Monday, October 3, 2011

ဝမ်းသာရပါတယ် ဧရာဝတီရယ်

ဝမ်းသာရပါတယ် ဧရာဝတီရယ်




ဧရာဝတီမြစ်ကြီး ပျက်ဆီးမယ့်အရေး တွေးတွေးပြီး ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်သောကတွေ များခဲ့ရပါတယ် ။ ၀မ်းသာ စရာသတင်း.. . မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းတော့မယ်တဲ့ ။ မယုံရဲသေးပါဘူး ဒါနဲ့ အစိုးရက အတိအ လင်းသတင်းကြေငြာချက်ကို စောင့်နေတုန်း အောက်တိုဘာ ၁ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွေမှာ

“ မိမိတို့ အစိုးရလက်ထက် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားမည် ”

ဆိုတဲ့ သတင်းကို ခေါင်းစီးကြီးနဲ့ ဖတ်လိုက်ရ တဲ့အတွက် အလွန်အမင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပါတယ် ။ တထိတ်ထိတ် မက်ခဲ့ရတဲ့ ဧရာဝတီရဲ့ အိပ်မက်ဆိုးတွေ နံနက်ခင်းနေရောင်ခြည်ရဲ့ လင်းဖြာမှုနဲ့ အတူ ဝေး လွင့်ပျောက်ကွယ်သွားခဲ့ရပါပြီ ။

“ မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထား ၊ ပြည်သူ များ၏ စိုးရိမ်ပူပန်မှုများကို အလေးထားဖြေရှင်းဆောင်ရွက်ပေးရန်တာဝန်ရှိ ”

ဆိုတဲ့ အစိုးရသစ်ရဲ့ စကားကိုကြားလိုက်ရတော့ ကျွန်တော်တို့ စိတ်အတွင်းသဏဏ္ဍာန်တွေထဲမှာ မြူတွေနဲ့ ဖုံးအုပ်နေ တဲ့ မျှော်လင့်ခြင်းတွေ တဖျက်ဖျက်လင်းလက်လာခဲ့ရသလိုပါပဲ ။ အဲဒီပေးပို့ချက် သ၀ဏ်လွှာ အပိုဒ် ၈ ကို ပြန် လည်ဖော်ပြရမယ်ဆိုရင်

“ နှစ် ၃၀ လျှပ်စစ်မဟာ ဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ်စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ ၃ ခုအပါအ၀င် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ် ၄ သောင်းကျော် ထုတ် လုပ်နိုင် သည့် အလားအလာများရှိပါသည် ။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ ၊ မလိခ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအ၀င်ဖြစ်ပါသည် ”

လို့ ဖော်ပြထားတာတွေ့ရပါတယ် ။ ဒါကိုဖတ်ခြင်းအားဖြင့် မြစ်ဆုံစီမံကိန်းဟာ နှစ် ၃၀ လျှပ်စစ်မဟာ ဗျူဟာ စီမံကိန်း ထဲမှာ ပါဝင်ပြီး ဟိုးယခင်ထဲက Planning တွေလုပ်ထားကြောင်းသိနိုင်ပါတယ် ။ ဒါ့အပြင် မြစ်ဆုံ စီမံကိန်းနဲ့ပတ်သတ်လို့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကို အောက်ပါအတိုင်းဖော် ပြထားတာတွေ့ ရပါ တယ် ။

“ (၁) ကချင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသော ( Land Mark ) ဖြစ်သည့် မြစ်ဆုံ သဘာဝ အလှအပပျောက်ကွယ်သွားနိုင်ခြင်း ၊
(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသားကျေးရွာများ ရေနစ်မြုပ်၍ ၄င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးပျက်ဆီးသွားနိုင်ခြင်း ၊
(၃) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ် ၍ စီးပွားဖြစ် စိုက်ပျိုးထား သည့် ရော်ဘာ စိုက်ခင်းများနှင့်ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း ၊
(၄) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်ခြင်း ၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည် ပျက်စီးပြီး ဆည်အောက် ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကျေပျက်ဆီးမှု ရှိနိုင်ခြင်း ၊
(၅) ဧရာဝတီမြစ်ကြီးထိခိုက်ပျက်ဆီးနိုင်ခြင်း ”

ဟုတ်ပါတယ် ။ တသွေမတိမ်းပါပဲ ။ ပြည်သူတွေရင်ထဲမှာ ခံစားနေရတာ ဒီထက်ပိုတဲ့ အချက်တွေသာ ရှိချင်ရှိမယ် မလျော့ ပါဘူး ။ ဒါကို ဒီမိုကရေစီဖော်ဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ပြည်တွေကိုယ် စားပြည်သူတွေ ရဲ့ နှလုံးသားနဲ့ရင်ဘတ်ထဲ ၀င်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ် ။ ဖြစ်သင့် တဲ့အရာတစ်ခုဖြစ်သွားရတာမို့ ဧရာဝတီအတွက် လတ်တလော စိတ်အေးရပါပြီ ။ ဒီနေရာမှာ လတ်တလော လို့ ပြောရတာ အကြောင်းရှိပါတယ် ။ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းတာမဟုတ်ပါဘူး ။ ရပ်ဆိုင်း ထားတယ်လို့ ဖော်ပြထားတာပါ ။ ဒါဆို တစ်ချိန် ဆက်လုပ်ကြဦးမှာလား ...ဒါမှမဟုတ် ဘာတွေဆက်ဖြစ်ဦးမှာလဲ အတွေးပေါင်းများစွာက ဆက်လက်ရှိနေဦးမှာပါ ။ လောလောဆယ်တော့ ကျွန်တော်တို့ စိတ်တွေ လွတ်လပ်ပေါ့ ပါးခဲ့ရပါပြီ ။

နောက်တစ်ချက်က “ အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တ ကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ” လို့ဖော်ပြထားပါတယ် ။ သဘာဝ အရင်းအမြစ်အလှအပတွေနဲ့ စီမံကိန်း တစ်ခုကထွက်လာမယ့်ဆိုးကျိုးတွေ ၊ ဒေသခံပြည်သူတွေရဲ့ သဘောထားတွေ ၊ နောက်ဖြစ်လာမယ့် Consequences တွေကို ချိန်ထိုးတွက်ဆပြီးမှ အန္တရာယ်အကင်းဆုံး စီမံကိန်းတွေကို သာဆက် လက်လုပ်ဆောင် သွားမယ်လို့ပြောတာဖြစ်တယ်လို့ ယူဆပါတယ် ။

ဆက်လက်ပြီး ပြည်သူတွေရင်ထဲဝင်မကြည့်ပဲ ထင်ရာစိုင်းကြမယ့် လူတွေကိုလည်း နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဘယ်လိုများ ဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ ကျွန်တော်တို့အားလုံး မျက်လုံးတွေဖွင့် နားတွေစွင့်နေ ကြပါဦးမယ် ။

- နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နှောက်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ ။

- နိုင်ငံတော်၏ စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး

စတဲ့ အချက်လေးတွေ ကျွန်တော်တို့အားလုံး အလေးထား ထိမ်းသိမ်းသွားရမှာဖြစ်ပါတယ် ။

ဧရာဝတီအရေးမှာ တက်တက်ကြွကြွ ပြည်သူတွေဖက်က အမြဲရပ်တည်ပေးခဲ့တဲ့ EMG ၊ မြစ်ဆုံစီမံကိန်းကနေ အမျိုးသားစည်းလုံးညီညွှတ်ရေးကို အမြတ်ထုတ်ရမယ်ဆိုတဲ့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ၊ နိုင်ငံတစ်ဝှမ်းမှ အနုပညာရှင်များ ၊ စာရေးဆရာများ ၊ ဧရာဝတီကိုချစ်မြတ်နိုးကြောင်း ပို့စ်တွေကို စည်းလုံးညီညွှတ်စွာ ဘလော့ဂ်တွေ ကို တင်ပေးခဲ့ကြတဲ့ ဘလော့ဂါအသီးသီးကို ဧရာဝတီ မြစ်ကြီးကိုယ်စား အထူးပဲ ကျေးဇူး တင်ရှိပါတယ် ။ အုတ်တစ်ချုပ်သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့ရခဲ့တဲ့ ဘလော့ဂ်တစ်ခုအနေနဲ့လည်း အမြဲဂုဏ်ယူပါတယ် ။ နောက် လည်း အရေးကြုံလာပါက ကျွန်တော်တို့အားလုံး သွေးစည်းညီညွှတ်ကြပါစို့ ။ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပါစေဟု တောင်းဆုများ ထပ်ခါထပ်ခါ ပြုရင်း . . . . .

သက်တန့်ချို
3rd Oct 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. ဧရာဝတီအတွက် တကယ့်ကို ၀မ်းသာရပါတယ်..။
    ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချခဲ့တဲ့ သမ္မတကြီးကိုလည်း ကျေးဇူးတင်ရမှာပါ။ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ခုလို့ မြင်ပါတယ်...။

    ReplyDelete
  2. ကိုသက်တန့် ရေ

    အားလုံးနဲ့ အတူ ဝမ်းသာ ရပါတယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  3. ဧရာဝတီနဲ့အတူ အားလုံးလည်း ထပ်တူ ဝမ်းမြောက်မိကြောင်းပါအကို ....

    ReplyDelete
  4. အခုတရုတ်သံအမတ်ကြီးကစပြီးခေါ်နေတဲ့ဆွေးနွေးဖို့ကိစ္စကိုလည်း ကျွန်တော်တို့ဒီလိုပဲ ကျော်လွှားနိုင်မယ်ထင်ပါတယ်။ သူက သူတို့တရုတ်ကုမ္ပဏီဘက်ကနစ်နာလို့တဲ့။ ဧရာဝတီအတွက်ဝမ်းသာနေတုန်းမှာထပ်ဝင်လာတဲ့စိတ်အနှောက်အယှက်ပေါ့။ စခဲ့ပြီးမှတော့လည်း အဆုံးတော့သတ်ပေးရလိမ့်ဦးမှာပေါ့။ အစကတည်းက သေသေချာချာမစဉ်းစားခဲ့တဲ့ဒဏ်တွေက နောက်လူတွေမှာ လာပိနေပြီလေ။

    ReplyDelete
  5. ကိုသက်တန့်ရေ
    ကန့်ကွက်တုန်းကလည်း
    ထပ်တူထပ်မျှ ကန့်ကွက်ခဲ့သလို
    ဝမ်းသာတော့လည်း
    ထပ်တူထပ်မျှ ဝမ်းသာပါတယ်

    ReplyDelete
  6. ဧရာဝတီရဲ့ လွတ်မြောက်မှုကိုဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ကိုယ့်တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ တာဝန်သိသိဝိုင်းဝန်းကန့့် ကွက်ခဲ့ကြတဲ့သူတွေကိုအားလုံးကိုလဲလေးစားပါတယ်။ နောက်တက်လာမဲ့အစိုးရလဲဒီအစီအစဉ်ကိုထပ်အကောင်အထည်မဖော်ဖို့ တော့ ဆုတောင်းရမှာပါပဲ။
    ခင်မင်လျှက်...

    ReplyDelete