Wednesday, October 19, 2011

မယ်လနင်အကြောင်းသိကောင်းစရာ

မယ်လနင်အကြောင်းသိကောင်းစရာ



မယ်လနင်ဆိုတာဟာ သက်ရှိသတ္တ၀ါအများစုမှာ တွေ့ရတတ်သည့် ရောင်ခြယ်တစ်မျိုးဖြစ်ပါတယ် ။ ဂရိဘာသာ စကားအရ အမည်းရောင်လို့ အဓိပ္ပါယ်ရပြီး မယ်လနင် မတွေ့ရတဲ့ သတ္တ၀ါဟူ၍ အနည်းငယ်သော ပင့်ကူမျိုး စိတ်များသာရှိပါတယ် ။ တိရိစ္ဆာန်တွေမှာတော့ မယ်လနင်ရောင်ခြယ်ဟာ အမိုင်နိုအက်ဆစ် tyrosine မှ ခွဲထွက် လာသော အရာများဖြစ်ပါတယ် ။ ဇီဝမယ်လနင်ရဲ့အတွေ့အများဆုံးပုံစံကတော့ eumelanin ဖြစ်ပြီး အဲဒါဟာ အညိုရောင်အမည်းရောင်ရှိသော dihydroxyindole carboxylic acids ရဲ့ polymer လည်းဖြစ်ပါတယ် ။ အလွယ်မှတ်မယ်ဆိုရင်တော့ မယ်လနင်ဟာ အရေပြားနဲ့ ဆံပင်တွေကို သာမန် သဘာဝအတိုင်း အရောင်ရရှိဖို့ ကူညီပေးတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ မျက်လုံးမှာရှိတဲ့ မျက်ဝန်းအရောင် ၊ သားမွှေး ၊ အကြေးခွံ စတာတွေ ရဲ့အရောင်ကိုလည်း မယ်လနင်ကနေ လုပ်ဆောင်ပေးပါတယ် ။ လူတွေမှာတော့ အသား မည်းနေခြင်းဟာ မယ်လနင်တွေ များပြားစွာ ရှိနေတဲ့အတွက်ဖြစ်ပါတယ် ။

မယ်လနင်ကို တခါတရံမှာ ဓါတုပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ကြပါသေးတယ် ။ အရေပြားမှာတော့ မယ်လနင်ကို melanocytes လို့ခေါ်တဲ့ ဆဲလ်တွေကနေ ထုတ်လုပ်ပေးပါတယ် ။ မယ်လနင် ဓါတ်ချို့တဲ့တဲ့ အခြေအနေ တစ်မျိုးဖြစ်တဲ့ ( Albinism - တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူခြင်း ) မှာ ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ မယ်လနယ် ဓါတ်ဟာ လုံးဝ မရှိတဲ့အတွက်ဖြစ်ပါတယ် ။ လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ အပင်တွေဖြစ်စေ Albinism ဆိုတဲ့အခြေ အနေကို ကြုံတွေ့နိုင်ပါတယ် ။ Albinism မှာလည်း အခြေအနေအမျိုးမျိုးရှိပါတယ် ။ Albinism ရဲ့ ပုံစံကိုမူ တည်ပြီးတော့ အရေပြား ၊ အမွှေးအမျှင် တွေနဲ့ မျက်လုံးတွေဟာ အကျိုးသက်ရောက်မှု ခံရနိုင်ပါတယ် ။ တ ကယ်တော့ Ocular albinism ဟာ မျက်လုံးရဲ့ အရောင်ကို သာ သက်ရောင်စေယုံသာမက ဆံပင်တွေ အရေပြားတွေ ကို ကို ပါ သက်ရောက်စေမှုဖြစ်ပြီး အမြင်ေ၀၀ါးခြင်းကို ခံစားရနိုင်ပါတယ် ။ ဒီထက်ပိုပြော ရရင်တော့ အချို့သော မယ်လနင် ဓါတ်ချို့တဲ့ခြင်းဟာလည်း သေဆုံးမှုနှုန်း မြင့်မားလာခြင်း ( Increased Motality Rates ) နဲ့ ဆက်နွယ်မှုရှိပါတယ် ။ မယ်လနင်ဟာ လူတွေကို များစွာ သော အကျိုးသက်ရောက် မှုတွေ ရှိစေပါတယ် ။ အဲဒီထဲကမှ အကျိုးရှိဆုံးကတော့ Ultraviolet rays လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးခြင်းဖြစ်ပါတယ် ။ မယ်လနင်ဟာ အဲဒီရောင်ခြည်တွေရဲ့ အန္တရာယ်ကို သဘာဝ အလျှောက် ကာကွယ်ပေးတဲ့ ရောင်ခြယ်တစ်မျိုးလည်းဖြစ်ပါတယ် ။



အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးပြီး အန္တရာယ်မရှိတဲ့ အပူစွမ်းအင်အဖြစ် ပြောင်းလဲ ထုတ် လုပ်ပေးပါတယ် ။ အဲဒါကို Ultrafast internal conversion ဖြစ်စဉ်လို့ ခေါ်ပါတယ် ။ ဒါပေမယ့် လည်း နေရောင် ခြည်ကနေ အလုံးစုံ ကာကွယ်ပေးနိုင်ခြင်းမျိုးတော့မဟုတ်ပဲ အချို့သော အသားမည်းတဲ့ သူတွေ ဟာ လည်း နေရောင်ခြည်ရဲ့ အန္တရာယ်ဖြစ်စေတဲ့ ဒါဏ်ကို ခံနေရဆဲဖြစ်ပါတယ် ။

ယေဘူယျ အားဖြင့်ပြောမယ်ဆိုရင်တော့ မယ်လနင် ဓါတ်များစွာ ပါရှိတဲ့ အသားမည်း တဲ့လူတွေ ဟာ နေရောင် ခြည် ဒါဏ်သင့်ခြင်းကို သိပ်မခံစားရပဲ နေရောင်ခြည်နဲ့ ထိတွေ့ချိန်ကို သာမန်လူတွေထက် ပိုပြီးတော့ ခံနိုင်ရည်ရှိ တယ်ဆိုတာကိုတွေ့ရပါတယ် ။ အသားဖြူတဲ့ လူတွေကတော့ နေရောင် ခြည်နဲ့အနည်း ငယ်ထိတွေ့ လိုက်မိပြီဆိုရင်ပဲ နေရောင်ခြည်ဒါဏ်သင့်ခြင်းရဲ့လက္ခဏာတွေကို ခံစားနေရပြီဖြစ်ပါတယ် ။ အရေပြားကင် ဆာဟာလည်း နေရောင်ခြည်ထိတွေ့မှုနဲ့တိုက်ရိုက်ဆက်နွယ်နေပြီး လုံလောက် တဲ့ ရောင်ခြယ်တွေ လျော့ နည်းနေတဲ့အတွက်ဖြစ်ပါတယ် ။ နေရောင်ခြည်ထိတွေ့ခြင်းဟာ အတွင်းတိမ် နဲ့လည်း ဆက်နွယ်မှုရှိနေ ပြန်ပါ တယ် ။ မယ် လနင်ဟာ နေရောင်ခြည် ကနေ အပူကို စုပ်ယူနိုင်တဲ့ ဖြစ်စဉ် Mechanism လည်းရှိပါတယ် ။ ဒါဟာ လည်းသွေးအေး သတ္တ၀ါတွေအတွက် အလွန်အရေးကြီးပါတယ် ။ ဥပမာ မြွေ ၊ ပုတ်သင် ၊ အချို့သော ငါးတွေ ဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ ခန္ဓာကိုယ်အပူချိန်ကိုထိမ်းသိမ်းဖို့ နေရောင်ခြည်ရဲ့ အပူကို စုပ်ယူဖို့ လိုအပ်ပါတယ် ။



အမြင်အာရုံပြတ်သားကြည်လင်ခြင်းကိုကြည့်မယ်ဆိုရင်တော့ မယ်လနင်ဟာ အလင်းရောင်တွေကို မျက်လုံးထဲ ၀င်ရောက်ခြင်းအရေအတွက်ကို နည်းအောင်ပြုလုပ်ပေးတဲ့အစွမ်းရှိပါတယ် ။ ပြန့်ကျဲနေတဲ့ အလင်းတွေကို စုပ်ယူဖို့ လည်းကူညီပေးပါတယ် ။ လူတွေရဲ့ အရေပြားမှာ မယ်လနင်တွေ အများအပြား ထုတ်လုပ်တဲ့ အခြေအနေကိုတော့ melanogenesis လို့ခေါ်ပါတယ် ။ UVB-radiation တွေကြောင့် DNA ပျက်ဆီးမှုတွေ ကနေတ ဆင့် မယ်လနင်တွေကို အများအပြားထုတ်လုပ်ဖို့ လှုံ့ဆော်ပါတယ် ။ အတွေ့များတဲ့ မလယ်လနင် သုံးမျိုးကို ဖော်ပြရမယ်ဆိုရင်တော့ Eumelanin ၊ Pheomelanin နဲ့ Neuromelanin တို့ဖြစ်ကြပါတယ် ။ အိုကာ တူး (OCA2 - oculocutaneous albinism) ဆိုတဲ့ရောဂါဟာ အာဖရိက လူမျိုးတွေမှာ အဖြစ်များတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ် ။ အဲဒါဟာ မွေးရာပါ autosomal recessive disorder ဖြစ်ပြီး မွေးကတည်း အရေပြား ၊ ဆံပင်နဲ့မျက်လုံးတွေမှာ မယ်လနင်ရောင်ခြယ်လျော့နည်းခြင်း သို့မဟုတ် မပါရှိလာ ခြင်းကြောင့် ဖြစ်ပါတယ် ။ OCA2 ဟာ အာဖိကန်အမေရိကန်တွေမှာ လူတစ်သောင်းမှာ တစ်ယောက် ဖြစ်ပွားနေ တာတွေ့ရ ပါတယ် ။ လူဖြူအမေရိကန်တွေမှာတော့ လူ သုံးသောင်း ခြောက်ထောင်မှာ တစ်ယောက် ဖြစ်တာကိုတွေ့ ရပါတယ် ။ အချို့သော အာဖရိကလူမျိုးတွေမှာဆိုရင်တော့ ၂၀၀၀ မှာ တစ်ယောက် ၅၀၀၀ မှာတစ်ယောက် စသဖြင့် ဖြစ်ပွားတာကိုတွေ့ရပါတယ် ။

Albnism ရဲ့နောက်ပုံစံတစ်မျိုးကိုတော့ Yellow oculocutaneous albinism လို့ခေါ်ပါတယ် ။ ဆွစ်ခ်ျ နဲ့ ဂျာမန်မျိုးနွယ်စုတွေဖြစ်တဲ့ Amish တွေမှာ အဖြစ်များပါတယ် ။ Albinim ရဲ့ type တွေဖြစ်တဲ့ Hermansky-Pudlak syndrome နဲ့ Chediak-Higashi syndrome ရှိတဲ့လူနာတွေ ဟာ သေဆုံးမှုနှုန်းမြင့် မားတာ ကိုတွေ့ရပါတယ် ။ Hermansky-Pudlak syndrome ရှိတဲ့လူနာတွေ ဟာ သွေးယိုစီး မှုပြဿနာများ ( bleeding diathesis ) ရှိကြပြီး အဓိကကတော့ သွေးကိုခဲစေတဲ့ ပလိတ်လပ် (Platelet) တွေနည်း တဲ့အတွက်ဖြစ်ပါတယ် ။ ဒီလိုလူနာတွေမှာ အဆုတ်ခဲခြင်း (Pulmonary fibrosis - restrictive lung disease) ၊ အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ၊ နှလုံးကြွက်သားဆိုင်ရာ ပြဿနာများ ၊ ကျောက်ကပ်ရောဂါများ စသည်တို့ ကြုံတွေ့ ရလေ့ရှိပါတယ် ။ Chediak-Higashi syndrome ရှိတဲ့လူနာတွေကတော့ ပိုးဝင်မှု (infection) အခွင့်အလမ်းများပြီး Lymphofollicular malignancy (ကင်ဆာရောဂါမျိုး) ကို ခံစားရနိုင်ပါတယ် ။ မယ်လ နင် ချို့တဲ့ခြင်းရဲ့ ဒီရောဂါတွေကို ပါဝင်ပတ်သတ်မှုကိုတော့ လေ့လောနေဆဲဖြစ်ပါတယ် ။ Albinism နဲ့ အကြားအာရုံချို့ယွင်းခြင်းဟာလည်း ဆက်နွယ်မှုရှိပါတယ် ။ ဥပမာအားဖြင့် ၁၈၅၉ ခုနှစ်မှာ Charles Darwin ရေး သားခဲ့တဲ့ On the Origin of Species မှာဆိုရင် ` အပြာရောင်မျက်လုံးနဲ့ကြွက်ဖြူတွေဟာ အကြားအာရုံ ချို့ယွင်းကြတယ် ´ လို့ဖော်ပြထားတာတွေ့ရပါတယ် ။ လူတွေ မှာတော့ ရောင်ခြယ်လျော့ နည်းခြင်းနဲ့ အကြားအာရုံချို့ယွင်းခြင်း၂ ခုစလုံးကို ရှားပါးတဲ့ Waardenburg's syndrome မှာ တွေ့ရပါတယ် ။


အချုပ်အားဖြင့် ပြန်ပြောရမယ်ဆိုရင်တော့ မယ်လနင်ဟာ အရေပြား ၊ ဆံပင်နဲ့ မျက်လုံး စတာတွေမှာ အရောင်ပေး တဲ့ သဘာဝ အရာတစ်ခုဖြစ်ပါတယ် ။ မယ်လနင် levels တွေ များလာခြင်းဟာ သဘာဝ အသားမည်းသူတွေအတွက် များစွာ သော အကျိုးကိုရစေသော်လည်း လိုတာထပ်ပိုပြီးများလာခဲ့မယ်ဆိုရင်တော့ အနည်းငယ်သော ဆိုးကျိုးတွေရှိပါတယ် ။အရေပြားရောဂါ အထူးကဆရာဝန်တစ်ဦးဖြစ်တဲ့ De.Taylor က သူဖော်ပြခဲ့တဲ့ “ Brown Skin ” မှာဆိုရင် အာဖရိကန် အမေရိကန်နဲ့ အခြားလူမျိုးတွေမှာ မယ်လနင်များခြင်းဟာ အသားအ ရည်ကိုပိုပြီး ဓါတ်ပြုခြင်းများစေတယ်လို့ဆိုပါတယ် ။ သူမ က ဘယ်လိုရေးခဲ့သလဲဆိုရင် အနည်း ငယ်သော လှုံ့ဆော်မှုပေးလိုက်တာနဲ့ အနီကွက်များ ၊ အစင်းရာများ ၊ ပန်းရောင်စင်းများ သို့မဟုတ် ရောင် ရမ်းခြင်းများ စတာတွေဖြစ်ပေါ်လာပြီး အဲဒီအရာတွေက မယ်လနင်ကိုပိုမိုများပြားစွာ ထွက်ပေါ် လာစေတယ် လို့ဆိုပါတယ် ။ အရေပြား ကင်ဆာအမျိုးမျိုးနဲ့ နေရောင်ခြည် ဒါဏ် ကြောင့်ဖြစ်ပေါ်လာ တဲ့အန္တရာယ်တွေ ကို ကာကွယ်ပေးနိုင်တယ်ဆိုတာကိုလည်း အထက်မှာ ဖော်ပြ ခဲ့ပြီးဖြစ်ပါတယ် ။ ကင်ဆာဆို တဲ့နေရာမှာ Basal cell carcinoma မှနေပြီး melanoma ထိတိုင်အောင်ကွာခြားပါတယ် ။ ခရမ်းလွန်ရောင် ခြည်တွေကနေပြီး ဘယ်လောက်ထိ အန္တရာယ်ဖြစ်စေသလဲဆိုတာကတော့ သင့်အရေပြားပေါ်မှာ Melanin ပမာဏဘယ်လောက် ရှိသလဲဆိုတဲ့အပေါ် မူတည်ပါတယ် ။ အသားဖြူတဲ့လူ တစ်ချို့မှာတောင် မှ နေရောင်ခြည် နဲ့ထိတွေ့တဲ့အခါ Melanocytes တွေ ပိုမိုထွက်ရှိလာပြီး မယ်လနင်ရောင်ခြယ်တွေ များလာတာတွေ့ရပါတယ် ။ အဲဒီအခါ အသားအရည်ကို ၀ါစေခြင်း (tan) အဖြစ် ပြောင်းလဲစေပါတယ် ။ ဒါပေမယ့်လည်း မယ်လနင်က ကာကွယ်ပေး တာ အကန့်အသတ်တစ်ခုထိပဲရှိပါတယ် ။ အသားမည်းတဲ့လူတွေမှာတော့ ပိုပြီး ကာကွယ်ပေးနိုင် တယ်ဆို တာ ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ် ။


သက်တန့်ချို


Reference Links
http://www.wisegeek.com/what-is-melanin.htm
http://en.wikipedia.org/wiki/Melanin

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

4 comments:

  1. ကိုသက်တန့်ရေ
    တင်းတိတ်နဲ ပတ်သတ်တဲ့အကြောင်းအရာလေးတင်ပေးပါလားရှင်
    လေဆာနဲ့ကုမယ်ဆိုရင် ကောင်းကျိုး/ဆိုးကျိုးလေး သိချင်ပါတယ်
    ကျွန်မ လေဆာနဲ့ကုဖို့ ဆုံးဖြတ်ထားပါတယ်
    ဒါပေမယ့် နဲနဲ ကြောက်နေလို့ပါ
    ဆေးသုံးမယ်ဆိုရင်ရော ဘယ်လိုသောက်ဆေး/လိမ်ဆေးတွေက အန္တရာယ်ကင်းမလဲဆိုတာလည်းသိချင်ပါတယ်ရှင်

    ReplyDelete
  2. ဗဟုသုတလေးတွေအတွက် ကျေးဇူးပါအကို....

    ReplyDelete
  3. နန်းသက်October 20, 2011 at 1:32 AM

    မယ်လနင်အကြောင်းဖတ်သွားပါတယ်။ မယ်လနင် နည်းတဲ့သူတွေမှာဆိုသူ့ ကိုပြန်ဖြည့်ဆည်းလို့ မရနိုင်ဘူးလား....များအောင်ဘယ်လိုလုပ်ရလဲ။ ဒါကြောင့်ဒီလူဖြူတွေက ခရမ်းလွန်ရောင်ခြည်သင့်ရင်သိပ်ဒဏ်မခံနိုင်ကြပဲအရေပြားကင်ဆာရောဂါရတတ်တာ မယ်လနင်နည်းလို့ ထင်တယ်နော်။

    ReplyDelete
  4. မယ်လနင်ကြောင့် ကျွန်မမျက်နှာမှာလည်း အမည်းကွက်တွေ ထွက်လတယ်။ ပျောက်ဖို့ နည်းလမ်းရှာရဦးမယ်။


    ခင်တဲ့
    မေသိမ့်

    ReplyDelete