Monday, August 2, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၁)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၁)



ထိုသို့ ပြောဆိုပြီးသည်နှင့် ကျွန်ုပ်လည်းသေနတ်ဖြင့် ကျီးကန်းအုပ်ထဲသို့ တရစပ်ဆွဲချလိုက်လေသည် ။

“ ဒက်.....ဒက်.....ဒက်”

“ အာ..အာ...”

သေနတ်သံကြောင့်ကျီးကန်းတော်တော်များများမှာ လန့်ဖြန့်ပြီး အဝေးသို့ ပြန်ပြေးကြကုန်၏ ။ သေနတ် ကျည်ဆံ နှင့်ထိသော ကျီးကန်း ၂ ကောင် ၃ကောင်ခန့်မှာ မြေပြင်သို့ ပြုတ်ကျလာလေသည် ။

“ သီတာ ..ပြေးပြေး...လမ်းကြားထဲရောက်အောင်ပြေး ”

ဟုအော်ဟစ်ရင်းကျွန်ုပ်လည်း လမ်းကြားထဲသို့ အပြေးလိုက်ခဲ့လေတော့သည် ။ သို့သော်ကျီးကန်းတစ်ကောင်မှာ ဒေါသတကြီးဖြင့် သီတာ့နောက်သို့ ထိုးလိုက်သွားသည်မှာ မှီလုမှီခင်ဖြစ်နေလေသည် ။ ကျွန်ုပ်မှာ ကျည်ဆံလည်းကုန်သွားပြီဖြစ်၍ ခြေတစ်ဖက်ရှိ အိတ်ထဲတွင် ထည့်ထားသော ဓါးမြှောင်ဖြင့် လှမ်းပစ် လိုက် လေသည် ။ ဓါးပေါက်အားကပြင်းလှသောကြောင့် ကျီးကန်းကလည်း ထိုးဆိတ်ရအပြု ဓါးဖျားတွင် စွေ့ကနဲပါသွားကာ အုတ်နံရံတွင်သွားစိုက်နေလေသည် ။ ကျွန်ုပ်လည်း ဓါးမြှောင်ကိုပြန်နှုတ်ပြီး သီတာ့လက်ကို ဆွဲကိုင် ရင်း ပြေးထွက်ခဲလေတော့သည် ။ အတော်ခပ်လှမ်းလှမ်းပြေးပြီးသောအခါ ထုံးစံအတိုင်း ရှေ့တွင် ကာဆီး နေသည်က ယိုင်တိုင်တိုင်ဖြင့် ကျွန်ုပ်တို့ဆီ လှမ်းလာနေသော သွေးစုပ်ကောင် ငါးကောင် ။

ကျွန်ုပ်ကပြေးနှုန်းလျော့လိုက်သော်လည်း သီတာမှာ ဆက်၍ ပြေးသွားပြီး ဘေးတစ်ဖက်ရှိအုတ်နံရံအား ခြေထောက် နှင့်ကန်ကာ ရှေ့ဆုံးရှိ သွေးစုပ်ကောင်၏ မျက်နှာအား လှမ်းကန်ထည့်လိုက်လေသည် ။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် လှပသောကာရာကေးတိုက်ကိုက်များက သွေးစုပ်ကောင်များအား ဖရိုဖ ရဲဖြစ်သွားစေ၏ ။ ထိုအခိုက် သီတာ့နောက်တွင် သီတာ့ပခုံးအား လှမ်းကိုင်လိုက်သော သွေးစုပ်ကောင် တစ်ကောင် ။ ကျွန်ုပ်လည်းပူထူသွားကာ

“ သီတာ..နောက်မှာ....”

ဟု အော်ပြောလိုက်သည် ။ ကျွန်ုပ်၏ အော်သံမဆုံးမီမှာပင် သီတာ၏ အားပါလှသော နောက်လှန်ကန်ချက်က သွေးစုပ်ကောင်၏ ချက်ကောင်းဆီသို့ ။ သွေးစုပ်ကောင်ကား ပြန်မထနိုင်တော့ပေ ။ ကျွန်ုပ်လည်း သီတာ အနားသို့သွားကာ

“ သီတာရယ် အကို သွားပြီး တိုက်ခိုက်မှာပေါ့ ဘာလို့သွားရတာလည်း စိတ်ပူလိုက်ရတာ ”

“ အော်..အကိုရယ် အကိုနဲ့ပြန်တွေ့ကတည်းက အားတွေရှိနေပါပြီ အကိုနဲ့မတွေ့ခင်တုန်းကလည်း သွေးစုပ် ကောင် တွေအများကြီးနဲ့ ညီမတိုက်ခိုက်ခဲ့ပြီးပါပြီ မပူပါနဲ့နော် ”

ဟု ကျွန်ုပ်အား ပြုံးပြရင်းပြောလေသည် ။ သို့နှင့် ကျွန်ုပ်တို့လည်း ထိုလမ်းကြားထဲမှ ဆက်လက်ထွက်ခွာခဲ့ပြီး အိမ် နံပါတ်အစဉ်လိုက်အတိုင်း လိုက်၍ရှာဖွေရော သိပ်တော့ခက်ခဲလှခြင်းမရှိပေ ။ နာရီအနည်းငယ်မျှ လှည့်ပတ်ရှာ ဖွေပြီးနောက် AD 1181 ဟူသော တိုက်ပျက်ကြီးဘေးတွင် တိုက်အိမ်ဟူ၍ မရှိတော့ပဲ လူတစ်ရပ် ခန့်မြင့်သော မြက်ရိုင်းအုပ်ကြီးသာတွေ့လိုက်ရလေတော့သည် ။ ကျွန်ုပ်တို့လည်း မထူးတော့ပြီမို့ ထိုမြက်ရိုင်း အုပ်ကြီး အတွင်းသို့ တိုးဝင်ခဲ့ကြလေတော့သည် ။ မြက်ရိုင်းပင်များ အကြားသွားလာနေကြသော မြွေအနည်းငယ်နှင့် ကင်းမြီးကောက်အနည်းငယ်မှအပ ထူးခြားသောအန္တရာယ်များအား တွေ့ရှိခဲ့ရခြင်းမရှိပေ ။ ကွမ်းတရာ ညက်ခန့်လျောက်ပြီးသောအခါ ရုတ်တရက်ရှေ့တွင် ဘွားကနဲပေါ်လာသော မြင်ကွင်းကြောင့် အံ့သြမှင် သက်သွားမိကြ၏ ။ လွန်စွာကြီးမားကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးတစ်ခုပင် ။

ထိုချိုင့်ဝှမ်းကြီးအလယ်တွင်ကား ခန့်ထည်လှသော ရဲတိုက်ကြီးတစ်ခုက ထီးထီးကြီးတည်ရှိနေလေသည် ။ ဤရဲတိုက်ကြီးကား ကျွန်ုပ်တို့ ရှာဖွေနေသော AD 1182 ပင်ဖြစ်ပေတော့သည် ။ ကျွန်ုပ်တို့လည်း အခြေအနေကို ခဏစောင့်ကြည့်ပြီး ချိုင့်ဝှမ်းကြီးအတွင်းသို့ ဆင်းခဲ့ကြလေတော့သည် ။ ချိုင့်ဝှမ်းဆီသို့ အတော်များ များဆင်းပြီးနောက် ရဲတိုက်ကြီးရှေ့မှ လှုပ်ရှားမှုအားတွေ့လိုက်ရ၍ ကျွန်ုပ်မှာ သီတာအားဝပ်နေရန် အချက်ပြ လိုက်၏ ။ အချိန်ကားညနေ ငါးနာရီကျော်လောက်ရှိပြီဖြစ်သဖြင့် ပတ်ဝန်းကျင်သည် ပီပြင်လှခြင်းတော့မရှိလှပေ ။ ပတ်ဝန်းကျင်ကို မျက်စိက ကျင့်သားရတော့မှ သေချာကြည့်မိကာ ကျွန်ုပ်နှင့် တစ်ချိန်က လမ်းကြားထဲတွင် သူသေကိုယ်သေတိုက်ခိုက်ခဲ့ရသော သတ္တ၀ါကြီးတစ်ကောင်ဖြစ်နေလေသည် ။ ကျွန်ုပ်လည်း ဤသတ္တ၀ါကြီးအား ထွက်၍ တိုက်ခိုက်လျှင် ရဲတိုက်အတွင်းသို့ ကျွန်ုပ်တို့ ရောက်ရှိလာကြောင်းအသိပေးလိုက်သလို ဖြစ်မည်စိုးသောကြောင့် သတ္တ၀ါကြီးအား တိတ်တဆိတ်နှိမ်နှင်းနိုင်ရန် နည်းလမ်းအားစဉ်းစား နေမိတော့သည် ။ ကျွန်ုပ်လည်း လက်ထဲမှသေနတ်အား ဖြုတ်၍ စစ်ဆေးကြည့်ရာ ကျွန်ုပ် ခန့်မှန်းသည့်အတိုင်းပင် စနိုက်ဘာ ကျည်ဆံ ၈ တောင့်ကျန်နေသေးကြောင်း ၀မ်မြောက်ဖွယ်ရာ တွေ့ရလေသည် ။ အူဇီကျည်ဆံများမှာမူ ကုန်သွားပြီဖြစ်၏ ။ ကျွန်ုပ်လည်း အချိန်ဆွဲမနေတော့ပဲ Zoom ဆွဲကာ သတ္တ၀ါကြီးဆီသို့ ချိန်လိုက် လေတော့သည် ။ ထို့နောက် သတ္တ၀ါကောင်၏ ဦးနှောက်နေရာသို့ မှန်းကာ ခလုတ်အား ဆွဲချလိုက် လေတော့ သည် ။ တိုးညှင်းစွာ ထွက်ပေါ်လာသော သေနတ်ကျည်ဆံသံနှင့်အတူ သတ္တ၀ါကောင်ကား လဲကျငြိမ် သက်သွား ပေတော့သည် ။ ထိုအခါမှ ကျွန်ုပ်တို့နှစ်ဦးလည်းရဲတိုက်ကြီးဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ် လာခဲ့တော့သည် ။ ရဲတိုက်တံခါးကြီးကား စေ့ထားဟန်ရှိပြီး အတွင်းပိုင်း၌ မီးရောင်မှိန် ပြပြသာ တွေ့ရလေသည် ။ ကျွန်ုပ်လည်း တံခါးမကြီးအား သတိကြီးစွာ ထား၍ ဖွင့်လိုက်လေသည် ။

“ ကျီ....”

တံခါးမကြီးပွင့်သွားသည်နှင့်တပြိုင်နက်

“ ဟား...ဟား...ဟား.... Ghost City မှကြိုဆိုပါတယ်မောင်ရင်တို့ ”

ဟူသော ခြောက်ခြားဖွယ်အသံကြီးအား ကြားလိုက်လေသည် ။ ကျွန်ုပ်မှာ ထောင်ချောက်မိသွားပြီ ဖြစ်မှန်း သတိထားမိလိုက်၏ ။ ဧည့်ခန်းအတွင်း၌ တွေ့မြင်လိုက်ရသော မြင်ကွင်း ကြောင့် ကျွန်ုပ်နှင့်သီတာမှာ လွန်စွာ အံ့သြ၀မ်းသာသွားကြလေသည် ။ ဒေါက်တာနိုင်ဇော် ၊ ညိုမောင်နှင့် ထွန်းလူတို့ သုံးဦးအားအတူတကွ တွေ့ရှိလိုက်ရသောကြောင့်ပင်တည်း ။ ၀မ်းနည်းစရာကောင်းသည်မှာ ကျွန်ုပ်၏ မိတ်ဆွေသုံးဦးအား လက်ပြန်ကြိုး တုပ်နှောင်လျှက် တွေ့လိုက်ရခြင်းပင်ဖြစ်၏ ။

“ ၀င်လာခဲ့ကြပါမောင်ရင်တို့ ဟား....ဟား....ဟား..ဒီနှစ်ယောက်ကတော့ ဒေါက်တာသက်တန့်နဲ့ သီတာဆိုတဲ့ မိန်းကလေးဖြစ်မယ်ထင်တယ် တယ်လည်းတိုက်ရည်ခိုက်ရည်ကောင်းကြသကိုး အခုချိန်ထိ အသက် ရှင်နေ ကြသေး တယ်ဆိုတော့ ကဲကဲ ထိုင်ကြပါဦး ”

ဟု ကျွန်ုပ်တို့အား လှမ်းပြောလိုက်သော Professor Dr. Thomas အား လှမ်း၍ တွေ့လိုက်ရလေတော့သည် ။


အပိုင်း (၁၂) မျှော်......။

သက်တန့်ချို
2 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails