်မောင်းလာလေ့ရှိတဲ့ မိုးကိုမြင်တိုင်း ကျွန်တော့်ရင်ထဲ မွန်းကြပ်လာပြီး ခေါင်းငိုက်စိုက်ကျသွားလေ့ရှိတယ် ။ မှတ်မိသေးတယ်မိုးရယ်... ။ နင်ငါ့ဘ၀ကို စ၀င်လာတဲ့နေ့က စက်တင်ဘာလရဲ့ မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့ ။

ရုပ်ရှင်တွေထဲကလို ဇတ်လမ်းဇတ်ကွက်တွေ မရှိခဲ့ဘူး ။ ရိုးရိုးလေးပါပဲ ။ မိုးတွေရွာတုန်း ဘတ်စ်ကားဂိတ်မှာ ကျွန်တော်ရပ်စောင့်နေတုန်း သူမရဲ့ ကားအပြာလေးဆီကနေ မိုးဟာ ..ထီးအပြာလေး ဖွင့်ပြီး ဆင်းလာခဲ့တယ် ။ မိုးရော လေပါ သည်းနေတဲ့အတွက် သူမလက်ထဲက ထီးကလွင့်သွားပြီး ကားလမ်းမအလယ်ကို ရောက်သွား ခဲ့ပါတယ် ။ ကားရှင်းတဲ့အချိန်မို့ နောက်ပြီး ကိုယ်လိုလူမျိုးကလည်း မိုးစိုတာ သိပ်မထူးတဲ့အတွက် ကားလမ်းမ အလယ်ကိုသွားပြီး ထီးပြာလေးကို ကောက်ပေးခဲ့တယ် ။ သူမကို သွားပြန်ပေးတဲ့အချိန်မှာ ကားပြာလေး ထဲကနေပြီး ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ခဲ့တယ် ။ အဲဒီအကြည့်တစ်ချက်ပါပဲ ။ တစ်ဘ၀စာလုံး ဖူလုံသွားခဲ့ တာပဲလေ ။ နောက်ပိုင်းတော့ မိုးနဲ့ ကျွန်တော်ရင်းနှီးမှုရသွားခဲ့ပါတယ် ။

အဲဒီရင်းနှီးမှုကလည်း ထီးကောက်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ မိုးကျွန်တော့်ကို တိုက်ခဲ့တဲ့ ကော်ဖီခါးခါး တစ်ခွက် ကြောင့်ပဲဖြစ်ပါလိမ့်မယ် ။ ပိုက်ဆံရှင်းတော့ ကော်ဖီတစ်ခွက် ခြောက်ထောင်ဆိုတာကြောင့် ကျွန်တော် ခေါင်းနဘမ်းကြီးပြီးဘာလုပ်ရမှန်းမသိခဲ့ဘူး ။ မိုးကတော့ သိန်းအုပ်ထဲက ထောင်တန်လေးတွေ လျော့သွားတာ မပြောပ လောက်သလိုပါပဲ ။ အဲဒီနောက်ပိုင်းမှာတော့ မိုးဟာ ကျွန်တော့်ရဲ့အလင်းရောင်လေးဖြစ်ခဲ့တယ် ။ မိုး ကြောင့် ကျွန်တော်ကဗျာတွေ အများကြီးရေးခဲ့တယ် ။ ဒါပေမယ့်ဗျာ ကျွန်တော်အရမ်းချစ်တဲ့မိုးက ကျွန်တော် အရမ်း ချစ်တဲ့ကဗျာတွေကို မခံစားတတ်ခဲ့ဘူး ။ သူမကို ကဗျာလေးတွေ ပေးဖတ်တိုင်း ကျွန်တော့်ကို အားနာစွာနဲ့ ကဗျာ စာရွက်ကို ငေးကြည့်နေတဲ့ သူမမျက်နှာမှာ ခံစားချက်တွေ ကင်းမဲ့နေခဲ့တာ ကျွန်တော်သတိထားမိပါတယ် ။

မိုးရယ်......နင့်အိမ်ရှေ့ကို ငါစရောက်ခဲ့တဲ့နေ့ကပေါ့ ။ နန်းတော်တမျှ ခန်းနားတဲ့အိမ်နဲ့ခြံဝန်းကြီးထဲမှာ ရုပ်ရှင်တွေ ထဲမှာသာ မြင်ဖူးတဲ့ ကားမျိုးစုံနဲ့ ခြံဝန်းထဲက ဒါန်းအဖြူလေးပေါ်က မိုးကို ငေးကြည့်ပြီး ငါတို့ ဒီတစ်သက် အိပ်မက်မက်ခွင့်ပဲရမယ်လို့ ငါတွေးလိုက်မိတယ် ။ ရောဂါသည်အမေကြီးနဲ့ မောင်နှမငယ်လေးတွေရဲ့အနာဂါတ် တွေ ထမ်းပိုးထားရတဲ့ ငါ့ဘ၀ ရှေ့မှာ ချောက်ကမ်းပါးတွေလား ၊ ဆူးတောတွေလား ငါမသိဘူးကွယ်.... မိုး......မိုး........မိုး........ ငါ့ရင်ထဲမှာ တသိမ့်သိမ့်ကြည်နူးနေယုံကလွဲလို့ ငါဘာများတတ်နိုင်ဦးမှာလည်းကွယ် ။ ငါ့ရဲ့ တစ်လစာ ကြုံးရုန်းရှာဖွေပြီးရတဲ့ငွေဟာ နင်စီးတဲ့ ဖိနပ်တစ်ရံတန်ဖိုးရဲ့ အစွန်းထွက် လောက်ပဲ ရှိနေခဲ့ တယ်လေ ။ နင်နဲ့ငါချစ်သူဖြစ်ပြီး တစ်နှစ်တိတိပြည့်တဲ့နေ့မှာ ငါ့မျှော်လင့်ချက် အလင်းရောင်လေးကို ငါကိုယ်တိုင် ပျက်သုန်းစေခဲ့တယ် ။

အဲဒီတစ်နေ့ကလည်း စက်တင်ဘာလရဲ့ ဘာမှမထူးခြားတဲ့ရက်တစ်ရက်ပေါ့ ။ ပြက္ခဒိန်မှာ ရက်ရာဇာလို့ ရေးထား ပေမယ့် မိုးတွေသည်းနေခဲ့တယ် ။ ငါ့ကိုယ်ငါ ဂူသွင်းသဂြိုလ်ရမယ့် ပြဿဒါးနေ့လည်း ဖြစ်ခဲ့တယ် ။ “ နင့်ကို ငါမချစ် နိုင်တော့ဘူးမိုး” လို့ ကျွန်တော်ပြောလိုက်တော့ အံ့သြပြီး ကျွန်တော့်ကို မော့ကြည့်တဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေလည်းစိုစွတ်မနေခဲ့ပါဘူး ။ ဘာဖြစ်လို့လည်းဟင်လို့ သူမမေးလိုက်တော့ ကျွန်တော့်မှာ ဖြေစရာ အဆင် သင့်ရှိမနေခဲ့ဘူး ။ သူမနဲ့ ကျွန်တော် ဘာစကားမှ ဆက်မပြောခဲ့ပဲ တစ်ယောက် ကိုတစ်ယောက် စိုက်ကြည့်ခဲ့ကြတယ် ။ မဖြစ်နိုင်တဲ့အရာ ... မတိုးဝင်သင့်တဲ့ဘ၀...မုန်တိုင်းတွေ ဆူးတောတွေ နဲ့ ကျွန်တော့် ရဲ့ကမ္ဘာ ငယ်ကို “သူမ” ၀င်မလာသင့်မှန်း သိပုံရပါတယ် ။ နောက်ဆုံး သူမရဲ့ မျက်တောင်ရှည်ကြီးတွေကိုပဲ ကျွန်တော်တပ်မက်စွာကြည့်ရင်း “ နင့်ကိုငါအရမ်းချစ်လို့ အရမ်းမုန်းလိုက်ပြီမိုးရယ်....” လို့ပြောရင်း ကျွန်တော် မိုးရေတွေထဲ လှည့်ထွက်လာခဲ့တယ် ။

မျက်လုံးထဲမှာ မျက်ရည်တွေလား မိုးရေတွေလား မသဲကွဲတော့ပါဘူး ။ မိုးရေတွေဆိုလည်း ဒီအတိုင်း ရှိနေပါစေ တော့ ။ ကျွန်တော်အရမ်းချစ်ခဲ့တဲ့မိုးတွေပဲလေ ။ ခပ်လှမ်းလှမ်းရောက်မှ ကျွန်တော့ဘေးကနေ ဝေါကနဲ ဖြတ်ကျော် သွားတဲ့ ကားပြာလေးထဲမှာ မိုးက သူမအချစ်တော် ဘော်ဘီဆိုတဲ့ ခွေးအဖြူလေးကို ကိုင်ရင်း တိတ်ဆိတ်စွာ လိုက်ပါသွားတယ်လေ ။ ကျွန်တော့်ခြေထောက်တွေဆက်မလျောက်နိုင်တော့ဘူး ။

ရင်ထဲမှာလည်း ဆို့နင့်မှုက ရင်တစ်ခုလုံး အခွဲခံထားရသလိုပါပဲ ။ မုန်းတယ်.......ကားပြာလေးရေ မင်းကို လည်းမုန်းတယ်....မင်းသခင်မလေးနေတဲ့ စံအိမ်တော်ကြီးကိုလည်း ငါမုန်းတယ်.....သိန်းရာချီတဲ့ ပိုက်ဆံအ ထုပ် တွေကိုလည်း မုန်းတယ်....စည်းစိမ်ဥစ္စာတွေကိုလည်း မုန်းတယ်....မင်းတို့သာမရှိရင် ငါ့ချစ်သူမိုးကို ငါ ပိုင်ဆိုင် ခွင့်ရှိမှာပဲလေ ။ သတ္တိမရှိခဲ့ဘူးလို့တော့ ကျွန်တော့်ကို မစွပ်စွဲကြပါနဲ့... ဘယ်သူကမှ ကိုယ့်ချစ်သူကို ဆင်းရဲတွင်းထဲ ဆွဲချချင်တဲ့သူ ရှိလိမ့်မယ်မထင်ဘူး .....။ ကျွန်တော်မိုးတွေရွာတဲ့ ကောင်းကင်ကြီးကို မော့ကြည့် ရင်း ဟားတိုက်ရယ်မောလိုက်တယ် ...။ ဒါပေမယ့် ရယ်သံတွေ ထွက်မလာခဲ့ဘူး......။

မိုး.......မိုး........မိုး
စက်တင်ဘာမိုး
အလွမ်းတွေရင်သည်းစွာနဲ့
ငါ့ရင်ဘတ်ထဲက တိမ်တိုက်တွေ
လွင့်မျောကုန်ပြီထင်ပါရဲ့
အို...ချစ်သူရယ်
ငါက အလွမ်းသင့်သူပါ
ချစ်တယ်လို့တောင် ပြောခွင့်မရှိတဲ့ကောင်
ဤကမ္ဘာအဆက်ဆက် ...
ကျိန်စာ သင့်ပါစေသား ...
ဒါဟာ..အထ္ထုပတ္တိလည်းဖြစ်ချင်ဖြစ်မယ်
နင်စီးထားတဲ့ ဖိနပ်တစ်ရံလည်းဖြစ်ချင်ဖြစ်မယ်
ငါအရမ်းမုန်းတဲ့ ငွေစက္ကူတွေလည်းဖြစ်ချင်ဖြစ်မယ်..
ဒါပေမယ့် မိုးရယ်....
ငါနင့်ကို....

ရမ်း
လွမ်း
တယ်....

ဒီစာလေးကို ရေးနေချိန်မှာ မိုးဟာ တခြားသူတစ်ယောက် ဒါမှမဟုတ် နောက်မှာ အမြီးတန်းအရှည်ကြီးနဲ့ဘွဲ့တွေ စည်းစိမ် တွေ ကိုပိုင်စိုးတဲ့ လူဂုဏ်ထံကြီးရင်ခွင်မှာ အေးချမ်းစွာ မှေးစက်နေလောက်ပြီပေါ့ ။ ဒီစာလေးဟာ ဒုသနသော ထိုက်ချင်လည်းထိုက်လိမ့်မယ် ။ မတတ်နိုင်ဘူး မိုးရေ... ငါမှ နင့်ကို မလွမ်းပဲမနေနိုင်ပဲကိုး ။ ဒါကြောင့် ငရဲကို ခုန်ဆင်းရမယ်ဆိုရင် နင့်ပေါ်ထားရှိတဲ့ငါ့ချစ်ချင်းတွေကို ပိုက်ထွေးရင်း ငါပျော် ပျော်ကြီးပဲ ခုန်ဆင်း လိုက် မယ်ကွယ်...

အ လွမ်း တွေ ကို တော့ မ ရပ် တန့် ပါ ရ စေ နဲ့......

သက်တန့်ချို
29 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. စက်တင်ဘာမိုးကို ခံစားသွားပါတယ်..
    တခါတလေတော့လည်း ဘဝနဲ့ အချစ်က သီးသန့်ဆန်လွန်းပါတယ်လေ...

    ReplyDelete
  2. မိုးတွေသည်းနေတယ် ကိုသက်တန့်


    မောင်ဘကြိုင်

    ReplyDelete
  3. သေတောင်နောင်ကျဉ်သွားမယ့် အဖြစ်စိုးတွေတိုးခဲ့လဲ
    ရင်ထဲမှတ် ရန်ညိုးတွေမထားပါ .။။။
    မိုးကိုချစ်လိုက်တာလေ....
    မိမိုးကိုချစ်လိုက်တာလေ။
    ~~~~~~~~~~~~~~
    ခံစားသွားပါတယ် ကိုသက်တန့်ရေ။

    ReplyDelete
  4. သြော် ... မိုး ရယ် ...
    ငြိမ်းစိုးဦး

    ReplyDelete
  5. ကိုသက်တန့် ၇ဲ့ မိုးကိုဖတ်လိုက်၇တော့
    ကျွန်တော့ ၇ဲ့ တချိန်ကမိုးကို လွမ်းဆွတ်သတိရမိတယ်
    တယောက်နဲ့ တယောက်သိပ်ချစ်ကြပြီး့ချစ်သူဖြစ်ခွင့် မရလိုက်ပေမဲ့ 
    သူအိမ်ထောင်ကျပြီးခလေးတွေရနေပေမဲ့ 
    ကျွန်တော့ ရဲ့ မိုးကို
ိုထာဝရဆက်ချစ်သွားမှာပါ
    ကျေးဇူးတင်ပါတယ်......



    ReplyDelete
  6. သိပ်ကိုခံစားရပါတယ်ဗျာ...ခံစားချက်တွေတူညီနေလို့ ပိုခံစားရပါတယ်...

    ReplyDelete
  7. မိုးကိုချစ်သည်.............
    ဒါပေမယ့်.............တယ်

    ReplyDelete
  8. ဒါ စိတ်ကူးယဉ်သတ်သတ်ပဲလား အစ်ကိုဘ၀ရဲ့  တစ်ကယ့်မိုးလားဟင်.......

    ReplyDelete

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails