Friday, January 1, 2010

အစားခံလိုက်ရသောလက်များ

အစားခံလိုက်ရသောလက်များ





ကျောင်းခန်းတစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည် ။ ကျောင်းသူကျောင်းသား အားလုံး ခေါင်းပင်မော်မကြည့်ရဲကြ ။ ကျောင်းစတတ်သော နံနက်ခင်းအချိန်မို့ ကျောင်းဝင်းတစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေသည် ။ တစ်ခါတစ်ခါ ညည်းတတ်သော ခိုအော်သံမှ အပ မည်သည့်အသံမျှမကြားရပေ ။ ဖြစ်ပုံကိုလည်း ကြည့်ဦး ။ ကျွန်တော်တို့ A ခန်းတွင် ကျောင်းသား ကျောင်းသူပေါင်း ၇၅ ယောက်တိတိရှိပါတယ် ။ အဲဒီအထဲမှာမှ ယောင်္ကျားလေးက ၁၅ ယောက် မိန်းကလေးက အယောက် ၆၀ ရှိပါတယ် ။ အဲဒီလိုကို အချိုးညီတာ ။ မိန်းကလေးတွေ များလွန်းလို့လားမသိဘူး တစ်ခန်းလုံးက ယောင်္ကျားအကုန်လုံးက ခပ်နွဲ့နွဲ့တွေချည်းရယ် ။ ကိုယ်တွေ နှစ်ယောက်သုံးယောက်သာ ထောင်ထွက်နေတာ ။ အရပ်အမောင်းနဲ့ လူကောင်ကို ပြောပါတယ် ။ ဇာတ်လမ်းစဖြစ်ပုံက ဒီလို....... ။

ကျွန်တော်တို့ ဆယ်တန်း အတန်းပိုင် ဆရာမ နာမည်က ဒေါ်လှလှဝင်းတဲ့ ။ အပျိုကြီးပေါ့ ။ စည်းစနစ် သိပ်ကြီးတယ် ။ စာသင်လည်းကောင်းတယ် ။ ကျွန်တော်တို့ ခေတ်က ၀ိဇ္ဖာ သိပ္ပံ မခွဲသေးပါဘူး ။ အားလုံးပေါင်း ကိုးဘာသာပါဝင်ပါတယ် ။ ဆိုတော့ ဆရာဆရာမ ကိုးယောက်ပေါ့ ။ ထူးခြားချက်က Chemistry ဆရာကလွဲလို့ ကျန်တာ အကုန်ဆရာမတွေချည်းပဲ ။ တစ်ယောက်တည်းဆိုသလိုပဲ Chemistry ဆရာက ပိန်ပိန်ပါးပါး မျက်မှန်က ကျွဲကော်ကိုင်းအမည်းကြီးတပ်လို့ အရပ်မြင့်မြင့်နဲ့ သူ့ပုံစံက လေတိုက်ရင်လွင့်တော့မယောင် ။ မသိတဲ့လူကတော့ ကဗျာ ဆရာအိုကြီး တစ်ယောက်လို့ ထင်ကြမှာပါပဲ ။ အဲဒီဆရာနာမည်က ဦးအုန်းကျော်တဲ့ ။ ဦးအုန်းကျော်က ကျောင်းသားကျောင်းသူတွေကို သိပ်ချစ်တယ် ။ စာသင်ရင်လည်း စေတနာပါတယ် ။ တစ်ခုလေးပဲ သူက သူ့ကို စရင်လုံးဝမကြိုက်ဘူး ။ အဲဒီနေ့က အတန်းပိုင်ဆရာမအချိန်ပြီးတော့ ဘိုင်အိုဆရာမအချိန် ။ ပြီးတော့ ဆရာ ဦးအုန်းကျော် ။ သူ့အချိန်လည်းရောက်ရော ဆရာကထုံးစံအတိုင်း ဖိုင်ကြီးတစ်ဖိုင် လက်ထဲညှပ် ။ မြေဖြူခဲလေး ကိုင်ပြီးရောက်လာပါရော ။ အဲဒီတုန်းက whiteboard တွေ marker တွေ မသုံးသေးဘူး ။ ကျွန်တော်တို့ အခန်းမှာ ဆရာဝင်လာတာနဲ့ ထပြီးနှုတ်ဆက်ရပါတယ် ။ ကျွန်တော်က မော်နီတာပါ ။ " အားလုံး နှုတ်ဆက် " လို့ ကျွန်တော်က တိုင်ပေးရပါတယ် ။ ကျွန်တော်လည်း ဆရာဝင်လာတော့ ထုံးစံအတိုင်း တိုင်ပေးတာပေါ့ ။

" အားလုံးနှုတ်ဆက် "

" မင်္ဂလာပါဆရာကြီး"

" မင်္ဂလာပါဆရာမ "

" ဟိုက်" အဲဒီအသံ နှစ်သံက တစ်ပြိုင်နက်ကြားလိုက်ရတာပါ ။ မင်္ဂလာပါဆရာကြီးဆိုတဲ့ ကျောင်းသားထုကြီးရဲ့ အသံထဲမှာ စူးစူးဝါးဝါးနဲ့ မင်္ဂလာပါဆရာမ ဆိုပြီး ထွက်ပေါ်လာတာပါ ။ ကျောင်းသားတွေ အကုန်လုံးကြောင်သွားကြတယ် ။ ဆရာကြီးမျက်နှာက ခဏလေးနဲ့ ရဲတက်လာတယ် ။ စိတ်လည်း အတော်ဆိုးသွားပုံရပါတယ် ။ နောက်တော့ဘာမပြောညာမပြောနဲ့ အခန်းအပြင်ကို ၀ုန်း ဆိုထွက်သွားပါတယ် ။ ကျောင်းသားတွေအားလုံး တစ်ယောက်တစ်ပေါက်နဲ့ပေါ့ ။ နောက် ၅ မိနစ်လောက်ကြာတော့ ပြန်ဝင်လာပါတယ် ။ မီးကိုရေနဲ့သတ်လိုက်သလိုပါပဲ ။

အားလုံးတိတ်သွားကြတယ် ။ အနောက်မှာလည်း အတန်းပိုင်ဆရာမ ပါ ပါလာပါတယ် ။ ဆရာမက

" ကဲ... ဆရာ့ကို မင်္ဂလာပါ ဆရာမလို့ နှုတ်ဆက်တာ ဘယ်သူလဲ "

ကျောင်းသားတွေ အကုန်လုံး ပြုံးစိစိဖြစ်ကုန်ကြသည် ။

" ဖျန်း "

ဆရာမက ကြိမ်လုံးကို စားပွဲပေါ်ကို ရိုက်ချလိုက်ပါတယ် ။ နောက်

" ဘယ်သူလဲ အခုထွက်ခဲ့စမ်း "

ဘယ်သူမှ တုတ်တုတ်မလှုပ်ရဲကြဘူး ။

" ဟိုကောင်မော်နီတာ ဘယ်သူလဲမင်းသိလား "

" ဗျာ...မ ..မ သိဘူးချာမ "

ကြောက်လွန်းလို့ ဆရာမတောင် မပီတော့ပဲ ချာမဖြစ်သွားတယ် ။ ဆရာမက

" ကဲဒါဆို ယောင်္ကျားလေးတွေ အကုန်လုံး အတန်းရှေ့ထွက် လက်ဝါးဖြန့် " တဲ့ ။ ဆရာမစကားလုံးဆုံးရော ကျွန်တော်ဦးဆောင်ပြီး အတန်းရှေ့ကို ၁၅ ယောက်စလုံး ကုပ်ကုပ် ၊ ကုပ်ကုပ်နဲ့ထွက်သွားပါတယ် ။ ဆရာမက ဆရာ့လက်ထဲကို ကြိမ်လုံးထိုးပေးပါတယ် ။ ဆရာက ကျွန်တော်တို့ဆီလျောက်လာပြီး ဖြန့်ထားတဲ့လက်ဝါး တွေပေါ်ကို ဆော်ပလော်တီးပါတော့တယ် ။ တရွှမ်းရွှမ်းကို မြည်ရော.. ။ ကျွန်တော်က ဒေါင့်စွန်းမှာဆိုတော့ နောက်ဆုံးမှ အရိုက်ခံရပါတယ် ။ လူကို အီဆိမ့်သွားတာပဲ ။ ကျွန်တော့်ကိုလည်း ရိုက်ပြီးရော မိန်းကလေး တစ်ယောက်က မတ်တပ်ရပ်ပြီး

" ဆရာမ... သမီး အော်လိုက်တာပါ ဆရာမ "

" ဟင် "

" သမီးကဘာလို့ အော်ရတာလည်း "

" ဟို.. အခုအချိန်က ပထ၀ီဆရာမ အချိန်မှတ်လို့ ဆရာမထင်ပြီး ယောင်အော်မိတာပါ " တဲ့... ကောင်းရော ။ ဒါဆိုလည်း စောစောစီးစီး ၀န်ခံလိုက်တော့ရော ဘာဖြစ်မှာ မို့လို့တုန်း ။ ဒါမှမဟုတ်လည်း မိန်းကလေးတွေပါ အရိုက်ခံပြီးမှ ပြောလည်းရတာပဲ ။ အခုတော့ ကျွန်တော့်ကို ရိုက်ပြီးတဲ့ အလှည့်ကျမှ သူက၀န်ခံလိုက်တယ် ။ ဆရာမကလည်း

" အေးအေး..သမီး အပြစ်လုပ်တဲ့သူဟာ အဲဒီလို ၀န်ခံရဲတဲ့သတ္တိရှိရတယ် ကဲ.ထိုင် " တဲ့ ။ တစ်ကယ်အော်တဲ့ သူက တစ်ချက်တောင်အရိုက်မခံလိုက်ရဘူး ။ အစားခံလိုက်ရတာက ကျွန်တော်တို့လက်တွေ... ။ အဲဒီကောင်မလေးက မိန်းကလေးထုကိုယ်စား ၀င်ကယ်ပေးလိုက်သလိုပါပဲ ။

အဲဒီအချိန်ထဲက ကျွန်တော်မှတ်ချက်တစ်ခုချလိုက်တယ် ။ မိန်းကလေးတွေဟာ သူတို့အချင်းချင်းကြတော့ အတော်စည်းရုံးပြီး ယောင်္ကျားလေးတွေအတွက်ဆိုရင်တော့ ဆရာက အကုန်လုံးကို ရိုက်ပြီးတဲ့အထိကို စောင့်နေတတ်တဲ့ အမျိုးပါလားလို့... ။ :D

စာရေးသူ.....သက်တန့်ချို (၁၁း၃၀ ည ၃၁.၁၂.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. အဲဒါတော့အပြည့်အ၀ထောက်ခံတယ်အစ်ကို..
    သူတို့ချင်းကြသိပ်စည်းလုံးတာ..
    ကျွန်တော်တို့ပဲ ဆော်ပလော်တီးခံချင်ခံရမယ်..သူတို့ကျ အချင်းချင်းကာကွယ်နေတတ်ကြတာ..
    (မှတ်ချက် ဘလော့ဂါအမျိုးသမီးများမပါ) :)

    ReplyDelete
  2. ဟားဟား ... ခံလိုက်ရတာပေါ့။ ကျနော်လည်း ငယ်ငယ်တုန်းက အကြောင်းလေးတွေ သတိရပါတယ်ဗျာ။

    ReplyDelete
  3. အယ်... နေ့အိပ်မက်တို့တုန်းကတော့ တစ်ခန်းလုံးစည်းလုံးပါတယ်ကွယ်... အဲလိုမဟုတ်ရပါဘူး..

    အပေါ်ကကိုဝေလင်းလည်း မှတ်ချက်လေးကြောင့် ခွင့်လွှတ်လိုက်တယ်မှတ်ပါ.. ဟွန်း ဟွန်း :P

    ReplyDelete
  4. တကယ့်အတွေ့အကြုံကို ရေးထားတာထင်တယ်.. ကောင်းလိုက်တာ သက်တန့်ရယ်. အစ်မ ငယ်ငယ် ကိုးတန်းကျောင်းသူဘ၀ကို သတိရမိတယ်..အစ်မတို့ တစ်တန်းလုံးစည်းလုံးတာ အတန်းပိုင်ဆရာမ လက်ဖျားခါရတယ်.. တစ်ကျောင်းလုံးခရစ္စမတ် ဘယ်အတန်းမှ မလုပ်ရတာကို အစ်မတို့အခန်းတစ်ခန်းဘဲ မဖြစ်မနေ ရအောင်လုပ်ခဲ့တာ... အဲဒီအကြောင်းကို တစ်ခါမှတောင် ပြန်သတိ မရဖြစ်ဘူး.. ခု သက်တန့်ရဲ့ စာလေးကိုဖတ်မှဘဲ ပြန်သတိရမိတော့တယ်.. သတိရသွားအောင် နိုးဆွပေးလိုက်တဲ့ အတွက် ကျေးဇူးနော်.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ...

    ReplyDelete
  5. စာတွေ လာဖတ်သွားတယ်..
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ သက်တန့်ချိုရေ

    ReplyDelete
  6. ကျောင်းတော်က ကြိမ်စာ အကြောင်း လက်နာနာ နဲ့ အဲ စိတ်ပါပါနဲ့ ဖတ်ပြီး ပြုံးရယ် သွားတယ် ကိုသက်တန့် ရေ မင်္ဂလာဆောင်သော နှစ်သစ်ပါ ဟာ ဒွတ်ခပဲ မင်္ဂလာ ရှိသော နှစ်သစ်ပါဗျာ .....
    ခင်တဲ့
    ရန်ကုန်သား :)
    စာကြွင်း။ မင်္ဂလာမဆောင်သေးဘူးလား မေးချင် နေတာနဲ့ စာမှားသွားပါ၏ ခွင့်လွှတ်ပါရန်။

    ReplyDelete
  7. ဟီး...ကျနော်လည်း ကြုံဖူးတယ်ဗျ။
    တကယ်ပဲ..ဟီး။
    နောက်မှ ရေးဦးမယ်။
    ရေးထားတာလေး ကြိုက်တယ်ဗျာ။

    ReplyDelete
  8. ရေးထားတာသဘောကျတယ်..အားပေးနေမယ်နော်... :P

    ReplyDelete