Monday, May 9, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၈)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၈)






ကျွန်ုပ်တို့သည် ဘီလူးကိုတွေ့ပြီးသည်နှင့်တပြိုင်နက် အချက်ပေးသံကိုပါ တစ်ဆက်တည်း ကြား လိုက် ရသောကြောင့် လူရိုင်းများသည် ကျွန်ုပ်တို အကြံအစည်ကို ကြိုတင်ရိပ်မိသွားပြီဖြစ်ကြောင်း သိလိုက်ရလေတော့
သည် ။

“ သူကြီး...သူကြီး...ကျွန်တော်လာပြီ ”

ဘီလူးကား ပြောပြောဆိုဆို လက်ထဲမှ ဓါးနှင့် ကျွန်ုပ်တို့အဖွဲ့အား လှောင်ထားသော ခြံဝန်းအား တုပ်နှောင် ထားသည့် ကြိုးများအား လှီးဖြတ်လေတော့သည် ။ ထိုအခိုက် ရွာထဲမှ ကြောက်မက်ဖွယ်ကောင်းသော အသံများ ကိုပြု၍ လူရိုင်းများကား ကျွန်ုပ်တို့ဆီသို့ ဦးတည်၍ လာနေချေပြီ ။ ခြံဝန်းတံခါးပွင့်သွားသောအခါ ကျွန်ုပ်တို့အဖွဲ့ လည်း ရရာလက်နက်များကို အိပ်ပျော်နေကြသော လူရိုင်းအစောင့်များထံမှ ယူ၍ ခြံဝန်းအပြင် ဖက်သို့ ထွက်ခဲ့ကြလေတော့သည် ။ ထိုစဉ်ကျွန်ုပ်တို့ အဖွဲ့ဆီသို့ ပြေးလွှား၍ အမြန်ရောက်လာကြသော လူရိုင်း အကြီးအကဲ၏ သားသမီး ၃ ယောက် ကိုတွေ့လိုက်ရလေတော့သည် ။ အော်ဟစ်၍ ညာသံပေးကာ လာနေ ကြသော အသားစားလူရိုင်းများ၏ အသံများကား တဖြည်းဖြည်း နီးလာ့ချေပြီ ။

“ ကဲ..ဘီလူးရေ ကျွန်တော်တို့ တစ်အုပ်လုံး ဒီလိုပြေးလို့ကတော့ အကုန်လုံး ပြန်မိပြီး ဒုက္ခရောက်ကုန်ကြမယ်ဗျ ”

“ ဟုတ်တယ်သူကြီး အနောက်မှာ သားပြောင်လည်းပါတယ် သူက ပြေးရမယ့်လမ်းကြောင်းကို ရှင်းလင်းနေတယ် ဒါပေ မယ့် ကျွန်းအနောက်စူးစူးကို ပြေးရင် မိန်းကလေးနဲ့ကလေးတွေပါနေတော့ ပြန်မိသွားနိုင်တယ် ဒီတော့ ဒီထက် တိုတဲ့ လမ်းကြောင်းရှိရင်ကောင်းမယ် ”

ကျွန်ုပ်တို့အချင်းချင်းပြောနေကြစဉ် လူရိုင်းသမီးအကြီးဆုံး အဖြူရောင်နတ်သမီး မှနေ၍

“ အသင်လူယဉ်ကျေးတို့ ယခုပုံအတိုင်းဆို လျှင် ကျွန်ုပ်တို့ ပူးပေါင်းကြံစည်မှုကား ကျွန်ုပ်တို့ ဖခင်သိသွားချေပြီ ။ ကျွန်ုပ် တို့အား လုံးတပြိုင်တည်းထွက်ပြေးရန်မဖြစ်နိုင်တော့ချေ ”

ဟုပြောလေသည် ။

“ ကောင်းပါပြီ ဒါဆိုသင်တို့ ၃ ယောက်ဟာ ရွာသူရွာသားများကို ခေါ်၍ လုံခြုံသည့်နေရာသို့ ပြေးပါလေ ကျွန်ုပ်တို့ ရွာ ကာလ သားအချို့ လူရိုင်းများအား တိုက်ခိုက်ရန် ကျန်ရစ်ခဲ့ပါမည် သင်တို့သွားရာ လမ်းတလျှောက်တွင် အမှတ်အသား များ ထားရစ်ခဲ့ပါလေ ”

“ ကောင်းပါပြီ သင်တို့ မြန်မြန်ဖောက်ထွက်ပြီးလိုက်ခဲ့ကြပါချေ ”

သို့နှင့် လူရိုင်းသားသမီး ၃ ယောက်တို့ကား ကြယ်ဖြူလေး ၊ ဆောင်းရွက်ကြွေ ၊ အင်ကြင်း ၊ သက်မီ ၊ မိဂျန်လေး ၊ ပုတုလေး ၊ မေလေး ၊ ဟေမွန်ချမ်း ၊ ကေးကေး စသော အားနွဲ့သူ အမျိုးသမီး များနှင့် ရွာသားအချို့အား ဦးဆောင် ပြီး အနောက်ဖက်တောအုပ်ထဲသို့ တိုးဝင်သွားကြလေတော့သည် ။ ကျွန်ုပ် ၊ ဘီလူး ၊ သားပြောင် ၊ ဝေယံ ၊ နိုးအိမ်ရှင် ၊ သူရိန် ၊ ကိုဖုန်း ၊ စမူဆာ ၊ ရွာဆော်ငမိုး ၊ ကာလသားခေါင်း စသော တိုက်ရဲခိုက်ရဲ လူငယ် လူလတ်ပိုင်းများ သား ကျန်ခဲ့လေတော့သ ည် ။

“ ရော့သူကြီးရဲ့ သေနတ် သောင်ပြင်မှာ တင်နေလို့ ကျွန်တော်ကောက်လာခဲ့တာ ”

ဘီလူးက ပြောပြောဆိုဆို ကျွန်ုပ်၏ လက်စွဲတော် သေနတ်အားလှမ်းပေးလိုက်လေသည် ။ လူရိုင်းအုပ်စုကား ကျွန်ုပ်တို့ဆီ ပြေးလာနေသည်ကို မြင်လိုက်ရလေသည် ။ ကျွန်ုပ်လည်း စဉ်းစားမနေတော့ပဲ လူရိုင်းအုပ်သို့ ချိန်ရွယ် ကာ သေနတ်မောင်းခလုတ်ကို ညှစ်ချလိုက်လေတော့သည် ။

“ ဒိန်း ”

ကျယ်လောင်စွာ မြည်ဟီးသံနှင့်အတူ လူရိုင်းအုပ်စုကား ၀ါးလုံးစည်းအား ကြိုးဖြည်လိုက် သကဲ့ သို့ တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ကြလေတော့သည် ။ သို့ရာတွင် အသိဥာဏ်မရှိသော လူရိုင်းများဖြစ် သည့် အလျှောက် ကျွန်ုပ်တို့ဆီသို့ လှံများဖြင့်ချိန်ရွယ်လျှက် အချို့သော လူရိုင်းများကား ပြေးဝင် လာကြလေတော့ သည် ။ လူရိုင်းတစ်ဦးကား လက်ထဲမှ လှံနှင့် ဘီလူးအား ထိုးချလိုက်ရာ ဘီလူးမှာ လျှင်မြန်စွာ ရှောင်တိမ်း၍ ၀ါးလုံးချွန်နှင့် လည်မြိုကို ထိုးစိုက်ချလိုက်လေတော့သည် ။ လှံရှည်များနှင့် ကျွန်ုပ် တို့ဖက် မှ ကိုင်ဆောင်သော ၀ါးလုံးချွန်များ ဓါးများ ထိခိုက်မိသံများက ကမ္ဘာပျက်မတတ်ပင် ။ ဓါးမရှည်ကြီး ကိုင်ဆောင်ထားသော လူရိုင်းထွားထွားကြီးတစ်ဦးက သူရိန်နှင့် ဝေယံ တို့ နှစ်ဦးအား ဝှေ့ပိုင်း ချလိုက်ရာအရှောင် မြန်၍ သီသီလေး လွတ်သွားလေသည် ။ ရွာဆော်ငမိုးမှ နောက်မှနေ၍ တင်းပုတ်သဏ္ဍာန်ုတုတ်ချောင်းဖြင့် ဦးခေါင်းအား ရိုက်ချလိုက်ရာ ၄င်းလက်ထဲမှ တင်းပုတ်မှာ အဝေးဆီသို့ လွင့်စင်ထွက်သွားလေတော့သည် ။

လူ၇ိုင်းကြီး၏ ဦးခေါင်းမှာ သန်မာလွန်း၍ နာကျင်ဟန်မပြပေ ။ ကျွန်ုပ်မှာလည်း အုပ်စုလိုက် တက်ချလာသော လူရိုင်းများအား မည်းမည်းမြင်ရာ ပစ်ချနေလေရာ ၄င်းတို့အား မကူအားပေ ။ ၇ွာဆော်ငမိုးမှာ လက်ထဲမှ တုတ်ချောင်း လည်းမရှိတော့ ။ လူရိုင်းကြီးကား ၄င်း၏ ဓါးကြီးဖြင့် အားကုန်ခုတ်ပိုင်းချလိုက်တော့သည် ။ သို့ရာ တွင်လူရိုင်းကြီး၏ ဓါးကား ငမိုး၏ ဦးခေါင်းပေါ်သို့မရောက်မီမှာပင် လည်မြိုသို့ မြှားတစ်စင်းက စိုက်ဝင်လာသောကြောင့် လေပေါ်မှာ ဓါးတန်းလန်းကိုကိုင်မြှောက်ရင်း လဲကျသွားလေတော့သည် ။

မြှားပစ်ရာလမ်းကြောင်းကို ကြည့်လိုက်တော့ ဒူးလေးကိုင်ကာကျွန်ုပ်တို့အား လက်မထောင်ပြလိုက်သော စမူဆာကိုတွေ့ လိုက်ရလေသည်။ မိုးလှိုင်ညနှင့် ထွန်းထွန်းတို့မှာလည်း လက်နက်ကိုယ်စီဖြင့် သူသေကိုယ်သေ တိုက်ပွဲ ဆင်နွှဲနေကြကုန်၏ ။ နိုးအိမ်ရှင်၏ ဗန်တို ဗန်ရှည်မြန်မာ့သိုင်းကွက်များကလည်း တစ်ဦးချင်း တိုက်ခိုက်ရာတွင် လွန်စွာ အသုံးဝင်လှပေသည် ။ နဲဗားမှလည်း “ ယား...ယား..စ် ...” ဟု အားကုန်အော်ဟစ်ကာ လူရိုင်းများ လာရောက်တိုက်ခိုက်မည်ကိုမစောင့်ပဲ လူရိုင်းအုပ်ထဲသို့ တိုးဝင်ကာ လက်စွမ်းပြနေလေသည် ။ သိုင်း ပညာ ကို စနစ်တကျ သင်ယူထားသော ကျွန်ုပ်တို့အဖို့ တစ်ဦးချင်းတိုက်ခိုက်ရာတွင် မထောင်းသာ လှသော် လည်း ရှေရှည်တွင်မူ လူရိုင်းများ၏ အရေအတွက်မှာ များသထက်များလာသောောကာင့် ကျွန်ုပ်တို့မှာ အရေးနိမ့်နိုင်ပေ သည် ။

ရွာထဲမှ နောက်တစ်ချီပြေးထွက်လာသော လူရိုင်းအုပ်အား နှစ်လုံးပြူး ကျည်တစ်တောင့် ဖြင့်ဖောက်ခွဲ လိုက်ြ့ပီးနောက်

“ ကဲ..ဘီလူးနဲ့သားပြောင်တို့ရေ ဒီအတိုင်းဆိုမဖြစ်ဘူး ကျွန်တော်ကာပစ်ပေးထားမယ် ကျည်ကလည်း သိပ်မ ကျန်တော့ ဘူး ခင်ဗျားတို့ ရွာသားတွေအကုန်ခေါ်ပြီး ရွာအနောက်လမ်းကြောင်းအတိုင်းလိုက်ပေတော့ ကျွန်တော့်သေနတ် နဲ့ခံပစ်ပေးထားမယ် ”


“ အင်းအင်း သူကြီး အမြန်လိုက်လာခဲ့နော် ဒါဆိုကျွန်တော်တို့သွားနှင့်ပြီ ”

သို့နှင့် ကျွန်ုပ်လည်း ရှေ့ဆုံးမှ မိုက်ရူးရဲလူရိုင်းများအား ဆက်တိုက်ပစ်ချနေရာ အုပ်စုလိုက်ပြေးဝင်လာသော အရှိန်မှာ တန့်သွားပြီး အခြေအနေအရသာ တိုးဝင်ကြပေတော့သည် ။ သို့နှင့် နောက်သို့ ဆုတ်ရင်း ဆုတ်ရင်း တောအစပ်သို့ ရောက်လာချေပြီ ။ ကျွန်ုပ်လည်း လက်ထဲရှိ ကျည်ဆံ အား ဆက်တိုက်ပစ် ချလိုက်ပြီး နောက်သို့ လှည့်ကာ သုတ်ချေတင်ပြေးလေတော့သည် ။ လူ၇ိုင်းများမှာ ရုတ်တရက် ကျွန်ုပ်လက် ထဲမှ သေနတ်အစွမ်းကို ကြောက်နေသေး၍ လိုက်မလာကြသေးပေ ။ အချိန်အတော်ကြီးကြာမှသာ ဗုံများကို ကျယ်လောင်စွာ တီး၍ တောနင်းကာ လိုက်လာကြပြီဖြစ်ကြောင်းကျွန်ုပ်ရိပ်မိလိုက်၏ ။ အချိန်ကား ဥာဉ့်နက် သထက်နက်လာ၏ ။ ကံကောင်းထောက်မစွာပင် လရောင်လေးကြောင့်သာ အရှေ့မှသွားခဲ့သော လူများ၏ လမ်းကြောင်း ကို မှန်းဆ ရွာဖွေကာ လိုက်လာနိုင်ခြင်းပင်ဖြစ်သည် ။

အချို့နေရာများတွင် လူသွားခြေရာများနှင့် မြက်ပင်အယိုင်အလဲများကို မှန်းဆ၍သွားနိုင်သော်လည်း အချို့နေရာများတွင်မူ သစ်ပင်များတွင်ဓါးနှင့် ထွင်းရာများအားကြည့်၍ ခရီးဆက်ခဲ့ရလေတော့သည် ။ ကျွန်းက အတော်ကျယ်ဝန်းပုံ ပင်ရလေသည် ။ ကျွန်ုပ်လည်းဆက်တိုက် ၃ နာရီခန့် ခရီးပြင်းနှင်လာရာ လူရိုင်းများ၏ ဗုံသံများကိုမူ မကြားရတော့ချေ ။ ရှေ့မှ သွားသူများ၏ အရိပ်အယောင်ကိုမျှပင်မတွေ့ရပေ ။ ထိုအခါမှ ရွာသူရွာသား များ၏ အပြေးခြေလှမ်းသွက်ပုံကို ကျွန်ုပ်တွေးမိ၍ ပြုံးမိလေသည် ။ ယခုအခါတွင် မူ ကျွန်ုပ်မှာ တစ်ကိုယ် တည်းဖြစ်၍ တခါတရံတွင် တောခြောက်ခံရမည်လော ၊ လမ်းပျောက်နေသည်လော ဟုတွေးကာ သံသယ ပင်ဖြစ်မိသေး၏ ။ သို့ရာတွင် သစ်ပင်အချို့တွင် ဓါးနှင့် မှတ်သားရာများကိုဆက် လက်တွေ့ ရပြန်သောကြောင့် တဖန်အားတက်ရပြန်သည် ။

တဖြည်းဖြည်းနှင့် တောမှာနက်သထက်နက်လာပြီးနောက် ကောင်းကင်တွင် အလင်းရောင် မှုန်ပြပြလေး များ တွေ့ရ၍ မကြာခင် အာရုံတက်တော့မည်ဖြစ်ကြောင်းကျွန်ုပ်သတိထားမိလိုက်၏ ။ ခြေလှမ်း များက ပိုမိုနှေးကွေးလာပြီး မသယ်ချင်လောက်အောင် ပင် ပင်ပန်းလွန်းလှ၏ ။ ကျွန်ုပ်တို့ဆီမှ ခံစစ် တိုက်ရင်းဆုတ် ခွာသွားသော ရွာ၏ လူရွယ်လူငယ်ကာလသားအဖွဲ့နှင့် လူရိုင်းသားသမီး ၃ ယောက်ဦးဆောင်သွားသော မိးန်သားများနှင့် ရွာသားအဖွဲ့ ပြန်၍ တွေ့ဆုံကြပါမည်လော ။ အလို....ကျွန်ုပ်သည် လျှောက် လှမ်းလာရင်းနှင့် နားထဲတွင် ရေလှိုင်းသံ သဲ့သဲ့ကြားလိုက်ရသောကြောင့် မကြာခင်ပင်လယ် ကမ်း စပ်ပြန်ရောက်တော့ မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏ ။ ထူးဆန်းသည်မှာ ကျွန်ုပ်ဆုတ် ခွာ လာပြီးနောက် တောနက်ထဲတွင် မည်သည့်အကောင်ဗလောင်မျှ တွေ့ဆုံရခြင်းမရှိပေ ။.

နားထဲတွင် ရှပ်..ရှပ်..ရှပ်..ရှပ် အသံကြားလိုက်ရသောကြောင့် ကျွန်ုပ်ကား အန္တရာယ်၏ အငွေ့အသက် ကိုရ လိုက်သောကြောင့် အမြန်ဝပ်ချကာ ငြိမ်သက်နေလိုက်ရ၏ ။ ချီးကျူးကာမှပင် အန္တရာယ်ကောင်နှင့် တွေ့ချေပြီ ။ မည်သို့သော အကောင်ဖြစ်မည်နည်း ။ လက်ထဲရှိ သေနတ်ထဲမှ ကျည်ဆံကို စစ်ကြည့်လိုက်တော့ စုစုပေါင်း ၃ တောင့် ။ ခြေထောက်မှ ယားလံလာ၍ ကြည့်လိုက်တော့ လက်ဖမိုးခန့် ရှိသော မျော့နက်မည်းကြီး တစ်ကောင် ကား တွယ်ကပ်ထားသည်ကို တွေ့လိုက်ရလေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အကိုရေ ...မပျက်မကွက် လာရောက်ဖတ်ပါတယ်...
    သင်တန်းလေးကြောင့်မရောက် ဖြစ်တာပါ..စာအသစ်လဲ မရေးဖြစ်လို့ပါ..:)
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  2. သေမင်းတမန် အခန်းဆက်ကို ပြန်လည်ဖတ်ရှုပါ၏။
    ပုံ - အာဂျီးမား.... :)

    ReplyDelete