Saturday, August 14, 2010

ဆည်းဆာ နေညိုချိန်

ဆည်းဆာ နေညိုချိန်


လေပြေလေညှင်းလေးက ဖြေးညှင်းစွာ တိုက်ခတ်နေ၏ ။ ပုဇွန်ဆီရောင်ကောင်းကင်ကြီးပေါ်တွင် အိပ်တန်း ပြန်ငှက် တို့ အုပ်စုလိုက်ပျံသန်းသွားကြလေသည် ။ သက်ကယ်မိုးထားပြီး ထရံများ ကျိုးတို့ကျဲတဲဖြင့် ဆောက်လုပ် ထားသော တဲအိမ်တစ်လုံးကား နေ၀င်ချိန်တွင် မောပန်းနွမ်းလျှစွာ ပင်ပန်းနေသည့်နှယ် ။ ထိုတဲအိမ် လေး အပေါ်တွင်ကား အသက် ၈၀ ခန့်ရှိပြီဖြစ်သော အဖိုးအိုတစ်ဦး ငြိမ်သက်စွာ လဲလျောင်းနေ၏ ။ အဖိုးအို၏ မျက်နှာတွင် အရေးအကြောင်းများတွန့်လျှက် သဘာဝ လောကကြီး၏ နောက်ဆုံးအချိန်ကို စောင့်မျှော် နေဟန်ရှိလေသည် ။ ကိုယ်ပေါ်တွင် အညာစောင်တစ်ထည်အား ရင်ခေါင်းအထိလွှမ်းခြုံထားပြီး အပြင်ဖက်မှ လေတစ်ချက်ဝှေ့လိုက်တိုင်း အဖိုးအို၏ ဖြူဖွေးသော ဆံပင်တို့မှာ လှုပ်ခါသွားလေသည် ။

" တော့်ကိုပြောသားပဲ တော်ကိုက ပေါ့လွန်းပါတယ်တော် ရွာက ဆေးမှူးနဲ့ပြပါဆိုတော့လည်း မပြဘူး ဘယ့်နှာ မှန်း ကိုမသိဘူး "

ဟု ဗျစ်တောက်ဗျစ်တောက်ပြောဆိုရင်း အိမ်နောက်ဖေးမီးဖိုချောင်မှ အဖွားအိုတစ်ဦးထွက်လာလေသည် ။ အဖွား အိုမှာ အသက် ၈၀ ခန့်အရွယ်ရှိပြီး လောကဓံ၏ အရိုက်အပုတ်များကြောင့် ကျင့်သားရခဲ့သော မျက်နှာက အရေးအကြောင်းများဖြင့်... ။ တုန်ရီစွာ ကိုင်ထားသော လက်ထဲမှ ရေနွေးခွက် က ဖိတ်ကျမတတ်ပင် ။ အဖွားအို ကား ရေနွေးခွက်ကို ကိုင်ရင်း အဖိုးအိုရှိရာ အိမ်ရှေ့ခန်းသို့ တုန်ရီစွာ လှမ်းလာလေသည် ။

" အခုတော့ ဖြစ်ပြီမဟုတ်လားဟင် တော့ကိုပြောသားပဲ ကျန်းမာရေးကိုဂရုစိုက်ပါဆိုတာ "

အဖွားအိုက ပြောရင်းပြောရင်း မျက်ဝန်းတွင် မျက်ရည်များ ဆို့နင့်စွာ ပြည့်လျှက် ..။ စီးကျတော့မည့် မျက်ရည်များ အား အသာအယာ မျက်တောင်ဖြင့် အနိုင်နိုင်ပုတ်ထုတ်ရင်း အဘိုးအို၏ ခြေထောက်များအား အသာအယာ နှိပ်နယ်ပေးလေသည် ။

" တော်နေသာရဲ့လား ကျုပ် ဆေးမှူးသွားခေါ်ပေးရမလားဟင် "

ဟုအဖွားအိုက မေးလိုက်သောအခါ အဖိုးအိုက ပိတ်ထားသော မျက်စိကိုဖွင့်လျှက် အဖွားအိုအား ရီဝေစွာ ငေးကြည့်နေလေသည် ။

" ရပါတယ် မယ်ခင်ရယ်...ငါ့အကြောင်းကိုငါသိပါတယ် ...ငါ...မကြာခင်သွားရတော့မှာပါ ဆေးမှူးလည်း သွားမ ခေါ်ပါနဲ့တော့ "

" တော်နဲ့တော့ခက်ပါပြီ ပြောလိုက်တိုင်း ခေါင်းကိုမာလွန်းတယ် အရင်ကတည်းက တခုခုဆို အရမ်းပေါ့ဆတာပဲ အခုတော့ဖြစ်ပြီမဟုတ်လား "

ဟု အဖွားအိုက မျက်ရည်များဝဲကာ အသံတုန်ရီရီ ဖြင့်ပြောလေသည် ။ အဖိုးအိုက ဇနီးသည်အား ကြင်နာ စွာကြည့်ရင်း

" ကဲပါ ..မယ်ခင်ရယ်..ငါက မကြာခင်သွားရတော့မှာပါ ..ငါ့ ခြေထောက်တွေ အေးစက်နေပြီလေ ငါအခု ၀င်သက် ထွက်သက်မှတ်နေတာပါ ငါတို့က ..အခုဆို လူ့ဘ၀ရဲ့နောက်ဆုံးနေ၀င်ချိန်ကို ရောက်နေကြပြီလေ ..ဒါပေမယ့် မယ်ခင်ရယ်..ငါဝမ်းအနည်းဆုံးက...နင့်ကိုခွဲခွာသွားရတာပါပဲ "

ဟုတိုးညှင်းစွာပြောလေသည် ။ အဖိုးအို၏ စကားအဆုံးတွင် အဖွားအိုက အိကနဲ တစ်ချက်ငိုချလိုက်လေသည် ။ ပြီးနောက်အဖိုးအိုမမြင်စေရန် မျက်ရည်များကို အသာပုတ်ထုတ်လိုက်ပြီး

" တော်ကလည်း..တော် ဘာတွေပြောနေတာတုန်း ခဏနေရင်တော် နေပြန်ကောင်း လာမှာတော်.. အရင်တုန်း ကလည်း နေမကောင်းဖြစ်ပြီး ခဏနေရင် ပြန်ကောင်းလာတာပဲမဟုတ်လား "

ဟု ဆို့နင့်စွာ ပြောလေသည် ။ အဖိုးအိုက ဇနီးသည်အား အနိုင်နိုင်ပြုံးပြရင်း

" မယ်ခင်ရေ..ငါ..သွားတော့မယ်နော် နောင်ဘ၀မှာလည်း နင်နဲ့ ဆုံချင်ပါသေးတယ် ကွယ်...အခုတော့ ..ငါ.. အရင် သွားနှင့် တော့မယ်နော်...မယ်....ခင် "

ဟုတိုးညှင်းစွာ ပြောရင်း မျက်လုံးများမှာ ညှင်သာစွာပိတ်သွားလေတော့သည် ။ အဖွားအိုမှာ အဖိုးအို၏ ခြေ ထောက်များအား ဆက်လက်နှိပ်နယ်နေဆဲပင်.... ။ မျက်ဝန်းအိမ်တို့မှ မျက်ရည်တို့က အဆီးအတားမဲ့စွာဖြင့် အဖိုး အို၏ ခြေထောက်ပေါ်သို့ ကျဆင်းနေလေသည် ။ ထိုအခိုက် ရွာဦးကျောင်းမှ ကြေးစည်သံက တလွင်လွင်ဖြင့် ပျံ့နှံ့ သွားလေသည် ။ ညနေ၀င်ရီတရော ကောင်းကင်တွင် လင်းကနဲဖြစ်သွားကာ ကြယ်တစ်ပွင့် ကြွေကျ သွား သည်ကိုတော့ တဲအိမ်လေးအတွင်းမှ အဖွားအိုမှာ မသိနိုင်ရှာပေ ။ အိပ်တန်းပြန်ငှက်တို့ကား တိတ်ဆိတ်စွာ အ မှောင်ထုထဲသို့ ဆက်လက်ပျံသန်းနေဆဲပင် ။ နေမင်းကြီးကလည်း ကမ္ဘာမြေ၏ အနောက်ခြမ်း ဆီသို့... တရွေ့ရွေ့....တရွေ့ရွေ့....တရွေ့ရွေ့...........။

သက်တန့်ချို
13 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ကိုသက်တန့်နဲ့တွေ့သွားရင် အဲဒီအဖိုးနောက်ထပ် ဆယ်နှစ်လောက်နေနိုင် အုံးမှာ...........

    ဇရာရဲ့သဘော ဘဝရဲ့ ခရီးကိုးဗျ အားလုံး
    သွားရမှာပဲလေ

    ReplyDelete