ဧရာဝတီ... မြန်မာပြည်သူပြည်သားတွေရဲ့ အသက်သွေးကြော....ရေလှိုင်းပုတ်သံတွေနဲ့ ရှုမငြီးတဲ့ ပန်းချီကား တစ်ချပ် ။ အဲဒီဧရာဝတီရဲ့ ရင်သွေးငယ်...မော်လမြိုင်ကျွန်း....။ လှပတဲ့ မော်လမြိုင်ကျွန်းကို ရစ်ခွေ စီးဆင်း နေတာကတော့ ရာဇူဒိုင်မြစ် ...။ ရေစီးက ညင်ညင်သာသာနဲ့ ကျယ်ပြောတဲ့ မြစ်ပြင်တစ်ခွင်ကြောင့် မြန်မာနိုင် ငံရဲ့အလှတစ်ပါးဆိုလည်း မမှားပါဘူး ။ ရာဇူဒိုင်မြစ်ဟာ နွေရာသီမှာ ပုံမှန်မြစ်ရေထက် ခြောက်ပေခန့် နိမ့်ကျ လေ့ရှိပြီး မိုးရာသီမှာတော့ ပုံမှန်ရေမျက်နှာပြင်ထက် ခြောက်ပေခန့် မြစ်ရေတက်လေ့ရှိပါတယ် ။
မော်လမြိုင်ကျွန်းမှာရှိတဲ့ နေထိုင်သူတွေအတွက်ကတော့ ရာဇူဒိုင်မြစ်ဟာ ကုန်စည်နဲ့ ကူးသန်းသွား လာရေး အတွက် အဓိက မြစ်တစ်စင်းဖြစ်ပါတယ် ။ ဟိုးယခင်ကတော့ မော်လမြိုင်ကျွန်းမြို့ကို ကုန်းလမ်းနဲ့ ခရီးသွား မယ်ဆိုရင် ရာဇူဒိုင်မြစ်ကို ဇက်ရေယဉ်နဲ့ မကူးဘဲ မြို့နယ်အတွင်းက ကျိုက်ပိကို တိုက်ရိုက်မရောက်နိုင်ပါဘူး ။ မြန်မာနိုင်ငံကို အိပ်မက်ဆိုးတွေပေးခဲ့တဲ့ နာဂစ်မုန်တိုင်း အပြီးမှာတော့ မော်လမြိုင်ကျွန်းဟာ မျှော်လင့် ချက်ရောင်ခြည်တွေနဲ့ အနာဂါတ်အသစ်တွေရရှိခဲ့ပါတယ် ။ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်းပိုင်း ဖောက်လုပ် ရေးစီမံကိန်း ၊ ရာဇူဒိုင်တံတား အမှတ် (၁) တည်ဆောက်ရေးနဲ့ အမှတ် (၂) တည်ဆောက်ရေး ၊ ကျေးလက်အိမ်ရာ ဆောက်လုပ်ခြင်းနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ နာဂစ်အလွန်ကာလမှာ ရောက်ရှိ လို့လာခဲ့ပါတယ် ။ အခု လတ်တလောအရ မော်လမြိင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်း၂၉ မိုင်း ၄ဖာလုံကို မြေသားတာပေါင်တွေအကုန်ပြီးစီးပြီးအဲဒီလမ်းပေါ်က တံ့တား ၂၂ စင်းအနက် ၁၇ စင်းပြီးစီးသွားပြီဖြစ်ပါတယ် ။
သံကူကွန်ကရစ်တံတားဖြစ်ပြီး အရှည် ၅၄၀ ပေ ယဉ်သွားလမ်း အကျယ် ပေ ၂၀ ၊ လူသွားလမ်းအကျယ် တစ်ဖက် ၂ ပေ စီရှိတဲ့ ရာဇူဒိုင်တံတားအမှတ် (၂) ကို ၉.၁.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့တဲ့အတွက် မော်လမြိုင်ကျွန်း မြို့သူမြို့သားတွေရဲ့ အိပ်မက်တွေ လင်းလက်ခွင့်ရခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒီတံတားဟာ မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းပေါ်မှာ တည်ရှိပါတယ် ။
ရာဇူဒိုင်တံတားအမှတ် (၁)ကိုတော့ ၂၂.၇.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီတံတားကတော့ အရှဇည် ၁၈၃၅ ပေ ၉ လက်မ ၊ ပင်မတံတားအရှည် ၉၉၈ ပေ ၃ လက်မ ၊ ချဉ်းကပ်တံတား မော်လမြိုင်ကျွန်းဖက်ကမ်း ၆၆ ပေ ၊ ကျိုက်ပိဖက်ကမ်း ၁၇၇ ပေ ၆ လက်မ ၊ ယဉ်သွားလမ်း အကျယ် ပေ ၂၀ နဲ့ လူသွားလမ်း အကျယ် တစ်ဖက်ကို ၂ ပေစီရှိပါတယ် ။ ဒီတံတား ၂ စင်းကြောင့် မော်လမြိုင်ကျွန်းမြို့လေးရဲ့ လူနေမှုအဆင့်အတန်းတွေ ပိုမိုမြင့်မား လာတယ်ဆိုရင်လည်းမမှားပါဘူး ။
ဟိုယခင်က ဆို ရန်ကုန်ကို သဘောင်္နဲ့ ခရီးသွားရင် ၁၂ နာရီလောက် ခရီးသွားရပေမယ့် အခုကားလမ်းနဲ့ဆို လေးနာရီပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ် ။ ညနေခင်းမှာ တံတားကြီးပေါ်က စက်ဘီး ၊ ဆိုင်ကယ် ၊ ထော်လာ ဂျီတွေနဲ့ စည်ကားလှတဲ့ ရှုခင်းအလှဟာ ရှူမငြီးဖွယ်ရာပါပဲ ။ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ မြို့ပြလမ်းအနေနနဲ့ ကတ္တရာလမ်း ၃၅ လမ်း ၊ ကျောက်ချောလမ်း ၁၈ လမ်း ၊ မြေသားလမ်း ၉၂ လမ်း ၊ မြို့ပြတံတားအနေနဲ့ ကွန်ကရစ်တံတား ၁၃၂ စင်း ၊ သစ်သားတံတား ၇ စင်း ၊ ရေပြွန် ၃၈ ခု ၊ ကျေးလက်လမ်းအနေနဲ့ကတော့ ကတ္တရာလမ်း ၂ လမ်း ၊ ကျော်ကချောလမ်း ၉ လမ်း ၊ မြေသားလမ်း ၂ လမ်း ၊ ကွန်ကရစ်တံတား ၁စင်း ၊ သစ်သားတံတား ၁၅ စင်းတည်ရှိပါတယ် ။
မော်လမြိုင်ကျွန်းရဲ့ ထင်ရှားတဲ့ ဘုရားကြီးဖြစ်တဲ့ လောကသကျမာရဇိန်ဘုရားကြီးကိုလည်း ဖူးမျှော်နိုင် ပါသေးတယ် ။ ဒေသခံတွေကတော့ အလည်ဘုရားကြီးလို့လည်းခေါ်ဝေါ်ကြပြီး မန္တလေး မဟာ မြတ်မုနိ လို မနက်တိုင်း မျက်သစ်ရေ ကပ်ပါတယ် ။
ဒါကတော့ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးဖြစ်ပါတယ် ။ ဒေသခံတွေက ခြင်္သေ့နှစ်ကောင် ဘုရားလို့ လည်း ခေါ်တွင်ကြပါတယ် ။
ဒီဘုရားကတော့ တာဝတိသာ မြတ်စွာဘုရားကြီးဖြစ်ပါတယ် ။
