Monday, February 15, 2021

ပြည်သူအပေါ် တကယ်ပဲ စေတနာရှိခဲ့ရင် ....



တကယ်ပဲ စေတနာရှိခဲ့ရင် . .

အာဏာသိမ်းတပ်မတော်သည် တကယ်ပဲ ပြည်သူအပေါ် စေတနာရှိခဲ့ရင်

၁ ။ အင်တာနက်တွေဖြတ်တောက်ခြင်းမလုပ်ရပါဘူး သတင်းလွတ်လပ်စွာ စီးဆင်းခွင့်ကို တားဆီးခြင်းဟာ သတင်းအမှောင်ချခြင်းနဲ့တူတူပါပဲ ။

၂ ။ စစ်ကားတွေနဲ့ တင့်ကားတွေနဲ့ဟန်ရေးမပြရပါဘူး တည်ငြိမ်အေးချမ်းရေးထက် အကြောက်တရားကိုသာ ပိုကြီးစိုးစေပါတယ် ။

၃ ။ ဒီလိုအချိန်မှာ ထောင်သားတွေကို မလွှတ်ပေးရပါဘူး ။ ယခင် NLD အစိုးရလက်ထက်တုန်းက အပြစ်သားတွေကိုထိုက်သင့်တဲ့အပြစ်ဒါဏ်ပေးထားတာမို့ ဘယ်လိုအကြောင်းနဲ့မှ အပြစ်သားတွေကို ပြန်လွှတ်ပေးတာ ယုတ္တိမရှိပါ ။ ဒီအချက်ကသာ မြို့ရွာ ၊ ရပ်ကွက် တည်ငြိမ်အေးချမ်းရေးကို အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်ပြီး အန္တရာယ်အပေးနိုင်ဆုံးဖြစ်ပါတယ် ။

၄ ။ နောက်ဆက်တွဲ ဒီလွှတ်လိုက်တဲ့ထောင်သားတွေကနေတဆင့် မီးကွင်းပစ်တာ ရပ်ကွက်တွေထဲမှာ ခိုးကြောင်ခိုးဝှက်ဝင်နေတာတွေကြောင့် ပြည်သူကနေ ကိုယ့်လုံခြုံရေး နဲ့ကိုယ့်ကင်းကိုယ်စောင့်ရတဲ့အခြေအနေဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းလူတိုင်းသိပါတယ် ။ ပြည်သူအပေါ် စေတနာရှိရင် ဒါလုပ်သင့်လားမလုပ်သင့်ဘူးလူတိုင်းသိပါတယ် ။

၅ ။ Electronic ဥပဒေကို လိုသလို ပုံသွင်းပြီး မခြိမ်းခြောက်ရပါဘူး ။ ဒါဟာ အကြောက်တရားကို ထည့်သွင်းပြီး လူတွေကို ဘာမှမလုပ်နဲ့လို့ပြောလိုက်တာနဲ့အတူတူပါပဲ ဒါဟာ စေတနာလား ?

၆ ။ သတင်းထောက်တွေနဲ့ NLD အားပေးသူတွေကို ဖိအားပေး ဖမ်းဆီးတာတွေမလုပ်ရပါဘူး ။ လူတွေကို ကြောက်အောင်လုပ်ပြီး ငါလုပ်တာ အမှန်ပဲ ယူဆနေသရွေ့ ပြည်သူက တပ်မတော်သည် တကယ်ပဲ စေတနာရှိပါတယ်လို့ မြင်လာစရာအကြောင်းမရှိပါ ။

၇ ။ မဲ စာရင်းကွာဟမှုကို ဖြေရှင်းချင်ရင် အခြားနည်းကိုသုံးရပါမယ် ။ ဘယ်ဖက်မှမပါတဲ့ third party - specialist တွေကို ခေါ်ယူဖြေရှင်းစေတာမျိုး ။ ငါတို့တောင်းဆိုတာ လက်မခံလို့ အာဏာသိမ်းလိုက်တယ်ဆိုတာမျိုးက မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတကာ အမြင် နဲ့ပုံရိပ်တွေအပေါ် ဆိုးရွားစွာ ထိခိုက်စေပါတယ် ။ ရှင်းရှင်းပြောရရင် မတတ်သာလို့ UN လာပါ US လာပါပြောနေကြပေမယ့် တကယ်တော့ရှက်စရာကြီး ။ တပ်မတော်ကသာ ပြည်ကို တကယ်ကာကွယ်ပေးပြီး စစ်မှန်တဲ့ ပြည်သူ့အစိုးရကို ထောက်ခံပေးရင် ဘယ်လောက်ကောင်းမလဲ ။

၈ ။ CDM သမားတွေကို ဖိအားပေးတာမျိုးက စေတနာလို့မခေါ်ပါဘူး ။ Fully CDM ဖြစ်ရင် တိုင်းပြည်ရဲ့ ယန္တရားပျက်မယ် အစိုးရလုပ်ငန်းတွေနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းအသေး၊အကြီးအကုန်ပျက်မှာပါ ။ ဒါကို မသိလို့ လုပ်နေကြတာမဟုတ်ဘူး သိသိကြီးနဲ့ဘာလို့ တစ်တိုင်းပြည်လုံး CDM ကို ဖိအားပေးနေကြတာလဲ ? ရှင်းပါတယ် စစ်တပ်အုပ်ချုပ်တာမခံချင်လို့ပေါ့ အခုတောင်ကြည့်စရာ MWD, MRTV စတဲ့စစ်တပ် lobby လိုင်းတွေပဲရှိတော့တာမဟုတ်ဘူးလား ။ ရုပ်သံလိုင်းမှာ ပြည်သူတွေအနားယူနေတယ် အားကစားလုပ်နေတယ်လွှင့်ပြီး ညဖက်ကျတော့မာရှယ်လော ထုတ်တာတွေက ရယ်စရာတွေပါ ။

၉ ။ ရှင်းရှင်းပြောရရင် စစ်တပ်သည် ( အာဏာမသိမ်းခင်ကထိ ) NLD အစိုးရနဲ့ level တူလို့တောင်ပြောလို့ရသေးတယ် စစ်တပ်ပိုင်ဆိုင်မှုတွေကိုလည်း ဘယ်သူမှ စစ်မရ စစ်ခွင့်လည်းမပေး ပြီးတော့ စစ်တပ်ကိုလည်း ဘယ်ပြည်သူကမှ ရန်လုပ်နေတာမဟုတ် ၂၅% လွှတ်တော်ထဲ ဝင်နေတာတောင် ပြည်သူသည် စစ်တပ်ကို ဒီလောက်မုန်းတီးတဲ့အခြေအနေမဟုတ်သေးဘူး ။ အခု အာဏာသိမ်းလိုက်ပြီး ပြည်သူတင်ထားတဲ့ခေါင်းဆောင်တွေကို ဖမ်းထားခြင်းကမှ ( နဂို စစ်တပ်ကို ကြည်ညိုရင်းစွဲရှိ ) တဲ့လူတွေတောင် စစ်တပ်မုန်းတီးရေးဖက်ကို ပြောင်းသွားကြတာ ဘယ်သူမပြုမိမိမှုပါပဲ ။

၁၀ ။ တကယ်ပဲ ပြည်သူအပေါ် စေတနာရှိတာလား ဒါဆိုရင် ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို အာဏာပြန်ပေးလိုက်ပါ ။ စစ်တပ်က တိုင်းပြည်ကာကွယ်ရေးကို ဂရုစိုက်ပါ ။ မဲကွာဟချက်ကို အခြားနည်းနဲ့အဖြေရှာပါ ။ ပြည်သူရဲ့စိတ်အခံသည် (ယခင်က ) တပ်မတော်ကို တိုင်းပြည်ကာကွယ်ရေးအတွက် အားကိုးစိတ်ရှိနေကြတာ လူတိုင်းသိတယ် ဒါပေမယ့် အခု အာဏာသိမ်းလိုက်ခြင်းက တိုင်းပြည်ကာကွယ်ရေးထက် မိမိ အာဏာ တည်မြဲ ရေးကို ဦးတည်ကြောင်း ပေါ်လွင်သွားတဲ့အတွက် (တပ်မတော်ကိုယ်စား )  အလွန်ရှက်ရပါတယ် ။

ခေတ်ဟာ ပြောင်းသွားခဲ့ပါပြီ ။ စက္ကန့်အတွင်းမှာ ကမ္ဘာ့တောင်ဖက်ခြမ်းက ကိစ္စကို မြောက်ဖက်ခြမ်းကနေ တိုက်ရိုက်မြင်နိုင်နေတဲ့အခြေအနေပါ ။ နိုင်ငံတကာ အကူအညီတွေလည်းမတောင်းချင်ပါဘူး ။ ပြည်သူအပေါ် စေတနာတကယ်ရှိရင် စေတနာရှိကြောင်း ထင်ဟပ်စေမယ့်လုပ်ရပ်တွေကိုလုပ်မှသာ စေတနာတကယ်ရှိကြောင်း ပြည်သူမှ အသိအမှတ်ပြုမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ် ။

သက်တန့်ချို
15-Feb 2021
Photo Credit : Wikipedia

No comments:

Post a Comment