ဆရာဝန်ဆိုတာ ...
မိုးအေးအေးနဲ့ ဒီနေ့ အကြောင်းအရာအချို့ကိုတွေးမိတယ် ။ ကိုယ့်အလုပ်နဲ့ပတ်သတ်တဲ့အရာတွေကိုပါ ..
အော် .ဖြစ်ချင်လိုက်တာ ..ဆေးကျောင်းဝင်ဖို့အရေး ကြိုးစားလိုက်ကြတာ
လူတွေဘာလို့ ဆရာဝန်ဘ၀ကို ဒီလောက်လိုချင်နေကြလဲ မသိ ..ကျုပ်ကတော့ နည်းနည်းမှ မလိုချင်တာအမှန်ပဲ
ငယ်ဘ၀ကတည်းကဖြစ်ချင်တာက လေယာဉ်ပိုင်းလော့သို့မဟုတ် သင်္ဘောကပ္ပတိန် . .
အခုတော့ ဆရာဝန်တစ်ယောက်ဘ၀ . . ကျုပ်စဉ်းစားကြည့်တယ်
ရုပ်ရှင်တွေ ဗွီဒီယိုဇာတ်လမ်းတွေထဲမှာဆိုရင် မင်းသမီးနဲ့မင်းသား ရှိတယ်ဆိုပါတော့
မင်းသမီးကို အိမ်ကသဘောတူတဲ့လူတွေက များသောအားဖြင့်ဆရာဝန်တွေဖြစ်နေတတ်တယ်
ပြီးတော့ အဲဒီကောင်တွေက ဗီလိန်တွေဖြစ်ဖြစ်သွားရော မင်းသားက နောက်ဆုံး မိဘသဘောတူထားတဲ့ ဗီလိန်ကိုကျော်ဖြတ်ပြီးမင်းသမီးကို ရရသွားတဲ့ ဇာတ်ထုပ်တွေများတယ်
ကဲ ဆရာဝန်ဆို ရွံ့ရှာစရာကြီးဘာများကောင်းလို့တုန်း
နောက်ပြီးကျုပ်နဲ့အတူတူ ဆယ်တန်းကတည်းကကျောင်းတက်လာတဲ့ကျုပ်သူငယ်ချင်းတစ်ယောက်
စင်ကာပူထွက်သွားတာ အခု အိမ်ကိုတစ်လ ၁၅ သိန်း သိန်း ၂၀ လောက်ပြန်ပို့နိုင်သတဲ့
ကျုပ်လား မပြောချင်ပေါင်ဗျာ ဆရာဝန်ဆိုရင် လူတွေကဘာလို့များ တိုက်နဲ့တာနဲ့ ကိုယ်ပိုင်ကားကြီးစီးပြီး ဆေးခန်းကိုလာ
ပြီးတော့ ရှိုးနဲ့စမိုးနဲ့လို့များထင်နေကြသလဲမသိ
ကျုပ်နဲ့သိတဲ့ဆရာဝန်တွေ အများစုကတော့ သူလိုကိုယ်လိုပါပဲ ဘာတိုက်နဲ့တာနဲ့မှမရှိ တချို့ဆိုနယ်ကနေလာတက်ရတာဆိုတော့
ပိုတောင်ချို့တဲ့ရှာသေး . . ကျုပ်တို့လည်းဆေးကျောင်းတက်တုန်းကဘဲဥချဉ်ရည်ဟင်းလေး အသုပ်စုံလေး ထမင်းချိုင့်ထဲထည့်ထည့်သွားရတာပါပဲ
ဘာကြောင့်များ လူတွေကဆရာဝန်ဆိုရင် သိပ်ချမ်းသာပြီး အားလုံးပြည့်စုံတဲ့လူလို့ထင်နေကြသလဲဆိုတာကို အံ့သြမိတာ
ကြည့် ... အကောင်းပြောခံရလား . . ဆိုတော့ ဘယ်ကလာ အကောင်းပြောခံရမှာတုန်း
ဆရာဝန်ဖေ့ဘုတ်သုံးတော့ အတော်အချိန်အားနေတယ်ဟုတ်လား ဖေ့ဘုတ်မှာချည်းပဲဆိုပြီး ပြောတဲ့သူတွေကရှိသေး
ဆေးခန်းထိုင်တယ်ဆိုတာက တချို့က တနေကုန်ထိုင်ပေမယ့် တချို့က ဂျီပီချိန်လို့ခေါ်တဲ့ ညနေမှထိုင်တာတွေလည်းရှိတယ်
ဥပမာ ကျုပ်တို့လိုပေါ့ .. ဒီတော့ကာ . .ကျုပ်တို့က ညနေဆေးခန်းချိန်မတိုင်ခင်မှာ တခြားအလုပ်တွေလည်းလုပ်ရသဗျ
အင်တာနက်ကလည်းဝါသနာပါတော့ သုံးသဗျ စာကလည်းရေးချင်တဲ့ပိုးက ထကြွနေတော့ကာ ဖေ့ဘုတ်မှာလည်း ရေးသဗျ
ဒီတော့လည်းအပြောခံရတာပေါ့ဗျာ ..ကဲ ဘာများ ကောင်းလို့တုန်း ဆရာဝန်ဘ၀က
ဝက်ဖြစ်မှတော့မစင်မကြောက်နဲ့လို့ကျုပ်ဆရာတစ်ယောက်ပြောတာကြားဖူးတယ် . .. ကျုပ်ကတော့ အဲ့စကားကြားပြီးကးတည်းက
ဘာမှကို မရွံ့ရှာတတ် မကြောက်တတ်တော့တာ စဉ်းစားကြည့်ဗျာ ဆရာဝန်ဆိုတာ ဒုတိယနှစ်ကတည်းက လူသေကောင်တွေကိုင်ရတွယ်ရ ..
ပြီးတော့ အော် ချစ်သူနယ်မြေ တက္ကသိုလ်ဆိုတာ ကျုပ်တို့ အဖို့တော့ နေ့စဉ်နေ့တိုင်းစာအုပ်နဲ့ မျက်နှာနဲ့မခွာ .. ကျုတိုရီ့ရယ် test တွေနဲ့ပြည့်နေတဲ့
ထောင်ကြီးသဖွယ်ဖြစ်နေတော့ကာ ..ဘယ်မှာလာပျော်ဖို့ကောင်းမှာတုန်း
ဆရာဝန်ဖြစ်ချင်တာပဲ ဒီလောက်တော့ရင်းရမှာပေါ့ ..လို့ ပြောကြမှာပေါ့ ..အေးဗျာ သဘောပြောပြတာပါ ဒါတွေကလည်းကျုပ်ကျော်ဖြတ်ပြီးပါပြီ
ဆေးရုံဆင်းတော့လည်း ကိုင်လိုက်ရတဲ့ အညစ်အကြေးနဲ့သွေးတွေ OG ဆိုပိုဆိုးသေး ကျုပ်တို့မှာ မရွံနိုင်ရှာ ဒါပေမယ့်ကျုပ်ဝန်ခံချင်တာတစ်ခုတော့ရှိသဗျ
ဆရာဝန်တစ်ယောက်ရဲ့စိတ်ဓါတ်တိတိပပ ပေါ်လာတာ ဟာ ဆေးရုံမှာ အလုပ်သင်ဆင်းမှ ပေါ်လာတာ ..
အရင်ကတော့ ဒီလောက်ကြီး ပြင်းပြင်းပြပြ မဖြစ်ဖူးဘူး ..
လူနာတွေနဲ့ထိတွေ့ရတယ် အော်... သနားဖို့ကောင်းလိုက်တာ .. အဖိုးအိုတွေအဖွားအိုတွေ ညည်းညူနေရှာတာ ..
ကျုပ်တို့ဆေးထိုးပေးလိုက်ရင်သူတို့ခမျာ သက်သာသွားတာ .. ဒီတော့လည်းကျုပ်တို့မှာ နေ့မအား ညမအား လူနာတွေနဲ့ထိတွေ့ဆက်ဆံရသပေါ့ ..
ဆရာဝန်တွေအားလုံးရဲ့အကြောင်းကိုတော့ကျုပ် တိတိကျကျမသိပါဘူးဗျာ ..အဲ ..ကျုပ် ခံယူထားသလောက်တော့ကတော့
ကျုပ်လည်း အရမ်းကြီး ၀ါသနာအပါကြီးမဟုတ်ပေမယ့် ကိုယ်ဟာ ဒီဘွဲ့ကိုယူထားပြီးပြီ ဒီလမ်းကိုလျှောက်နေပြီဆိုမှတော့ smart ကျကျလေး အလုပ်ကို လုပ်ချင်တာပါပဲ
ဒီနေရာမှာ လူနာတွေရဲ့အသက်နဲ့ သက်ဆိုင်နေတော့ကာကျုပ်တို့ဟာ ခေတ်နဲ့အမှီ ဆေးဝါးတွေကိုလည်းအမြဲလေ့လာနေရသေးတယ်
အိုဗျာ ..သူများတွေ ညဖက်ဂစ်တာတီးပြီးသီချင်းဆိုချိန် ဘောလုံးပွဲကြည့်ချိန် ဘီယာဆိုင်ထိုင်ချိန် ကျုပ်တို့လား ... ဂျီပီမှာ လူနာတွေနဲ့ အဲဒါတွေအကုန်လုံးလက်လွှတ်လိုက်ရသဗျာ
ဟင် ..ဆရာဝန်ပဲ ဒါတွေ မက်နေရသလား ..လူနာပဲကုပေါ့ လို့ပြောဦးမယ် ..
အေးဗျ ဆရာဝန်ပါပဲ ဒါပေမယ့် ကျုပ်တို့လည်းတခြားသူတွေလို အသက်၃၀ အောက်လူငယ်တွေပဲဆိုတော့ကာ ..
တခါတခါတော့လည်း လွတ်လပ်ပေါ့ပါးစွာ သာမန်လူငယ်တစ်ယောက်ဘ၀ကို ဖြတ်သန်းချင်တာတော့အမှန်ပဲဗျ ..
ကျုပ်ဆေးခန်းထိုင်ရင်းခဏခဏ စဉ်းစာမိတယ် ..
အော်.. အိမ်ရှေ့က အုတ်ခုံလေးမှာ ဂစ်တာ တီးရင်ကောင်းမှာပဲ ..အခုချိန် သူငယ်ချင်းတွေနဲ့မိုးအေးအေး ညဖက်လက်ဖက်ရည်ဆိုင်လေးမှာ လူငယ်သဘာဝ လွတ်လပ်ပေါ့ပါးစွာနေရရင်ကောင်းမှာပဲ စသဖြင့်ပေါ့လေ ..
ဆိုတော့ကာ ..ကျုပ်တို့ဟာ အားလုံးကို ဆုံးရှုံးနေရတဲ့ ကောင်တွေပါ
ဘာမှ လည်းအထင်ကြီးစရာမရှိ ..ဘာမှလည်းမက်မောစရာမရှိ
လူနာကို လူလို့မြင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့တော့ကျုပ်အမြဲကြိုးစားတယ်
လူနာကို ဆေးကုရင် ကိုယ့်မိဘလို့သဘောထားကုလို့ ကျုပ်ဆရာတစ်ယောက်ပြောဖူးတယ် .. သူတို့ကိုပေးမယ့်ဆေး ကို ကိုယ်ဆိုရင်ရောသောက်မှာလားလို့ အမြဲတွေးပါတဲ့ မှန်လိုက်တာ ..
ကျုပ်လား ..အရမ်းကြီးတော့မချမ်းသာချင်ပါဘူးဗျာ ..ဘ၀ဆိုတာကလည်း ချမ်းသာ ကြွယ်ဝ နေလို့ကော စိတ်ချမ်းသာနေရတဲ့အရာမှမဟုတ်တာ ..
ကျုပ်စားဖို့သောက်ဖို့လှူဖို့တန်းဖို့ လောက်လေးရနေရင်ပဲ မဆိုးပါဘူး
လူနာတွေ...ဟာ သိပ်သနားဖို့ကောင်းတယ် .. ဆေးခန်းတစ်ခါပြရဖို့အရေးကို သူတို့ရောဂါကို ကြိတ်မှိတ်ခံစားပြီး ပိုက်ဆံပြည့်တဲ့အချိန်အထိစောင့်
ငွေလေး ထောင့်ငါးရာ နှစ်ထောင်လောက်ရှိမှ ဆေးခန်းကိုရောက်လာကြတယ် .. တကယ်တော့ ဆေးဝါးတွေရဲ့တန်ဖိုးကို သိနေတဲ့ကျုပ်အဖို့တော့
မတန်တဆကြီးယူဖို့ဆိုတာ တော်တော့်ကို မသတီစရာကောင်းတဲ့ကိစ္စပါ ..ကျုပ် အဖို့ တခြား စီးပွားရေးနဲ့သာ ချမ်းသာအောင်လုပ်ချင်လုပ်မယ် ဆရာဝန်အလုပ်နဲ့တော့ တစ်သက်လုံးချမ်းသာအောင်မလုပ်ဘူးလို့ ဆုံးဖြတ်ထားသဗျ
ကျုပ်ဟာ ရည်မှန်းချက်သိပ်ကြီးကြီးမားမားလည်းမရှိပါဘူး အထူးကုဆရာဝန်ကြီးတွေလုပ်ပြီး (ကျုပ်မကြိုးစားချင်တာ အပျင်းကြီးတာလို့စွပ်စွဲချင်လည်းလွတ်လပ်စွာစွပ်စွဲနိုင်ပါတယ်လေ ) လူနာသီးသန့်တွေ့ဆုံကုရတာထက်
အခြေခံလူတန်းစားတွေနဲ့ နဖူးတွေ့ဒူးတွေ့တွေ့ရတဲ့ ဂျီပီ ဘ၀ကိုပဲ ကျုပ်မက်မောသဗျ ..
ကျုပ်ဟာ professional ကြီးလည်းမဟုတ်ပါဘူး .. ဒါပေမယ့်ကျုပ်အမြဲတွေးနေမိတာက ဆရာဝန်ဘ၀ဟာ ကျုပ်တို့ငယ်ငယ်က ကြားနေသလို မြင်နေရသလို ဘာမှ ကြီးကျယ်ခမ်းနားတဲ့ ဘ၀ကြီးလည်းမဟုတ်ပါလားလို့ ..
တခါတခါတော့လည်း ကိုယ်ဟာ ဒီဘွဲ့ကြီးကိုင်ထားပြီးမှ တခြား စီးပွားရေးနယ်ပယ်တွေမှာကိုယ့်ထက်အောင်မြင်ချမ်းသာတာတွေတွေ့ရတော့ အားကျမိတာတော့အမှန်ပါပဲ ..
အော် ...ဆရာဝန်..ဆရာဝန် ...
လူနာတွေဆီကရတဲ့ ပီတိကလွဲလို့
လူနာနဲ့ ရင်းနှီးစွာ အားကိုးယုံကြည်မှုရတဲ့ဘ၀ကလွဲလို့
ဘာများ ကောင်းလို့လည်းဗျာ ..။
မိုးအေးအေးနဲ့ အတွေးများသွားတယ် ။
သက်တန့်ချို
၂၆ မေ ၂၀၁၃
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................