အစ်မတော်နတ်သမီးဘလော့(ဂ်) သုံးနှစ်ပြည့်အတွက် တစ်ခုခုရေးမယ်လို့ စဉ်းစားတယ် ။ ဒီတော့ ဆောင်းပါး ပဲရေးရမလား ဆိုက်ပရပ်ပဲရေးရမလား စဉ်းစားရင်းနောက်ဆုံးကိုယ်အားသန်တဲ့ကဗျာပဲ ချရေးမိတယ် ။ လွန်ခဲ့တဲ့ ၃နှစ်ကတည်းကစလို့ မောင်နှမရင်းချာတွေလို အတူတူဖေးမကူညီရင်း စာတွေရေးကဗျာတွေရေးလာခဲ့ကြတာ အစ်မတော် နမ်းမ၀ရဲ့ ဘလော့ဂ် ၃ နှစ်ပြည့်ခဲ့ပြီဖြစ် တယ် ။ ဆိုက်ပရပ် မြို့ကလေးရဲ့ ဒဏ္ဍာရီတွေ နူးညံ့လှတဲ့ သူ့က ဗျာတွေဟာ တကယ်တော့ စာဖတ်သူတွေကို စွဲဆောင်နိုင်ယုံသာမက ဗဟုသုတတွေပါတိုးပွားစေခဲ့တယ် ။ အစ်မတော်ရေ ဘလော့ဂ် ၃ နှစ်ပြည့်မှသည် နောင် နှစ်ပေါင်းများစွာ အထိတိုင်အောင် စာပေ ဖြင့် ဘာသာအကျိုး သာသနာအကျိုးကို ဆထက်တံပိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးရင်းဒီကဗျာလေးကို ချရေးလိုက်ပါတယ် ။
နတ်သမီးကမ်းခြေ (သို့ ) ဆိုက်ပရပ်မှ မီးအိမ်ရှင်
အလင်းတွေနဲ့တွယ်ယှက် -- တကယ်ခက်တဲ့ ဘ၀ ဆိုတဲ့အရာမှာ
အမကြီး အမိအရာ -- သွန်သင်ပဲ့ပြင်ဆုံးမမှုနဲ့
ငါတို့ လူလားမြောက်ခဲ့ကြတာ နှစ်ပေါင်း ၃၀ နီးပါး
လေလှိုင်းပေါ်မှာ ရွှေငွေတွေထက်အဖိုးတန်တဲ့ ခင်မင်ရင်းနှီးမှုနဲ့
လေလှိုင်းပေါ်မှာ စိမ်းစည်ဥစ္စာတွေထက်အဖိုးတန်တဲ့ သံယောဇဉ်တွေနဲ့
သူ ရက်လုပ်ခဲ့တာ အခုဆို ရက်ပေါင်း ၁၀၉၅ ။
ကမ်းခြေတစ်ခုသာသာပါပဲ ပင်လယ်ကသယ်ဆောင်တဲ့လှိုင်းဒါဏ်ကိုခံရတယ်
ကမ်းခြေတစ်ခုသာသာပါပဲ လှိုင်းတွေက သယ်ဆောင်တဲ့ အမှိုက်တွေလည်းလာလာကပ်တယ်
ကမ်းခြေတစ်ခုသာသာပါပဲ ဒေါသကြီးတဲ့ မုန်တိုင်းတွေလည်းရင်ဆိုင်ရတယ်
သူ ဟာ ကျောက်ဆောင် -- မားမားမတ်မတ်ရပ်လို့
သူ ဟာ ကမ်းခြေ -- လန်းလန်းဆန်းဆန်း ဖူးပွင့်လို့
သူ ဟာ ပင်လယ် -- အားကြိုးမာန်တက် လှော်ခတ်လို့
ခရီးတစ်ခု မှတ်တိုင်တစ်ခု စိုက်ထူ ခဲ့ ။
လက်တစ်ဖက်မှာ မီးအိမ်တစ်ခုကို ကိုင်စွဲ
သူတိုက်ပွဲဝင်ခဲ့တယ် -- အမှန်တရားအတွက် -- စာပေအတွက်
ချစ်ခင်ရင်းနှီးမှု သံယောဇဉ်တွေအတွက်
ဘယ်တော့မှ မပြယ်တဲ့ တိမ်စိုင် တချို့ -- လေပြည်တချို့ -- ရနံ့တချို့
ဆိုက်ပရပ်မြို့ကလေးမှာ နတ်သမီးတစ်ပါးနေတယ် ။
ရောက်သွားခဲ့တယ် -- အနုပညာ ပျိုးခင်းထဲ
ခရမ်းပြာ အိပ်မက်တွေနဲ့ ကြယ်တွေစုံတဲ့ည
ဘ၀ကခါးလည်း အားတင်းလို့ အပြုံးတွေခြွေချ
ကြွေကျသွားတဲ့ နှင်းဆီ ပွင့်ဖတ်ကလေးတွေတိုင်း
လောကကို သဘာဝအတိုင်းအလှဆင်လို့
ဆိုက်ပရပ်မှ မီးအိမ်ရှင်ကလေးတစ်ဦး---
ကမ်းခြေ မှာ ရပ် -- လှိုင်းတွေရဲ့ အသံ ကို နားစွင့်- -
သူ့ ဆံနွယ်ခက်တွေ --- လေညှင်းတွေကြား တလွင့် လွင့် -- ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................