Wednesday, December 8, 2010
အနန္တလွင်ပြင်
အနန္တလွင်ပြင်
အနန္တလွင်ပြင်
အခန်း (၁)
မြူတို့က ဝေလီဝေလင်းအချိန်မို့ ကောင်းကင်တစ်ခွင်လုံး အုံ့ဆိုင်းကာ၏ ။ ညကတည်းက ရထားပေါ်တွင် ဘာမှမ စားလာ ခဲ့သောကြောင့် ၀မ်းဗိုက်ကဆာလောင်ကာနေ၏ ။ အဆင်မှပြေပါ့မလား .. ငါသွားရင် သူတို့ကို ဒုက္ခပေး သ လိုများ ဖြစ်နေမလား စသည့် မေးခွန်းပေါင်းမျာစွာက ဦးနှောက်ထဲ စိုးမိုးထားလေ၏ ။
“ အဘ ဘယ်သွားချင်လို့လဲ ”
ရုတ်တရက်မေးလိုက်သော ဆိုက်ကားသမား၏ အသံကြောင့် အတွေးတို့ ရပ်တန့်သွား၏ ။ လွယ်အိတ် ခပ်ညစ်ညစ် ထဲမှ စက္ကူခေါက်လေးကို ထုတ်ပေးရင်း
“ ဒီ...ဒီမှာကွယ် ဒီလိပ်စာလေးကိုသွားချင်လို့ပါ ဘယ်လောက်ကျလည်းကွဲ့ ”
“ ၅၀၀ ပဲပေးပါအဘ ”
ငွေငါးရာတဲ့...သူလေးပင်စွာခေါင်းညှိတ်လိုက်မိသည် ။
အခန်း (၂)
ဆင်ခြေဖုံးရပ်ကွက်လေးမို့ နံနက်စောစောအချိန်မှာပင် ဈေးသွားဈေးသူများ ၊ ရုံးသွားသူများနှင့် စည်ကား လှသည် ။ ဆိုက်ကားပေါ်ထိုင်လိုက်လာရင်း ဟိုတွေးဒီတွေးနှင့် ငေးကောင်းနေတုန်း ဆိုက်ကားရပ်လိုက်တော့မှ သားကြီး ထွန်းဝေအိမ်ရောက်ပြီမှန်း သတိထားမိလိုက်၏ ။ လွယ်အိတ်အစုတ်လေးကိုပိုက်ရင်း သူဆိုက်ကားပေါ်မှ ဆင်း လိုက်၏ ။ ခြံဝင်းတံခါးက သော့ခတ်ထားသည်မို့ သားကြီးတို့မိသားစု အိပ်ရာမှ မထသေးပေ ။ သူလာတာ စောများ စောသွားပြီလား ။ အင်း ခဏလောက် စောင့်လိုက်တာကောင်းပါတယ်လေ ။ အသက် အရွယ်ကြီး လာသည်နှင့်အမျှ ခြေထောက်မှ မခံမရပ်နိုင်လောက်အောင် ညောင်းညာကိုက်ကဲလာသည်မို့ အိမ်ရှေ့ခုံတန်း လျားတွင် ခေတ္တ ထိုင်နေလိုက်သည် ။ အသက်အရွယ် အိုမင်းလာသည်နှင့်အမျှ လောကကြီးကို ဘာမှ အလုပ်အ ကျွေးမပြုနိုင်သော ၊ ကိုယ့်ဘာသာ ရှာမစားနိုင်တော့သော ၊ သားသမီးတို့အပေါ် မှီခိုနေရသော သူ့ဘ၀ကို ရွံရှာ နေမိသည် ။
“ ဟင်.. အဖေ ဘယ်တုန်းကရောက်လဲ ခေါ်လိုက်ရောပေါ့အဖေရယ် ”
သားကြီးက ခြံတံခါးကိုဖွင့်ရင်းပြောလိုက်မှ အတွေးစတို့ ပြတ်တောက်သွား၏ ။
“ မကြာသေးပါဘူး သားရယ် သားတို့ အိပ်ရေးပျက်မှာစိုးလို့ပါ ”
“ မဟုတ်တာပဲ အဖေရယ် ခေါ်လိုက်ရင်ပြီးတာပဲ ထွက်လာမှာပေါ့ လာလာ.. ”
သား၏ အကြင်နာစကားတို့က ပီတိတို့ကို ဖြစ်စေ၏ ။
“ ဟင်.. အဖေရောက်နေတာလား ”
နောက်ဖက်မှ မေးလိုက်သော ချွေးမ၏ မျက်နှာက မသိမသာ ပျက်သွားသည်မို့ သူ သက်ပျင်းချမိသည် ။
အခန်း (၃)
“ ရွာမှာ က ရာသီဥတုမကောင်းတော့ ကိုင်းတွေပိုးကျပြီး သိပ်မဖြစ်ထွန်းဘူးကွယ် .. မင်းအမေကလည်း တရှောင် ရှောင်နဲ့ အဖေလည်း သားတို့ဆီက အကူအညီရမလားလို့ ခဏဆိုပြီး ထွက်လာခဲ့တာပဲ ”
“ ဟင်း... ဖြစ်လာမှတော့ ဘယ်တတ်နိုင်ပါတော့မလဲ အဖေရာ .. ဒီမှာ ပျော်သလောက်နေပေါ့ အဖေပြန် တော့ လည်း သားပိုက်ဆံထည့်ပေးလိုက်ပါ့မယ် ကဲကဲ.. မိန်းမရေ အဖေ့ကို ကော်ဖီတိုက်လိုက်ပါဦး .. ကဲအဖေ. အိမ် မှာ အေးဆေးအနားယူဦးနော်..သားရုံးသွားဦးမယ် အပြန်ကျမှတွေ့တာပေါ့”
သားကြီးက ပြောပြောဆိုဆို ထမင်းချိုင့်ကိုကိုင်ပြီး ထွက်သွားတော့ သူ့ရင်ထဲ ဟာလာဟင်းလင်းပြင် ။
“ အဖေ.. ကော်ဖီသောက်မလား ”
ခပ်ပြတ်ပြတ်မေးလိုက်သော ချွေးမဖြစ်သူ၏ အသံကြောင့် သူ ရင်ထဲ ဆို့သွားမိသည် ။
“ မ.. မသောက်တော့ပါဘူး သမီးရယ် အဖေ မနက်စာစားလာပါတယ် ”
“ အင်းအင်း..ဒါဆိုလည်းပြီးတာပဲ သမီးဈေးသွားဦးမယ် ”
ပြောပြောဆိုဆို နောက်ဖေးသို့ ၀င်သွားသော ခြေလှမ်းတိုင်းမှာ ခြေသံများက မသိမသာ ကျယ်လောင်လို့နေ၏ ။
“ ဟင်း............”
သက်ပြင်းမောတစ်ချက်ကို နွမ်းလျစွာ ချရင်း မျက်လုံးကို အသာမှိတ်ထားလိုက်မိတော့သည် ။
“ ဖိုးဖိုး...ဖိုးဖိုး... ဘယ်တုန်းကရောက်လဲ ”
အနားကပ်၍ မေးလိုက်သော မြေးနှစ်ယောက်၏ အော်သံကြောင့် လက်ရှိလောကထဲ အတွေးတို့ ပြန်ရောက် လာခဲ့သည် ။
“ ဖိုးဖိုး...ဒီမှာ အကြာကြီးနေရမယ်နော် မြေးတို့ကို ဆင်ကြီးလုပ်ပေးရမယ် တူတူပုန်းတမ်း ကစားပေးရမယ်နော် ”
“ အေးပါမြေးတို့ရယ် ”
“ ဟဲ့ ကောင်တွေ လူကြီးနားကို ဘာကပ်လုပ်နေတာလဲ ဝေးဝေးနေစမ်း သွားစာကျက်ချေ ... ဈေသွားဦးမယ် အဖေ့မြေး တွေကို အပြင်ထွက်မဆော့စေနဲ့နော် ”
ပြောပြောဆိုဆို ချွေးမက ဈေးခြင်းတောင်းကိုင်ပြီး ဆင်းသွားတော့သည် ။
အခန်း (၄)
မြေးနှစ်ယောက်နှင့်အားရအောင် ဆော့ကစားပြီးတော့ လူလည်း အတော်လေးမောပန်းလာသည် ။ ထိုအခိုက် ဈေးခြင်း တောင်းဆွဲ၍ ချွေးမဖြစ်သူ ပြန်ရောက်၏ ။
“ သမီး ..အဖေ ဒီနားက ဘုရားခဏသွားဦးမယ် ”
“ အင်းအင်း.ထမင်းစားချိန်ပြန်ခဲ့နော်တော်ကြာ အဖေ့သားက သူ့အဖေကို ထမင်းမကျွေးလို့ဆိုပြီး ဆူနေဦးမယ် ”
ခပ်ထေ့ထေ့ပြောလိုက်သော ချွေးမစကားကို သူ ထူးပြီးခံစားမနေတော့ ။
“ အေးပါကွယ် ”
ပြီးနောက် သူ့လွယ်အိတ်အစုတ်လေးကို ကိုင်ရာ သားကြီးတို့ဆီ လာတိုင်းသူ အမြဲ အချိန်ဖြုန်းလေ့ရှိသော ဘုရား စေတီလေးသို့ထွက်လာခဲ့လိုက်သည် ။ သားသမီး ၃ ယောက်လုံးက အိမ်ထောင်ကိုယ်စီ ကျပြီးပြီမို့ နောက်ဆံ တင်းစရာတော့သိပ်မလိုပေ ။ သားသမီးဆိုတာ ရတနာတဲ့လေ ။ တချို့ကလည်း ရတာနာတဲ့ ။ သူကတော့ သူ့သား သမီးတွေကို သူ့လို လယ်ထဲကိုင်းထဲ မှာ အနေအစားအဆင်းရဲ မခံစေလို၍ ပညာကိုသာ ကြိုးသင် ယူစေခဲ့သည် ။ အင်း..လေ အချိန်တန်တော့လည်း ငှက်တွေလိုပဲ မိဘရင်ခွင်ကို စုံကန်ပြီး အိမ်ထောင်ပြုကျ တာပါပဲ ။ သဘာဝကို သဘာဝမှန်းသိသော်လည်းရင်ထဲမှာ ၀မ်းနည်းမိသည်ကတော့အမှန်ပင် ။ အခုတော့ မိသားစု ငါးယောက်စည်ကားခဲ့သော သူတို့ ရွာကလေးက အိမ်လေးတွေ သူနှင့် ကလေးတွေ အမေပဲ ကျန်ခဲ့ တော့သည် ။ ခမျာမှာလည်း ရင်ကြပ်ရောဂါလေးနှင့်ချောင်းလေးက တဟွတ်ဟွတ် ။ အခုတော့ မထနိုင်လောက် အောင် အိပ်ရာ ထဲ လဲတော့သည် ။တစ်နေ့ရွှေ တစ်နေ့ငွေ ...။ သားသမီးတွေဆီကို စာပို့အကြောင်း ကြားသော် လည်း အငယ်မလေးက ယောင်္ကျား ဖြစ်သူ လုပ်ငန်းရှိရာ နယ်မှာ ကွပ်ကဲနေရလို့ မလာအားသေးးပါ အဖေတဲ့ ။ အလတ်ကောင်က တော့ စီးပွားရေး လုပ်ငန်းတွေနဲ့ပိနေလို့ အမေ့ကို အဖေပဲ စောင့်ရှောက် ထားပေး ပါတဲ့ ။ သားအကြီးကရော ဘာထူးသေးလဲ ။ တစ်နေ့တစ်နေ့ ရုံးကနေခွင့်ယူလို့မရလို့ ရွာကို ပြန်လို့မဖြစ်သေးပါ အဖေတဲ့ ။ အို.. သူ့ရင်ထဲမှာ အချိန်အခါမဟုတ် အုံ့မှိုင်းကာနေသည် ။ သူ ဆက်မတွေးချင်တော့ ။ ကလေးတွေ အမေဆုံး ပါးသွားပြီးရင်တော့ သူလည်း လောကကြီးထဲ ဆက်မနေချင်တော့ တစ်နေ့တစ်နေ့သားသမီးတွေ အပူမီး နဲ့ လောကကြီးထဲ သူ နှစ်ပေါင်း ၇၀ လောက်ဖြတ်သန်းခဲ့ပြီးပြီ ။ မြေတောင်မြှောက်ခဲ့ပြီးပြီ ။ အခုတော့ ပန်းက လေးတွေ အစွမ်းကုန်ပွင့်ဖူးနေတာကို သူ ကြည့်နေယုံပဲပေါ့ ။
ဘုရားပေါ်မှာ ၀တ်ပြုပြီး တရား ထိုင်နေလိုက်တာ ဘယ်လောက်ကြာသွားမှန်းမသိ ။ နေတောင်မွန်းတည့်နေပေပြီ ။ သူ ပုတီးကို ပြန်ချရင်း လွယ်အိတ်ကလေးကို ကောက်ကိုင်လိုက်သည် ။ ထို့နောက် သားကြီးအိမ်ရှိရာသို့ လေး ပင်သော ခြေလှမ်းများဖြင့် ရွေ့လှမ်းခဲ့တော့သည် ။
အခန်း (၅)
အိမ်ပေါ်လှမ်းတတ်လိုက်သည်နှင့် ထမင်းဝိုင်းက ဆီးကြိုနေ၏ ။ ထမင်းတစ်ပန်းကန် ၊ ကန်စွန်းရွက် ကြော်နဲ့ ငါးပိရည် တို့စရာ ၊ နောက်ဘဲဥချဉ်ရည်တစ်ခြမ်း ။
“ အဖေ တစ်ခါတည်း စားလိုက်တော့နော်သမီးတို့စားပြီးပြီ ”
ဝမ်းဗိုက်က အလွန်အမင်းဆာလောင်နေသည်မို့ သူ ထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်၏ ။ ထိုအခိုက်
“ အမေ.. ၀က်သားဟင်းရော အဖိုးဖို့ ၀က်သားဟင်းမချရသေးဘူးလေ ခုနက သားတို့စားတဲ့ဟင်းလေ နောက်ပြီး ပုဇွန် လည်းမပါဘူး ”
“ ဟဲ့ကောင်လေး တိတ်စမ်း အဲဒါနင့်အဖေဖို့ဟဲ့ သွား စမ်းကလေးကကလေးလိုမနေဘူး ....တောက် ..”
ပြောရင်းဆိုရင်း ဒေါက်ကနဲ ခေါက်ချလိုက်တော့ မြေးဖြစ်သူက ငိုယိုရင်းအိမ်ထဲ ပြေးဝင်သွားတော့သည် ။
“ အဖေ ထမင်းစားပြီးရင် ထားလိုက်တော့ လာသိမ်းပေးမယ် ”
ပြောရင်း နောက်ဖေးဖို့ ချွေးမဖြစ်သူဝင်သွားတော့သည် ။ အော်.. ဒါ လူ့သဘာဝတဲ့လား ။ သူ တစ်ချက် ပြုံးလိုက် မိသည် ။ အခုလဲ ရင်ထဲမှာ မိုးတွေက အုံ့မှိုင်းတုန်းပါလေ ။
ထမင်းလည်း ဆက်စားချင်စိတ်မရှိတော့၍ တစ်လုတ်နှစ်လုတ်သာစားပြီး ထမင်းဝိုင်းသိမ်းလိုက်တော့သည် ။ ရင်ထဲမှာ တော့ အစာမကြေချင်သလိုလို ။ ဒီလိုနဲ့ နေ့လယ်လည်း အိမ်မှာ ချွေးမဖြစ်သူရဲ့ အကြည့်စိမ်း တွေအောက် မှာ သူနေချင်စိတ်မရှိ၍ စေတီလေးဆီသို့သာ ပြန်ထွက်ခဲ့လာလိုက်တော့သည် ။
အခန်း (၆)
ညနေဆည်းဆာအချိန်မို့ အိပ်တန်းပြန်ငှက်တို့က ကောင်းကင်တစ်ခွင့် ဟိုမှသည်မှ ၀ဲပျံနေလေသည် ။ စေတီလေး မှာ ပုတီးအပတ်ရေ စေ့သွားပြီမို့ သားကြီးအိမ်ဖက်သို့ ခြေဦးလှည့်လိုက်သည် ။ အင်း ဒီအချိန်ဆို သား ကြီး ရုံးက ပြန်ရောက်လောက်သည်ပဲ ။ သားကြီးရှိရင်တော့ နေရတာ သက်သာမှာပါလေ ။ တွေး ကောင်း ကောင်းနှင့်လမ်းလျှောက်လာရင်း ခြံဝင်းထဲဝင်လိုက်သည်နှင့် အိမ်ပေါ်မှ ပြောလိုက်သော အသံတို့ကြောင့် ခြေလှမ်းတို့ ခတ္တမျှ ရပ်သွားတော့သည် ။
" ဒီမှာ ကို့ အဖေက ဘယ်လောက်တောင် နေမှာတုန်း ဝေတို့မှာ စီးပွားရေး မပြေလည်တာ အကိုလည်းသိတာပဲ အကို့ ရုံးလစာကလည်း အလျှင်မီအောင်တောင်မနည်း သုံးနေရတာ အခုဆို ကျောင်းဖွင့်တော့မှာ ကလေး တွေအတွက် ကျောင်းစရိတ်ကလိုလာပြီ ဒါပဲနော် အကို့အဖေကို အကြာကြီးမနေစေနဲ့ ပေးစရာရှိတာ နည်းနည်း ပါးပါးပေးပြီး အမြန်ဆုံးပြန်လွှတ်လိုက်တော့ "
" အေးပါ မိန်းမရာ အဖေပြန်လာခါနီးပြီတိတ်တိတ်လေးနေပေးပါကွာအဖေလည်းအကြာကြီးမနေလောက်ပါဘူး "
" ပြီးတာပဲ သူတို့ကလည်းနော် သားသမီး၃ ယောက်ရှိတာ တဆိတ်ရှိသားကြီးအိမ်ပဲ တက်တက်လာတယ် တကတည်း မပြောလိုက်ချင်ဘူး "
ကြားလိုက်ရသည့်စကားသံတို့က သူ့ခြေလှမ်းတို့ကို အိမ်ပေါ် မတက်နိုင်လောက်အောင် လေးလံသွားစေသည် ။
" အဟမ်း..အဟမ်း "
သူချောင်းဟန့်သံပေးရင်း အိမ်ပေါ်သို့တက်လိုက်သည် ။ တလက်စတည်းပင်
" သားရေ.. အဖေ နက်ဖြန်မနက်ပြန်မယ်ကွာ မင်းအမေကလည်း စိတ်ချရတာမဟုတ်ဘူး ဟိုမှာလည်း အဖေမ ရှိလို့ မဖြစ်ဘူးလေ "
" ဟင်အဖေကလည်း မြန်လှချည်လား ပြန်တော့မလို့လား "
မျက်စိပျက်မျက်နှာပျက်ဖြင့်သူ့ကို မော့ကြည့်ရင်းပြောလိုက်သော သားကြီးမျက်နှာအား သူ နားလည်စွာ ပြုံးပြရင်း ခေါင်းညိတ်လိုက်မိသည် ။
ထိုတစ်ညလုံး အိပ်မပျော်ပေ ။ မျက်စိပဲကြောင်နေတာလား ။ လောကကြီးကိုက သံသရာရှည်လွန်းနေတာလား ။ သားကြီး အိပ်ခါနီးလာပေးထားသော ငွေငါးထောင်ကတော့ လက်ထဲမှာ အလိပ်လိုက်လေး ကျစ်ကျစ်ပါအောင် ဆုပ်လျှက် ။ မနက်စောစောမှာပင် သားကြီးတို့ကိုနှုတ်ဆက်ပြီး သူ ကျောခိုင်းခဲ့မိတော့သည် ။ အင်း...ဒီငွေ ငါးထောင်ကတော့ အိမ်က အမယ်အိုအတွက် ဆေးမှူးခေါ်ပြဖို့ လုံလောက်မှာပါလေ ။
အချိန်အခါမဟုတ် ရင်ထဲမှာတော့ မိုးတွေက သည်းတုန်းပါလေ .....................။
သက်တန့်ချို
8 Dec 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
12 comments:
  1. စုန်ရေ ရဲ့ သဘောတရားလေးပေါ့ ကိုသက်တန့်ရေ..
    တစ်ချိန်ချိန်မှာ ကိုယ်တွေလည်း မိဘနေရာရောက်လာရင် ခုလို သားသမီးချွေးမမျိုးနဲ့ ကြုံရဦးမယ်ထင်ပါရဲ့...
    ခုချိန်မှာတော့ ဒီထဲက သားသမီးတွေလို ကိုယ်တိုင်က မဖြစ်ဖို့ ကြိုးစားနေပါတယ်..
    မိဘတွေက စုန်ရေအဖြစ်စီးခဲ့ကြသလို ကိုယ်တွေအလှည့်မှာ ဆန်ရေအဖြစ် ပြန်ပြီးဆန်တက်နိုင်ဖို့ ကြိုးစားသင့်လှတယ် မဟုတ်လားနော်..
    ReplyDelete
  2. ဟူးးးးး မိဘနေရာရောက်ရင်တော့ လည်း ရင်လေးစရာ ပေါ့။ သို့သော် သားသမီး အရွယ်မှာလည်း မိဘများ ကို ဇာတ်လမ်းထဲက လိုမျိုး မလုပ်မိအောင်လည်း သတိထား သင့်ပါတယ်။
    ReplyDelete
  3. မနက်ဖြန်December 8, 2010 at 1:57 PM
    ဒို့လည်းချွေးမတယောက်ပါပဲ ....... အဲလောက်တော့မဆိုးပါဘူး။ သူ့မိဘကိုရိုသေမှ ကိုယ့်မိဘအပေါ်ကောင်းမယ်လို့ ၂ ယောက်လုံးယူဆထားတယ်။
    ဒါကသားသမီးဘက်ကစိတ် .........
    မိဘအနေနဲ့ ...... အိမ်ထောင်ကွဲသားသမီးဆီလာတဲ့အချိန်မှာ သိတက်ဖို့တော့ နဲနဲလိုတယ်။ လက်ဗလာနဲ့လာမယ့်အစား ချွေမအကြိုက်တခုခုပါမယ် ..... အိမ်မှာလည်း ထိုင်မနေဘဲ သမီးရေ ဘာကူရမလဲပေါ့ .......
    ဒို့အတွက်ကတော့ အိမ်ကိုလာပြီး လုပ်သမျှ မဝေဖန်ဘူးဆိုရင်ပဲ ........ လက်ခံနိုင်ပါတယ် ..... ပေးကမ်းနိုင်ပါတယ် .... အတူတော့မနေချင်ဘူး
    ReplyDelete
  4. သဘာဝတရားတခုလိုများဖြစ်နေပြီလား?
    ဖတ်သွားတယ် ကိုသက်တန့်ရေ...
    ReplyDelete
  5. စာဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်ကိုသက်တန့်ရေ။
    အဲလိုလူမျိုးတွေအပြင်မှာတကယ်ရှိတယ်။
    ReplyDelete
  6. အင်း..ဒီစာလေးဖတ်လိုက်ရတော့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဒီလိုမျိုး ဝတ္တုလေးကို သတိရမိတယ်...နောက်ထပ်ဆက်ဖို့ရှိသေးလားအကို...။တကယ်ကို သတိမူစရာ လို့ အမှတ်ရမိပါတယ်။ကျေးဇူးတင်ပါတယ် ကိုသက်တန့် ။နောက်ထပ်လဲ ဒါမျိုးလေးတွေ ရေးနိုင်ပါစေဗျာ...
    ReplyDelete
  7. ရင်အောင့်တယ်ဗျာ့
    ReplyDelete
  8. ဖတ်နေပေမဲ့ ... ဒါလေးကိုတော့ ဖတ်ပြီးတော့ ခံစားကြည့်တရ်ပေါ့နော် ... ငါသာ ဒီအဖေနေရာဆိုရင် ... ဆိုပြီးတော့ပေါ့ ... နောက်ပြီး ကိုယ်တိုင်က သားကြီးဖြစ်နေတော့ ငါသာ ထွန်းဝေ နေရာဆိုရင်ဆိုပြီးတော့လည်း တွေးမိပြန်တရ် .... ပြီးတော ......... ။
    ReplyDelete
  9. နန်းသာသားသမီးနေရာမှာဆိုရင်..နန်းမိဘတွေကိုဘယ်တော့မှဒီလိုမျိုးအဖြစ်မခံဘူး..ကျေးဇူးပါဆရာရယ်...ဒီလိုစာမျိုးတွေဖတ်ရတော့နန်းတို့စာဖတ်သူတွေအတွက်အသိတရားပိုပြီးရလို့ပါ..
    ReplyDelete
  10. ဒီပို့ စ်လေးကိုအရင်ကဖတ်ပြီးပြီ...ခုပြန်ဖတ်တာ...
    အရေးအသားနဲ့ဇတ်လမ်းဖွဲ့ စည်းပုံကောင်းပါတယ်..
    စာဖတ်သူတွေကိုအသိတရားရစေတဲ့အတွက် ရေးရကျိုးနပ်မှာပါ......
    အားပေးလျှက်...
    အာဂျီးမား
    ReplyDelete
  11. ပိုစ့်လေးတော်တော်ကောင်းတယ်။ တစ်မိသားစုနဲ့တစ်မိသားစု သူစိမ်းတွေ ပေါင်းတာဆိုတော့လဲ ..ဒီပိုစ့်ထဲမှာပါသလို ရှိသလိုပဲ ကိုယ်တွေကတော့ သူ့မိဘ ကိုယ့်မိဘလိုပဲ သဘောထားတဲ့သူရှိသလို ကိုယ်တွေကို သူ့သားသမီးလို စိတ်မထားပေးနိုင်တဲ့သူလဲ ၇ှိကြတာပါပဲ။
    မသိတော့ပါဘူး.. ဖတ်ကြည့်ပြီး တွေးမိတာ မန့်သွားတာနော့ :)
    ReplyDelete
  12. ဆန်ရေဆိုတာတော့ တစ်ကယ်ကို ရှားပါ တယ်..။ ဒါပေမယ့် ဆန်ရေဖြစ်အောင် ကြိုးစားကြရအောင်နော်..။
    ReplyDelete