Monday, October 18, 2010

အချစ်.....ဆူး

အချစ်.....ဆူး


(၀န်ခံချက်။ ။ ဤဘလော့ပို့စ်သည် ကျွန်တော်၏ တစ်ဖက်သက်အမြင် Personal View များသာဖြစ်ပါသည် ။ အချို့အ ရာ များမှာ မှန်သည်ရှိသလို အချို့အရာများမှာလည်း မှားနိုင်ပါသည် ။ သင်လက်ခံနိုင်သော အမြင်များ ကို လက်ခံနိုင်ပြီး သင်လက်မခံနိုင်သော အမြင်များကို ပြန်လည်ချေပ ပြောဆိုနိုင်ပါသည် ။ )

အချစ်ဆိုတာ ဆူးတစ်ချောင်းနဲ့တူတယ်တဲ့....။ သင်ကရော ဘယ်လိုထင်ပါသလဲ ?
.
.
.
.
.
.
.
.
.
.
.
မှန်ပါတယ် ။ အချစ်ဆိုတာ ချောကလက်တစ်တောင့်ထက်စာရင်တော့ ဆူးတစ်ချောင်းနဲ့ပိုတူပါတယ် ။ တကယ်ချစ်မိပြီဆိုရင် ရင်ထဲကို ဆူးချွန်ချွန် တစ်ချောင်းနဲ့ စိုက်သွင်းလိုက်သလိုပါပဲ ။ နင့်ကနဲကို ဖြစ်သွား လေ့ရှိပါတယ် ။ အဲဒီဆူးနေတဲ့အချစ်ဆူးကို နှုတ်ပစ်ရင်လည်း နှလုံးသွေးတွေ ပွက်ကနဲ ထွက်ပြီး သေသွား နိုင်သလို မနှုတ်ပဲ ဒီအတိုင်းထားရင်လည်း ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကျင် ကိုက်ခဲ နေတတ်ပါတယ် ။ သင်ဆိုရင် ရော အချစ်ဆူးတစ်ချောင်း ဆူးမိပြီဆိုပါတော့ ။ နှုတ်ပစ်မှာလား ? ဒီအတိုင်း ထားမှာလား ?

အချစ်ဆိုတာဘာလဲ ?

ကမ္ဘာဦးအစကနေ အခုအချိန်ထိ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ် ။ အချို့က တော့ အချစ်ဆိုတာ ရုပ်ဝထ္ထုလို့ မြင်ကြတယ် ။ ရင်ခုန်ခြင်းလို့ မြင်ကြတယ် ၊ တပ်မက်ခြင်း ၊ လှပခြင်း စသဖြင့် အမျိုးမျိုး ထင်မြင်ကြပါတယ် ။ ကျွန်တော်ကတော့ အဲဒါတွေအားလုံးနဲ့ ဆန့်ကျင်ဖက် အချစ်ကို အချစ်လို့ပဲ မြင်တယ် ။ အချစ်တစ်ခု မွေးဖွား ပေါက်ဖွားဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကြားခံနယ်မလိုဘူး ၊ အသက်အရွယ်မလိုဘူး ။ တစ်စက္ကန့် ၊ တစ်မိနစ် ၊ အကြည့်တစ်ချက် ၊ အသံတစ်သံ ကအစ အချစ်ဖြစ်သွား နိုင်ပါတယ် ။ သင်ယုံနိုင်မှာ မဟုတ်ပါဘူး ။ အချစ်ဆိုတာကိုက ထူးခြားဆန်းကျယ်လွန်းတဲ့ ပဉ္စလက် ပြကွက် တစ်ခုပဲလေ ။ ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးဆိုတာကိုလည်း သင်သတိထားဖို့ လိုပါတယ် ။ တခါတရံကျ တော့လည်း ကျွန်တော်တို့ နှလုံးသားကို သိပ်ပြီး မယုံကြည်မိပါစေနဲ့ ။ လူတစ်ဦးတစ်ယောက်ကို ရင်ခုန်မိလို့ ကိုယ်က အချစ်လို့ သတ်မှတ်ပြီးခါမှ တခြားလူတစ်ယောက်ကိုလည်း ရင်ခုန်နေပြန်သေးတယ်ဆိုရင် ရင်ခုန်တိုင်း အချစ်လို့ ခေါ်နိုင်ပါဦးမလား ။ ဒါကြောင့်အချစ်ဆိုတာ သိပ်ပြီး ယုံကြည်ဖို့ကောင်းတဲ့ အရာမဟုတ်ဘူးလို့ ကျွန်တော် ထင်မိလိုက်ပြန်တယ် ။

ဘာကြောင့်ချစ်သလဲ ?

ချစ်သူရည်းစား အတွဲတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ် ။ ဘာကြောင့်ချစ်သလဲတဲ့ ။ တချို့က အသံလေးကို ချစ်လို့ ၊ မျက်လုံးလေးကိုချစ်လို့ ၊ ခန္ဓာကိုယ်လေးကို ချစ်လို့ စသဖြင့် အမျိုးမျိုးဖြေကြပါတယ် ။ ကျွန်တော်ကတော့ အဲဒီလို အဖြေတွေကြားရတိုင်း ဟားတိုက်ပြီးရယ်မောလေ့ရှိတယ် ။ ဒါတွေအားလုံးဟာ အချစ်မှ မဟုတ်ပဲ ။ အသံလေးကို ချစ်လို့ ဆိုတဲ့ လူ အဲဒီအသံလေးပျက်သွားရင်ရော ။ မျက်လုံးလေးလှလို့ ချစ်တဲ့သူ အဲဒီမျက်လုံး နှစ်လုံး ထုတ်ပြီးကန်းသွားရင်ရော ၊ ခန္ဓာကိုယ်လေးချစ်တဲ့သူ အသက်ကြီးလို့ ဘုတ်ထိုင်း ကြီးဖြစ်ပြီး ပျက်ဆီးသွားရင်ရော အချစ်ဆိုတာ ဘယ်ချောင်ကပ်သွားပါပြီလဲ ။ ဘယ်တော့မှ မပျက်ဆီးတဲ့ တည်တံ့ခိုင်မြဲတဲ့ ချစ်ခြင်းမှာ ဘာကြောင့် ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်မရှိပါဘူး ။အကြောင်း ပြချက် ရှိခဲ့ရင်လည်း အဲဒါအချစ်မဟုတ်တော့ပါဘူး ။ ဘာကြောင့်ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု သင့်မှာ ရှိနေပြီဆိုရင် ဒါဟာ သင့်ရဲ့ လိုအင်ဆန္ဒတစ်ခုအတွက် အချစ်ကို အမည်ခံပြီး အတ္တကြီးနေခြင်းသာ ဖြစ်ပါ လိမ့် မယ် ။

အချစ်နဲ့နောင်တ

အချစ်မှာ နောင်တရှိသလားဆိုတဲ့ မေးခွန်းကလည်း အတော်လေးကို စဉ်းစားစရာပါ ။ နောင်တဆိုတာ ကျွန်တော်တို့ သိထားတာက အမှားတစ်ခုခုကို လုပ်မိတဲ့အတွက် နောင်အခါမှ ပြနလည်ပူဆွေးခြင်းလို့ ဖြစ်ပါ တယ် ။ ဒါပေမယ့်ခက်တာက အချစ်နဲ့ ပါတ်သတ်လာရင် လူတိုင်း လိုလိုက (ကျွန်တော်အပါအ၀င်) ဘာပဲ လုပ်လုပ် အမှားလို့ သိပ်မမြင်တတ်ကြဘူး ။ ဒီတော့ မှားသွားခဲ့ရင်လည်း နောင်တရစရာသိပ်မရှိဘူးပေါ့ ။ တကယ် လည်း အချစ်မှာ တရားမျှတခြင်း ၊ မမျှတခြင်း ၊ နောင်တရခြင်း ၊ မရခြင်းဆိုတာ မရှိပါဘူး ။ ကျွန်တော် ဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းအရ ကိုယ်တကယ်ချစ်တဲ့သူကို ပေးဆပ်လိုက်ရတဲ့အတွက် ကိုယ့်အနေနဲ့ တန်သလား မတန်သလား ဆိုတာ ပဲ ရှိပါတယ်တဲ့ ။ လူတစ်ဦးကို ချစ်ပြီးမှ ငါမှားသွားပြီ နောင်တရလိုက်တာ ဆိုရင်တော့ သင်တကယ်မချစ်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ် ။ တကယ့်အချစ်စစ်မှာ မှားယွင်းခြင်း ၊ နောင်တ ရခြင်း ဆိုတာ မရှိပါဘူး ။

အချစ်စစ်ဆိုတာဘာလဲ?

အချစ်ကိုတော့ လူတိုင်းတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပါပဲ ။ တခါတလေတော့လည်း လူတွေကို ကြည့်ရတာအရမ်းကို ရီစရာကောင်းလွန်းပါတယ် ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီဆိုရင် ဘာလိုအပ်မယ်လို့ သင်ထင် ပါသလဲ ။ ငွေကြေးလား ၊ အလုပ်အကိုင်လား ၊ ရာထူး ဂုဏ်တွေလား ၊ စာချုပ်စာတမ်းလား ၊ တကယ် တော့ လူနှစ်ဦးတကယ်ချစ်ကြမယ်ဆိုရင် ကျန်အရာအားလုံးဟာ သိပ်အရေးမကြီးတော့ပါဘူး ။ အချစ်စစ်ကို တချို့က ရယူပိုင်ဆိုင်လိုခြင်း၊ ပေါင်းစည်းခြင်း ၊ အတူတူနေထိုင်ခြင်း ၊ ကြင်နာယုယခြင်း ၊ ပေးဆပ်ခြင်းစသဖြင့် အမျိုးမျိုးသတ်မှတ်ကြပါတယ် ။ ကျွန်တော့်ခံယူချက်ကတော့ အချစ်စစ်ဆိုတာ အဲဒါတွေတစ်ခုမှမဟုတ်ပါဘူး ။ နှစ်ယောက်ပေါင်းမှ အချစ်ဖြစ်မယ်လို့ ဆိုရင်လည်း ဒါဟာ အိမ်ထောင်ပြုခြင်းသက်သက်သာ ဖြစ်ပါလိမ့်မယ် ။ အချစ်စစ်ဆိုတာ ဒီကောင်းကင်ကြီးအောက် တစ်နေရာမှာ ချစ်ရတဲ့ သူရှိနေပါလားဆနုတဲ့အသိနဲ့တင် ကြည်နူး ရင်ခုန်နေတတ်တဲ့ အသိစိတ်လေးတစ်ခုဖြစ်ပါတယ် ။ သူ့အကြောင်းကို တမင်တကာကြီး တွေးမနေရပဲ ဦး နှောက်ထဲ အမြဲပေါ်လာလေ့ရှိပြီး သူ့ကောင်းကျိုးကို အစဉ်လိုလား မေတ္တာပို့သနေတတ်တဲ့ စိတ်ဝိဥာဉ်လေး တစ်ခုပေါ့ ။ အဲဒီစိတ်ကလေးမှာ ရယူလိုခြင်းမရှိဘူး ၊ သိမ်းပိုက်လိုခြင်းမရှိဘူး ၊ ပေါင်းစည်းလိုခြင်းမရှိဘူး ။ ချစ်သူ လေး နဲ့ ကောင်းကင်ကြီးအောက် တစ်မိုးတည်းအတူတူနေခွင့်ရလို့ ကျေနပ်နေတတ်တဲ့ စိတ်ကလေးသာ ရှိလိမ့်မယ် ။

အချစ်နဲ့စာချုပ်

ဒီနေ့ခေတ်ကြီးမှာ အချစ်ကို တံဆိပ်ရိုက်စာချုပ်ချုပ်နဲ့ အဓိပ္ပါယ်မရှိတဲ့အလုပ်တွေကို သတင်းစာထဲထိကြေငြာပြီး ပေါတော တောတွေ ပြုလုပ်နေကြပါပြီ ။ တကယ်တော့လူနှစ်ဦး ပေါင်းစည်းဖို့ လက်ထပ် စာချုပ်လေးတစ်ခုနဲ့ ထိမ်းချုပ်ထားတယ်ဆိုတာ အတော်လေးရီစရာကောင်းတဲ့ ကိစ္စတစ်ခုပါ ။ ကျွန်တော်တို့ လူမျိုးထုံးစံအရ လူကြီးမိဘ သဘောတူပြီး အရှေ့ (၇)အိမ် ၊အနောက် (၇) အိမ် အသိအမှတ်ပြုရင် ပုဆိုးတန်းတင် အကြင်လင် မယားအရာမြောက်ပါတယ် ။ လက်ထပ်စာချုပ်ကြီးတွေချုပ် နောက်သဘောထားခြင်းမတိုက်ဆိုင်လို့ ကွဲကြ ပြဲကြနဲ့ အဲဒီလက်ထပ်စာချုပ်က တကယ်ပဲ လူနှစ်ယောက်ကို ပေါင်းစည်းပေးနိုင်သတဲ့လား ။ တကယ် လူနှစ်ဦးကို သေတပန်သက်တဆုံး ပေါင်းစည်းပေးနိုင်တာက ခိုင်မြဲတဲ့အချစ်နဲ့သံယောဇဉ်သာဖြစ်ပါလိမ့်မယ် ။ ဘာမှမ ဟုတ်တဲ့ စာရွက်လေးတစ်ရွက်ပေါ်က စာကြောင်းတွေမဟုတ်ပါဘူး ။ ဒါကိုသင် သတိပြုဖို့တော့ လိုပါလိမ့် မယ် ။

အချစ်နှင့်ဆန္ဒ

ကိုယ်ကလူတစ်ဦးကိုချစ်မိပြီဆိုပါစို့ ။ သူ့ဆီက ပြန်လည်ချစ်ခွင့်ကိုတောင်းပြီး လိုချင်တဲ့အဖြေမဟုတ်ခဲ့ရင် အသဲ ကွဲ တာတွေ ပူဆွေးသောကများတာတွေ ဖြစ်ကြပြန်ရော ။ သင်တကယ်ချစ်မိပြီဆိုရင် သူ့ဖက်က ပြန်ချစ်ချစ် မချစ်ချစ် သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး ။ သူပြန်ချစ်တာကို သင်လိုချင်တယ်ဆိုကတည်းက ဒါဟာ သင့်လို အင် ဆန္ဒသက်သက်သာဖြစ်ပြီး သင်သူ့အပေါ်ထားတဲ့ အချစ်မဟုတ်ပါဘူး ။ တကယ်ချစ်မိပြီဆိုရင် သူ့ဆီက သင် ဘာမှလိုချင်မှာမဟုတ်ပါဘူး ။ သူ့ကို ချစ်နေတယ်ဆိုတဲ့ အသိစိတ်လေးတစ်ခုနဲ့တင် ကမ္ဘာလော ကကြီးဟာ နေပျော်စရာကောင်းနေမှာအမှန်ပါပဲ ။

သက်တန့်ချို
18 Oct 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

19 comments:

  1. လူတစ်ယောက်ကို လွယ်လွယ်နဲ့ချစ်မိရင်တော့ နှုတ်ပစ်ဖို့တော့လွယ်ရင်လွယ်လိမ့်မယ်
    ဒါက ကျနော်ရဲ့ဘ၀မှာကြုံခဲ့ရတဲ့ အမြင်ပါ

    တကယ်ချစ်လာပြီဆိုရင်တော့
    ဘာပဲတားဆီးနေပါစေ၊ ရှေ့ဆက်လုပ်မိပါတယ်
    မှားသည်ဖြစ်ဖြစ် မှန်သည်ဖြစ်ဖြစ်ပေါ့

    အခုတော့ ကိုယ်တကယ်ချစ်တဲ့သူနဲ့ ခိုင်မြဲတဲ့သံယော်ဇဉ်ပေါင်းများစွာဖြင့်
    ပေါင်းစည်းနေပါပြီ


    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  2. ကိုသက်တန့်ရဲ့ အချစ်ဆူးကို လာစူးခံသွားတယ်ဗျာ
    အချစ်ဆိုတာ တကယ်စူးတစ်ချောင်းပါ
    ရင်ထဲ တဆစ်ဆစ်နာလှကျင်လှပါတယ်

    မောင်ဘကြိုင်

    ReplyDelete
  3. ဟူးးးးးးးးးးး
    မေးထားလိုက်တဲ့ မေးခွန်းတွေကလည်း များပ...
    ဆွေးနွေးခန်းမထဲ ဝင်လာမိတာ မှားပြီထင်တယ်...
    လိုရင်း တိုရှင်းပဲပြောမယ်...
    လောလောဆယ် သူ့ကိုချစ်မိလို့ ကိုယ့်ဝါသနာကို ပယ်ပြီး သူ့ဆန္ဒကို လိုက်နေရပါရောလား...း(

    အဲဒါပဲ...
    အချစ်ဆိုတာ...
    ဆူးးးးးးးးးးး

    ReplyDelete
  4. "တကယ်ချစ်မိပြီဆိုရင် သူ့ဆီက သင် ဘာမှလိုချင်မှာမဟုတ်ပါဘူး ။ သူ့ကို ချစ်နေတယ်ဆိုတဲ့ အသိစိတ်လေးတစ်ခုနဲ့တင် ကမ္ဘာလော ကကြီးဟာ နေပျော်စရာကောင်းနေမှာအမှန်ပါပဲ" ......
    ............................................
    နူးညံ့တဲ့နှလုံးသားပိုင်ရှင်ပါပဲ....
    လေးစားပါတယ်

    ReplyDelete
  5. အချစ်စစ်ဆိုတာ ဒီကောင်းကင်ကြီးအောက် တစ်နေရာမှာ ချစ်ရတဲ့ သူရှိနေပါလားဆနုတဲ့အသိနဲ့တင် ကြည်နူး ရင်ခုန်နေတတ်တဲ့ အသိစိတ်လေးတစ်ခုဖြစ်ပါတယ် ။ သူ့အကြောင်းကို တမင်တကာကြီး တွေးမနေရပဲ ဦး နှောက်ထဲ အမြဲပေါ်လာလေ့ရှိပြီး သူ့ကောင်းကျိုးကို အစဉ်လိုလား မေတ္တာပို့သနေတတ်တဲ့ စိတ်ဝိဥာဉ်လေး တစ်ခုပေါ့ ။ အဲဒီစိတ်ကလေးမှာ ရယူလိုခြင်းမရှိဘူး ၊ သိမ်းပိုက်လိုခြင်းမရှိဘူး ၊ ပေါင်းစည်းလိုခြင်းမရှိဘူး ။ ချစ်သူ လေး နဲ့ ကောင်းကင်ကြီးအောက် တစ်မိုးတည်းအတူတူနေခွင့်ရလို့ ကျေနပ်နေတတ်တဲ့ စိတ်ကလေးသာ ရှိလိမ့်မယ် ။

    ReplyDelete
  6. အချစ်စစ်ဆိုတာ ဒီကောင်းကင်ကြီးအောက် တစ်နေရာမှာ ချစ်ရတဲ့ သူရှိနေပါလားဆနုတဲ့အသိနဲ့တင် ကြည်နူး ရင်ခုန်နေတတ်တဲ့ အသိစိတ်လေးတစ်ခုဖြစ်ပါတယ်

    ReplyDelete
  7. PLEASE LET'S ME SHARE

    ReplyDelete
  8. ဟူးးးးးဟုတ်တယ်နော်..။လူတစ်ယောက်ကိုချစ်မိနေတော့လဲရူး၇တာပေါ့.။ဒါပေမဲ့တန်ပါတယ်နော့.......။ကိုကသူ့ကိုချစ်နေတာကိုးးးးးးးးးးး.။ဟဲဟဲ

    ReplyDelete
  9. အရမ်းကို ကောင်းပါတယ် ဆရာ

    ReplyDelete
  10. အချစ်ဆိုတာ ချောကလက်တစ်တောင့်ထက်စာရင်တော့ ဆူးတစ်ချောင်းနဲ့ပိုတူပါတယ် ။တကယ် လူနှစ်ဦးကို သေတပန်သက်တဆုံး ပေါင်းစည်းပေးနိုင်တာက ခိုင်မြဲတဲ့အချစ်နဲ့သံယောဇဉ်သာဖြစ်ပါလိမ့်မယ် ။ ဘာမှမ ဟုတ်တဲ့ စာရွက်လေးတစ်ရွက်ပေါ်က စာကြောင်းတွေမဟုတ်ပါဘူး ။တကယ်ချစ်မိပြီဆိုရင် သူ့ဆီက သင် ဘာမှလိုချင်မှာမဟုတ်ပါဘူး ။ သူ့ကို ချစ်နေတယ်ဆိုတဲ့ အသိစိတ်လေးတစ်ခုနဲ့တင် ကမ္ဘာလော ကကြီးဟာ နေပျော်စရာကောင်းနေမှာအမှန်ပါပဲ ။

    ReplyDelete
  11. အချစ်ဆိုတာကိုတော့သိပ်တော့နားမလည်ဘူးဗျာ
    ဒါပေမယ့်ချစ်သူမရှိရင်မနေတတ်တဲ့ကျွန်တော်ကတော့
    အချစ်ကိုချိုမြိန်တဲ့ဆေးတစ်ခွက်လို့ဘဲထငတယ်
    ကျွန်တော်ဟာအချစ်ရူးဖြစ်ချင်လဲဖြစ်မှာပေါ့
    ဒါပေမယ့်ကျွန်တော်ရင်ထဲကလာတဲ့အချစ်တွေကမရူးဘူးနော်

    ReplyDelete
  12. အချစ်ဆိုတာ ကိုတော့ အချစ်လို့ ပဲမြင်တယ် အဓိပ္ပါယ်မဖွင့်နိုင်ဘူး.ဖွင့်လဲမဖွင့်ချင်းဘူး...ဒါပေမဲ့ သူ့ ကိုတဖတ်သတ်ချစ်နေမိတဲ့အတွက် အကြောင်းပြချက်မရှိတဲ့ ခံစားမူ့ တွေဖြစ်နေတယ်...

    ReplyDelete
  13. သူ့ကို ချစ်နေတယ်ဆိုတဲ့ အသိစိတ်လေးတစ်ခုနဲ့တင် ကမ္ဘာလော ကကြီးဟာ နေပျော်စရာကောင်းနေမှာအမှန်ပါပဲ ။

    အားပေးသွားတယ်နော် အရမ်းမှန်တယ်အကို။

    ReplyDelete
  14. အချစ်ဆိုတာ သ၀န်တိုမှု့ တွေနဲ့  တခါတလေပူပင်ရပါတယ်။

    ReplyDelete
  15. ကျွန်တော်ချစ်နေတဲ့သူလည်း အခုစာကိုဖတ်မိရင် ကောင်းမှာပဲ။

    ReplyDelete
  16. ကျွန်တော်ချစ်သူလည်း အခုစာကို ဖတ်မိရင် ကောင်းမှာပဲ။

    ReplyDelete
  17. အချစ်စစ်မှာအကြောင်းပြချက်မရှိဘူးဟုတ်တယ် ငါသူ့ကိုဘာကြောင့်ချစ်မိနေလဲစဉ်းစားလို့မရဘူး သူကတော့အကြောက်းပြချက်ပေးတယ်သူငါ့ကိုတကယ်မချစ်ဘူးဆိုတာသိရဲ့နဲ့အားလုံးမေ့ပြီးသူ့ကိုချစ်နေမိတယ်ကိုယိ့ကိုပြန်ချစ်လာအောင်င်ဘယ်လိုလုပ်ရမလဲဟင်

    ReplyDelete
  18. အရမ်းကောင်းတယ်ဗျာ................အချစ်........ဆူး
    "အချစ်စစ်ဆိုတာ ဒီကောင်းကင်ကြီးအောက် တစ်နေရာမှာ ချစ်ရတဲ့ သူရှိနေပါလားဆိုတဲ့အသိနဲ့တင် ကြည်နူး ရင်ခုန်နေတတ်တဲ့ အသိစိတ်လေးတစ်ခုဖြစ်ပါတယ် "

    ReplyDelete
  19. ချစ်ဆိုတာ ကူညီပန့်ပိုးပေးမူ လိုရာခရီး အားအင်ဖြည့်ဘက် အဲလိုပဲမြင်ကြည့်တယ်...

    ကွေ့ကွင်းခဲ့တဲ့ချိန်တွေမှာတော့ တကယ့်ကို ဆူးတစ်ချောင်းပါပဲ အရမ်းကြိုက်တယ်လို့ ကူးယူသွားပါတယ်...

    သံစဉ်...

    ReplyDelete