Tuesday, October 11, 2011

ဇရာကို အံတုနိုင်စေဖို့

ဇရာကို အံတုနိုင်စေဖို့




နည်းပညာတွေ တိုးတက်လာနေတဲ့ မျက်မှောက်ခေတ်ကြီးမှာ အရာအားလုံကို ပြုပြင်ဖန်တီးပြောင်း လဲနိုင်စွမ်း ရှိကြပေမယ့် ဇရာကိုတော့ အံတုနိုင်ဖို့ရာ ခဲရင်းလွန်းလှပါတယ် ။ ငယ်ရွယ်စဉ်ကလေးဘ၀ လူလတ်ပိုင်းဘ၀ လူကြီးဘ၀ အစရှိသဖြင့် အဆင့်ဆင့် ပြောင်းလဲလာကြရာမှာ မီးစာကုန်ခမ်း သက်ကြီးရွယ်အိုဘ၀ နဲ့လူသားအား လုံးအဆုံးသတ်ကြရပါတယ် ။ အသက်အရွယ် အိုမင်းလာခြင်း ဆိုတာဘာလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဘယ်လိုနည်း လမ်းတွေနဲ့များ ဇရာကို အကောင်းဆုံးအံတုနိုင်ကြမလဲဆိုတာ ကျွန်တော်တို့လေ့လာကြည့်ကြရအောင် ။

အသက်အရွယ်အိုမင်းလာခြင်း



အသက်အရွယ်အိုမင်းလာခြင်းဆိုတာဟာ အသားအရည်တွန့်လာခြင်းသာမက မှတ်ဥာဏ် ချို့ယွင်းလာခြင်း ၊ ဦးနှောက် စွမ်းရည်ကျဆင်းလာခြင်း ၊ နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်း ( ဥပမာ နှလုံးရောဂါ ၊ အရိုးပွရောဂါ နှင့်ကင်ဆာရောဂါ) စသည်တို့လည်းပါဝင်ကြပါတယ် ။ ကျန်းမာပျော်ရွှင်သောလူနေမှုဘ၀ဆိုတာ အသက် ရှည်ရှည်နဲ့ ရောဂါဘယကင်းဝေးပြီး အေးချမ်းစွာ ကျန်းမာစွာ နေထိုင်နိုင်ခြင်းကို ဆိုလိုပါတယ် ။ တကယ်တော့အိုမင်းခြင်းကို ဆန့်ကျင်ဖို့ဆိုတာ ခက်ခဲတဲ့ ခေါင်းစဉ်တစ်ခုကိုဆွေးနွေးရတာနဲ ဆင်တူပါတယ် ။ ဆေးဝါးတွေနဲ့ လေ့လာစမ်းသပ်မှုတွေပါဝင်တဲ့ စစ်ပွဲတွေဟာ Anti-aging လို့ခေါ်တဲ့စကားစုကို တိုက်ခိုက်ဖို့ လတ်တလော တာစူနေကြပါပြီ ။ သိပ္ပံနည်းပညာ လက်ကိုင်ထားတဲ့လူစုလူဝေးအတွက်ကတော့ အိုမင်းရင့်ရော် ခြင်းကို ဆန့်ကျင်တဲ့ စမ်းသပ်မှုတွေက အသက်အရွယ်အိုမင်းလာခြင်းဖြစ်စဉ်ကို နှေးကွေးစေခြင်း ၊ ကာကွယ်တား ဆီးခြင်း (သို့မဟုတ်) ရပ်တန့်စေလိုခြင်း စတဲ့ အရာတွေကို ဦးတည်နေပါတယ် ။ ၂၀၁၀ ခုနှစ်မှာတော့ ကယ်လိုရီတွေကို ကန့်သတ်ခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ကို ဆေးပညာနယ်ပယ်တွေက ပြောဆိုလာကြပါပြီ ။ ဆေးပ ညာ ရပ်ဝန်းမှာတော့ Anti-aging medicine ဆိုတာဟာ စောစော သိခြင်း (early detection) ၊ ကာကွယ် ခြင်း ( prevention) ၊ အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါများကို ကုသစေခြင်း စသည် တို့ကို ဆိုလိုပါတယ် ။

ခေါင်းစဉ်ပေါင်းများစွာနဲ့ ကုသမှုပေါင်းများစွာဟာ လတ်တလောမှာ ကျယ်ပြန့်စွာပေါ်ပေါက်လာပြီဖြစ်ပါတယ် ။ ဥပမာ ကယ်လိုရီတွေကိုကန့်သတ်ခြင်းဟာ အသက်အရွယ်ကြီးတဲ့အခါမှာ ဖြစ်ပေါ်လာမယ့် အချို့သော အခြေ အနေ များ ( degenerative conditions) ဥပမာ နှလုံးအဆီဖုံးခြင်း တို့ဖြစ်စေခြင်းကို နည်းစေပါတယ် ။ အခုပေါ်ပေါက်လာတဲ့ Life extension science ဆိုတာကလည်း Anti-aging medicine , experimental gerontology နဲ့ biomedical gerontology တို့ကို ဆိုလိုပါတယ် ။

အသက်အရွယ် အိုမင်းခြင်းဖြစ်စဉ် processes of aging ကို ဆန့်ကျင်ခြင်း သို့မဟုတ် နှေးကွေးစေ ခြင်းကို လေ့ လာသော ဘာသာရပ်များဖြစ်ပြီး အမြင့်ဆုံးနေနိုင်တဲ့လူ့သက်တမ်းကို ချဲ့ထွင်ဖို့သို့မဟုတ် ပျမ်းမျှ လူ့သက်တမ်းကို လူတန်းစေ့နေနိုင်ရေးနဲ့ ကျန်းမာပျော်ရွင်သောဘ၀ ကို ရရှိစေရေးတို့ကို ရည်ရွယ်ပါတယ် ။ သက်တမ်းတိုးသူများ (life extensionists ) သို့မဟုတ် longevists စတဲ့ လေ့လာသူအချို့ဟာ အနာဂါတ်မှာ stem cells ,မော်လီ ကျူးများ ပြန်လည်ပြုပြင်ခြင်း နဲ့ ကိုယ်တွင်းအဂါင်္များ အသစ်ပြန်လည် ထည့်သွင်းခြင်း ( organ replacement - ပြုပြင်ဖန်တီးထားသော ကလီစာများ သို့မဟုတ် xenotransplantations ) စသော နည်းပညာတွေနဲ့ တစ်ရှူးများ အသစ်ပြန် လည်နုပျိုစေခြင်း (tissue rejuvenation) ဟာ လူသားတွေကို ငယ်ရွယ်တဲ့ နုနယ်စဉ်ဘ၀ကို အလုံးစုံပြန်ရစေမယ်လို့ ယုံကြည်ကြပါတယ် ။ အများက လက်ခံယုံကြည်ထားတဲ့ အိုမင်းခြင်းကိုဆန့်ကျင်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့ အာဟာရ ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှု ၊ skin care များ ၊ ဟော်မုန်းအစားထိုးမှုများ ၊ ဗီတာ မင် များ နဲ့ အမွှေးနံသာများဟာ အလွန်ဝင်ငွေကောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စက်မှု ထုတ်ကုန်များဖြစ်ပြီး US market မှာ ဆိုရင် နှစ်စဉ် $50 billion လောက်ဝင်ငွေရှိပါတယ် ။ ဒါပေမယ့် ဆေးပညာရှင်တွေကတော့ ဒီလို ထုတ် ကုန်တွေဟာ အိုမင်းလာခြင်းဖြစ်စဉ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိစေဘူးလို့ ဆိုကြပါတယ် ။ လူ့သက်တမ်းကို ချဲ့ထွင်ဖို့ဆိုတာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား ဘယ်လိုချဲ့ထွင်ရမလဲ စတဲ့ မေးခွန်းတွေ အတွက် Bioethicists တွေ သာမက American Medical Association မှာ ဆေးပညာရှင်ကြီးတွေပါ ရင်ဆိုင်နေ ကြရပြီဖြစ်ပါတယ် ။

လတ်တလော အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်သော အယူအဆများ

အစားအသောက်နှင့်ဆေးဝါးများ

သက်တမ်းရှည်စေနိုင်ဖို့ လေ့လာမှုတွေကတော့ အစားအသောက် အာဟာရ နဲ့ ဆေးဝါးတွေကို ဦးတည်ထား ပါတယ် ။ ယေဘူယျအားဖြင့် များစွာသော အစားအသောက်တွေမှာ အိုမင်းရင့်ရော် ခြင်းကိုဆန့်ကျင်တဲ့ အစွမ်း သတ္တိတွေများစွာပါဝင်ပါတယ် ။ အသက်အရွယ်ကြီးရင့်လာခြင်းရဲ့ free radical theory ကတော့ Antioxidant supplements တွေဖြစ်တဲ့ ဗီတာမင် စီ ၊ ဗီတာမင် အီး ၊ Q10 ၊ lipoic acid ၊ carnosine နဲ့ N-acetylcysteine တို့လို ဖြည့် စွက် သောက်ဆေးတွေဟာ လူတွေရဲ့ သက်တမ်းကို ရှည်စေနိုင်တယ်လို့ ယူဆထားပါတယ် ။ ဒါပေမယ့် လည်း များစွာသော clinical trials တွေရဲ့ သက်သေအရ ဘီတာကာရိုတင်း နဲ့ ဗီတာမင် အီး ဆေးအချိန်အဆ များစွာ သောက်သုံးခြင်း (high doses) ဟာ သေဆုံးမှုနှုန်း ကို မြင့်တက်စေတယ်လို့ ဆိုပါတယ် ။ တခြားအရာတွေဖြစ်တဲ့ အောက်ဆီတိုစင် ၊ အင်ဆူလင် ၊ human chorionic gonadotropin (hCG) နဲ့ erythropoietin (EPO) တွေကတော့ သက်တမ်းရှည်စေတယ်လို့ ယူဆပါတယ် ။ Resveratrol ဟာ sirtuin ကိုလှုံ့ဆော်ပေးတဲ့အရာဖြစ်ပြီး ရို့းရှင်းသော nematodes နဲ့ သက်တမ်းတို ငါးတွေလို သက်ရှိအော်ဂနဆင်တွေမှာ သက်တမ်းကို ရှည်စေပါတယ် ။ ဆီလီနီယံ နဲ့ ဇင့်ဓါတ်ပါဝင်တဲ့အားဆေးတွေကလည်း ကြွက်တွေမှာ သက်တမ်း ရှည်စေတယ်လို့ စမ်းသပ်ထားပြီးဖြစ်ပါတယ် ။ ဒါပေမယ့်လူတွေမှာတော့ အနည်းငယ်သော toxic effects တွေ ရှိတဲ့အတွက် မစမ်းသပ်ရသေးပါဘူး ။ Metformin ဆေးဟာလည်း ကြွက်တွေမှာ သက်တမ်းရှည်စေပါတယ်တဲ့ ။

ဟော်မုန်းကုသမှုများ

Anti-aging industry တွေက ဟော်မုန်းကုသမှုတွေကို ထောက်ခံထားပါတယ် ။ အချို့သော လတ်တလော စမ်းသပ်မှုတွေအရ GH deficiency ရှိတဲ့ လူကြီးတွေမှာ low-dose GH treatment ပေးခြင်းဟာ ခန္ဓာကိုယ်မှာ ကြွက်သားတွေကို များစေပြီး အဆီ ထုကို နည်းစေပါတယ် ။ အရိုးရဲ့ သိပ်သည်းဆ ကိုလည်းများစေပြီး ကြွက် သားတွေရဲ့ ကြံ့ခိုင်မှုကိုလည်းများစေပါတယ် ။ နှလုံးနဲ့သွေးကြောဆိုင်ရာ အခြေအနေတွေ ကိုလည်းကောင်း မွန်စေပါတယ် ။ (ဥပမာ LDL cholesterol အားနည်းစေခြင်း) ။ Anti-aging therapy မှာ growth hormone တွေအသုံးပြုခြင်းဟာ တိရိစ္ဆာန်တွေမှာ စမ်းသပ်ခြင်းအပေါ် အခြေခံပါတယ် ။ ကြွက်တွေမှာ စမ်းသပ်ထား တာအရတော့ growth hormone ပေးခြင်းဟာ အသက်ရှည် ရှည်နေစေနိုင် တယ်ဆိုတာ ကိုတွေ့ရှိ ရပါတယ် ။

ကျန်းမာပျော်ရွှင်တဲ့ လူနေမှု ဘ၀ ဆိုတာဟာ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်မှု ၊ လုံလောက်စွာ အနားယူမှု ၊ ဆေးလိပ် အရက်ရှောင်ရှားမှု ၊ အဟာရ ပြည့်ဝသော အစာအာဟာရများစားသုံးမှု စတာတွေဟာ အိုမင်းရင့်ရော် ခြင်းကိုဆန့် ကျင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းတွေပါပဲ ။ အစားအသောက်တွေကို ရွေးချယ်စားသုံးခြင်းဟာ အသက်ရွယ် အိုမင်းမှုစတင်ချိန် နဲ့ ဆက်နွယ်နေသော ရောဂါတွေကိုနှောင့်နှေးစေတယ်လို့ American Dietetic Assocaition မှ Susan Moores, က ပြောဆိုထားပါတယ် ။

အဆုံးသတ်အနေနဲ့ပြောရရင်တော့အိုမင်းရင့်ရော်လာခြင်းကို အပြီးအပြတ်လုံးဝ ဆန့်ကျင်ဖို့ဆိုတာ သဘာဝတ ရားကို ဆန့်ကျင်တာနဲ့လျှော်ညီစွာ ယခုအချိန်မှာတော့ လုံးဝ ဖြစ်နိုင်တဲ့ကိစ္စ တစ်ခုတော့ မဟုတ်သေး ပါဘူး ။ ဒါပေမယ့် များစွာ သော နည်းပညာတွေတိုးတက်လာတာနဲ့အမျှ cream တွေ lotion တွေ သောက်ဆေးတွေ ကနေပြီး ငယ်ရွယ်နုပျိုစဉ် ကအတိုင်းအသားအရည်တင်းတင်းလေးဖြစ်အောင် သက်ကြီးရွယ် အိုပုံ မပေါက်အောင်တော့ ခဏ တာ ဖုံးကွယ်လို့ ရနေနိုင်ပါပြီ ။ အနာဂါတ်ကာလမှာ စတမ်းဆဲလ်တွေ bone marrow တွေ နဲ့ organ တွေ ကို အသစ် လဲလှယ်ပြီးငယ်ရွယ်က အတိုင်း ပြန်နေကြမယ်ဆိုတဲ့ အယူအဆ ကလည်း ယခုအချိန်မှာ စိတ်ကူးယဉ်ဆန်ကောင်းဆန်နေပေမယ့် နောင်တစ်ချိန်မဖြစ်လာနိုင်ဘူးလို့တော့ တပ်အပ် မပြောနိုင်သေးပါဘူး ။ အရေးကြီးဆုံးက လူကို အမြန်အိုမင်းစေတဲ့ ဆေးလိပ် ၊ အရက် ၊ အပျော်အ ပါးလိုက်စားခြင်း ၊ အဆီစားတာများခြင်း ၊ စတဲ့ မကောင်းတဲ့အချက်မှန်သမျှကို ဖယ်ရှားပြီး ပေါ့ပေါ့ပါးပါး ကျန်းကျန်း မာမာ ပျော်ရွှင်စွာ နေထိုင်မယ်ဆိုရင်ဖြင့် သာမန်ထက်ရှည်လျားတဲ့ သက်တမ်းကို နေထိုင်နိုင်မယ်လို့ ယူဆမိပါကြောင်း ။

သက်တန့်ချို (ဆေး ၂)
www.thettantcho.com

Reference Links :
http://www.fightaging.org/take-action/what-is-antiaging.php.htm
http://en.wikipedia.org/wiki/Life_extension
http://www.webmd.com/anti-aging-diet.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. after read, i got knowledge. thanks.

    ReplyDelete
  2. မူးယစ်ဆေးဝါး၊ဆေးလိပ်၊အရက်၊အဆီများတဲ့အစားအစာတွေရှောင်ရှားရင်တော့ကျန်းမာအသက်ရှည်နေနိုင်တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ဆေးလိပ်မသောက်သူတွေလဲအဆုတ်ကင်ဆာဖြစ်ကြတာတော့ဆန်းတာပေါ့။ ရုပ်ရည်နုပျိုစေဖို့ ဆေးဝါးတွေ ၊ လိုးရှင်းတွေ၊ ကရင်မ်တွေဘယ်လောက်သုံးသုံး နုပျိုတဲ့စိတ်ထားတတ်ပါမှပိုထိရောက်နိုင်ပါလိမ့်မယ်။ ဥပမာ လောကကြီးကိုအကောင်းမြင်ဝါဒနဲ့ မြင်တတ်ပြီးပျော်ပျော်နေတတ်တာမျိုး။ ပြီးတော့ရယ်မောခြင်းဟာလူကိုနုပျိုအသက်ရှည်စေပါတယ်တဲ့။
    အစဉ်အားပေးလျှက်... :)

    ReplyDelete