Saturday, January 2, 2010

ချစ်ခြင်းနှင့် ဖွဲ့သီသော....

ချစ်ခြင်းနှင့် ဖွဲ့သီသော....




မနက်လေးနာရီထိုးသည်နှင့် ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံကအချိန်မှန် ထွက်ပေါ်လာခဲ့သည် ။ တောရွာတို့၏ ဓလေ့ထုံးစံအတိုင်း မနက်ဆွမ်းထချက်ရန်အတွက် အိမ်အသီးသီးမှ မှန်အိမ်မီးလေး တွေလင်းလာခဲ့သည် ။ တိတ်ဆိတ်ကာ ငြိမ်သက်လှသည့် တောဓလေ့အတိုင်း အရာအားလုံးသည် အေးအေးချမ်းချမ်းရှိလှသည် ။

" ဟဲ့ မင်းဒင်ထတော့ဟဲ့ .. အုန်းမောင်းခေါင်နေပြီ နင်ပိုက်ပြင်စရာရှိသေးတယ်မှတ်လား "

" အင်းပါအမေရဲ့ ကျွန်တော်နိုးနေပါပြီ... မျက်နှာတောင်သစ်ပြီးပေါ့ .. "

" အေး..အေး"

မင်းဒင်နှင့် သူ့အမေတို့ ပြောသံများက တစ်ရွာလုံး အတွက်တော့ နေ့စဉ်ကြားနေကြ သံစဉ်တစ်ပုဒ်နှယ် ။ မင်းဒင်က ပြောပြောဆိုဆို မီးဖိုချောင်ထဲဝင်ပြီး မနေ့က ကျန်သည့် ထမင်းကြမ်းခဲကို ဇလုံထဲ သွန်ချလိုက်သည် ။ ပြီးတော့ ငါးဟင်းအကျန်ကို ဇလုံထဲ မှောက်ချလိုက်ပြီး အားရပါးရနယ်ကာ လွေးတော့သည်။ တောသူတောင် သားတို့ ဓလေ့အတိုင်း ဒီလို နံနက်ခင်းမျိုးမှာ အဆာခံရန် ထမင်းကြမ်းသာ အားပြုလေ့ရှိကြသည် ။

ထမင်းကြမ်းစားပြီးသည်နှင့် ငါးဖမ်းထွက်ရန်အတွက် ပိုက်များ ထမင်းထုပ် ဆေးပေါ့လိပ် မီးခြစ် စသည်တို့ကို စေ့အောင်စစ်ပြီးသည်နှင့် အိမ်ပေါ်မှ ဆင်းလာခဲ့သည် ။

" အမေရေ ကျွန်တော်သွားပြီဗျိုး "

" အေးအေးသား ..စောစောပြန်ခဲ့နော် "

" ဟုတ်ကဲ့အမေ "

ထိုစကားသံများဆုံးသည်နှင့် မင်းဒင်တစ်ယောက် ပင်လယ်ဖက်ဆီသို့ တရွေ့ရွေ့ထွက်ခွာသွားသည်ကို မြင်ရပေလိမ့်မည် ။ ဒါကားနေ့စဉ် ပန်းချီကားတစ်ချပ်ပင် ။ မင်းဒင်က အသက် ၃၅ နှစ် ခန့်ရှိပြီ ။ လူကောင်ထွားထွား မျက်နှာ မှာ ငယ်စဉ်ကလောကဓံများကြောင့် ရှိရင်းစွဲအသက်ထက် ပိုရင့်သည်ဟု ထင်ရသယောင် ။ အသားကညိုပြီး ရုတ်တရက်ကြည့်လျှင် လူကြမ်းတစ်ယောက်အသွင်ရှိလေသည်။ မင်းဒင်က လူမှန်သမားဖြစ်သည်။ မှန်လွန်းတော့လည်း တချို့သောရပ်ရွာကိစ္စတွေမှာ သူနှင့်ဘုဂလန့် ။ တစ်ခါတုန်း ကလည်း ရွာထဲမှာ သာအေးနဲ့ ဂျမ်းဘုံတို့ ရန်ဖြစ်တာကို သူကကြားထဲကနေ ၀င်ဖြေရင်း တစ်ယောက်တစ် ချက်ဆီ ဇတ်ပိုးအုပ်လိုက်လို့ ဟိုနှစ်ယောက်ဇတ်ပုသွားကြတယ် ။ ပြီးတော့ ဆန်တစ်ပြည်သွားပေးပြီး

" ရော..ကလေးတွေကို ၀၀လင်လင်ချက်ကျွေးလိုက် " တဲ့.. ။ အဲဒီလို... ။ စိတ်ရင်းကောင်းပေမယ့် ဆက်ဆံပုံကြမ်းတာကြောင့် တစ်ရွာလုံး သူ့ကို ကြောက်ကြရတယ် ။ တစ်ခါကလည်း ရွာအပြင်ထန်းတောထဲမှပေါ့.... ။

တစ်ဖက်ရွာက မြို့သားတွေ ထန်းရည်တောထဲရောက်လာပါတယ် ။ မူးမူးရူးရူးနဲ့ မင်းဒင်တို့ရွာက ကောင်မလေးတွေ ဖြတ်သွားတာကို

" ဟေ့ အသည်းလေး လှလှချည်လား ကိုယ်တို့နဲ့ လိုက်ခဲ့ပါလား "

ဘာညာနဲ့ အာချောင်မိလို့ မင်းဒင်ထရိုက်လိုက်တာ သကောင့်သားတွေခွေးပြေးဝက်ပြေးပြေးရပါရောလား ။ သူက အဲဒီလိုလည်း သူ့ရပ်ရွာကိုချစ်သေးတယ် ။ ကြာလာတော့ သူတို့ရပ်ရွာမှာ မင်းဒင်ရှေ့မှာဆို တော်ရုံရန်မဖြစ်ရဲကြတော့ပေ ။ ရန်ပွဲတွေမှာ မတရားဘူးဟုထင်လျှင် ၀င်ပါတတ်သောကြောင့် ထိတ်တုံးစာ မိပေါင်းလည်း များပြီ ။ တစ်ခါတုန်းကလည်း ရွာက ကျီးမနိုးပွဲမှာပေါ့ ။ ကာလသားတွေထုံး စံအတိုင်းပျော်ကြပါးကြနဲ့ မင်းဒင်တယုတယမွေးထားတဲ့ ကြက်ဖကြီးကိုခိုးယူသွားတယ် ။ ဘာပြောကောင်းမလဲ ။ မင်းဒင်လည်း ဒေါသချောင်းချောင်းထွက်သွားတာပေါ့ ။ ငှက်ကြီးတောင်ဓါးကြီးဆွဲပြီး သူ့ကြက်ဖခိုးတဲ့ကောင် တွေကို ခုတ်မယ် တကဲကဲ လုပ်နေလို့ မနဲဝိုင်းတားထားရတယ် ။ နောက်တော့ တောင်းတောင်းပန်ပန်နဲ့ ပြန်ပေးလိုက်လို့ ကြေလည်သွားတယ်မှတ် ။ သတ်သာ သတ်စားမိလို့ကတော့ .. ။ ဟွန်း ဘာပြောကောင်းမလဲ ။ အဲဒီလို... မင်းဒင်က.... ။

မင်းဒင်က လူသာကြမ်းကြမ်းတမ်းတမ်း စိတ်ကအရမ်းနုတယ် ။ သူတို့ရွာမှာ အချမ်းသာဆုံးစာရင်းဝင် ငါးဒိုင် ဦးစိန်လှရဲ့ သမီး မိမိုးကို မင်းဒင်ကြီးက ကြိတ်ကြိုက်နေတယ် ။ အခြားနေရာမှာသာ မင်းဒင်ကကြမ်းတာ ။ နှလုံးသားရေးရာမှာတော့ သူက တကယ့်ကို အတွေ့အကြုံမရှိဘူး ။ မိမိုးရှေ့ရောက်ရင် မင်ဒင်တစ်ယောက် ကျားဘ၀ကနေ ကြောင်ဖြစ်သွားတယ် ။ သူက အသက် ၂၀ လောက်ကတည်းက ကြိတ်ကြိုက်လာတာ ။ ဖွင့်မပြောရဲလို့တဲ့ အခု ၃၅ နှစ်ရှိပြီ ။ ဒီတိုင်းပဲ ဒုံရင်းက ဒုံရင်း ။ မိမိုးက မင်းဒင်ကို စိတ်ထဲတောင် မထားဘူး ။ ပိုက်ဆံလည်း ရှိတယ်ဆိုတော့ မာမာစီးစီးနဲ့ မျက်နှာလည်း အရမ်းများတယ် ။ ဟိုလူ့တွဲ ဒီလူ့တွဲနဲ့ ။ မင်းဒင်က ဘာမှ ၀င်မပြောရှာဘူး ။ တစ်နေ့တော့ မိမိုးအဖေကြီး ပိုးထိလို့ ဆုံးသွားတယ် ။ ငါးဒိုင်မှာ ဦးစီးမဲ့လူမရှိတဲ့အတွက် တစ်လအတွင်းမှာပဲ မိမိုးတို့အတော်ဆင်းရဲသွားတယ် ။ မိမိုးကတော့ မမှုဘူး ။ ဟိုလူ့တွဲလိုက် ဒီလူ့တွဲလိုက်နဲ့ပဲ ။ မင်းဒင်ကြီး ကစဉ်းစားတယ် ။ သူအရဲစွန့်ပြီး ဖွင့်ပြောဖို့ အချိန်တန်ပြီပေါ့ ။ ဒါနဲ့ မိမိုးရေခပ်ဆင်းတဲ့တစ်နေ့မှာ အနားမှာ ရစ်သီရစ်သီသွားလုပ်တယ် ။ အနားက အဖော်တွေကလည်း မင်းဒင်ကြီးပိုးနေမှန်းသိလို့ ရှောင်ပေးကြတယ် ။ မင်းဒင်ကလည်း မယောင်မလည်နဲ့သွားပြီး

" မိ... မိမိုး "

" ဘာတုန်း "

ဟိုကဘုဆတ်ဆတ် ပြန်အော်လိုက်တော့ မင်းဒင်က ခြေဖျားလက်ဖျားတွေ တုန်သွားတယ် ။

" ဟို..ဟို.. ငါ နင့်ကို ပြောစရာရှိလို့ဟ "

" ပြော "

" ဟို.. ဟို.. ငါနင့်ကိုကြိုက်လို့ ဟ "

" ဘာ "

ပြောပြီးတာနဲ့ မိမိုးစကားဆုံးအောင်မစောင့်တော့ဘူး ။ ချာကနဲလှည့်ပြေးတာ မှုန်နေတာပဲ ။ နောက်တော့ ရှက်လို့ဆိုပြီး ၁ ပါတ်လောက် အိမ်ထဲကနေမထွက်ပဲ မိမိုးကိုရှောင်နေတယ် ။ အဲဒီအချိန်မှာ မိမိုးကလည်း စဉ်းစားတယ် ။ သူနဲ့ တွဲနေတဲ့ကောင်တွေက တစ်ကောင်မှ ဖြစ်ဖြစ်မြောက်မြောက်မရှိ ။ အရက်သမား ဖဲသမားတွေ က အများသား ။ မင်းဒင်ကြီးဆို တစ်သက်လုံးခိုင်းစားလို့ ရသည်ပေါ့ ။ အဲဒါနဲ့လက်ခံဖို့ ဆုံးဖြတ်လိုက်တယ် ။

၁ ပါတ်ကျော်ပြီးတော့ မင်းဒင်ကြီးမနေနိုင်ပါဘူး ။ မိမိုးတို့အိမ်ရှေ့နား မယောင်မလည်သွားလုပ်နေတယ် ။ မိမိုးက အိမ်ပေါ်ကနေလည်းမြင်ရော အိမ်အောက်ဆင်းလာတယ် ။ နောက်မင်းဒင်ကြီးနားလာပြီး

" တော် ကျုပ်ကိုကြိုက်ရင် အမေ့ဆီလာတောင်းလှည့် "

တစ်ခွန်းတည်းပြောပြီး ပြန်လှည့်သွားတယ် ။ မင်းဒင်ကြီးခမျာ ကျောက်ရုပ်ကြီးလိုကျန်ခဲ့တယ် ။ အံ့သြ၀မ်းသာ လွန်းလို့လေ ။ နောက်တော့ ပျော်လွန်းလို့ ခုန်ပေါက်ပြေးသွားတာ ရွာလမ်းတလျောက်လုံး ဖုန်တလူးလူးနဲ့.... ။

အဲဒီလိုနဲ့ မင်းဒင်ကြီးနဲ့ မိမိုးတို့ အိမ်ထောင်ကျပါတယ် ။ မင်းဒင်က အရင်ကထက် အလုပ်ကို ပိုကြိုးစားတယ် ။ ရသမျှပိုက်ဆံ မိန်းမကို အပ်တယ် ။ သူ့မိန်းမမိမိုးကတော့နေ့တိုင်း သနပ်ခါးအဖွေးသားနဲ့ ကြော့ကြော့လေးပဲပေါ့ ။ ဒါပေမယ့် ကြာလာတော့ ဇာတိကပြလာတာပါပဲ ။ မိမိုးက သူတို့ အရင်က သူရင်းဌား စံလှနဲ့ ကြိတ်ပိုးပြန်ခုတ်နေတယ် ။ မင်းဒင်ကြီး လှေထွက်သွားတာနဲ့ စံလှရောက်လာပြီ ။ မင်းဒင်ပြန်လာခါနီးမှ သုတ်သုတ် ၊ သုတ်သုတ် နဲ့ ပြန်ထွက်သွားတယ် ။ ကြာလာတော့ ရပ်ရွာထဲက ကာလသားတွေက မင်းဒင်ကြီးဖက်ကနာလာကြတယ် ။ ရပ်ရွာနာတယ်လို့လည်း ထင်လာကြတယ် ။ သူတို့ခမျာလည်း မင်းဒင်ပြန်လာခါနီးဆို စံလှ ထွက်မလာသေးပါလား ဟိုကပြန်လာတော့မယ် သေကုန်တော့မှာပဲ ဆိုပြီး စိတ်ပူနေကြရတယ် ။ တစ်နေ့မှာတော့......။

အဲဒီနေ့က မင်းဒင်ကြီး နေမကောင်းလို့ ဆိုပြီး လှေကို အစောကြီး သိမ်းပြီး ပြန်လာတယ် ။ မင်းဒင်ကိုလည်း မြင်ရော အားလုံးထိတ်သွားကြတယ် ။ ပြဿနာတော့ ဖြစ်ပြီပေါ့ ။ နောက်မင်းဒင်ကို အရင် အကျိုးအကြောင်း သွားပြောပြရင်ကောင်းမယ်ဆိုပြီး တိုင်ပင်ကြတယ် ။ ဟုတ်လည်းဟုတ်တယ်လေ မင်းဒင်ကစိတ်ကြီးတာကိုး ။ ကျိန်းသေသတ်ပွဲဖြစ်မှာ လို့ တွက်ထားကြတယ် ။ တစ်ချို့မိဘတွေက ကလေးငယ်တွေကိုတောင် အိမ်ပေါ်တက်ခိုင်းထားကြပြီ ။ တစ်ရွာလုံးလည်း တိတ်ဆိတ်လို့ ။ နောက်အသက်နဲနဲ ကြီးတဲ့ အဘညိုက သူသွားပြောမယ်ဆိုပြီးထွက်သွားတယ် ။ မင်းဒင်နဲ့လည်း ဆုံရော အဘညိုက

" မင်းဒင် "

" ဗျာ အဘညို ဘယ်လည်း "

" အေး.. မင်းကိုပြောစရာရှိ လို့ကွ "

" ဟုတ်ကဲ့ပြောလေအဘညို "

" အေး မင်းစိတ်ခိုင်ခိုင်ထားကွာ မင်းမိန်းမ မိမိုးက ရွာထဲက စံလှနဲ့ ဖောက်ပြန်နေတယ်ကွ "

အဘညိုက မခံမရပ်နိုင်ပြောတယ် ။

" ဗျာ အာ...ဟုတ်လို့လား အဘညိုရာ မဖြစ်နိုင်ပါဘူး "

" အေးမင်းမယုံရင် လိုက်ကြည့် မင်းအိမ်မှာ အခုသူတို့ရှိတယ် "

အဘညိုစကားလည်း ဆုံးရောမင်းဒင်တစ်ယောက် ခြေလှမ်းကျဲကြီးတွေနဲ့ သူ့အိမ်ဆီ လျောက်သွားတယ် ။ တစ်ရွာလုံးကလည်း ဘုရား တကုန်ကြတယ် ။ ကာလသားတွေနဲ့ အဘညိုလည်း ၀ိုင်းဆွဲဖို့ မင်းဒင်နောက်က လိုက်သွားကြတယ် ။ နောက် မင်းဒင်က သူ့အိမ်လည်းရောက်ရော အိမ်ပေါ်တန်းတက်သွားတယ် ။ အခန်းထဲမှာ သူ့ရဲ့ ချစ်လှစွာသော မိမိုးနဲ့ စံလှကိုသွားတွေ့တယ် ။ မိမိုးလည်း မင်းဒင်ကို ကြည့်ပြီး ကြက်သေသေသွားတယ် ။

" ဟို..ဟို..ကိုမင်းဒင် "

နောက်ဘာမပြောညာမပြောနဲ့ ငိုချပါလေရော ။ မင်းဒင်ကြီးက မိမိုးကို တွေတွေကြီးစိုက်ကြည့်နေတယ် ။ ထူးဆန်းတာက မင်းဒင်ကြီး မျက်နှာမှာ ဒေါသဖြစ်တဲ့အရိပ်အယောင်လုံးဝ မတွေ့ရဘူး ။ မိမိုးက

" ကိုမင်းဒင် ကျွန်မကို ကွာရှင်းပေးပါတော့ ကျွန်..ကျွန်မကို ခွင့်လွှတ်ပါ " တဲ့ ။

" အေး "

မင်းဒင်ကြီးက တစ်ခွန်းတည်းပြောပြီး အိမ်ပေါ်ကချာကနဲလှည့်ဆင်းသွားတယ် ။ နောက်တော့ ရွာဦးစေတီဖက်ကို ထွက်သွားတယ် ။ တစ်ညလုံးလည်း ပြန်မလာတော့ဘူး ။ တွေ့တဲ့သူတွေကတော့ မင်းဒင်ကြီး ရွာဦးစေတီ အစွန်းမှာ ငူငူကြီး ထိုင်နေတယ်တဲ့ ။

နောက်တစ်နေ့ သူကြီးအိမ်မှာ မင်းဒင်ရယ် မိမိုးရယ် စံလှရယ် သုံးဦး တွေ့ကြတယ် ။ စာချုပ်လေးပေါ်မှာ မင်းဒင်ကြီးက တည်တည်ငြိမ်ငြိမ်ပဲ လက်မှတ်ထိုးပေးတယ် ။ မိမိုးကတော့ တရှုံ့ရှုံ့ပေါ့ ။ တစ်ရွာလုံးကတော့ မိမိုးရော စံလှကိုရောကို သတ်ချင်နေကြတယ် ။ နောက်မိမိုးက မင်းဒင်ကြီးဆင်ထားတဲ့ နားကပ်နဲ့ ဆွဲကြိုးကို ဖြုတ်ပေးတယ် ။ မင်းဒင်က

" နင်ယူထားလိုက်ပါမိမိုး နင်တို့ နှစ်ယောက် ရင်းနှီးစားလို့ရတာပေါ့ " တဲ့ ။

အိကနဲ မိမိုးက ငိုပါတယ် ။ နောက်

" ကိုမင်းဒင်ကို ကန်တော့သွားပါရစေ "

ဆိုပြီး မင်းဒင်ကြီးကို ထိုင်ကန်တော့ပါတယ် ။ ကန်တော့ပြီးတော့ လမ်းခွဲခါနီးအချိန်ပေါ့ ။ ရပ်ကြည့်နေတဲ့ ရွာသား အကုန်လုံးကလည်း ကမ္ဘာပေါ်မှာ အဆွေးမြေ့ဆုံးဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရသလို ။ ဆို့ဆို့နင့်နင့်နဲ့ ။ မင်းဒင်ကြီးကို ၀ိုင်းပြီး သနားနေကြတယ် ။ မင်းဒင်ကြီးကလည်း ကြေကွဲတသတဲ့ မျက်ဝန်းတွေနဲ့ မျက်ရည်တွေဝိုင်းလို့ ။ မျက်ရည်တွေကျမှာစိုးလို့ မျက်တောင်လေး တခတ်ခတ်နဲ့ပေါ့ ။ နောက်မိမိုး ကျောခိုင်းအထွက်မှာ

" မိမိုး "

မိမိုး ပြန်လှည့်ကြည့်တယ် ။

" နင်စံလှနဲ့ မပေါင်းချင်တော့ရင် ငါ့ဆီပြန်လာပါနော် "

" ဟာ "

မိမိုးက အိကနဲ တစ်ချက်ငိုပြီး မင်းဒင်ကြီး ရင်ခွင်ထဲ ပြေးဝင်လာတယ် ။ အဲဒီမှာတင်ပွဲကသိမ်းရော ။ ဟိုကောင်စံလှ ငိုက်စိုက်ငိုက်စိုက်နဲ့ လှည့်ထွက်သွားတယ် ။

အဲဒီနေ့ကစပြီး မင်းဒင်နဲ့ မိမိုးတို့ ပြန်ပေါင်းကြတယ် ။ မိမိုးကလည်း အနေအထိုင်ပိရိလာတယ် ။ တကယ့်ကို ဗိုင်းကောင်းကျောက်ဖိပဲ ။ ကြာလာတော့ ခြံခုန်ဖူးတဲ့ သူလို့တောင် ဘယ်သူမှ မထင်ကြတော့ဘူး ။ မင်းဒင်ကြီးအပေါ်လည်း ရိုရိုသေသေဆက်ဆံလာတယ် ။ မယားဝတ္တရားငါးပါးနဲ့ အညီနေထိုင်လာတယ် ။ အခုဆို မင်းဒင်နဲ့ မိမိုးတို့ ကလေး ငါးယောက်ရနေပါပြီ ။ တစ်ရွာလုံးကလည်း ကလေးတွေကို ၀ိုင်းချစ်ကြတယ် ။ ညနေနေညိုချိန်ဆို မိမိုးနဲ့ ကလေးငါးယောက်ကို သူတို့ရဲ့ မင်းဒင်ကြီး ပြန်အလာစောင့်မျှော်နေပုံကို နေ့စဉ်နေ့စဉ် လှပသော ပန်းချီကားအဖြစ်တွေ့မြင်ရပါတော့တယ် ..... ။

စာရေးသူ....သက်တန့်ချို (၁၁း၅၀ ည ၁.၁.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. လာဖတ်သွားပါတယ်နော်......

    ReplyDelete
  2. နှစ်သစ်မှာပျော်ရွှင်ပါစေ

    ReplyDelete
  3. ဇာတ်လမ်းကကောင်းပြီး တိုနေတော့ ဖတ်ရတာ ပေါ့နေသလိုပဲ

    ReplyDelete
  4. ဟုတ်တယ်ဗျိုး တိုပစ်လိုက်တာ..ရှည်ရင် လက်ကထိန်းရတော့မှာမဟုတ်ဘူး အပိုင်းပိုင်းခွဲနေရမှာစိုးလို့ ဟီးး)

    ReplyDelete
  5. အစ်ကိုက နောက်ဆုံးနားကျမှ တိခနဲဖြတ်ချလိုက်တာကိုး..
    ဒါပေမယ့် ဇာတ်လမ်းလေးက ကောင်းပါတယ်။
    နောက်သူ့အမေကို ဇာတ်မြှုပ်ပစ်လိုက်တာ။ တစ်လျှောက်လုံးပါမလာတော့ဘူး။ အစ်ကိုမေ့သွားတာလား။ သားအမိနှစ်ယောက်တည်းနေတာဆိုရင်တော့ အမေကို ထားပြီး လင်မယားနှစ်ယောက်တည်း မနေလောက်ဘူးထင်တယ်။ ဒါဆိုဇာတ်လမ်းက တစ်မျိုး ဖြစ်သွားတော့မှာ..

    ReplyDelete
  6. သူ့အမေက ပါယုံလေးပဲ သားအမိနှစ်ယောက်ရှိတယ်ဆိုတာ သိစေချင်လို့လေ အဓိကက မင်းဒင်ကြီးကိုပဲ ရေးစေချင်တာ ဟိုက ဇတ်ကောင်မဟုတ်လို့ ဖြုတ်လိုက်တာ ဖလင်ဈေးသက်သာအောင်လို့း)

    ReplyDelete