Tuesday, April 7, 2020

ခေတ်ကိုက ...

ခေတ်ကိုက ...

မျက်နှာချင်းဆိုင်ရမှာထက်
ကျောချင်းသာ ခိုင်းနေကြစို့ ။

ကမ္ဘာ့ကပ်ကြီးက
ဒီတစ်ခါ ရိုးရော ရိုးရဲ့လား
တန်ဖိုးထားတဲ့ လူသားချင်းယုံကြည်မှုပါ
လွင့်စင်ကွဲရှ ။

လူတွေချစ်တယ်ဆိုတာ
တကယ်ပဲ သူတို့ကိုမထိခိုက်သရွေ့တဲ့လား ?

စကားစမပြောခင်
နောက်ဆုတ်လိုက်ကြ
လက်စမဆွဲခင်
ဦးညွှတ်လိုက်ကြ
ခေတ်ကိုက အဲ့ဒီလို ။

လက်ဆေးပြီး ငါ့တို့မျက်နှာတွေအုပ်ကြမယ်
တစ်ယောက်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
တစ်ယောက်က မှားမရှုမိဖို့အရေး
လေထုကိုခွဲခြမ်းစိတ်ဖြာသံတွေဆူညံနေတယ် ။

ခေတ်ပျက်ကြီးရဲ့စိန်ခေါ်သံကြားမှာ
ဘယ်သူတွေက လူသားဆန်လဲ
ဘယ်သူတွေက အတ္တကြီးလဲ

အို.. သူငယ်ချင်းတို့ရေ
အိမ်ထဲမှာပဲနေကြပါ
အပြင်မှာ မိစ္ဆာတွေ ကူးခတ်နေကြပုံများ
ခေတ်သစ်ငရဲကို ပျိုးနေကြသလို ။

ဟုတ်တယ် .. ခေတ်ကိုက
Mask တစ်ခု ၅၀၀ ကျပ်
နောက်တစ်ရက်အတွက်
ကျွန်တော်တို့ ဘယ်လို အသက်ဆက်ကြမလဲတဲ့

လူတွေဟာ မူတွေကြား
လူတွေဟာ သူစိမ်းဆန်မှုတွေကြား
လူတွေဟာ အို... ဝေးကွာ ။

ခေတ်ကိုက ..
အောက်ဆီဂျင်ကို လုရှုနေကြရသလို
သေခြင်းရှင်ခြင်းဟာ
အဓိပ္ပါယ်မဲ့မဲ့လာတယ် ။

သက်တန့်ချို
7.4.2020



No comments:

Post a Comment