Saturday, October 16, 2010

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၂)


ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၂)




ကျွန်တော်နှင့် ဂျီပီဘ၀ကို အပိုင်းဆက်လေးတွေရေးမယ်လို့ ပြောပြီး ဆက်မရေးဖြစ်ခဲ့တာ အတော်ကြာခဲ့ပါပြီ ။ အပိုင်း (၁) နဲ့တင်ရပ်ထားပြီး တခြားပို့စ်တွေကို လှည့်ရေးနေမိခဲ့တယ် ။ ဂျီပီလုပ်သက်လေး တစ်နှစ် ကျော်လာ တော့ တွေ့ကြုံရတဲ့ အတွေ့အကြုံလေးတွေကို ချရေးဖို့ အချိန်တန်လာပါပြီ ။

စပ်ဆေးနှင့် လူနာများ

ကျွန်တော်တို့ ဂျီပီတွေရဲ့ အကြီးမားဆုံးရန်သူကတော့ စပ်ဆေးရောင်းသူများလို့ပဲ ပေါ်ပေါ်ထင်ထင် မှတ်ချက်ချ မိပါတယ် ။ ရောင်းလိုက်တဲ့ စပ်ဆေးတွေ လတ်တလော လူနာဘာဖြစ်နေသလည်းမေး ၊ ပြီးတော့ ရောဂါ လက္ခဏာ (Symptoms) သက်သာစေတဲ့ ဆေးလေးတွေရောင်စုံစပ်ပြီး ပေးလိုက်တာပါပဲ ။ ဆေးတိုးလို့ တစ်ခွက် နှစ်ခွက်နဲ့ ပျောက်တဲ့သူရှိသလိုပိုဆိုးသွားတဲ့လူနာတွေလည်း ဒုနဲ့ဒေးပါပဲ ။ ဥပမာ bacteria ပိုးကြောင့်ဖြစ်တဲ့ ၀မ်းသွားခြင်း (diarrhoea) မှာ ပဋိဇီဝ ပိုးသတ်ဆေး (Antibiotic) ထည့်မပေးပဲနဲ့ Dicotil လို ဆေးမျိုးတွေပေးကြတယ် ။ ဒီမှာတင် လူနာက အပြင်ကတော့ ၀မ်းပိတ်ပြီး အတွင်းဖက်က မွှေနေပြီး ပိုဆိုး လာပြန်ပါရော ။ နောက်တစ်ခုက Antibiotic တွေကို ပေးချင်သလို ပေးနေကြတဲ့ ကိစ္စ ။ ဘာပဲဖြစ်ဖြစ် ဆေးဆိုင်တွေက Amoxicillin ဆိုလည်း ဖျားနေလား ပေးလိုက်တာပဲ ။ ၀မ်းကိုက်နေလား ရော့ Metro သောက် ။ ဟုတ် နေတာပဲ ။ ကြားထဲမှာ ခံရတာက ဘာမှမသိနားမလည်တဲ့ လူနာတွေပါ ။ ပိုဆိုးတာက Antibiotic တွေကို Course ကုန်အောင်မပေးကြတော့ ကြာလာတော့ Bacteria ပိုးတွေက ဆေးတွေကို ယဉ်ပါးလာခြင်း (Resistance) တွေဖြစ်ပြီး ဆေးမတိုးတော့တာပါပဲ ။

အမှန်တော့ Antibiotic သည် ဆေးဆိုင်မှာ တင်ရောင်းလို့ရတဲ့ (OTC - Over The Counter) အမျိုးအစား မ ဟုတ်ပါဘူး ။ ဆရာဝန်တစ်ဦးဦး ညွှန်ကြားမှသာ သောက်သုံးရတဲ့ (Prescription) ဆေးမျိုးဖြစ်ပါတယ် ။ ဘာ ကြောင့်များ ဆေးဆိုင်တွေမှာ ပိုးသတ်ဆေး (Antibiotic)တွေကို ဆရာဝန်ညွှန်ကြားချက်မပါပဲ ရောင်းချ ခွင့်ပြု နေကြသလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပါပဲ ။ မြန်မာနိုင်ငံရဲ့ Health Care System မှာ လစ်လျှူရှု ထား တဲ့ အားနည်းချက်တစ်ခု အဖြစ် မြင်မိပါတယ် ။ တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်တာမျိုး ရှိသင့် နေပါပြီ ။

