Tuesday, January 22, 2013

ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန်















ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန်

“ ဟင့်အင်း ကျွန်မ လက်မခံနိုင်ပါဘူး ”
“ ဘာကွ . . မင်းအတွက် တန်ရာတန်ကြေးငါပေးထားပြီးပြီပဲ မင်းက ဘာသောက်ကြီးကျယ်တာလဲ ”
“ အဟက် ဟုတ်ကဲ့ လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်မ လက်မခံနိုင်ပါဘူးလို့ပြောပြီးပြီလေ ဒီထက် ရှင်းအောင်ပြောရဦးမလား ကျွန်မ ရှင်နဲ့အလုပ်ဆက်မလုပ်တော့ဘူး ရော့ ဒီမှာ ရှင့်ပိုက်ဆံ ”

သူ့ရှေ့မှ မျက်နှာအဆီအတ၀င်းဝင်းနှင့်လူကြီးကို သူပေးထားသော ပိုက်ဆံတွေနဲ့ပစ်ပေါက်လိုက်ပြီး ရှင်နှောင်း ပြန်ထွက်လာခဲ့လိုက်သည် ။ လူတွေလူတွေ သူတို့အလိုလောဘ တစ်ခုတည်းပဲကြည့်နေကြတယ် ။ သူ့မှာ သတ်မှတ်ထားတဲ့ Rule တွေရှိသည် ။ Prostitute တစ်ယောက် ကငွေပေးတိုင်း ဖျော်ဖြေရမည်ဟု ဘယ်သူကများ သတ်မှတ်ထားပါသလဲ ။ ဘယ်သူမှ မသတ်မှတ်ထားပါဘူး ။ ငွေရတိုင်း ဒီအလုပ်လုက်ခံမယ်လို့ရော ရှင်တို့ကို ဘယ်သူပြောလဲ ။ ကျွန်တော်သတ်မှတ်ထားတဲ့ အကာအကွယ်သုံးရ မယ်ဆိုတဲ့ ကိစ္စကို လက်မခံသရွေ့ ကျွန်မ အသားကိုတောင်ထိလို့မရဘူးမှတ် ။ ဟူး အင်းလေ ဒီတစ်ယောက်အဆင်မပြေလည်း နောက်တစ်ယောက်ပေါ့ ။ စိတ်ညစ်ညစ်နဲ့ ပလက်ဖောင်း တလျှောက် ရှင်နှောင်းရှောက်လာမိသည် ။ အသက် ၃၀ အရွယ် ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်နှင့် သူ့ပုံစံကို ဒီလောကထဲကလူတွေကတော့ သတိထားမိမှာသေချာသည် ။ သေချာတာကတော့ မာနကို အထိမခံ ဆတ်ဆတ်ထိမခံ ကြီးကျယ်လွန်းသော ရှင်နှောင်းကို ယောက်ျားတွေ တန်းတန်းစွဲဖြစ်ကြသည်မှာ သိပ်တော့ မဆန်းလှပေ ။

“ ရွတ် ရွတ် . . ”
အနောက်မှ လှမ်းခေါ်လိုက်သော အသံကို သူ မကြားချင်ယောင်ဆောင်လိုက်သည် ။ အင်း . . . အလုပ်တစ် ခုတော့ ရပြီထင်ပါရဲ့ ။ ငနဲသားက နောက်က လိုက်လာသည် ။

“ ညီမလေး . . ညီမလေး ”
သူ အလှဆုံးပြုံးရင်းနောက်ပြန်လှည့်လို့ဖြေလိုက်သည် ။ “ ဟုတ်ကဲ့ အကို ဘာများလဲဟင် ”
“ ရှင်နောင်းဆိုတာ ညီမလားဟင် ”
“ အော် ဟုတ်ပါတယ်အကို ”
“ အကို့ကို ရဲနောင်တို့ကပြောလို့ပါ ညီမအကြောင်း ညီမ နဲ့အလုပ်ကိစ္စလေးညှိချင်လို့ ခဏလောက် လိုက်ခဲ့ပါလား ”
“ အော် . . ရပါတယ်အကို ကိုရဲနောင်တို့အသိဆို ဖြစ်ပါတယ် ”

ဒီလိုနဲ့ သူတို့ ခပ်ပေါပေါ အအေးဆိုင်တစ်ခုထဲ ဈေးစကားပြောကြသည် ။ လွန်စွာနာမည်ကြီးလှသော သူဌေးကြီးတစ်ဦးကို ပြုစုရမည်တဲ့ ။ အင်းလေ သူဌေးကြီးဆိုတော့လည်း ပိုက်ဆံလေး ဘာလေး မြိုးမြိုးမျက် မျက်ရတာပေါ့လေ ။ အပြန် တက်က်စီလေးဘာလေး ငှားခွင့်တောင်ရ ချင်ရနိုင်သေးတယ် ။ဟတ်ဟတ် . . .ရှင်နှောင်းအတွက် ကံကြမ္မာက ဒီနေ့ မျက်နှာသာပေးပြန်ပြီထင်ရဲ့ ။

လူကုံထန်တွေချည်းနေတဲ့ရပ်ကွက်က တစ္ဆေဆန်စွာ ခြောက်သွေ့ အေးစက်လွန်းလှသည် ။ သူတို့တွေ ဘာလို့များဒီလောက်ချမ်းသာနေကြပါလိမ့် ။ အင်း လေ ငါ ရှေးဘ၀ကကုသိုလ်ကံတရားနည်းခဲ့မိလို့ထင်ပါရဲ့ ။ သူဌေးကြီးအိမ် သို့သွားရာလမ်းတလျှောက် ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီးကိုပဲ ရှင်နှောင်းပြန်တွေးနေ မိလိုက်သည် ။ ရှင်းနှောင်းတို့က မောင်နှမ ၃ ယောက်ဖြစ်သည် ။ အဖေက အိပ်ရာထဲလေဖြတ်ထားတုန်း အမေက ပန်းနာရင်ကြပ်နဲ့ မလုပ်နိုင်မကိုင်နိုင် ကျန်တဲ့ မောင်လေး နဲ့ညီမလေးက ကျောင်းနေအရွယ်တွေ ။ ရှင်နှောင်းသည်သာ ဒီအိမ်ကလေးရဲ့ အားကိုးရာဖြစ်နေတော့ ။ သူများတွေပြောသလိုပဲရှင်နှောင်းလည်း ဘ၀ကိုရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားဖြတ်သန်းချင်ပါသည် ။ စက်ရုံမှာ ၀င်လုပ်သည် ။ အထည်ချုပ် စက်ရုံက ဟိုဖြတ် ဒီဖြတ်နဲ့တစ်လကို ၆ သောင်းလောက်တောင် မတင်ချင် ။ ဒီလိုနဲ့ညနေဖက် အိမ်မှာ အထည်တွေ ယူချုပ်သည် ။ ဆင်းရဲနုံချာလွန်းသော အိမ်ကလေးကို လူတွေက ၀ိုင်းအထင်သေးကြသည် ။ ရှင်နှောင်းဘ၀ကိုပြောင်းလဲစေသောကိစ္စရပ်ကြီးက ရှင်နှောင်းအသက် ၁၈ နှစ်ပြည့်မှာပေါ်လာသည် ။

“ ရှင်နှောင်း မင်းအဖေ ဦးထွန်းခင် ယူထားတဲ့ ပိုက်ဆံက အတိုးရောအရင်းရောဆိုအခု သိန်း ၂၀ ကျော်နေပြီ အဲးဒါမင်းဘယ်လိုဆပ်မလဲ ”

နားထဲမှကြားလိုက်ရသော စကားသံတွေကို သိပ်မယုံချင် ။ အဖေ . . လုပ်ငန်းတွေအဆင်မပြေ တဖြည်းဖြည်း ဆင်း ရဲလာလိုက်တာ အခု အကြွေး တောင် သိန်း ၂၀ တင်နေတယ်တဲ့ ။ သူ ဘယ်လိုရှာ ရမလဲ . . ။ ရှင်နှောင်းမျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုလို့လာခဲ့တယ် ။

“ ကျွန်မ .. .မရရအောင် ပြန်ဆပ်ပါ့မယ် ဦးရယ် . . .”
“ အေးလေပြီးတာပဲ မဟုတ်ရင်တော့ မင်းတို့တစ်အိမ်လုံးငါ့အကြောင်းသိစေရမယ့် ဒီလပိုင်းအတွင်း ကို ကြေအောင် ဆပ်ပါ ”

နားထဲကို မိုးကြိုးတွေများပစ်နေသလား ။ ရှင်နှောင်းငိုယုံမှ လွဲ၍ ဘာများတတ်နိုင်မှာလဲ ။ ဘ၀ဆိုတာ အဲဒီလို ကမောက်ကမနဲ့နေသားမကျ တဲ့အရာတွေနဲ့ဖွဲ့စည်းထားတဲ့ အခွံကြီးသက်သက်မဟုတ်လား ။ အခွံပဲလေ ရှင်နှောင်းအတွက်တော့ဘာမှမရှိတဲ့အခွံကြီးပါပဲ ။ ဒီလိုနဲ့ စဉ်းစားရင်းစဉ်းစားရင်း ရှင်နှောင်း မတွေး တတ်အောင်ဖြစ်လာမိသည် ။ ထိုရက်ပိုင်းအတွင်း ရှင်နှောင်းသူငယ်ချင်း သူဇာ ရောက်ချ လာသည် ။ သူဇာက ပိုက်ဆံတော့အတော်အသင့်ရှိသည် ။

“ ရှင်နှောင်း . .ငါ သတင်းတွေကြားပါတယ်ဟာ နင်စိတ်တော့သိပ်ညစ်မနေပါနဲ့ ငါ အခု လမ်းကြောင်း တစ်ခုတွေ့ထာလို့ နင် ဦးဂျော်နီကိုသိတယ်မဟုတ်လား ငါတို့ လမ်းထိပ်က လူကြီးလေ အဲဒီလူကြီးက ရပ်ကွက်ထဲက ယိုးဒယားအလုပ်သွားလုပ်ချင်တဲ့သူတွေကို ပို့ပေးတယ်တဲ့ နေစရိတ်စားစရိတ်ဖယ်ပြီးရင် အိမ်ကို ၅ သိန်းလောက်ပို့နိုင်တယ်တဲ့ ငါတို့သွားရအောင် နင်သွားမယ် ဆိုရင်ငါနင့်အတွက် အကုန်စီစဉ်ပေး မယ်လေ ”
 “ ဟင် . . နင်. . နင်ပြောတာ တကယ်လား ဟဲ့ ”
“ အေးပေါ့ဟ ”
“ ဒါနဲ့ ဘာလုပ်ရမှာတုန်းဟ ”
“ အထည်ချုပ်စက်ရုံမှာ ဟက်လ်ပါ ပေါ့ဟာ ”
“ အေးဟာ အဲဒါဆို ငါလုပ်ချင်တယ် ငါ့ကိုကူညီပါဦးဟာမဟုတ်ရင်ငါဒီနွံ့ထဲကထွက်လို့ရမှာမဟုတ်တော့ဘူး ”

ဒီလိုနဲ့ . . ဒီလိုနဲ့ပေါ့ ရှင်နှောင်းတစ်ယောက် ယိုးဒယားကို သူဇာနဲ့အတူရောက်သွားခဲ့ပါတယ် ။ ဦးဂျော်နီရဲ့ အထည်ချုပ် စက်ရုံအမည်ခံ စားသောက်ဆိုင်တစ်ခုမှာ သူဟာ တကယ့်ကို အပျော်မယ် တစ်ယောက်ဖြစ်သွားခဲံရတယ် ။ ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်သူ့ဘ၀က အခွင့်မသာခဲ့ရပါဘူး ။ ငြင်းဆန်မှုတွေ တိုင်းမှာ ခွန်အားကမမျှ . . . မျက်ရည်တို့သာအဖတ်တင်ခဲ့သည် ။ သူများစကား ကိုနားယောင်ပြီး လိုက်လာခဲ့တဲ့ ယုံကြည်မှုတစ်ခုက ရှင်နှောင်းကို ဒီဘ၀ကိုတွန်းပို့ပေးခဲ့သည် ။ ဒီလိုနဲ့ မထူးဇာတ် ကိုခင်းရင်း ရှင်နှောင်းငွေအတော်တန်စုမိတော့ မြန်မာပြည်ပြန်ရောက်လာခဲ့သည် ။ အဖေ . . . ဆုံးသွားပြီ . . . ။ ဘာလို့များ ဒါဏ်ရာတွေချည်းအထပ်ထပ်ပေးနေရသလဲ ရှင်နှောင်းနားမလည်နိုင်တော့ ။ သူ့ဘ၀က အတိတ်က ဖြည့်ဆည်းပေးခဲ့တဲ့ ကုသိုလ်အကုသိုလ်တွေနဲ့သာ ဆိုင်တယ်လို့ ဖြည်တွေးတွေး မိပေမယ့် တခါတလေတော့ လောကကြီးကို ရှင်နှောင်းမကျေနပ်ချင်ပါဘူး ။ အမေ့ ဆေးဖိုး နဲ့ မောင်လေး ညီမလေးတွေ ရဲ့ပညာသင်စရိတ်အတွက် ရပ်ကွက်ထဲ တူတူတန်တန်နေနိုင်ဖို့ ရှင်နှောင်းရဲ့မထူးဇာတ်ကို ရှင်နှောင်းဆက် ကခဲ့ရတယ် ။

ဘယ်သူပြောလဲဟင် . .ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားရင် အဖေ ထောင်ကျသွားမှာပေါ့ အဖြစ်မခံနိုင်ပါဘူး ရှင်နှောင်း ဘ၀ပျက်ရတာ ဘာအရေးလဲ မဟုတ်ဘူးလား ။ ဒါဆို မြန်မာပြည်ရောက်နေပြီပဲ ရိုးရိုးသားသား လုပ်ကိုင်စားပေါ့ ။ ကိုယ်ကိုယ်ကိုယ်ပြန်ထုတ်ရတဲ့မေးခွန်းတွေက တခါတခါခက်လှပါတယ် ။ အင်း လုပ်မှာပေါ့ ရှင်နှောင်း ပိုက်ဆံအတော်စုမိတာနဲ့ တစ်ခြားမြို့ကိုပြောင်းမယ် ။ ကုန်စုံဆိုင်လေးဖွင့်မယ် ။ မောင်လေးနဲ့ညီမလေးကို ပညာတတ်ကြီးတွေဖြစ်အောင်သင်ရမယ် ။ ဟုတ်တယ် မိရှင်နှောင်း ညည်းမျက်ရည်တွေသုတ်လိုက်စမ်း ။ ကိုယ့်ဘ၀ပျက်ရတာ ဘာအရေးလဲအေ . . ကိုယ့်မိသားစုမှာ ကိုယ်မှမကယ် တင်ဘယ်သူကယ်မလဲ ညည်းအမေ ဆေးဖိုးလည်းညည်းသိသားနဲ့ ။

“ ရောက်ပြီခင်ဗျ ဒီအိမ်ပါ ”
ခန်းနားလှတဲ့ ဘန်ဂလိုပုံ့စံအိမ်လေးက တကယ့်ကို သပ်သပ်ရပ်ရပ်ကလေးပါ ။ ရှင်နှောင်းကို အခန်းထဲ အထိလိုက်ပို့ပေးသည် ။ 

အထဲမှာတော့ ထုံးစံအတိုင်း ဆန္ဒအာသီသများသယ်ပိုးထားသော လူ့ခန္ဓာကိုယ်ကြီးတစ်ခု သူ့ကိုစောင့်နေ မည် ။
ထုံးစံအတိုင်းသူ့ကိုမိတ်ဆက်ပြီး ရီဝေေ၀ပြုံးပြမည် ။
ထုံးစံအတိုင်း သူ့ရဲစည်းကမ်းချက် အကာအကွယ်သုံးရမည်ဟု ရှင်နှောင်းပြောမည် ။
လက်ခံလျှင် ထုံးစံအတိုင်း အလုပ်ဖြစ်မည် လက်မခံလျှင် သူ ပြန်ထွက်လာမည် ။
ထုံးစံအတိုင်း ညနေ သွေးသွားစစ်မည် ။
ထုံးစံအတိုင်း အမေ့အတွက်ရင်ကြပ်ရှုဆေးဝယ်ပြီး ကလေးတွေအတွက် စာအုပ် စာတမ်းနဲ့ လိုတာလေးတွေ ၀ယ်ရမည် ။
ထုံးစံအတိုင်း မျက်ရည်တွေကို သုတ်ပစ်ရဦးမည် ။

ဒါပါပဲ လေ . . . .

ဘ၀ဆိုတာ တခါတလေတော့လည်း ထုံးစံအတိုင်းတွေနဲ့ချည်းဖွဲ့စည်းထားတဲ့ ပစ္စုပ္ပန်သက်သက် မဟုတ်ပါ လား ။

သက်တန့်ချို
22 Jan 2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. အင်းးးးးးးးးးးးးးးးးးးးး
    အဲလိုဘ၀တွေ အများကြီးပဲ....:(

    ReplyDelete
  2. မြန်မာပြည်မှမိန်ကလေးတိုင်းဖတ်ပြီးသင်္ကန်းစာ
    ယူဖွယ်ရာပိုစ်.ကောင်းလေးတစ်ပုဒ်ပါ။အားပေးလျှက်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  3. မရင်းနှီးတဲ့ ဘဝတစ်ခုရဲ့ ကန့်လန့်ကာကို ဆွဲဖြန့်ပြီး ကြည့်လိုက်မိပြီ၊၊ ဒီလို ခံယူချက်မျိုးတွေနဲ့ ဘယ်နှစ်ယောက်တောင်များ သူတို့ရဲ့ ဘဝတွေကို စတေးခဲ့ကြပြီလဲ? ဘယ်အရာတွေနဲ့ ဘယ်လိုအကြောင်းတွေကြောင့်များ ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာခဲ့တာလဲ?

    ReplyDelete
  4. သနားလိုက်တာ

    ReplyDelete

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails