Wednesday, December 30, 2009

ဇော် ၂ ဇော်

ဇော် ၂ ဇော်





ကျွန်တော့်မှာ အစ်ကို နှစ်ယောက် ရှိတယ် ။ အစ်ကို အရင်းတွေတော့ မဟုတ်ပါဘူး ။ တစ်ဝမ်းကွဲတွေပါ ။ ဒါပေမယ့် တစ်အိမ်ထဲ အတူနေကြတာဆိုတော့ ညီအစ်ကို အရင်းတွေလိုပါပဲ ။ အမေရဲ့ အစ်မက မွေးတာပါ ။ ကျွန်တော်တို့ကတော့ မောင်နှမ နှစ်ယောက်ပဲရှိတယ် ။ ညီမ တစ်ယောက်ပဲ ရှိတယ် ။ သူနဲ့ ကျွန်တော်က လေးနှစ်ကွာတယ် ။ အစ်ကို နှစ်ယောက်ကို ဇော် နှစ်ဇော်လို့ခေါ်ရတာက အစ်ကို အကြီး နာမည်က ဇော်လတ်တဲ့ ။ အစ်ကိုငယ်နာမည်က ဇော် ထက်တဲ့ ။ ဇော်တွေဆိုတဲ့အတိုင်း တစ်ယောက်တစ်မျိုးစီဆိုးကြတာပါပဲ ။ အစ်ကို ကြီးကိုတစ်အိမ်လုံးက ဇော်လတ်လို့ ဘယ်သူမှ မခေါ်ကြဘူး ။ သူ့ကို ကျွန်တော်ကစပြီး ဘိုးတော်လို့ နာမည်ပေးထားတယ် ။ ဘိုးတော်ဆိုလို့ ပုတီးကြီးဆွဲ တရားစာတွေရွတ် ဂူ ဗိမ္မာန်တွေမှာ တရားလိုက်ကျင့်နေတဲ့ ဘိုးတော်လို့ မထင်လိုက်ပါနဲ့ ။ ကျွန်တော့်ဆီက ပစ္စည်းတွေကို " မ " လွန်းအားကြီးလို့ ဘိုးတော်လို့ ခေါ်တာပါ ။ ဒါနဲ့ တစ်အိမ်လုံးက ကျွန်တော်ခေါ်တဲ့အတိုင်း ဘိုးတော်လို့ ခေါ်ကြရော ။ ဒါပေမယ့် သူတို့ ညီအစ်ကို နှစ်ယောက်က သူတို့ဘာသာ တစ်ယောက်ချင်းသာဆိုးတာ ညီအစ်ကို အချင်းချင်းကြတော့ အရမ်းချစ်ကြတယ်ဗျ ။ အထူးသဖြင့် ကျွန်တော့်ကိုဆို သူတို့ နှစ်ယောက်လုံးက အတော့်ကို ချစ်ကြတယ် ။ သူတို့ လက်ထဲမှာပဲ ကြီးခဲ့လို့လား မသိပါဘူး ။

မှတ်မှတ်ရရ...... ။ ကျွန်တော် ကိုးတန်းနှစ်မှာပေါ့ ။ ကိုးတန်းမှာ ကျူရှင်ယူပါတယ် ။ အဒီတုန်းကတော့ စာကတော့ သူလိုကိုယ်လိုပါပဲ ။ သိပ်ပြီး ထူးထူးချွန်ချွန်ကြီး တော်တာမျိုး မရှိဘူး ။ဒါပေမယ့် ကျူရှင်မှာ ကျတော့ အခြားအခန်းကလူတွေနဲ့စာရင်စာတော်သလို ဖြစ်နေတာကိုး ။ စာတော်တော့ ထုံးစံအတိုင်းပေါ့ ။ စာမေးတဲ့သူတွေ ရှိလာပါတယ်။ ကောင်မလေးတွေလည်း ပါလာတာပေါ့ ( ကိုယ်ကရုပ်လည်းဖြောင့်တာကိုး ...ဟဟ စတာနော်) အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ ။ဆံပင်ရှည်ရှည် ရုပ်ချောချောကောင်မလေး တစ်ယောက်က ကျွန်တော့်ကို သင်္ချာ အမြဲတမ်းမေးတယ် ။ ကောင်မလေးက သင်္ချာတော့ အတော့်ကို ညံ့တယ် ။ ကျွန်တော်ကစာတွေဘာတွေ နားမလည်တာ ရှင်းပြတော့ ကောင်မလေးကို လိုက်နေတဲ့ အုပ်စုက ကျွန်တော့်ကို သိပ်မကြည်ကြတော့ဘူး ။ သူတို့က အုပ်စုတောင့်တယ် ။ စုစုပေါင်း ၁၅ ယောက်လောက်တော့ ရှိမယ်ထင်တယ် ။ တစ်ညနေ ကျူရှင်ကဆင်းတော့ ၅ ယောက်လောက်က ကျွန်တော့်ကို ပိတ်ရပ်ပြီး

" ဟေ့ကောင် မင်းငါ့ကောင်မလေးနဲ့ ဝေးဝေးနေပါ မင်းကို ကြည့်မရတာကြာပြီ "

တဲ့ ။ ပထမတော့ ကျွန်တော်ကြောင်သွားတယ် ။ နို့ ကိုယ်နဲ့လည်း မသိမှ မသိပဲကိုး ။ အဲဒါနဲ့

" ဟေ.. မင်းတို့က ဘယ်သူ့ကိုပြောတာလည်း ဘယ်ကောင်မလေးတုန်း "

ဆိုပြီး ပြန်မေးလိုက်တယ် ။ ဟုတ်တယ်လေ စာလာမေးတဲ့ မိန်းကလေးတွေက အများကြီးဟာကိုး)) အဲဒီတော့ သကောင့်သားက

" အေး......ဇလပ်ဝါကို ပြောတာကွ နားလည်လား ဒီနေ့ကစပြီး မင်းဝေးဝေးနေပါ "

ပြောပြောဆိုဆို ငါးယောက်သား ချာကနဲ လှည့်ထွက်သွားတယ် ။ ကိုယ်ကသာ ဇဝေဇ၀ါနဲ့ ကျန်ခဲ့တာ ။ ဟုတ်တယ်လေ ဇလပ်ဝါဆိုတာ ကျွန်တော်သိတာကတော့ ဘီစကစ်ပဲ ။ စားလို့ကောင်းတယ် ဆိမ့်တယ် ။ အာ... ဘယ်တွေရောက်ကုန်ပါလိမ့် ။ အဲဒီဇလပ်ဝါဆိုတာက ဘယ်ကောင်မလေးကို ပြောမှန်းကို မသိဘူး ။ အဲဒါနဲ့ နောက်တစ်နေ့လည်း ဆရာအိမ်စာပေးလိုက်တဲ့ စာတွေကို နားမလည်လို့တဲ့ ကောင်မလေးကစာထပ်မေးတယ် ။ ဘုရားစူးရပါစေရဲ့ ။ အဲဒီတုန်းက ကောင်မလေးကို လုံးဝ မရိုးသားတဲ့စိတ်မရှိခဲ့ဘူး ။ စာမေးတယ် စာဖြေတယ်ဆိုတဲ့ အသိပဲရှိတယ် ။အဲဒါကို ဟိုကောင်တွေက ကျူရှင်အပြင်ကနေ တွေ့သွားပါလေရော ။

ကျူရှင်အဆင်း လမ်းမပေါ်လည်းရောက်ရော ဘာမပြောညာမပြောနဲ့ လူ ၁၅ ယောက်လောက်ဝိုင်းလာပြီး ၀ိုင်းထိုးကြပါလေရော ။ ပထမတော့ ရုတ်တရက် တစ်ချက်အထိုးခံလိုက်ရတယ် ။ နောက်တော့မှာ ကျောင်းတုန်းက ကိုယ်က သိုင်းပြိုင်ပွဲဝင်ထားတဲ့ကောင်ဆိုတာ သွားသတိရတယ် ဟဟ ... ။ ဘာလုပ်လို့ လုပ်မိမှန်းတောင်မသိဘူး ။ ၃ ၊ ၄ ယောက် ဖုန်းဖုန်းဖုန်း ဆို ပစ်လဲသွားတယ် ။ တစ်ကောင်က ရုပ်ရှင်ထဲကအတိုင်း အရှိန်နဲ့ ပြေးဝင်လာတယ် ။ သနားစရာကောင်ပါ ။ ခြေထောက်လေး ဆန့်ပေးလိုက်တာ လမ်းခုလတ်မှာတင် ပစ်လဲသွားတယ် ။ ဒါပေမယ့်လည်း ရုပ်ရှင်ထဲကအတိုင်း မင်းသားတစ်ယောက်ထဲ ဘယ်နိုင်မလဲနော့ ။ ၀ိုင်းတီးလိုက်ကြတာ ကြယ်တွေလတွေကို မြင်ရော...ဟီး ။ တစ်ကိုယ်လုံးလည်း ဖူးယောင်လို့ ။ အဲဒါနဲ့ အိမ်လည်း ပြန်ရောက်ရော ဇော် ၂ ဇော်က အိမ်ရှေ့က ခုံတန်းလျားမှာ ဂစ်တာတီးနေကြတယ် ။ ကျွန်တော့်ကိုလည်း မြင်ရော ဂစ်တာကြီး ပစ်ချပြီး အပြေးရောက်လာပါရော ။ မင်းကို ဘယ်သူလုပ်လဲ ဘာညာပေါ့ ။ ကိုယ်မှ မသိတာကိုး သူတို့ကို ။ အဲဒါနဲ့ ပုံစံတွေပြောပြတော့ ဇော်ထက်က ၀ုန်း ဆို အိမ်ပြေးဝင်သွားတယ် ။ နောက်တော့ ခါးကြားမှာ သူကိုင်နေကြ ကင်တို ဓါးကို ထိုးလာတယ် ။ အကုန်လုံးကို သတ်မယ်ပေါ့ ။

တစ်အိမ်လုံးက ဓါးမယူသွားဖို့ကို မနဲပြောရတယ် ။ ဟုတ်လည်းဟုတ်တယ် ။သူကစိတ်အရမ်းထက်တယ် ။ မြန်လည်းမြန်တယ် ။ ရန်ပွဲဆို သူမပါရင်မပြီးဘူး ။ သူက ဂိုဏ်းနဲ့နေတာကိုး ။ သူတို့ဘာသာသူတို့ ဖွဲ့ထားတာ စုံနေတာပါပဲ ဘာဂိုဏ်းတွေမှန်းကို မသိ ။ အဲဒါနဲ့ ဘိုးတော်က

" ဟေ့ကောင်ဇော်ထက် မင်းအသာနေစမ်းပါကွာ ငါတစ်ယောက်လုံးပါတယ် "

ဆိုပြီး ညီအစ်ကို ၃ ယောက်ချီတက်လာကြပါတယ် ။ဟိုကောင်ဇော်ထက်က လမ်းတစ်လျောက် သူ့ဘော်ဒါတွေကို မျက်ရိပ်ပြလာတယ် ။ အတော်လှမ်းလှမ်းရောက်တော့မှ လှည့်ကြည့်လိုက်တော့ လား..လား... မယောင်မလည်နဲ့ လိုက်လာကြတဲ့ သူ့ဘော်ဒါတွေ အများကြီး ။ ဇော်ထက် ကျွန်တော့်ကို ချသွားတဲ့ ကောင်တွေရဲ့ စားကျက်ကို သိပုံရတယ် ။ ကျူရှင်နဲ့ မလှမ်းမကမ်းက လဖ္ဘက်ရည်ဆိုင်ကို တန်းသွားတယ် ။ ဟုတ်လည်းဟုတ်တယ် ။ဟိုကောင်တွေ လဖ္ဘက်ရည်ဆိုင်မှာ ထိုင်နေကြတယ် ။ ကျွန်တော်ထိုး လိုက်တဲ့ လေး ငါးကောင်ကတော့ ဆေးခန်းသွားလောက်ပြီထင်တယ် မတွေ့ရတော့ဘူး ။ ကျွန်တော်တို့ သုံးယောက်ကို လည်း မြင်ရော ဟိုကောင်တွေ မျက်နှာပျက်ကုန်တယ် ။ သုံးယောက်နဲ့ ဆယ်ယောက်လောက်ကို ဘာလို့ မျက်နှာ ပျက်ရတာလည်းလို့ ကျွန်တော်တောင်တွေးမိသေးတယ် ။ လဖ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ သုံးယောက်လုံး အပေါက်ဝမှာ ရပ်လိုက်ကြတယ် ။ အံမယ်.. ဟို ငတိတွေ အကုန်လုံး ကျွန်တော်တို့ရှေ့မှာ လာရပ်ကြတယ် ။ မျက်နှာလေးတွေက ဇီးရွက်သာသာလောက်လေးတွေ ရှိတော့တာ ။ ပြီးတော့ ငတိတွေထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက

" ကို....ကို ဇော်လတ် "

" အေးမင်း တို့ထိုးလိုက်တာ ငါ့ညီပဲ "

" ဗျာ.... ဟို...ဟို...ကျ...ကျနော်တောင်းပန်ပါတယ် ကိုဇော်လတ် "

" ဘာကွ..အဲဒီတော့ "

" ဟို ကျနော်တို့ကို ကြိုက်သလို လုပ်ပါ "

" ကဲ.. ညီ ကြိုက်သလိုလုပ်တဲ့ ဒီကောင်တွေကို တစ်ယောက်ချင်းဆီ လိုက်ထိုးချင်လား "

" အာ..ထိုးချင်ပါဘူး ဘိုးတော်ရာ သူတို့ ညီ့ကို ဘာလို့ ၀ိုင်းချတာလဲ သိချင်တယ် "

" ကဲ ဟေ့ကောင်တွေ မေးတာဖြေလိုက် "

" ဟို...ဟို... ကျနော်လိုက်နေတဲ့ကောင်မလေးနဲ့ နီးနီးကပ်ကပ်ရှိလို့ပါ "

" ခွပ် "

စကားလည်း ဆုံးရော ၀င်ထိုးလိုက်တာက ဇော်ထက် ။ တစ်ချိန်လုံး မျက်နှာ နီကြီးနဲ့ ကြည့်နေတာ ။ စိတ်ကြိုက်သာ လွှတ်ပေးလိုက်လို့ကတော့ မတွေးဝံ့စရာပါ ။ ကျွန်တော့်ကိုထိရင် ငယ်ငယ်လေးကတည်းက သူက ဆတ်ဆတ်ထိမခံတတ်ဘူး ။ အထိုးခံလိုက်ရတဲ့ကောင် ဘာတစ်ခွန်းမှ ပြန်မပြောရဲဘူး ။ ဘေးကလည်း ဘယ်ကောင်မှ ၀င်မဆွဲရဲကြဘူး ။ ဘိုးတော်က

" မင်းတို့ ငါ့ညီကျေနပ် အောင်တောင်းပန်လိုက် "

" ဟုတ်...ဟုတ်ကဲ့ ဟို.. ကျနော်တို့တောင်းပန်ပါတယ်ခင်ဗျ ကိုဇော်လတ်ညီမှန်းမသိလို့ပါ "

" နေစမ်းပါဦးဗျာ..မဟုတ်သေးပါဘူး ခင်ဗျားပြောတဲ့ ကောင်မလေးကို ကျနော်လည်း မကြိုက်ရပါလား စာရှင်းပြယုံပါ ကျူရှင်က ဘယ်ကောင်မလေးကို မှ ကျနော်မကြိုက်ဘူး ”

“ ဗျာ...ဟုတ်..ဟုတ်လား ၀မ်းသာလိုက်တာဗျာ ကျနော်ပိုးနေတာ ကြာပြီဗျ ကျနော်က အစ်ကိုနဲ့ ညိသွားပြီမှတ်လို့ ကျနော်..အနူးအညွတ်တောင်းပန်ပါတယ် ဗျာ မကျေနပ်ရင် ကျွန်တော်တို့ကို စိတ်ကြိုက်ထိုးဗျာ”

“ အာ..အလကားနေရင်း ရပါတယ်ဗျာ ခင်ဗျားတို့ သိရင်ပြီးတာပဲ”

အဲဒီခေါင်းဆောင်နာမည်က ကျော်အောင်တဲ့ ။ အဲဒီနေ့က ကျွန်တော်တို့ သုံးယောက်ကို ဒီကောင်တွေ ကြေးအိုးလိုက်တိုက်တယ် ။ ဆေးခန်းလည်း လိုက်ပို့တယ် ။ အိမ်ကမိဘတွေကိုလည်း လိုက်တောင်းပန်တယ် ။ အဲဒီကိစ္စ ဖြစ်ပြီးတော့ မှ ဘိုးတော်ကို အတော်အထင်ကြီးသွားတယ် ။ လူမိုက်တွေတောင် ချစ်ကြောက်ရိုသေရပုံပဲ ။ အစွမ်းရှိလိုက်ပါဘိ ။

နောက်တစ်နှစ်လောက်အကြာမှာတော့ ကျွန်တော့်ဆီကို ဖိတ်စာတစ်စောင်ရောက်လာပါတယ် ။

“ ကျော်အောင်+ ဇလပ်ဝါ” တဲ့ ။ ဖိတ်စာကို ကိုင်ပြီး ပါးကို စမ်းကြည့်မိလိုက်တယ် ။ အခုထိနာနေသလိုပဲ ဟဟ.. ။ အခုဆို သူတို့ ကလေး ၃ ယောက်တောင်ရနေပြီ ။ ကျွန်တော်တို့အိမ်ကိုလည်း အဲဒီစုံတွဲခဏခဏ လာလည်တယ် ။ ကလေးတွေကလည်း ဦး....ဦးနဲ့ ။ သူတို့ ခေါ်လိုက်တိုင်း ပါးစောင်က နာနာလာသလိုပါပဲ ။

စာရေးသူ.....သက်တန့်ချို ( ၁၁း၄၀ ည ၂၉.၁၂.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

15 comments:

  1. အစကတော့ ကောင်မလေးနာမည်ကို
    အေးဇလပ်ဝါ လို့ထင်တာ
    နောက်ဆုံးမှပီ နာမည်အမှန်သိ တော့တယ်:)

    ReplyDelete
  2. အစကတော့ ကောင်မလေးနာမည်ကို
    အေးဇလပ်ဝါ လို့ထင်တာ........
    နောက်ဆုံးမှ နာမည်အမှန်သိ တော့တယ်:)

    ReplyDelete
  3. ဒီညီအစ်ကိုတွေ ဇော်တွေချည်းပဲ...။
    ငယ်ငယ်ကအကြောင်းစားမြုံ့ပြန်ရတာ အရသာကိုရှိရောပဲနော်....။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  4. Har Har :D
    A yan yie ya tar pal. Gyar Htel ka nay bu ma ti ba ma ti nal khan lite ya tal.
    Ko Thet Thant post twae ko a myel phet phyit tal.
    A yan kaung tar pal.

    A myel arr pay nay par tal

    PS. Myanmar Font ma ya lo sorry par naw :P

    ReplyDelete
  5. တကယ်ကောင်းတဲ့ အကိုတွေပဲဗျာ။

    ReplyDelete
  6. မင်္ဂလာပါ ကိုသက်တန့်ရေ..

    အဲဒီတုန်းက ဇလပ်ဝါ က သူ့ကို ရည်းစားစကား မပြောလို့ ကျော်အောင် တို့အဖွဲ့ကို အထိုးခိုင်းလိုက်တာ.. ဟီး..ဟီး.. စတာနော်..။

    ဟာသလေးတွေ နှောထားတဲ့ အခုလို ပို့စ်လေးကို ဖတ်ရတာ နှစ်သစ်မတိုင်ခင် ကတည်းက အပျော်တွေ စည်းဝင်ခဲ့ရတဲ့ အထိပါ ကိုသက်တန့်ရေ...

    ဖတ်ရင်းနဲ့ ခဏခဏပြုံးမိလို့..ပါးစောင်တွေပါ နာနာ လာတယ်.. :) :)...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  7. တလေးတစား ဖတ်သွားပါတယ်

    လှပတဲ့ နှစ်သစ်နေ့တွေ ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  8. အဲဒါပေါ့ ဇော်ဝမ်း ဇော်တူးနဲ့ ဇော်သရီးလေ...း)
    ဖတ်ရင်းနဲ့ ပြုံးသွားတယ် သက်တန့်ရေ.. ဒါမျိုးလည်း ရတယ်နော်...

    ခင်မင်လေးစားလျှက်

    ReplyDelete
  9. ဒါ ၀တ္ထုလား ကိုယ့်အကြောင်းလား.. ၀တ္ထုဆိုရင်တော့ အရင်အခန်းဆက်တစ်ပုဒ်ထက် ပိုကောင်းတယ် :) ကြိုက်တယ် ဒီတစ်ပုဒ်ကို

    ReplyDelete
  10. ဇော်ဆိုရင်ဆိုးပြီးသား။ ၀မ်းကွဲအကိုနဲ့ ၀မ်းကွဲမောင်လည်း ဇော်တွေပဲ ဇော်ကြီးနဲ့ ဇော်လေး လေး)) မလွယ်ဘူးးးး
    ဒါနဲ့ ဇလပ်ဝါက သမီးလေးမွေးတာလား။းP

    ReplyDelete
  11. အစ်ကိုက နာမည်ကြီး ထမင်းငတ်မဟုတ်ပဲ၊ နာမည်ကြီး ပါးစောင်နာဖြစ်သွားတာကိုး..ဟုတ်လည်း ဟုတ်လိုက်ရပဲနဲ့...

    ReplyDelete
  12. ပါးစောင်နာနေတာတောင် ကြေးအိုးလိုက်သောက်နိုင်သေးလား...:D ဟိဟိ ခင်လို့စတာပါနော်....

    ReplyDelete
  13. ဒါကြောင့် ပါးလေး ခွက်နေတာကိုး...... သိပြီ.. သိပြီ

    ReplyDelete
  14. လူမိုက်တွေတောင်မှ ကြောက်ရတယ်ဆိုတော့ ဖွဲ့ထားတဲ့ဂိုဏ်းတွေက တော်တော် အင်အားတောင့်လို့နေမယ်...:)

    ReplyDelete