မော်လမြိုင်ကျွန်းမြို့အ၀င် တည်ချောင်းကျေးရွာအုပ်စု ဂျုံးဂျုံးကျ ကျေးရွာမှာ ကုတင် ၁၀၀ ဆန့် မြို့နယ်ပြည်သူ့ ဆေးရုံအသစ်တည်ရှိပါတယ် ။ လူနာဆောင် ၄ ဆောင်ပါဝင်ပြီး RC တစ်ထပ် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယခုအခါ ၇၀% ပြီးစီးနေပြီ ဖြစ်ပါတယ် ။
မော်လမြိုင်ကျွန်းမြို့ကို အနားသတ်ပေးထားတဲ့ ရာဇူဒိုင်မြစ်ကြီးထဲက လှေငယ်လေးတွေ ၊ သဘောင်္ကြီးတွေနဲ့ ရိုးသားလှတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဖြူစင်တဲ့မျက်နှာတွေကို တွေ့မြင်နိုင်ပါတယ် ။ ယခုအခါမှာတော့ မော်လမြိုင်ကျွန်းမြို့ပေါ်မှာပဲ အင်တာနက်လိုင်းတွေ အလွယ်တကူ သုံးစွဲရနိုင်ပြီး ကမ္ဘာတ၀ှမ်းနဲ့ ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ မိခင်ဧရာဝတီရဲ့ ရင်သွေးငယ် ...မော်လမြိုင်ကျွန်းမြို့ .....အနာဂါတ်မှာ ရွှေရောင် တွေ တလွင့်လွင့်နဲ့ အိပ်မက်အသစ်တွေ နိုးကြားလာခဲ့ပြီ ဖြစ်ပါတယ် ။
Ref : News Light of Myanmar (20.8.2010)
(ဓါတ်ပုံများအား ညီငယ် ရွှေကျွန်းသား website မှကူးယူထားပါသည် ။ )
သက်တန့်ချို
21 August 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဧရာဝတီသားဆိုတော့ ဘာပဲဖြစ်ဖြစ်ကိုယ့် ဧရာဝတီကို သတိရတဲ့ စိတ်နဲ့ ဖတ်သွားပါတယ်
ReplyDeleteမော်လမြိုင်မြို့ကို မရောက်တာ ၁၅နှစ်လောက်ရှိရောပေါ့..
ReplyDeleteပြောင်းလဲနေလိုက်တာ အရင်ကနဲ့ ဘာမှကို မဆိုင်တော့တာနော်...။
နတ်သမီးရေ....
ReplyDeleteမတွေ့တာ ကြာပေါ့...
မော်လမြိုင် တော့ မဟုတ်ပါဘူး...
မော်လမြိုင်ကျွန်း(မော်ကျွန်း) ရယ်....
သာသနာထွန်း တဲ့ မြို့မော်ကျွန်းလို့ ရယ် ဆိုကြသတဲ့...
နောက်ဆုံး အမည်နာမပဲ ကွာခြားတဲ့
မော်လမြိုင်ကျွန်းကို မော်လမြိုင် အထင်နဲ့
လွန်ခဲ့တဲ့ 1996 ခရီးသွားနှစ် တုန်းက ကိုတိုးရစ်များ
မှားယွင်း လည်ပတ်မိကြသေးတယ် ဆိုသတဲ့...
တစ်ချိန်က... ရေးဖက်...
Traveller(ခေတ္တ-လူ့ပြည်)
ငါတို့ရဲ့ ဘယ်သူမှ မသိတဲ့ မြို့လေးကို ဖော်ပြပေးတဲ့ အတွက် တကယ်ကျေးဇူးတင်ပါတယ် ကိုသက်တန့်ရေ
ReplyDeleteငါတို့ရဲ့ ဘယ်သူမှ မသိတဲ့ မြို့လေးကို ဖော်ပြပေးတဲ့ အတွက် တကယ်ကျေးဇူးတင်ပါတယ် ကိုသက်တန့်ရေ

ReplyDeleteလွမ်းတယ်ဗျာ...မော်ကျွှန်းသား..ဆ၇ာမင်းနန်မော်ကျွှန်းမွေးတဲ့၇ွာကပါ
ReplyDelete