Tuesday, October 25, 2011

ကျွန်တော်နှင့်ဟောက်ဆာဂျင် ဘ၀ (အပိုင်း ၇ )

ကျွန်တော်နှင့်ဟောက်ဆာဂျင် ဘ၀ (အပိုင်း ၇ )



ဟောက်ဆာဂျင်ဘ၀ အတွေ့အကြုံလေးတွေကို ရေးလာတာ အခုဆိုရင် အပိုင်း ( ၇ ) ကို ရောက်ရှိလို့လာပါပြီ ။ ချွေးသံ တရဲရဲ ပင်ပန်းနွမ်းခွေပြီး ငေါင်တောင်တောင်ဖြစ်ရတဲ့ ဟောက်ဆာဂျင်ဘ၀မှာ ဂျူတီကုတ်ဖြူဖြူလေးကို ၀တ် နားကြပ်လေးကို ခပ်တည်တည်ချိတ်ပြီး လူလုံးပြလိုက်မဟဲ့ ဆိုတာဟာ တကယ်တော့ စိတ်ကူးထဲမှာတင် ဖျက်ကနဲ ပျောက်ကွယ်သွားခဲ့ရပါတယ် ။ အရင်ဆုံး အိုဂျီ ပို့စ်တင် ဆင်းတုန်းက အကြောင်းလေး တစ်ခုကနေ စပြီးပြောချင်ပါတယ် ။ အဲဒီအဖြစ်အပျက်ကို ဘယ်သူ့ကို ပြန်ပြောပြော မယုံကြဘူးခင်ဗျ ။ အေးလေ ယုံချင်စ ရာလည်း ကောင်းမှ မကောင်းပဲကိုး ။ ထုံးစံအတိုင်း အိုဂျီ ၃လမှာ ဟော တစ်ယောက်မွေး လိုက် ဟောတစ်ယောက် ခွဲလိုက်နဲ့ တယ်လည်း ပင်ပန်းခဲ့တာကိုး ။ အဲဒီတုန်းက မှတ်မှတ်ရရ မိုးကလည်း သည်းနေတယ် ။ ကျွန်တော်တို့ Night Duty ကျတဲ့ ညပေါ့ ။ ညနေတုန်းက တည်းက မွေးလိုက် တဲ့လူနာတွေ ဟောတစ်ယောက် ဟောတစ်ယောက် အော်... အမျိုးသမီးတွေ တယ်လည်း မွေးနိုင်ကြ တာပဲလို့ တွေး မိသေးတယ် ။ ( အေးလေ အမျိုးသားတွေက မွေးလို့မှမရပဲကိုး )

ဒါနဲ့ မိုးစိမ့်စိမ့်အေးတဲ့ ညအချိန်အခါ သန်းခေါင်ယံ တစ်နာရီလောက်မှာ “ ဆရာတို့ ဆရာတို့ NA လာတယ် ” ဆိုတဲ့နာ့စ် ရဲ့အသံကိုကြားလိုက်ရပါတယ် ။ ( NA- New Attendance လူနာအသစ်) ကျွန်တော်တို့အဖွဲ့ ကငါးယောက်ပါ ။ ယောင်္ကျားလေး သုံးယောက် မိန်းကလေး နှစ်ယောက် ။ ၂ ယောက်တစ်တွဲစီ အလှည့် ကျလို့ တိုင်ပင်ထားပြီးသားပါ ။ ဒီတော့ ကျွန်တော်နဲ့ ဟို ကျွန်တော့်သူငယ်ချင်း ဂျပု ( သိတယ်ဟုတ် သူ့အကြောင်းတွေ ကို အရင်အပိုင်းတွေမှာ ဖော်ပြထားပြီးသားပါ ) တို့ရဲ့ အလှည့်ဆိုတော့ အိပ်ချင်မူးတူးနဲ့ သွားကြည့်ကြပါတယ် ။ လူနာက ကိုယ်ဝန်ဆောင်သည် နေ့စေ့လစေ့ Fit (တက်ခြင်း ) နဲ့လာတာပါ ။ Pressure တိုင်းကြည့်တော့ 220/110 mmHg အဖြေကို သိလိုက်ရပါပြီ ။ မြန်မာလိုဆိုရင်တော့ ကိုယ်ဝန်ဆိပ်တတ်တယ်ဆိုပါတော့ ။ ဆေးပညာ အရတော့ Eclampsia လို့ခေါ်ပါတယ် ။ အရမ်းကိုအ န္တရာယ်များတဲ့အခြေအနေပါပဲ ။ ဒါနဲ့ AS တွေ FA တွေကို အကြောင်းကြားပြီး လိုအပ်သလို ကုသမှုတွေပေးကြရပါတယ် ။ (AS - လက်ထောက်ဆရာဝန် ၊ FA- ပထမလက်ထောက်ဆရာဝန် ) အဲဒီအချိန်မှာ ၀ုန်းဒိုင်းကျဲနေတဲ့အခြေအနေတွေကြောင့် ကျန်တဲ့ ဟောက် ဆာဂျင် ၃ ယောက်ကလည်း ကျွန်တော်တို့ကိုကူဖို့ရောက်လာပါပြီ ။ ဒီလိုနဲ့ လိုအပ်တဲ့ drip တွေချိတ် ဆေးတွေ တိုက် ဆေးတွေထိုး လုပ်လိုက်တာ လူနာက အတော်လေးငြိမ်ကျသွားပါတယ် ။

စစ ရောက်တုန်းကစရင် သတိလစ် ရုန်းကန် နေလို့ ခြေတွေလက်တွေကို ကုတင်တိုင်တွေနဲ့ ချည်ထားရတဲံ အခြေအနေ ပါ ။ အခြေအနေကို စောင့်ကြည့်နေလိုက်တာ မနက် လေးနာရီလောက်အထိ အားလုံးက Stable ပါပဲ ။ ကျွန်တော်တို့လည်း ဘယ်အချိန်ထဖောက်မလဲ စိုးရိမ်တကြီး အခြေအနေနဲ့ပေါ့ ။ လေးနာရီခွဲလောက် ကျတော့ ကျွန်တော် တို့ငါးယောက်ရယ် AS ရယ် FA ရယ် နာ့စ်ရယ် တာဝန်ကျအ ခန်းထဲမှာထိုင်ပြီး စကားပြောနေ ကြပါတယ် ။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ဂျပုက ဗိုက်ဆာလာတာကြောင့် FA ဆီမှာခွင့်တောင်းပြီး သက်သာလက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့ကြပါတယ် ။ “ သိပ်မကြာစေနဲ့နော် ငါးခွဲ OT ၀င်ရမယ် ” လို့ AS အစ်မ က လှမ်းပြောခဲ့ပါသေးတယ် ။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်မှာ ပေါ့ဆိမ့်လေးမှာ ရေနွေးကြမ်းလေးသောက်ပြီး ဗိုက်ဖြည့်နေ တုန်း ကျွန်တော်ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်သွားရတယ် ။

“ ဟေ့ကောင် ဟိုဖက်ဝိုင်းမှာ ထိုင်နေတာ ညက အီကလမ်းစီးယားနဲ့ရောက်လာတဲ့လူနာမဟုတ်လား ” “ အေးဟ ဘယ်လို လုပ် လက်ဖက်ရည်ဆိုင်ရောက်နေတာလဲ သက်သာသွားလို့လား ” ဒီလိုနဲ့ကျွန်တော်လည်း မနေနိုင်လို့ လှမ်းမေး လိုက်ပါတယ် ။ “ ဗျို့ အစ်မကြီး ညက တက်ပြီး ရောက်လာတဲ့တစ်ယောက်မဟုတ်လား ” “ ဟုတ်ပါ တယ် ဆရာလေး ဗိုက်ဆာလို့ခွင့်တောင်းပြီးမုန့်လာစားတာပါ ” အဲဒီကတည်းက ကျွန်တော် တို့ နှစ်ယောက်ကြောင်တောင်တောင် ဖြစ်ပြီး နည်းနည်းမသင်္ကာလည်းဖြစ်သွားတယ် ။ သူထိုင်နေတဲ့နေ ရာက မှောင် ရိပ်နည်းနည်း ကျတဲ့အစွန်ထောင့်စားပွဲမှာပါ ။ “ အင်းအင်း မြန်မြန်ပြန်နော် အချိန်မရွေးအန္တရာယ် ရှိတယ်အစ်မကြီး ” “ ဟုတ်ကဲ့ပါ ဆရာလေး ” ဒီလိုနဲ့ ကျွန်တော်တို့လည်း သုတ်သုတ်လေးသောက်ပြီး OG ward ထဲ ၀င်ခဲ့ကြတယ် ။ ၀င်ဝင်ခြင်း မွေးခန်းရှေ့မှာ ငိုနေကြတာကြောင့် တစ်ခုခုဖြစ်ပြီးဆိုတာ သိလိုက်ရတယ် ။ ဒီလိုနဲ့ AS ကို မေးကြည့်လိုက်တော့ “ အင်း.. ညက fit နဲ့ရောကလာတဲ့ တစ်ယောက်အခုလေးတင် expire ဖြစ်သွားပြီ haemorrhage ရသွားပုံရတယ် ကလေးကတော့ FHS လည်းမရတော့ဘူး စလာကတည်းက faith ဖြစ်နေတာ FA ကတော့လူနာတွေကိုရှင်းပြနေတယ် ”

ဘုရား...ဘုရား ကိုယ့်နားကိုယ်တောင်မယုံနိုင်အောင်ပဲ ကြက်သေသေသွားမိတယ် ။ စိတ်လည်း တကယ် မကောင်းဘူး ရင်ထဲဆို့နင့်သွားတယ် ။ တစ်ညလုံး ကိုယ်တွေနဲ့ သူ တိုက်ပွဲ ၀င်ထားရတာ သေမင်းနဲ့ အခုတော့ သေ မင်း က အနိုင်ရသွားတယ် ။ အမှန်တော့ လူနာက သွေး တိုးရှိလို့ AN visit လာတုန်း က ဆေးရုံ ကို စောစောတက်ဖို့ ရက်ချိန်းပေးထားတဲ့လူနာပါ ။ အဲဒါကို မလာပဲ အခုလို မရှူနိုင်မကယ်နိုင် ကိုယ်ဝန်ဆိပ် တက်မှ ဆေးရုံရောက် Pressure တအားများပြီး expire ဖြစ်သွားရခြင်းပါ ။ ကျွန်တော်နဲ့ ဂျပု တစ်ယောက် မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ် ။အတွေးထဲမှာတော့မေး ခွန်းတွေကိုယ် စီနဲ့ . . . . . .

၁ ။ ဒါဆို ခုနက လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တဲ့ လူနာက ဘယ်သူလဲ ?

၂ ။ သေဆုံးသွားချိန်မှာ ၀ိဥာဉ်အနေနဲ့ သူပထမဆုံးတွေ့ခဲ့တဲ့ ဆရာဝန် ၂ယောက်ကို လာရောက်နှုတ် ဆက်ခြင်း လား ?

၃ ။ ဒီလို ကိုယ်ထင်ပြပြီး မယုံနိုင်စရာအဖြစ်အပျက်ကို သင်တို့ဆိုရင်တော့ ကျွန်တော်တို့ပြောပြခဲ့ရင်ယုံမှာလား ?

ကျွန်တော်ကတော့ ကြုံတွေ့ခဲ့ပြီးပါပြီ ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို မေးကြည့်တော့လည်း “ ဆရာတို့ ထွက်သွား ပြီး ခဏကြာတော့ ပိုက်ဆံရှင်းပြီး ဆရာတို့ ၂ ယောက်နောက် ကနေ OG ward ထဲဝင်သွားတာပဲ ” တဲ့ ။ အဲဒီလူနာ ရှင်းခဲ့တဲ့ပိုက်ဆံ ငါးရာတန်လေးကို လက်ထဲကိုင်လို့ ကျွန်တော်တို့ကို ပြောလိုက်ပါတော့တယ် . . . . ။

သက်တန့်ချို
၂၅ အောက်တိုဘာ ၂၀၁၁

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

9 comments:

  1. ထူးဆန်းတယ်နော်။

    ReplyDelete
  2. အိုး... စဉ်းစားပြီးတော့ကြက်သီးထတယ်။ သူ့ ကိုယ်သူသေလို့ သေမှန်းမသိဘူးထင်တယ်။ သနားလိုက်တာ။

    ReplyDelete
  3. တခါတလေ လောကကြီးကလည်း
    ထူးဆန်းတယ် ကိုသက်တန့်ရေ
    အခုလိုဘဲ ဘာလဲဆိုတာ
    သေချာစဉ်းစားလို့မရတဲ့ဖြစ်ရပ်တွေက
    အများကြီးဘဲ...

    ခင်မင်တဲ့ ပစ်ပစ်

    ReplyDelete
  4. စလာကတည်းက faith ဖြစ်နေတာ
    I think it is a wrong spelling - do u mean faint FHS ?

    ReplyDelete
  5. သနားစရာကောင်းလိုက်တာနော်
    အရမ်းထူးဆန်းတယ်
    နောက်လဲအဲလိုအတွေ.အကြုံလေးတွေများများရေးပေးပါ
    အားပေးလျှက်
    မိုး

    ReplyDelete
  6. အဲ့ဒီလို ထူးဆန်းအံ့သြဖွယ်တွေ လောကကြီးထဲမှာ ဒုနဲ့ဒေးပဲနော်း) မောင်သက်တန့်ရဲ့ ဟောက်ဆာဂျင်ဘဝ အတွေ့အကြုံလေးက တကယ့်အမှတ်တရပါလားး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အင်း သူက လာနုတ်ဆက်တာ ဖြစ်မယ်။ ဒါပေမယ့် ကိုယ်ဝန်နဲ့ ဆုံးတာဆိုတော့ ပိုစိတ်စွမ်းအား ကောင်းလို့ ဖြစ်မယ်။

    ReplyDelete
  8. ထူးထူးဆန်းဆန်းနဲ့ အသည်းယားစရာကောင်းလိုက်တာ ...။
    ဒါပေမဲ့ မယုံလို့ လည်း မရဘူး နော် ။အစွဲအလန်းတခုခုကျန်နေသေးရင် ဖြစ်တတ်တယ် ။ကိုယ်ယောင်လာပြတယ် ဆိုတာပဲပေါ့ ။
    ဝိဥာဉ်အသစ်လေးပေမဲ့ စကားလည်းပြောတယ် ပိုက်ဆံလည်း ကိုင်သုံးတယ် ဆိုတော့ အတော် ဆီနီယာကျနေပြီထင်တယ် ။
    အမတို့ အလှည့်တုံးကတော့ သူငယ်ချင်းတယောက် တွေ့ တာ.. မှင်စာသေးသေးလေးတွေ ကုတင်ကို ပတ်လည်ဝိုင်းပြီး ပြေးနေကြတယ် တဲ့ ။ဒပ်ဖရင် အေ ဆောင် မှာ နိုက်ဂျုတီကျတာ လေ။ တော်သေးတယ် ကိုယ့်အလှည့်မှာ ဘာမှ မတွေ့ လိုက်ရ လို့ ။နို့မို့ဆို ငုတ်တုတ်ထိုင် မေ့ ကိန်းပဲ.. ..း))

    ခင်တဲ့ မကိ ။

    ReplyDelete
  9. သူ တစ်ကယ်ဗိုက်စာလို့ ဖြစ်မယ်း )
း )...
    (ဒုတိယ)

    ReplyDelete