Tuesday, August 31, 2010

ဒီမှာပဲရပ်နေကြမလား စာရေးသူများခင်ဗျာ

ဒီမှာပဲရပ်နေကြမလား စာရေးသူများခင်ဗျာ



(www.thettantcho.com) မှာ တင်ထားတဲ့ပို့စ်လေးဖြစ်ပါတယ် ။


ဒီပို့စ်လေးကိုတော့ မြန်မာဘလော့လောကမှာ လိုအပ်ချက်တစ်ခုလို့ ထင်မြင်မိတဲ့ အတွက်ရေး လိုက်ရခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့် စာကိုမဖတ်ခင်မှာ သင်ဟာ စာရေးဖို့ ၀ါသနာပါသူလား ။ စာဖတ်ဖို့ဝါ သနာပါသူလားဆိုတာ ရွေးချယ်ဖို့လိုပါတယ်။ စာဖတ်သူသက်သက်ဆိုရင်တော့ ဒီပို့စ်ကို ဆက်မ ဖတ် လည်းရ ပါတယ် ။ စာရေးသူတွေအတွက် စာရေးဖို့ ၀ါသနာပါသူတွေအတွက်ရည်ရွယ်ပြီး ရေးတာဖြစ်ပါတယ် ။


၁ ။ Chatting တွေနဲ့ပဲ အချိန်ကုန်နေကြတော့မှာလား ။

အများစုပေါ့ အင်တာနက်User အများစုဟာ Chatting တွေကို အများဆုံးအသုံးပြုကြပါတယ် ။ ဒီတော့ ကျွန်တော်တို့ ပြန်စမ်းစစ်ကြည့်ရအောင် ။ ချက်တင်အသုံးပြုခြင်းဖြင့် ဘာတွေအကျိုးရှိပါသလည်း ။ အလုပ်ကိစ္စနဲ့ လူမှုရေး ကိုယ်ရေးကိုယ်တာအတွက် ချက်တင်ကိုသုံးတာကို မပြောလိုပါဘူး ။ ဒါပေမယ့် အချိန်တင်ရင် အင်တာနက်ဆိုင်လာ ဘယ်သူအွန်လိုင်းရှိမရှိကြည့် နောက်ပြီး တစ်နေကုန်အရေမရ အဖတ်မရတွေပြော ဒါတွေဟာ အလွန်ပဲ ဆုံးရှုံးမှုများပါတယ် ။ ဘာတွေဆုံးရှုံးသလည်းဆိုတော့ အချိန်ရယ် ၊ ကိုယ်ရည် ကိုယ်သွေးရယ် နောက်ပြီး ကိုယ့် ရည်ရွယ်ချက်တွေလည်းပျောက်ဆုံးကုန်လေ့ရှိပါတယ် ။ ဒါကြောင့် ချက်တင်ကို စွဲနေတဲ့ စာရေးသူများရှိရင် ပြင်စေချင်ပါတယ် ။ ချက်တင်ထိုင်မယ့်အစား စာရေးတဲ့အလုပ်ကို လုပ်ကြည့်ပါ ။ သင့်အတွက် ထူးခြားလာမှာပါ ။

၂ ။ ဘာစာတွေရေးတာဝါသနာပါလည်း ။

သင်ဘာလိုစာမျိုးရေးတာဝါသနာပါပါသလည်း ။ ဘာသာပြန်လား ၊ ထူးဆန်းထွေလာလား ၊ ရသလား ၊ သုတလား ၊ fiction လား ၊ ကဗျာလား ၊ အတွေ့အကြုံလား ၊ အများကြီးပါ ။ ရေးမယ်ဆိုရင်ပေါ့ ။ အခု ကျွန်တော်က ဒီရွာကလေးမှာ ဘလော့ပို့စ် ( ကျေးလက်သတင်းစာ) နေရာမှာ ကိုယ်ပိုင်ရေးမဟုတ်ရင် မတင်ရဘူးလို့ ကန့်သတ်ထားတဲ့အတွက် ဘာတွေများ ပြောင်းလဲသွားသလည်းလို့ ကြည့်ကြရအောင် ။

ကဗျာရေးသူတွေများလာပါတယ် ။ ကဗျာကို ကျွန်တော်ကိုယ်တိုင်လည်း နှစ်သက်စွာ ခံစားလေ့ရှိတဲ့အတွက် မပြောလို ပါဘူး ။ ဒါဆို စာရေးသူတွေအနေနဲ့ ကဗျာပဲ ရေးယုံနဲ့ ကျေနပ်နေကြပြီလား ။ ဆိုက်တစ်ခုလုံးမှာ ကဗျာရေးသူတွေပဲ ရှိကြလို့လား ။ ကိုယ်ပိုင်ရေးဆိုတာ ကဗျာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး ။ အခုဆို နေ့တိုင်း တက်လာတာ ကဗျာတွေကြီးပါပဲ ။ ကျနော်ဖြစ်စေချင်တာကအင်တာနက်ဆိုတာ သုံးလို့မကုန်နိုင်တဲ့ သုတရသ ဘဏ်တိုက်ကြီးပါ ။

Xinhau သတင်းဌာနကနေ နေ့စဉ် သတင်းတွေယူရေးမလား ။ Chicken soup for the soul ဆိုက်ထဲက ရသစာပေတွေဘာသာပြန်မလား ၊ တခြား အတွေ့အကြုံတွေပဲ ရေးမလား ရသတွေပဲရေးမလား ရေးစရာ တွေအများကြီးပါ ။ တစ်ခုအရေးကြီး ပြောလိုတာက စာရေးသူဟာ ဘာရည်ရွယ်ချက်နဲ့စာရေးတာဖြစ်ပါသလည်း ။ ကိုယ့်ခံစားမှုကို ဖော်ထုတ်ဖို့ သက်သက်ပဲလား ။ ဒါဆို အတ္တကြီးလွန်းတယ်လို့ ပြောပါရစေ ။ စာဖတ်သူ တွေအတွက် အကျိုးရှိနိုင်မယ့် တစ်စုံတရာ ပေးနိုင်မှသာ စာရေးသူ ပီသတယ်လို့ ကျွန်တော်ကတော့ပြောပါရစေ ။ ဒါဆို ကိုယ်ပိုင်ရေး တစ်ပုဒ်တင်လိုက်ပြီဆိုတာနဲ့ စာဖတ်သူတွေအတွက် ဘာတွေအကျိုးရှိသွားသလည်း ကိုယ့်ကိုယ် ကိုယ်ပြန်မေးကြည့်ပါ ။

သူတို့ ဗဟုသုတတွေတိုးသွားသလား ။ စိတ်ဓါတ်ခွန်အားတွေတစ်ခုခု ရသွားသလား ။ ဒါမှမဟုတ် ခံစားမှုတစ်ခုခု ရသတစ်ခုခုကိုရသွားသလား ။ ပြန်ဆန်းစစ်ရပါမယ် ။ ကျွန်တော် ဖြစ်စေချင်တာကတော့ ကိုယ့်စာဖတ်ပြီး တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် စာဖတ်သူတွေရင်ထဲ စွဲငြိကျန်စေချင်တယ်ဆိုတာပါပဲ ။ အရေအတွက် အများကြီး နင့်ကိုငါချစ်တယ် ငါ့ကို နင်ချစ်မလား ပင်လယ်ကြီးလောက်ချစ်တယ် ဘာညာ ဆိုပြီး စာတွေရေးနေမယ့်အစား ကိုယ့်အတ္တ ကိုယ့်ခံစားမှုတွေ ကို ဖော်ထုတ်နေမယ့်အစား သူများအတွက် ဘာတွေပေးဆပ်နိုင်မလည်းဆိုတာကိုသာ ဦးစားပေးပြီးစဉ်းစားစေချင်ပါတယ် ။

စကားကြီးစကားကျယ်တွေပြောပြီး မင်းကရော ဘာတွေလုပ်နေလို့လည်းလို့ ပြန်မေးစရာရှိပါတယ် ။ ကျနော့်ပို့စ် တွေကို ဖတ်ကြည့်ပါ အကုန်လုံးအစအဆုံးဖတ်ကြည့်ပါ ။ ကျွန်တော်စာစရေးကတည်းက ထူးဆန်းထွေလာကို ၀ါသနာပါတဲ့အတွက် အင်တာနက်မှာ ထူးဆန်းထွေလာတွေ ဗဟုသုတတွေကို အချိန်ကုန်ခံပြီး ဘာသာပြန်ပြီး တင်ဆက်ခဲ့တာပါ ။ တခါတခါ အရမ်းရေးချင်လာပြီဆိုရင် ကဗျာရေးတယ် ။ ၀ထ္ထုတိုလေးတွေကိုယ်ပိုင်ရေး သို့မဟုတ် ဘာသာပြန်လေးတွေရေးတယ် ။ စာဖတ်သူတွေ အကျိုးရှိမယ့် အရာလေးတွေကိုပဲ အတတ်နိုင်ဆုံး ရွေးချယ်တင်ဆက်ပေးခဲ့ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း မပြည့်စုံပါဘူး ။ လိုအပ်ချက် တွေအများကြီး ရှိတယ်ဆိုတာဝန်ခံပါတယ် ။

အဓိက ပြောချင်တာကတော့ ကျွန်တော်တို့သည် အင်တာနက်မှာလာရောက်တွေ့ဆုံကြတယ် ။ ဒီဆိုက် လေးထဲမှာ ခင်မင်ကြတယ် ။ ဒါဆို တစ်ခုခုကို ပေးဆပ်နိုင်အောင်ကြိုးစားပါ ။ စာတွေများများရေးပါ ။ အယ်ဒီ တာတွေလို မကောင်းတာပယ်ကောင်းတာလေးတွေပဲ ရွေးတင်နေတာမဟုတ်ပါဘူး ။ ကိုယ်ပိုင်ရေး မှန်သမျှ တင်ပေးနေတာပါ ။ စာတွေရေးစရှိလာပြီဆိုရင် ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှီလာပါလိမ့်မယ် ။ ဒါကြောင့် ဒီနေရာမှပဲ စားရေးဖို့ ၀ါသနာပါရင် မရပ်နေကြပါနဲ့ ။ ဘလော့ပို့စ်တွေရေးပါ ။ တစ်ပုဒ်ချင်းစီ အနှစ် တွေပြည့်နေအောင်ကြိုးစားပါ ။

လေးငါးကြောင်း ကိုတစ်ပုဒ် အပုဒ် ငါးဆယ်လောက်နဲ့ အနှစ်သာရ ပြည့်ဝတဲ့ဘလော့ပို့စ်တစ်ခုက တန်ဖိုးရှိ ပါတယ် ။ ဒါကြောင့် ဒီနေရာမှာပဲရပ်မနေကြပါနဲ့ စာရေးသူများခင်ဗျာ ။

အရေအတွက်ထက် အရည်အချင်းက ပိုတန်ဖိုးရှိပါတယ် ။

သက်တန့်ချို
31 August 2010


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

27 comments:

  1. ကိုသက်တန့်ရေ
    တန်ဖိုးရှိလှတဲ့ ပိုစ့်ကလေးပါဘဲ..
    ဖတ်ပြီး တော်တော်ကို သဘောကျ နှစ်ခြိုက်မိပါတယ်..
    လူငယ်တွေကို လမ်းကြောင်းမှန်စေချင်တဲ့ စေတနာကို လေးစားမိပါကြောင်းရှင်။

    ReplyDelete
  2. ဟုတ်ကဲ့ပါ...
    ဆရာပြောတဲ့အတိုင်း တွေ့တာ..မြင်တာ..ခံစားရတာ..ဗဟုသုတ..အတွေ့အကြုံ..ပညာပေး...အကုန်ရေးပြီရှင်...
း)..း)..

    ReplyDelete
  3. မောင်မျိုးAugust 31, 2010 at 3:10 PM

    ကိုယ့်ကိုယ်ကို တစ်ခါမှပြန်မမေးဖူးတဲ့ မေးခွန်းတွေပဲ ။ စာရေးသူဆိုတာ တော်တော် မြင့်တဲ့အတွက် ကိုယ်ကတော့ ဒိုင်ယာရီ သဘောပါပဲ ကိုယ့်ခံစားချက်လေးတွေပဲ ချစ်ရေးဖြစ်တာ ။ ဒီပို့စ်မှာရေးထားသလို စာဖတ်သူကို တစ်ခုခုပေးနိုင်မှသာ စာရေးရမယ်ဆိုရင်တော့ ဘလော့ကို ရပ်မှဖြစ်မယ်ထင်တယ် ။

    ReplyDelete
  4. စာဖတ်သူကို တစ်ခုခု ပေးနိုင်တဲ့ စာတွေ ရေးနိုင်တာတော့ အကောင်းဆုံးပါပဲ.. တစ်ခါတလေလည်း စာဖတ်သူတွေ အပန်းဖြေဖို့ ရည်ရွယ်ချက်နဲ့ ရသစာပေတွေ ရေးတာမျိုးလည်း ရေးပါစေပေါ့နော်.. :)

    ReplyDelete
  5. Dear sweet rainbow, Nice post n good advice.Go on ur way.Everybody has own way.Ur writing shows good intentions like ur name,sweet ncolourful. gyidaw

    ReplyDelete
  6. ကိုသက်တန့်ရဲ့ အကြံပြုချက်က အလွန်ပဲကောင်းမွန်လှပါတယ်။ လူငယ်တွေ ချက်တင်ကို အလွန်အကျွံသုံးစွဲခြင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်လဲ ရေးသားဖြစ်ခဲ့ပါသေးတယ်။ အခုကျွန်တော် ဖန်တီးထားတဲ့ ဘလော့ဂ်လေးကိုတော့ ကျွန်တော့်ရဲ့ စိတ်ထွက်ပေါက်ကလေး တစ်ခုလို့ ယူဆထားတယ်။ ရင်ထဲမှာ ခံစားရတဲ့ ခံစားချက်ကို တစ်ယောက်သော သူကို ရင်ဖွင့်ချင်တယ်။ ဒါပေမယ့် အရေးတစိုက်နားထောင်ပေးမယ့် သူငယ်ချင်းတွေက သူတို့အလုပ်နဲ့သူတို့ နားရတယ်ကိုမရှိဘူး။ ကျွန်တော်လဲ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ဘယ်လိုမှမတွေ့ဖြစ်ကြဘူး။ ဒီလိုအချိန်လေးတွေမှာ ရင်ထဲခံစားရတာတွေကို ဖွင့်ချဖြစ်တယ်။ စာရေးတာကို အရမ်းနှစ်သက်ပါတယ်။ အခုချိန်ထိတော့ ရသမြောက်စာပေမထွက်သေးတဲ့အပြင် စာဖတ်သူတို့ နားကလန့်မှုမရှိအောင်ပဲ ကြိုးစားနေရတယ်း) ကိုသက်တန့်ကြီးလဲ စာရေးသူကောင်းတစ်ယောက်ဖြစ်ပြီး ပြည်သူတွေကို အလုပ်ကျွေးပြုနိုင်တဲ့သူ ဖြစ်ပါစေဗျာ..

    ReplyDelete
  7. သက်တန့် ချိုရေ... တည့်တည့်ကိုထိတော့တာပဲ။
    နောက်ဆို သတိထားဆင်ခြင်ပြီး အကျိုးပြုစာတွေ များများရေးဦးမှပဲနော်။

    ReplyDelete
  8. ကိုသက်တန့်ရေ မှန်တာတွေ အရမ်းမပြောနဲ့လေ။လူမုန်းများမယ်။
    ခင်ဦးမေ blog ကိုသာ သွားကြည့်ပါတော့ရှင်။ cbox မှာ လေ့လာကြည့်ပါဦး။အဲဒီcboxမှာတင် blogger တွေ ဘယ်လောက်အားပြီး ဘာလုပ်နေသလဲဆိုတာ၊။

    ReplyDelete
  9. နေ့အိပ်မက်ထင်တာတော့ တကယ့်စာရေးဆရာတွေက ဘယ်သူ့အတွက်မှ ရည်ရွယ်ပြီး စာရေးခဲ့တာ မဟုတ်ဘူးထင်ပါတယ်။ သူတို့စိတ်ထဲရှိတာကို သူတို့ရဲ့ကိုယ်ပိုင်အနုပညာနဲ့ စကားလုံးအဖြစ်ပဲ ပြောင်းလိုက်တာမဟုတ်လား။ လေရူးသုန်သုန်ရဲ့ မူရင်းစာရေးဆရာမ မာဂရက်မစ်ချယ်ဆို လေရူးသုန်သုန်ထက်ပိုကောင်းတာကို ရေးပြီး မီးရှို့ပစ်လိုက်တာတဲ့။ သုတစာပေအတွက် ဘာမှ မှတ်ချက်မပေးလိုပေမဲ့ ရသစာပေဆိုတာကတော့ အကျိုးပြုစာပေဖြစ်စေရဲ့လို့ ရေးကောင်းတာမျိုး မဟုတ်ဘူးထင်ပါတယ်။ နေ့အိပ်မက်တစ်ယောက်တည်းရဲ့ အမြင်ပါ။

    ReplyDelete
  10. စကားမစပ် မြန်မာလိုစာရေးတာ သုတဖြစ်ဖြစ်၊ ရသဖြစ်ဖြစ်၊ အရည်မရ အဖတ်မရဖြစ်ဖြစ်၊ စာလုံးပေါင်းမှန်ဖို့လည်း လိုသေးတယ် ထင်ပါတယ်။ မေးခွန်းမေးတဲ့အခါ 'လည်း' မဟုတ်ဘဲ 'လဲ' လို့သုံးရပါတယ်ရှင်။

    ReplyDelete
  11. ကိုသက်တန့်ချို

    ခေါင်းစဉ်ကို စိတ်ဝင်စားလို့ လာပါတယ်

    ကျနော့ဘလော့နာမည်နဲ့ ဘယ်နေရာမှာမှ ကော့မန့်မပေးဖို့ ဆုံးဖြတ်ထားတဲ့အတွက် အမည်မသိနဲ့ပေးခြင်းကို အရင်ဆုံး နားလည်ပေးစေချင်ပါတယ်။ ကျနော့ စာရေးသက် သုံးနှစ်နီးပါးရှိပါပြီ။

    Chatting ပြောခြင်းနဲ့ ပတ်သက်တဲ့ စေတနာလေးကို သဘောကျမိတယ်။ ဒါပေမယ့် အင်္ဂလိပ်စာတိုးတက်လိုလို့ Chatting ပြောတဲ့လူတချို့ရှိတာကိုလည်း သတိပြုစေလိုပါတယ်။ စာရေးခြင်းအပြင် မိမိဘဝတိုးတက်ရေးတွေ၊ လေ့လာရေးတွေကို မမေ့မလျော့ပဲ မျှတစွာ ပြုလုပ်နိုင်စေဖို့ လူငယ်လူရွယ်တိုင်းကို တိုက်တွန်းလိုပါတယ်..

    စာတွေမှာ သုတနဲ့ရသဆိုပြီး ရှိပါတယ်။ သုတပိုင်းချည်း ရေးတဲ့သူတွေရှိသလို ရသပိုင်းတွေရေးနေတဲ့ စာရေးဆရာတွေ၊ စာရေးသူတွေ လည်း ရှိနေပါတယ်။ ဒါကြောင့်လည်း သုတရတနာသိုက်တို့ သုတစွယ်စုံတို့ ရှိသလို တခြားမဂ္ဂဇင်းတွေ အထင်အရှားရှိနေခဲ့တာပါ။

    ရသပိုင်းကို ရေးတဲ့ စာရေးသူတစ်ယောက်က ခံစားချက်တွေကို ရေးတဲ့အတွက် အတ္တကြီးသူတစ်ယောက်လို့ ပြောရမယ်ဆိုရင် ရသစာရေးဆရာတွေတော့ သွားပါပြီဗျာ။ ရသတွေထဲမှာ ဘဝအတွက် အတွေးအမြင်တွေ၊ လက်ရှိလူမှုလောကအကြောင်းတွေ၊ နိုင်ငံမတူ အတွေးမတူတဲ့သူတွေရဲ့ ဓလေ့စရိုက်တွေ၊ အတွေ့အကြုံတွေ….ဥပမာဆိုကြပါစို့ဗျာ ဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာ၊ သာဓုရဲ့ ချစ်စံနမူတို့ ကြည်အေးရဲ့စာတွေ ဂျူးရဲ့စာတွေ ကို ခံစားမှုတွေ ပါနေတဲ့အတွက် အတ္တကြီးတဲ့စာတွေဆိုပြီး လွှင့်ပစ်ရတော့မလား...

    ကျနော်ဘာလို့စာရေးသလဲလို့မေးရင် ဝါသနာပါလို့စာရေးတယ်လို့ပဲ ရိုးသားစွာ ဖြေပါရစေ။ အဲ့ဒီအထဲမှာ ပြည်သူတွေကို စာဖတ်သူတွေကို တစ်စုံတစ်ခု ပေးဆပ်ချင်လို့စာရေးတယ်လို့ မဖြစ်မိဘူး။ စာရေးနေရင်းကမှ သတင်းလေးတွေမျှဝေချင်တွေ၊ အခြေအနေ အကျိုးအကြောင်းလေးတွေ တင်ပြချင်လာတယ်။ အဲ့ဒီလိုပဲဖြစ်မိတယ်။ ဘလော့မှာစာရေးတာက အကျိုးအမြတ်တစုံတရာမရ ပေမယ့် မိမိစိတ်ထွက်ပေါက် ဒါမှမဟုတ် ကိုယ့်ဝါသနာကို ပြုစုပျိုးထောင်တာပါပဲ။ စာဖတ်သူတွေပေးဆပ်တဲ့အချိန်နဲ့ ထိုက်တန်တာ ရသွားမသွားကိုတော့ စာဖတ်သူတွေကပဲ ချင့်ချိန်ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ရေးထားတဲ့စာတွေက စိတ်ဝင်စားစရာမကောင်းဘူးဆိုရင် စာဖတ်သူတွေကပဲ ကွေ့ရှောင်သွားကြပါလိမ့်မယ်။

    အရည်အတွက်ထက် အရည်အချင်းက ပိုတန်ဖိုးရှိတယ်ဆိုတဲ့စကားအတိုင်း အရည်အချင်းတွေနဲ့ပြည့်ဝတဲ့ စာကောင်းပေမွန်တွေ အသိအလိမ္မာပေးတဲ့ စာရေးသားသူတွေ ယခုထက်ပိုပြီး များပြားလာပါစေလို့ ထပ်တူထပ်မျှဆန္ဒပြုမိပါတယ်ခင်ဗျာ

    ReplyDelete
  12. ကိုသက်တန့်  ရေ
    ပို့ စ်လေး ရဲ့ စေတနာ ကိုလေးစားမိပါတယ်။
    ဟုတ်ပါတယ်။ လူငယ်အများစု ချတ်တင် ကို အလဟသ အချိန်မဖြုန်းစေချင်ပါဘူး။
    စာရေး တာကတော့ ဘလော့ဂ်ပေါ်မှာ ဆိုတော့ ဘယ်ဟာ ရေးကြတယ် ဆိုတာ တစ်ဦးချင်းစီ ၀ိဝါဒ
    ကွဲပြားနေတာမို့ ရေးသူတစ်ဦးချင်းစီ အပေါ်မှာပဲ မူတည်
    နေကြောင်းပါဗျာ။
    အင်တာနက်ကို အကျိုးရှိရှိအသုံးချနေသူများ ဖြစ်ကြပါစေ။

    မောင်မောင်

    ReplyDelete
  13. တစ်ခုခုကို ပေးဆပ်နိုင်အောင်ကြိုးစားပါ မယ် ကိုသက်တန့်ရေ။ကျွန်တော်က တစ်ခုခု ကိုပေးချင်ပေမယ့် အခုတော့ အကြောင်းအမျိုးမျိုးကြောင့် မပေးနိုင်သေးလို့ ပါ

    ကျေးဇူးတင်ပါတယ်

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  14. စိတ်တူကိုယ်တူပါပဲ ကိုသက်တန့်ရေ..
    ဒါကြောင့် လာဆဲသူတွေ ၊ ဝေဖန်သူတွေ ရှိနေရင်းနဲ့ကို ဆက်ပြီး ရေးဖြစ်နေတာပါပဲ။ အကျိုးရှိစေချင်တာလေး တစ်ခုပါပဲ။

    ပျော်ရွှင်ပါစေ။
    ကိုဇော်

    ReplyDelete
  15. မှန်ပါတယ်း) ဒါပေမဲ့ အကျိုးရှိတာရေးတော့ လည်း
    အနော့ နေရာလေး http://unpoeticworld.blogspot.com

    ကိုဘယ်သူ့ မှမလာဖူးဗျ လူတွေလာရင်တော့ 
    တွေးစရာပါတာလေးတွေ အကျိုးရှိတာလေးတွေရေး
    ချင်ပါတယ် ဒါပေမဲ့ ကိုသက်တန့် ချိုပြေတာမှန်ပါတယ်
    ဗျား)

    ReplyDelete
  16. စာလုံးပေါင်းကိစ္စကတော့ ဘယ်ခေတ်ကစာလုံးပေါင်းကမှ
    အမှန်လို့ ပြောမရပါဖူး ဗိုလ်ချုပ်နေ၀င်းတောင်မှ
    တ ကို တစ် အဖြစ် အာဏာနဲ့ လုပ်လိုက်သေးတာပဲ
    လဲ နဲ့ လည်း ဘာဖြစ်လည်း နော်ဆိုင်းလည်းရေချင်
    သလိုရေးတာပဲ နေ့ အိမ်မက်ကပြင်ပေးချက်တယ်ဆို
    ရင်တော့  ငါ့ ဘလော့ မှာလာပြင်ပေးစမ်းပါ ငါပျင်းလို့ 
    ဟး) ပွဲ့ လန့် တုံးဖျာခင်း ဘလော့ လေးကျော်ငြာ
    ချင်နေတာနဲ့ အသော်ပဲ ကဲ နေ့  အိမ်မက်ရေ စာလုံး
    ပေါင်းလေးတွေ မြန်မြန်လာပြင်ပေးစမ်းပါ...း)

    ဘယ်ခေတ်ကမှ စံတင်ရလောက်အောင်ကောင်းတဲ့
    ခောတ်မရှိဖူးး) ဘယ်ခေတ်ကစာလုံးပေါင်းကမှ
    ကြာကြာမခံဖူး ရွေ့ လျားပြောင်းလည်းတတ်ပါတယ်..
    ကိုယ်အခုသုံးနေတဲ့ စာလုံးပေါင်းနည်းအသစ်တွေဟာ
    ခောတ်ဟောင်းကလူတွေ မှားရေးသွားတာကို နေ့ အိမ်မက်နားလည်းစေချင်ပါတယ်... ကြားလား
    ကလေးမလေး သေသေချာချာဖတ်း)

    ReplyDelete
  17. ကိုသက်တန့် ချိုကို အားနာပေမဲ့// စာလုံးပေါင်းကိစ္စ
    ပြောချင်ရင် နေ့ အိပ်မက်အနေနဲ့  အိပ်မက်ဆက်
    မက်မနေပဲ ပိုထိရောက်တဲ့  ပုံနှိပ်မီဒီယာတွေမှာ
    ဆောင်းပါးလေး ဘာလေးတတ်ရေးပြီး ပြောပြရေးပြ
    ရင်ကောင်းမယ်ထင်ပါတယ် ကိုသက်တန့် ချိုကိုတော့ 
    ဒီပို့ စ်အောက်မှာလာရေးမိတဲ့ အတွက်တောင်းပန်ပါတယ်
    လေးစားပါတယ်ဗျာ

    နော်ဆိုင်းပါး)

    ReplyDelete
  18. AnonymousAnonymousAnonymousAnonymousAnonymousAnonymousAnonymousAnonymous


    နဲ့ အဲ့ ကောင်တွေကိုကြည့် မရတာကြာနေပီ

    နာမည်ရင်းမပြောနဲ့  nick name ကိုတောင်
    မဖော်ပြရဲရင် မှန်ချက်လာမပေးနဲ့ ခိုးကြောင်ခိုးဝှက်နဲ့ 

    အမည်မသိအမည်မသိနဲ့  ကိုယ့် ဘလော့ မှာကျတော့ 
    ဆရာလိုလို သူတော်ကောင်းလိုနေပီးး) သူများ
    ဘလော့ တွေမှာ လိုက်မွှေနေတာ ဒီ အမည်မသိ
    Anonymous ကောင်တွေပဲ... nick name
    ကိုတောင်မပြောရဲရင် ဘာမှမှတ်ချက်တွေ ဝေဖန်တာ
    တွေ အကြံပေးတာတွေလာလုပ်မနေနဲ့ 

    အမည်မသိကောင်တွေဆိုတာ ဘလော့ လောကမှာ
    သူတော်ကောင်းယောင်ဆောင်နေတဲ့ တွေခိုး
    ကြောင်ခိုးဝှက်လုပ်ဖို့  အသုံးချစရာလို့ မြင်တယ်...
    Anonymous ဆိုတာ နာမည်ကြီးဘလော့ ဂါတွေ
    အကုန်ဖြစ်နိုင်တယ် သူတို့ ဘလော့ လောကကို
    မွှေဖို့ သောင်းကြမ်းဖို့ လက်နက်တစ်ခုပဲး)
    သူတို့  image ကိုထိမှာကျတော့ ကြောက်တယ်..
    နားလည်လား အပေါ်ကနာမည်ကြီးဘလော့ ဂါတွေ
    ရော နာမည်မကြီးဘလော့ ဂါတွေရော ရေးမှတ်ထား
    လိုက် သေသေချာချာရေးမှတ်ထားလိုက်ကျး)


    နော်ဆိုင်းပါး)

    ReplyDelete
  19. ကိုသက်တန့် တင်ပြချက်လေးကို သဘောပေါက်မိပါတယ် ကွန်နယ်ရှင်ကလဲ တခါတလေ ဂျီတော့လောက်ပဲပွင့်တဲ့အခါမျိုးဗျ ကလေးတွေကလဲ အဲ လူကြီးတွေပါပေါ့ ချက်တာကို ပိုစိတ်ဝင်စားကြပြန်ရော.. ဆိုင်တဆိုင်ဝင်သွားကြည့် မသိမသာကြည့် ချက်တဲ့သူများတယ်ဗျို့
    ဟိုကောင် နော်ဆိုင်းက ရူးနေတာ ကိုသက်တန့် ခွင့်လွှတ်လိုက်ပါ... ဆေးမစားရသေးဖူးဖြစ်မယ်း)

    ReplyDelete
  20. Commentလေးပေးလို့ရတုန်း အပြေးရောက်ခဲ့ပါတယ်။
    ဒီပို့စ်လေးက ရေးသမျှပို့စ်တွေထဲမှာ ထူးခြားတယ်။
    စေတနာကိုတွေ့လိုက်ရတယ်။ နားလည်မှုတွေကတော့ အမျိုးမျိုးကွဲပြားကြမှာပါဘဲ။ လင့်ခ်ပြုတ်နေတာ ပြန်ချိတ် ထားလိုက်ပါတယ်ရှင်။

    ReplyDelete
  21. You mustn't blogger. your are stupid.

    ReplyDelete
  22. ကိုသက်တန့်

    ဖတ်တော့ ဖတ်သွားတယ်.. သိပ်မရှင်းဘူး.. အကျိုးရှိ သုတ စာပေတွေ ကိုပဲ ရေးခိုင်းတာလား.. ဒါမှမဟုတ် ရသ ကို တင်ဆက်ပုံ မှားတာကို ပြောချင်လို့လား ဆိုတာပါ..။

    အမည် မဖော်ပဲ ဆွေးနွေးသွားတဲ့ တယောက် ပြောတာကို တော့ အကျိုးအကြောင်းနဲ့မို့ အတော်လေး သဘောကျတယ်.. ရသ တင်ဆက်မှုသဘောက အဲဒီ သူ ဆွေးနွေးသလိုပဲ ဖြစ်ရမယ်လို့ ယူဆပါတယ်..။ သုတ ကတော့ ရှင်းပါတယ်.. ဒါတောင်မှ တချို့ အင်တာနက်က သတင်း သုတ တွေက မခိုင်လုံတာတွေ များပါတယ်.. မြန်မာပြည်မှာတော့ မသိပါဘူး.. ဒီက ကျောင်းတွေမှာ ဆိုရင် အင်တာနက် က ကိုးကားတာမျိုး လက်မခံပါဘူး.. ပုံနှိပ်ပဲ လက်ခံ အမှတ်ပေးတာမျိုး ရှိပါတယ်..။

    ကိုသက်တန့် ပြောတဲ့ထဲမှာ ချက်တင် အပျင်းပြေ လုပ်တာကို အလုပ်တခုလို သဘောထားပြီး လုပ်တက်တာမျိုးကို တော့ အသက်အရွယ်အရ လုံးဝ မကြိုက်သလို အားမပေးပါဘူး.. တပြိုင်နက်တည်းမှာပဲ လူငယ် လူလတ်ပိုင်း (၁၀ နှစ်ကနေ ၃၅) လောက် အထိက သိပ်ကြိုက်ကြသလို အဲဒီကနေ ပညာရတယ်လို့ ယူဆကြသူတွေလည်း ရှိပါတယ်.. ဒါကတော့ သူတို့ အခွင့်အရေး ယုံကြည်မှု ပါပဲ.. ဒါပေမဲ့ မဗေဒါ ကတော့ တော်ရုံတန်ရုံလောက်ပဲ အပျင်းပြေ ပြော.. ကျန်တဲ့ ပညာရှာတဲ့ အပိုင်းကို အချိန် ယူ လုပ်ကြမယ် ဆိုရင်ဖြင့် ပိုကောင်းမယ်လို့ ယူဆတာတော့ ရှိပါတယ်..။ ( မဗေဒါ ကိုယ်တိုင်လည်း အရွယ်ရောက်နေတဲ့ သမီးရှိတာမို့ အဲဒီကိစ္စက အမြဲ ဆွေးနွေး ပြောနေရတာပါပဲ..။)

    ရသ ပိုင်းကို ဆက်ပြောရရင် သူက လူ့အသိုင်းအဝန်းရဲ့ အသက် လို့တောင် ပြောလို့ရပါတယ်.. အပေါ်က အမည်မဖော်သူ ပြောသလိုပဲ လူ့အသိုင်းအဝန်းရဲ့ ဖြစ်ပုံတွေကို ရသ ပညာနဲ့ လှလှပပ ဖော်ထုတ် တာဟာ ရသ စာပေ ဖြစ်တာမို့ အရေးကြီး (ပါ) လှ ပါတယ်.. ဒါကို အတ္တလို့ မခေါ်သင့်ဘူးပေါ့.. ဒါပေမယ့် ပေါကြောင်ကြောင် နဲ့ စိတ်ရူးထပြီး ကိုသက်တန့် ပြောသလို ` နင့်ကိုငါချစ်တယ်`လို့ ပြောတာမျိုးတော့ မပါဘူးပေါ့..။

    နောက်ဆုံးတခုပြောချင်တာက စာဖတ်သူတိုင်းရဲ့ ရင်ကို အကြောင်းအရာတိုင်းက မစွဲတာမို့ ကိုယ်ပေးသလောက် မရတာ.. ကလဲ စာဖတ်သူ တယောက်ချင်းစီရဲ့ လက်ခံမှုပါပဲ.. စကားတခွန်းတောင် ရှိတယ်မလား.. `အနုပညာသည် ပြည်သူအတွက် ` ဆိုတာနဲ့ `အနုပညာသည် အနုပညာအတွက် ` ဆိုတာ ..။ ဒါဟာလည်း စာရေးသူများ ရဲ့ ခံစားမှုပေါ် မူတည်ပြီး ဖြစ်လာတဲ့ အငြင်းပွားမှုလို့ ယူဆရတာပါပဲ..။

    ကျွန်မမရှင်းတဲ့ ကိုသက်တန့် အမြင်လည်း အချိန်ရရင် သိချင်ပါသေးတယ်.. ။ ပြောခွင့်ရတာလည်း ကျေးဇူးပါ..ကိုသက်တန့်ရေ.................။

    မဗေဒါ (၈၈)

    ReplyDelete
  23. မရပ်ပါဝူးကွယ်..ရေးလွန်းလို့..အားတိုင်းစာပဲရေးနေတာ ၀ါသနာအဲ့ဘက်ရောက်တွားလို့..ဂျီတော့တောင်မ၀င်ဖြစ်တော့ဖူး အရင်ဆို ပျင်းရင် ချက်ရင်ကောင်းမလားပဲ ခုတော့ ဘလော့လေးတစ်ခုရှိတာ အပျင်းပြေသလို အရမ်း အကျိုးရှိပါတယ်..ကူညီခဲ့တာတွေတွက် ကျေးဇူးတင်ပါတယ်ရှင်..:)

    ReplyDelete
  24. စာဖတ်သူ ဆိုပေမယ့် ရှည်ပြိးဝင်ဖတ်လိုက်တာ စီဘောက့်စ် က ပိုပြိးစိတ်ဝင်စားဖို့ ကောင်းသွားတယ်။ အဟဲ နောက်ဆုံးတော့လဲ လူအမျိုးမျိုး စိတ်အထွေထွေပါဘဲ။

    ReplyDelete
  25. ပို့စ်ကို ကြည့်လိုက်တော့ ၂၀၁၀ခုနှစ်မှာ ရေးခဲ့တာပဲ.... ၂၀၁၀ခုနှစ်မျာ chatting ထိုင်တာတွေ များခဲ့ကြသလို. ခု ၂၀၁၂ခုနှစ်မှာလည်း chatting ထိုင်သူ ဦးရေ မလျော့သေးပါဘူး...... ပြောကြတာကလည်း MyanEnglish နဲ့........ မြန်မာတွေ တိုးတက်ဦးမယ်...........

    ကိုသက်တန့်ရဲ့ စေတနာကို လူငယ်တွေ နားလည်စေချင်တယ်....... အင်တာနက်မှာ ကိုယ်စိတ်ဝင်စားရာတွေ အလွယ်တကူနဲ့ စုံစုံလင်လင်လေ့လာနိုင်တယ်ဆိုတာ လူငယ်တွေ သိဖို့ကောင်းတယ်.... တစ်ချို့ဆို အင်တာနက်ဆိုင်သွား Game ဆော့၊ Chatting ထိုင်ဖို့အတွက်ပဲ လုပ်လို့ရတယ် ထင်နေကြတယ်...

    အလွန်ကောင်းတဲ့ Post လေးပါပဲ.... :) (Thinzar Maung)

    ReplyDelete
  26. အရေအတွက် အများကြီး နင့်ကိုငါချစ်တယ် ငါ့ကို နင်ချစ်မလား ပင်လယ်ကြီးလောက်ချစ်တယ် ဘာညာ ဆိုပြီး စာတွေရေးနေမယ့်အစား ကိုယ့်အတ္တ ကိုယ့်ခံစားမှုတွေ ကို ဖော်ထုတ်နေမယ့်အစား သူများအတွက် ဘာတွေပေးဆပ်နိုင်မလည်းဆိုတာကိုသာ ဦးစားပေးပြီးစဉ်းစားစေချင်ပါတယ် ။
    Love it.
    btw : rainbow, why sweet?

    ReplyDelete
  27. တစ်ကယ့် ကို လေးစားဖို့ ကောင်းတဲ့ စကားတွေပါပဲ...။

    ReplyDelete