Monday, August 30, 2010

မှားယွင်းမိသောအတွေးများ

မှားယွင်းမိသောအတွေးများ



လူရယ်လို့ ဖြစ်လာကတည်းက လူတိုင်းအတွေးမျိုးစုံ တွေးကြတာပါပဲ ။ ကျွန်တော်လည်း အပါအ၀င်ပေါ့ ။ အဲဒီအ ထဲကမှ ရယ်စရာကောင်းတဲ့အဖြစ်လေးတွေ ၊ သင်ခန်းစာ ယူစရာကောင်းတဲ့အဖြစ်လေးတွေကို ရေးသား ပါဦးမယ် ။ တစ်ခါတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော် ဆေးကျောင်း 1st year တက်နေပြီ ။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ နိုင်ဇော်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ။ သူကတော့  ငယ်ငယ်ရွယ်ရွယ်နဲ့စွံ တယ်လို့ပဲ ပြောရမလား ။ အရွယ်မတိုင်ခင် ၀န်ပိတယ်ပဲ ပြောရမလား ။ ၁၀ တန်းကတည်းက မိန်းမရနေပြီ ။ သူနဲ့ကျွန်တော်နဲ့က ငယ်သူငယ်ချင်းတွေ ။ သူရသွားတဲ့ မိန်းမကလည်း ( အမှန်ပြောရရင် ကျွန်တော်တို့ ၀ိုင်း လှော်ပေးလို့ အဓိက ကျွန်တော်ပေါ့ ) ကျွန်တော်တို့ သူငယ်ချင်းပါပဲ ။ ဒင်းတို့ ဘယ်လို ညားသွားကြသလည်း ဆိုတာ ကျွန်တော်မြှားနတ်မောင်လုပ်ခဲ့တဲ့အကြောင်း နောက်မှပြောပါဦးမယ် ။ နိုင်ဇော်နဲ့ ကျွန်တော်နဲ့က စားအိမ်သောက်အိမ်ဆိုတော့ အမြဲဝင်ထွက်နေကြ ၊ စားသောက်နေကြပေါ့ ။

တစ်နေ့ပေါ့...။ အဲဒီတစ်နေ့မှာ လူက ပျင်းပျင်းရှိတာနဲ့ နိုင်ဇော့်ကိုခေါ်ပြီးဂိမ်းသွားဆော့မယ်ဆိုပြီး ထွက်လာခဲ့ပါတယ် ။ (ဂိမ်းဆော့တယ်ဆိုလို့ ကလေးမထင်လိုက်နဲ့နော် Mario တို့လို တင့်ကားတို့လို ဆော့တာ မဟုတ်ဘူး ဘောလုံးကန်ရင်ကန် မကန်ရင် Resident Evil တို့လို Final Fantasy တို့လို ဇတ်လမ်း ဂိမ်းတွဲတွေ ဆော့တာပါ ) အဲလေ...ပြောရင်း ချော်ကုန်ပြီ ။ အဲဒီလိုနဲ့သူတို့ အိမ်ရှေ့ရောက်တော့ လူတစ်ယောက်မှ မတွေ့ဘူးခင်ဗျ ။ ဘယ်ရမလည်းလေ ဒင်းတို့ အိမ်နောက်ဖေးဖက်က ဘယ်တော့မှ ပိတ်လေ့မရှိဘူးဆိုတာ သိတာပေါ့ ။ သူတို့ လင်မယားက တခါတခါ အဲဒီလို အိမ်ရှေ့တံခါးကြီး ပိတ်ပြီး ဘာလုပ်မှန်းမသိပါဘူး ။ (တမျိုးမထင်နဲ့နော် အပျင်းထူပြီး တံခါးကို ထမဖွင့်တာ ကျွန်တော်အသိဆုံး ) ဒါနဲ့ ကိုယ်လည်း အိမ်ဘေး ကနေပတ်ပြီး အိမ်နောက်ဖေးပေါက်ကို ပတ်သွားတာပေါ့ ။ အိမ်အလည် မရောက်တရောက်မှာပဲ ကြားလိုက် ရတဲ့အသံကြောင့် ကျွန်တော့်ခေါင်းတွေ ထူပူသွားပါတယ် ။

“ ကိုကို...ဆောင့်လေကွာ အားမရှိဘူးလား တကတည်း ယောင်္ကျားမဟုတ်တဲ့အတိုင်းပဲ ”

“ ဟ.. ဆောင့်တာပဲဟ ငါလည်း အားကုန်နေပြီ နင့်ဟာက ထွက်မှမထွက်ပဲ ”

“ အာ..ကိုကိုဆောင့်နေပုံနဲ့ ဒီနေ့ပြီးတော့မှာမဟုတ်ဘူး ဖယ်ဖယ်မိန်းမဆောင့်ပြမယ် ”

ဟိုက်..ကြားလိုက်ရတဲ့အသံတွေကြောင့် ကျွန်တော့်မှာ ဆက်ပြီးပဲ ၀င်ရမလို နောက်ပဲ ပြန်ဆုတ်ရမလိုနဲ့ ကိုယ်လာ တာ အခွင့်မသင့်ဘူးလားမသိဘူး ဆိုပြီးတော့လည်း တွေးလိုက်မိသေးတယ် ။ ဆက်နားထောင် ကြည့် ပါဦး ။

“ ဟ..မိန်းမရ ဖြည်းဖြည်းဆောင့်ပါဟ ကျိုးကုန်တော့မှာပဲ ”

“ အို..ကိုကိုကလည်း အဲဒါမှ ထွက်မှာပေါ့လို့ ဟွန်း ”

ကြားရတဲ့အသံတွေကလည်း ဇွပ်..ဇွပ်နဲ့ ကျွန်တော်လည်း ခြေဖျားလက်ဖျားတွေ အေးစက်လာပြီး မဖြစ်ချေ တော့ဘူးဆိုပြီး အသံပေးလိုက်ပါတယ် ။

“ အဟမ်း..ဟမ်း ”

“ အော့..သက်တန့်လား လာဟေ့ ဒီမှာ ငါ့မိန်းမကို ကူဆောင့်ပေးပါဦး လာဝင်ခဲ့ နောက် ဖေးတံခါးဖွင့်ထားတယ် ”

“ ဟေ..ငါ ..ငါ ၀င်လာရမှာလား ”

“ အောင်မလေး သက်တန့်နော် နင်ကလည်း ဒီမှာငါ့ကို ကူဆောင့်ပေးပါဆို တကတည်း အထာကိုင်နေလိုက်တာ လာမြန်မြန်”

“ အော်..အင်းအင်း..”

ကျွန်တော်လည်း ပုစ္ဆာတစ်ပုဒ်ကို အဖြေအမြန်သိချင်တတ်တဲ့ ဥာဉ်အတိုင်း တံခါးဖွင့်ပြီး ၀င်ကြည့်တော့မှ လား..လား ဒင်းတို့ ၂ ကောင်က ၁ ယောက်က ရေပိုက်လုံးကိုင် သူ့မိန်းမက အပေါ်က ပိုက်လုံးကို ဒုတ်နဲ့ ထိုးချပြီး ဘေ စင်ကရေပိုက်ဆို့နေလို့ ပြင်နေကြတာကိုး ဟိဟိ..။ ဒါကြောင့် ဒင်း မိန်းမက တော်ဆောင့်နေတဲ့ပုံနဲ့ ဒီနေ့ ထွက်မှာ မဟုတ်ဘူးဆိုတာ ဆို့နေတဲ့ အမှိုက်တွေကိုပြောတာကိုး ဟားဟား..။ ဒါကြောင့် ခင်ဗျားတို့လည်း အသံ လေးကြားယုံနဲ့ ဘာကိုမှ ဆုံးဖြတ်ချက်မချလိုက်ပါနဲ့ ။ တခါတလေ လွဲမှားတဲ့အတွေးတွေ ဖြစ်နေတတ်လို့ပါပဲ ။

သက်တန့်ချို
30 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ဖတ်ပြီး ခေါင်းတောင်ကြီးတယ်
    တော်တော်ဒုက္ခပေးတဲ့ ရေပိုက်ပါလား

    ReplyDelete
  2. အောက်ထိသာ ပြီးအောင်မဖတ်ရင်တော့ အဲဒါ 18++ ဖြစ်တော့မှာပဲ။ ကံကောင်းလို့ ရေပိုက် ..ရေပိုက်။ ကြက်သီးတောင်ထသွားတယ်။ :)

    ReplyDelete
  3. အဟား ကိုသက်တန့်ရာ မွေးနေ့လာဖိတ်တာ အလန့်တကြားဖြစ်သွားတယ်။ ကိုးရဲ့ဘလော့လေးကို တစ်ခေါက်လောက်တော့လာလည်ဦးနော် ၂၁နှစ်ပြည့်မွေးနေ့လုပ်ထားတယ်။ နောက်ပြီး နောက်လ ကိုးရက်နေ့ ကိုသက်တန့်ဆောက်ပေးထားတဲ့ဘလော့ လေးတစ်နှစ်ပြည့်ပြီအကို။ မုန့်တွေအများကြီးကျွေးထား တယ်။... ဟီး

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete