Friday, October 5, 2012

ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ



ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ 

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောကြီးမျက်မည်းထဲမှာ ခရီးသွားနေခဲ့တယ် ။ သူဟာ သူ့ဆွေမျိုးတွေရှိတဲ့ရွာကို သွားဖို့အတွက် အခုလို တောကြီးမျက်မည်းထဲကနေ ဖြတ်သွားမှ သာ အမြန်ဆုံးရောက်နိုင်မှာဖြစ်တယ် ။ သူ သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ ခြုံပုတ်တွေကို ရှင်းလင်းပြီး သွားတဲ့အခါ တစ်နေရာရောက်တော့ ပျားစားငှက်တစ်ကောင်ကိုတွေ့လိုက်ရတယ် ။ ပျားစားငှက်ဟာ ထူးထူးဆန်းဆန်း မြေပြင်ပေါ်မှာ လှဲနေပြီးခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားတာတွေ့လိုက်ရတယ် ။

အဲဒီလူက အံ့သြလွန်းလို့ ပျားစားငှက်ကိုမေးလိုက်တယ် ။ “ ဘာလို့ မြေပေါ်မှာ လှဲအိပ်ပြီး ခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားရတာလဲ ” ပြီးတော့ သူကဆက်ပြောတယ် ။ “ ဒီလိုသာ မြေကြီးပေါ်လှဲနေရင် တောကောင်တွေ ကြံ့တွေ ဆင်တွေ ဖြတ်သွားတဲ့အခါ မင်းကို နင်းသွားမှာပေါ့ မင်းသေသွားမှာပေါ့ ” ဆိုပြီး ငှက်ကလေးကို သတိပေလိုက်တယ် ။

ငှက်ကလေးကပြန်ပြောတယ် ။ “ ဟာ ခင်ဗျား ဒီလောက်ကြီးကျယ်တဲ့သတင်းကို မကြားမိသေးဘူးလား ခင်ဗျားတို့ လူသားတွေက ဒီလိုသတင်းကိုပိုတောင်သိသင့်တာပေါ့ မကြာခင် မိုးပြိုကျတော့မှာဗျ မြေကြီးပေါ် ပြိုကျတော့မှာ ” လို့ ငှက်ကလေးက ထိတ်လန့်စွာပြောလိုက်တယ် ။ “ ဒီသတင်းကို သစ်တောက်ငှက်ဆီကရတာပါ ” လို့ ငှက်ကလေးကဆက်ပြောတယ် ။

ခရီးသွား လူက ငှက်ကလေးကို သနားဂရုဏာသက်စွာကြည့်ပြီးပြောလိုက်တယ် ။ “ ဟင် ..မင်းရဲ့ခြေထောက်လေးတွေက သေးသေးလေးတွေနဲ့ အားအင်ကလည်း ချိနဲ့ပါဘိသနဲ့ ဘယ်လိုလုပ်ပြီး ဒီမိုးကောင်းကင်ကြီးကို ထမ်းထားနိုင်မှာလဲ ” လို့ သနားတဲ့ဟန်နဲ့ပြောလိုက်တယ် ။ ငှက်ကလေးက ပြုံးပြီးတော့ပြန်ဖြေတယ် ။

“ မှန်ပါတယ်ဗျာ ခင်ဗျားပြောတာမှန်ပါတယ် ကျွန်တော့်ခြေထောက်လေးတွေဟာ သေးငယ်ပြီး အားအင်ကလည်းချည့်နဲ့ကောင်းချည့်နဲ့ပါလိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကိုယ်လုပ်နိုင်တာကို ကိုယ်တတ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ် ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ ” လို့ ပြန်ပြောလိုက်ပါတော့တယ် ။

----------------------------------------------------

ဒီနေရာလေးမှာ ဒီသတင်း မှန်တယ် မမှန်ဘူး ငှက်ကလေးဦးနှောက်ရှိတယ်မရှိဘူး ကျွန်တော်တို့စဉ်းစားစရာမလိုပါဘူး ပုံပြင်ကပေးချင်တဲ့ အသိဟာ Reality ဆိုတဲ့ အစစ်အမှန်ဖြစ်မှုနဲ့ Reason ဆိုတဲ့အကြောင်းပြချက်တွေမဟုတ်ပါဘူး ။

တစ်ခုခု ပြဿနာ ဘေးဒုက္ခကြုံလာတဲ့အခါ ကိုယ့်အတွက်ဘယ်လောက်ပဲ မျှော်လင့်ချက်တွေကင်းမဲ့နေပါစေ ကိုယ့်အတွက် အဲဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဘယ်တော့မှ ကျွန်တော်တို့လက်မြှောက်အရှုံးမပေးရပါဘူး ။ ငှက်ကလေးပြောသလိုပဲ ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ။ ဥပမာဗျာ AIDS ရောဂါကြီး တစ်ကမ္ဘာလုံးမှာပျံ့နှံ့နေတယ် ဘယ်လို မှကုသဖို့မဖြစ်နိုင်ဘူးဆိုပြီးလက်လျော့မနေရဘူး ။ ကိုယ်လုပ်နိုင်တာ ဘာရှိလဲ ကျန်းမာရေးအသိပေးခြင်းလား ကာကွယ်ခြင်းလား သူငယ်ချင်းတွေကို ပြောပြခြင်းလား အဲဒီလို လုပ်နိုင်တာလေးလုပ်ခြင်းအားဖြင့်ကျွန်တော်တို့ ရှင်သန်နေရပါမယ် ။

သက်တန့်ချို
The Bee Eater အား ခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ဟုတ်ကဲ့ လုပ်ပါ့မယ်။

    ReplyDelete
  2. တစ်ခုခု ပြဿနာ ဘေးဒုက္ခကြုံလာတဲ့အခါ ကိုယ့်အတွက်ဘယ်လောက်ပဲ မျှော်လင့်ချက်တွေကင်းမဲ့နေပါစေ ကိုယ့်အတွက် အဲဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဘယ်တော့မှ ကျွန်တော်တို့လက်မြှောက်အရှုံးမပေးရပါဘူး

    ReplyDelete
  3. တစ်ခုခု ပြဿနာ ဘေးဒုက္ခကြုံလာတဲ့အခါ ကိုယ့်အတွက်ဘယ်လောက်ပဲ မျှော်လင့်ချက်တွေကင်းမဲ့နေပါစေ ကိုယ့်အတွက် အဲဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဘယ်တော့မှ ကျွန်တော်တို့လက်မြှောက်အရှုံးမပေးရပါဘူး
    အားပေးသွားပါတယ်မောင်သက်တန့်ရေ

    ReplyDelete
  4. Yes!! We Must do all things that we can do.

    ReplyDelete
  5. ဟုတ်တာပေါ့နှမ်းတလုံးနဲ့ဆီမဖြစ်ဘူးထိုင်ပြောနေမယ့်အ
    စား

    ReplyDelete
  6. ဟုတ်ပါတယ်နှမ်းတလုံးနဲ့ဆီမဖြစ်ဘူးပြောနေမယ့်အစား

    ReplyDelete