Thursday, June 1, 2017

( အချစ်ကို သီသောဖဲကြိုးဝါကနေစကြပါစို့ )




( အချစ်ကို သီသောဖဲကြိုးဝါကနေစကြပါစို့ )

"အချစ် " ဆိုတာ အရိပ်မဲ့ဘာသာဗေဒ
ကိုယ်သင်ကြားခွင့်ရတဲ့ ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်အကြောင်း
ဘယ်လိုကြည့်ကြည့်
သူ့ကောင်းကင်မှာ အလင်းနဲ့ ဖြူစင်ခြင်းသာ ။

သစ္စာရှိစေ
မြတ်နိုးခြင်းရှိစေ
တွယ်တာခြင်းလည်းရှိစေ
နွေမှာ နှင်းတွေဝေသလို
မိုးမှာလည်း အလွမ်းတွေ ဝေတယ်
" အချစ် " ဆိုတာ ဖဲကြိုးဝါ
" အချစ် " ဆိုတာ သံစဉ်တစ်ပုဒ်
" အချစ် " ဆိုတာ တဖွဲဖွဲ ကျနေသော မိုးရေစက်
ညဉ့်ယံ ...ရေ .. ဘယ်လောက်ထိ "နက် " ဦးမလဲ ။

တစ်နေ့မှာ ..
ကဗျာတစ်ပုဒ်ရေးမယ်
နှုတ်မရသော သံယောဇဉ်တွေ ( ထပ်ခါ ) တိုးပါစေ
ရှုံးနိမ့်ခဲ့ရတဲ့ နှလုံးသားခံတပ်ကို အပိုင်စီးပါ
ပြီးရင် ... ဒီခရီးကို အတူသွားကြစို့ အချစ်ရဲ့
တကယ့် ကောင်းကင်ပြာမှာ လရောင်တွေ ဖြာကျနေလိုက်တာ ... ။

ဆောင်းခိုငှက်တစ်ကောင်ရဲ့ အတောင်ခတ်သံပါ
ကိုယ်ဟာ ဒီလို သက်ဝင်မြတ်နိုးမှုမျိုးနဲ့
ခုန်ဆင်းဖောက်ထွက်ကျလာမယ့် အသက်ဝိဥာဉ်ကို
မက်မက်မောမော နမ်းရှိုက်မယ်
နေပါစေ .. .နေပါစေ ...
ကံကြမ္မာဆိုတာ ဆွံ့အမှုတွေပြည့်နေတဲ့ တောအုပ်တစ်အုပ်ပါကွယ် ။

အစစ..အရာရာ မိုင်ပေါင်း များစွာ ဝေးနေတဲ့အခါ
အမှောင်တွေ တဖြည်းဖြည်းနက်လာဦးမလား
( အချစ်ရေ ... မင်းဖို့ ကိုယ့် နှလုံးသားစိုက်ခင်းမှာ အလွမ်းတွေ စိုက်ပျိုးထားခဲ့ )
၃၆၅ ရက်ကို တစ်ရက်စွန်းတဲ့အထိ
ဒီ သံယောဇဉ် ကိုပဲငြိနေခဲ့ရ
ဘ၀ဆိုတာ ... လှပ ခဲ့ရပုံ များ ။

လှတယ်
ကိုယ့် ကဗျာတွေ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ "အချစ်" ရေ
ဒါဏ်ရာ ဆိုတာ ... ဓါးတစ်လက်ရဲ့ အထုပ္ပတ္တိပါပဲ
ကိုယ်ဟာ မနေ့ကပဲ သေဆုံးခဲ့ရ
ကိုယ်ဟာ မနေ့ကပဲ ရှင်သန်ခဲ့ရ
ခွင့်လွှတ်ခြင်းနဲ့ မြတ်နိုးခြင်းကို တိုက်ယူခဲ့ရ
( ဒီပွဲမှာ ) ဘယ်သူရှုံးပြီးဘယ်သူရှင်သွားသလဲ ကွယ်

" အချစ် စစ် " ဆိုတဲ့အကြောင်း မသိသေးသရွေ့တော့
ကြယ်တွေ ငိုနေကြဦးမှာပဲ
ကြည့်တတ်ရင် ...ရင်ဘတ်ထဲက မင်းနာမည်တွေ မြင်နိုင်မှာပါ
လက်တမ်းပုံပြင်ဆိုတာ .. ကိုယ်ထင်သလောက် လဲ မခမ်းနားခဲ့ပါဘူး
တကယ်ဆို တမ်းတမိတဲ့သူကိုသာ ရှင်ခွင့်ပေးပါ

ဘယ်လို ဥတုမျိုးမှ ကိုယ့်အတွက် ပန်းတွေ ပွင့်ကြမလဲ
ကိုယ်ဟာ သက္ကရာဇ်တွေကို မရေတွက်ချင်တဲ့ကောင်ပါ
နက်ဖြန်ခါ မဟုတ်သေးတောင်
မိုးတွေ တစ်စက် စိတ်ပါလက်ပါ ရွာနေသေးတဲ့တစ်နေ့
တို့ တွေရဲ့ မြို့တံခါး .. ပွင့်လာမှာ အသေအချာ ။

#သက်တန့်ချို
1.6.2017 #ttcpoems
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment