Wednesday, October 3, 2012

မေ့မေ့လျော့လျော့နေကြသူတွေ သိပ်များလာတယ်



 မေ့မေ့လျော့လျော့နေကြသူတွေ သိပ်များလာတယ်

မနေ့ညနေက ကားစီးနေရင်း မျိုးကြီးရဲ့ “ ဆေးပေးပါ ” သီချင်းနားထောင်မိရင်း အတွေးတချို့တွေးမိလိုက်တယ် ။ အခုတလော တွေးတာတွေ က များနေပြီး စာကို မယ်မယ်ရရ ချမရေးဖြစ်ခဲ့ဘူး ။ အခုတော့တွေးမိသလောက်လေး ပြန်ချရေးကြည့်ဖြစ်တယ် ။

၁ ။ သမီးသား ဇနီးမယား လင်ယောင်္ကျား ကိစ္စ အ၀၀တွေကြား ကျွန်တော်တို့ အားလုံး “ တစ်နေ့ သေကို သေရမှာ ” မေ့မေ့လျော့လျော့နေနေကြတယ် ။ မိုးခါးရေတွေ သောက် ပြီး အိပ်လိုက်စားလိုက် နဲ့ တစ်နေ့ သေကိုသေရမယ် ဆိုတာကိုမေ့နေတတ်ကြတယ် ။

၂ ။ နှဖူးစာ ရွာလည်တာကို အသာထား နှဖူးမှာ သေခြင်းတရားက ဘယ်နေ့ဘယ်အချိန်မှာ အချိန်စေ့ပြီလို့ ဖိတ်စာလေးကပ်ပေးလိုက်တာတော့ ကျိန်းသေတယ် ။ အဲဒါကို အပုပ်ကောင် ခန္ဓာကြီးကို အဟုတ်ထင် ပြင်ကြဆင်ကြ ငိုဟယ်ရီဟယ်နဲ့ တစ်ဘ၀တာ ခဏတာလေးမှာ အပူသောကလုံးတွေကြွ ဘ၀ရဲ့ အနှစ်သာရကို မေ့နေတတ်ကြတယ် ။

၃ ။ တစ်နေ့ ပြာဖြစ်ရမယ့် ခန္ဓာဟာ တကယ်တော့ အပုပ်အသိုးတွေနဲ့ဖွဲ့စည်းထားတယ် ။ ချွေး ၊ သွေး ၊ သလိပ် ၊ ပြည် စတဲ့ အရည်တွေအပြင် အရွတ် အရိုးအရည်ဆိုတဲ့ ခန္ဓာ အစိတ်အပိုင်းတွေဟာ တကယ်တော့ ယာယီ တည်ရှိမှု တွေသာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပုပ်သိုးနံဟောင်လာမယ်ဆိုတာကို မေ့မေ့ လျော့လျော့နေတတ်ကြတယ် ။

၎ ။ တခဏတာ လည်ခွင့်ရတဲ့ လူ့ဘ၀လေးမှာ သက်တမ်းအားဖြင့် ၆၀ ၊ ရက်နဲ့တွက်ကြည့်လိုက်တဲ့အခါ ၂၁၉၀၀ ရက်ပဲ ရှိတယ် ။ ရက်ပေါင်း ၂ သောင်းကျော်လေးကို ကျွန်တော်တို့ ဘာတွေ များလုပ်ခဲ့ကြပြီးပြီလဲ ဘာတွေများ သံသရာအတွက်ပြင်ဆင်ကြပြီးပြီလဲ ။

၅ ။ သံသရာခရီးရှည်ကြီးကို ဆက်လက် သွားဖို့လမ်းကြောင်းမှာ လူ့ဘ၀ ရတုန်းရခိုက် “ အယူမမှားဖို့လိုတယ် ၊ တလွဲမတွေးကြဖို့လိုတယ် ၊ ယုံကြည်မှု စစ်မှန်ဖို့လိုတယ် ” မဟုတ်တာကို အဟုတ်ထင် အများယောင်တိုင်းလိုက်ယောင်ကြသူတွေဟာ တကယ်တော့ သနားစရာ လူသားတွေဖြစ်တယ် ။ အယူဝါဒစစ်စစ် နဲ့ ဓမ္မ နဲ့ အဓမ္မ ကို ယှဉ်တွဲ သိမြင်လာမှသာ လူ့ဘ၀ အနှစ်သာရကိုမြင်တွေ့နိုင်မယ် ။

၆ ။ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ဆိုတဲ့ စာသားလေးအတိုင်း အခွင့်သာနေတဲ့ လူ့ဘ၀ကြီး ရောက်နေခိုက် ကိုယ့်အသိဥာဏ်တွေကို ဖုံးလွှမ်းနေတဲ့ အယူဝါဒ မှိုင်းတွေကို ဖယ်ရှားပစ်ဖို့လိုတယ် ။ တရားစစ် တရားမှန်ကို ရှာတွေ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းမှုရှိရာ လမ်းကိုလျှောက်နိုင်မှသာ အေးချမ်းနိုင်မယ် ။

၇ ။ ကိုယ်သေရင်ကိုယ့်နောက်ဘယ်သူတွေလိုက်ကြမလဲ ။ ကိုယ်ချစ်တဲ့ ဇနီးမယားလင်ယောင်္ကျားတွေလား ကိုယ်ချစ်တဲ့ သမီးသား ဆွေမျိုးမိတ်ဆွေတွေလား ။ ကိုယ်သေရင် ကိုယ့်ကို ၇ ရက်လောက်အထိ ငိုကြလိမ့်မယ် ပြီးတဲ့အခါ မေ့မေ့လျော့လျော့ လူ့ဘ၀ ဇာတ်ခုံကို သူတို့ဆက်ကနေကြလိမ့်ဦးမယ် ။ သင် လူ့ဘ၀ကို လာတာ တစ်ယောက်တည်းလာခဲ့ရသလို သင်ပြန်တဲ့အခါမှာလည်းတစ်ယောက်တည်းပြန်ရမှာပဲဖြစ်တယ် ။ သင်သေသွားသော် သင့်နောက်ကို ဘယ်သူမှ မလိုက်ပါဘူး ။ သင့်ခန္ဓာကိုယ်က အ၀တ်တစ်ထည်ကိုယ်တစ်ခုလည်း ပြာအတိဖြစ်သွားမှာပါ ။

၈ ။ ကိုယ်သေရင်ကိုယ်နဲ့ထပ်ချပ်မကွာလိုက်မဲ့အရာတွေတော့ရှိတယ် ။ သံသရာတလျှောက်အရိပ်လို မခွဲမခွာလိုက်နေမဲ့အရာတွေပေါ့ ။ အဲဒါတွေကတော့ ကိုယ်တစ်သက်လုံးပြုလုပ်ခဲ့သမျှ “ ကုသိုလ် နဲ့အကုသိုလ် ” တွေပဲဖြစ်တယ် ။ “ တရား နဲ့ မတရား ” တွေပဲဖြစ်တယ် ။ “ ဒါန ၊ သီလ ၊ ဘာဝနာ ” တွေပဲဖြစ်တယ် ။ သင်ချစ်တဲ့အရာမှန်သမျှ သင်စွန့်ခွာလို့ မိုးရွာရွာ နေပူပူ သင့် ခရီးကို သင်တစ်ယောက်တည်းသာ ထွက်ခွာရမှာဖြစ်တယ် ။

၉ ။ ရတုန်းရခိုက်လူ့ဘ၀လေးမှာ သင် အရာအားလုံးကို မယုံကြည်ပဲနေနိုင်ပါတယ် ဒါပေမယ့် “ တစ်နေ့ သေကိုသေရမယ် ” ဆိုတဲ့စကားကိုတော့မယုံကြည်လို့မရဘူး ။ အဲဒါဟာ Universal Truth ဖြစ်တယ် ။ ကမ္ဘာပေါ်မှာ သင်အပါအ၀င်လူတွေဟာ တစ်နေ့ သေကိုသေရမှာဖြစ်တယ် ။ အဲဒါကို ဂုဏ်တုဂုဏ်ပြိုင်တွေ နဲ့ အတုအချင်းချင်းပြိုင်ရင်း လောဘဒေါသ မောဟတွေကြားလောင်မြိုက်ရင်း ဆင်းရဲချမ်းသာပြိုင်လို့ တရားစစ်ကို မေ့လျော့နေတတ်ကြတယ် ။

၁၀ ။ ခဏတာ အချိန်လေးမှာ အရာရာကို “ မေတ္တာထား ပါ ” ဆိုတဲ့စကားလေးပဲမှာချင်ပါတယ် ။ မေတ္တာဟာ ဂရုဏာနဲ့မတူပါဘူး ။ လမ်းပေါ်မှာ ခွေးတစ်ကောင် ကားကြိတ်လိုက်လို့ သင်က တွေ့သွားတယ်ဆိုပါစို့ ။ “ ဟာ သနားလိုက်တာ ” ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်ခြင်းဟာ ဂရုဏာ အဆင့်ပဲဖြစ်တယ် ။ “ ဟာ သနားလိုက်တာ ဒီခွေးလေး ဒါဏ်ရာကို အသက်ချမ်းသာရာရအောင်ငါကယ်လိုက်ဦးမှ ” ဆိုပြီးခွေးကလေးကိုကယ်ဆယ်တဲ့အဆင့်ရောက်မှာ “ မေတ္တာ ” လို့ခေါ်တယ် ။

နောက်ဆုံးပြောချင်တာကတော့ “ အပြစ်တွေ လုပ်ခဲ့သမျှ ဒါန သီလ ဘာဝနာ တရား မေတ္တာ တရားနဲ့ဆေးကြောရမယ် ” အခွင့်သာတုန်းလေး မေတ္တာ တရားကိုအခြေခံပြီး ကိုယ်မပိုင်တဲ့ ဥစ္စာတွေကို မတွယ်တာနေပါနဲ့ ။ လှူသင့်တာလှူ လို့ စွန့်ကြဲသင့်တာစွန့်ကြဲပါ ။ မီလီယံနာသူဌေးကြီးလည်း ပြာ အဖြစ်ကလွဲလို့ ဘာမှမဖြစ်နိုင်သလို သင်လည်း ပြာအဖြစ်ကလွဲလို့ ဘာမှဖြစ်နိုင်ဘူး ။ ကြုံတုန်းကြုံခိုက်လေးမှာ ငြိမ်းအေးချမ်းမြေ့စွာနေလို့ မြတ်စွာဘုရားရဲ့ တရားဒေသနာတော်တွေကို ဆည်းပူး လေ့လာ ရင်း သံသရာကို ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ ။

မေတ္တာတရားများစွာဖြင့်
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ခုတလော ဆွေမျိုးတွေထဲကနေဘဲ ဒီလိုမျိုးသတင်းတွေ အများကြီးကြားရတယ်။ ကိုယ်လဲ ဘယ်တော့လဲလို့ တွေးနေမိတယ်။

    ReplyDelete
  2. အလွန်လေးနက်တဲ့ ဘ၀ထဲက ရလိုက်တဲ့ ဓမ္မအသိပဲ...

    ReplyDelete
  3. အန်တီလေးမေခင်October 3, 2012 at 11:31 PM

    သက်တန့်ရေဒီလောက်တောင်တရားပေါက်နေရင်လည်းတစ်သက်လုံးဘုရားသားတော်အဖြစ်ခံယူပါလား။အန်တီပစ္စည်းလေးပါး ဒါယကာလုပ်ချင်လို့ပါကွယ်။ဘုန်းကြီးဝတ်မယ်ဆိုရင်အန်တီဆီဖုန်းလှမ်းဆက်လိုက်ကွယ်။
    သက်တန့်ရဲ့ပစ္စည်းလေးပါးဒါယကာ


    အန်တီလေးမေခင်

    ReplyDelete
  4. အားပေးသွားပါတယ်.....

    ReplyDelete
  5. ကမ္ဘာပေါ်မှာ သင်အပါအ၀င်လူတွေဟာ တစ်နေ့ သေကိုသေရမှာဖြစ်တယ် ။ အဲဒါကို ဂုဏ်တုဂုဏ်ပြိုင်တွေ နဲ့ အတုအချင်းချင်းပြိုင်ရင်း လောဘဒေါသ မောဟတွေကြားလောင်မြိုက်ရင်း ဆင်းရဲချမ်းသာပြိုင်လို့ တရားစစ်ကို မေ့လျော့နေတတ်ကြတယ်
    လူတော်တော်များများကတကယ်ကိုအဲလိုမျိုးဖြစ်နေကြတယ်မှတ်သားဖတ်ရှုသွားပါတယ်အကို

    ReplyDelete
  6. မှတ်သားလိုက်နာရမယ်

    ReplyDelete