Tuesday, April 26, 2011

ဦးဇင်း ကေလာသနှင့် ဒဿန အချို့

ဦးဇင်း ကေလာသနှင့် ဒဿန အချို့




၂၀၁၁ ခုနှစ်ရဲ့ အခါကြီးရက်ကြီး သင်္ကြန်အတွင်းမှာတော့ ကိုသက်တန့်ချို တစ်ယောက် ရွှေပေါက်ကံ က ကျောင်းလေး တစ်ကျောင်းမှာ သာသနာ့ဘောင်ဝင်ခဲ့ပါတယ် ။ မနက်တစ်ကြိမ် ညတစ်ကြိမ် တရားထိုင်ရပြီး ၀ါးရုံတောလေးတွေနဲ့အနောက်ဖက်မှာလည်းငမိုးရိပ်ချောင်းလေးနဲ့မို့ နေထိုင်ရတာ အေးချမ်းတိတ်ဆိတ်လှပါတယ် ။ ရဟန်းအမည် အနေနဲ့ ကိုရင်ဝတ်တုန်းက ကိုရင် ကေလာသဆိုတဲ့အမည်ကိုပဲ ဦးဇင်းကေလာသအဖြစ် ခံယူခဲ့ပါတယ် ။ ရဟန်းဝတ်နေတဲ့အချိန်မှာ စိတ်ဟာ ထူးထူးခြားခြားပဲ တိမ်တိုက်မရှိတဲ့ ကောင်းကင်လို လင်းရှင်း စင်ကြယ်နေခဲ့ပါတယ် ။ ပရိတ်သတ်များအတွက် ဦးဇင်းကေလာသဘ၀တုန်းက ညသန်းခေါင်ယံ ကြယ်တလက် လက်ကောင်းကင်ယံကို ငေးကြည့်ရင်းတွေးမိတဲ့ ဒဿန အချို့ကို တင်ဆက်ပေးလိုက်ပါတယ် ။ စာဖတ်သူ ပရိတ်သတ်များ ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝပြီး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင် ကြပါစေသောဝ် ။

၁ ။ လောကမှာ ကုလား ၊ မြန်မာ ၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ မူဆလင် ၊ အင်္ဂလိပ် ၊ ဘုရင် ၊ စစ်သား ၊ ရဲ ၊ ပုလိပ် ၊ သူခိုး ၊ ရှေ့နေ ၊ ဆရာဝန် စသဖြင့် အမျိုးမျိုး ကွဲပြားနေကြပေမယ့် အဓိကကတော့ ၂ မျိုးပဲရှိပါတယ် ။ အဲဒါကတော့ ကောင်း တာတွေလုပ်တဲ့ “ လူကောင်း ” နဲ့ ဆိုးတာတွေလုပ်တဲ့ “ လူဆိုး ” ဆိုပြီး လူ ၂ မျိုးပဲရှိပါတယ် ။

၂ ။ လူတွေဟာ မွေးနေ့ဖိတ်စာ ၊ မင်္ဂလာဆောင်ဖိတ်စာစတဲ့ ဖိတ်စာတွေကို ကိုယ်နဲ့ ရင်းနှီးသူနဲ့ ဖိတ်သင့်သူ မဖိတ်သင့်သူဆိုပြီး ခွဲခြားဖိတ်လေ့ရှိပါတယ် ။ ဒါပေမယ့် သေမင်းဆီက မရဏ ဖိတ်စာကတော့ အဆင့်အတန်းခွဲလေ့မရှိဘူး ။ လူတိုင်းဆီကို ဖိတ်စာရောက်အောင် ပို့လေ့ရှိပါတယ် ။

၃ ။ လူအတော်များများဟာ ကိုယ့်ရဲ့ပျော်ရွှင်ကြည်နူးခြင်းကို တပါးသူဆီမှာ အပ်ထားလေ့ရှိတယ် ။ ဥပမာ မိဘ ၊ မောင်နှ မ ၊ ချစ်သူ ၊ ခင်သူ မိတ်ဆွေ စသဖြင့် ။ တကယ်တော့ မိမိရဲ့ ပျော်ရွှင်ခြင်းဆိုတဲ့အရာဟာ မိမိ စိတ်အတွင်း သဏ္ဍာန်မှာပဲ တည်ရှိပါတယ် ။

၎ ။ လူရယ်လို့ ဖြစ်လာရင် အလုပ်လုပ်ဖို့လိုတယ် ။ ဘုန်းကြီးကလည်း ဘုန်းကြီးအလုပ် ၊ လောကီလူသားကလည်း လူသား အလုပ် ၊ ဆရာဝန်ကလည်း ဆရာဝန်အလုပ် ၊ စစ်သားကလည်း စစ်သားအလုပ် ။ ဒါပေမယ့် ကိုယ်လုပ်နေ တဲ့အလုပ်ဟာ လူပီသခြင်းဆိုတဲ့ အရာကို ဖော်ဆောင်မဲ့ အဓိပ္ပါယ်ရှိတဲ့အလုပ် ဖြစ်ဖို့တော့လိုတယ် ။

၅ ။ လောကမှာ တစ်ဖက်သားကို မကောင်းကြံသည်ဖြစ်စေ ၊ ကုန်းချောဖို့ ဖြစ်စေ ၊ တိုက်ခိုက် ဖို့ဖြစ်စေ ၊ လိမ်ညာ ဖို့ဖြစ်စေ လုပ်သင့်တဲ့လူနဲ့ မလုပ်သင့်တဲ့လူကို ခွဲခြားပြီးသိရမယ် ။ မိမိအပေါ်ကို တကယ်ကူညီတဲ့ တကယ်ကျေး ဇူးရှိတဲ့ မိမိအကျိုးကို တကယ်လိုလားတဲ့ သူမျိုးကိုတော့ မကောင်းကြံ ၊ ကုန်းချောတိုက်ခိုက် လိမ်ညာ ဖို့ နေနေ သာ စိတ်ကူးနဲ့တောင် မပစ်မှားသင့်ပါ ။

၆ ။ လူသေပြီး နာမည်မသေခြင်း ၊ လူလည်းသေ နာမည်လည်းသေခြင်း စတာတွေဟာ သင်အသက်ရှင်စဉ်က ပြုလုပ်ခဲ့တဲ့ အရာတွေနဲ့ပဲ ဆိုင်ပါတယ် ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ဆိုးတာလုပ် ရင်ဆိုးတာ ဖြစ်မယ် ။ အမှားသိရင် အမှန်ပြင်ဖို့တော့လိုမယ် ။

၇ ။ အကြောင်းတရားကြောင့် အကျိုးတရားတွေဖြစ်ရတယ် ။ လူတွေဟာ အကြောင်းတရား ကို ပြောင်းလဲနိုင်ပေ မယ့် အကျိုးတရားကိုတော့ ပြောင်းလဲမပစ်နိုင်ဘူး ။ ဒါ့ကြောင့်အကျိုးတရားဆိုတဲ့ (Effect) ကိုကောင်းစေချင်ရင် အကျိုးတရားဆိုတဲ့ ( Cause) ကိုလည်း ကောင်းအောင်လုပ်ဖို့လိုတယ် ။

၈ ။ လူဟာ တစ်ချိန်လုံး အရှေ့ကိုချည်းပဲသွားမနေသင့်ပဲ ကိုယ်လျောက်ခဲ့တဲ့ လမ်းတလျှောက် အဆိုး ၊ အကောင်း ကို လည်း ပြန် လည်ဆင်ခြင် ဝေဖန်ပိုင်းခြားနေရမယ် ။ ဒါမှ သာ ရှေ့ဆက်မယ့်ခရီးဟာ အမှား နည်းသော လမ်းခရီးဖြစ်မှာဖြစ်တယ် ။

၉ ။ လူတွေဟာ မွေးဖွားစဉ်ကနေ သေဆုံးမယ့်အချိန်တိုလေးအတွင်းမှာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ကြတယ် ၊ ကုန်းချောကြတယ် ၊ ချစ်ခင်ကြတယ် ၊ ယုယကြတယ် ၊ တွယ်တာနှောင်ဖွဲ့ကြတယ် ။ လိုချင်တပ်မက်စိတ်တွေနဲ့ ရူးသွပ် လောင်မြိုက်လေ့ရှိကြတယ် ။ တကယ်တော့ ဒီအချိန် အပိုင်းအခြားလေးကျော်သွားရင် အိုခြင်း နာခြင်း တစ်ဖက်ကမ်း မှာ သေဆုံးခြင်းဆိုတဲ့ ပန်းတိုင်ကသာဆီးကြိုနေမှာဖြစ်တယ် ။

၁၀ ။ အသိဥာဏ်ရင့်ကျက်မှုဟာ အသက်အရွယ်နဲ့မဆိုင်ပါဘူး ။ ငယ်ငယ်လေးနဲ့ စိတ်ကူးရင့်သန် ရင့်ကျက်နိုင် သလို ၊ အသက်ကြီးပေမယ့်လည်း ကလေးတစ်ယောက်လောက်တောင် လူမပီသတဲ့ မရင့်ကျက်ဆိုးသွမ်းတဲ့ လူကြီးတွေအများကြီးပါပဲ ။ ဒီတော့ ကိုယ့်ဘ၀ နဲ့ကိုယ့်အခြေအနေကို မပြတ်ဆင်ခြင်နေနိုင်ဖို့ အရေးကြီးတယ် ။

www.thettantvillage.com
(ဦးဇင်း ကေလာသ )
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ဒဿနလေးတွေ နားထောင် နှစ်ခြိုက်သွားပါတယ်ခင်ဗျ။

    ReplyDelete
  2. ဟန်ကြည်April 28, 2011 at 1:32 AM

    အဲဒီအချက်တွေထဲမှာ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့လူမျိုးတွေ သိသိချည်းနဲ့ မသိချင်ယောင်ဆောင်တဲ့ အချက်ဗျ...အရင်မွေးလို့ အသက်ကြီးတာကိုပဲ လက်နက်တစ်ခုလိုအသုံးချချင်ကြသလေ...ပညာတွေ၊ အရည်အသွေးတွေကို မယှဉ်နိုင်တော့ဘူးဆိုရင် နောက်ဆုံးလက်နက်ဖြစ်တဲ့“ဒီကောင်ငယ်ပါသေးတယ်ကွာ၊ ငါမွေးရင် ငါ့သားလောက်ပဲရှိတာပါ”ဆိုတာမျိုးတွေ လာတော့တာပဲ...အင်း ဒါကြောင့်လဲ မတိုးတက်တာထင်ပါရဲ့

    ReplyDelete
  3. မှန်ပါတယ်... လူတိုင်းကိုယ့်ဘဝနဲ့ ကိုယ့်အခြေအနေကိုမပြတ်ဆင်ခြင်နေနိုင်ဖို့ အရေးကြီးဆုံးပါပဲ.... :)

    ReplyDelete
  4. တောက်ပကြယ်စင်May 2, 2011 at 5:41 PM

    သက်တန့်ချိုဆိုတာ လူက ပိန်ပိန်ပါးပါးလေး အောက်မေ့နေတာ။ ကြည်ညိုဖွယ်ရုပ်အသွင်ကို မြင်သူတိုင်းကြည်လင်စေမယ့် ရုပ်အသွင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲနော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

    ReplyDelete