Thursday, December 2, 2010

ကျွန်တော်နှင့်ညောင်ပင်တစ္ဆေ





အခန်း (၁)

ညက လမိုက်ရက်ပီပီ ပတ်ဝန်းကျင်တစ်ခုလုံးအား မှောင်အတိချထား၏ ။ ကြယ်အချို့က ကောင်းကင်ယံတွင် မှိတ် တုတ်မှိတ်တုတ်ဖြင့် ။ ရွာထိပ်ရှိ ညောင်ပင်ကြီးမှာ အဝေးကကြည့်လျှင် တစ္ဆေတစ်ကောင် ငုတ်တုတ် ထိုင်နေ သည့်အလား ကြောက်မက်ဖွယ်အတိပင် ။ လူတစ်ယောက် ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် အမှောင်ကို အံတုလျှက် ညောင် ပင်ကြီးရှေ့မှ ဖြတ်လျှောက်သွား၏ ။ ထိုအခိုက် အပေါ်မှ ဂျွတ်ခနဲ အသံကြားလိုက်ရ၍ အပေါ်သို့ မော့ ကြည့်မိ၏ ။

" အား....."

အော်သံနက်ကြီးနှင့်အတူ ရွာဆီသို့ သုတ်ခြေတင် ထွက်ပြေးသွားလေ၏ ။

အခန်း (၂)

နံနက်လင်းသည်နှင့် ရွာထဲတွင် ပျံ့နှံ့နေသော သတင်းစကားကား ညောင်ပင်တစ္ဆေတဲ့ ။ ရွာသား တစ်ယောက်ကို ဂုတ်ချိုးဖို့လုပ်တာ ကံကောင်းလို့ လွတ်လာတာတဲ့ ။ မျက်လုံးက လင်ကွင်းလောက်ရှိပြီး လျှာနီနီရဲရဲကြီးက မြေကြီး ကိုထိအောင်ရှည်တာတဲ့ ။ ဒီတော့ရွာရဲ့ အထိတ်တလန့်ဖြစ်ရပ်အပေါ်ဖြေရှင်းဖို့ ကျွန်တော်တို့ ကာလသား တွေစု ဝေး တိုင်ပင်ကြ၏ ။ ဒီညောင်ပင်တစ္ဆေကို ရအောင်ဖမ်းမည်ပေါ့ ။

အခန်း (၃)

ဒေါ်အေးကြည်တစ်ယောက် ဒီနေ့မှပဲ တခြားရွာမှာ အမဲသားသွားရောင်းရင်းနေ၀င်သွားခဲ့သည် ။ ဆန်ထုတ် လေးကို ပိုက်ရင်း ညောင်ပင်ကြီးရှေ့ရောက်လုနီးတွင် ကြက်သီးမွှေးညှင်းများ ထသွားမိသည် ။ စိတ်ကိုတင်းရင်း ညောင်ပင်ရှေ့ခပ်သွက်သွက်လျှောက်လိုက်၏ ။ ထိုအခိုက်အမဲသား ထည့်ထားသောတောင်းမှာ လေးလာ၍ အပေါ်သို့ အမှတ်တမဲ့ ကြည့်မိတော့........။

အခန်း (၄)

ညောင်ပင်တစ္ဆေက ပိုသောင်းကျန်းနေပေပြီ ။ အမဲသားတောင်းထမ်းလာတဲ့ ဒေါ်အေးကြည်ကို သရဲက ဖမ်းစားဖို့ လုပ်သတဲ့ ။ နောက်မှ အမဲသား ကျန်သေးတာတွေ့ပြီး အမဲသားကို တောင်းပေါ်ကနေ နှိုက်စားဖို့ လုပ်နေတုန်း ဒေါ်အေး ကြည်တွေ့ပြီး လိပ်ပြာလွင့်သွားတာ မနည်းနှာနှပ်ယူရသည်ဟူသတတ် ။ ကဲ... ဒီနေ့ည လကွယ်ည တွေ့ကြပြီပေါ့ ညောင်ပင်တစ္ဆေရယ် ။

အခန်း (၅)

လကွယ်ညမို့ ကောင်းကင်ယံတွင် ကြယ်တစ်ပွင့်မှမရှိ ။ မှောင်အတိကျပြီး လေကလည်းတိုက်နေသည်မို့ သစ်ပင် တို့ ယိမ်းထိုးနေသည်မှာ နာနာဘာဝများသဖွယ်ပင် ။ တစ္ဆေခြောက်သည်ဟု နာမည်ကြီးသော ညောင် ပင်ကြီးအောက်တွင် မကြာခင်မီးပုံတစ်ခုလင်းလာ၏ ။ ကျွန်တော်အပါအ၀င် အားလုံး ရွာကာလာသားငါးယောက် မီးပုံဘေးတွင် ၀ိုင်းထိုင်ရင်း ရောက်တတ်ရာရာများပြောနေကြသည် ။ အချိန်ကားတဖြည်းဖြည်းဥာဉ့်နက်လာပြီ ။ တစ်ချက် တီးပြီ ။ ထိုအခိုက် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွား၏ ။ ညောင်ပင်ကြီးရှိ ကျွန်တော်တို့ မီးပုံဝိုင်းသို့ ဖြေးဖြေးလာနေသော မည်းမည်းအရာတစ်ခု ။ မလှမ်းမကမ်းတွင် ရပ်တန့်သွား သည် ။ ကာလသားခေါင်းဆောင်ကမေးသည် ။

" ဘယ်သူလဲ "

" ........"

ပြန်ဖြေသံမကြားရ ။ အတော်ကြာမှ

" ချောင်းထဲမှ မြှုံးသွားဖော်ပြီးပြန်လာတာပါ "

" အော်.."

ထိုလူက မီးပုံနားသို့မလာပဲ ခပ်လှမ်းလှမ်းမှ ပတ်ကာလျှောက်သွား၏ ။ တစ်ကိုယ်လုံးတွင် ရေများက မြင်မ ကောင်း လောက်အောင်စိုရွှဲနေ၏ ။ ထိုအခိုက် ကျွန်တော်၏ မျက်လုံးတို့က တစ်စုံတစ်ခုကိုတွေ့မြင်သွား၏ ။ အရိပ်.... ဟုတ်သည် .... မီးပုံဘေးမှ ဖြတ်သွားစဉ် ထိုသူ၏ အရိပ်မှ လုံးဝမပေါ် ။ သတိရ၍ ကြည့်မိတော့ ထိုလူ မရှိတော့ ။ အမှောင်ထုထဲ ပျောက်ကွယ်သွားချေပြီ ။ မသင်္ကာ၍ မီးပုံမှ ထင်းချောင်းဆွဲ၍ ထိုလူဖြတ်သွားရာ နေရာကို လိုက်ကြည့်ရာ ရေတစ်စက်မှမရှိပေ ။ ပကတိ ခြောက်သွေ့လျှက်........။

( မှတ်ချက် ။ ။ ၀ထ္ထုတို ရဲ့ သဘောဟာ စာဖတ်သူကိုပါ ဆက်ပြီးတွေးခွင့်ပေးရမယ်လို့ ဆရာတာရာမင်းဝေရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးလို့ ပထမဆုံး စာဖတ်သူကို ဆက်တွေးခွင့်ပေးထားတဲ့ ၀ထ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ် ။ )

သက်တန့်ချို
2 Dec 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. တော်တယ်ဗျို့ ..စာရေးသူရေ...တကယ်..
    ဒီမှာတော့ စန့် ငင်စန့် ငင်နဲ့  တိုးလို့ တန်းလန်း
    ကျန်ခဲ့လေရဲ့။ ဘယ့်နှယ်...ကြက်သီးထစရာ။ ဟဟ။
    ဒါတောင် ဆက်တွေးနေမိပြန်ပြီ။
    ကျွတ်လွတ်သွားပြီလား...ခုကော။ :)
    ..ခင်မင်လျှက်..ခင်မာလာအောင်..:)

    ReplyDelete
  2. တိုလွန်းတယ်လို့မထင်ဘူးလား?
    ဖတ်သွားတယ် ကိုသက်တန့်ရေ...

    ReplyDelete
  3. ဝက်ဝံလေးDecember 3, 2010 at 3:19 AM

    အဲလိုမျိုးတွေ စာဖတ်သူကိုမလုပ်နဲ့ ဆက်မတွေးတတ်ဘူး ကွာ ဆက်ရေး ဒါဗြဲ
    မိသက် တာ့တာ

    ReplyDelete
  4. ဇာတ်လမ်းက ဆက်ရေးရင် ပိုပြီးတော့ စာဖတ်သူတွေကို ဆွဲဆောင်နိုင်မယ်။ အခုကျတော့ ဖတ်တာ ကြောက်စိတ်မ၀င်လာသေးဘူး။ ကြောက်စိတ် ၀င်လာတဲ့ အထိ ဆင်ရေးပေးပါ။ ဆရာ သက်တန့်....

    ReplyDelete
  5. ရှည်ရှည်လေးရေးပေးပါ...ဇာတ်လမ်းကတအားကိုစိတ်ဝင်စားလို့ကောင်းလာမှရပ်သွားတယ်.....စိတ်ညစ်တယ်.မိန်းမယူချင်လာပြီ...

    ReplyDelete