Thursday, September 28, 2017

အလွမ်းဗေဒ (Poem )

အလွမ်းဗေဒ

ငါ့ရဲ့ ချစ်ခြင်းမေတ္တာမှာ
နက်နဲသော သံယောဇဉ်တွေပျိုး
အလွမ်းမိုးတွေနေ့စဉ်ရွာတယ် ။

အချစ်ရယ် ...
ဝေးကွာသော ကမ္ဘာနှစ်ဖက်မှာ
သတိရခြင်းဆိုတာ ဘယ်လို ခက်ဆစ်မျိုးလဲ
ကိုယ်ပိုင်ဆိုင်သော ဆုတောင်းခြင်းဆိုတာ
နင် .. နေ့စဉ် ကျန်းမာ .. ချမ်းသာခြင်းတွေပါ ။

အများကြီးပါ . . .
တကယ်ဆိုရင် နင်နဲ့ငါ့ကြားထဲက လေဟာနယ်ဆိုတာ
နာကျင်စရာကောင်းတဲ့ တေးတစ်ပုဒ်လို
ငါဟာ ဥပက္ခာ ပြုခြင်းကို ဆွံ့အခဲ့ရ
ငါဟာ အမုန်းတချို့ကို ဆွံ့အခဲ့ရ
ငါဟာ သွေဖယ်ခြင်းတချို့ကို ဆွံ့အခဲ့ရ
ဒီလိုနဲ့  . . .
ပန်းချီကားတစ်ချပ်ဟာ မှုန်ဝါးပျောက်ကွယ်သွားတော့မလို ။

အလွမ်းဗေဒ မှာ
ငါဟာ အမှတ်ပြည့်လွန်းသူဖြစ်ခဲ့ရ
သံယောဇဉ်တွေနက်ခဲ့ရတယ်ဆိုတာ
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ အဖြူရောင်အိပ်မက်တွေပါ ။

တကယ်တော့ . . .
လေတိုးသံလေး တစ်ခုသက်သက်ပါ ။

မိုင်ပေါင်း ၁၀၀၀ မက ဝေးသွားတဲ့အခါ
ငါ ပျိုးခဲ့တဲ့ ပန်းဥယျာဉ်မှာ
ဘယ်လို အလွမ်းတွေ ပွင့်ကြဦးမလဲ
နင်ဝေခဲ့တဲ့ ပင့်သက်အချို့မှာ
ငါ့အပေါ်နာကျည်းခြင်းတွေမပါပါစေနဲ့
ဆောင်းအတု နဲ့ညနက်တွေထဲ
ငါ မသေဆုံးခဲ့ချင်လို့ပါ ။

ငါကလည်း ငါပါပဲ
အမှားအယွင်းတွေကို ခံတပ်လုပ်
အားနည်းချက်တွေနဲ့ တိုက်ပွဲ ၀င်ခဲ့ရ
အတိတ်တွေဝေးသွား
အနာဂါတ်တွေဝေးသွား
ပစ္စုပ္ပန်တွေဝေးသွား
ဒါဟာ ဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်တဲ့လား ကွယ် ။

အာမခံချက်မရှိတဲ့မနက်ဖြန်ကိုပဲ
ငါတို့မျှော်လင့်အသက်ရှင်ခဲ့ကြရ
နေ့ရက်တိုင်း အရောင်မစုံလင်ပေမယ့်
နှစ်တွေကြာလာတဲ့အခါ  . . .
အလွမ်းတွေဟာ သစ်ပင်တွေဖြစ်လာတယ်
သတိရခြင်းတွေဟာ ပင်လယ်တွေဖြစ်လာတယ်
အသက်ရှုနေတဲ့စက္ကန့်တိုင်းဟာ
နင့်အတွက် .. ငါ့ရဲ့
ချစ်ခြင်းတရားတွေ ဖြစ်ခဲ့ရပေါ့ကွယ် ။

သက်တန့်ချို
28 Sept-2017 #ttcpoems


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment