Monday, September 18, 2017

အိပ်မက် တမ်းချင်း ...

 အိပ်မက် တမ်းချင်း ...

အဆုံးထိမရောက်သေးခင်
ကိုယ်ဟာ အကြိမ်ကြိမ် သေဆုံးခဲ့ရ
ဒါဟာ နောင်တတရားရဲ့ဒါဏ်ပေါ့ကွယ်

ကမ္ဘာဟာ ဝေးတယ်
ပစ္စုပ္ပန်ဟာဝေးတယ်
အချိန်တွေဝေးတယ်
တကယ်ဆို .. အိပ်မက်မက်သူတစ်ယောက်အတွက်
ဒီမြစ်ကျဉ်းထဲ ကိုယ်ဟာ ရှင်သန်ခြင်းတွေ ပွေ့ဖက်
သံယောဇဉ်တွေ နက် တယ် ။

အိပ်ယာဝင်ပုံပြင်တွေထဲက
(ဖီးနစ်ငှက်တစ်ကောင်လို )
ကိုယ်ဟာ မီးပုံထဲခုန်ဆင်း
အသစ်ပြန်လည်မွေးဖွား
သဘာဝတရားကို စိန်ခေါ်ချင်သေးရဲ့
ချစ်ခြင်းတရားရယ် ..
ဥပက္ခာတရားရယ် ။

အကြိမ်ကြိမ်အခါခါ တမ်းတ
ဒါဟာ ..ကိုယ့်အိပ်မက်ထဲက တမ်းချင်းတစ်ပုဒ်ပါ
အသိစိတ်တို့ေ၀၀ါးပျက်စီး
ဒီခရီးနီးမလိုလိုနဲ့
တဖြည်ဖြည်း ဝေးကွာ
ကိုယ်ဟာ အကြိမ်ကြိမ် ဖျားနာခဲ့ရ
အချစ်ရယ် ... ။

စစ်မြေပြင်မှာ ပန်းတွေ မပွင့်တတ်မှန်း
မသိခဲ့ရိုးအမှန်မို့
ကိုယ့်ရင်ဘတ်ထဲ ကြယ်တွေ လင်းလက်နေပုံ ။

ယုံကြည်ပစ်လိုက်ဖို့ကောင်းတယ်
ချစ်ခြင်းတရားရဲ့ တစ်ဖက်စွန်းမှာ
နောင်တတရားနဲ့ အတူ
ယုံကြည်မှုတွေ ရှိနေတယ်ဆိုတာ ... ။

သက်တန့်ချို
18-Aug,2017 #ttcpoems

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment