Monday, August 27, 2012

ဒီမိုးရွာတာ ရေတွေကြီးစေတယ်



ဒီမိုးရွာတာ ရေတွေကြီးစေတယ်

ဥတုရာသီတောကိုမှီ -- လက်လုပ်လက်စားတွေ ဘာကိုမှီနေသလဲ
ဒီမိုးက နေရာအနှံ့ ရေတွေကြီးစေခဲ့
အိမ်ခေါင်မိုးထက် အေးစက်ရှာသော ဘ၀အချို့ဟာ
မျက်ရည်နဲ့ မိုးတွေ ရောနေဆဲ ။

တသောသော ကျဆင်းသော အိမ်မက်အချို့
ခေါင်မလုံတဲ့အခါ တစ်အိမ်လုံးစိုသလို
ပြင်လိုက်ပျက်လိုက် ဖာလိုက်ပေါက်လိုက်
ကတ္တရာဟာ အရည်အသွေးညံ့သလား လူတွေကအရည်အသွေးညံ့တာလား
ဒီမိုးက ရေတွေကြီးစေတယ် ။

တခါတုန်းကလည်း ကျိန်စာဆိုးတွေ အတိုက်ခံရဖူးခဲ့
မှတ်မှတ်ရရ အဲဒါကို “ နာဂစ် ” လို့ အမည်ပေး
ငါတို့ကို သွေးအေးအေးနဲ့ သတ်သွားတယ်
ဘယ်သူက အစားပြန်လျှော်ပေးခဲ့သလဲ ။

စိုက်သော သစ်ပင်ကိုပဲခုတ် ငုတ်တိုဖြစ်အောင်ကြံ
လက်တစ်ဆုပ်စာ ကောင်းစားဖို့အရေး
ဘာကိုမှလည်းရေရှည်မတွေးခဲ့
အခု အိမ်ပြင်မှာ မိုးတွေရွာနေတယ် --
သည်းသည်းမည်းမည်းကိုရွာနေတယ်
ငါ့အိမ်လေးလည်း ရေမြုပ်နေတယ်
ငါတို့အိပ်မက်တွေလည်း ရေမြုပ်နေတယ် ။

အေးတယ် အေးတယ် ထံရံပေါက်က လွင့်စင်ထွက်သော မိုးစက်တွေက
အရိုးထဲအထိ ခိုက်ခိုက်တုန်ယင်နေခဲ့ရ
အဲကွန်းနဲ့ဇိမ်ခံကားထဲက သူဌေးက အေးတယ်အေးတယ် အော်တယ်
အဲဒီပါးစပ်ကို ပိတ်ထားလို့ရရင်ကောင်းမယ်
ခင်ဗျားတို့ စကားလုံးတွေက (တဆိတ် ) နားခါးလွန်းတယ် ။

ဒီမိုးက အဆက်မပြတ်ကိုရွာတယ်
နေရာအနှံ့မှာ ရေတွေ ပြည့်လျှံထွက်
ဘ၀တွေရဲ့ သောကတွေလား ဘ၀တွေရဲ့မျက်ရည်တွေလား
ကားမှတ်တိုင်မှာ ရေတွေပြည့်နေတာ
အိမ်တွေထဲမှာ ရေတွေပြည့်နေတာ
လမ်းတွေထဲမှာ ရေတွေပြည့်နေတာ
အကျိုးဆက်ဟာ ရောဂါဘယတွေကို ကြည်ကြည်ဖြူဖြူခေါ်နေတယ် ။

ဒီမိုးရွာတာ ရေတွေကြီးစေတယ်
သီးနှံစိုက်ခင်းတွေလည်းပျက်
အိပ်မက်တွေလည်းပျက်
ဘ၀တွေလည်းပျက်
-----------ပျက်
--------ပျက်
-----ပျက်
ပျ က် - - - စီး - - ကုန် - - တယ် ။

သက်တန့်ချို
၂ ၅ သြ ဂု တ် လ

Photo : Google Image Search


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. မြတ်နိုးသူ(MUFL)August 28, 2012 at 2:46 PM

    ဒီမိုးက နေရာအနှံ့ ရေတွေကြီးစေခဲ့
    အိမ်ခေါင်မိုးထက် အေးစက်ရှာသော ဘ၀အချို့ဟာ
    မျက်ရည်နဲ့ မိုးတွေ ရောနေဆဲ ။
    စိမ်းမကောင်းဖြစ်မိပါတယ်

    ReplyDelete
  2. အန်တီလေးမေခင်August 28, 2012 at 2:50 PM

    ဒီမိုးရွာတာ ရေတွေကြီးစေတယ်
    သီးနှံစိုက်ခင်းတွေလည်းပျက်
    အိပ်မက်တွေလည်းပျက်
    ဘ၀တွေလည်းပျက်
    -----------ပျက်
    --------ပျက်
    -----ပျက်
    ပျ က် - - - ဆီး - - ကုန် - - တယ် ။
    ပိုစ့်လေးကိုအားပေးသွားပါတယ်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete