Monday, April 4, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၄)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၄)




နံနက်ငါးနာရီခန့်မို့ ကောင်းကင်တစ်ခွင်တွင် လင်းလင်းရှင်းရှင်းမရှိသေးပဲ မြူများက ဝေ့ဆိုင်းနေ၏ ။ ကျွန်ုပ်လှိုဏ် ဂူထဲသို့ ကြည့်လိုက်တော့ ကင်းသမားကိုဖုန်းမှလွဲ၍ ကျန်ရွာသူရွာသားအားလုံးမှာ အပစ်ကင်းစင်စွာ အိပ်မော ကျနေတုန်းပင်ရှိသေး၏ ။ ကျွန်ုပ်တို့ လှေကြီးကား ရွာမှ ထွက်လာပြီးတစ်ပတ်ခန့်အထိ အန္တရာယ်တစုံ တရာမ ရှိပဲအေး ချမ်းနေ၏ ။ ၈ ရက်မြောက်နေ့တွင် မိုးသက်မုန်တိုင်းမိ၍ လှိုင်းကြမ်းလေကြမ်းတွင် ဒုက္ခမျိုးစုံကို ခါးဦးစွာ ရင်ဆိုင် ခဲ့ရသည် ။ မုန်တိုင်းမှာ အတော်ပြင်းထန်သောကြောင့် လှေမှောက်ပြီးကျွန်ုပ်အပါအ၀င် ရွာသူရွာသား အချို့မှာ ဤအမည်မသိကျွန်းပေါ်သို့ လာရောက်သောင်တင်နေကြ၏ ။ ကျွန်ုပ်တို့ ရွာမှ ထွက်ခွာလာရသော ရည်ရွယ် ချက်ရော ပြည့်မည်လား မပြည့်မည်လား ကျွန်ုပ်မတွေးတတ် ။ ရှေ့ဆက်ရမည့်အနာဂါတ်ကား ခပ်ဝါးဝါး ခပ်ရေးရေး မျှသာ ။ ဤသို့ဖြင့် ကျွန်ုပ်၏ အတွေးတို့က နောက်ပြန်စီးဆင်းလျှက်..။

သက်တန့်ရွာကလေးကား အိမ်ခြေ ၁၇၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်၏ ။ စိုက်ပျိုးရေးနှင့် စက်မှုနည်းပညာ ထွန်းကား ကာ ဘာသာရေးကိုင်းရှိုင်းသော ရွာဟုဆိုလည်း မမှားနိုင်ပေ ။ ရွာဦးစေ တီနှင့် တောညှို့ မှိုင်းမှိုင်းမှာ လည်း လွန်စွာပနာတင့်လှ၏ ။ ရွာသူရွာသားများမှာ လွန်စွာ စိတ်သဘောထား ဖြူစင်ကြပြီး ချစ်ခင်ရိုင်းပင်းကြ၏ ။ သက်တန့်ရွာကလေးတွင် ရွာဦးစေတီ ၊ ကျေးလက်စာကြည့်တိုက် ၊ ကျေးရွာစာတိုက်ပုံး ၊ သတင်းဌာန ၊ ကျေးရွာ စားသောက်ဆိုင် ၊ နည်းပညာဌာန ၊ ကျေးရွာစိုက်ပျိုးခင်း ၊ ကျေးလက်ဆေးကုခန်း စသဖြင့်စုံလင်လှပေ၏ ။ ထို့ပြင်ရွာ လည်ခေါင်ရှိ ဇရပ်ဝိုင်းကြီးတွင် ညစဉ်နေ့စဉ် ကျေးလက်စကားဝိုင်းမှာလည်း ကြည်နူးဖွယ်ကောင်း လှပေ၏ ။ ကျေးလက်ကဖီးတွင်လည်း ရွာကာလသားများမှာ ဗဟုသုတရဖွယ်ရာနှင့် တခြားရွာသူရွာသားရေး ရာများ ကို ပြောဆိုဆွေးနွေးတိုင်ပင်ကြလေ၏ ။ သို့ရာတွင် ကျွန်ုပ်တို့ ရွာကလေးကား လွန်ခဲ့သော ၁ နှစ်ခန့်မှစ ၍ ကံကြမ္မာဆိုး တစ်ခုဝင်ရောက်ခဲ့လေ၏ ။

ယင်းမှာ တစ်နှစ်လုံးလုံး မိုးခေါင်သဖြင့် စိုက်ပျိုးရေးနှင့် တခြားသစ်ပင်စားပင်တို့မှာ မဖြစ်ထွန်းတော့ပေ ။ စိုက်ပျိုးရေး ကို ဦးစားပေးလုပ်ကိုင်သော ရွာဖြစ်သဖြင့် ကျွန်ုပ်တို့မှာ လွန်စွာ ဒုက္ခရောက်ကြရပေသည် ။ စိုက် ပျိုးရေး ကဏ္ဍတွင်အ ကြီးအကဲဖြစ်သူ ဂျီဂျီက ယခုအတိုင်းဆက်သွားလျှင် ကျွန်ုပ်တို့တစ်ရွာလုံး စားဝတ်နေရေး ခက်ခဲမည်ဖြစ်ကြောင်းကျွန်ုပ်အား ပြော၏ ။ ထိုအခိုက် တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလိုပင် မြစ်ရေမှတဆင့် မသန့် ရှင်းသောရေများမှာ ရွာနောက်ပိုင်းစမ်းချောင်းထဲသို့စီးဝင်ကာ ထိုမှတဆင့် ချိုးရေ သုံးရေများထဲ ရောက်ရှိကုန်၏ ။ မသန့ှ်ရှင်းသောရေဖြစ်သဖြင့် ကျန်းမာရေးဗဟုသုတနည်း လှသော ကျေးလက်သူကျေး လက်သားများ ပီပီ ရေကိုကျိုချက်၍ သောက်ရကောင်းမှန်းမသိပေ ။ သို့နှင့် ၀မ်းရောဂါပိုးကူး စက်ပြီး ကြွေလွင့် သွားသူများမှာ လည်းမ နည်းလှပေ ။ ၀မ်းရောဂါပိုးမှာ လွန်စွာ ကူးစက်မှုနှုန်းမြန်သောကြောင့် ရွာနီးချုပ်စပ်မှ ရွာငယ်များ ပင် ပြောင်းပြေးကြပြီဖြစ်၏ ။ သို့နှင့် ထိုသို့အခြေအနေတွင် ရွာ၏ တာဝန်ရှိသူများ ကိုခေါ်ယူကာ အရေးပေါ်အ စည်းအဝေးတစ်ရပ်ကျင်းပခဲ့လေသည် ။

ကျေးရွာ၏ အားထားရသော ဗေဒင်ဆရာ ဟိန်းတင်ဇော့်က ဤသို့ပြောကြားခဲ့၏ ။

“ အင်း ..ကျွန်တော်တို့ရွာမှာ အခုတလော မိုးကခေါင်ရတဲ့အထဲ ၀မ်းရောဂါကဖြစ်နေပြီဆိုတော့ အခုချိန်မှာ ဆုံးဖြတ် ချက်တစ်ခုကို ချသင်တဲ့အချိန်ရောက်နေပြီဆိုတာ ကျွန်တော်သိပါတယ် ။ ဒါပေမယ့် ရွာအခြေအနေ ဒီလိုဖြစ်မယ် ဆိုတာ ကောင်းကင်နက္ခတ်တွေကိုကြည့်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အားလုံး ကိုပြောခဲ့ပြီး သားပါ ။ ကဲ..အဲဒါထားလိုက်ပါ ။ အခုလို အခြေအနေမှာ တစ်ခုပြောချင်တာက ကျွန်တော်တို့ ဒီအချိန်ရွာကို စွန့်ခွာပြီး တခြားတစ်နေရာကိုပြောင်းမယ်ဆိုရင် သေဘေးအန္တရာယ်တွေနဲ့နီးတဲ့ အန္တရာယ်တွေ ၊ ဒုက္ခတွေ ထိတ်လန့်ကြောက်မက်ဖွယ်တွေ ကြုံတွေ့ရမယ်ဆိုတာပါပဲ ။ ကျွန်တော် ကတော့ ခြောက်လလောက် မြို့တက်ပြီး ကိစ္စရပ်လေးတွေ လုပ်စရာရှိသေးတယ် ။ ရွာအခြေအနေကိုတော့ အမြဲစုံစမ်းပြီးလေ့လာနေမှာပါ ”

ဆရာဟိန်း၏ စကားအဆုံးတွင် ကျွန်ုပ်မှာ လွန်စွာ ရင်လေးမိသွားလေတော့သည် ။ ဆရာဟိန်းမှာထိုသို့ ကျွန်ုပ်တို့ ကို မှာကြားပြီး မြို့သို့တက်သွားလေတော့သည် ။

ဆရာဟိန်း ထွက်ခွာသွားပြီး မကြာခင် ရွာ၏အခြေအနေမှာ လွန်စွာဆိုးဝါး ဆုတ်ယုတ်လာသဖြင့် လူအ များကောင်း ကျိုးနှင့် ရွာလေးမပျက်သုန်းရေး အတွက် ကျွန်ုပ်မှာ တစ်စုံတစ်ခုကို ဆုံးဖြတ် ချက်ချရပေတော့မည် ။ ဆက်နေလျှင် ၀မ်းရောဂါနှင့် တစ်ရွာလုံးမျိုးပြုတ်သွားမှာနှင့်စာလျှင် နယ်မြေသစ် သို့ ပြောင်းရွှေ့ရှင် သန်ကြမည် ဟု ဆုံးဖြတ်ချက်ချလိုက်၏ ။ ရွာသူရွာသား များကလည်း ထောက်ခံသဖြင့် တစ်ရွာလုံး ရွာလုံးကျွတ်ပြောင်းရန် ကျွန်ုပ်တို့ အစီအစဉ်ဆွဲရ၏ ။ ဤနေရာတွင် ဇာမဏီ အကြောင်းကိုလည်းဖော်ပြရန်လိုပေသည် ။ ကျွန်ုပ်တို့ရွာ တွင် လွန်စွာ ကြီးမားခိုင်ခန့်လှသော လှေကြီးတစ်စင်းရှိ၏ ။ ထိုလှေကြီးကို ရွာသူရွာသားထောင်ပေါင်းများစွာက ၀ိုင်းဝန်း တည်ဆောက် ထားခြင်းဖြစ်၏ ။ အဝေးမှကြည့်လျှင် ဇာမဏီငှက်ကြီးပျံနေပုံနှင့်တူသောကြောင့် ကျွန်ုပ်တို့ လှေကြီးကို ဇာမဏီဟု အမည်ပေးထား၏ ။ (ယခုအခါ ဇာမဏီလည်း မုန်တိုင်းဒါဏ်ကြောင့် ရေသို့ မြှုပ်ရှာ ရပြီဖြစ်၏ ) ထို ဇာမဏီဖြင့်ပင် တစ်ရွာလုံး ကလေးသူငယ် သက်ကြီးရွယ်အိုများပါမကျန် ရွာမှ ပြောင်းပြေး ကြရန် ကြံစည်ခဲ့ကြခြင်းဖြစ်သည် ။ စားနပ်ရိက္ခာများကို တတ်နိုင်သလောက်စုကာ ရွာမှထွက်ရန် ခြောက်လ ခန့် ပြင်ဆင်အချိန်ယူခဲ့ရသည် ။ ဤသို့ဖြင့် တစ်ရွာလုံးရှိ ရွာသူရွာသားများအား ဇာမဏီဖြင့် တင်ဆောင်ပြီး မေလ ငါးရက် နံနက် ကိုးနာရီ မိုးလေကင်းလွတ်သော အချိန်တွင် ရွာကို စွန့်ခွာခဲ့ကြခြင်းဖြစ်၏ ။

“ သူကြီး . ... ဂူအမိုးကိုကြည့်ပြီး ဘာတွေစဉ်းစားနေတုန်း မထသေးဘူးလား ”

ကိုကြီးကျော်မှ ကျွန်ုပ်အား ရုတ်တရက် ပြောလိုက်သောကြောင့် ကျွန်ုပ်မှာ လတ်တလော အသိအာရုံထဲသို့ ပြန်ဝင် လာခဲ့၏ ။

“ အင်း...၇ွာအကြောင်းစဉ်းစားမိလို့ပါ အကုန်လုံး နိုးကြပြီလား ”

“ အင်း သူကြီး နိုးကြပြီးသူရိန်တောင်မနေ့က ကြက်ဖမ်းတာ အားမရလို့တဲ့ သူကြီးဟင်းစားသွားရှာ ရအောင် ဆိုပြီး ကြည်ဖြူ သူကိုခေါ်ပြီး ထွက်သွားလေရဲ့ ”

“ အင်းအင်း ကောင်းပါတယ် ”

သို့နှင့် ကျွန်ုပ်တို့လည်း အဆာပြေ မနေ့က တောကြက်အခြောက်များကို မီးဖုတ်ကာ လွေးကြလေတော့သည် ။ ဟင်း ရွက်ခြောက် ခပ်ထားသော ၀ါးဘိုးနံ့လေးသင်းနေသော ရေနွေးကျည်တောက်မှာလည်း လွန် စွာ သောက်ကောင်း လှပေသည် ။

“ ကဲ..အားလုံးကိုယ့်ပစ္စည်းကိုယ်သိမ်းထားနော် ကျွန်းအတွင်းပိုင်းကို ချီတက်ကြမယ် ကျွန်တော်နဲ့ကာလ သားအ ချို့ က အရှေ့က လမ်းရှာပြီးသွားမယ် ကာလသားအချို့ နောက်ဆုံးကနေလိုက်ရမယ် .. အလယ်မှာ မိန်းမ သားတွေနေရမယ် ”

“ သူကြီး ဒါဆို ကျွန်တော်တို့ အဖွဲ့နောက်ဆုံးမှာ နေမယ်နော် ဟီး မိန်းမသားတွေ ရှေ့ကသွားပါစေ ”

ဟင်းစားရှာ သွားရာမှပြန်လာကြသော သူရိန်က စပ်ဖြဲဖြဲ ၀င်ပြောလိုက်သောကြောင့် ရွာသူများ၏ မျက်စောင်း ဒါဏ်ကို ခံသွားရရှာ၏ ။

“ ရဘူး ...သူရိန်က ကျွန်တော့်ဘေးမှာ နေရမယ် ရှေ့က လမ်းရှာတဲ့အခါ ရဲရင့်ဖျက်လက်ပြီး သွက်တဲ့သူလိုတယ် အဲဒီလိုပဲ နောက် မှာနေတဲ့ လူကလည်း နောက်ကြောင်းအေးအောင် တည်ငြိမ်ရင့်ကျက်တဲ့ သူတွေလိုတယ် မိုးစက်နဲ့ ကိုကြီးကျော်တို့အဖွဲ့ နောက်ကနေလိုက်လာလိမ့်မယ် ”

ကျွန်ုပ်၏ စကားကို သူရိန် မှာ မကျေနပ်သော်လည်း ရှေ့ကနေ အသစ်အဆန်း ရှာဖွေသွားရမည်ဖြစ်သဖြင့် ၄င်း၏ စွန့်စားလိုသော ဥာဉ်အတိုင်း ကျေနပ်သွားလေ၏ ။

သို့နှင့် ဂူအတွင်းမှာ ကျွန်ုပ်တို့အဖွဲ့ ကျွန်းကြီးအတွင်းပိုင်းသို့ ရှေ့ဆက်ဝင်ခဲ့လေတော့သည် ။ တောအုပ်မှာ ကျွန်းအတွင်း ပိုင်းတွင် ထူထပ်လှသောကြောင့် နေပြောက်ပင်မထိုးချေ ။ ကျွန်ုပ်တို့မှာ မရပ်မနားပဲ ဆက်လက် ချီတက်လာရာ အချို့နေရာများတွင် ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းရ၏ ။ အချို့နေရာများ တွင် ရေအိုင်ငယ် များကို ကျော်ဖြတ်ရ၏ ။ သွေးစုပ်မျော့များ တွယ်ခံရခြင်း ၊ အလွန်တရာဆိုးသော ဖြုတ်များ ကိုက်ခံ ရခြင်း စသော ဒုက္ခအသေးစားများကိုမူ အသေးစိတ်မဖော်ပြတော့ပေ ။ ခရီးပေါင်းများစွာ သွားခဲ့ဖူးသော ကျွန်ုပ်၏ အတွေ့အကြုံအရ ဤကျွန်းကြီး၏ အချို့နေရာများတွင် ခြေချလိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း အရိုးစု ဘ၀ရောက်အောင် ကိုက်ဖဲ့စားသောက်နိုင်သော ပဒူကျင်းများရှိနေ၏ ။ ထို့ကြောင့် ကျွန်ုပ်တို့ လမ်းကြောင်း အတိုင်း တည့်တည့်လိုက်ရန်နှင့် ဘေးသို့ မိမိအစီအစဉ်နှင့် မိမိမသွားရန် အတန်တန် မှာကြားထားရ၏ ။ ကျွန်ုပ်တို့ အတော်အတန်ကြာသွားပြီးသောအခါ ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် ကျွန်ုပ်အပါအ၀င် ရွာသူရွာသား များမှာ ကြက်သေသေသွားကြ၏ ။ ယောင်္ကျားလက်နှစ်ဖက်စာခန့်ရှိသော စွတ်ကြောင်းကြီးတစ်ခု ရွှံ့နွံပေါ်တွင် အထင်အရှားကြီးတွေ့လိုက်ရသောကြောင့်ဖြစ်၏ ။ တောတွင်းနှစ်ချို့ မြွှေမျိုးနွယ်ဝင် Anaconda ခေါ်မြွေ မျိုးပင်လော ။ သို့တည်းမဟုတ်..................။

ဆက်ရန်။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. အကိုရေ မပျက်မကွက် စောင့်မျှော် အားပေး နေပါတယ်လို့..
    ကောင်းသောနေ့လေးဖြစ်ပါစေ

    ReplyDelete