သူကြီးတစ်ယောက် မန္တလေးကိုရောက်နေခဲ့ပါပြီ ။ ခရီးသွားတဲ့အတွေ့အကြုံလေးတွေရေးနေကြဆိုတော့ ဒီတခါ လည်း ရန်ကုန် ၊ မန္တလေး ရွှေစင်စင်္ကြာ အဝေးပြေးကားပေါ်မှာ ကြုံတွေ့ရတဲ့ အကြောင်းအရာလေးကို ရေးပြပါဦး မယ် ။ ကားက ၇ နာရီမှ ထွက်တာဆိုတော့ ၆ ခွဲအရောက် ကားဂိတ်ကို ရောက်ခဲ့ပါတယ် ။ လိုက်ပို့တဲ့ လူတွေနဲ့ဆိုတော့ အများကြီးပေါ့ ။ ဒါနဲ့ ခြောက်နာရီခွဲကျော်ကျော် ကားပေါ်လည်းတက်ရော ခုံနံပါတ်က ၂၈ ခင်ဗျ ။ အဲဒီအချိန်တော့ထင်လိုက်သား ဟင် ငါ့ဂဏန်းက ဘူဂဏန်းလို့ ။ (ထားလိုက်ပါလေ ဖဲသမား ဥာဉ်လေးတွေ ပါပါ လာတယ် ဆေးကျောင်းသားဘ၀က အကျင့်တွေဖျောက်ဦးမှ ) ။ ဘေးမှာ ကျတဲ့လူကို ကြည့်လိုက်တော့ လား လား...ကျနော်ကြိုက်တဲ့ ရော့ခ်ကာကြီး အာဇာနည်ခင်ဗျ ။ ဆံပင်ကို အရှည်ကြီးနဲ့ တကယ့်ကိုရော့ခ်ကာစတိုင်ပဲ ။ ဒါပေ မယ့်ကျနော့်အံ့သြမှုကတာရှည်မခံဘူးခင်ဗျ ။ သေချာကြည့်လိုက်တော့မှ အာဇာနည်စတိုင်နဲ့ လူတစ် ယောက်ဖြစ်နေပါကလား ။ စတိုင်ကတော့ ဒင်းကြမ်းကိုတူတာခင်ဗျ ။ ဒါနဲ့ကျနော်လည်းစိတ်ထဲ ကြိတ်ပြီး နာ မည်ပေး လိုက်တယ် ။ အာခေါင်နီလို့ ။
၇ နာရီအတိကျတော့ ကားကစထွက်ပါပြီခင်ဗျ ။ အဲဒီအချိန်မှာ အာခေါင်နီက ဂျင်းဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ပြီးစဆက်ပါလေရော ။
" ဟလို...မလား...ဟလို...မ ...မ ကြားလား ဟလို..အော် မရယ် ...မောင်ဖြင့်လွမ်းလိုက်တာ "
(ထိုအချိန်တွင်တစ်ဖက်က ဘာပြောနေမှန်းမသိပါ )
" ဘာ..မ... မကွာ မ မောင့်ကို မယုံဘူးလား ယောင်္ကျားလေးပါကွာ ဘေးမှာ မ ရာ ခက်လိုက်တာ ခဏ "
" ဟို အကို ကျနော့်ဖုန်းလေးတစ်ချက်ပြောပေးပါဗျာ "
" ခင်ဗျာ "
" ဟို ဘေးနာက ယောင်္ကျားလေးဆိုတာ မယုံလို့တဲ့ "
" အော်..ဟုတ်..ဟုတ်ကဲ့ "
ဒါနဲ့ကျွန်တော်လည်းသူ့လက်ထဲကဖုန်းကိုယူလိုက်ပြီး
" ဟလို "
" အော်..အကို ကျေးဇူးပါနော် ကျွန်မက ဘေးနားက မိန်းကလေးဖြစ်မှာစိုးလို့ "
( တိန်...စိတ်ထဲက မြည်တဲ့အသံပါ )
" ဟုတ် ကျားစစ်စစ်ကြီးပါခင်ဗျ "
ကျွန်တော်လည်းပြောပြီးပြီးချင်းဖုန်းပြန်ပေးလိုက်တယ် ။ မဟုတ်ရင် အာခေါင်နီရဲ့ မနဲ့ ကျားမ အရှုပ်တော်ပုံက တော် တော်နဲ့ပြီးမယ်မထင်ဘူး ။ ဒါနဲ့ ဆယ်မိနစ်လောက် ကားပေါ်မှာစကားပြောပြီးတော့ သူဖုန်းပိတ်လိုက်တယ် ။ မကြာဘူး ခင်ဗျ ထောက်ကြဲံ့လောက်လည်းရောက်ရော
" ဟလို မ ...မ ဘာလုပ်နေလဲ ဟလို.... မောင့်အသံကြားရလား မ..နော်လူကြားထဲမထွက်နဲ့ မ..အ ခု ဘယ်မှာ လဲ...မ ..မ "
ဘုရား..ဘုရားငါတော့ ဒီတစ်ညတော့ သေပြီထင်တယ် ။ ဒီ မနဲ့ အာခေါင်နီရဲ့ကြားမှာ သေပြီထင်တယ် ။ နောက်မှ တွေးမိတယ် ။ေ အာ် အဝေးပြေးလမ်း သစ်ကြီးရောက်ရင်တော့ ဖုန်းမမိလောက်တော့ပါဘူး ။ ဒါဆို အိပ်လို့ရ လောက်ပြီထင်ရဲ့ ။ ဒါပေမယ့် ကျွန်တော့်အထင်မှားသွားတယ်ဗျာ ။ ဘယ်ကလာ သူ့ဖုန်းကလည်း ဂြိုလ်တု ဖုန်းလားမသိပါဘူး ။ GSM ရော CDMA ရော မမိတဲ့ အဝေးပြေးလမ်းမအလယ်ကြီးမှာ တ မ မနဲ့ နာရီ ၀က်တစ်ကြိမ်လောက်ဆက်နေပြန်ရော ။
ထားပါတော့ ။ ဒါနဲ့ Pioneer ( ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း) ရောက်ပါလေရော ။ အာခေါင်နီခမျာ ။ သူများ တွေထမင်းစားနေတဲ့အချိန်သူ့မှာ တမ မ နဲ့ ဖုန်းဆက်နေရတုန်းဗျာ ။ ကျွန်တော်အတော်သနားသွားတယ် ။ ဧကာန သူ့ကို သူ့ရဲ့ မက နာရီဝက်တစ်ကြိမ် Report တင်ရမယ်များမှာထားသလားမသိပါဘူး ။ ဒါနဲ့ နာရီ ၀က်ပြည့်တော့ ပြန်ထွက်ပါလေရော ။ ပြီးတော့ နေပြည်တော် ရောက်ခါနီးမှေးကနဲ တစ်ချက်ငိုက်သွားမိတယ် ။ အဲဒီအချိန်မှာပဲ
" မ...မ ဟလို...မ ကျွန်တော်နေပြည်တော်ရောက်နေပြီဗျ ...ဘာ...ကားဆရာနဲ့အဆင်မပြေဘူးဟုတ်လား မ... မတို့ ဇက်ကူးနေပြီလား အိုကေအိုကေ ဒါဆို မောင် မနက်တက်လာခဲ့မယ် နော် မောင်မောင်းမယ် မ..မ .."
အဲဒီအသံကြောင့်ပဲ ကျွန်တော့်မှာ ပြန်နိုးလာရလာပါရော ။ အင်းဒီအတိုင်းဆို ငါတော့ တရေးမှ အိပ်ရမယ်မ ထင်ပါလား ။ ဒါနဲ့ နေပြည်တော်ကနေပြန်ထွက်တော့လည်း ကားက လုံးဝအမှောင်ချထားပြီး ။ တကြီ ကြီ နဲ့သူ့မှာ မက်ဆေ့တွေ ပို့နေတုန်း ။ တကားလုံးလည်းအိပ်ကုန်ကြပြီဆိုတော့ ဖုန်းဆက် တဲ့အကြိမ် အရေအ တွက်တော့လျော့သွားတယ် ။ တဖြည်းဖြည်းလေးအေးလာတော့ ကျနော်လည်း ပြန်ငိုက် လာပြန်တယ် ။ အံမယ် သတိရလာလို့ကြည့်လိုက်တော့ အာခေါင်နီကကျွန်တော့်ပခုံးကို မှီလို့ဗျာ ။ အပီကိုယူနေလိုက်တာများ ။ ကျွန်တော့်မှာ ကြာတော့လက်အံပါသေလာတယ် တောင့်တောင့်ကြီးနေရတော့ ။ ကျွန်တော် လှုပ်လိုက် လို့နိုးသွားရင်လည်းအားနာစရာကြီးဆိုတော့ ။ အင်း ဒါနဲ့ ဖုန်းကဗျာ ကံကောင်းချင်တော့ ၀င်လာပါရော ။ သူလည်းလန့်ဖြန့်ပြီး
" ဟလို...မ..မ မောင်ကွာ ဖုန်းပြတ်ပြီးတော့ပြန်ခေါ်သေးတယ် ..မ..မ. ဘယ်သူနဲ့စကားပြောနေသေးလဲ ..မ မှန်မှန် ပြောနော် မ..."
ကျွန်တော်လည်း အတော်ကြီးညစ်သွားမိတယ် ။ ထားလိုက်ပါလေ ။ ဟော်တယ်ကျတော့မှ နှပ်တော့မယ်ပေါ့ ။ ဒါနဲ့ ဆက်ပြောဦးမယ် ။
မနက် သုံးနာရီခွဲလောက်ကျတော့ မန္တလေးရောက်ခါနီးမှာ ထပ်ပြီး နားပါသေးတယ် ။ အဲဒီတချိန်လုံး လည်းဖုန်း ပြောကောင်းတုန်း ။ ပြီးတော့ ခရီးဆက်လာပြန်ရောဆိုပါတော့ ။ ထုံးစံအတိုင်းအာခေါင်နီက ကျွန်တော့်ပခုံး ပေါ်ခေါင်းကြီးတင်လို့ ။ ကျွဲဆည်ကန်ကားဝင်းထဲလည်းဝင်ရော အဲဒီတော့မှ အာခေါင်နီက သက်ပြင်းချလိုက်ပြီး
" ဟလို အဖေ ကျွန်တော်မန်းတလေးရောက်နေပြီ ဆိုင်ကယ်လွှတ်လိုက်ပါ ဒါပဲနော် "
တဲ့ တစ်ခွန်းမှ ဘုရာစူး အိမ်ကိုတစ်ခွန်းပဲဆက်တယ် ။ ဟီး အားကိုးလိုက်ရပုံများ ။ သူလည်းငိုက်စိုက်ငိုက်စိုက် ကိုယ်လည်းငိုက်စိုက်ငိုက်စိုက် (ဦးခေါင်းတွေပြောပါတယ်) နဲ့ ဆင်းလာပါတယ် ။ ဆိုင်ကယ်တွေအလုအယက်နဲ့ ဟိုဆွဲဒီ ဆွဲနဲ့ ကျွန်တော်လည်းအဆွဲမခံဘူး နည်းနည်းနပ်သွားပြီး သူတို့မဆွဲခင်ကတည်းက ပါလာတဲ့အိတ်ကြီးကို ကား အောက်ကို ခပ်တည်တည်ပစ်ချလိုက်တယ် ဟီး ။ မြေကြီးပေါ်တောင်မရောက်ဘူး ၀ိုင်းလုကြတာ ။ အိတ်ရသွား တဲ့ဆိုင်ကယ်သမားနောက်ကို လိုက်သွားလိုက်တယ် ။ ဆိုင်ကယ်သမားအကြောင်းပြောရဦးမယ် ။ ဘုရားစူး မန္တလေး သားဗျာ ဒါပေမယ့် Golden City Hotel ကို မသိဘူးတဲ့ ။ သူကျွန်တော့်ကိုခေါ်သွားတာ ကျုံးရှေ့ကို ။ ဒါနဲ့ ဟေ့လူ အဲဒီကျုံးရှေ့မှာ Sedona နဲ့ Swam နှစ်ခုပဲရှိတယ် ။ Golden City က အဲဒီမှာမဟုတ်ဘူး ။ ကိုယ်လည်း နေရာတအတိအကျမသိဘူးဗျ ။ ဒါနဲ့ ဟိုလူ့မေးဒီလူ့မေးနဲ့ ဆိုင်ကယ်ပတ်စီးလိုက်ရတာတင် တစ် နာရီ လောက်ကြာသွားတယ် ။
ဒါနဲ့ ဟေ့လူ ဗထူးကွင်းနဲ့မျက်နှာချင်းဆိုင်မှာထင်တယ်ဗျ ဟိုဗျာ ငုဝါလား ဘာလား ကားလက် မှတ်ရောင်း တယ်လေ အဲဒီနားမှာ လို့ပြောလိုက်တော့မှ ဟုတ်လိုက်လေ ဆရာသမားရယ် ကျွန်တော်မေ့နေတာ ဆောရီး နော်တဲ့။ သေရာ ကိုယ့်မှာနှပ်ချိန်တောင်မရှိလိုက်ဘူး ။ အခု ဟိုတယ်မှာ ခဏနားရင်း ဒီပို့စ်လေး တင်လိုက် တာပါ ။ နောက် အတွေ့အကြုံတွေလည်း ဆက်လက်ရေးသားသွားပါ့မယ် ။
(အာခေါင်နီရေ ဒီဘလော့လေးများဖတ်မိရင် ခုံနံပတ် ၂၈ မှာ တောင့်တောင့်ကြီးနဲ့ ခပ်ပေပေ ခေါင်းစွပ်ကြီး စွပ်ထား ပြီး တစ်ညလုံးငုတ်တုတ်မေ့ခဲ့ရတဲ့လူဟာ ကျွန်တော်သက်တန့်ချိုပါ ။ တွေ့ရာမြင်ရာဘလော့ရေးတတ်တဲ့ အကျင့် ရှိတဲ့အတွက် နားလည်ခွှင့်လွှတ်ပေးပါခင်ဗျား)
သူကြီး
(ခေတ္တ မန္တလေး )
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................