Saturday, June 12, 2010

အာ ဇိ

အာ ဇိ


ဒီတစ်ခါတော့ ဒဿန တွေချည်းပြောနေရင် ရိုးအီမှာစိုးတဲ့အတွက် ကျွန်တော်နဲ့ ညီမလေး အကြောင်း ကိုပြောပြပါ့မယ် ။ ကျွန်တော်နဲ့ သူနဲ့က အသက် ၄ နှစ်ကွာပါတယ် ။ ပြောရဦးမယ် ။ သူ့ကို ကျွန်တော်က ငယ်ငယ် ကတည်း က " အာဇိ " လို့ခေါ်တယ် ။ ဟဲဟဲ နာမည်အရင်းကတော့ အိဇာ ပေါ့ဗျာ ။ နာမည်က ရှည်လွန်းပါတယ် ။ ၄ လုံးတောင် ( အိဇာခြည်ထွန်း) တဲ့ ။ သူနဲ့ ကျွန်တော်က အမွှာလည်းမဟုတ်သလို ရုပ်ချင်းလည်း မဆင်ပါဘူး ။ ပြီးတော့ အဖေရယ် အမေရယ် ညီမလေးရယ်က B သွေးအုပ်စု ၊ ကျွန်တော်တစ်ယောက်တည်း O သွေးအုပ်စု ဖြစ်နေပါတယ် ။ အဲဒီတော့ အာဇိက ဘာပြော သလည်းဆိုရင် ကိုကြီးက သားအရင်းမဟုတ်ဘူးတဲ့ မွေးစား သားတဲ့ ။ ကျွန်တော်ကလည်း ငယ်ငယ်ကတည်းက အဲဒါကောင်းတာပေါ့ဟ လို့ ပြန်ဖြေခဲ့တယ် ။ ထားပါတော့ လေ အခုတော့ အာဇိက အသက် ၂၂ ပြည့်ပြီး ဘွဲ့ရလို့ လျှပ်စစ်ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေပါပြီ ။

ကျွန်တော်က အိမ်ထောင်ကျမှ ဆံထုံးနောက်ယောင်ပါဆိုသလို အိမ်ပြောင်းသွားတာပါ ။ အရင်က အိမ်မှာနေ တုန်းကဆို တကျက်ကျက်ပဲ ။ ရန်ဖြစ်ကြတာ ( အဲဒီလောက်ချစ်တာနော် ဟီး ) တစ်နေ့တော့ ကျွန်တော်က အာဇိကိုမေးတယ် ။

" ညီမလေး သက်တန့်ချိုကိုသိလား "

" အမ်"

" ဟို လေ အင်တာနက်မှာ ဘလော့တွေရေးတဲ့ သက်တန့်ချိုကိုသိလား "

" ယောင်္ကျားလား မိန်းမလား "

" ယောင်္ကျားလေး "

" သိဘူး "

" အွန့် "

မသိတာများ ရှည်နေသေးတယ် ။ တယ် မပြောလိုက်ချင်ဘူး ။ ကိုယ့်ကိုယ်ကိုယ်တော့ အတော်လေး စားသွား တယ် ။ တအိမ်တည်းနေတဲ့ ညီမတောင် သက်တန့်ချို မကြားဖူးဘူးဆိုတော့ တခြားသူဆိုရင်တော့ အင်း.... ။ ထားပါ တော့လေ ။ သူကတော့ အင်တာနက်ကို ကျွန်တော့်လောက်မသုံးပါဘူး ။ သုံးတော့သုံးပါတယ် ။ ဒါနဲ့ ကိုယ် လည်း ဇွဲဘယ်လျော့မလည်း ။ ဘလော့မှာ နည်းနည်း လူကြည့်များလာတဲ့ အချိန် ထပ်မေးကြည့်တယ် ။

" အာဇိ သက်တန့်ချိုကို အခုကြာဖူးပြီလား "

အဲဒီတော့ ညီမလေးက ကျွန်တော့်ကို မသင်္ကာကြည့်နဲ့ကြည့်တယ် ။

" ကိုကြီးနော် အဲဒီမိန်းမနဲ့ ကြိုက်နေတာလား ပြော ဟွန်း မကြီးချိုနဲ့ တိုင်ပြောမယ် "

" အာနင်ကလည်း သက်တန့်ချိုက ကယောင်္ကျားလေးပါဟ "

" မသိဘူး တိုင်မှာပဲ မတိုင်စေချင်ရင် မုန့်ဖိုပေးဒါပဲ "

" အွန့်"

ကိုယ့်မှာ ကိုယ့်နာမည်နဲ့ကိုယ်ခံနေရတယ် ။ သွားတိုင်ပြောရင်လည်း ရှင်းမဆုံးဖြစ်ပြီး သပွတ်အူနဲ့ စာကလေး သိုက် ဖြစ်မှာမို့ မုန့်ဖိုးပေးပြီး ပဲ နှုတ်ပိတ်လိုက်ရပါတော့တယ် ။ ပြောရဦးမယ် မကြီးချိုဆိုတာကတော့ ကျွန်တော့် ရဲ့ အိမ်သူ (ချို) ကိုပြောတာပါ ။

နောက်တစ်ခုက သူနဲ့ ကျွန်တော်က မောင်နှမဆိုပေမယ့် နေပုံထိုင်ပုံခြင်း ကတော့ လုံးဝမတူပါဘူး ။ သူက ခေတ်ဆန်တယ် ။ အိမ်နေရင်းတောင် ဂျင်းပင်ကွာတားဆိုလား ဘာလား .. တိုနှံ့နှံ့နဲ့ မျက်စိကို နောက်နေ တာပါပဲ ။ ကျွန်တော်ကတော့ ရိုးရိုးအေးအေး ပုဆိုးလေးနဲ့ပဲ (ဟဲဟဲ ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာ ) နောက်တစ်ခုက ကျွန်တော်က ရည်းစားမပွေဘူး ။ ( ဒိုင်ရှို လေးတွေတော့ လူမသိရဘူးပေါ့) တည်တည်ငြိမ်ငြိမ် ပဲနေတယ် ။ သူက တော့တွဲလိုက်သမှ မျက်စိကို နောက်ရောပဲ ။ သူငယ်ချင်းဆိုလား အီတယ်ဆိုလား ကြူတယ်ဆိုလား ဘာတွေ မှန်းမသိပါဘူး ။ နောက်အသည်းတွေကွဲလိုက် ကဗျာတွေရေးလိုက် အသည်းတွေပြန်ဆက်လိုက် သီချင်း တွေအော်ဆိုလိုက် နဲ့ အိုး...ကျွန်တော့်မှာ မျက်စိကို နောက်ရောပဲ ။ ကျွန်တော်အိမ်ထောင်ပြုတဲ့နေ့ကဆို သူ့မှာ ၀မ်းနည်းသလိုလို ဘာလိုလိုနဲ့ နောက် ခဲ ဖိုးလည်းပေးလိုက်ရော လစ်လိုက်သမှ ပြန်ကို ပေါ်မလာတော့ဘူး ။ နောက်မှ သိရတာက ဒင်းက ကျွန်တော်အိမ်မှာ အိပ်တဲ့နေရာကိုတောင် အပိုင်စီးလိုက်တယ်ဆိုပဲ ။

နောက်တစ်ခုက သူရည်းစားများတာကို ကျွန်တော်က ဘာမှဝင်ပြောလေ့မရှိဘူး ။ မပြောဆို ကျွန်တော့်ရဲ့ အစ်ကို ၀မ်းကွဲတွေ ဇော်ထက်နဲ့ ဘိုးတော်ကို သိတယ်ဟုတ် ။ (သူတို့အကြောင်းကို ဇော် ၂ ဇော် ဆိုပြီး ရေးခဲ့ဖူး ပါတယ် ) အဲဒီ ၂ယောက်က တွေ့တာနဲ့ သတ်မယ်ဆိုပြီး ကြိမ်းထားတော့ အာဇိက သူ့ အဆွယ်အပွားတွေကို ကျွန် တော်တို့ မြင်ကွင်းထဲ ခေါ်မလာဝံ့ဘူး ။ တခါကလည်း အိမ်နောက်ဖက်မှာ ည ၁ နာရီလောက်ကြီး ဖုန်းခိုး ပြောနေတုန်း ဇော်ထက်နဲ့ ပက်ပင်းတိုးတော့ ဟိုက ဖုန်းကို ယူပြီး ကောက်ခွဲလိုက်တာ ဟမ်းဆက် လေးပျက် သွားပါရောလား ။ ဟက်ဟက် အဲဒီနေ့ကစပြီး နားကိုအေးရော ။

တခါကလည်း ည ကိုးနာရီလောက်ရှိပြီ ။

" ကိုကြီးကြာဇံချက်သွားသောက်ရအောင် "

" အမ် နင်တိုက်မှာလား ငါ့မှာ ရေမရှိဘူးနော် "

" နားထားပါ ရေက မိုင်နာပါ လာ စက်ဘီးနဲ့သွားမယ် နင်း "

ဆိုပြီး စက်ဘီးကို ထုတ်လာပါရော ။ ဒါနဲ့ အသုပ် ဆိုင်မှာ ကြာဇံချက် တစ်ယောက်တစ်ပွဲ အသုပ်ကို ပုဇွန်ဂွက် ကြော် နဲ့ သုပ်ပြီး တစ်ယောက် တစ်ပွဲတီးလိုက်တာ ဗိုက်ကို အီပါလေရော ။ နောက်တော့ သူက

" ကိုကြီး ဗိုက်အီနေမှာပေါ့ ရေခဲမုန့်သွားဝယ်ပေးမယ် ခဏစောင့် "

ဆိုပြီး လစ်သွားပါတယ် ။ စက်ဘီးလည်း ယူပြီး ထွက်သွားတာ ကျွန်တော့်မှာ လာနိုးလာနိုးနဲ့ စောင့်နေလိုက်ရတာ နာရီဝက် ကျော်သွားတော့မှ ဒင်းလုပ်ချသွားပြီဆိုတာ ရိပ်မိလိုက်တယ် ။ စားထားတဲ့ အစာတွေတောင် ပြန်အန် ထွက်ချင်လာတယ် ။ ဒါနဲ့ ဆိုင်ရှင်ကို မနည်းတောင်းပန်ပြီး အခုလာပေးပါ့မယ်ဆိုပြီး မနည်းသုတ်လာရတယ် ။ ဟဟ.. နောက်မှသိရတာက အာဇိက အသုပ်ဆိုင်ရှိတဲ့လမ်းမှာ သူ့ရဲ့ မတော်ရသေးတဲ့ ငါးယောက် မြောက်ဆိုလား ဘဲဘဲ ကို သွားရှိုးတယ်ဆိုပဲ ။ ကျွန်တော်လည်း အဲဒီထဲက မှတ်သွားတယ် ။ နောက်ဆို သူ ဘယ်ခေါ်ခေါ် မလိုက် ရေးချ မလိုက်ပဲ ။

( အာဇိ၏ ပေါက်ကရ လုပ်တတ်ပုံများကို ဆက်ရေးပါဦးမယ် )

သက်တန့်ချို
12 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. အဲ့လို ပျော်၂နေတတ်တဲ့ ညီမလေးနဲ့ဆိုတော့မပျင်းရတော့ဘူးပေါ့ စိတ်ဝင်စားစွာနဲ့ စောင့်ဖတ်နေပါ့မယ်း)

    ReplyDelete
  2. မောင်နှမတွေဆိုတာဒီလိုပဲပျော်စရာပဲနော်..။ မရှိရင်လည်း
    ပျင်းစရာကြီး...။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  3. ညီမလေးအကြောင်းကို ဖွတတ်တဲ့သူ အဖော်ရပြီ :D

    ReplyDelete
  4.း)
    ဘယ်လိုဆိုးဆိုး ချစ်တာချစ်တာပဲနော့

    ReplyDelete
  5. ဒိုင်ရှိုလေးတွေ အကြောင်းရော ရေးဖို့ အစီအစဉ်
    ရှိတယ်မို့လား.....း)))

    ReplyDelete
  6. ဟာဟ ဖြစ်မှ ဖြစ်ရလေ.....
    ကိုယ့်နာမည်နဲ့ ကိုယ်တောင်
    အထင်လွဲ ခံရနတယ်လို့

    နေရင်ထိုင်ရင်း
    လုံးရာက ပြားတော့မယ် ထင်ပါ့

    ကိုသက်တန့်က ထူးဆန်းထွေလာလေးတွေ
    ရေးနေကြဆိုတော့ ဒီလိုရေးလိုက်တော့
    တစ်မျိုးလေးပဲ ဖတ်ရတာ...

    ဟိဟီ ပြုံးစိစိ လေးနဲ့ ဖတ်သွားပါတယ်

    ခင်တဲ့
    ပိုးဟပ်လေး

    ReplyDelete
  7. သက်တန့် ညီမလေး ဆိုးပုံက ချစ်စရာလေး:P

    ReplyDelete
  8. စေတနာရှင်June 13, 2010 at 9:18 PM

    ဇာတ်လမ်းလေးဖန်တီးတာဆိုရင်တော့အကြောင်း
    မဟုတ်ပါဘူးကိုသက်တန့်ချိုရယ်။တကယ့်ညီမလေးဆိုရင်တော့ သူဆိုးတာလေးတွေကိုသိပ်တော့မရေးစေချင်ပါဘူး။တစ်နေ့သူ့ကိုတစ်ကယ်တန်ဖိုးထားချစ်တဲ့အိမ်ထောင်
်ဖက်ကောင်းကောင်းလေးတွေ့လာခဲ့လို့ ကိုသက်တန့်ချိုညီမလေးမှန်းသိခဲ့ရင် အခုရေးထားတာတွေကြောင့်မမျှော်လင့်ပဲနစ်နာစရာကြုံနေမှာစိုးလို့ပါ။

    ReplyDelete
  9. ဟီဟိ...အသံထွက်ပြီးတောင်ရီမိတယ်....ကိုသက်တန်.ညီမနဲ့ ပုံစံတွေတူနေလို. .....ဆက်ရေးနော်...အားပေးနေမယ်...

    ReplyDelete