Saturday, January 26, 2013

အဖြူရောင်ရင်ခွင်



အဖြူရောင်ရင်ခွင်

ဒီနေ့ အမေများနေ့တဲ့ . . ပို့စ်လေးတစ်ပုဒ်လောက်ရေးမယ်ကူးပြီးမှ အစည်းအဝေးတစ်ခု သွားရတာရယ် အလုပ်ကိစ္စတွေရယ်ကြောင့် မရေးဖြစ်ခဲ့သေးဘူး ။ ဒီတစ်နှစ်အမေများနေ့မှာတော့ တခြားဖွဲ့နွဲ့တာတွေရေးချင်စိတ်လည်းသိပ်မရှိသေးတာကြောင့် ရိုးရိုးကလေးပဲ ကျွန်တော်နဲ့အမေ့အကြောင်းလေး အနည်းငယ်ပြောပြပါ့မယ် ။ အဲဒါကို ကျွန်တော်က “ အဖြူရောင်ရင်ခွင် ” လို့အမည်ပေးထားတယ်။

အမေက ရန်ကုန်သူပါ ။ အဖေက ဧရာဝတီတိုင်းမြန်အောင်မြို့ကြီးရဲ့ ဧရာဝတီမြစ်တစ်ဖက်ကကမ်းက အိုးဘိုကျွန်းရွာကလေးဆီက ရွာသားလေးတစ်ယောက် ။ အဖေ့မှာ ညီအကို ၃ ယောက်ရှိတယ် ။ အောင်ချို ၊ အောင်ကို ၊ အောင်သူ တဲ့ အဖေက အကြီးဆုံးပေါ့ သူတို့အရင်က စက်လှေသင်္ဘောတွေထောင်ကြတယ် ။ အဲဒီသဘောင်္တွေနဲ့မြို့ပေါ်တက်ရင်းက မြို့သူအမေနဲ့တွေ့ခဲ့ပြီး ဇာတ်လမ်းတွေဖြစ်ခဲ့ကြတယ်ဆိုပါတော့ ။ အမေက ကျွန်တော့်ကိုမွေးခဲ့တုန်းက မြောက်ဥက္ကလာပ ဆေးရုံမှာပါပဲ ။ ကျွန်တော်မွေးမွေးချင်းတုန်းက အရမ်းရုပ်ဆိုးတယ် ။ အခုလည်းရုပ်ကမချောပါဘူး ။ အရုပ်ဆိုးတော့ ဘာနဲ့တူသလဲဆိုတော့ ကြွက်စုပ်လိုလို ထူးဆန်းသတ္တ၀ါကောင်လိုလို ငယ်ငယ်ရွယ်ရွယ်နဲ့ အဖိုးကြီးရုပ်ပေါက်နေတဲ့အကောင်ဆိုတော့ အမေမချီချင်တာ ဘယ်ဆန်းပါ့မလဲလေ ။ အဲဒီအတွက်လည်း အမေ့ကိုတစ်ခါမှတော့ စိတ်မကွက်ခဲ့ဘူးပါဘူး ။

ဒီတော့ အိမ်ဘေးက ဒေါ်ချိုဆိုတဲ့အဒေါ်ကြီး ကျွန်တော့်ကို ပဲထိမ်းရတယ် ။ အမေက ကြောက်လို့တဲ့ ဟီးဟီး ။ ဒီလိုနဲ့ နို့တွေဘာတွေသောက် အမေ့အပေါ်ဂျီကျဆိုးရင်း ကျွန်တော် တစ်နှစ်သားအရွယ်အရွယ်လောက်ရောက်တော့ ၀၀တုတ်တုတ်လေးဖြစ်လာတယ် ။ အမေက ကျွန်တော့်ကိုအရမ်းချစ်တယ် ။ မှတ်မှတ်ရရ ကျွန်တော် ၃ တန်းကျောင်းသားအရွယ်ပေါ့ ။ ကျွန်တော်တို့အဲဒီတုန်းက အ.မ.က ကျောင်းလေးတွေမှာတက်ရတယ် ။ ရပ်ကွက်ထဲက မူလတန်းကျောင်းလေးတွေပေါ့ ။ ကျွန်တော့်မှာ အဲဒီတုန်းက နောင်နောင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ။ နောင်နောင်က ကျောင်းသားဆိုကလေးပေါ့ ။ ကလေးသဘာဝ ကျွန်တော်တို့ ရန်ဖြစ်ကြတယ် အဲဒီတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော်ကသိပ်စွာတယ်လို့ပြောတာပဲ ။ လူဆိုးကလေး မောင်သက်တန့်အငယ်စားပေါ့ ။ နောင်နောင်က အဲဒီတုန်းက ကျွန်တော့်ခဲတံကို လုတယ် ကလေးသဘာဝ ဆော့ရင်း လိုချင်လို့လုတာဖြစ်မှာပါ ။ ကျွန်တော်ကပေးလိုက်ပါတယ် ။ နောက်တစ်ချောင်းထပ်သုံးတယ် ။ အဲဒီတစ်ချောင်းကို ထပ်လုတယ် ။ ကျွန်တော်အသာတကြည်ပဲပေးလိုက်ပါတယ် အော် . .သူလည်းလိုချင်မှာပေါ့လေ ဆိုပြီးသူငယ်ချင်းအချင်းချင်းပဲဆိုပြီး ။ ၃ ချောင်းမြောက် ကျွန်တော် ထပ်သုံးတယ် ။ ထပ်လုတယ် ။ ကျွန်တော် နောင်နောင့်ကို စိုက်ကြည့်လိုက်တယ် ။ နောင်နောင်က ကျွန်တော့်ကို လုနေရင်း တခြားသူငယ်ချင်းတွေကို ပြောပြီးရီပါတယ် ။

ကျွန်တော် ဘာမှမပြောပါဘူး ။ ခဲတံနဲ့သူ့လက်ဖမိုးကိုထိုးချလိုက်တယ် ။ သွေးတွေထွက်လာပြီး အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ် ။ ကျွန်တော်စာပဲဆက်ရေးနေလိုက်တယ် ။ နောင်နောင့်ကိုမြင်ပြီးဆရာမကပြေးလာတယ် ။ အတန်းရှေ့မတ်တပ်ရပ် သစ်သားပေတံနဲ့ ခြေသလုံးကိုရိုက်တယ် ။ နောက်နေ့ မိဘခေါ်လာတဲ့ ။ နောင်နောင့်အမေက လုံးဝမကျေနပ်ဘူး မိဘချင်းရှင်းမယ်ဆိုပြီးအိမ်ကို လိုက်လာတယ် ။ အမေက အရမ်းအေးတယ် ။ အဖေက နယ်သွားနေတယ် ။ အမေ့မှာ အဲဒီတုန်းက တောင်းပန်လိုက်ရတာ ပြာပြာသလဲပါပဲ ။ ကျွန်တော်အဲဒီကတည်းကအမေ့ကိုကြည့်ပြီးအရမ်းသနားသွားမိတယ် ။ မိဘဆိုတာ သားသမီးအတွက်ဆို ဘာလို့ အောက်ကျနောက်ကျခံဖို့ ၀န်မလေးပဲ ချစ်နိုင်ရတာလဲလို့ ။ အမေ့မှာ လည်းတခြားမိဘတွေလို ကိုယ့်သားသမီးနဲ့ပတ်သတ်ပြီး ဂုဏ်ယူတတ်တဲ့အကျင့်ရှိပါတယ် ။ အတန်းထဲ အဆင့်ကလေးများတက်လာရင် ဆုလေးတစ်ခုခုများချိတ်ရင် ဂုဏ်ယူလိုက်ရတာအမော ။ တကယ်တော့ ကျွန်တော်က သိပ်တော်နေတဲ့ကောင်တော့မဟုတ်ဘူးဗျ ။ အမေပြောတဲ့စကားတစ်ခွန်းရှိတယ် ။ “ သား . .အမေတို့ပညာတွေမတတ်ခဲ့လို့ အခုလိုသားဆင်းဆင်းရဲရဲနေရတာ . . ငါ့သားတော့အမေတို့လို ဘယ်တော့မှဖြစ်စေရဘူးသားကိုဘာအမွေမှမပေးနိုင်ရင်တော် ပညာအမွေတော့အမေတို့ရအောင်ပေးမယ် ” ဆိုပြီးကျောင်းစာကိုပဲ ဖိပြီးသင်စေခဲ့တယ် ။

နောက်ပြီး ကျွန်တော်အကြီးအကျယ် ရန်ဖြစ်တာတစ်ခုဖြစ်သေးတယ် ။ ရပ်ကွက်ထဲက အောင်ကြီးဆိုတဲ့ကောင်လေးနဲ့ပါ ။ မိုးတွေရွာနေတယ် အဲဒီနေ့တုန်းကပေါ့ ။ ကျွန်တော်တို့မိုးရေထဲမှာ ဂေါ်လီ ရိုက်ကြပါတယ် ။ ဂေါ်လီရိုက်ရင်း ရန်ဖြစ်ကြတယ် ။ စကားများငြင်းခုံရင်းနဲ့ပေါ့ ။ အဲဒီတုန်းက လူက ဘာဖြစ်သွားတယ်မသိပါဘူး ။ အောင်ကြီးကို ကျွန်တော် ဂေါ်လီနဲ့ ခေါင်းကို ထုလိုက်တယ် ။ ဟီး . . အဲဒီတုန်းက ခေါင်းကွဲပြီးသွေးတွေထွက်လာတယ် ။ အမေ . . . ကျွန်တော့်မိုက်မဲမှုကြောင့် ကျွန်တော့်လို သားဆိုးကြောင့် အောင်ကြီးမိဘတွေကို တောင်းပန်ရပြန်တယ် ။ ဆေးဖိုးလျှော်ပေးရတဲ့အပြင်ကျေနပ်ရတဲ့အထိ မျက်နှာငုံ့လို့ ကျွန်တော့်အတွက်တောင်းပန်ပေးခဲ့ပါတယ် ။ အမေ ကျွန်တော့်ကို ဆူတယ်လို့ ခင်ဗျားတို့ထင်သလားဟင် ။ မဆူဘူးခင်ဗျ ကျွန်တော်ကိုပြုံးပြီးပဲကြည့်ပြီးပြောတယ် ။ “ သားရယ် . .ရန်ဖြစ်တယ်ဆိုတာ မကောင်းပါဘူး . . . သားပညာတတ်ကြီးလုပ်ရဦးမယ်လေ ” တဲ့ ။ အဲဒီနေ့ကစပြီး ဒီနေ့အထိ ကျွန်တော် အပြင်မှာ ရန်မဖြစ်တော့ပါဘူး ။ ( စကားလုံးစစ်ပွဲတွေကလွဲလို့ပေါ့ :P ) အဲဒီကတည်းက အမေ့ကို ကျွန်တော် ကတိတစ်ခုပေးလိုက်ပါတယ် ။ ကိုယ့်စိတ်ထဲမှာ ကိုယ်ပေးလိုက်တာပါ ။ ကျွန်တော် ဘယ်တော့မှ ရန်ထပ်မဖြစ်တော့ဘူးလို့ ။ အမေက တခြားသူတွေလို တခြားသူတွေလို ကျွန်တော့်ကိုဘာကြီး ဖြစ်ရမယ် ညာကြီးဖြစ်ရမယ်ဆိုပြီး ဘယ်တုန်းက ဖိအားမပေးခဲ့ဘူး ။

ဆယ်တန်းကလေးအောင် ကုမ္ပဏီလေးတစ်ခုမှာ ၀င်လုပ် လစာလေး ဘယ်လောက်ရရ မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နေကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ တကယ့် ပကတိ အဖြူရောင် မိခင်ပါ ။ ကျွန်တော်တစ်ခါတစ်ခါတွေးမိတယ် ။ တချို့သားသမီးတွေက သူတို့အမေကို မလိုချင်ကြဘူးတဲ့ ။ သူတို့လိုချင်တဲ့မိခင် သူတို့လိုချင်တဲ့ဘ၀မရတဲ့အတွက် အမေတွေကို မုန်းကြတာတွေ့ရတယ် ။ တချို့ဆို အမေတွေကို ခါးခါးသီးသီး အမေလို့ကို မခေါ်နိုင်အောက်အောင်ပဲ ရပ်ကွက်ထဲမှာလည်းတွေ့ရပါတယ် ။ အဲဒီအတွက် ကျွန်တော် တစ်ခွန်းပဲပြောချင်မိတယ် ။ “ မိဘတွေက သားသမီးတွေကို ရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ခွင့် မရှိပါဘူး ” ဆိုတဲ့စကားပါပဲ ။ မှန်ပါတယ် ။ ဘယ်မိဘကမှ ငါတို့ဘ၀လေး မပြေလည်တဲ့ဘ၀လေးထဲ သားသမီးတွေရောက်လာပါစေရယ်လို့တော့ ခေါ်ယူခဲ့တာမရှိပါဘူး ။ ကျွန်တော်တို့ကလည်း ချမ်းသာတဲ့မိဘမှ ၀င်စားလိုက်မယ်လို့ ရွေးချယ်ခွင့်မရှိပါဘူး။ သံသရာအဆက်ဆက်ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေကြောင့် ဒီဘ၀မှာ မိဘနဲ့သားသမီးဖြစ်လာရခြင်းဖြစ်ပါတယ် ။

အမေတွေရဲ့ရင်ခွင်ဟာ အဖြူရောင်ရင်ခွင်တွေပါ ။
သားသမီးတွေအတွက် သူတို့အတ္တကို မြိုသိပ်ထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့မာနကို မြေချထားနိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွန့်လွှတ်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အရာရာကို စွမ်းဆောင်နိုင်ကြတယ် ။
သားသမီးတွေအတွက် သူတို့ အမြဲခွင့်လွှတ်ပေးနိုင်ကြတယ် ။
သားသမီးတွေအတွက် ရန်သူကိုတောင် ပြုံးပြရဖို့ဝန်မလေးတတ်ကြဘူး ။
သားသမီးတွေအတွက် သူတို့ အိမ်တံခါးဝဟာ အမြဲဖွင့်ပေးနေတတ်ကြတယ် ။
သားသမီးတွေအတွက် အမြဲသည်းခံ နေတတ်ကြတယ် ။
သားသမီးတွေအတွက် ဆို အမေ ဆိုတာ အရာရာပါပဲ ။

ဒီနေ့ဒီတစ်ရက်တည်းမဟုတ်ပဲ သားသမီးတွေကလည်း အမေ့ကျေးဇူးကို လက်စုံမိုး၍ ရှိခိုးဦးခိုက်ပူဇော်နိုင်ကြပါစေ ။ လုပ်ကျွေးပြုစုနိုင်ကြပါစေ ။ အထပ်ထပ်အခါခါရေးခဲ့ပြီးသားဖြစ်ပေမယ့်နောက်ဆုံးကစကားလေးတစ်ခွန်းတော့ထပ်ပြောပါရစေဦး ။

“ အမေမသေခင် ကျွေးမွေးပြုစုပါ သေမှ နောင်တ မရကြပါနဲ့ ”

အဖြူရောင်ရင်ခွင်တွေကိုပိုင်ဆိုင်ထားတဲ့မိခင်တိုင်းလိုလိုဟာ သားသမီးတွေအတွက်ဆို ကြီးမားကျယ်ပြန့်လွန်းတဲ့ကောင်းကင်ကြီးတွေပါပဲ ။

သက်တန့်ချို
26 Jan 2013


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

7 comments:

  1. အမေများနေ့မို့လား အမေ့ကိုအိမ်မက်မက်တယ်။ အမေ့ရဲ့ နောက်ဆုံး အချိန်မှာ ပြောတဲ့ စကား မိဆိုး နင့် ကိုငါ စိတ်မပူတော့ဘူးနော်တဲ့၊
    ကျေးဇူးတင်ပါတယ် အမေ ယုံကြည်ပေးတဲ့အတွက်ပါ။
    အမေတိုင်း အေးငြိမ်ကြပါစေလို့
    soe san (မိဆိုး)

    ReplyDelete
  2. အကိုရေ....အကို့ရဲ့အမေများနေ့အမှတ်တရ အဖြူရောင်ရင်ခွင်ဆိုတဲ့
    ပို့စ်လေးလာဖတ်ပြီး မိုးနတ်လာငိုသွားတယ်အကိုရေ....
    မျက်စိထဲမလဲ အဲ့တုန်းကဖြစ်နေမဲ့အဖြစ်အပျက်တွေကို မြင်ယောင်နေမိတယ်
    မိုးနတ်လဲ ငယ်တုန်းက ဖေချစ်ဖြစ်သလောက် ခုတော့ မေချစ်ဖြစ်နေတယ်
    မေ့ကို မိုးနတ်အရမ်းချစ်တယ်...မေကလဲ မိုးနတ်ကို ဘာမဆိုဖြည့်ဆည်းပေး
    တော့ မိုးနတ်ကံကောင်းတယ်လို့ဆိုရမယ်...မိုးနတ်ဘက်ကလဲ မေ့ကို
    အစွမ်းကုန်ဖြည့်ဆည်း ကျေးဇူးဆပ်ဖို့ အချိန်နဲ့အမျှစဉ်းစားနေမိတော့တယ်
    ခုလေ မေ့ကိုပိုပိုပြီး ချစ်နေမိတယ် ..:)))

    ReplyDelete
  3. ကြယ်ဖြူလေးJanuary 26, 2013 at 10:19 PM

    ဖတ်သွားပါတယ် ကိုကြီးရေ မာမီ့ဆီတောင်ဖုန်းဆက်လိုက်သေးတယ် ဒီဘလော့ကို ဖတ်နေရင်းသတိရသွားလို့ အမေများနေ့မှာ အမေများအားလုံးပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  4. စာအုပ် ပေတံ ခဲတံ ကွန်ပါဗူး အားလုံးပေးခဲ့ပါတယ် လူပါးဝလာတော့
    ထောက်စူးနဲ့သူ့မျက်နှာကို ထိုးချလိုက်တယ် ။ သွေးတွေထွက်လာပြီး အကုန်လုံးရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ် ။ အယ်လိုလေးဆိုးခဲ့ဘူးပါတယ်..

    မိခင်တိုင်းလိုလိုဟာ သားသမီးတွေအတွက်ဆို ကြီးမားကျယ်ပြန့်လွန်းတဲ့ ကောင်းကင်ကြီးတွေပါပဲ ။


    ReplyDelete
  5. အမေမသေခင် ကျွေးမွေးပြုစုပါ သေမှ နောင်တ မရကြပါနဲ့ ”

    အဖြူရောင်ရင်ခွင်တွေကိုပိုင်ဆိုင်ထားတဲ့မိခင်တိုင်းလိုလိုဟာ သားသမီးတွေအတွက်ဆို ကြီးမားကျယ်ပြန့်လွန်းတဲ့ကောင်းကင်ကြီးတွေပါပဲ ။
    ပိုစ်.ကောင်းလေးတစ်ပုဒ်အားပေးသွားပါတယ်။ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  6. ရွေးချယ်ခွင့်မရှိပါဘူး။ သံသရာအဆက်ဆက်ဖြည့်ဆည်းခဲ့တဲ့ ပါရမီတွေကြောင့် ဒီဘ၀မှာ မိဘနဲ့သားသမီးဖြစ်လာရခြင်းဖြစ်ပါတယ် ။

    ReplyDelete