Friday, February 5, 2021

ဓမ္မနဲ့ အဓမ္မမှာ ကြားနေဆိုတာ မရှိဘူး


ဓမ္မနဲ့ အဓမ္မမှာ ကြားနေဆိုတာ မရှိဘူး ...ဆိုတာသိပ်မှန်ပါတယ်

အလုပ်တွေပဲ ဖိလုပ်နေလို့ စာရေးခြင်းကို အချိန်အတန်ကြာရပ်နားထားတဲ့ စာမရေးဖြစ်တော့တဲ့ကိုယ်ဟာ
ဒီလို အဓမ္မကနေ ဓမ္မကို အနိုင်ယူနေတဲ့အချိန်မှာ ဓမ္မဖက်ကနေ ပါဝင်ခွင့်ပြုပါ

ကိုဗစ်ကာလကြီးမှာ လူတွေအားလုံး
အတော်လေးရုန်းကန်ကြရပါတယ်
စီးပွားရေးတွေကလည်းမပြေလည်ပါဘူး
လုပ်ငန်းတွေလည်ပတ်အောင်ကျားကုတ်ကျားခဲလုပ်ကြရပါတယ်
တချို့ ဘ၀ပျက်သွားသူတွေလည်းရှိသလို ပျက်လုနီးနီးတွေလည်းရှိနေပါတယ်

ကပ်ရောဂါဆိုးကြီးဖြစ်နေတဲ့ကာလဖြစ်တဲ့အပြင် အဓမ္မကြီးစိုးနေတဲ့ကာလမှာ
ကီးဘုတ်ပေါ်တင်ပြီး စာပြန်စရေးတဲ့အနေနဲ့ ရေးဖြစ်တဲ့ကဗျာတစ်ပုဒ်ပါ

" အမှောင်ထု "

သူတို့ဟာ
အာဏာကိုခုတုံးလုပ်
​တိရိစ္ဆာန်ရုပ်ကို ပြခဲ့ကြပြီ

သွေးတွေနီတဲ့နေ့
တေးတွေသီမယ့် တစ်နေ့
အာဏာရှင်တွေဝေးစေရမယ်

တခုတ်တယ ပျိုးထားတဲ့
ဒီမိုကရေစီ ပန်းကိုချေနင်း
ဒါမင်းတို့ သတင်း ပါ

ပြည်သူအပေါ်မိုက်ရိုင်း
ဒါမင်းတို့ သမိုင်းပါ

လောကပါလ တရားမှာ
ဓမ္မ နဲ့ အဓမ္မဆိုတာရှိတယ်
သေနတ်မောင်းကိုတေ့
အလောင်းတွေတွေ့မှ
အာဏာရှင်စနစ်ဆိုးကိုသိမယ်

ခေါင်းငုံ့ထားသူဟာ
ဘယ်တော့မှ အမှန်တရားကိုမမြင်နိုင်ဘူး

ရှင်နေတာတောင် သေဆုံးနေသလိုမျိုး
အိပ်မက်တွေ ပဲ့ကျိုးကုန်တယ်

နေဝင်ညကိုကူးဖြတ်နေတုန်း
ရောင်နီမလာခင်ပဲ
ဒီမိုကရေစီဟာအညွန့်ချိုးခံခဲ့ရ
ငါတို့ ဘယ်သူ့ကို တိုင်တည်ရမလဲကွယ်

သက်တန့်ချို

5.2.2021

Photo Credit to Original Artist

No comments:

Post a Comment