Monday, July 15, 2019

ဘယ်လိုချစ်ရမှာ လဲ ?

ဘယ်လိုချစ်ရမှာ လဲ ?

ကျွန်တော်တို့ဘ၀မှာ အချစ်ဆိုတာ မကြုံဖူးတဲ့လူမရှိလောက်ပဲ လူတိုင်းကြုံဖူးကြသလို လူတိုင်းလည်း အသဲကွဲဖူးကြမှာပေါ့
အချစ်ကြောင့်ပဲ အောင်မြင်ပျော်ရွှင်နေကြတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ၀မ်းနည်းစုတ်ပြတ်နေတဲ့လူတွေလည်းရှိတာမို့
ဘယ်လိုချစ်ရမှာလဲ ဆိုတဲ့အချက်လေးတွေကို ဖတ်ကြည့်ပါ ။

၁ ။ လူတစ်ယောက်ကို တကယ်ရင်ခုန်ခြင်းမရှိမရှိ သေချာစစ်ဆေးပါ ။
လှတာကိုမက်မောတာအချစ်မဟုတ်သေးသလို ပြီးပြည့်စုံတာကို သာယာတာကလည်း အချစ်မဟုတ်သေးဘူး

၂ ။ အတ္တကင်းတဲ့အချစ်နဲ့ချစ်နိုင်အောင်ကြိုးစားပါ ။
ချစ်တယ်လည်းပြောသေးတယ် ဟိုဟာလိုက်လျောမှ ဒီဟာ ရမှဆိုတာကလည်း အတ္တကိုအခြေခံတဲ့ လိုအင်ဆန္ဒသက်သက်သာဖြစ်ပါလိမ့်မယ် ။

၃ ။ ရယူဖို့ထက် ပေးဆပ်ဖို့သာ ကြိုးစားပါ ။
အချစ်ဟာ အပေးအယူမျှနေမှ ပြီးပြည့်စုံတယ်ဆိုတာ ခနတာအတွက်သာမှန်ပါတယ် ။ တကယ့် အစစ်မှန်က ပေးဆပ်ခြင်းကသာ အချစ်တစ်ခု တည်ကြည်လေးနက်ခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ပေးပါတယ် ။

၎ ။ ကိုယ့်အားနည်းချက်ကိုရှာပါ သူတစ်ပါးအားသာချက်ကိုအမြဲတွေးပါ ။
ဘယ်လောက်ချစ်တယ်ပြောပြော အားနည်းချက်တွေကြုံလာရတာများရင် လျော့ရဲသွားတတ်ကြတယ်မဟုတ်လား ။ လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်အားနည်းချက်ကို အရင်ဆုံးဖော်ထုတ်ပြုပြင်ရပါမယ် ပြီးမှ ကိုယ်ချစ်တဲ့လူရဲ့အားသာချက်ကို အမြဲ အမှတ်ရ ကျေးဇူးတင်တတ်အောင်ကြိုးစားရပါမယ် ။

၅ ။ တတ်နိုင်သမျှ စိတ်ထဲမှာပဲထားပါ
အချစ်ဟာ ဖွင့်ပြောမှ သိတယ်ဆိုတာ ၅၀% လောက်မှန်ပေမယ့် စိတ်ထဲမှာ ပဲ မြတ်နိုးစွာ ချစ်နေတဲ့အချစ်က ၁၀၀% ပိုလေးနက်ပါတယ် ။

၆ ။ ကိုယ်ချစ်တဲ့သူကို အမြဲလေးစားနေပါစေ
သိပ်အရေးကြီးပါတယ် သနားလို့ချစ်တာ လှလို့ချစ်တာ ချမ်းသာလို့ချစ်တာ စတာတွေထက် အမြဲလေးစားနေတဲ့ Respect တစ်ခုရှိမှသာ တစ်သက်လုံးချစ်နိုင်ပါလိမ့်မယ် ။ ချစ်တယ်လည်းပြောသေးတယ် လေးစားမှုမရှိဘူးဆိုရင် ခနလေးပဲ ပြိုလဲပျက်စီးသွားမှာပါပဲ ။

၇ ။ သူ့ကိုလည်းချစ်ပါ သူ့အသိုင်းအ၀ိုင်းကိုလည်းချစ်ပါ
လူတစ်ယောက်ကိုချစ်တယ်ဆိုတာ တစ်ယောက်တည်းကို ချစ်နေလို့မရပါဘူး ။ သူ့ကိုချစ်ရင် သူ့မိဘ သူ့အမျိုးတွေကိုပါ ချစ်ရပါလိမ့်မယ် ။ သူ့တစ်ယောက်တည်းကိုပဲချစ်လို့မရဘူးလားဆိုရင်တော့ ရပါတယ် ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုထိပဲ သူ့ကိုချစ်လို့ရပါလိမ့်မယ် တစ်သက်လုံးဆိုတာ ဝေးပါသေးတယ် ။

၈ ။ ဘာကြောင့်ချစ်တာလဲ အမြဲရှာဖွေနေပါ
လူတစ်ယောက်ကို ချစ်တယ်ဆိုရင် ဘာကြောင့်ချစ်တာလဲအမြဲတွေးပါ ။ တွေးလို့ရသမျှ အချက်တွေအားလုံးမရှိတော့ရင်ရော ဆက်ချစ်နိုင်မှာလား အမြဲတွေးပါ ။ ဆက်မချစ်နိုင်ဘူးဆိုရင်တော့ သင် တကယ်ချစ်တာမဟုတ်သေးဘူး သူ့ဆီက အချက်အလက်တချို့ကိုသာ ချစ်နေတာဖြစ်ပါလိမ့်မယ် ။

၉ ။ အမြင်မတူတာတွေ့ရင် အလျော့ပေးနိုင်ရဲ့လား
ချစ်တယ်ဆိုတာ ရှုံးနိမ့်ခြင်းတစ်မျိုးပါပဲ ဒါကြောင့် အတွေးအခေါ်ပညာရှင်အချို့ကပြောခဲ့ကြတယ် မင်း ဘယ်တော့မှ မရှုံးနိမ့်ချင်ရင် ဘယ်တော့မှ မချစ်ပါနဲ့ တဲ့ လူတစ်ယောက်နဲ့တစ်ယောက်အမြင်မတူတာတွေတွေ့ရင် အလျော့ပေးနိုင်ရဲ့လား အလျော့ပေးနိုင်မှ ချစ်လို့ အဆင်ပြေတာပါ ။

၁၀ ။ အရာရာကို ရင်ဆိုင်ရဲရဲ့လား ?
ဓူဝံကြမယ်ကို ဆွတ်ခူးဖို့ဆိုတာ ခနနေပါဦး ကြုံလာမဲ့လောကဓံမှာ အရာရာကို ရင်ဆိုင်ရဲရဲ့လား သင်လူတစ်ယောက် ကိုချစ်ပြီဆိုရင် အနည်းဆုံးတော့ ကိုယ်ချစ်တဲ့ လူနဲ့တန်တဲ့ ငွေကြေး ၊ အလုပ် ရှိဖို့လိုပါတယ်


ထမင်းရည်ပူပဲ အတူလျက်ချင်တယ်ဆိုရင်တော့ ပုံပြင်ဝထ္ထုတွေထဲက ဇာတ်ကောင်တွေသာ ချစ်နေလိုက်ပါတော့ ။

သက်တန့်ချို
15-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment