“ အကြောဆေး သွင်းပေးပါဆရာ ”
ကျွန်တော်ဟောက်ဆာဂျင်ဘ၀တုန်းက အတွေ့အကြုံလေးတွေကို ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ ဆိုပြီး အပိုင်းလေးတွေခွဲရေးခဲ့ပါတယ် ။ ဟောက်ဆာဂျင်ပြီးပြီးချင်းတုန်းက အများနည်းတူ ဆေးအရမ်းကုချင်တာပေါ့ ။ ဒါပေမယ့် ဆမ လို့ခေါ်တဲ့ ဆရာဝန်မှတ်ပုံတင် မရှိသေးတဲ့အတွက် ဆေးကုသခွင့် မရှိသေးပါဘူး ။ အဲဒီတုန်းက အစ်မတွေ အစ်ကိုတွေ AS တွေရဲ့ ဆေးခန်းတွေမှာ သူတို့ ဂျီပီတွေကို သွားသွားပြီးထိုင်ပါတယ် ။ ဂျီပီဆိုတာက General Practitioner ကို အတိုကောက်ခေါ်တာပါ ။ ဆိုလိုတာကတော့ အထွေထွေရောဂါကု ဆရာဝန်ပေါ့လေ ။ အဲဒီမှာ သူတို့က ကျွန်တော်တို့ကို Percentage နဲ့ပေးပါတယ် ။ ၅၀% ၊ ၆၀% စသဖြင့်ပေါ့ ။ သွားထိုင်ပေး တယ်ဆိုတာကလည်း သူတို့ဂျူတီရှိတဲ့နေ့မှပါ ။ ကျွန်တော်တို့က relieving သွားထိုင်တယ်လို့ခေါ်ပါတယ် ။ သူတို့ ဂျူတီကလည်း တစ်ပါတ်မှ ၁ ရက် ၂ ရက် ပဲ ရှိတော့ ကျွန်တော်သွားထိုင်ရလည်း တစ်ပါတ်ကို တစ်ရက် နှစ်ရက် ပါပဲ ။ မှတ်မှတ်ရရ ကျွန်တော် ဂျီပီ စထိုင်ဖူးတာ AS အစ်မ တစ်ယောက်ရဲ့ ကျေးဇူးပါ ။ ကျွန်တော် နောက်ဆုံး ဟောက်ဆာဂျင် ပို့စ်တင်ဆင်းနေတုန်းကပေါ့ .... ။
AS အစ်မက မေးပါတယ် ။ သူ့ဂျူတီရက်တွေကို ကျွန်တော့်ကို relieving ထိုင်ပေးနိုင်မလားတဲ့ ။ ကျွန်တော်တို့ ဂျူတီ အတူဆင်းတဲ့ အရှည်ကြီးရယ် ၊ ၀က်မရယ် ၊ ကျွန်တော်ရယ် ၊ ဂျပု ရယ် လေးယောက်ထဲမှာမှ ကျွန်တော့်ကို ရွေးခေါ်တယ် ဆိုတော့ နဲနဲတော့ ဘ၀င်မြင့်သွားမိတယ် ။ အားရ၀မ်းသာနဲ့ ဟုတ်ကဲ့ခင်ဗျာ ထိုင်ပေးပါ့မယ်ဆိုပြီး ပြန်ပြောလိုက်ပါတယ် ။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ ။ ကျွန်တော်က ဂျီပီထိုင်တာကို အရမ်း ၀ါသနာပါပါတယ် ။ ဒီလိုနဲ့ ပထမဆုံးသော အဲဒီအစ်မရဲ့ ဂျူတီမှာ ကျွန်တော့်ကို သူ့ဆေးခန်းလိပ်စာပေးပြီး ဆေးခန်း သွားထိုင်ခိုင်းပါတော့တယ် ။ ကျွန်တော်တို့ ဟောက်ဆာဂျင်တွေက ကိုယ့် ဂျူတီနေ့မဟုတ်ရင် လေး နာရီလောက်ဆို ပြန်လို့ရပါပြီ ။ ကျွန်တော်လည်း နားကျပ်လေးယူ လွယ်အိတ်လေးလွယ်ပြီး အဲဒီအစ်မရဲ့ ဆေးခန်းကိုသွားပါတယ် ။ ဟိုကိုရောက်တော့ ညနေ ၅ နာရီလောက်ရှိပါပြီ ။ ဆေးခန်းက ဖွင့်တောင် မဖွင့်ရသေးပါဘူး ။ ဒါနဲ့ အိမ်ရှင်ကိုပြောပြပြီး ဖွင့်လိုက်ပါတယ် ။ ဆေးခန်းလေးဘာလေး သန့်ရှင်းရေးလုပ် ပြီးတော့ ဘယ်ဆေးတွေ ဘယ်နားမှာရှိလည်း ဆိုတာကို လိုက်ကြည့်ပါတယ် ။ ဒီလိုနဲ့ စောင့်နေလိုက်တာ ညနေ ၆ နာရီကျော်သွားပါပြီ ။ တစ်ယောက်မှ မလာသေးပါဘူး ။ ဟ .. ဟုတ်မှဟုတ်ပါ့မလား ဘာများလွဲနေပါလိမ့်ဆိုပြီး တော့ စဉ်းစားနေပါသေးတယ် ။ ခြောက်နာရီကျော်ကျော်လောက်မှာ အသက် ၄၀ လောက်ရှိတဲ့ အဒေါ်ကြီး တစ်ယောက် ရောက်လာပါတယ် ။ ကျွန်တော့ကို မြင်တော့ “ ဆရာမ ဒီနေ့မလာဘူးလားဟင် ” လို့မေးပါတယ် ။ ကျွန်တော်လည်း ဆရာမက ဒီနေ့ ဂျူတီကျလို့ မလာနိုင်ကြောင်း ကျွန်တော်နဲ့ ဆေးရုံအတူတူပဲ ဖြစ်ကြောင်း ကျွန်တော်က သူ့အစားလာထိုင်ကြောင်းကို ရှင်းပြလိုက်ပါတယ် ။
အဒေါ်ကြီးက ကျွန်တော့်ကို ကြည့်ပြီး အော်..ဒါဆို နောက်မှ လာခဲ့မယ်နော်ဆိုပြီး ပြန်လှည့်သွားပါတယ် ။ နောက် တစ်ယောက်ကတော့ အသက် ၃၅ လောက်ရှိတဲ့ သန်သန်မာမာ အဒေါ်ကြီးတစ်ယောက် ကွမ်းလေးစားပြီး ဆေးခန်းထဲဝင်လာပါတယ် ။
“ ဆရာ ကျွန်မ ဘာဖြစ်နေမှန်းမသိဘူးဆရာ ”
“ ဗျာ.. အစ်မ ဘာဖြစ်နေမှန်းမသိပဲ ကျွန်တော်က ဘယ်ဆေးပေးလို့ရမလဲအစ်မရဲ့ ဒီကို ဘာဖြစ်လို့လာလဲ ပြော ပါဦး ”
“ ဟို .. အားနည်းနေတယ်ထင်တာပဲ ဆရာရယ် ”
ဆိုပြီး ကွမ်းတံတွေကို ဘေးနားက ပြတင်းပေါက်ဘောင်ကို ကျော်ပြီး ပြစ်ကနဲ လှမ်းထွေးလိုက်ပါတယ် ။ ဒါနဲ့ ကျနော်လည်း သွေးပေါင်ချိန်ကြည့်လိုက်တော့ ၁၂၀/၈၀ ၊ သွေးခုန်နှုန်းကလည်း ၈၀ ကျော် ပုံမှန်ပဲ ။ သူ့ကို History မေးကြည့်တော့လည်း အကုန်ကောင်း အစားအသောက်လေးတောင် မပျက်ဘူး ။ နှလုံးတွေ အဆုတ် တွေ နားထောင်ကြည့်တော့လည်း အကုန်က ပုံမှန်ပဲ ။ ဒါနဲ့
“ အဒေါ် သွေးပေါင်ချိန်လည်း ကောင်းတယ် သွေးအား နည်း တဲ့ လက္ခဏာတွေဘာတွေလည်း မရှိပါဘူး ။ အဒေါ်အားဆေးလေး ဘာလေး သောက်လိုက်ရင် သက်သာသွားမှာပါ ”
ကျွန်တော်က မလိုအပ်ပဲနဲ့ ဆေးမထိုးချင်လို့ သူ့ကို အဲဒီအတိုင်းပဲ ပြောလိုက်ပါတယ် ။ ဒီတော့ လူနာက ကျွန်တော့ကို သေချာစိုက်ကြည့်ပြီး “ အကြောဆေးသွင်းပေးပါဆရာ ” တဲ့ ။ လတ်စသတ်တော့ သူက စလာကတည်း အကြောဆေးသွင်းချင်လို့ ကျနော့်ကို လှည့်ပတ်နေတာပါ ။ ဒါနဲ့ ကျွန်တော် က အကြောဆေးသွင်းဖို့ မလိုကြောင်း သောက်ဆေးသောက်လိုက်ပါက သက်သာသွား မှာဖြစ်ကြောင်း ရှင်းပြ လိုက်ပါတယ် ။ လူနာက သိပ်တော့ ကျေနပ်ပုံမရပါဘူး ။ ကျွန်တော်ပေးတဲ့ အားဆေးတွေယူပြီး ဘောတ်ဆတ် ဘောက်ဆတ် နဲ့ ထွက်သွားပါတော့တယ် ။ ကွမ်းတောင်စားလာနိုင်တဲ့ တစ်ယောက်တည်း ဒေါင်းတိမောင်းတိ လျောက်လာနိုင်တဲ့ အားနည်းတဲ့ လက္ခဏာ မရှိတဲ့ သာမန်လူတစ်ယောက်ကို အားဆေး သွင်းဖို့ မလိုအပ်ဖူးလို့ ကျနော်ခံယူထားပါတယ် ။
ဒီလိုနဲ့ ည ၇ နာရီကျော်သွားပါပြီ ။ နောက် ကလေးလေးတစ်ယောက် အသက် ၁၂ နှစ်လောက်ရှိပါပြီ ။ ၀မ်းတွေ သွားလို့ ဆိုပြီးရောက်လာပါတယ် ။ စမ်းကြည့်လိုက်တော့ ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာ Sign of Dehydration မရှိသေးပါဘူး ။ သွေးပေါင်ချိန်လည်း ကောင်းနေပါတယ် ။ ကျွန်တော်လည်း ORS-Oral Rehydration Salt ပေးပြီး လိုအပ်တဲ့ ပိုးသတ်ဆေးတွေပေးပြီး ပြန်လွှတ်လိုက်ပါတယ် ။ နောက်ဆုံး ရောက်လာ တဲ့ တစ်ယောက်ကတော့ အဖျားတွေတက်လာတဲ့ အသက် ၂၀ ခန့် ယောင်္ကျားလေးတစ်ယောက် ဖြစ်ပါတယ် ။ ဆီးသွားရင်လည်း ပူတယ် ကျင်တယ် နာတယ် ဆိုတဲ့ Sign တွေလည်း ရှိပါတယ် ။ ချမ်းတုန်ပြီးလည်း ဖျားတယ်ဆိုလို့ အဖျားတိုင်းကြည့်တဲ့အခါ ၁၀၁ ဒီဂရီဖာရင်ဟိုက်ရှိပါတယ် ။ ဒါနဲ့ UTI- Urinary Tract Infection ( ဆီးလမ်းကြောင်းပိုးဝင်ခြင်း ) လို့ Diagnosis တပ်လိုက်ပြီး လိုအပ်တဲ့ ပိုးသတ်ဆေးတွေ ပေး ဆေးထိုးပြီး ပြန်လွှတ်လိုက်ပါတယ် ။ အဲဒီနေ့က လူနာ စုစုပေါင်း လေးယောက်လာတဲ့ အထဲမှာ သုံးယောက်ကို ကုလိုက်ရပါတယ် ။ ပထမဆုံးလာတဲ့ တစ်ယောက်ကတော့ ပြန်လာခဲ့မယ်ဆိုပြီး နောက်ပြန်မလာတော့ပါဘူး ။ အဲဒီနေ့ က အိမ်ပြန်နောက်ကျခဲ့ပေမယ့် ကျွန်တော်ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ် ။
နောက်တစ်ရက်ခြား AS အစ်မနဲ့ ပြန်တွေ့တော့ ကျွန်တော့ကို သူက ပြောပါတယ် ။ ပထမဆုံးလာတဲ့ အဒေါ်ကြီး က သားဆက်ခြား သုံးလခံဆေး (Depo) ထိုးဖို့ လာတယ်လို့ သိရပါတယ် ။ ကျွန်တော့်ကို မြင်လို့ ရှက်ပြီး မထိုးပဲ ပြန်သွားခြင်းဖြစ်ပြီး နောက်တစ်နေ့ အစ်မပြန်ထိုင်တဲ့ အချိန်ကျမှ ဆေးလာထိုးကြောင်းပြောပါတယ် ။ အော်..တို့မြန်မာတွေများ မရှက်သင့်တဲ့ နေရာမှာ အတော့်ကို အရှက်ကြီးကြပါလားလို့ တွေးမိပါတယ် ။ ကျွန်တော် ကြားဖူးတာတစ်ခုရှိပါတယ် ။ မိန်းမတစ်ယောက်က သူ့ဘ၀ တစ်သက်တာမှာ ယောင်္ကျားသုံးမျိုးနဲ့ ဆက်ဆံရတယ်တဲ့ ။ ပထမတစ်မျိုးက သူမက အကုန်ပြရပြီး အကုန်မပြောရတဲ့သူ ။ ဒုတိယတစ်မျိုးကတော့ သူမက အကုန်ပြောရပြီး အကုန်မပြရတဲ့ သူ ။ တတိယတစ်မျိုးကတော့ သူမက အကုန်လည်း ပြောရတယ် အကုန်လည်း ပြရတဲ့ သူ ဖြစ်ပါတယ် ။ ပထမတစ်မျိုးက သူမ ယောင်္ကျားဖြစ်ပါတယ် ။ ဒုတိယတစ်မျိုးက သူမ ယောင်္ကျားလေးသူငယ်ချင်း ဖြစ်ပါတယ် ။ တတိယ တစ်မျိုးကတော့ ဆရာဝန်ပဲ ဖြစ်ပါတယ် ။ ဒီတော့ ကျွန်တော်တို့ကို အကုန်လည်း ပြောပြီး အကုန်လုံးလည်း ပြဖို့လိုပါတယ် ။ အစ်မက ဆက်ပြောပါသေးတယ် ။ ကျွန်တော်ကုလိုက်တဲ့ ကလေးကလည်း ၀မ်းရပ်သွားပြီ ဖြစ်ကြောင်း UTI လူနာမှလည်း အဖျားကျသွားပြီ ဖြစ်ကြောင်း Follow up ဆေးတွေပေးလိုက်ကြောင်း အကြောဆေးမသွင်းလိုက်ရလို့ မကြေနပ်တဲ့ အဒေါ်ကြီး ကလည်း ပြန်လာကြောင်း အကြောဆေးထပ်သွင်းချင်ကြောင်းပြောပါတယ် ။ သူအကြောဆေး သွင်းပေး လိုက်ကြောင်း မသွင်းပေးလိုက်ပါက နောက်တစ်ခါ ထပ်လာနေဦးမည် ဖြစ်ကြောင်းကျနော့်ကို ပြောပါတယ် ။ အော်...တယ်ခက်တဲ့ အဒေါ်ကြီးပါလား ။
ယခုဆိုရင် ကျွန်တော်တို့ကို ဆရာဝန်မှတ်ပုံတင်ထုတ်ပေးရေး မွမ်းမံသင်တန်းတွေကို ဖွင့်လှစ်ပေးပြီး ဆမတွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ် ။ ခြောက်လတစ်ကြိမ်လို့လည်း သိရပါတယ် ။ ယခုဆိုရင် ကျွန်တော့်လက်ထဲမှာ ဆမ မကြာခင်ရရှိတော့မှာ ဖြစ်လို့ ဆေးခန်းကို တရားဝင်ထိုင်နိုင်ပါပြီ ။ ဆက်လက်ပြီး ဆေးကုသရတဲ့ အတွေ့ အကြုံလေးတွေ အလွဲလေးတွေ ဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကိုလည်း ရေးသားသွားပါဦးမယ် ။
လေးစားစွာဖြင့် .......သက်တန့်ချို ( ဆေး-၂)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အော်
ReplyDeleteဒီလိုတွေရှိတာပဲနော်
ဆက်ပြီး
ReplyDeleteအပိုင်း ၂ ဖတ်မယ်ဗျို့ ... !
ဆရာ...အကြောဆေးလေးထိုးချင်လို့..
ReplyDeleteဟား..ဟား နောက်တာနော် ..။
ခင်မင်စွာဖြင့်
မိုးငွေ့
မျက်နှာမွဲ ရပ်ကွက် ထဲမှာ ကိုယ်ပိုင် ဆေးခန်းဖွင့်မယ်ဆိုရင်တော့ စိတ်ဓါတ်ကြံ့ ခိုင်ဖို့ ၊ ဝေသန္တရာ ထုံး နှလုံးသွင်းနိုင်ဖို့  အရေးကြီးတယ်နော် သက်တန့် ရေ ....
ReplyDeleteအစ်မ ကိုယ်တွေ့ အရတော့ လူနာ အလို မလိုက်မိလို့ လူနာတွေ မလာတော့တာရယ် ။ လာတဲ့ လူနာ တွေအားလုံး လိုလိုကလည်း အကြွေးစနစ်နဲ့  လာကြတာရယ် ကြောင့် ကြည့်မြင်တိုင် အောက်လမ်း ရပ်ကွက်လေးတခုမှာ ဆေးခန်းတခု ကို အိတ်စိုက်ဆေးပေးခန်း အနေနဲ့ ၉ လကျော်ဖွင့်ပြီး အောင်မြင်စွာ ပိတ်သိမ်းခဲ့ ရတယ်။ အဲ့ဒီတုံးက ပေါ်လီကလင်းနစ်တွေ ရှိပေမဲ့ အုံနာက အရင်းရှင် ပီသစွာ ဝင်စွက်လွန်းတာကြောင့် ဘယ်ဆေးခန်းမှ ဆက်မထိုင် ဖြစ်ခဲ့ဘူး ။
ရိုးသားပြီး ပိုက်ဆံ မတတ်နိုင်တဲ့  လူနာတွေ တကယ်ပဲ သနားစရာ ကောင်းပါတယ်။
သက်တန့်ချိုရေ လာဖတ်သွားပါတယ်။ ကိကိပြောသလိုပဲ လူနာကို အလိုလိုက်လို့ အဖြစ်ဘူးနော့်။ အစ်မ အမေဆိုလည်း ဒီလိုပဲ အကောင်းပကတိကြီး ဘာမှ ဖြစ်တာလည်းမဟုတ်၊ ဘာအာဟာရမှ ချို့တဲ့တာလည်း မဟုတ်ပဲနဲ့ အကြောဆေးထိုးချင်တယ်ဆိုပြီး အမြဲစိတ်စွဲနေတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးနှံများများစား ဘာအကြောဆေးမှ မလိုဘူးလို့ ပြောပြလည်း တခါမှ လက်မခံဘူး။ အကြောဆေးမထိုးရရင် အိပ်မပျော် စားမ၀င်ဖြစ်တယ်တဲ့။
ReplyDeleteလာဖတ်သွားပါတယ် ကိုသက်တန့်ရေ။ ဂျီပီဖွင့်ရင်တော့(အထူးသဖြင့် အခြေခံလူတန်းစားတွေရှိတဲ့ ဆင်ခြေဖုန်းရပ်ကွက်လေးတွေမှာဖွင့်ရင်) အတွေ့အကြုံမျိုးစုံရမှာပါ။
ReplyDeleteအော် ..... ဖြစ်ရမယ် သက်တန့်ရယ်.. ရီရမလိုလိုနဲ့နော်။ တို့လူမျိုးတွေလည်း ရှက်တတ်ကြတာတော့ ကောင်းပေမယ့် အခုလို လိုအပ်တဲ့ အချိန်မှာတော့ ဆရာဝန်ကို ပြောသင့်ပြောထိုက်တာတွေ ပွင့်လင်းစွာ ပြောဖို့ လိုအပ်တာပေါ့လေ.။
ReplyDeleteသင်တန်းလည်းပြီး ဆမ လည်း ရပြီဆိုရင်တော့ သက်တန့်ရဲ့ အတွေ့အကြုံလေး ဖတ်ရတော့မှာပေါ့။
ခင်မင်လေးစားလျှက်
ဘကျောက်အကြောလဲ(အဲ..ဟုတ်ပါဘူး)..အကြောဆေးထိုးလေ့မရှိဘူးပြောချင်တာ...အဟဲ
ReplyDeleteသက်တန့်ချိုရေ.. မိန်းမတွေ ဆက်ဆံရတဲ့ ယောကျာင်္း အမျိုးအစား ၃ မျိုးအကြောင်း တွေးတွေး ဆဆ ဖတ်သွားတယ်
ReplyDeleteဗဟုသုတဖြစ်ဖွယ်ဘလော့လေးမို့လို့
link ချိတ်ထားလိုက်တယ်
This comment has been removed by the author.
ReplyDeleteI envy you so much, Ko Thettant. I finished my High School in2009 and wanted to be a true doctor but now, I am in Sg 'cus of my family cannot support me for 7 years. So, i sat a scholarship exam and now I am attending in Ngee Ann polytechnic. My course is Nursing and i have to work for my sponsor hospital for six years. only then, i can study medicine to fulfill my dreams. It is a long way to go but your post encourage me a lot. It reignites my goals. I'll be back to Myanmar to serve the locals when I become a doctor 'cus i love my country.
ReplyDeleteArr pay nay me'
Insein Thar
Ngee Ann,
Sg
သက်တန့်ရေ...
ReplyDeleteဆမ မရခင် ဆေးထိုးချင်၊ ဆေးကုချင်တာများ ဦးဟန်ကြည်တို့ ပြည်နယ်ကို လာခဲ့ရောပေါ့...အမယ်မင်း ကုရချက်ကတော့ လက်တောင်မလည်ဘူး...သူတို့ကို ကုလို့အားမရလို့ ကိုယ့်ကိုယ်ကိုပါ ပြန်ကုယူရတဲ့အထိ...အတွေ့အကြုံမစုံမှာတော့ မပူနဲ့...ရောဂါပေါင်း သောင်းခြောက်ထောင် ကုရစေ့မယ်...ကံကောင်းရင် အိမ်ပြန်လက်ဆောင် နာနတ်သီး ( လက်ပစ်ဗုံး )တို့ ငှက်ပျောဖူး ( RPG ) တို့ပါ ရနိုင်သေးတယ်...ရိုးသားချက်ကတော့ မပြောနဲ့ “ ဟေ့ ဆရာ နင်ငါ့်ကို ပျောက်အောင်ကုပေးနိုင်ရင် ငါနင့်ကို ထိုင်ကန်တော့မယ် ” တဲ့ အဲဒီလိုပြောတာက အသက်၇၀ အဘွားကြီးက...
ရင်ခုန်စရာ ကောင်းချက်ကတော့ ငပွေးကိုလည်း သတိထားရတယ်...ကိုယ့်ဘက်ကိုလည်း လန့်ရတယ်...စိတ်ဝင်စားရင်တော့ အကြောင်းသာကြားလိုက်ပေတော့ဗျား...
စိတ်ဝင်စားတယ်ကိုဟန်ကြည်ရေ ဆက်သွယ်လိုက်မယ်ဗျာ အတွေ့အကြုံ လေးတွေ လိုချင်တယ် :)
ReplyDeleteဆေးကုသရတဲ့ အတွေ့ အကြုံလေးတွေ ကျေးဇူးပြုလို့ ဆက်ပြီးရေးပါအုံး ကိုသက်တန့်ချို။
ReplyDeleteမျှဝေပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဆက်ပြီး အားပေးနေမှာပါ။