ဒီကိစ္စကို ဆရာဝန်တစ်ယောက်ရဲ့ View ကနေမကြည့်ပဲ လူနာတွေဖက်က ကြည့်မယ်ဆိုရင်တော့ ပြဿနာ လေးတွေရှိနေတာကိုတွေ့ရပါတယ် ။ စပ်ဆေးကို တစ်ခွက် တစ်ရာနဲ့ သုံးခွက်လောက် သသောက်ရင်ပျောက် ၊ ဆရာဝန်ဆီဆေးလာထိုးရင် ထောင့်ငါးရာ နှစ်ထောင် ၊ သူတို့ဘယ်လမ်းကို ရွေးချယ်ကြမယ်လို့ ထင်ပါသလဲ ။ မြန်မာနိုင်ငံရဲ့ အခြေခံ လူအများစုဟာ လက်လုပ်လက်စားနဲ့ ဆင်းရဲသားတွေများပါတယ် ။ အသိပညာ ချို့တဲ့ တဲ့အပြင် ငွေကြေးမပြည့်စုံမှုကြောင့် စပ်ဆေးတွေကို အားကိုးနေခြင်းကိုလည်း အပစ်မဆိုသာပါဘူး ။ ဆရာဝန် တွေဖက်က ယူသင့်သလောက်သာယူ ပြီး ရိတ်လိုက်မယ်ဟဲ့ ပါးပါးလှီးလိုက်မယ်ဟဲ့ ဆိုတဲ့ လူသားမဆန်တဲ့ ရိုင်းစိုင်းတဲ့အတွေးတွေကို ခေါင်းထဲက ထုတ်ထားဖို့ လိုပါတယ် ။

ဒီနေ့ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ခြုံကြည့်ရင် ဆရာဝန်တွေ Medical Ethic (ဆေးပညာကျင့်ဝတ်) နည်းလာ တာနဲ့အမျှ လူနာတွေဖက်က ယုံကြည်ကိုးစားမှုနည်းလာတာလည်း ၀မ်းနည်းစရာ ဖြစ်ရပ်ကြီးပါပဲ ။ လူနာတွေ ဖက်က ယုံကြည်မှုပေးဖို့ လိုအပ်သလို ဆရာဝန်တွေဖက်ကလည်း ဆရာဝန်ပီသစွာ နေထိုင်ကြဖို့ လိုနေပါပြီ ။ လူနာနဲ့ဆရာဝန်အပြန်အလှန်ယုံကြည်ကိုးစားပြီး ရိုးသားဖြူစင်တဲ့ဖြစ်ရပ်လေးတွေရှိနေပါသေးတယ် ။ အဲဒီထဲက အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါ့မယ် ။

လွန်ခဲ့တဲ့ ၂ လလောက်ကပေါ့ ။ ကျွန်တော်ထိုင်တဲ့ ဆေးခန်းရှေ့မှာ စံပါယ်ပန်းလေးတွေ ၊ ရွှေပန်းငွေ ပန်းလေး တွေကို တစ်လမ်းဝင်တစ်လမ်းထွက် ရောင်းတဲ့ လင်မယားနှစ်ယောက် အမြဲဖြတ်သွားလေ့ရှိပါတယ် ။ တစ်နေ့ ဆေးခန်းမှာ ပန်းလာရောင်းပါတယ် ။ ကျွန်တော်လည်း နေ့တိုင်းလည်း ဘုရားပန်းကပ်ရတယ် ၊ နောက်ပြီး တစ်နေ့ ပိုက်ဆံ ၂၀၀ လောက်ပဲ လှူတဲ့သဘောပဲ ဆိုပြီး နေ့တိုင်းပန်းဝယ်ပါတယ် ။ ဒီလိုနဲ့ လနဲ့ ချီပြီး အဲဒီပန်းသည်လင်မယားနှစ်ယောက်ဆီက နေ့တိုင်းပန်း ၀ယ်ဖြစ်တယ်ဆိုပါစို့ ။ တစ်နေ့တော့ ပန်းရောင်းတဲ့ မိန်းမက သူ့ကလေးလေး နေမကောင်းလို့ ဆေးခန်းပြဖို့ကလည်း တစ်နေ့လုပ်တစ်နေ့စားဖြစ်တဲ့အတွက် သိပ်မလွယ် ကူကြောင်း ၊ ဒါကြောင့် ဘယ်လို လုပ်ရမလည်းဆိုပြီး အကြံတောင်းပါတယ် ။ အမှန်တော့ ကျွန် တော့်ဆီက ဆေးညွှန်း (Prescription) ကို လိုချင်လို့နဲ့တူပါတယ် ။ လူနာကို မစမ်းသပ်ပဲ အထူးသဖြင့် ကလေး ငယ်တွေမှာ ဆေးညွှန်းပေးရတာ အန္တရာယ်ကြီးတဲ့အတွက် ပိုက်ဆံအတွက် ပူစရာမလိုကြောင်း ဆေးခန်းကို ခေါ်လာခဲ့ပါလို့ ကျွန်တော်ပြောခဲ့တယ် ။ နောက်ရက်ကြတော့ ဆေးခန်းကို ရောက်လာပါတယ် ။

အသက် ငါးနှစ် ၊ အဖျား ၁၀၀ ၊ Hess's test(-) သွေးလွန်တုပ်ကွေးလက္ခဏာမရှိ ၊ အဆုတ် နှလုံးပုံမှန် သာမန် Acute Viral Infection လေးပါပဲ ။ ဒါနဲ့ ကျနော်အဲဒီကလေးကို Treatment ပေးခဲ့ပါတယ် ။ ပြန်ခါနီးကျတော့ ပိုက်ဆံ တစ်ထောင်တန်လေးထုတ်ပေးပါတယ် ။ ကျွန်တော်က ပိုက်ဆံပေးဖို့မလိုကြောင်း ၊ အဲဒီတစ်ထောင်ကို ကလေးကို အားရှိတဲ့ အစားအစာလေးတွေကို ၀ယ်ကျွေးလိုက်ပါလို့ မှာခဲ့တယ် ။ သူတို့တွေ ကျေးဇူးတွေ အထပ်ထပ်တင်ပြီး ပြန်သွားကြတယ် ။ နောက်တစ်ပါတ်လောက်ကျတော့ သူ့ယောင်္ကျားက အဖျားတွေတက်ပြီး အသည်း ကြီးခြင်း(Hepatomegaly ) နဲ့ရောက်လာပါတယ် ။ အခြေအနေက ဆေးရုံတင်ဖို့ Indication တွေရှိ ပါတယ် ။ ဒါနဲ့ဆေးရုံကို ဒီည သွားဖို့အဆင်မပြေကြောင်းပိုက်ဆံစုရမှာဖြစ်ကြောင်းပြောပါတယ်။ကျနော်လည်း ဒီတစ်ည သက်သာအောင်ဆိုပြီး အဖျားကျအောင် လိုအပ်တာတွေလုပ်ပေးပြီး ဆေးရုံသွားဖို့ အညွှန်းရေး ပေးခဲ့ တယ် ။ ဒီမှာတင် ပြန်ခါနီးကျတော့အရင်ကလေးတုန်းကလည်း ပိုက်ဆံမယူလို့ အားနာကြောင်း အခုတစ်ခေါက် ယူဖို့ပြောပါတယ် ။

ကျနော်လည်း သေချာရှင်းပြခဲ့တယ် ။ ဆေးရုံတက်ရတယ်ဆိုတာ စရိတ်ကြီးပြီး တစ်ထောင် နှစ်ထောင်ကအစ တန်ဖိုးရှိကြောင်း ဒါကြောင့် အခုပေးမယ့်ပိုက်ဆံကို ဆေးရုံစရိတ်မှာသုံးဖို့ မှာလိုက်ပါတယ် ။ ဒီမှာတင် လင်မယား နှစ်ယောက်စလုံးက ကျနော့်ကို မမြင်ဖူးတဲ့လူတစ်ယောက်လို စိုက်ကြည့်ပြီး ဆေးခန်းရှေ့လေးမှာ ထိုင်ချ လိုက်ကြပါတယ် ။ ပြီးတော့သူတို့ကလေးလေးပါ ထိုင်ခိုင်းပြီး ကန်တော့ပါလေရော ။ ဘုရားရေ ... ကျနော့် အတွက်အဲဒီလောက်ကြီးတောင် ကန်တော့ဖို့ မလိုပါဘူးဆိုပြီး အတင်းကိုပြန်ထခိုင်းရပါတယ် ။ သူတို့ မျက်ဝန်းမှာ လည်း မျက်ရည်တွေစို့လို့ ။ ဆရာကကျွန်တော်တို့ ထက်ငယ်ပေမယ့် ကျွန်တော်တို့ တွေ့ခဲ့ဖူးတဲ့ဆရာဝန်တွေနဲ့ မတူလို့ ကန်တော့တာပါပဲ ။ ကျွန်တော်လည်းဘာဆက်ပြောရမှန်းမသိခဲ့ဘူး ။ ဆရာဝန်တွေအားလုံး ဒီလိုပါပဲလို့ သူတို့ကို နှစ်သိမ့်ပေးခဲ့တယ် ။ နောက်ရက်ကစပြီး သူတို့ ပန်းလာရောင်းရင် ပိုက်ဆံမယူတော့ဘူး ။ဒါနဲ့ ကျွန်တော် လည်း ပိုက်ဆံ မယူရင်ပန်းလည်းမယူတော့ဘူးလို့ ခြိမ်းခြောက်လိုက်မှ ပိုက်ဆံ ၂၀၀ ကိုပြန်ယူပါတယ် ။ ဘယ် လောက်တောင် ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်လေးတွေပါလဲ ။

ဘယ်လောက်ပဲ ခေတ်တွေပြောင်းပြောင်း လူဟာ လူပါပဲ ။ လူပီသအောင်နေမယ်ဆိုရင် ဆရာဝန်ဖြစ်စေ လူနာ ဖြစ်စေ ဆက်ဆံရေးသည် အမြဲတမ်း ရိုသေယုံကြည် ကိုးစားနေမှာအမှန်ပါပဲ ။ အဓိက ဆိုလိုချင် တဲ့အကြောင်း ကတော့ ဆရာဝန်သည် ဆရာဝန်ပီသစွာ လူနာတွေကို စေတနာထားမယ်ဆိုရင် လူနာတွေဖက်က တုံပြန်တဲ့ Response သည် ဖြူစင်လှပနေမှာ အမှန်ပဲဖြစ်ပါတယ် ။

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၁) ဖတ်ရန် ။

ဆက်လက်ရေးသားသွားပါဦးမည် ။

သက်တန့်ချို
16 Oct 2010


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

17 comments:

  1. သာဓု ကိုသက်တန့်ရေ။ :))

    ReplyDelete
  2. ဆရာဝန်လူငယ်ထဲမှာတော. ရှားသွားပြီပေါ.နော်..

    ReplyDelete
  3. စိတ်ကောင်းရှိတဲ့ဆရာဝန်ရှားသွားပြီ...တစ်ကယ်ပြောတာ
    ပါကိုသက်တန့်ချိုရေးတာဖတ်ရတော့...ဆရာဝန်တွေ
    အကြောင်းပြန်တွေးမိတယ်လေ...း( ခေတ်ကြီးကိုက
    ဖြစ်နေတော့ ဘာမှအောင်ပိုင်မပြောချင်တော့ပါဘူးး)
    ကိုယ်ထင်ရာကိုဆေးပေးနေတဲ့ဆရာဝန်တွေလည်းရှိတယ်
    လေ...အဲ့ဒီထဲမှာမြန်မာ့တိုင်းရင်းဆေးဆရာတွေကတစ်
    မျိုး...အသက်ဆိုတာအဖိုးအတန်ဆုံး...ရွှေကိုအပ်ရင်
    ငွေကိုအပ်ရင်ယုံကြည်ရသူဆီမှာအပ်ရတယ်ဆိုရင်...အသက်ကိုလည်းယုံကြည်ရသူဆီမှာပိုအပ်သင့်တာပါ..
    ဆရာဝန်ကောင်း တိုင်းရင်းဆေးဆရာကောင်းကိုရှာရမှာ
    လူနာတာဝန်ပါလေး(

    ReplyDelete
  4. နယ်မှာနေတုန်းက တီဘီပိုးရှိမရှိမစစ်ပဲ (သလိပ်) မစစ်
    ပဲတီဘီဆေးတိုက်တဲ့ဆရာကတစ်ယောက် သံတွဲ(ရခိုင်)
    မှာနေတုန်းက ဖျားလို့ဆေးခန်းသွားပြတာ ဆေးတစ်ခါ
    သောက် ၁၀ လုံးပေးတဲ့ဆရာ...နေမကောင်းလို့သွားပြတာ
    akurit 4 လားမသိဖူးပေးတဲ့ဆရာ...အဲ့လိုဆရာတွေ
    နဲ့ကြုံခဲ့ဖူးပါတယ်... decotil ကအူလမ်းကြောင်း
    လှုပ်ရှားမှုကိုနည်းစေတယ်ထင်တယ်...ရန်ကုန်မှာဝယ်မရပါဖူး...း( ပိုးသတ်ဆေးသောက်တာများလာရင်...ရောဂါထူးရောဂါဆန်းတွေထပ်ဖြစ်လာတတ်တယ်ထင်တယ်...အ
    ကျိုးပြုဘက်တီးရီးယားတွေနည်းကုန်တယ်ဆိလား...ဆရာဝန်မဟုတ်လို့အင်္ဂလိပ်လိုသေသေချာချာစာလုံးမ
    ပေါင်းပြနိုင်ပါဘူး လက်တိုဘက်ဆီလပ် နဲ့ ဘက်တီးရီး
    ယားဖရိုလာဆိုလားမသိဖူးလေ...အူနဲ့ပတ်သတ်တာ
    တွေထပ်ဖြစ်တတ်တယ်ဆိုပဲး(

    ReplyDelete
  5. ဆရာဝန်ဆီဆေးလာထိုးရင် ထောင့်ငါးရာ နှစ်ထောင် ၊ သူတို့ဘယ်လမ်းကို ရွေးချယ်ကြမယ်လို့ နဲ့တော့မဆိုင်
    လောက်ဖူးထင်တယ်...

    လူနာတွေကိုဆေးတွေအကြောင်းဟိုစပ်စပ်သိလာတော့
    ဆရာဝန်ပေးတဲ့ဆေးတွေကို မှတ်ထားကြပြီး တစ်ယောက်ကို တစ်ယောက်ပေးကြတာကစတယ်ထင်တယ်...
    ကိုယ့်ဟာကိုဝယ်သောက်ကျတဲ့လူတွေလဲရှိတယ်လေ...
    ဆရာဝန်တွေပေးမယ့်ဆေးက လူနာတွေသိတဲ့ဆေးနဲ့
    တူနေပြီလေ

    ReplyDelete
  6. ဆရာဝန်တွေ Medical Ethic (ဆေးပညာကျင့်ဝတ်) နည်းလာတာနဲ့အမျှ လူနာတွေ ဖက်က ယုံကြည်ကိုးစားမှုနည်းလာတာလည်း ၀မ်းနည်းစရာ ဖြစ်ရပ်ကြီးပါပဲ ။<<<<<<<<

    အဓိကကအဲပဒါပါပဲဗျ...အောင်ပိုင်လုံးဝယုံကြည်မှုမပေး
    နိုင်တော့ဖူး ဆရာဝန်တွေကိုယုံလို့သေသွားတဲ့လူတွေအများကြီးပါပဲ

    ReplyDelete
  7. အင်း ဆေးဝါးလမ်းညွှန်စာအုပ်ဖတ်လိုက်ရင်....
    ဘယ်ဆေးမှသောက်ရဲစရာမရှိပါဖူးး( ပျောက်တဲ့ရောဂါထက် ဘေးထွက်ဆိုးကျိုးနဲ့ ထပ်ဖြစ်တဲ့
    ရောဂါကများနေပါတယ်....အောင်ပိုင်ငယ်ငယ်တုန်းက
    သောက်ခဲ့တဲ့ digoxin တောင်း( နှလုံးဆေးလားမသိဖူး အဲ့ဒါတောင်...side effects
    အများကြီးပါလေ

    ReplyDelete
  8. aids ကကုရာနတ္ထိဆေးမရှိပေါ့လေ...အနောက်တိုင်း
    ဆေးအယူအဆမှာ...
    အင်းဒါဆို...လေးဖက်နာ..ဆီးချို...ကျောက်ကပ်...
    အသည်း..ဌက်ဖျား...တီဘီ...အင်း အများကြီးပဲဗျ
    အော် ပန်းနာ အဲ့ဒါတွေကိုလည်း ကုရနတ္ထိဆေးမရှိထဲထဲ့ရမယ်ထင်တာပဲဗျ....

    ရောဂါရှာဖွေတဲ့စက်တွေဘက်လောက်ကောင်းကောင်း
    ရောဂါပျောက်တာကအဓိကပါ ရောဂါရှာနိုင်တာကြွားနေ
    ကြဖို့မလိုပါဖူး...ရောဂါကို သိန်း ၅၀၀ ပေးရှာပြီး...ပျောက်အောင်မကုနိုင်ရင်လည်းအလားကားပါပဲလို့ထင်တာပါပဲလေး(

    ReplyDelete
  9. ဒီမှာပြောချင်တာလေးတစ်ခုပဲရှိပါတယ်...မြန်မာ့တိုင်းရင်း
    ဆေးနဲ့ အနောက်တိုင်းဆေးက...ဗုဒ္ဓဘာသာနဲ့
    အခြားကိုးကွယ်မှုတွေလိုပါပဲ...ရောရါအပေါ် ဘဝအပေါ်
    ရှုမြင်မှုကွာတယ်ထင်ပါတယ် ဒီလောက်နဲ့ တော်ပါရစေနော်
    ကိုသက်တန့်ချိုရဲ့ စေတနာကို လေးစားပါတယ်...
    စကားပြောလောကြီးသွားလို့ အမှားတွေပါလာရင်ခွင့်လွှတ်ပါ နားလည်ပေးပါ ရိုင်းပြသွားတာမဟုတ်ပါဘူး....ဆရာဝန်တွေအပေါ်
    မှာအမြင်မကြည်ထားတာလေးတွေရှိလို့ဗျာ တောင်းပန်ပါတယ်း)

    ReplyDelete
  10. ကိုသက်တန့်ရေ
    ဖတ်ပြီး ကြည်နူးလိုက်တာ။ လင်မယားနှစ်ယောက်ကိုယ်စား ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. u r a really really nice person , good doctor , really glad to meet u.

    ReplyDelete
  12. လေးစားပါတယ်မာင်သက်တန့်..

    ReplyDelete