Tuesday, January 5, 2010

ဆယ်စုနှစ်ရဲ့ " က " ချင်းတစ်ပုဒ် (တဂ်)

ဆယ်စုနှစ်ရဲ့ " က " ချင်းတစ်ပုဒ် (တဂ်)


( သူငယ်ချင်း မိုးငွေ့ တဂ်ထားတာလေးကို ပြန်လည်ဖြေထားခြင်းဖြစ်ပါတယ် ။ ပြန်လည် ရေးသားတဲ့ အချိန်ကြာသွားတဲ့ ခွင့်လွှတ်ပါ သူငယ်ချင်းရေ... ။ တတ်နိုင်သလောက်တော့ နှစ်သစ်အတွက် အတွေးလေး တွေကို ရေးသားထားပါတယ် ။ )


အချိန်တွေကတော့ ဒီလိုပါပဲ ။ တရွေ့ရွေ့နဲ့ ကုန်နေလိုက်ကြတာ .. ။ ဖွဲကို မီးနဲ့ ရှို့သလိုမျိုးပေါ့... ။ ဒါပေမယ့် သတိမထားလိုက်မိတာက အဲဒီအချိန်တွေနဲ့အတူ အရှို့ခံပြီး ဆုံးရှုံးသွားကြရတာကတော့.. ပျိုမြစ်ငယ်ရွယ်မှုတွေ.. လတ်ဆတ်တဲ့ ရင်ခုန်ခြင်းတွေ .. ဘာအပူအပင်မှ မရှိပဲ နေခွင့်ရခဲ့တဲ့ ငယ်စဉ်ဘ၀တွေပဲပေါ့ ။ ဒါပမေယ့်ကွယ် ဘ၀ဆိုတာမျိုးက အချိန်ကို လိုက်ပြီးသာပြောင်းလဲကြေးဆို .. ကမောက်ကမတွေနဲ့ အလွဲလွဲအချော်ချော် ဖြစ်ကုန်မှာပေါ့ ။ သူက.. တသီးတသန့် နဲ့ပုံစံခွက်ထဲက အရည်ထု အတိုင်းပဲ ။

ရောက်ရှိနေခဲ့တဲ့ အရပ်ကနေ နောက်ကို ပြန်လှည့်ကြည့်မိတော့ အိုး...အံ့သြစရာကောင်းလောက်တဲ့ ခရီးရှည်ကြီး ။တစ်ချို့နေရာတွေမှာ ရှုံးခဲ့တယ် ။ တစ်ချို့နေရာတွေမှ နိုင်ခဲ့တယ် ။ အခုဒေသက .. ဆယ်စုနှစ်တစ်ခုရဲ့ နောက်ဆုံးရွာလေးပေါ့ .. ၂၀၁၀ တဲ့ ။ သိပ်ကို လှပတယ် ။ သိပ်သည်းကျစ်လစ်တယ် ။ အဲဒါကလည်း ပန်းခင်းလမ်းတစ်ခု မဟုတ်တာတော့ သေချာတယ် ။

သူက ကန္တာရလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ။ ခြောက်သွေ့အထီးကျန်ဆန်ခြင်းတွေနဲ့ပေါ့ ။ ဆူးခင်း လမ်းမကြီးလည်း ဖြစ်နိုင်တယ် ။ ဒါဏ်ရာ ဗရပွနဲ့ ကိုယ့်ခြေမကို ကိုယ်ငုံ့ကြည့်သလိုမျိုးပေါ့ ။ တစ်ခါတစ်ခါတော့လည်း ချိုအီသင်းရှတဲ့ ဆိတ်ဖလူးရနဲ့နဲ့ ပန်းခင်းလမ်းလေးဖြစ်ဖို့လည်း မ၀ံ့မရဲ ဆုတောင်း မိတယ် ။ ဒါပေမယ့်ကွယ် ဆုတောင်းတိုင်းသာ ပြည့်ရကြေးဆို... လူတွေဘာများလုပ်နေဖို့လိုအပ်လို့လဲ .. ။

၂၀၁၀...

ကိန်းဂဏန်းတွေဝါးမြိုတဲ့ သက္ကရာဇ်...
ဘာတွေဆက်လုပ်ကြမှာလဲဆိုတဲ့ အတွေးစု....
ဦးခေါင်းထဲ တရီရီ မူးလို့...
စိုက်ပျိုးကြမှာလား...
ရိတ်သိမ်းကြမှာလား...
ကုသိုလ်တွေနဲ့ မိတ်ဖွဲ့မှာလား...
အကုသိုလ်တွေနဲ့ စစ်ခင်းမှာလား...
လူတွေလူတွေ....
အားလုံးကိုယ်စီဆုတောင်းကြတယ်....
" HAPPY NEW YEAR " တဲ့...
ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ.....

စစ်မှန်တဲ့ပျော်ရွှင်ခြင်းက ဘယ်ကလာပါသလဲ ။ ပြီးပြည့်စုံတဲ့ ဘ၀တစ်ခုကနေလား ။ ငွေကြေးပြည့်စုံမှုကနေလား ။ လူတွေ တသသ ပြောနေကြတဲ့ အချစ်ဆိုတဲ့ အရာကနေလား ။ဒါမှမဟုတ် အလုပ်အကိုင် ရာထူး ဂုဏ်ရှိန် သိက္ခာတွေကနေ မြစ်ဖျားခံလာပါသလား ။ တကယ်တော့ကွယ်.. စစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတာ နှလုံးသားရဲ့ ဟိုး...အနက်ရှိုင်းဆုံးဆီက စိတ်ဝိဥာဉ်လေး တစ်ခုပါပဲ ။ နှစ်သစ်ရောက်လာပြီ.. အဟောင်းတွေ အတိတ်မှာထားခဲ့ဆိုတဲ့ အသိနဲ့ အဲဒီစိတ်ဝိဥာဉ်လေး နိုးထလာတယ် ။ ပျော်ကြပါးကြတယ် ။ မြူးထူးကခုန်ကြတယ် ။ တကယ်ပဲ ကိုယ်ပြုခဲ့တဲ့ အရာတွေ.. ကောင်းမှု မကောင်းမှုတွေ အတ္တတွေ.. မာန်မာန ပြုံး ရီ ငို လွမ်း ဆွေး အားလုံးကျန်ခဲ့မှာတဲ့လား ။ ပျောက်ဆုံးမှာတဲ့လား .. ။

တကယ်တော့ကွယ်... ခြောက်သွေ့တဲ့ ဘ၀တွေ (ကိုယ့်ဘ၀ ၊ ကိုယ့်ဒေသ ၊ ကိုယ့်မွေးရပ် နဲ့ ဝေးနေတဲ့သူတွေ ) အတွက်တော့ နွေးထွေးလှိုက်ဖိုတဲ့ မေတ္တာတစ်ခု ထမင်းတစ်လုပ် စကားလေး တစ်ခွန်းကသာလျှင် စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ပေးစွမ်းနိုင်ပါတယ် ။ ဒါဆို နှစ်သစ်ရောက်မှပဲ " ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ " လို့ ပြောခွင့်ရှိတာတဲ့လား ။ မဟုတ်ရပါဘူး ။ အချိန်တိုင်း အချိန်တိုင်း မွေးရပ်နဲ့ ဝေးတဲ့လူသားတိုင်း အမိရင်ခွင်ကို ပြန်လာနိုင်ကြပါစေ ။ မေတ္တာငွေ့ နွေးနွေးကို အမြန်ပြန်ခိုလှုံခွင့်ရပါစေ .... ။ သေချာတာကတော့.. အချိန်ဆိုတာ တရွေ့ရွေ့သွားနေဦးမှာပါပဲ ... ။

( သူငယ်ချင်း မိုးငွေ့ရေ ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ အခုလို သတိတရနဲ့ တဂ်ပေးတဲ့ အတွက်လည်း အထူးပဲ ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ... ။ )

စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. သက်တန့်ရေ...ကျေးဇူးတင်ပါတယ် အမကိုရေးပေးတဲ့အတွက်....။
    2010မှာ သက်တန့်လိုရာဆန္ဒအားလုံးပြည့်ဝပါစေနော်

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete