Monday, May 16, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၉)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၉)



ကျွန်ုပ်လည်းလက်နှင့်အသာခွာချ၍လွှင့်ပစ်လိုက်ရာ ခြေထောက်မှ သွေးများကားစီးကျလာလေသည်။
ခြေထောက် မှ မျော့စုပ်ဒါဏ်ရာအား ဂရုမစိုက်အားသေးပေ ။ ပတ်ဝန်းကျင်မှ သားကောင်အန္တရာယ်က အချိန် မရွေး အသက်အန္တရာယ် ဇီဝိန်ချွေသွားနိုင်ပေသည် ။ သေနတ်မောင်းသာ ညှင်သာစွာကိုင်ရင်း ပတ်ဝန်းကျင်ကို စူးစမ်း ၍ကြည့်ရာ ကျွန်ုပ်၏ ညာဖက်ယွန်းယွန်းဆီမှ မြက်ပင်များမှာ လှုပ်ရှားနေသည်ကို တွေ့ရလေသည် ။ နှာ မှုတ်သံလိုလို အမျိုးအမည်ခွဲခြားရန်မသိသော အသံတစ်မျိုးကိုပြုကာ လေဟုန်ကို မြှားနှင့်ပစ်ခွင်သကဲ့သို့ တဟုန် ထိုး မြက်ပင်များကို ခွဲလျှက် ကျွန်ုပ်ဆီသို့ ဦးတည်၍ လာလေတော့သည် ။ ကျွန်ုပ်လည်း တုံ့ဆိုင်းမနေတော့ပဲ ထိုနေရာသို့ သေနတ်ကို ထိုးချိန်ကာ ပစ်ချလိုက်လေတော့သည် ။

“ ဒိုင်း ”

ထိုသတ္တ၀ါကြီးကား ကျွန်ုပ်ထံရောက်ရန် ၂ လံခန့်အလိုတွင် အရှိန်ပြင်းစွာလာနေသော မြင်းတစ်ကောင်အား ဇတ်ကြိုး ကို နောက်မှနေ၍ ဆောင့်ဆွဲလိုက်ဘိသကဲ့သို့ တုန့် ကနဲ ရပ်သွားလေတော့သည် ။ ထိုအခါမှ ကျွန်ုပ် လည်း သက်ပြင်းချနိုင်ပေတော့သည် ။

လရောင်အားကိုးဖြင့် ထိုသတ္တ၀ါကြီးအနီးသို့ တိုးကပ်လာခဲ့လေသည် ။ မည်သို့သော သတ္တ၀ါဖြစ်မည်ကို သိလို စိတ်က ထိမ်းမနိုင်သိမ်းမရ ၊ သတ္တ၀ါကြီး လဲကျသွားရာနေရာသို့ ရောက်သောအခါ ကျွန်ုပ်မှ မြင်ကွင်းကို ကြည့်၍ ကြက်သေသေသွားလေတော့သည် ။ ခန္ဓာကိုယ်ကား တောဝက်တစ်ကောင်ခန့်ရှိလေသည် ။ ခြေနှစ်ဖက် လက်နှစ် ဖက်တွင် ခွာချွန်များရှိကာ နှဖူးတည့်တည့်တွင် ကြံ့သတ္တ၀ါကဲ့သို့ ချွန်ထက်သော ဦးချိုတစ် ခုပါရှိလေ သည် ။ ပါးစပ်တွင်ကား ကျားစွယ်ကဲ့သို့ ချွန်မြသော အစွယ်များပါရှိကာ မည်သို့သော သတ္တ၀ါအမျိုးအစားမှန်း ကျွန်ုပ်လည်းမသိပေ ။

ကျွန်ုပ်ကား ကြည့်ရှုနေစဉ်အတွင်းမှာပင် သတ္တ၀ါကြီးမှာ ရုတ်တရက် လှဲနေရာမှ ဆတ်ကနဲ ထကာ ကျွန်ုပ်အား ၄င်း၏ဦး ချိုဖြင့် လှမ်းပက်လိုက်လေတော့သည် ။ ကျွန်ုပ်လည်း ဆတ်ကနဲရှောင်လိုက်သော်လည်း ရုတ်တ ရက်ဖြစ်သောကြောင့် မလွတ်တော့ပဲ ကျွန်ုပ်လက်မောင်းနှင့် သတ္တ၀ါကြီး၏ ဦးချို ခြစ်မိသွားလေ ရာ သွေး များဖြာက နဲ ထွက်လာလေတော့သည် ။ ကျွန်ုပ်လည်း ဒါဏ်ရာကို မမှုအား ၊ သေနတ်ဖြင့် သတ္တ၀ါကြီး၏ ဦးခေါင်း အား ချိန်ရွယ်ကာ ပစ်ချလိုက်လေတော့သည် ။ ထိုအခါမှပင် ထိုအမည်မသိ ထူးဆန်းသတ္တ၀ါကြီးမှာ ဦးခေါင်းကြေမွ သွားပြီး ငြိမ်သက်သွားလေတော့သည် ။ လက်မှ သွေးများက စီးကျနေသောကြောင့် အကျီင်္ကို ဖြဲကာ စည်းထားလိုက်၏ ။

နံနက်အာရုံတက်ချိန်ပင် ရောက်လာသောကြောင့် လရောင်မှာမှေးမှိန်ကာ သဘာဝအလင်းပေါ်ထွက်လာပြီး ရှင်းရှင်း လင်း လင်းစတင်မြင်ရလေတော့သည် ။ ကျွန်ုပ်လည်း ရေလှိုင်းသံများကြားရာသို့ မှန်းဆကာ တိုးထွက် လာခဲ့လေတော့သည် ။ အတန်ကြာလျှောက်ပြီးသောအခါ ခပ်လှမ်းလှမ်းမှနေ၍ လူရိပ်ငါးခုမြင်လိုက်သောကြောင့် ရန်သူလားမိတ်ဆွေလား မခွဲခြားနိုင်သဖြင့် နောက်ဆုံး ကျည်တစ်တောင့်ပါသော သေနတ်ကို အသင့် ကိုင် ကာ ရှေ့သို့ ဆက်ခဲ့လေတော့သည် ။

“သူကြီး...သူကြီးလား ”

“ ဟေး...ကိုမြင့်လွင် ”

“ဟာ..ဟုတ်တယ်ကွ လာလာမြန်မြန် ဒါသူကြီးပဲ ”

ပြောပြောဆိုဆို ကျွန်ုပ်ထံသို့ ကိုမြင့်လွင် ၊ သူရိန် ၊ ဘီလူး ၊ သားပြောင် ၊ ငမိုးတို့ ပြေး လာကြသည်ကိုတွေ့ လိုက်ရသောအခါမှပင် ကျွန်ုပ်လည်း စိတ်အေးရပေတော့သည် ။

“ ဟင်သူကြီး ..သူကြီးလက်က ဘာဖြစ်တာလဲ ”

“ ဘာသတ္တ၀ါ မှန်းမသိပါဘူး ငမိုးရာ ဟောဟို ခပ်လှမ်းလှမ်းမှာ လဲနေလေရဲ့ သူနဲ့တိုက်ခဲ့တာ ကျည်တစ်တောင့် ပဲကျန်တော့တယ် အဲဒီအကောင်ကိုလည်း သယ်ခဲ့ကြပါ လိုလိုမယ်မယ် ရိက္ခာအတွက်ပေါ့ ”

“ဟုတ်ကဲ့သူကြီး သူကြီးကို စိတ်မချလို့လိုက်လာတာ ကမ်းစပ်ကို သူကြီးတို့ ရောက်အောင်သွားနှင့်ချေ ကျွန်တော် တို့ အဲဒီအကောင်ကိုသယ်ပြီးလိုက်လာမယ် ”

ဟု သူရိန်က ပြောကာ ငမိုးနှု့် ကိုမြင့်လွင်အား ခေါ်၍ ထိုသတ္တ၀ါကြီးဆီသို့ ထွက်ခွာသွားလေတော့သည် ။

ဘီလူးနှင့် သားပြောင်တို့ကို အားပြအုကာ ကျွန်ုပ်လည်း ရွာသားများစုရပ်သို့ ပြန်ခဲ့လေတော့သည် ။ တောစပ် ကုန်ဆုံးပြီးသောအခါ သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေနှင့် ပင်လယ်ပြင်ကြီးက ကျွန်ုပ်အား ဆီးကြိုနေလေတော သည် ။ အလို ပင်လယ်ကမ်းစပ်တွင်ကား ရွာသူရွာသားအားလုံးနှင့် ရွာကာလသားများ အပြင် လွန်စွာကြီးမားသော ပင်လယ်ကူး လှေကြီးတစ်စင်းကိုပါ တွေ့လိုက်ရလေတော့သည်။

“ ဟာ...သူကြီး ”

“ ဟင် သူကြီးလိုက်လာပြီ ”

ပြောပြောဆိုဆို ညီမငယ် ကြယ်ဖြူ ၊ ပုတုလေး ၊ အင်ကြင်း၊ ဇိုင်းပန် ၊ နဲဗား တို့မှာ ကျွန်ုပ်တို့လား လာကြိုကြလေတော့သည်။ သို့နှင့် ကျွန်ုပ်၏ ဒါဏ်ရာအား ပင်လယ်ကမ်းစပ်မှာပင် လူရိုင်းသားအ ငယ်ဆုံး ဖြစ်သော အလင်းသစ်က ၄င်းတို့၏ အစွမ်းထက် ပင်လယ်ရေမှော်တစ်မျိုးဖြင့် ဆေးထည့်ပေးလေရာ အတော်ပင် နေသာထိုင်သာရှိသွားလေတော့သည် ။ (၄င်းတို့ ၃ ယောက်မှာ ခါးတွင် ထိုဆေးဘူးငယ်များကို အစဉ် သဖြင့် ချိတ်ဆွဲထားကြလေသည် ။ အစွမ်းထက်သော ဆေးဝါးတစ်မျိုးအဖြစ် စီမံထားပုံရလေသည် ။ ) ကျွန်ုပ်အား ဆေးထည့်ပေးနေစဉ်အတွင်း လူကြီးအကြီးအကဲ၏ သမီးအကြီးဆုံးဖြစ်သူ အဖြူရောင်နတ်သမီးမှ

“ သင်တို့ ကို ဒီလှေကြီးဖြင့် ပင်လယ်ဖြတ်ကူးရန်လက်ဆောင်ပေးအပ်လိုက်ပါတယ် သင်တို့ဘေးလွတ် ရာသို့ သွားကြ ပါလော့ ဒီနေရာမှာ အကြီးနေလျှင် အန္တရာယ်ရှိနိုင်ပါတယ် ”

“ ဒါဆို သင်တို့ ၃ ယောက်ကရော လူရိုင်းများဆီပြန်မည်လား ”

ကျွန်ုပ်ပြန်ပေးလိုက်သောအခါ လူရိုင်း ငယ်သားသမီး ၃ ယောက်မှာ မျက်နှာများညှိုးနွမ်းကြကုန်၏ ။

“ ကျွန်ုပ်တို့ ရဲ့ မျှော်လင့်ချက်ကတော့ ပင်လယ်စောင့်နတ်မင်းကြီးနဲ့ လေမင်း နေမင်းတို့ပဲရှိပါတော့တယ် ကျွန်ုပ်တို့ ၏ ဖခင်က ကျွန်ုပ်တို့အား သတ်မှာ အမှန်ပါပဲ ဖခင်ဟာ အကြင်နာတရား မရှိပဲ ရှေးရိုးကြီး အတိုင်းနေထိုင် သူဖြစ်တယ် ”

“ အာ.. ဒီလိုတော့ ဘယ်ဖြစ်မလဲ ကျွန်ုပ်တို့အားလုံးလွတ်မြောက်ဖို့အတွက် သင်တို့ အသက်တွေ စတေးရမယ် ဆိုရင် ကျွန်ုပ်တို့လည်း စိတ်ကောင်းနိုင်မှာမဟုတ်ပါဘူး ”

“ ဒီလိုဆိုရင် သင်တို့ ရွာသားတွေနဲ့ကျွန်ုပ်တို့ ၃ ယောက်လိုက်ပြီး သင်တို့ရွာသားအဖြစ် လူယဉ်ကျေးတွေအဖြစ် ခံ့ယူချင်ပါတယ် ”

“ ကျွန်ုပ်၏ ရွာသားများ သဘောကို မေးမည် ”

ကျွန်ုပ်ကား ထိုသို့ ပြောပြီး ရွာသားများဖက်လှည့်လိုက်ရာ ရွာကာလသားများဖြစ်သော သူရိန် ၊ စမူဆာ ၊ သားပြောင် ၊ ငမိုး ၊ ကိုကြီးကျော်တို့မှာ လှိုက်လှဲဝမ်းသာစွာ ဖြင့်

“ ထောက်ခံပါတယ်သူကြီး သူတို့ကိုလည်းခေါ်ခဲ့ပါ ”

ဟု ၀ိုင်းဝန်းပြောဆိုကြလေတော့သည် ။

“ကဲကဲ..အချိန်ကြာလို့မဖြစ်ဘူး ဟေ့ လှေပေါ်ကို အကုန်လုံးတက်ကြပါ ခရီးဆက်ထွက်ကြမယ် ”

“၀ှီး ၀ှီး ...ဒုတ် ”

ကျွန်ုပ်ပြောသံမဆုံးမှီမှာပင် အနီးအနားရှိ နေရာများသို့ မြှားတံများ လာရောက်စိုက်ဝင်ကုန်ကြလေသည် ။ လူရိုင်းများကားခြေရာခံလိုက်လာကြချေပြီ ။ ထိုအခါမှပင် လှေကိုကြိုးဖြုတ်သူဖြုတ် ၊ ရွက်လွှင့်သူ လွှင့်ကာလူအား လုံး အမြန်ကမ်းစပ်မှ ထွက်ခွာခဲ့ကြလေတော့သည် ။

ကျွန်ုပ်တို့ လှေကြီး ကမ်းစပ်မှ ခပ်လှမ်းလှမ်းအရောက်တွင် ကမ်းစပ်သို့ လှံများ မြှားများကို ကိုင်ဆောင်ထားသော လူရိုင်းများ ကား ဒေါသတကြီးဖြင့် လိုက်လာကြသည်ကိုတွေ့လိုက်ရလေတော့သည် ။ ၄င်းတို့မှာ ပင်လယ်ထဲသို့ လည်းဆက်လိုက်ရင် အဆင်သင့်မဖြစ်သောကြောင့် ကျွန်ုပ်တို့ကို သာ ဒေါသတကြီးဖြင့်ကြည့်ရင်း ကျန်ခဲ့ရ ရှာလေတော့သည် ။

“ အသင်သူကြီး ကျွန်ုပ်တို့ ကျွန်းပတ်ဝန်းကျင်တွင် နတ်နဂါးများ ရှိနေပါသည် သို့ရာတွင် ကျွန်ုပ်တို့တွင် ပါလာသော အဆောင်များကြောင့် ၄င်းတို့မှာ ဘေးလွတ်ရာသို့ ခြံရံလိုက်ပို့ပါလိမ့်မယ် ရန်မူခြင်းမပြုကြပါနှင့် ”

“ ကောင်းပါပြီ”

သို့နှင့် ကျွန်ုပ်တို့ရွက်လွှင့်လာပြီးနာရီဝက်ခန့်အကြာတွင် ကျွန်ုပ်တို့ ပထမလှေကြီး နှင့်လာစဉ်က ကြုံတွေ့ ခဲ့ရသော ညံ သတ္တ၀ါများမှာ အကောင်ပေါင်းမရေမတွက်နိုင်အောင် ပင်လယ်အောက် မှ ခေါင်းရှည်ကြီး များထောင်လျှက် လှေကြီးအား လာရောက်ဝန်းရံကြလေသည် ။ ကျွန်ုပ်တို့မှာ လွန်စွာထိတ် လန့်ကြကုန်၏ ။ သို့ရာတွင် လူရိုင်းငယ်များပြောသည့်အတိုင်း လှေကိုမူ လုံးဝအန္တရာယ်ပေးခြင်းမရှိပေ ။ ၄င်းတို့ သည် ကျွန်ုပ်တို့နှင့် ၂ ရက်တိုင်တိုင် ပင်လယ်ဝ မှ သမုဒ္ဒယာအတွင်းသို့ လိုက်ပါပို့ဆောင်ကြကုန်၏ ။ ထိုအတော တွင်းတွင် လှေကြီးပေါ်တွင်ပါလာသော အစားအသောက်များ ၊ ဆန်များ ၊ ပဲများ ၊ အသားခြောက်များကြောင့် ရွာသူ သက်မီမှာ ကျွန်ုပ်တို့အား တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ကျွေးလေရာ ကျွန်ုပ်တို့မှာ ဖြစ်ခဲ့သမျှတို့ အား မေ့ပျောက်ကာ ပျော်ပွဲစားထွက်လာသည်နှင့်ပင်တူပေတော့သည် ။

ကျွန်ုပ်ပစ်ခတ်၍ ရရှိလာသော ထူးဆန်းသတ္တ၀ါကြီး၏ အသားကား လွန်စွာ စားကောင်းကြရာ ရွာသားများမှာ အထူနှစ်ခြိုက်ကြကုန်၏ ။ လူရိုင်းငယ်များနှင့် ရွာသားများအား အတော်ပင်ရင်းနှီးကြလေရာ ရွာကာလ သားများကား မြန်မာစကားကို လူရိုင်းငယ်များအား သင်ပေးကြလေရာ ၄င်းတို့မှာ မပီကလာ ပီကလာနှင့် မြန်မာစကားအချို့ကို ပြောနေနိုင်ပြီဖြစ်၏ ။ (ထိုအတောအတွင်း စားလိုက်သောက်လိုက်နှင့်အန္တရယ် ကြီးကြီးမားမားမတွေ့ရပဲ ရှိသောကြောင့် စာဖတ်သူများ မငြီးငွေ့စေရန် ထိုအခန်းများအား ချန်ထားရစ်ခဲ့ပါသည် ) သို့နှင့် ပင်လယ်သမုဒ္ဒယာအတွင်း ရွက်လွှင့်ပြီး ၇ ရက်တိတိ မြောက်ညနေခင်းတွေ လူရိုင်းငယ် အလင်းသစ်မှ

“ သူကြီး ... အခု ရောက်နေတဲ့နေရာက မရဏအငူကွေ့လို့ခေါ်တယ် ကျွန်ုပ်တို့ ငယ်စဉ်ကတော့ရောက်ဖူးတယ် ဒီဖက်ကို ဒီမှာ သေမင်းတမန် ၀ဲကတော့ကြီး ၃ ခုရှိတယ် တစ်ဖက်မြေပြန့်တွေကို သွားဖို့ဆိုရင် ဒီဝဲကတော့ကြီး ၃ ခုကိုဖြတ်မှရတယ် သူကြီး ဟိုးရှေ့မှာကြည့်လိုက်ပါ အဲဒါ သေမင်းတမန် ၀ဲ နံပါတ် ၁ပဲ ”

ဟုပြောဆိုလေသည် ။ ကျွန်ုပ်လည်း အရှေ့သို့ မျှော်ကြည့်လိုက်လာ လွန်စွာကြီးမားပြီး ပြင်းထန်လှသော ၊ ပတ်ပတ်လည်ရေစီးကြောင်းများ ရစ်ဝိုင်းနေသော သေမင်းတမန် ၀ဲကတော့ကြီးက ကျွန်ုပ်တို့လှေကလေးအား အသင့်စောင့်ကြိုနေသည်ကို တွေ့လိုက်ရလေတော့သတည်း ။

ဆက်ရန်

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment